Part 75

1.4K 233 4
                                    

Unicode
အပိုင်း ၇၅
ဟော်ယွန်ရီက ဂြိုလ်နံပါတ် ၁၉ သို့ အပြေးရောက်လာသောအခါ နှစ်ရက်ကြာသွားခဲ့ပြီ ဖြစ်သည်။ သူကိုယ်တိုင်အပြင် လက်ထောက်နှစ်ယောက်ကိုခေါ်လာသည်။ ဟော်ယွန်ချန်းကလည်း ကိုယ်တိုင်ကိုယ်ကျ ယွမ့်ထန်းနှင့်အတူ ကားဖြင့် သွားကြိုသည်။
“မင်း ပြောတဲ့စားလို့ရတဲ့ စားသောက်ကုန်အသစ်ဆိုတာက ရေမကောင်းဆိုးဝါး တွေကို ပြောတာလား”
ဟော်ယွန်ရီက ကားထဲသို့ ရောက်ကာစ ရှိသေးသည်။ မနေနိုင်ဘဲ မေးလိုက်မိတော့သည်။
သူ၏စိတ်ထဲတွင်မူ ထိုမကောင်းဆိုးဝါးများက ဂြိုလ်နံပါတ် ၁၉ မှလူများကို ခံစားချက် ရှုပ်ထွေးစေသော အရာများဖြစ်ပြီး အရသာရှိသော စားသောက်ကုန်များအဖြစ် ပြောင်းလဲနေမည် ဖြစ်သည်။ သူတို့က စက်များဖြင့် လုံခြုံမှုရှိမရှိ စမ်းသပ်စစ်ဆေးပြီးနောက်တွင် အရသာရှိသော စားစရာများအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။
တစ်ရက်လုံး တစ်ညလုံးတိုင်အောင် မုန်တိုင်းဆက်ကျနေခြင်းက ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ မုန်တိုင်းက ရပ်တန့်သွားသော်လည်း ရေများက ကျန်ရစ်နေသေးသည်။ ပြည်တွင်းစစ်တပ်က ရေစုပ်ပိုက်များကို သုံးကာ ရေမကောင်းဆိုးဝါးများကို မောင်းထုတ်နေရသည်။
“ဒါက ရေမကောင်းဆိုးဝါးပဲ”
ယွမ့်ထန်းက ရေအောက်ထဲမှ ခုန်ပျံနေသည့်မကောင်းဆိုးဝါးဂဏာန်းကို ညွှန်ပြသည်။
“အို ကြီးလိုက်တာ”
ဟော်ယွန်ရီ၏မျက်လုံးက တောက်ပသွားသည်။ ထိုအရွယ်အစားဖြင့် ဆိုလျှင် အသားပိုများ လောက်သည်။
“ဒီမကောင်းဆိုးဝါးတွေက ပင်လယ်ထဲမှာနေတယ်၊ မိုးအရမ်းကြီးလာလို့ ရေနဲ့အတူမြို့ထဲကို ပါလာတာဖြစ်လောက်တယ်၊ သူတို့က အရမ်းရုန့်ရင်းကြမ်းတမ်းပြီး မျိုးပွားနှုန်းမြန်တယ်၊ ဂြိုလ်နံပါတ်၁၉က ရေရှိတဲ့နေရာတိုင်းမှာ သူတို့တွေ ရှိနေတာပဲ၊ သူတို့ကိုသာ ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုရင် ဒီဂြိုလ်ပေါ်က နေထိုင်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် သူတို့ကိုသာ စားလို့ရပြီး လုံခြုံတဲ့စားသောက်ကုန်အဖြစ် အသိအမှတ်ပြုပြီးပြီဆိုတာနဲ့ ဒီအခက်အခဲက ဖြေရှင်းနိုင်ပါပြီ”
