part 19

1.8K 253 2
                                    

Unicode

အပိုင်း (၁၉)
ရန်ကျင်းနှင့် ဟော်ဝေ့ရီတို့ ပြန်လာချိန်တွင် ညီအစ်ကိုနှစ်ယောက်ကြားရှိ လေထုက ပုံမှန်မဟုတ်ကြောင်း သိသွားကြသည်။
သို့သော် သည်မြင်ကွင်းက မထူးဆန်းတော့ပေ။ ငယ်စဉ်ကတည်းက ဟော်ယွင်ချန်းက တည်ငြိမ်ပြီး ရုပ်တည်လေးနှင့် နေတတ်သည်။ထို့ကြောင့် ဟော်ယွင်ရီက အချိန်တိုင်း စနောက်လေ့ရှိသည်။ ထို့အပြင် အစလွန်ပြီး ဟော်ယွင်ချန်း ငိုခဲ့ရသည်က များသည်။ ဟော်ယွင်ချန်း ကြီးပျင်းလာသည်အခါ သူ့အစ်ကိုကို ပြန်တိုက်ခိုက်သည်။ သို့ရာတွင် ခန္ဓာကိုယ် အရွယ်အစား ကွာခြားချက်ကို အဓိကထားပြီး ဟော်ယွင်ရီက အနိုင်ကျင့်ပြီးနောက် ဟော်ယွင်ချန်း သူ့ကို မထိရဲရှာတော့ပေ။
တဖြည်းဖြည်း အရွယ်ရောက်လာသည့်အခါ သူတို့ညီအစ်ကို နှစ်ယောက်ကလည်း အချိန်တိုင်း စနောက်ကာ အရှုပ်များ လုပ်နေခဲ့သည့်တိုင် အခြားသော ညီအစ်ကိုတွေထက် ခံစားချက်တွေ ပိုနက်ရှိုင်းပြီး အလွန်ချစ်ကြသည်။
ယွမ့်ထန်းက သည်တစ်ကြိမ် ဟင်းများစွာ ပို့လိုက်သည့်အတွက် ရန်ကျင်းက ခပ်မြန်မြန် ထမင်း တစ်အိုးချက်ကာ အားလုံး မြိန်ရှက်စွာ စားလိုက်ကြသည်။
စားပြီးနောက် ဟော်ယွင်ချန်းက ရေချိုးသည်။ ခါးတွင် တဘက်သာ ပတ်လျက် အပြင်သို့ ထွက်လာသည်။ မျက်နှာမှ ရေတွေက တစက်စက် ကျနေလျက်မှ သူက အိပ်ရာတွင် ဝင်ထိုင်သည်။ မျက်နှာမှ ရေများ သုတ်လိုက်ရင်း ယွမ့်ထန်းအား မည်သို့ ချဉ်းကပ်သင့်ကြောင်း သူ တွေးသည်။
တိုက်ရိုက် ထုတ်လွှင့်မှုမှ လက်ဆောင်တွေ ပေးရုံက မလုံလောက်ပေ။ ယွမ့်ထန်း၏ နှလုံးသားထဲ နေရာရလိုလျှင် အပြင်တွင် ဆက်ဆံရေးကောင်းရှိရန် လိုအပ်သည်။
အောက်ထပ်တွင် ဖွင့်ထားသော တီဗွီ စီးရီးမှ အသံတွေ ထွက်နေသည်။ သိပ်မကျယ်သော်လည်း သူ ကြားနေရသေး၏။
ဟော်ယွင်ချန်း သတိရသွားသည်။ ယွမ့်ထန်းက အရင်က ရုပ်ရှင်ဧကရာဇ် မဟုတ်လား။
အမျိုးသား ဇာတ်လိုက်တစ်ယောက်အနေနဲ့ အကောင်းဆုံး အမြင့်ဆုံး ဆုကို ရပြီးနောက်မှာ ဘဝရဲ့ အကောင်းဆုံး အခြေအနေမှာ ဒီလိုအခြေအနေကို ရောက်သွားရတယ်။ ငါးနှစ်လောက် အိပ်ပျော်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကျော်ကြားမှုတွေအားလုံးကို ဆုံးရှုံးလိုက်ရတယ်။ ဒါကြောင့်များ ယွမ့်ထန်းရဲ့ရင်ထဲမှာ ခါးသီးမှုတွေ ပြည့်နေလောက်မလား။
သူ မြင်ခဲ့ရသည့် အလွန် သေးသွယ်သည့် လက်ကောက်ဝတ်လေးကို သူ သတိရသွားသည်။ သူ စိတ်ဓာတ်ကျသွားသည်။
တင်ဆက်သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ အသက်ပြည့်ထားတာတောင် မကြာလောက်သေးဘူး။ ဒါကို ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကို တစ်ယောက်ထဲ ရင်ဆိုင် ကျော်ဖြတ်နေရတယ်။ သူ့ဘဝ အနိမ့်အမြင့် အတက်အကျ အစုံဖြစ်ခဲ့တယ်။ သူ့ရင်ထဲ ဘယ်လောက်တောင် ခံစားနေခဲ့ရမလဲ
ဟုတ်ပြီ ငါ သူ့ကို ကူညီလို့ရတာပဲ။
ထိုအတွေး ဟော်ယွင်ချန်း၏ စိတ်ထဲ နေရာယူလာသည့်အခါ သူ ထိတ်လန့်သွားလေသည်။ ယွမ့်ထန်းသာ ရုပ်ရှင်ပြန်ရိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမျိုး မလုပ်နိုင်တော့လျှင်တောင် ယွမ့်ထန်း ပျော်လျှင် သူ ကျေနပ်သည်။
