part 36

1.6K 239 0
                                    

Unicode
အပိုင်း (၃၆)
ဝေ့ကျိုးက ယွမ့်ထန်း၏ ဆေးရုံမှ အချက်အလက်များကို မည်သို့ရကြောင်း မသိနိုင်ချေ။ သို့သော်  ဆေးရုံဖောင်တွင် ရေးထားသော သတင်းအချက်အလက်များအရ ရုပ်ရှင်ဧကရာဇ်က လွန်ခဲ့သော တစ်လခွဲခန့်က ဆေးရုံမှ ဆင်းသွားကြောင်း သိနိုင်သည်။ သဘောတူညီမှုစာချုပ် ဖျက်သိမ်းထားခြင်းကိုလည်း ပုံဖြင့် သက်သေနှင့်တကွ ဖော်ပြထားသည်။ ကုတ်နံပါတ်များကိုသာ သုံးထားသည့်တိုင် နေ့စွဲနှင့် လက်မှတ်ကို မြင်နိုင်သေးလေသည်။ အခြားနည်းဖြင့်ဆိုရသော် ဆေးရုံမဆင်းခင် ရှေ့တစ်ရက်တွင် ရုပ်ရှင်ဧကရာဇ်က သူ၏ ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ကို ဖျက်သိမ်းရန် သဘောတူခဲ့သည်။
ရုပ်ရှင်ဧကရာဇ်က ငါးနှစ်ကြာ ကိုမာ၀င်နေခဲ့ပြီး ပြန်လည် သတိရလာချိန်တွင် ဖျော်ဖြေရေးလောကသို့ ပြန်မ၀င်သည့်အပြင် စာချုပ်ကိုတောင် ဖျက်သိမ်းသွားခဲ့မည်ဟု မည်သူမျှ ထင်မထားကြချေ။
ထို့အပြင် သူ ဆေးရုံမှ ဆင်းသောနေ့သည် ကြယ်လေးပွင့်စာဖိုမှူးက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်သော ပထမဆုံးနေ့ဖြစ်နေသည်။ အချိန်က နာရီအနည်းငယ်သာ ခြားသည်။
ထိုနည်းအားဖြင့် အနှစ်ချုပ်လိုက်သော် ယွမ့်ထန်းက ရုပ်ရှင်ဧကရာဇ်ဖြစ်နေသည်။ ကိုယ်ခန္ဓာချင်း ကွာခြားနေသည်မှာလည်း ဆေးရုံငါးနှစ်တာ တက်လိုက်ရသဖြင့် ပိန်သွားသောကြောင့် ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။
တစ်စုံတစ်ယောက်က တင်ဆက်သူ၏ ခန္ဓာကိုယ် ပြောင်းလဲလာခြင်းကို ပုံရေးဆွဲပြခဲ့သည်။ အစပိုင်းတွင် သူက လက်ရှည်အင်္ကျီကိုသာ ၀တ်တတ်သည်။ နောက်ပိုင်းမှသာ လက်တိုများ ၀တ်လာသည်။ ထိုအခါ သူ၏ လက်များမှ ထွက်လာသော ကြွက်သားများကို သတိထားမိကြသည်။ ပြန်လည်အားမွေးနေသော ခန္ဓာဖြစ်ကြောင်း သိသာလေသည်။
ရုပ်ရှင်ဧကရာဇ်နှင့် တင်ဆက်သူယွမ့်ထန်းကို မဆက်စပ်မိချိန်က ပြည်သူလူလုက ထိုအချက်ကို ဂရုမစိုက်ခဲ့ကြချေ။ သို့သော် ယခုအခါ ဆက်စပ်မှုကို အတည်ပြုပြီးဖြစ်သည်၊ သဲလွန်စတိုင်းက နေရာတိုင်းတွင် ပေါ်လာသည်။ ထိုအချိန်တွင်လူတစ်ယောက်က ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက်များဖြင့် ရောက်လာကာ သူက ရုပ်ရှင်ဧကရာဇ်ယွမ့်ထန်း မဟုတ်ပါဟု လာပြောလျှင်ပင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။