ယွမ့်ထန်းက ဆက်တိုက်မျိုးပွားမှုနှုန်း များလာသောကြောင့် နေထိုင်သူတွေကို ဒုက္ခရောက်စေသည့် ကျောက်ပုစွန်များအကြောင်း ကြားခဲ့ဖူးသေးသည်။ အဆုံးတွင် အစိုးရက နည်းလမ်းပေါင်းစုံသုံးကာ မနည်း ဖြေရှင်းခဲ့ရသည်။ ထိုမကောင်းဆိုးဝါးများကို စားသောက်နိုင်လျှင်မူ သည်ပြဿနာက ဖြေရှင်းရန် လွယ်ကူသွားပြီ ဖြစ်ပြီး ဂြိုလ်နံပါတ် ၁၉ အတွက်ပင် စီးပွားရေးလမ်းကြောင်းတစ်ခု ပွင့်သွားသလို ဖြစ်သွားပေလိမ့်မည်။
“ကောင်းပြီ စစ်ကြည့်ရအောင်”
ဟော်ယွန်ရီက မစောင့်နိုင်တော့ချေ။
ယွမ့်ထန်းက ဟော်ယွန်ချန်းကို ကြည့်လိုက်သည်။ ဟော်ယွန်ချန်းကလည်း သူ့အစ်ကိုဖြစ်သူ၏ အလွန်အမင်း စိတ်လှုပ်ရှားတတ်သည့်သဘာဝကို နားလည်သည့် အတွက် ခေါင်းညိတ်ပြီးမှသာလျှင် ကမ်းစပ်သို့ ကားမောင်းထွက်လိုက်သည်။ ကားကို တောင်ကုန်းနားတွင် ရှိသည့် ဓါတ်လှေကားနားတွင် ရပ်တန့်လိုက်ပြီးနောက် လူတိုင်းက ကားထဲမှ ထွက်ကြသည်။ လက်ထောက်နှစ်ယောက်၏ အကူအညီဖြင့် ဟော်ယွန်ရီက သူ ယူလာသည့် စမ်းသပ်ပစ္စည်းကို စတင်ကာ တပ်ဆင်လိုက်သည်။ ဟော်ယွန်ချန်းကလည်း အကာအကွယ်လွှာဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည့်အတွက် ရေထဲတွင် လျင်မြန်စွာ ရွေ့လျားနိုင်စွမ်းရှိပြီး ထိုမကောင်းဆိုးဝါးများ၏တိုက်ခိုက်မှုကို ဂရုစိုက်ရန် မလိုအပ်ချေ။ သူ၏လက်နက်က ပေါ့ပါးသော ဓါးမြှောင် ဖြစ်နေသေးသည်။ သူက စွမ်းအင်အပြည့်အဝ ထုတ်သုံးလိုက်သည့်အခါ အလွန်အမင်း ထက်ရှသွားသည်။
“ကိုယ်သွားမယ်”
ဟော်ယွန်ချန်းက ကမ်းစပ်သို့ ရောက်သွားသည်နှင့် အနက်ရောင်အရိပ်များက ဝရုန်းသုန်းကား ဖြစ်လာတော့သည်။ သူ၏ခြေထောက်ပေါ်သို့ ရေထဲမှတစ်ဆင့် ခုန်တက်လာကြပြီး အလွန်အမင်း ရုပ်ဆိုးကာ ကြီးမားလှသည့် ဂဏာန်းကြီးတစ်ကောင်က ဆိုလျှင် ထက်ရှသော လက်မကြီးများဖြင့် ဟော်ယွန်ချန်းရှိရာဘက်သို့ တိုက်ခိုက်လာသည်။
ဟော်ယွန်ချန်းက တိုက်ကွက်အား ခြေထောက်ကို အနည်းငယ် ယမ်းလျက် ရှောင်သည်။ သူ၏ပေါ့ပါးသော ဓါးမြှောင်ကို ရမ်းလိုက်ရုံမျှဖြင့်ပင် ကြီးမားသည့်လက်မကြီးနှင့် ခြေထောက်ရှစ်ဖက်ကို ခုတ်ဖြတ်ထားပြီးသား ဖြစ်သွားလေသည်။