ထိုသို့တွေးပြီးနောက် အလင်းဦးနှောက်ကို ချက်ချင်းဖွင့်ကာ ဖျော်ဖြေရေး ကုမ္ပဏီတွေတွင် လုပ်ကိုင်နေသော ရာထူးမြင့် မိတ်ဆွေများကို ဆက်သွယ်လိုက်သည်။ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု၏ ဘုရင်မ၏ သားဖြစ်သူ ဖြစ်သည့်အလျောက် သူ၏ အဆက်အသွယ်က စစ်တပ်ဘက်တွင်သာ ရပ်မနေပေ။
ဟော်ယွင်ချန်း၏ အဆင့်အတန်းကြောင့် သူ ဖြစ်စေချင်သည့် ကိစ္စရှိလျှင် မည်သူကမှ မတားဝံ့ကြပေ။ သို့သော် ရက်အနည်းငယ်အတွင်းတွင် သူ့လက်ထဲသို့ အကောင်းဆုံးသော ဇာတ်ညွှန်းများ ရောက်လာလေသည်။ ဟော်ယွင်ချန်းက ယွမ့်ထန်းကို ထိခိုက်စေနိုင်သော တိုက်ခိုက်ရသည့် ဇာတ်ညွှန်းတွေနှင့် ခန္ဓာကိုယ်ကို ထိတွေ့ရသော ချစ်ကြိုက်ခန်းများ ပါသည့် ဇာတ်ညွှန်းတို့ကို ဖယ်ထုတ်ပစ်သည်။ များပြားလှသည့် ဇာတ်ညွှန်းပုံထဲမှ သူ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဇာတ်ညွှန်းနှစ်ခုကို မနည်း ရှာလိုက်ရ၏။
ဒီဇာတ်ညွှန်းနှစ်ခုက အလွန်ကောင်းသည့်အထဲ ပါသည်။ ယွမ့်ထန်းသာ ပြန်လာချင်လျှင် မည်သည့် အကျပ်အတည်းကိုမှ ဆုံတွေ့ရလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ရုပ်ရှင်ဧကရာဇ်တစ်ယောက်က တတိယအဆင့် သို့ စတုတ္ထအဆင့်တွင် သရုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယွမ့်ထန်းနှင့် ကိုက်ညီမည့် အနုပညာလက်ရာမြောက်ပြီး အအေးချမ်းဆုံး ဇာတ်လမ်းတွေကို ရှာရမည်ပေ။
သူ၏ ယခင်က ကျော်ကြားမှုက ငြိမ်သက်နေသည့်တိုင် အချိန်မရွေးလှုပ်နိုးလို့ရသည်ပေ။ ထို့အပြင် ဟော်ယွင်ချန်း၏ အဆက်အသွယ်တွေဖြင့်ဆိုလျှင် သူ၏ အနုပညာလောကထဲ ပြန်ဝင်မည့် သတင်းက အကျော်ကြားဆုံး ဖြစ်လာပေလိမ့်မည်။ အနပညာကြေး မြင့်လာသည့်အခါ ယွမ့်ထန်းအနေဖြင့် အခုလို အခြေအနေမှ ခမ်းခမ်းနားနား ပြန်နေနိုင်လိမ့်မည်။
ယွမ့်ထန်းအတွက် လမ်းကြောင်းများ မည်သို့ဖွင့်ပေးသင့်ကြောင်း တွေးနေရင်းမှ လက်က တိုက်ရိုက်ထုတ်လွှင့်မှုကို အလိုလို ဖွင့်လိုက်သည်။သူ စောင့်နေသော်လည်း မည်သူမှ ရှိမနေဘဲ မှောင်မည်းနေကြောင်း တွေ့လိုက်ရလေသည်။
သို့သော် အကြောင်းကြားစာ တစ်ခုတော့ ရောက်နေသည်။ တင်ဆက်သူသည် အစည်းအရုံးတွင် စာမေးပွဲ သွားဖြေမည်ဖြစ်သဖြင့် ဒီနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှု မရှိပါဟု ဆိုထားသည်။
ဟော်ယွင်ချန်း ကြောင်သွားသည်။ သူ ရက်များ တွက်ကြည့်လိုက်သည့်အခါ သည်နေ့က အမှန်ပင် အစည်းအရုံးမှ လစဥ် စာမေးပွဲ ကျင်းပနေကြနေ့ဖြစ်ကြောင်း သိသွားသည်။
တင်ဆက်သူက လက်မှတ် ယူမလို့လား။
ဟော်ယွင်ချန်း မျက်မှောင် ကြုတ်လိုက်ကာ ယခင်တစ်ခေါက်က ယွမ့်ထန်းကို တိုက်ခိုက်ခဲ့ဖူးခြင်းအား သတိရသွားသည်။ ရန်ကျင်းက ထိုသူတို့၏ အကောင်တွေကို ဘန်းခဲ့သည့်တိုင် အရေးအကြီးဆုံးမှာ အစည်းအရုံးတွင် နောက်ကွယ်မှ ကြိုးကိုင်သည်သူက ရှိနေသေးသည်။
သူ ယွမ့်ထန်းရဲ့ လုံခြုံရေးကို တွေးရမယ်။
အရင်က တင်ဆက်သူနဲ့ အဲဒီအစည်းအရုံးကြားမှာ ဘာပတ်သက်မှုမှ မရှိခဲ့ပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သိက္ခာချခဲ့တယ်။ အခုက ယွမ့်ထန်းက သူများရဲ့ ပိုင်နက်ထဲရောက်နေတော့ ဘယ်လိုများ လွှတ်ပေးလိမ့်မလဲ။
