Part 67

1.2K 172 0
                                    

Unicode
အပိုင်း ၆၇
ဂြိုလ်နံပါတ် ၁၉ က မြေကမ္ဘာနှင့်တူသော ဂြိုလ်တစ်ခုဖြစ်သည်။ အာကာသ အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် အပြာရောင်ကိုသာမြင်နိုင်ပြီး မြေကမ္ဘာ၏ အစိမ်းရောင်နေရာများတွင်မူ မီးခိုးရင့်ရောင်က အစားထိုးထားသည်။ သင်္ဘောပေါ်တွင် ဂြိုလ်နံပါတ် ၁၉ အကြောင်း မိတ်ဆက်ကိုလည်း ကြားခဲ့ရသေးသည်။ ပြောကြသည်မှာ ထိုဂြိုလ်၏ ၈၈ ရာခိုင်နှုန်းကို ရေများက ဖုံးလွှမ်းနေပြီး ကျန်သောကုန်းမြေများက တောင်တန်းများဖြစ်သည်ဟုဆိုသည်။ ထိုဂြိုလ်တွင် ရှားပါးပြီး နေထိုင်ရန် သင့်တော်သောကြောင့်သာမဟုတ်လျှင် မည်သူကမျှ ထိုမျှချောင်ကျပြီး ခေါင်သောနေရာမျိုးတွင် နေထိုင်ကြလိမ့်မည် မဟုတ်ချေ။
အာကာသသင်္ဘောထံမှ ဆင်းသက်လိုက်ပြီးနောက်တွင် ယွမ့်ထန်းကလည်း ဂြိုလ်နံပါတ် ၁၉ ၏ ချောင်ကျမှုနှင့်ဆင်းရဲမှုကို ခံစားလိုက်ရသည်။ ပထမဦးဆုံးအနေနှင့် ကြယ်ဆိပ်ကမ်းက အဓိကကြယ်မြို့တော်ထက် အလွန်သေးငယ်နေသည်။ အဓိကကြယ်မြို့တော်၏ကြယ်ဆိပ်ကမ်းတွင် အတိတ်က ပထမအဆင့်မြို့များ၏ နိုင်ငံတကာလေဆိပ်များကဲ့သို့သော အနေအထားအထိ အဆင့်မြင့်လေပြီး ဂြိုလ်နံပါတ် ၁၉မှ ကြယ်ဆိပ်ကမ်းကမူ ယခင်ဘဝမှ တတိယအဆင့်မြို့များ၏ သေးငယ်သော ရထားဘူတာရုံများကဲ့သို့ဖြစ်နေကာ လူအနည်းငယ်ကိုပင်မြင်ရပြီး ကန္တာရကဲ့သို့ပင် ခြောက်ကပ်နေတော့သည်။
"သွားစို့၊ အချိန်မရွေး ကိုယ်တို့ကို လိုက်ပို့ပေးနိုင်မယ့် ကားပျံရှိမှာ မဟုတ်ဘူး၊ ဒီတော့ လူတွေကို ကြိုစီစဉ်ပြီး လာခေါ်ခိုင်းထားတယ်"
ဟော်ယွန်ချန်းက သူ့ကိုပြောလာပြီးနောက် အလိုအလျောက် လက်ကိုလာ ကိုင်သည်။
ယွမ့်ထန်းက အနည်းငယ် အံ့ဩသွားပြီးနောက်တွင် သူတို့ရောက်နေသည့်နေရာက မည်သူမျှမရှိကြောင်း သိလိုက်ရသည်။ သူက ရုတ်တရက် မသက်မသာဖြစ်သွား တော့သည်။
"ဒီနေရာက မြေဆွဲအားက ကြယ်မြို့တော်နဲ့ကွာခြားတယ်၊ ကိုယ် ဒီလိုလက်ကို ကိုင်ထားမှ မင်း အဆင်ပြေမှာ"
ဟော်ယွန်ချန်းက ရှင်းပြသည်။
ယွမ့်ထန်းကလည်း ပဟေဠိဖြစ်နေလေသည်။ သူက ဆိပ်ကမ်းခန်းမထဲမှ ထွက်လာပြီးသောအခါ နောက်ဆုံးတွင် ဟော်ယွန်ချန်း၏ဆိုလိုရင်းကို နားလည်သွားရသည်။ ထိုဂြိုလ်မှ မြေဆွဲအားက အတန်ငယ်ပြင်းထန်ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အားကလည်း မကောင်းမွန်သည့်အခါ ထိုအလွန်လေးလံသည့် မြေဆွဲအားကြောင့် မတ်တပ်ရပ်ရန်ပင် မနည်းရုန်းကန်နေရလေသည်။ သူက ဟော်ယွန်ချန်း၏အထောက်အပံ့နှင့်သာ ဖြည်းညင်းစွာ ရှေ့ဆက်လျှောက်နေသည်။ ကံကောင်းစွာဖြင့် သူ၏ကိုယ်က ဟော်ယွန်ချန်းလောက် မကောင်းသော်လည်း မျိုးရိုးဗီဇအရ အလိုအလျောက် သည်နယ်မြေနှင့် ကျင့်သားရသွားခဲ့ပြီး နေထိုင်ရကောင်းသွားတော့သည်။