ပိုဆိုးသည်မှာ တကယ့်အကြောင်းအရင်းကြီးတစ်ခုက ရှိနေသည်။
နက်ဝေါ့ပေါ်မှ ပွက်လောရိုက်မှုများကို ကြည့်ခြင်းဖြင့် နောက်တစ်နေ့ဆိုလျှင် သတင်းဌာနများမှ သတင်းထောက်များက ယွမ့်ထန်းအကြောင်း လျှို့ဝှက်သတင်းများကို ရှာဖွေတော့မည်မှာ သေချာသည်။ သူ၏ ငြိမ်းအေးသော ဘ၀က ၀ရုန်းသုန်းကားဖြစ်လာပေလိမ့်မည်။
ထိုသို့တွေးမိလိုက်သည်နှင့် ဟော်ယွန်ချန်းက အလင်းဦးနှောက်ကို ပိတ်ကာ အပေါ်၀တ်ကို ယူသည်။ ခြေလှမ်းကျဲကြီးများ လှမ်းလျက် အောက်သို့ ဆင်းရန် ပြင်သည်။
  "မင်းက ဘယ်သွားမယ် တွေးနေတာလဲ"
ဟော်ယွန်ရီက ကြောင်သွားရာမှ ကမန်းကတမ်း လိုက်ကာ မေးသည်။
"ကျွန်တော် သူ့ကို သွားရှာမယ်"
ဟော်ယွန်ရီက ဟော်ယွန်ချန်း၏ လက်ကိုလှမ်းဆွဲကာ မျက်မှောင်ကြုတ်လျက် ပြောသည်။
"ဒါက ပရိသတ်တစ်ယောက်မှာ ရှိသင့်တဲ့ အပြုအမူလို့တော့ ငါ မထင်ဘူး"
ဟော်ယွန်ချန်း၏ နှုတ်ခမ်းက ကော့တက်သွားသည်။ သူက တည်ငြိမ်စွာသာ ပြောသည်။
"ကျွန်တော်က သာမန်ပရိသတ်တစ်ယောက် မဟုတ်ဘူး။ ကျွန်တော်က သူ့ရဲ့ အခန်းမန်နေဂျာပါ"
ဟော်ယွန်ရီက သူ့ကို တစ်ချက်ငဲဲ့ကြည့်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါသည်။ သူက ပြောသည်။
"ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်"
ဟော်ယွန်ချန်းက ချက်ချင်းလိုလို ငြင်းချင်သွားသည်။ သို့သော် သူ၏ အစ်ကိုဖြစ်သူသည် သူ့ထက်အနည်းငယ် လျှင်မြန်စွာ အလုပ်လုပ်သော ဦးနှောက်ကို ပိုင်ထားသည့်အပြင် သူ၏ အကယ်ဒမီသိပ္ပံမှ ဥက္ကဋ္ဌဟူသော နောက်ခံက အကူအညီဖြစ်နိုင်ကြောင်း တွေးမိသွားပြီး လက်ခံလိုက်သည်။ ထိုသို့ဖြင့် ညီအစ်ကိုနှစ််ယောက်လုံး ယွမ့်ထန်းထံ ထွက်လာခဲဲ့ကြသည်။
တံခါးဘဲလ်သံကြောင့် ယွမ့်ထန်းက နိုးလာချိန်တွင် သူက အနည်းငယ် စိတ်ရှုပ်ထွေးနေလေသည်။ သူက သည်လောကသို့ ရောက်လာပြီးကတည်းက သူ၏ တံခါးသို့ လာရောက်လည်ပတ်သော ဧည့်သည်များ မရှိခဲ့ချေ။ နောက်ဆုံးတစ်ကြိမ်က ဟော်ယွန်ချန်းကို သူက ဖိတ်ခေါ်ခဲ့သဖြင့် တံခါးဘဲလ်အတွက် အလုပ်လုပ်ချိန် မရှိခဲ့ချေ။ ထို့ကြောင့် တံခါးဘဲလ်သံက ယွမ့်ထန်းနှင့် ရင်းနှီးခြင်း မရှိပေ။