ထိုသို့တွေးမိသည်နှင့် ဟော်ယွင်ချန်းက ချက်ချင်း ထရပ်ကာ အပြင်သို့ ထွက်သည်။ စစ်ယူနီဖောင်းပင် မလဲနိုင်တော့ဘဲ အပြင်သို့ ထွက်ကာ ကားပျံထဲ ဝင်လိုက်သည်။
မင်း ဘယ်သူပဲဖြစ်နေဖြစ်နေ ယွမ့်ထန်းကို ထိလို့ကတော့ ဟော်တစ်မိသားစုလုံးနဲ့ ရင်ဆိုင်ရပြီပဲ။
-------
ယွမ့်ထန်းသည် ကားပျံကို စီးကာ အစည်းအရုံးရှိရာသို့ ခပ်စောစော ရောက်လာသည်။ သည်နေ့ စမ်းသပ်ခံရန် ရောက်လာသူက များနေလေသည်။ ကောင်းကင်ဟာ ကားပျံများဖြင့် ပြည့်နေကာ မှောင်မည်းနေသည်။
ကားပျံတွေတွင် ကြိုတင်ထည့်သွင်းထားသည့် အဆင့်မြင့်နည်းပညာတို့ကြောင့် ကားရပ်သည့်အချိန်တွင်ပင် သေသပ်စွာ ညီတန်းနေလေသည်။ သူ့ယခင်ဘဝကကဲ့သို့ ရှုပ်ထွေးနေသည့် ကားပိတ်သည့်ကိစ္စတွေလည်းမရှိပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် အစည်းအရုံး အဖွဲ့ခွဲ နံပါတ် ၁၃၃ဟု ရေးထားသော အဆောက်အဦသို့ ရောက်သွားသည်။ ထို့နောက် အထဲသို့ဝင်လိုက်၏။သူ ယခင်ကကဲ့သို့ ခန္ဓာက ပြန်ပြည့်လာပြီဖြစ်သည်။ ထို့ကြောင့် လိုအပ်လျှင်သုံးရန် နေ့ကာမျက်မှန်ကို ယူလာသည်။ သူက ရိုးရှင်းသည့် ရှပ်ဖြူနှင့် ဘောင်းဘီရှည်သာ ဝတ်လာသည်။
ယခင်ပိုင်ရှင်၏ စိတ်နေသဘောထားနှင့် ဝတ်စားဆင်ယင်ပုံက လူအများကို ဖမ်းစားခဲ့ခြင်းဖြစ်လောက်သည်။ ယခု ယွမ့်ထန်း၏ စိတ်နေသဘောထားနှင့် ဝတ်စားဆင်ယင်ပုံက ပြောင်းလဲသွားသည့်အပြင် ယခင်ကထက် များစွာပိန်ပါးနေသေးသည်။ အခြားသူတွေ၏ အမြင်တွင် သူက ယွမ့်ထန်းနှင့် ဆင်သည်ဟုသာ ထင်ကြမည်ဖြစ်ကာ ယွမ့်ထန်းအစစ်ဟု တွေးမိမည် မဟုတ်ပေ။
ဝင်ပေါက်တွင် စမတ် စကန်နာ ရှိကာ အလင်းဦးနှောက်ကို အာရုံခံစက်နား ကပ်ပေးရုံဖြင့် တစ်ဖက်က အချက်အလက်များ အားလုံးကို စစ်ဆေးပြီး စာရင်းသွင်ပေးပေလိမ့်မည်။
စာရင်းသွင်းပြီးနောက် အလင်းဦးနှောက်ထံ နည်းပညာမြင့် အီလက်ထရောနစ် ဖိုင်ရရှိသည်။ ထိုဖိုင်ထဲတွင် စစ်ဆေးခြင်းပုံစံ အသေးစိတ်ပါသည်။
အစည်းအရုံးက အမျိုးမျိုးသော ဟင်းလျာများ လုပ်နိုင်ရန် အသားငါးသို့ အသီးအရွက် ငါးမျိုးကို ပေးထားမည်ဖြစ်သည်။ ထိုပါဝင်ပစ္စည်းတွေသည် ရောနှောပြီးသော်လည်းကောင်း သီးသန့်စီသော်လည်းကောင်း ကျေနပ်သလို လုပ်နိုင်သည်။ သို့သော် ဟင်းလျာတစ်ခုချင်းစီတိုင်းက အဓိကဟင်းလျာ၏ ကြန်အင်္ဂါနှင့် ပြည့်စုံရမည်ဖြစ်သည်။ ပါဝင်ပစ္စည်းများ အကုန်ရောကာ ချက်ပြုတ်ပြီး မည်သည့်အရသာမှ မပေါ်သည့် အခြေအနေကိုလည်း လက်မခံပေ။
ဟင်းပွဲမည်မျှ ပြင်ဆင်မည်ဆိုသော ကိစ္စကား ယှဉ်ပြိုင်သူနှင့်သာ သက်ဆိုင်လေသည်။  ပြင်ဆင်ပုံက ကောင်းမွန်ပြီး အရသာ ကောင်းလျှင် သူတို့၏ ကြယ်အဆင့် လက်မှတ်၏ နောက်တွင်  ထူးချွန်ဆိုသည့် တံဆိပ်တုံးဖြင့် ထုခံရမည်ဖြစ်သည်။ ထိုတံဆိပ်တုံးတို့သည် ကြယ်အဆင့် စားဖိုမှူးတို့ကြားတွင်ပင် အဆင့်အတန်းကို ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားစေသေးသည်။
ကြယ်တစ်ပွင့်အဆင့် စာမေးပွဲအတွက် လိုအပ်ချက်တွေကား အလွန် ရိုးရှင်းသည်။ပါ၀င်ပစ္စည်းငါးမျိုးဖြင့် ချက်ပြရန် လိုအပ်သည်။ကြယ်နှစ်ပွင့်ဆိုလျှင် ပါ၀င်ပစ္စည်း ၁၅မျိုးလိုအပ်ပြီး သုံးပွင့်ဆိုလျှင် ၂၅မျိုး လိုအပ်သည်။ ကြယ်တစ်ပွင့်ဆီ တက်တိုင်း ပါ၀င်ပစ္စည်း ဆယ်မျိုး တိုးသွားမည်ဖြစ်ကာ စားဖိုမှူး၏ အရည်အချင်းကလည်း နှစ်ဆ တက်ပေလိမ့်မည်။