ကြယ်ဆိပ်ကမ်းထဲမှ ထွက်လိုက်ပြီးနောက်တွင် ယွမ့်ထန်းက အပြင်ဘက်တွင် ပါကင်ထိုးထားသည့် မီးခိုးရောင်ကားပျံကို မြင်လိုက်ရသည်။ အတွင်းမှ ဟော်ယွန်ချန်းရှိရာဘက်သို့ အရပ်မြင့်မြင့်နှင့် သက်လတ်ပိုင်းလူတစ်ယောက်က လက်ရမ်းပြနေခဲ့သည်။ သူက သာမန်ဝတ်စုံကို ဝတ်ထားသော်လည်း အလွန်အရပ်ရှည်ပြီး သူ၏ဟန်အမူအရာကြောင့် သူကလည်း စစ်တပ်ထဲမှဖြစ်ကြောင်း သိလိုက်ရသည်။
"ဦးလေးခွန်း"
ဟော်ယွန်ချန်းက အနားသို့ ချဉ်းကပ်သွားပြီးနောက်တွင် သက်လတ်ပိုင်းလူကို နှုတ်ဆက်လိုက်သည်။
"ဒါက ယွမ့်ထန်းပါ"
ဝမ်ခွန်းက ခေါင်းညိတ်သည်။
"ဟယ်လို လူကြီးမင်းယွမ့်"
"ဦးလေးခွန်း မင်္ဂလာပါ"
ယွမ့်ထန်းက တစ်ဖက်လူကို မည်သို့နှုတ်ဆက်ရမည်ဖြစ်ကြောင်း မသိသော်လည်း ဟော်ယွန်ချန်းကို တုပကာ နှုတ်ဆက်လိုက်သည်။
"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"
သုံးယောက်လုံးက ကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြသည်။ ကားက ဟော်ယွန်ချန်း၏ကိုယ်ပိုင်ကားပျံနှင့် နှိုင်းယှဉ်သော် အတန်ငယ် သေးနေပြန်သည်။ အတွင်းရှိနေရာ ကျဉ်းမြောင်းသည်။ ပျံသန်းနိုင်သည့်တိုင်အောင် အရှိန်ကလည်း နှေးပြန်သည်။ ပုံမှန်အားဖြင့် ယခင်ခေတ်မှ ဈေးပေါသော တစ်ပတ်ရစ်ကားများကဲ့သို့ဖြစ်နေသည်။
"မင်းပြောထားတာတွေအားလုံး ငါ လုပ်ပြီးသွားပြီ၊ ငါတို့တွေ သတင်း အများအပြားလည်း ရှာတွေ့ထားတယ်"
ဝမ်ခွန်းနှင့်ကျန်းဖန်းတို့က ဟော်ယွန်ချန်း၏လက်အောက်မှ ရှေ့ပြေးအထောက်များဖြစ်ကြသည်။
သူတို့က ရုပ်ပိုင်းဆိုင်ရာအကြောင်းများကြောင့် အနားယူခဲ့ကြသော်လည်း သူတို့၏လုပ်နိုင်စွမ်းအား ပြတ်လပ်ခြင်းမရှိခဲ့ကြချေ။ ထို့ကြောင့် သူတို့အနေဖြင့် သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် အလွန်သင့်တော်သည်။ ဝေ့ကျိုးက ဗီဒီယိုကို တင်လိုက်သည့်နေ့တွင် ဝမ်ခွန်းက သည်နေရာသို့ ထွက်ခွာလာနှင့်ပြီးဖြစ်သည်။ သူတို့က ဟော်ယွန်ချန်းထက် တစ်နေ့သာလျှင် ကြိုစောရောက်နေသည့်တိုင်အောင် ကိစ္စပေါင်းအမြောက်အများကို ကြားထားပြီးဖြစ်သည်။
သည်နေရာတွင် ပိုက်ဆံဖြုန်းရုံသာဆန္ဒရှိလျှင် မည်သည့်အရာကိုမဆို လျှို့ဝှက်ချက်မရှိဘဲ သိနိုင်လေသည်။