ဟော်ယွန်ရီက အဆင်သင့် စောင့်နေသည်။ သူက ရေမကောင်းဆိုးဝါးများ၏ တိုက်ခိုက်ပုံကို အသေးစိတ် လေ့လာနေပြီးနောက်တွင် အသေးစိတ်စစ်ဆေးနေသည်။ ထို့နောက် ကိုယ်တွင်းအင်္ဂါ တစ်ခုချင်းစီတိုင်းကို စမ်းသပ်စစ်ဆေးပြီး အလွန်မာကြောသောအခွံကိုပင် ဖွင့်ကြည့်သေးသည်။ ထိုသို့ အသေးစိတ် စစ်ဆေးသည့်အခါ အနည်းငယ်သော အမှားအယွင်းမှ ကျန်ရစ်တော့မည် မဟုတ်ချေ။ ထိုမကောင်းဆိုးဝါးဂဏာန်းက အားနည်းသထက် အားနည်းလာပြီး ဖျော့တော့သည့် ညည်းသံသာကို ထုတ်နိုင်တော့သည်။ သူက အလွန်အမင်း အားနည်းသွားချိန်တွင် သနားစဖွယ်ကောင်းကာ ကူကယ်ရာမဲ့နေတော့သည်။ ဟော်ယွန်ရီက ဟော်ယွန်ချန်းကို ပြောကာ ရေအနည်းငယ်ကို ထုတ်ကာ စမ်းသပ်စစ်ဆေးသေးသည်။ ဘာပြဿနာမှ ရှာမတွေ့ပေ။ ထိုအရာသာမကလေဘဲ ရေ၏အရည်အသွေးကပင် အလွန်ကောင်းမွန်နေသေးကာ ထူးခြားသော သက်ရောက်မှုများ ရှိနေသေးသည်။
“ဘာအဆိပ်မှမရှိသလို အန္တရာယ်ရှိနိုင်တဲ့ ဓါတ်တွေလည်း မတွေ့ရဘူး၊ ဒီရေမကောင်းဆိုးဝါးက စားလို့ရတယ်၊ ဒါပေမယ့် ဘယ်လိုစားရမလဲဆိုတာ ကိုယ်မသိဘူး။”
ဟော်ယွန်ရီက ရေမကောင်းဆိုးဝါးက စားလို့ရကြောင်း သိလိုက်သော်လည်း အခွံက အလွန်မာလွန်းသည်။ နွှာထုတ်လိုက်သည့်တိုင်အောင် အတွင်းရှိ တည်ဆောက်ပုံက ရှုပ်ထွေးလွန်းနေသေးသည်။ ထို့အပြင် အတွင်းရှိအသားကိုစားရန် အလွန်ခက်ခဲလောက်သည်။
“ဒါက ကျွန်တော်ပဲ ဂရုစိုက်လိုက်ပါ့မယ်၊ အစ်ကိုကြီးဟော်ကတော့ စားဖို့ပဲ စောင့်နေလိုက်ပါ”
သူ၏စိတ်ထဲတွင် ယွမ့်ထန်းက ထိုမကောင်းဆိုးဝါးဂဏာန်းများကို ချက်ရန် နည်းလမ်းများကိုပင် စတွေးနေပြီဖြစ်သည်။
ဂဏာန်းကြော်၊ ဂဏာန်းပြုတ်၊ ဂဏာန်းဟင်း၊ ဂဏာန်းချဉ်စပ် … တွေးလိုက်ရုံနှင့်ပင် သူ့အား သွားရည်ကျစေသည်။
“ကောင်းပြီ၊ ကိုယ်က အရသာရှိတဲ့ဟင်းလျာကိုပဲ စောင့်တော့မယ်”
မည်သည့်ပါဝင်ပစ္စည်းမဆို ယွမ့်ထန်း၏လက်ထဲသို့ ရောက်သွားသည်နှင့် အလွန်အမင်း အရသာရှိသည့် ဟင်းလျာများအဖြစ် ပြောင်းလဲ သွားတတ်သည်။ ထိုအချိန်တွင် ဟော်ယွန်ရီက ထိုရေမကောင်းဆိုးဝါးများအပေါ် အလွန်အမင်း မျှော်လင့်ချက်ကြီးကြီး ထားနေပြီဖြစ်သည်။
ဟော်ယွန်ချန်းက ရေထဲသို့ထပ်ဆင်းသွားသည်။ သည်တစ်ကြိမ်တွင် သူ၏တစ်ကိုယ်လုံးက ရေများစိုရွှဲနေတော့သည်။ သူ ပြန်လာသည့်အခါ နီရဲနေသော ပုံသဏ္ဍာန်ရှိသည့် မကောင်းဆိုးဝါးကြီးပါလာသည်။ တစ်ကိုယ်လုံးကို အကြေးခွံက ဖုံးလွှမ်းထားကာ ခြေထောက်ငါးစုံရှိပြီး လက်မကြီးများကလည်း အလွန်ကြီးသည်။ ယွမ့်ထန်းက ထိုအကောင်ကိုမြင်သောအခါ မျက်လုံးပြူးသွားသည်။