သို့သော် ကြယ်လေးပွင့်နှင့် ငါးပွင့်တို့ကမူ ထိုမျှ မရိုးရှင်းပေ။ ပါ၀င်ပစ္စည်း ၄၊ ၅မျိုးခန့် သုံးရမည့်အပြင် အပြင်အဆင်နှင့် အရသာကလည်း သာမန်ထက် သာလွန်ရမည်ပေ။ ကြယ်ငါးပွင့် စားဖိုမှူးဖြစ်လိုလျှင် အပြင်အဆင်ကို ဦးစွာပေးရမည့်အပြင် ဟင်းပွဲအမျိုးမျိုး ချက်ပြတ်ုတတ်သူလည်း ဖြစ်ရမည်ဖြစ်ပြီး ဆယ်ပွဲကျော်ခန့် ပြင်ဆင်ပြရကာ စီနီယာများ၏ အသိအမှတ်ပြုမှုရရန် လိုအပ်သေးသည်။ ထိုစီနီယာများစွာထဲမှ တစ်၀က်ကျော်ခန့် အသိအမှတ်ပြုမှသာ လက်မှတ်ရမည်ဖြစ်သည်။
အင်ပါယာက စားသောက်ကုန်တွင် ပြန်လည် ရင်းနှီးမြုပ်နှံလာသည်မှာ နှစ်သုံးဆယ် ကျော်နေပြီဖြစ်ပြီး  ကြယ်ငါးပွင့် အဆင့်သို့ ရောက်ခဲ့သည်မှာ  ဆယ်ယောက်ကျော်သာ ရှိသည်။  လက်ရှိ အစည်းအရုံးဥက္ကဋ္ဌသည်လည်း ထိုသူတွေထဲမှ တစ်ယောက်ဖြစ်သည်။ ကြယ်လေးပွင့်တွေပင် အယောက်တစ်ရာ၀န်းကျင်သာ ရှိသည်။ သည်ခေတ်တွင် လူဦးရေ ဘီလီယမ် သန်းရာကျော်ရှိလေပြီး ထိုထဲက လူအယောက် ၁၀၀ ၀န်းကျင်ကသာ စားဖိုမှူးများဖြစ်ကြသဖြင့် ယခင်ခေတ်ရှိ တိရိစ္ဆာန်ရုံထဲမှ ပန်ဒါများထက်ပင် ရှားပါးနေတော့သည်။
ပြိုင်နေစဉ်အတွင်း ချက်ပြုတ်ပြီးသည့် ဟင်းပွဲတို့အား စက်က စားသုံးရန် သင့်မသင့် ဦးစွာ စစ်ဆေးမည်ဖြစ်သည်။ ပြဿနာမရှိလျှင် စစ်ဆေးသူတို့က မြည်းမည်ဖြစ်သည်။ စစ်ဆေးသူတို့က လက်ခံလျှင် ထိုသူ အောင်မည်ဖြစ်ပြီး လက်မခံလျှင်ပင် ကျော်ဖြတ်နိုင်တာ့မည် မဟုတ်ပေ။
ဒီလို ဆုံးဖြတ်ရာတွင် မျှတမှု ရှိစေရန်အတွက် နက်ဝေါ့သို့ မှတ်တမ်းတင်ထားသမျှကို ပြန်လည်တင်ပေးမည်ဖြစ်ပြီး အင်ပါယာရှိ လူတိုင်း ဒါကို အရသာခံကာ အကဲဖြတ်နိုင်မည်ဖြစ်သည်။ထိုနည်းဖြင့် မျှတမှုရှိမည့်အပြင်  မရိုးမသားလုပ်ဆောင်ခြင်းတို့ကိုလည်း ဖော်ထုတ်နိုင်ပေလိမ့်မည်။
ပြောရလျှင် ပါ၀င်ပစ္စည်းတို့ကို ရောချက်ကာ အရသာရှိအောင်လုပ်ရခြင်းက အလွန် ခက်ပေသည်။ထို့ကြောင့် ယှဉ်ပြိုင်သူအများစုသည် တစ်မျိုးကို တစ်ပွဲ လုပ်လေ့ရှိကြသည်။ သို့သော်ယွမ့်ထန်းအတွက်မူ မခက်ခဲပေ။
သူက စစ်ဆေးပွဲ စရန် စောင့်ဆိုင်းနေချိန်တွင် အခြား ပါ၀င်ယှဉ်ပြိုင်သူတို့ ပြောသမျှ စကားတို့က နားထဲ၀င်နေလေသည်။
“ အား သွားပြီ သွားပြီ အကယ်ဒမီက ပစ္စည်းအသစ်နှစ်မျိုး ထုတ်လိုက်ပြီ”
“ ဘုရားရေ ဒါကို ထည့်မမေးလောက်ပါဘူးနော်”
တစ်စုံတစ်ယောက်သည် ကမ္ဘာပျက်နေသူကို စိတ်ပျက်အားငယ်စွာ ပြန်ဖြေသည်။
“ ဖြစ်နိုင်ခြေတော့ ရှိတာပဲ။ စစ်ဆေးတဲ့အခါ ပစ္စည်းတွေကို ရှော့ပင်းဆိုက်က ကြည့်တာလေ။ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် မဆိုင်ဘူး”
“အကယ်ဒမီက ဘာလို့ ဒီနေ့မှ ကောက်ခါငင်ခါနဲ့ နှစ်မျိုးတောင် အသစ်ထုတ်လိုက်တာလဲ”
ထိုစကားတို့ကို ကြားသည့်အခါ ယွမ့်ထန်း မျက်ခုံးပင့်လိုက်သည်။ သူ ရှော့ပင်းဆိုက်ထဲ ၀င်လိုက်ချိန်တွင်  အနီနှင့်အစိမ်းရောင် ရှည်လျားသော အတောင့်လေးများကို မြင်လိုက်ရသည်။ ယွမ့်ထန်း၏ မျက်၀န်းတို့ တောက်ပသွားလေသည်။ အစပ်အတွက် လိုအပ်သမျှကို ရလေပြီ။  အစပ်ထည့်လိုက်သည်နှင့် မည်သည့်ဟင်းလျာမဆို အရသာရှိသွားပေလိမ့်မည်။ ထိုအရသာကို လူသားတို့ စွဲလန်းသွားပေလိမ့်မည်။