ဝမ်ခွန်းကလည်း ယွမ့်ထန်း၏မူလနေရာကို ရှာတွေ့ထားသည်။ သို့သော် ထိုအိမ်ကို ဖခင်ဖြစ်သူက ချန်ထားရစ်ခဲ့သည့်တိုင်အောင် ခိုင်ရှင်းက ရောင်းစားလိုက်ပြီဖြစ်သည်။ လက်ရှိအခါတွင် အခြားတစ်ယောက်က နေနေသည်။ သို့သော် ထိုလူကလည်း ယခင်အိမ်နီးချင်းတစ်ယောက်ဖြစ်နေသည်။
လွန်ခဲ့သောဆယ်နှစ်ခန့်က ယွမ့်ထန်းက ဆေးရုံစရိတ်အတွက် စတင်ရှာဖွေနိုင်ခဲ့သောအခါ ခိုင်ရှင်းက နေထိုင်သောဝန်းကျင်ကိုပင် ပြောင်းသွားကာ ယခင်က ဆင်းရဲသောသူများနှင့် မပတ်သက်ချင်တော့သလိုမျိုး ခပ်ကင်းကင်းနေခဲ့သည်။ သို့သော် ထိုမတိုင်ခင်ကဆိုလျှင် သူတို့က ဆယ်နှစ်ကျော် အတူနေခဲ့ကြပြီးဖြစ်လေရာ အိမ်နီးချင်းအများစုကလည်း ထိုနေရာတွင် ဆက်နေကြသေးသည့်အတွက် ဝမ်ခွန်းက အခြေအနေကို သွားရောက်စုံစမ်းသည်နှင့် အားလုံးကိုသိခဲ့ရသည်။ ခိုင်ရှင်းက အတန်ငယ်ကျော်ကြားသည်။ မိသားစုတိုင်းနီးပါးက သူမကိုသိကြသည်။ သို့သော် ကောင်းသောကျော်ကြားခြင်းမျိုး မဟုတ်ပေ။
သူက ဟော်ယွန်ချန်းထံသို့ ဗီဒီယိုတစ်ခုကိုပို့ပေးလာပြီး ဟော်ယွန်ချန်းနှင့် ယွမ့်ထန်းတို့က အနောက်ခုံတွင်ထိုင်လျက် ကြည့်ကြသည်။ ဗီဒီယိုထဲတွင် အိမ်နီးချင်းအများစုက ယွမ့်ထန်း၏မိသားစုအခြေအနေကို ရှင်းပြကြသည်။ သူတို့၏လေသံအရ သူတို့က ယွမ့်ထန်းကို အလွန် အထင်သေးကြသည်။ ဝမ်ခွန်းက မေးမြန်းသော အကြောင်းအရာကို ကြားသောအခါ သူတို့က ချက်ချင်းဆိုသလို အမူအရာများ ပြောင်းလဲသွားလျက် မေးလာတော့သည်။
"မင်းက သူမကို စိတ်ဝင်စားတာလား"
ဝမ်ခွန်းကဖြေသည်။
"ကျွန်တော်က သူမနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး၊ ကျွန်တော်က သူမရဲ့သား ယွမ့်ထန်းနဲ့မိတ်ဆွေပါ"
"ဪ.."
အိမ်နီးချင်းက သူ့အား အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်ပြီးနောက်တွင် သူ၏ဖြောင့်မတ်မှန်ကန်သော အမူအရာကို သတိထားမိလိုက်ကာ လူဆိုး မဖြစ်နိုင်ကြောင်း သေချာသွားသည့်အတွက် ပြောလာသည်။
"အဲဒီခွေးမခိုင်ရှင်းက ဘယ်လောက် မုန်းဖို့ကောင်းတဲ့ကိစ္စတွေ လုပ်ထားသလဲဆိုတာသိလား"
ယွမ့်ထန်း၏ဖခင် ယွမ့်လျန်က အသက်ရှင်နေခဲ့သောအခါ သူက အလွန်အားကိုးရသော လူတစ်ယောက် ဖြစ်ခဲ့သည်။ သူက သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အား မရှိသလို ထူးခြားသော စိတ်ဝိဉာဉ်စွမ်းအင်များကို မပိုင်ဆိုင်ခဲ့သည့်တိုင်အောင် သူ၏လက်မှုပညာက ထူးချွန်ထက်မြတ်လေသည်။ သူက ငယ်ရွယ်ပြီးခန့်ညားကာ ရိုးသားကြိုးစားကာ လုပ်ကိုင်ချင်စိတ်ရှိသောကြောင့် ဝယ်လက်များတွင် အလွန်ကျော်ကြားခဲ့သေးသည်။ သူက မကြာခဏ အမှာကောင်းများကိုလည်း လက်ခံရရှိခဲ့သည်။ သူ၏ဝင်ငွေက အတန်ငယ် မြင့်မားခဲ့သည့်အတွက် ယွမ့်ထန်း၏အဖိုးအဖွားများကလည်း ဂုဏ်ယူခဲ့ရသည်။ ထို့ကြောင့် သူတို့က အခြားလူများနှင့်တွေ့ရာတွင် အချိန်တိုင်း သူတို့၏သားအကြောင်းကို ချီးကျူးဂုဏ်ဖော်ပြောလေ့ရှိကြသည်။ ယွမ့်လျန်ကလည်း ထိုအချိန်က အလွန်ငယ်ရွယ်ကာ ချောမောပြီး ပါရမီကြီးလွန်းသူဖြစ်ခဲ့လေသည်။
သူက တစ်ကိုယ်တည်းသမားဖြစ်ပြီး ကောင်းမွန်သော နေထိုင်မှုဘဝပုံစံကို ပိုင်ဆိုင်ထားသည့်အတွက် လူတိုင်းကလည်း သူ့ကို အလားအလာကောင်းသော ဇနီးများနှင့် မိတ်ဆက်ပေးချင်ကြသည်။ သို့သော် သူက လူတိုင်းကို ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူက မည်သည့်နေရာကမှန်းမသိ အလွန်လှပသော အမျိုးသမီးတစ်ယောက်ကိုခေါ်ကာ ပြန်လာခဲ့သည်။ ထိုမိန်းမက ခိုင်ရှင်းဖြစ်ပြီး ယွမ့်လျန်က သူမကိုမြင်မြင်ချင်း ချစ်သွားခဲ့ကာ အိမ်ကိုပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူတို့က လျင်မြန်စွာ လက်ထပ်လိုက်ကြသည်။
ဆန်သစ်က ချက်ပြီးပြီဆိုကတည်းက အခြားသူများကလည်း အပိုစကားများဆို၍ မရတော့ချေ။ အနည်းဆုံးအနေနှင့် သူတို့က ခိုင်ရှင်းက ဇစ်မြစ် မသိရသေးသည့်အတွက် ခပ်တိုးတိုး ဝေဖန်ရုံမျှသာ တတ်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူက အလွန်အလိုလိုက်ခံရသည်။ သူမက ထိုနေရာသို့ ရောက်လာပြီးသောအခါ သူက တစ်စုံတစ်ရာကို အပြစ်မကင်းသလို ခံစားခြင်း ဖြစ်လောက်သည်။ ထို့နောက် သူမအတွက်ဆိုလျှင် အလွန်အမင်း ကာကွယ်လွန်းခဲ့သည်။ တစ်စုံတစ်ယောက်က သူမအကြောင်း ပြောခြင်းကို ကြားသည့်အချိန်တိုင်း သူက အလွန်ဒေါသထွက်ပြီး အခြားသူများနှင့် ငြင်းခုန်လေ့ရှိကာ လူတိုင်းကို ရန်စမိသလို ဖြစ်သွားတော့သည်။ သို့တိုင်အောင် သူတို့၏လက်ထပ်ပွဲက ပျော်ရွှင်စရာ မကောင်းခဲ့ချေ။
"တစ်ချက်ကြည့်ရုံနဲ့တင် အဲဒီခွေးမခိုင်ရှင်းက လူကောင်းမဟုတ်မှန်း သိနိုင်တယ်၊ နေ့တိုင်းလိုလို သူက အသားဖော်တဲ့ဝတ်စုံတွေပဲ ဝတ်ထားတယ်၊ ဘယ်တော့မှလည်း အိမ်ထောင်ထိန်းသိမ်းဖို့ တာဝန် ယူတာ မဟုတ်ဘူး၊ အမြဲတမ်းပိုက်ဆံပဲ တောင်းနေတာ ငါ ကြားတယ်၊ အဖိုးကြီးယွမ့် အပြင်ထွက်သွားတဲ့အချိန်တုန်းက သူမကလည်း ဘယ်သူနဲ့မှန်းမသိ ထွက်သွားပြီး ညနက်တဲ့အထိ ပြန်မလာဘူးလေ၊ နောက်ပိုင်းတော့ မရပ်မနား ကိုယ်ဝန်ရတော့တာပဲ၊ သူမက နေ့တိုင်း အပြင်လျှောက်သွား နေသေးတာ၊ အဲဒီလိုမျိုး သွားနေတာကြောင့် ကိုယ်ဝန်ပျက်ကျမလို ခဏခဏ ဖြစ်သေးတယ်၊ အားလျန်က သူမကို ဆူတော့ သူမက ပစ္စည်းတွေကို ပေါက်ခွဲတယ်လေ"