ဒါက ကျောက်ပုစွန်ကြီးမဟုတ်လား၊ သူ အရင်ဘဝက စားဖူးတဲ့ ဩစတြေးလီးယား ကျောက်ပုစွန်ထက်တောင်ကြီးသေးတယ်။ သူ၏စိတ်ထဲတွင်မူ အမျိုးမျိုးသော မီနျူးများက ပေါ်လာသည်။ ဆေးဖက်ဝင်ကျောက်ပုစွန်ကင်၊ ချိစ် ချိစ်ကျောက်ပုစွန်ကင်၊ ကြက်သွန်ဖြူကျောက်ပုစွန်ပျော့၊ ကျောက်ပုစွန်ခရင် …။
ဟော်ယွန်ချန်းကလည်း ဟော်ယွန်ရီကို ကျောက်ပုစွန်ပေးပြီး စမ်းသပ်စစ်ဆေးခိုင်း ပြီးနောက် ပြန်ဆင်းသွားပြန်သည်။ သည်တစ်ကြိမ်တွင် သူက ခပ်နက်နက်သို့ဆင်းသည်။
ငါးမိနစ်ခန့်ကြာသည်အထိ ဟော်ယွန်ချန်းက ပြန်တက်မလာသောအခါ ယွမ့်ထန်းက စိုးရိမ်လာသည်။
“အစ်ကိုကြီးဟော် ချန်းကောက ဘာလို့တက်မလာသေးတာလဲ၊ တစ်ခုခုဖြစ်နေတာလား”
“သူ တစ်ခုခုဖြစ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မစိုးရိမ်ပါနဲ့၊ သူက အကာအကွယ်လွှာဝတ်စုံကို ဝတ်ထားပြီးသား သူ ရေအောက်မှာ နှစ်နာရီလောက် နေမယ်ဆိုရင်တောင်မှ အဆင်ပြေတယ်”
ဟော်ယွန်ရီက ခေါင်းပင် မော့မကြည့်ပေ။ သူ၏အာရုံကိုသာ စစ်ဆေးသည့်အလုပ်တွင် စိုက်ထားသည်။ ယွမ့်ထန်းက အနည်းငယ် စိတ်အေးသွားသည့် တိုင်အောင် သူ၏မျက်လုံးက ပင်လယ်မှ မခွာချေ။  နောက်ထပ်ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ရေမျက်နှာပြင်မှာ လှုပ်ရှားမှုအချို့က ရှိလာသည်။ အားလှိုင်းကြီးများက လိမ့်တက်လာပြီး ဆူနာမီလှိုင်းကဲ့သို့ ဖြစ်လာကာ ယွမ့်ထန်းတို့ အားလုံးကပင် အံ့ဩသွားရသည်။ ရေငြိမ်အောင်စောင့်ပြီးနောက်တွင် ဟော်ယွန်ချန်းက ရေထဲမှ ထွက်လာသည်။ သူက အလွန်နူးညံ့ပြီး ပုံသဏ္ဍာန်မပေါ်သည့် တစ်စုံတစ်ရာကို ဒရွတ်တိုက်ဆွဲလာသည်။ သူက ဖြေးညှင်းစွာဖြင့် ကမ်းစပ်သို့ ရောက်လာသည့်အခါ ယွမ့်ထန်းက ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုအရာက လက်ရှစ်ဖက်ပါသော ကြီးမားသည့်ရေဘဝဲကြီး ဖြစ်နေသည်။
“ဘုရားရေ ဒီမကောင်းဆိုးဝါးက ရုပ်ဆိုးလိုက်တာ ဒါကို ဘယ်လိုစားရမှာလဲ”
ဟော်ယွန်ရီကမူ မကောင်းဆိုးဝါးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် ရွံရှာသလို ဖြစ်သွားသည်။