ထို့အပြင် သူက အကယ်ဒမီမှ အကြံပေးတစ်ယောက်ဖြစ်သဖြင့်  ငရုတ်ပွနမူနာကို ရပြီးလေပြီ။ သူ အရသာခံပြီးနောက် အရသာက စစ်မှန်ကြောင်း တွေ့လိုက်ရသည်။ ရေဓာတ်များပြီး အချိုကဲနေသည်။  အရသာက မင်သက်ဖွယ်ပင်ကောင်း၏။ သူ မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်သည့်အခါ  အစပ်ဟင်းလျာတို့ ချက်ရန် တွေးထားသော်လည်း ယခု ထိုအကြံကို ပြောင်းရန် လိုအပ်နေလေပြီ။
စစ်ဆေးပွဲက သိပ်မကြာခင်မှာပင် စတင်သည်။  အခန်းနံပါတ်များနှင့် ပြိုင်ပွဲ၀င်တို့၏ နံပါတ်တွေကို ဖန်သားပြင်တွင် ပြထားသည်။ ထို့ကြောင့် ယှဉ်ပြိုင်မည့်သူတို့သည် ကိုယ့်နံပါတ်နှင့် အခန်းနံပါတ်ကို ရှာရုံသာ လိုအပ်သည်။ နှစ်ပွဲခန့် စောင့်ပြီးနောက် ယွမ့်ထန်း၏ အလှည့်ရောက်သည်။
ဖန်သားပြင်တွင် ပြထားသည့် နံပါတ်အရ ယွမ့်ထန်းသည် သူ့နံပါတ်နှင့် ဆက်စပ်သော အခန်းတံခါးကို ဖွင့်လိုက်သည်။  အလင်းဦးနှောက်ဖြင့် စစ်ဆေးခံပြီးနောက် တံခါးက ပွင့်သွားသည်။
အထဲသို့ ၀င်သွားချိန်တွင် သူ ထင်ထားသည်ထက် ကြီးသည့် မီးဖိုခန်းကြီးကို မြင်ရသည်။  မီးဖိုချောင်သုံးပစ္စည်းတို့ကို သေသပ်စွာ စီစဉ်ခင်းကျင်းထားသည်။
ထိုအခိုက် အလင်းဦးနှောက်မှတဆင့် သတိပေးသံက ထွက်လာသည်။ သူ့ကို ကျပန်းေ၇ွးပေးထားသည့် ပါ၀င်ပစ္စည်းတို့ကို ပြောပြခြင်းဖြစ်သည်။
ငရုတ်ပွ အစိမ်း၊ ငရုတ်ပွ အနီ၊ ၀က်အသည်း၊ ငါးခေါင်း၊ ကြက်ဥတို့ကို ပေးထားသည်။  ထို့နောက် အခန်းဘယ်ဘက်မှ တံခါးလေးက ပွင့်သွားကာ ဥာဏ်ရည်မြင့် စက်ရုပ်က ထွက်လာပြီး  ဘူးတစ်ခု လာပေးသည်။ ထိုထဲတွင် သူ ချက်ရမည့် ပစ္စည်းတွေ ပါသည်။
အဘွားရဲ့ ကြက်ဥစပ်( လာကျောက်ဝေ့ဖော်တန့်)၊  ငါးခေါင်းအစပ်(သောကျောက်ယွီထုံ)၊ ၀က်အသည်းနဲ့ ငရုတ်ပွစိမ်း….
ယွမ့်ထန်းက ပစ္စည်းများကို မြင်သည်နှင့် ချက်ရမည့် ဟင်းတွေက ခေါင်းထဲအလိုလို ထွက်လာသည်။
သို့ရာတွင်သူ မသိသည်မှာ ရှေ့တည့်တည့်တွင်ရှိသော စောင့်ကြည့်ခန်းမှ ထိုင်နေသည့် တစ်စုံတစ်ယောက်က သူ့ကို ရက်စက်တော့မည်ဟန်ဖြင့်ပြုံးကာ ကြည့်နေခြင်းကို ဖြစ်သည်။
“ အိုး...ယွမ့်ထန်း ယွမ့်ထန်း မင်း ဘယ်လောက်တော်တော်၊ ဒါတွေနဲ့ ဘယ်လိုများချက်ပြမလဲ စောင့်ကြည့်ဦးမယ်”
ချီကျောက်သည် ယှဉ်ပြိုင်မည့်သူတွေထဲတွင် ယွမ့်ထန်းဆိုသည့် နာမည်ကို တွေ့သဖြင့် ကိုယ်တိုင် ကြီးကြပ်ရန် ရောက်လာခြင်းဖြစ်သည်။ သူက ယွမ့်ထန်း၏ စစ်ဆေးမည့်အခန်းကို  စစ်ဆေးရန် တောင်းဆိုထားသည်။ သူ ပေးထားသည့် ပါ၀င်ပစ္စည်းတိုင်းကို သူ ကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ထားခြင်းဖြစ်ကာ ယွမ့်ထန်း ဘယ်တော့မှ စာမေးပွဲ မအောင်စေရန် ပြင်ဆင်ထားပေသည်။
“ဥက္ကဋ္ဌ ဒီငရုတ်ပွတွေက ခုနကမှ အကယ်ဒမီက တင်ထားတာကို ကျွန်တော်တို့ ထည့်သုံးလို့ အဆင်ပြေပါ့မလား”
သူ၏ လက်ထောက်တစ်ယောက်က စိုးရိမ်တကြီး ပြောသည်။
“ ဘာများ မှားလို့လဲ၊ ဒေတာဘေ့စ်ထဲ ၀င်လာသမျှက ပြီးပြည့်စုံအောင် စစ်ဆေးပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။သူက ကံကောင်းလွန်းလို့ ငရုတ်ပွတွေကို ရွေးမိသွားတာကို ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ”
ထို့နောက် သူက အေးစက်စွာ ပြုံးပြီး ပြောသည်။