မိသားစု၏ဆက်ဆံရေးက အပေါ်ပိုင်းတွင် ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း ယွမ့်လျန်က အလွန်အမင်း စိတ်သဘောထားကောင်းလွန်းပြီး မိန်းမကို ယုံကြည်လွန်းသောကြောင့်သာ လိုက်ထိန်းညှိ နေခဲ့ခြင်းလည်း ဖြစ်သည်။ သူက နေ့တိုင်း ထွက်သွားသည့်ခိုင်ရှင်းကိုပင် အထောက်အပံ့ ပေးသေးသည်။ သို့သော် တံခါးပိတ်ထားသည့်နောက်တွင်မူ အိမ်က အမြဲတမ်း ငြင်းခုန်သံများနှင့် ဆူပူနေလေ့ရှိသည်။ လူတိုင်းကလည်း ထိုအသံများကို ကြားနေရသည်။ အမြဲလိုလို ပစ္စည်းများပေါက်ခွဲသံနှင့် ပျက်စီးသံများဖြစ်နေလေသည်။
"သူ့ရဲ့မိန်းမက တစ်နေ့လုံး အသားဖော်တဲ့အဝတ်တွေ ဝတ်ပြီး တစ်နေ့လုံး လျှောက်သွားနေတာ ပြန်လာတဲ့အချိန်မှာ တန်းအိပ်တယ်၊ ဘယ်အမျိုးသားရဲ့ နှလုံးသားက သံသယ မဝင်ဘဲနေမှာလဲ"
နောက်ထပ်အိမ်နီးချင်းတစ်ယောက် ထပ်ပြောလာပြန်သည်။ သို့သော် သူမကမူ မနှစ်မြို့သောအသံမျိုးဖြင့် ပြောလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက ငါတို့ကလည်း အဲဒီမိန်းမက အားလျန်ကို ဦးထုပ်စိမ်းဆောင်းပေးတယ်လို့ ထင်နေခဲ့တာပဲ၊ ဒါပေမယ့် သူတို့ကလေးရလာတော့ ဘာမှ မပြောနိုင်တော့ဘူး၊ ကလေးတွေမှာ ဒီလိုအမေရှိတာကပဲ သနားစရာ ကောင်းတယ်"
ကလေးမွေးပြီးကတည်းက ယွမ့်လျန်က သူမကိုအမိန့်ထုတ်ကာ နေ့တိုင်းအပြင်ကို လျှောက်ထွက်မသွားဘဲ ကလေးကိုသာကြည့်ရန် ပြောထားခဲ့သည်။
ကလေးကငယ်သေးသည်။ သူတစ်ယောက်တည်းနှင့် မထားနိုင်ခဲ့ချေ။ သူကလည်း အပြင်ထွက်ကာ အလုပ်သွားလုပ်ရန် လိုအပ်ပြီး ခိုင်ရှင်းကသာ ထွက်သွားမည်ဆိုလျှင် သည်ကလေးငယ်လေးတစ်ယောက်တည်း အိမ်တွင်ကျန်ခဲ့ကာ မမျှော်လင့်ထားသော မတော်တဆကိစ္စများ ဖြစ်လာနိုင်သေးလေသည်။
ခိုင်ရှင်းက ထူးခြားစွာပင် မိခင်တစ်ယောက်၏စိတ်ကို ပိုင်ဆိုင်သွားဟန်ဖြင့် တစ်ခဏကြာ အိမ်တွင်နေခဲ့သည်။ သို့သော် ပျင်းရိလာခဲ့ပြန်ကာ အိမ်တွင်ကတ်ကစားရန် လူရှာတော့သည်။ သူမက ကလေးကို ဂရုမစိုက်ဘဲ သည်အတိုင်း စက်များဖြင့်သာ ပစ်ထားသည်။
"ရှောင်ယွမ့်က အဲဒီအချိန်က သုံးနှစ် လေးနှစ်ပဲရှိအုံးမယ်၊ ဒါပေမယ့် လမ်းလျှောက်နိုင်နေပြီ၊ သူ့အမေက သူ့ကို ဂရုမစိုက်ရင် သူက တစ်ယောက်တည်းစားဖို့ ရှာတတ်တယ်၊ ဘယ်သူသိမှာလည်း အဲဒီခွေးမက လူသားတွေရဲ့ခံစားချက် ပျောက်ဆုံးနေတာလေ၊ သူက ကိုယ်တိုင်စားသောက်ဖို့ ပြင်ဆင်တတ်တာလည်း မြင်ရော ဒီလေးငါးနှစ်ကလေးလေးကို အိမ်အလုပ်တွေ လုပ်ခိုင်းပြီး သူမအတွက် အစားအစာတွေပါ ပြင်ဆင်ခိုင်းသေးတာ၊ သူမ ဒါမျိုးကို ဘယ်လိုများ စားရက်တာလဲ"