သတိအနေအထားနှင့် သူက တံခါးနားသို့ ကပ်သွားလိုက်သည်။ တံခါးမော်နီတာမှ တစ်ဆင့် ကြည့်လိုက်မှသာ ဟော်ယွန်ချန်းနှင့် ဟော်ယွန်ရီတို့ ညီအစ်ကိုနှစ်ယောက်ကိုမြင်လိုက်ရသဖြင့် စိတ်အေးသွားသည်။ သို့သော် ချက်ချင်းလိုလို စိတ်ပူသွားပြန်သည်။ မည်သို့သော ကိစ္စက ထိုညီအစ်ကိုနှစ်ယောက်ကို သည်လိုအချိန်တွင်သူ၏အိမ်သို့ ရောက်လာစေကြောင်း သူက နားမလည်တော့ပေ။
  "မာရှယ်ဟော် ဥက္ကဋ္ဌဟော် ဘာကိစ္စများ ရှိလို့ပါလဲ"
ယွမ့်ထန်းက အိမ်တံခါးကို ဖွင့်ပေးလျက် ထိုနှစ်ယောက်ကို ဖိတ်ခေါ်လိုက်သည်။ မာရှယ်ဟော်နှင့် ဥက္ကဋ္ဌဟော်တို့သည် မိသားစုနောက်ခံကို ဖယ်ထားလျှင်ပင် ကြယ်ပြာအင်ပါယာကြီး၏ ထောက်တိုင်များ ဖြစ်နေကြသေးလေသည်။ ထိုကဲ့သို့သော လူနှစ်ယောက်က သည်လိုအချိန်မျိုးတွင် သူ့ကို လာရှာခြင်းသည် သူနှင့်ပတ်သက်ပြီး အရေးကြီးသော ကိစ္စတစ်စုံတစ်ရာ ဖြစ်ပွားနေသောကြောင့် ဖြစ်လောက်သည်။
ထိုနှစ်ယောက်ကလည်း ကိစ္စကို မဖုံးကွယ်ထားကြပေ။ သူတို့က နက်ဝေါ့မှ အကြောင်းကို ပြောပြလိုက်ကြသည်။
ယွမ့်ထန်းက အံ့သြသွားသည်။ သူ၏နောက်ခံက ထိုမျှမြန်မြန် ပေါ်သွားမည်ဟု မထင်ထားချေ။ သူက အကယ်ဒမီသို့ မနက်အစောကြီးသွားရသဖြင့် အစောကြီးထခဲ့ရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ပြီး ညစာစားပြီးချိန်တွင် စတင်ကာ အိပ်ငိုက်လာသဖြင့် စောစောအိပ်လိုက်ဖြစ်သည်။ ထိုသို့ဖြင့် နက်ဝေါ့ပေါ်မှ အကြောင်းအရာများကို မသိတော့ခြင်းဖြစ်သည်။ အလင်းဦးနှောက်ကိုလည်း သူက အိပ်သည်နှင့် 'မနှောင့်ယှက်ရ' ဖန်ရှင် ဖွင့်ထားလိုက်လေရာ သူ့ကိုသာ တစ်စုံတစ်ယောက်က ယခုလို လာမပြောလျှင် နောက်တစ်နေ့ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်သည်အထိ သူက သတိထားမိဦးမည် မထင်ချေ။
သူက ထိုနှစ်ယောက်လုံးကို ကျေးဇူးတင်မိသည်။ သို့သော် အချိန်က နောက်ကျနေသဖြင့် လက်ဖက်ရည်ဖြင့်သာ ဧည့်ခံရသည်။ သူက ထိုနှစ်ယောက်ကို ဆိုဖာတွင် ထိုင်ရန် ဖိတ်ခေါ်ပြီး  အသုံးပြုခဲသော ဝေ့ပေါ်အတွင်းသို့ ၀င်လိုက်သည်။ ထိပ်ဆုံးရောက်နေသည့် ရှာဖွေမှုစာရင်းသုံးခုကို မြင်ချိန်တွင် ပြဿနာအားလုံး၏ အရင်းခံ ဝေ့ကျိုး၏ စာမျက်နှာသို့ သွားကြည့်လိုက်သည်။ သက်သေ ဓာတ်ပုံကိုမြင်ချိန်တွင်  ငြင်းရန် မဖြစ်နိုင်ကြောင်း သိလိုက်သည်။