ထိုရေမကောင်းဆိုးဝါးက ခရမ်းရင့်ရောင် ရေမကောင်းဆိုးဝါးကြီး ဖြစ်သည်။ အရောင်ကလည်း ထူးဆန်းလွန်းသည်။ ခေါင်းကလည်း ကြီးပြီး ခြေလက်များကလည်း အလွန်ရှည်ကာ အဖုအဖိန့်များကလည်း ရှိနေသေးလေရာ အတွင်းများတွင်လည်း စုပ်ခွက်က ရှိနေသေးသည်။ မည်သို့ပင်ကြည့်ကြည့် အလွန်ရုပ်ဆိုးသည်။ ထိုကဲ့သို့သော အရာမျိုးကို စားစရာနှင့် တွဲစပ်၍မရချေ။
“ဒါကလည်း စားလို့ရလောက်တယ်”
အလွန်အမင်း ကြီးမားသည့်ရေဘဝဲကြောင့် အံ့ဩသွားသည့် ယွမ့်ထန်းက ချက်ချင်းဆိုသလို ဒါက ရုပ်ဆိုးသော်လည်း စား၍ရကြောင်း အတည်ပြုပေးလိုက်သည်။
“ဒါကလည်း စားလို့ရတာပဲလား”
ဟော်ယွန်ရီက ယွမ့်ထန်းကို ထူးဆန်းသလို ကြည့်သည်။ သူကပင် အလွန်ထိတ်လန့်လာတော့သည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကြီးမှရလာမည့် အရသာရှိသည့်စားစရာကို သူ စိတ်ကူးမယဉ်ရဲချေ။ ကြည့်ရုံနှင့်ပင် လူအများ၏ စားချင်စိတ်ကို ဆိုးရွားစွာ နှိပ်စက်နေတော့သည်။
“ရတာပေါ့”
စားလို့ရရုံတင် မဟုတ်ဘူး အရမ်းလည်း အရသာရှိတယ်။
ယွမ့်ထန်း၏စိတ်ထဲတွင်မူ အမျိုးမျိုးသော ရေဘဝဲချက်နည်းများကို တွေးနေပြီဖြစ်သည်။
ရေဘဝဲကင်၊ ရေဘဝဲအနှစ်၊ ရေဘဝဲလုံး၊ ရေဘဝဲကြော်၊ ကိုရီးယားရေဘဝဲအစပ် … သူ့ကိုတော့ အပြစ်မတင်နဲ့ မြေကမ္ဘာခေတ်က စားစရာတွေ အားလုံးက သူ့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတာ။
ထို့နောက် သူတို့က အလွန်အမင်း ကြီးမားသည့် ပင်လယ်ကမာကောင်များ၊ ယောက်သွားများကို ရှာတွေ့ခဲ့သည်။ တစ်ကောင်ချင်းစီတိုင်းက အရွယ်အစား အလွန်ကြီးသော်လည်း ရုန့်ရင်းကြမ်းတမ်းမှု မရှိဘဲ လုံခြုံစွာ စား၍ရသည့်အရာများ ဖြစ်နေသည်။
ယွမ့်ထန်းက အလွန်ပျော်ရွှင်နေသည်။ ဂြိုလ်နံပါတ်၁၉က သမုဒ္ဒရာပြင်ကြီးက အကန့်အသတ်မဲ့သည့် ရတနာတွင်းကြီး ဖြစ်နေသည်။ ထိုမျှမြောက်မြားလှသော ပင်လယ်သတ္တဝါများရှိလျှင် အကယ်ဒမီသိပ္ပံအတွက် ပြန်လည်ပြင်ဆင်ရန်အတွက် ပြဿနာ မရှိတော့ချေ။
သူတို့က ပါဝင်ပစ္စည်းပေါင်းများစွာကို ရရှိခဲ့ပြီး ကားတစ်ကားအပြည့် ဖြစ်သွားသည်။ ကျောက်ပုစွန်ကြီးကိုမူ အမိုးပေါ်တွင် တင်ထားသည်။