"ကံကောင်းစွာနဲ့ဒီကလေးက တကယ်အားကိုးရတယ်၊ သူမကြောင့်လည်း စိတ်မပျက်သွားဘဲ ဒီသွေးစုပ်ရတဲ့ အခြေအနေကနေ လွတ်မြောက်အောင်လုပ်ဖို့ အလုပ်ရှာဖို့ စီစဉ်ခဲ့တယ်"
အိမ်နီးချင်းများက အော်ဟစ်ကာဖြင့် အလွန်အမင်း ခံစားနေရဟန်ဖြင့် ဆက်ပြောလာသည်။
"ကံဆိုးစွာနဲ့ သူ့ရဲ့မိဘတွေ နောက်ထပ်ကလေးတစ်ယောက်ကို ထပ်မွေးလိုက်တယ်၊ ဒီကလေးက မွေးလာပြီး လအနည်းငယ်ကြာတော့ မွေးရာပါ မျိုးရိုးဗီဇဆိုင်ရာ အားနည်းတဲ့ရောဂါကို ခံစားရတယ်၊ သူက ဆေးရုံကုတင်မှာပဲ အမြဲတမ်း လဲလျောင်းနေရတယ်၊ မဟုတ်ရင် တူညီတဲ့ကံကြမ္မာကို ခံစားရမှာပဲ"
"ခိုင်ရှင်းက သူမရဲ့ယောက်ျားမရှိတော့တဲ့အချိန်မှာ ဒီကလေးငယ်ကိုကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တယ်လို့ ပြောထားတယ်၊ အဲ့ဒါက ဟုတ်ပါသလား"
ဝမ်ခွန်းကမေးသည်။
"ဟား ဟား ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဲဒီခွေးမခိုင်ရှင်းက ယောက်ျားရှိတုန်းကလည်း ဘာအလုပ်မှ မလုပ်တာ၊ သေသွားတော့ ပိုတောင်ဆိုးသေးတယ်၊ သူက ဘယ်လိုများ ကလေးတွေကိုမွေးမှာလဲ"
အခြားလူများကမူ အလွန်ရယ်ရသောဟာသကို ကြားရသလိုမျိုး သဘောတကျရယ်သည်။
"အားလျန်သေသွားတော့ ရှောင်ယွမ့်က အသက် ၂၀ ဝန်းကျင်ရှိနေပြီ၊ အငယ်လေးက မွေးကာစပဲရှိသေးတယ်၊ ဒီတော့ သူကလည်း ဆယ်ကျော်သက် အရွယ်ကတည်းက အားလျန်နဲ့အတူ သင်ထားတဲ့လက်မှုပညာနဲ့ အလုပ်စလုပ်ခဲ့တာပေါ့၊ အားလျန် သေသွားတော့ သူက သူ့ရဲ့ညီငယ်ကိုခေါ်ပြီး နေ့တိုင်းစောင်နဲ့ထွေးပိုက်လို့ အလုပ်ကိုခေါ်သွားရတယ်၊ သူ့ရဲ့အမေကို ကလေးကိုကြည့်ဖို့ မတောင်းဆိုရဲဘူးလေ"
"အဲဒီခွေးမခိုင်က နေ့တိုင်း ကတ်တွေနဲ့ကစားနေခဲ့တာ ဒါမှမဟုတ်ရင် ကိုယ်တိုင်အပျော်ရှာဖို့ အပြင်ထွက်တယ်၊ ဒီကလေးလေးကို ဂရုမစိုက်သလို ကျောင်းတက်ဖို့တောင် ပိုက်ဆံစုထားပေးတာမဟုတ်ဘူး၊ သူမက ကိုယ်တိုင်အတွက်ပဲ ဖြုန်းနေခဲ့တာ၊ အဖိုးကြီးယွမ့် ရှိနေတုန်းက သူမက သူ့ရဲ့သွေးတွေကို ခြောက်ကပ်အောင်စုပ်ပြီးသွားပြီ၊ အခုသေသွားတော့လည်း သူမသားရဲ့သွေးတွေကို ထပ်စုပ်ပြန်တယ်၊ ရှောင်ယွမ့်က ပညာသင်စရိတ်ထောက်ပံ့ကြေးနဲ့ပဲ ကျောင်းတက်ခဲ့ရတယ်၊ ဒါပေမယ့် အဆုံးသတ် မကောင်းခဲ့ပါဘူး၊ ခိုင်ရှင်းက သူ့ရဲ့ပိုက်ဆံတွေကို ခိုးသွားပြန်တယ်၊ သူ့မှာ ပေးစရာပိုက်ဆံမရှိတော့ သူမက ကျောင်းကိုသွားပြီး ပြဿနာရှာပြန်တယ်၊ ဒီလောက်တော်တဲ့ကလေးကို စာသင်နိုင်စွမ်းမရှိအောင်လည်း ဒုက္ခပေးခဲ့သေးတာ၊ နောက်ဆုံးတော့ သူ့မှာလည်း ရွေးချယ်စရာမရှိတော့ဘဲ အလုပ်ထွက်လုပ်ရတော့တယ်"