ထိုလူနှစ်ယောက်က အိမ်ရှေ့သို့ ရောက်လာကတည်းက သူ၏နောက်ခံကို သိထားပြီးဖြစ်မည်ဟု နားလည်လိုက်သဖြင့် ယွမ့်ထန်းက ၀န်ခံလိုက်သည်။
"ကျွန်တော်က ရုပ်ရှင်ဧကရာဇ် ယွမ့်ထန်းဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သတိရလာတော့ မှတ်ဉာဏ်တွေ အကုန်မေ့သွားတယ်။ အတိတ်က ဘာအကြောင်းကိုမှ မသိတော့ပါဘူး။ ကျွန်တော့်ရဲ့ အေးဂျင့်ဆီက သိရတဲ့ သတင်းတွေပဲ လက်ခံလိုက်ရတယ်"
ယွမ့်ထန်းက ခါးသီးစွာ ပြုံးလျက် ဆက်ပြောသည်။
"အဲဒီအချိန်က ကျွန်တော်က ငါးနှစ်လောက်က ကိုမာ၀င်နေခဲ့တော့ အရင်လို ကျော်ကြားမှု မရှိတော့တဲ့အပြင် ကုမ္ပဏီနဲ့လည်း စာချုပ်က ပြည့်နေလို့ ဖျက်သိမ်းလိုက်တာပါ"
"ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ၀င်ငွေ အရင်းအမြစ်မရှိတော့ဘူး။  အကောင့်ထဲမှာလည်း  ဘယ်လောက်မှ မကျန်တော့ဘူး။ ကျွန်တော် အလုပ်ရှာချင်ခဲ့တယ်။  ဒါပေမဲ့ ကျန်းမာရေးကလည်း မကောင်းတဲ့အပြင် ဘယ်လိုအလုပ်ရှာရမလဲ မသိခဲ့ဘူး။ နောက်တော့ နက်ဝေါ့ပေါ်က ဟင်းချက်အမယ်တွေကို မြင်ရုံနဲ့တင် ဘာကြောင့်မှန်းမသိဘဲ အလိုလို လုပ်နိုင်တယ်လို့ ခံစားမိလာတယ်။ အဲဒီလိုနဲ့ ကျွန်တော်က အစားအသောက် တင်ဆက်သူ ဖြစ်လာတာပါပဲ"
ယွမ့်ထန်း၏ ပုံပြင်က ခုနှစ်ဆယ်ရာခိုင်နှုန်း မှန်ပြီး သုံးဆယ်ရာခိုင်နှုန်း မှားသည်။ မည်သို့ပင်ဆိုစေ ဝိညာဉ်ကူးပြောင်းသည်ဆိုသော အကြောင်းက ရှင်းပြရခက်သည်။ ထို့ကြောင့် အတိတ်မေ့ခြင်းကိုသာ ဆင်ခြေအဖြစ် သုံးလိုက်သည်။
"အတိတ်မေ့တာလား"
ဟော်ယွန်ချန်း၏ လက်ညှိုးက စားပွဲပေါ် တတောက်တောက် ခေါက်လျက် ခေါင်းညိတ်သည်။
"မင်းရဲ့ နောက်ခံအကြောင်းကို အွန်လိုင်းပေါ်က လူတွေ လက်ခံနိုင်တဲ့ ရှင်းပြချက် သီအိုရီတွေအရဆိုရင် မင်းက လျှို့ဝှက်မိသားစု တစ်ခုခုရဲ့ ဆက်ခံသူ၊ ဒါမှမဟုတ် တပည့်တစ်ယောက်ဖြစ်နေတယ်။ မင်းကသာ ဆက်ခံသူအစစ်ဖြစ်နေရင် အတိတ်မေ့သွားတာကြောင့် ဒီဟင်းချက်စွမ်းရည်ကို ရလာတာလို့ ဆင်ခြေပေးလို့ရတယ်"
ဟော်ယွန်ရီက မနေနိုင်ဘဲ အော်ရယ်သည်။
"လျှို့ဝှက်မိသားစု ဟုတ်လား၊ မင်းက ဒီလို ပေါက်ကရတွေလည်း ယုံတာပဲလား"
ပုံမှန်ဆိုလျှင် ဉာဏ်ထက်သော အစ်ကိုဖြစ်သူက ယခုအခါမှသာ သူ၏ သဲလွန်စကို မဖမ်းဆုပ်ကြောင်း မြင်သဖြင့် ဟော်ယွန်ချန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