စံအိမ်သို့ သူတို့ ပြန်လာလိုက်သည်။ ကားပေါ်တွင်ပါသည့် ရေမကောင်းဆိုးဝါးကြောင့် စစ်တပ်မှ တပ်ဖွဲ့များကမူ သူတို့၏ကားကို ရေမကောင်းဆိုးဝါးက ဝင်စီးနေသည်ဟု တွေးလာသေးသည်။ သည်နေရာတွင်ရှိသော ရေများကသာ ခြောက်ကပ်သွားသဖြင့် ရေမကောင်းဆိုးဝါးများက ထွက်သွားကြမည်ဖြစ်ပြီး နေထိုင်သူများကလည်း ပြန်လာနိုင်ကြပြီ ဖြစ်သည်။ သို့သော် သူတို့၏ကားအမိုးပေါ်တွင်ရှိနေသည့် ကြီးမားလှသည့်ရေဘဝဲကြီးကို မြင်လိုက်ရသည့် အခါ အိမ်နီးချင်းများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။ ထိန်းကျောင်းမှု မရှိသည်ကို မြင်ရမှသာ စိတ်အေးကာ သက်ပြင်းချနိုင်ကြသည်။
“ဘုရားရေ ဘယ်လောက်တောင်ကြီးလိုက်တဲ့ မကောင်းဆိုးဝါးကြီးလဲ၊ သူတို့က မကောင်းဆိုးဝါးတွေကိုတောင် ပြန်သယ်လာတယ်”
“သေနေတာ မဖြစ်နိုင်ဘူးလား”
“မဟုတ်ဘူး၊ လူကြီးမင်းယွမ့်ရဲ့အိမ်ရှေ့မှာ အဲ့ဒီကားကရပ်သွားတယ်”
“လူကြီးမင်းယွမ့် ဒီရေမကောင်းဆိုးဝါးတွေကို ဘာလုပ်မလို့လဲ”
“ငါ မသိပါဘူး သွားကြည့်ကြမလား”
ယွမ့်ထန်းက သည်နေရာတွင် နေသည်မှာ ရက်အနည်းငယ် ကြာသည့်အပြင် သူက နေ့တိုင်းလိုလို အရသာရှိသောဟင်းလျာများကို ချက်ပြုတ်လေ့ရှိရာ မွှေးရနံ့က အမြဲလိုလို ထွက်နေကြဖြစ်သည်။ အိမ်နီးချင်းများကလည်း သတိပြုမိသည်မှာကြာလှချေပြီ။ ထို့ကြောင့် သူတို့က ယွမ့်ထန်းက အံ့အားသင့်စရာကောင်းသော ချက်ပြုတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အစားအသောက်တင်ဆက်သူ တစ်ယောက်ဖြစ်ကြောင်း အနည်းငယ် သိထားသည်။
အိမ်နီးချင်းတစ်ယောက်က ဝင်လာကာခပ်ဝေးဝေးမှ လှမ်းမေးသည်။
“လူကြီးမင်းယွမ့် မင်း …”
“ဒါကအကယ်ဒမီသိပ္ပံက ဥက္ကဌဟော်ယွန်ရီပါ၊ သူက ဂြိုလ်နံပါတ်၁၉ကိုလာပြီး လုံခြုံဖို့အတွက် စမ်းသပ်စစ်ဆေး ပေးတာပါ၊ ဒီမကောင်းဆိုးဝါးတွေလို့ သတ်မှတ်ထားတဲ့ အရာတွေက တကယ်တော့ စားလို့ရပြီး လုံခြုံမှုရှိတဲ့ ပါဝင်ပစ္စည်းတွေပါပဲ”
ရေမကောင်းဆိုးဝါးက စား၍ရကြောင်း အတည်ပြုပြီးသည်နှင့် သူက တိုက်ရိုက်ပြောပြလိုက်သည်။
“ဘာ ဒါကြီးတွေကို စားလို့ရတယ်ဟုတ်လား”
“အကယ်ဒမီသိပ္ပံ”
“တကယ်လား”
လူတိုင်းက ထိုစကားကိုကြားသောအခါ သူတို့နားကြားမှားသည်ဟုပင် ထင်ကာ စတင်ကာ သံသယဝင်လာကြတော့သည်။ သူတို့က အချင်းချင်း ကြည့်လာကြပြီး မှင်တက်သွားကြသည်။ အနောက်တွင်ပါလာသော စစ်သားများကပင် ကြောင်တောင်တောင် ဖြစ်သွားကြတော့သည်။ ရေမကောင်းဆိုးဝါးများက မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခဲ့သော