"ဒီမိန်းမက ဒီလိုကောက်ကျစ်ဆိုးယုတ်တဲ့အလုပ်တွေကို လုပ်ခဲ့တာပါ"
"ဒါဆိုရင် ခိုင်ရှင်းက အခု ဘယ်လိုနေလဲ"
"အဲဒီမိန်းမက ကတ်ကစားတာကလွဲပြီး ဘာလုပ်နိုင်စွမ်းရှိမှာလဲ၊ သူမက အိမ်မှာမရှိရင်လည်း ကိစ္စမရှိပါဘူး၊ ကလေးတွေကိုလည်း ဂရုမစိုက်ဘူးလေ၊ အဲဒီမိသားစုရဲ့အကြီးဆုံးသားကြောင့်သာ မဟုတ်ရင် အငယ်လေးက ရှင်တောင်ရှင်တော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် အငယ်လေးက အားအရမ်းနည်းပြီး နေ့တိုင်းလိုလို ဆေးရုံကိုပို့ထားရတယ်၊ သူတို့ရဲ့မိသားစုက အဲဒီနောက်မှာတော့ ဘာဖြစ်သွားသလဲ မသိတော့ပါဘူး၊ ရှောင်ယွမ့်က အလုပ်ရှာမယ်ဆိုပြီး အပြင်ထွက်သွားပေမယ့် လတိုင်း ပိုက်ဆံပို့တယ်လေ၊ သူက အခြေအနေကောင်းနေပုံ ရတယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီခွေးမက ဒီအိမ်ကို ရောင်းပြီး မြို့သစ်ကို ပြောင်းသွားတော့တာပဲ"
သူမက အဝေးရှိတောင်တန်းများသို့ လက်ညှိုးထိုးပြီးပြောသည်။
"ဒီတောင်ကိုဖြတ်လိုက်ရင် လူချမ်းသာနယ်မြေကို ရောက်သွားလိမ့်မယ်၊ အဲဒီမှာ သူမရဲ့နေ့ရက်တွေက အရမ်းကောင်းခဲ့တာလေ၊ ဒါပေမယ့် အငယ်ဆုံးသားလေးကတော့ ဆေးရုံက မဆင်းနိုင်ဘူး၊ အမြဲတမ်းဆေးရုံမှာပဲ နေနေရရှာတယ်"
"ကျေးဇူးတင်ပါတယ်"
ဗီဒီယိုက ထိုနေရာတွင် အဆုံးသတ်သွားသည်။
ဗီဒီယိုထဲတွင်ပါသော သတင်းအချက်အလက်များအရ ခိုင်ရှင်းက မိခင်ကောင်း မပီသလွန်းသည့်လူမျိုး ဖြစ်နေသည်။ သူမက အပျော်သာလျှင်မက်ပြီး ကလေးများကိုလည်း ဂရုမစိုက်ချေ။ ယွမ့်ထန်း၏ ပိုက်ဆံကို သုံးပြီး ပျော်ရွှင်စွာနေခဲ့သည်။ သူမက ကောင်းမွန်သောပစ္စည်းများ သုံးကာ ကောင်းမွန်စွာနေခဲ့ပြီးလေကာ သူမ၏ဘဝက မည်မျှသက်တောင့်သက်သာ ရှိနေမည်မှန်း မသိနိုင်ချေ။
ကားကအိမ်ရှေ့တွင် ရပ်သွားသည်။ ဗီဒီယိုထဲတွင် ပတ်ဝန်းကျင်မှ လူများပြောထားသည့်အတိုင်း လူချမ်းသာနေရာ ဖြစ်နေလေသည်။ ပုံမှန်အားဖြင့် အနည်းငယ်ကောင်းလွန်းသာလျှင် ရှိသော်လည်း ကြယ်မြို့တော်လောက် ကောင်းမွန်ခြင်း မရှိသည့်တိုင်အောင် အလွန်သန့်ရှင်းသပ်ရပ်သည်ဟု ဆိုရပေမည်။ တောငတန်းကြီးများ ဝန်းရံနေသည့် အဆင့် ၃ မြို့မှ ဗီလာစံအိမ်များနှင့်တူသည်။
"ဒီနေရာက ခိုင်ရှင်းပြောင်းသွားခဲ့တဲ့နေရာပဲ၊ ဒါပေမယ့် လွန်ခဲ့တဲ့ရက် အနည်းငယ်လောက်က ဒီအိမ်ကို ရောင်းသွားပြီ"
ဝမ်ခွန်းကပြောသည်။
"သူမက ဒီမှာအရမ်းကျော်ကြားတာ ဒါပေမယ့် ..."