" ပြည်သူလူထုကို တွေးချင််တာ တွေးလို့ရအောင် ဦးတည်ရာဘက် တစ်ခု ပေးလိုက်တာက မကောင်းဘူးလား"
သူတို့၏စကားအသွားအလာအရ သူ၏ နောက်ခံကို ငြင်းဆန်ရန် မဖြစ်နိုင်တော့ချေ။ သူ၏ နောက်ခံကို လက်ခံလိုက်ခြင်းကသာ သူ့အား ကျော်ကြားသွားစေပေလိမ့်မည်။  သို့ရာတွင် သူ၏ နောက်ခံကို လက်ခံပြီးလျှင် သံသယရှိဖွယ်အကောင်းဆုံးက သူ၏ ဟင်းချက်စွမ်းရည် ဖြစ်သွားသည်။
ဝေ့ကျိုး၏ ပိုစ့်ကလည်း သူ၏နောက်ခံနှစ်ခုကိုသာ ဦးတည်ထားသဖြင့် ယွမ့်ထန်းက နောက်ပိုင်းပြဿနာများကို ဆက်မတွေးသင့်တော့ချေ။ သူက အမှန်အမှားရောနေသည့် ရှင်းပြချက် ထုတ်ပြီး ပြည်သူများကို ဆက်တွေးနိုင်ရန် လမ်းကြောင်း ပေးလိုက်သင့်သည်။ ထိုသို့ဆိုလျှင် လုံလောက်လေပြီ။
လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ် ချန်ရစ်ထားခြင်းကလည်း နည်းလမ်းကောင်း ဖြစ်သည်။ ယွမ့်ထန်းက တွေးပြီးနောက်  ဓာတ်ပုံအဖြစ် ပါလာသော ဖျက်သိမ်းလိုက်သည့်စာချုပ်အကြောင်း သတိရသွားကာ ပြောလိုက်သည်။
"ကျွန်တော်က ကုမ္ပဏီနဲ့ တရား၀င် သဘောတူ ချုပ်ဆိုခဲ့တဲ့ စာချုပ်က  ဝေ့ကျိုးဆီ ပေါက်ကြားသွားတယ်"
ယေဘုယျကျကျတွေးရလျှင် အနုပညာရှင်တစ်ယောက်နှင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုက စာချုပ် ဖျက်သိမ်းသည့်အခါ  ကုမ္ပဏီက သတိပေးစာ ထုတ်ပြန်ရသည်။ အထူးသဖြင့် သူကဲ့သို့ ကျော်ကြားမှုအနည်းငယ်ရှိသော ရုပ်ရှင်ဧကရာဇ်ဆိုလျှင် ပိုဆိုးလေသည်။ ထိုအချိန်က သူက ဝိညာဉ်ကူးပြောင်းလာကာစဖြစ်ပြီး  ကြေညာချက် ထုတ်ပြန်လိုက်ပါက ပရိသတ်များ၏ အာရုံစိုက်မှု ခံရမည်စိုးသဖြင့် မကြေညာရန် ကတိတောင်းခံခဲ့ခြင်းဖြစ်သည်။ ထို့အတွက် စိတ်ချယုံကြည်ရသော ကတိစာချုပ် ရေးထိုးခဲ့သေးသည်။
ထို့နောက်ပိုင်းတွင် ကိစ္စများက ငြိမ်းအေးနေသဖြင့် ထိုကိစ္စကို မေ့သွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဝေ့ကျိုးက စာချုပ်ကို ဖော်လာမှသာ သူက သတိရသွားခြင်းဖြစ်သည်။ တဖက်လူက ကံဆိုးလွန်းသည်ဟု ဆိုရပေမည်။
သူ၏ စကားကိုကြားသော ဟော်ယွန်ချန်းက ချက်ချင်း ပြောလာသည်။