“ ဒီတစ်ကြိမ်မှာ လူအိုကြီးက သူ သဘောကျသူရဲ့ အသုံးမကျတဲ့ အချက်တွေကို သိသွားလိမ့်မယ်။ သူက အစောပိုင်းအဆင့်တောင် အောင်မယ်မထင်ဘူး။ သူက ယွမ့်ထန်းကို ပျိုးထောင်ပြီး ငါ့နေရာကိုတောင် ပေးချင်နေတာ။ ဟမ့် သူ အစည်းအရုံးထဲ ဘယ်လိ၀င်မလဲဆိုတာ ငါ ကြည့်မယ်”
“ ဒါပေမဲ့ သူ့ကို အမှိုက်လို ပစ္စည်းတွေ ပေးတာက အဆင်ပြေပါ့မလား၊ ၀က်အသည်းနဲ့ ငါးခေါင်းလေ။ လူတွေကသာ ကျွန်တော်တို့ စနစ်ကို လှည့်စားထားမှန်း သိသွားရင်ပြဿနာ တက်လိမ့်မယ်”
  မည်သို့ပင်ဆိုစေ ဒီအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ကာ ၀က်ဆိုက်တွင် ပြန်တင်ရမည်ဖြစ်သဖြင့်  ယွမ့်ထန်းကို ပေးထားသမျှက ပုံမှန်မဟုတ်မှန်း ကြည့်ရှုသူတွေ ခန့်မှန်းမိသွားနိုင်သေးသည်။ ထိုသို့ သိသွားကြလျှင် ချီကျောက်၏ အဆင့်က စိုးရိမ်ရန် မလိုအပ်သော်လည်း သူကဲ့သို့ ယင်ကောင်သာသာအဆင့်ကမူ ဒုက္ခရောက်သွားနိုင်ပေသည်။
“ မင်း ဘာတွေ ကြောက်နေတာလဲ။ မင်း သူ့ကို ကြက်ဥ ပေးထားတယ် မဟုတ်လား။ သူ ဒီအတိုင်း ကြော်လိုက်ရင်တောင်မှ တစ်ပွဲတော့ ရပြီး အောင်သွားမှာပဲလေ။ ငါတို့ သူ့ကို အမှတ်အလကားပေးထားတ ဟုတ်ပြီလား”
“ မင်း သူ့ကို ကြောက်နေတာလား”
“ မဟုတ်ပါဘူး။ ဒါက ဥက္ကဋ္ဌ သိက္ခာကျမှာစိုးလို့ပါ”
“ ဟမ့်”
ချီကျောက်က  ဖန်သားပြင်ဘက်သို့ ပြန်လှည့်သွားသည်။
ချီကျောက်ဆီမှ အဆူခံလိုက်ရသဖြင့် တစ်ဖက်သူလည်း ပါးစပ်ပိတ်သွားတော့ကာ ယွမ့်ထန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ ရာထူးအရ သူ ချီကျောက်ဘက်မှ ရပ်တည်ရမည်ဖြစ်သည်။ သို့သော် သေချာ တွေးကြည့်လျှင်မူ ယွမ့်ထန်း အစည်းအရုံးထဲ ၀င်လာလျှင်မူ သူ့အပေါ် မကောင်းသောကိစ္စများ ဖြစ်လာမည်မဟုတ်သည့်အတွက်  ပြဿနာ မရှိနိုင်ပေ။ ယွမ့်ထန်းက ဥက္ကဋ္ဌဖြစ်သွားလျှင်ပင် သူက စစ်ဆေးခဲ့သူ တစ်ယောက်အနေဖြင့် အကျိုးအမြတ် ရဦးမည်ဖြစ်သည်။ ယွမ့်ထန်းကျသွားလျှင် သူ အမေးမြန်းခံရမည်ဖြစ်ကာ ဒုက္ခလည်းများဦးပေမည်။
သူ ချီကျောက်ကို ခိုးကြည့်လိုက်သည့်အခါ ဖျော်ဖြေပွဲတစ်ခုကို ကြည့်နေသကဲ့သို့ ခပ်အေးအေး ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူသည်လည်း ဖန်သားပြင်ကို ပြန်အာရုံစိုက်ကာ ယွမ့်ထန်း မည်သို့လုပ်မည်ဖြစ်ကြောင်း ကြည့်လိုက်သည်။ ယွမ့်ထန်းကဲ့သို့အဆင့်သည် ရှုံးလျှင်ပင် ဆိုးရွာလိမ့်မည် မဟုတ်ပေ။
သို့သော် ပါ၀င်ပစ္စည်းတို့ကို ကြည့်ပြီးနောက်သူ မျက်နှာ ပျက်ကာ ပါးစပ်ထဲလည်း ခါးသီးသွားလေသည်။ ထည့်ပြောရန်ပင် မလိုလောက်အောင် ထိုငရုတ်ပွများက ဒီနေ့မှ အကယ်ဒမီက တင်ထားခြင်းဖြစ်သည်တိုင် သူတို့လက်ထဲ တစ်ရက်ကြိုရောက်ထားသည့်အတွက် အရသာက ထိတ်လန့်ဖွယ်ဖြစ်ကြောင်း မြည်းကြည့်ပြီးသား ဖြစ်သည်။ ပါးစပ်အပြည့် တစ်လုတ်က ပါးစပ်တစ်ခုလုံးကို ထူပူကာ အပ်များဖြင့် ထိုးသကဲ့သို့ ခံစားမိစေနိုင်ပေသည်။ သူ ငရုတ်ပွကို ကိုင်မိပြီး မတော်တဆ မျက်နှာကို ကိုင်မိသည့်အခါ ကန်းတော့မလို ပူလောင်ကာ စပ်လေသည်။ 
ဘယ်လိုနည်းနဲ့မှ ဒါကို စားလို့မရဘူး။ ဒါက ဓာတု လူသတ်လက်နက်ပဲ။