ကပ်ဘေးကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့ မည်မျှ ဒုက္ခရောက်ပြီးကြောင်းကိုပင် သူတို့ ပြန်မပြောနိုင်သည်အထိ ပြင်းထန်လွန်းခဲ့သည်။ ထိုအကောင်များက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည့်အတွက် ဂြိုလ်နံပါတ် ၁၉ မှလူတိုင်းက ကြောက်လန့်ကြသည်။ ယခု ယွမ့်ထန်းက ပြောနေတယ်၊ ဒါကိုစားလို့ရတယ်တဲ့။
ဒီလောက်ကြောက်ဖို့ကောင်းပြီး ရွံစရာကောင်းတဲ့အရာတွေကို ဘယ်သူက စားနိုင်မှာလဲ၊ အဆိပ်တောင် မိနိုင်သေးတယ်၊ သူတို့စားရင် သူတို့ရဲ့အစာအိမ်တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်ရမလဲ၊ နောက်ပြီး လူသားတွေရဲ့ကိုယ်ထဲမှာ ဒီအကောင်တွ ပေါက်ဖွားလာရင်ရော။
အချိန်တစ်ခုကြာသည်အထိ လူတိုင်းက ခြေတစ်လှမ်း နှစ်လှမ်းအထိ ဆုတ်ကာ သတိအနေအထား ဖြစ်နေကြသည်။ ထိုမကောင်းဆိုးဝါးများက သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသည့် အိပ်မက်ဆိုးကြီး ဖြစ်နေသည်။
လူတိုင်း၏ မယုံကြည်မှုကို မြင်သောအခါ ယွမ့်ထန်းက ရယ်တော့သည်။ သူသာ ချက်ပြီးသွားလျှင် လူတိုင်းက သဘောကျသွားမည်မှာ သေချာသည်။
“ကျွန်တော် ခဏနေရင် ဒီခြံထဲမှာ ဒီမကောင်းဆိုးဝါးတွေကို ချက်ပြုတ်ပြမှာပါ၊ အားလုံးပဲ စိတ်ဝင်စားရင် လာကြည့်နိုင်ပါတယ်”
ထိုမကောင်းဆိုးဝါးများက မီးဖိုချောင်ထဲတွင် ကိုင်တွယ်ခြင်း မပြုနိုင်လောက်အောင် ကြီးမားသည့်အတွက် စံအိမ်၏ခြံဝန်းထဲတွင်သာ ရိုးရှင်းသောမီးဖိုကို ပြင်ဆင်လျက် ချက်ပြုတ်ရန် ပြင်ဆင်ထားသည်။ သည်နည်းအားဖြင့် သူက သည်မကောင်းဆိုးဝါးများက စား၍ရကြောင်း လူတိုင်းသိသွားအောင် တိုက်ရိုက် ထုတ်လွှင့်နိုင်ပေလိမ့်မည်။ သည်နည်းအားဖြင့် ရေမကောင်းဆိုးဝါးများအပေါ် အမြင်ကလည်း ပြောင်းလဲသွားနိုင်သည်။
ဟော်ယွန်ရီ မလာခင်ကတည်းက ယွမ့်ထန်းက သူ့အား ထူးခြားသော မီးဖိုချောင်သုံးပစ္စည်းများကို ပြင်ဆင်ကာ ယူလာခိုင်းခဲ့ပြီးသား ဖြစ်သည်။ သည်နည်းအားဖြင့် အလွန်အမင်း မာကြောသော အခွံများကို ဖွင့်နိုင်ပေလိမ့်မည်။ သူကလည်း စတားနက်ဝေါ့ပေါ်မှ လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူထားပြီးသား ဖြစ်သည်။