"ဒါဆို ကောင်းတယ်။  လျှို့ဝှက်ချက်တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖော်ထုတ်တဲ့အတွက် ဝေ့ကျိုးကို တရားစွဲနိုင်တယ်။ သူက တရားခွင်ကို ရင်ဆိုင်နေရရင် ဝေ့ပေါ်မှာ ပိုစ့်တွေ တင်နိုင်လောက်အောင် အားတော့မှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ သူ့အပေါ်ယုံကြည်မှုကလည်း နိမ့်ကျသွားလိမ့်မယ်။ ဒီလိုဆိုရင် ကိုယ်တို့က ပြည်သူလူထုကို လမ်းလွဲပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ဦးတည်ရာပြောင်းပေးနိုင်တယ်"
  "ဟုတ်တယ်၊ သက်သေတွေ စုဆောင်းတာ အကောင်းဆုံးပဲ။ သူ့ကို တုံ့ပြန်ဖို့ အချိန်မပေးမိစေနဲ့"
ဟော်ယွန်ရီက ဆက်ပြောသည်။
"နောက်နှစ်ရက်လောက်အထိ မင်း တိုက်ရိုက်ထုတ်လွှင့်တာမျိုး မလုပ်သင့်သေးဘူး။ ပြည်သူလူထုကို ဆက်လက်ပြီး ထင်မြင်ချက်တွေ ပေးခိုင်းထားလိုက်ပါ။ နောက်ပြီး အားလုံးငြိမ်သက်သွားတဲ့အထိ စောင့်ရမယ်။ အဲဒီတော့မှ ကိုယ်တို့က အားလုံးကို ထုတ်ဖော်ပြီး တန်ပြန် တိုက်ခိုက်ရမယ်"
ထိုသို့သော ဖြေရှင်းနည်းကလည်း ယွမ့်ထန်းက တွေးထားသည့်အတိုင်းဖြစ်သည်။ သူက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ယွမ့်ထန်းက ထပ်ဖြည့်ပြောသည်။
" ကျွန်တော့်မှာ နောက်ထပ် အကြံတစ်ခုရှိသေးတယ်။ ကျွန်တော်ရဲ့ အကယ်ဒမီသိပ္ပံက အကြံပေးဆိုတဲ့ နောက်ခံကို ထုတ်ပြောလိုက်ချင်တယ်။ ဒါက အခွင့်အခါသင့်တယ်လို့ ထင်တယ်။ ဥက္ကဋ္ဌဟော်က ဘယ်လိုထင်ပါသလဲ"
  "ဒါက မင်းအတွက် ကောင်းပါ့မလား"
ဟော်ယွန်ရီသည် သူ၏ညီဖြစ်သူက မိသားစု၀င်အစ်ကိုကို မျက်နှာသာပေးရမည့်အစား သူစိမ်းကိုသာ တွေးပူနေခြင်းကို မျက်ဖြူလှန်ပြချင်သွားသည်။
"အတွေးများနေဖို့ မလိုပါဘူး။ အကြံပေးတစ်ယောက်အနေနဲ့ မင်းရဲ့ အင်အားကို ထုတ်ပြရမဲ့အချိန်ပဲ။ အကယ်ဒမီက အင်ပါယာအတွင်း အရေးပါအရာရောက်တယ်။ မင်းကသာ အကြံပေးဖြစ်ကြောင်း ထုတ်ပြန်လိုက်ရင် အကယ်ဒမီက ဘယ်လောက်တန်ဖိုးထားကြောင်း သိသွားကြပြီး မင်းကို ဒုက္ခပေးရဲတော့မှာ မဟုတ်ဘူး"
သူတို့ကသာ ယွမ့်ထန်း၏နောက်ခံကို အကြံပေးအဖြစ် ထုတ်ပြန်ကြေညာလိုက်လျှင် သူ၏နောက်ခံအတွက် မေးခွန်းများကို ကြောက်လန့်ရန် မလိုအပ်တော့ချေ။ သို့သော် အကြံပေးဆိုသည့်နောက်ခံကြောင့် ဟင်းလျာများကို အကယ်ဒမီ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း နားလည်လက်ခံသွားကြပေလိမ့်မည်။