နောက်ပြီး ကြက်ဥလို သာမန်ပစ္စည်းအပြင် သာမန်မဟုတ်တဲ့ ပစ္စည်းတွေလည်း ပါသေးတယ်။ ငါးခေါင်းရဲ့ ဘယ်အပိုင်းနဲ့ ၀က်အသည်းရဲ့ ဘယ်နေရာက စားလို့ရတာလဲ။ စားသောက်ဆိုင်တွေဆိုရင် ငါးနဲ့ ၀က်သားချက်ရင် ဒီအစိတ်အပိုင်းနှစ်ပိုင်းကို လွင့်ပစ်ကြတာလေ။ ဒါပေမဲ့ ဒီနှစ်ခုကလည်း ဟင်းအမယ်အနေနဲ့ သတ်မှတ်နိုင်တာပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ် စစ်ဆေးပွဲမှာ ထည့်ထားတယ်။ ဒီပစ္စည်းတွေအပြင် ငရုတ်ပွတွေကပါ ပါနေသေးတယ်။ ဒါတွေကို ရောပြီး စားလို့ကောင်းတဲ့ ဟင်းကို ဘေးဖယ်ထားလိုက်ပါဦး အဆိပ်မမိဘဲ ဟင်းလို့ သတ်မှတ်လို့ရတဲ့ အရာတစ်ခု ဖြစ်လာရင်ကို ကောင်းကင်ဘုံက ကောင်းချီးပေးတ ဖြစ်နေပြီ။
နေဦး ဒီလိုဆိုမှ အဲဒီဟင်းပွဲကို သူ စားရဦးမှာပဲ။
ထိုသို့တွေးမိသည့်အခါ သူ ခါးသီးသွားလေသည်။ ဘာပဲဖြစ်ဖြစ်ပါ ဒါက ယွမ့်ထန်း ကံဆိုးတယ်လို့ပဲ မှတ်ရမှာပဲ။
သို့သော် မည်သူမှ မသိကြသည်မှာ ယွမ့်ထန်း ကံကောင်းသွားခြင်းဖြစ်သည်။
ထိုအချိန်တွင် ယွမ့်ထန်းက ကောင်တာရှေ့တွင် ရပ်နေသည်။ ကောင်တာပေါ်တွင် အကယ်ဒမီက ဆိုက်ပေါ် တင်ထားသမျှ ပစ္စည်းအကုန်ရှိနေသည်။ ကြက်သွန်နီ၊ ချင်းအစရှိသဖြင့်တို့အပြင် ချက်ပြုတ်လျှင်သုံးသည့် ပစ္စည်းအစုံလည်း ရှိနေသည်။
ယွမ့်ထန်းက ၀က်အသည်းကို ရေဆေးကာ လှီးဖြတ်သည်။ထို့နောက် အိုးတစ်ခုထုတ်ကာ ရေဆေးပြီး ထည့်ပြုတ်ထားလိုက်သည်။ ဒါက အချိန်ယူမည်ဖြစ်သဖြင့် သူ ငါးခေါင်းကိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူက ငါးခေါင်းကို ဆား၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ချင်းရည်တို့ဖြင့် နယ်လိုက်ပြီးနောက် အရသာစိမ့်၀င်စေရန် ခေတ္တဖယ်ထားလိုက်သည်။
ထို့နောက် ယွမ့်ထန်းက အိုးတ၀က် ရေဖြည့်ကာ  အကြော်ဆီနှင့် ချင်းကို အပြားလိုက် လှီးကာ ကြက်သွန်နှင့်အတူ ထည့်လိုက်သည်။ စစ်ဆေးသူကမူ ခေါင်းသာ ခါနေလေသည်။ ယွမ့်ထန်းက ဘာမှ မလုပ်တတ်တော့လို့ လက်လျှော့ပြီး ပြုတ်ပစ်လိုက်တော့မလို့လား။
ချီကျောက်က ကျေနပ်နေသည်။
“  ဒါက ဘာလဲ။ ဒီနေ့ခေတ် လူငယ်တွေကတော့လေ… အိုးက အက်သွားတာမျိုးတော့ မဖြစ်လောက်ပါဘူးနော်။ ထိတ်လန့်စရာပဲ”
လက်ထောက်ငယ်လေးလည်း ခေါင်းခါနေလေသည်။ သူသည်လည်း  ကူကယ်ရာမဲ့နေ၏။
ယွမ့်ထန်းက အပူပြင်းပြင်းဖြင့် အားလုံး ထည့်ပြုတ်ကာ အဖုံးအုပ်ပြီး အပူပြန်လျှော့ကာ ပစ်ထားလိုက်ခြင်းအား ကြည့်ကာ ခေါင်းခါနေကြသည်။
ဒါကပြုတ်တဲ့နည်းလမ်းပဲ။ အထဲကို ဘာတွေပဲထည့်ထည့် သေချာပေါက် အရည်ပွက်မှ စားလို့ရမှာ။ ဒါမျိုးလုပ်တာက အရသာရှိတဲ ဟင်းတစ်ခွက် ဘယ်ဖြစ်စေနိုင်ပါ့မလဲ။ နောက်ပြီး ယွမ့်ထန်းက ငါးခေါင်းကြီး ရထားတယ်။ သူ ခုတ်လို့မရဘူး။ သူ ကြော်လို့ မရဘူး။ လွင့်ပစ်ရတာကြီး ထည့်ပြုတ်ထားတာကို သောက်ိလို့ရော ရပါ့မလား၊
ထိုလူက ချီကျောက်ကို ကြည့်ကာ တစ်ဖက်သူ၏နှလုံးသားက မှောင်မည်းနေလောက်ကြောင်း တွေးမိသွားသည်။
ယွမ့်ထန်း မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မင်း ရန်မစသင့်တဲ့သူကို ရန်စမိတဲ့အတွက်ပဲ အပြစ်တင်လိုက်တော့။
ယွမ့်ထန်းကမူ စောင့်ကြည့်ခန်းထဲရှိ အခြေအနေကို မသိပေ။ ငါးခေါင်းကို နာရီ၀က် ချက်ရမည်ဖြစ်သဖြင့် သူ၏ အာရုံက အဘွားရ၏ ကြက်ဥ အစပ်ဟင်းထံ ရောက်သွားသည်။
သူက ငရုတ်ပွအနီကို ပါးပါးလှီးသည်။ ကြက်သွန်ဖြူကိုလည်း စိတ်ပြီး ကြက်သွန်မြိတ်၏ အစိမ်းရောင် သန်းသည့် အပိုင်းကို လှီးသည်။သူက ပန်းကန်လုံးထဲသို့ ကြက်ဥသုံးလုံး ဖောက်ထုတ်ပြီး အပေါ်တွင် ပူပေါင်းတွေ ထလာသည်အထိ တူဖြင့် မွှေသည်။