ပစ္စည်းပို့ဆောင်သည့်စနစ်က ယခင်အတိုင်း မြန်ဆန်ပြီးသား ဖြစ်သည်။ ထိုပစ္စည်းများကို လက်ခံရရှိပြီးသည်နှင့် ဟော်ညီအစ်ကိုက ယွမ့်ထန်းကို ကူညီကာ ရိုးရှင်းသည့်မီးဖိုကို ပြင်ဆင်ပေးသည်။ ဂြိုလ်နံပါတ် ၁၉ မှ နေထိုင်သူများကမူ အဝေးတွင်သာ ရှိနေကြသေးသည်။ သူတို့က အနီးမကပ်ရဲကြချေ။ အဝေးမှ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။ သူတို့က စတင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
သူတို့လုပ်နေတဲ့ပုံစံအရ တကယ်ကြီးစားကြတော့မှာလား။
ထိုမကောင်းဆိုးဝါးများကြောင့် သူတို့၏ကိုယ်က ဒဏ်ရာပေါင်း မြောက်မြားစွာ ဖြစ်ခဲ့သည့် အခြေအနေကို ပြန်တွေးရုံနှင့်ပင် ဂြိုလ်နံပါတ် ၁၉ မှပြည်သူများအားလုံးက ခြေချင်းဝတ်က နာလာသလို ခံစားလိုက်ရသည်။
ကြောက်ဖို့ ကောင်းလွန်းတယ်၊ ဒီအကောင်တွေက စားလို့မရလောက်ဘူး၊ စားလိုက်မယ်ဆိုရင်တောင်မှ ပေါက်ကွဲသွားလောက်အောင် အရသာက ဆိုးရွားနေမှာ သေချာတယ်။
သေချာပေါက် အဲ့ဒီလိုဖြစ်လိမ့်မယ်။
အဆင်သင့်ဖြစ်သည့်အခါ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သည်။
“ဟယ်လို အားလုံးပဲ ကိုယ်ကတော့ မင်းတို့ရဲ့ တင်ဆက်သူယွမ့်ထန်းပါ၊ ဒီနေ့ ကိုယ်က မင်းတို့ကို ဂဏာန်းအစပ်၊ ချိစ်ကျောက်ပုစွန်၊ ဂျင်းပင်လယ်ကမာ၊ ယောက်သွားကင်နဲ့ ရေဘဝဲအနှစ်တို့ကို ချက်ပြမှာဖြစ်ပါတယ်”
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် .. အား အား အား တင်ဆက်သူ တင်ဆက်သူ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီလား၊ တင်ဆက်သူကိုပေးဖို့ သလင်းပန်းတွေ စုထားတာ ကြာလှနေပြီ၊ ဂြိုလ်နံပါတ် ၁၉ မှာ မိုးပြင်းကျနေတယ်လို့ ကြားတယ်၊ တင်ဆက်သူ အဆင်ပြေရဲ့လား]
[အေးစက်တဲ့ပျားရည် .. ဟုတ်တယ် ဟုတ်တယ် အဲ့ဒီမှာ ရေမကောင်းဆိုးဝါးတွေလည်း ရှိတယ်လို့ကြားတယ်၊ ဂရုစိုက်ပါတင်ဆက်သူ]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး .. ဟေး နေအုံး၊ ငါ ပါဝင်ပစ္စည်းအသစ်တစ်မျိုးကို ကြားလိုက်သလိုပဲ]
[အိုင်ဒေါကိုကိုးကွယ်တဲ့ရောဂါ .. ဘုရားရေ ဟင်းတွေများလိုက်တာ]
“ဟုတ်တယ်၊ ဒီနေ့ပါဝင်ပစ္စည်းတွေ အများကြီး ရှိနေပါတယ်”
သူက လျှို့ဝှက်ဆန်းကြယ်သလို ပြုံးနေသည်။
“ဆိုတော့ အရင်ဆုံး ဂဏာန်းအစပ်ကို လုပ်ရအောင်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now