ထိုနည်းအားဖြင့် လူထုတစ်၀က်ခန့်၏ သူ၏နောက်ခံအပေါ်ထားသည့် သံသယကို ဖယ်ရှားနိုင်လိမ့်မည်။ အချို့ဆိုလျှင် ယွမ့်ထန်းက အကယ်ဒမီက ရွေးချယ်ခဲ့သည့်ကံကောင်းသောစာဖိုမှူးတစ်ယောက်ဟုသာ ထင်သွားလောက်သည်။ ထို့ကြောင့် သူ၏ချက်နည်းများအားလုံးကို အကယ်ဒမီက ပိုင်သည်ဟု ထင်သွားပေလိမ့်မည်။ ဒါက အကယ်ဒမီအတွက် ကောင်းသော်လည်း ယွမ့်ထန်းအတွက်မူ  ကိုယ်ပိုင်အဆင့်အတန်းကို လျော့ကျစေနိုင်ပြီး လုပ်နိုင်စွမ်းရည်အတွက်  သံသယ ၀င်ခံရနိုင်သေးလေသည်။
ယွမ့်ထန်းက ပြုံးသည်။
"ကျေးဇူးတင်ပါတယ်။ တကယ်တော့  ကျွန်တော်လဲ ဒီအကြောင်းကို တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သိုသိုသိပ်သိပ်နေတာက ပိုပြီး အဆင်ပြေမယ်လို့ထင်တယ်"
ယွမ့်ထန်းတွင် ရည်မှန်းချက်ကြီးကြီးမားမား မရှိချေ။ သူက သည်အတိုင်း ချက်ပြုတ်ရခြင်းကိုသာ နှစ်သက်လေသည်။ သူက သူ၏ လက်ရာများကို လူတိုင်းနှင့် ရိုးရိုးရှင်းရှင်းသာ ဝေမျှလိုလေသည်။ လူတိုင်း၏ သူ၏လက်ရာအပေါ် အသိအမှတ်ပြုခြင်းကို လက်ခံရလျှင် ကျေနပ်သည်။ ထို့ကြောင့် အခြားကိစ္စများအပေါ် သူက တွေးတောခြင်းမရှိပေ။
ယွမ့်ထန်း၏ စကားကိုကြားသောအခါ ဟော်ယွန်ရီကလည်း သဘောတူသည်။ ယွမ့်ထန်း၏ နှုတ်ခမ်းများက ကော့တက်သွားလျက် အနေခက်စွာ ပြောလိုက်သည်။
"တကယ်တော့ ကျွန်တော်က အစ်ကိုတို့ကို ဒုက္ခပေးသလိုဖြစ်နိုင်တဲ့ တောင်းဆိုစရာတော့ ရှိပါသေးတယ်"
ဟော်ယွန်ချန်းက ချက်ချင်းမေးသည်။
"ဘာများလဲ"
"ကျွန်တော်ရဲ့ အတိတ်မေ့သွားတဲ့အခြေအနေကြောင့် အတိတ်ကို မမှတ်မိတော့ဘူး။ ဒါကြောင့် မိသားစု၀င်တွေကိုလည်း မသိတော့ဘူး။ ကျွန်တော့်ကို စစ်ဆေးကြည့်ပေးလို့ရနိုင်မလား။ ဒါ့အပြင် အရင်က ကျွန်တော်ရဲ့ အကောင့်ကနေ ပိုက်ဆံတွေအများကြီး လွှဲနေတာကို တွေ့ထားတယ်။ ကျွန်တော်က ဘယ်သူ့ကို လွှဲနေခဲ့တာလဲဆိုတာလည်း သိချင်ပါတယ်"
ယင်းက သူ သိချင်နေသော အကြောင်းအရာဖြစ်သည်။ သူက ယခင်ကတည်းက သိချင်ခဲ့သော်လည်း မည်သည့်ချန်နယ်မှစတင်ကာစုံစမ်းသင့်ကြောင်း မသိသဖြင့် ပြဿနာများ ရောက်လာမည်ကိုလည်း စိုးရိမ်သောကြောင့်  အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။  ယခုအခါ နောက်ခံကလည်း ပေါ်သွားပြီဖြစ်သဖြင့် ထိုအကြောင်းအရာများကို သိအောင် ကြိုတင်စုံစမ်းထားရန် လိုအပ်လေသည်။ သို့မှသာ သူ၏ အတိတ်မေ့နေခြင်းကို အခွင့်ကောင်းယူသူများကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ယခုလို စုံစမ်းရာတွင် ဟော်ညီအစ်ကိုထက် ပိုပြီး သင့်တော်သူ မရှိချေ။