ဒယ်ပြားထဲရှိ ဆီက ပူလာသည့်အခါ   ကြက်ဥတွေကို အထဲသို့ ထည့်သည်။ မီးပူလာသည့်အခါ သူ ဆီထပ်ထည့်သည်။ထိုသို့ဖြင့် ကြက်ဥက နူးညံ့လာမည်ဖြစ်ပြီး ကပ်တော့မည် မဟုတ်ပေ။
နှစ်ဘက်လုံး ရွှေရောင်သန်းသည်အထိ သူ ကြက်ဥကို ကြော်သည်။ ထို့နောက် အညီအမျှ ပိုင်းလိုက်သည်။
ထို့နောက် လှီးထားသော ကြက်သွန်ဖြူကို အပေါ်မှ ခပ်ပါးပါးဖြူးပြီး မွှေးရနံ့ ထွက်လာသည်အထိ ထားသည်။ ထို့နောက်  ခပ်လိုက်ကာ ဘေးတစ်နေရာတွင် နောက်မှ သုံးရန် တင်ထားလိုက်သည်။
ဒယ်ပြားထဲတွင် ဆီအနည်းငယ် ကျန်နေသေးသည်။သူက ဆေးလိုက်ရမည့်အစား ငရုတ်ပွလှီးထားသမျှကို အထဲ ထည့်လိုက်ကာ ကြက်ဥနံ့နှင့် ကြက်သွန်ဖြူနံ့ ရောနေသည့်ဆီဖြင့် ကြော်သည်။ ငရုတ်ပွ ကျက်သည့်အခါ ကြက်ဥနှင့် ကြက်သွန်ဖြူကြော်ကို ပြန်ထည့်ကာ ရောကြော်သည်။ ပဲငံပြာရည်၊ သကြား၊ ဆားရှာလကာရည် တို့ ထည့်ပြီးနောက် ကြက်သွန်မြိတ် ထပ်ထည့်ကာ အပူချိန်မြင့်မြင့်ဖြင့် ကြော်သည်။ သိပ်မကြာခင်အချိန်မှာပင် အဘွား၏ကြက်ဥအစပ်ချက်က ရလာသည်။
ထိုအချိန်တွင် ငါးခေါင်းစွပ်ပြုတ်လည်း အဆင်သင့်ဖြစ်လေပြီ။ ကျက်သွားသည့် စွပ်ပြုတ်က နို့နှစ်ရောင်သန်းကာ မွှေးရနံ့က ထွက်လာသည်။
သူ  ကြက်သွန်နီကို အိုးထဲထည့်ကာ ဆားနှင့် ငရုတ်ကောင်း ခပ်သည်။ နောက်ဆုံးမှ ချင်းနှင့် ကြက်သွန်မြိတ်တို့ကို ထပ်ထည့်သည်။ ထိုသို့ဖြင့် မွှေးရနံ့ ထုံလွှမ်းနေသော ငါးခေါင်းစွပ်ပြုတ်က အဆင်သင့်ဖြစ်သည်။
၀က်အသည်းလည်း နူးနေလေပြီ။ သွေးတွေက ရေထဲ နူးသွားပြီဖြစ်ကာ ပြောင်စင်သွား၏။ ထို့ကြောင့် ယွမ့်ထန်းက သွေးရေတို့ကို သွန်ထုတ်လိုက်ကာ သွေးစင်အောင် ဆေးလိုက်သည်။
ရေခြောက်သွားသည့်အခါ ပန်းကန်လုံးထဲ ထည့်ပြီး ဆား၊ ကော်မှုန့်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ငရုတ်ကောင်းနှင့် ရှာလကာရည်တို့ကို ထည့်သည်။
ဒယ်အိုးထဲ ဆီနည်းနည်းထည့်ကာ အပူပေးပြီးနောက် ဂျူးမြစ်နှင့် ငရုတ်ပွ အစိမ်းတို့ကို လှီးသည်။ ဆီပူလာသည့်အခါ ၀က်အသည်းကို ထည့်ကာ အဖြူရောင်သန်းသည်အထိ ကြော်သည်။ ထို့နောက် ဆယ်၏။
အိုးထဲကျန်သည့် ဆီတွေဖြင့် ဂျူးမြစ်နှင့် ငရုတ်ပွ အစိမ်းတို့ကို ဆက်ကြော်သည်။ မွှေးရနံ့ ထွက်လာသည့်အခါ ၀က်အသည်းကြော်ကို ပြန်ထည့်ကာ ရောကြော်သည်။ထို့နောက် ဟင်းလျာတစ်မျိုး ရ၏။
စွပ်ပြုတ်တစ်ခွက်နှင့် ဟင်းလျာနှစ်မျိုးက အဆင်သင့်ဖြစ်လေပြီ။ တစ်ပွဲက တောက်ပကာ ရောင်စုံဖြစ်ပြီး အနီနှင့် အဝါ ငရုတ်ပွတို့နှင့် ကြက်ဥ  အစပ်ကြော်ဖြစ်သည်။  အခြားတစ်ပွဲကမူ ကြက်သွန်မြိတ် ၀က်အသည်းဖြစ်သည်။ 
ယွမ့်ထန်း၏ လက်တို့အောက်တွင် လွှင့်ပစ်ရသော အ၀က်အသည်းပင် အရောင်တွေ ဖြာထွက်သွားသည်။ နို့နှစ်ရောင် သန်းနေသည့် ငါးခေါင်းစွပ်ပြုတ်ကို ထည့်ပေါင်းလိုက်သည့်အခါ မည်သူမှ အမှားရှာမရနိုင်တော့ပေ။
ဟင်းပွဲတို့ကို ကောင်တာပေါ် ကပ်လျက်တင်ပြီးနောက် ကင်မရာကို ကြည့်ကာ ယွမ့်ထန်းက ပြုံးပြီး ပြောသည်။
“ ပြီးပြီ’

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Waar verhalen tot leven komen. Ontdek het nu