သူက တစ်စုံတစ်ရာကိုတွေးတောကာ ပြောဆိုရန် ရှက်ရွံ့ဟန်ဖြင့် တုံ့ဆိုင်းနေပြီးနောက်တွင် ဆက်ပြောလာသည်။
"သူမက ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတယ်"
"သူမက မပြောင်းသွားခင်မှာ တမင်တကာ ကြွားဝါခဲ့ပြီး သူမက မြို့တော်မှာ သက်တောင့်သက်သာဘဝနဲ့ အကြီးဆုံးသားနဲ့ သွားနေတော့မယ်လို့ ပြောသွားတယ်"
သူမက ဗီဒီယိုတွင် ချေးငှားယူထားသည့်ဆိုသော ပြောသောပိုက်ဆံများက သည်အိမ်ကို ရောင်းချပြီးမှ ရရှိခဲ့သော ပိုက်ဆံဖြစ်လောက်သည်။ အိမ်ကို ရောင်းချပြီးသည့်တိုင်အောင် သူမက ယွမ့်ထန်းကို မှီခိုမည်ဟု ဆုံးဖြတ်ထားပုံရသည်။ မဟုတ်လျှင် သူမ၏သားနှင့်နေမည်ဟု ပြောခဲ့ခြင်း မရှိလောက်ချေ။
သူတို့အနေနှင့် ထိုမျှအရှက်မဲ့သောမိန်းမနှင့် ပထမဆုံးအကြိမ် ဆုံရခြင်းလည်းဖြစ်သည်။
ဝမ်ခွန်းက ထိုနယ်မြေမှ အသန့်ရှင်းဆုံးအိမ်ကို ရွေးချယ်ကာ ဟော်ယွန်ချန်းနှင့် ယွမ့်ထန်းအတွက် ငှားပေးထားသည်။ ပြူတင်းပေါက်အပြင်သို့ ကြည့်မည်ဆိုလျှင် မီးခိုးရင့်ရောင် တောင်တန်းများနှင့် ကြီးမားသောမြစ်ကြီးများ စီးဆင်းနေဟန်ကို ထင်ရှားလှပစွာ မြင်ရမည်ဖြစ်သည်။ ဂြိုလ်နံပါတ် ၁၉မှ အိမ်တိုင်းနီးပါးကို တောင်တန်းဘေးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုဂြိုလ်တွင် ရေအလွန်များလေရာ ရေလှိုင်းလုံးကြီးများနှင့် ရေလွှမ်းမိုးမှုများကို ကာကွယ်ရန်အတွက် ဆည်များကိုလည်း တည်ဆောက်ထားရသည်။ ထို့အပြင်ရေထဲတွင် အလွန်အန္တရာယ်များသော သတ္တဝါများရှိသည်ဟု ပြောကြလေ့ရှိပြီး ခပ်မြင့်မြင့်နေရာတွင် နေမှသာလျှင် အန္တရာယ်ကင်းသည်ဟုဆိုကြသည်။
"ဦးလေးခွန်း ယွမ့်ယွီက ဘယ်နေရာမှာနေတာလဲ"
အခန်းထဲသို့ ခရီးဆောင်အိတ်များကိုချပြီးနောက်တွင် ယွမ့်ထန်းက စိတ်မရှည်စွာ မေးလိုက်သည်။
"မြို့ဟောင်းက ဆေးရုံမှာပဲ ဒါပေမယ့် သူတို့က လူစိမ်းတွေကို လာတွေ့ခွင့်မပြုဘူး၊ အဲဒီနေရာမှာ ကျန်းဖန်က တစ်ချိန်လုံးစောင့်နေတယ်၊ ဒါကြောင့် လုံခြုံမှုကိုတော့ စိတ်အေးအေးထားပါ၊ ဒီနေရာက ဆွေမျိုးပတ်သက်မှုကို သက်သေပြုတဲ့အချက်အလက်တွေကို အစိုးရနဲ့အတူ လုပ်ပြီးသွားတာနဲ့ ကျွန်တော်တို့ သွားလို့ရပြီ၊ အဲ့ဒါနဲ့ဆိုရင် ဆေးရုံက ကျွန်တော်တို့ကို တားမှာမဟုတ်ပါဘူး"
ယွမ့်ထန်းက ချက်ချင်းခေါင်းညိတ်သည်။
"ကောင်းပြီ သွားရအောင်"
သုံးယောက်လုံးက ထိုရုံးခန်းမှကိစ္စများကို ဆောင်ရွက်ရန်အတွက် ထွက်သွားလိုက်သည်။ ရုံးခန်း၏အရွယ်အစားက အင်ပါယာမြို့တော်မှ အခြေပြု အဆောက်အဦကြီးနှင့် ယှဉ်၍ မရချေ။ သည်အတိုင်း သာမန်အနည်းငယ်ကြီးသည့် သုံးထပ်တိုက်အဆောက်အဦသာလျှင်ဖြစ်ပြီး သေးငယ်သည်ဟု ထင်ရသော်လည်း အဓိကပုဂ္ဂိုလ်များက ထိုနေရာတွင် ရှိနေသောကြောင့် စက်ပစ္စည်းကိရိယာများက စုံလင်ကာမှီခိုအားထား၍ရသည်။ ယွမ့်ထန်းနှင့်ယွမ့်ယွီတို့က သွေးချင်းတော်စပ်သည့် သွေးသားအရင်းညီအစ်ကိုများ ဖြစ်ကြပြီး ဟော်ယွန်ချန်းကိုယ်တိုင်ကလည်း ရှိနေသောအခါ လိုအပ်သည့်လက်မှတ်များကို ယူရန်က လွယ်ကူသွားလေသည်။
အမျိုးသားသုံးယောက်က လက်မှတ်ကိုယူပြီးသည်နှင့် ဆေးရုံထံသို့ အပြေးအလွှားသွားသည်။ သူတို့က ဆေးရုံထဲသို့ဝင်လိုက်သည်နှင့် ဒေါသတကြီး အော်သံများကို ကြားရသည်။
"ဘယ်သူကမှ ယွမ့်ယွီရဲ့မိသားစုကို မဆက်သွယ်ကြဘူးလား၊ လူနာက အရေးကြီးတဲ့ အခြေအနေရောက်နေပြီ၊ ဒီထက်ပိုပြီး နှောင့်နှေးလို့မရတော့ဘူး"

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now