သူက ဟော်ယွန်ချန်းကို မျက်၀န်းနက်များဖြင့် တောက်ပစွာ ကြည့်သည်။ ထို့နောက် ဟော်ယွန်ရီကို ပြန်ကြည့်သည်။
ဟော်ယွန်ချန်းက ယွမ့်ထန်း၏ခေါင်းကို သူ့ဘက်သို့ ပြန်လှည့်လျက် ခေါင်းဟန့်ကာ ဖြေသည်။
" အဟမ်း ရတာပေါ့"
အင်ပါယာ၏ မာရှယ်တစ်ယောက်အနေနှင့် ထိုကဲ့သို့သတင်းအချက်အလက်များ ကြည့်ရှုခြင်းက ပြဿနာမရှိချေ။
"ကျေးဇူးတင်ပါတယ်"
ယွမ့်ထန်း၏ မျက်၀န်းက ရုတ်တရက်ဆိုသလို တောက်ပသွားပြီး အပြုံးက ကျယ်ပြန့်သွားသည်။ သူ၏ ပါးပြင်မှ ခပ်ဖျော့ဖျော့ ပါးချိုင့်လေးကလည်း ပေါ်လာသည်။ ယင်းကို မြင်လိုက်ရသည့် ဟော်ယွန်ချန်းက ငေးကြောင်သွားတော့သည်။ ယွမ့်ထန်း၏ခေါင်းပေါ်တင်ထားသော လက်ကိုပင် ပြန်ရုပ်ရန် မေ့သွားသည်။
ညီဖြစ်သူ၏ အမူအရာပျက်ယွင်းနေခြင်းကို ဟော်ယွန်ရီက သတိထားမိလိုက်ကာ မျက်လုံးလှန်လိုက်သည်။ ဟော်ယွန်ရီက ဟော်ယွန်ချန်း၏ ပြန်ရုပ်ရန် မေ့နေသော လက်ကို ကြည့်သည်။ ယွမ့်ထန်းက သူ့ကို ကြောင်တောင်တောင်လေး ကြည့်လာသည်။ သူက ညီဖြစ်သူကို ခပ်စူးစူး ကြည့်လျက် သတိပေးလိုက်သည်။ ဟော်ယွန်ရီက အပြစ်ကင်းသည့် တင်ဆက်သူလေး၏ ခေါင်းပေါ်မှ လက်ကြီးကို ဆွဲချပေးကာ ပြောလိုက်သည်။
"ကိစ္စကြီးမှ မဟုတ်တာ၊ ရပါတယ်"
ထိုအခါမှသာယွမ့်ထန်းက ဟော်ယွန်ချန်း၏ ကြောင်တောင်တောင် အမူအရာကို အမှုမဲ့အမှတ်မဲ့ ထားလိုက်သည်။ သို့ရာတွင် စိတ်ရင်းနှင့် ကျေးဇူးတင်လိုက်သည်။ ထိုညီအစ်ကိုက သူ့ကို ကူညီသည်မှာ များနေလေပြီ။
"ဟဲဟဲ မင်းက ငါတို့ကို ကျေးဇူးတင်ရင်  စားကောင်းတာလေးပဲ လုပ်ပေးပါ၊ မင်းရဲ့ လက်ရာတွေက အကောင်းဆုံးပဲ"
ဟော်ယွန်ရီက မျက်စိမှတ်ပြသည်။
"ပြဿနာ မရွိပါဘူး။ ကျွန်တော်က တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ရင်တောင်မှ ချက်ပြုတ်တဲ့အချိန်တိုင်းသတိတရ ပို့ပေးမှာပါ"

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Onde histórias criam vida. Descubra agora