part 10

1.8K 261 1
                                    

Unicode

အပိုင်း (၁၀) ကွင်းဆက် ဖြစ်ပွားမှု
" တပ်ရေး ဗိုလ်ကြီး"
လုံခြုံရေး ဌာနမှ အရာရှိက လီခိုင့်ကို ဘူးလေး ကမ်းပေးကာ တစ်ဖက်သူ၏ မျက်နှာ အခြေအနေကို ကြည့်ပြီး မေးလိုက်သည်။
" အစ်ကိုလီ ကောင်းတဲ့ ကိစ္စတွေများ ဖြစ်သွားလို့လား"
လီခိုင်က သူ့ကို တစ်ချက်ကြည့်သည်။ သူက မျက်နှာရှိ အပြုံးကို ဖိနှိပ်လို့ မရသေးပေ။သူက တည်ငြိမ်စွာ ပြန်ဖြေနိုင်ရန် မနည်း ကြိုးစားလိုက်ရသည်။
" ကောင်းတဲ့ ကိစ္စဟုတ်လား။ အာ မင်း အဲဒီလို ပြောနိုင်ပါတယ်"
ထို့နောက် ကြော့ရှင်းနေသော အမူအရာမျိုးဖြင့် ပြန်လှည့်သွားသည်။ သူက စတိုင်အပြည့်ဖြင့် ပြန်လျှောက်သွားခြင်း ဖြစ်သည်။
ကံကောင်းလိုက်တဲ့ နားချိန်ပဲ။
သူ နားချိန်မှာရတာ ကောင်းလိုက်တာ။
ဓာတ်လှေကားထဲ ဝင်ပြီး အထပ်နံပါတ် ၁၂ကို နှိပ်ပြီးနောက် လီခိုင် မနေနိုင်တော့ဘဲ ဘူးထောင့်နားလေးကို ဖောက်ကာ အထဲသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ချစ်စဖွယ်ကောင်းသော သေးငယ်သည့် ဖက်ထုပ် ရှစ်ခုကို မြင်ရလေသည်။
လီခိုင်သည် မုန့်ဘူးကို ရင်ဘတ်နား ကပ်ထားကာ ကျေနပ်စွာ ပြုံးနေလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဓာတ်လှေကားထဲရှိ အဖြစ်အပျက်ကို ပြန်သတိရပြီး သူ့ရင်ထဲ အေးစက်သွားရလေသည်။
ဒီလိုအချိန်ဆို မာရှယ်က ရုံးခန်းထဲမှာ အလုပ်လုပ်နေလိမ့်မယ်။ ဒါပေမဲ့ သူကတော့ တင်ဆက်သူ ပို့ပေးထားတဲ့ ဖက်ထုပ် ရှစ်ခုကို တစ်ဝတစ်ပြဲ စားရတော့မယ်။သူက မာရှယ်ကို အရမ်း သစ္စာရှိပေမဲ့ အခု အနည်းငယ်တော့ တုံ့ဆိုင်းနေမိတယ်။
ဘာပဲဖြစ်ဖြစ်ပါ ဖက်ထုပ်က ရှစ်ခု ရှိတာပဲ၊ မာရှယ့်ကို လေးခုပေးလိုက်မယ်။
မဟုတ်ဘူး နှစ်ခုပဲ တော်ပြီပေါ့။
အဓိကက မာရှယ် မြည်းနိုင်ဖို့ပဲ။
ဓာတ်လှေကား ရပ်သွားသည့်နောက် သူက မာရှယ်၏ ရုံးခန်းနားသွားကာ တံခါး နှစ်ချက် ခေါက်လိုက်သည်။
" ဝင်လာခဲ့ပါ"
မာရှယ်ထံမှ ခွင့်ပြုချက်ရသည်နှင့် သူ တံခါးကို ဖွင့်လိုက်သည်။
" မာရှယ် ကျွန်တော်...."
ထိုစကားက တစ်ဝက်တပျက် ရပ်သွားသည်။ အခန်းထဲမှ မွှေးပျံ့သော ရနံ့ကြောင့် သူ မင်သက်သွားတော့သည်။ မာရှယ်၏ ရှေ့တွင်ရှိသော စားပွဲပေါ် ဖွင့်ထားသည့် နှစ်ထပ် မုန့်ဘူးကို ကြောင်တောင်တောင် စိုက်ကြည့်လိုက်မိသည်။ ထိုဘူး၏ တစ်ထပ်ချင်းဆီတိုင်းတွင် သေသပ်စွာ ထည့်ထားသော ဖက်ထုပ် ၁၆ခုစီ ရှိသည်။ ဘေးဘက်တွင်လည်း ရှာလကာရည် ဘူးလေးနှင့် ပူနွေးနေသေးသည့် နို့တစ်ခွက်ကလည်း ပါသည်။
ဟော်ယွင်ချန်းက တိတ်ဆိတ်စွာ ပြောသည်။
" မင်း မနေ့က ငါ့ကို ကောင်းတယ်လို့ ညွှန်ပေးတဲ့ တင်ဆက်သူဆီကလေ။သူ ဒီနေ့ အသစ်တွေ လုပ်ထားတော့ ငါ့ကို အများကြီး ပို့ပေးလိုက်တယ်။ ထိုင်ပြီး စားပါဦး"
လီခိုင့်လက်မောင်းအတွင်းရှိ ရှစ်ခုသာ ပါသော ဖက်ထုပ်ဘူးက အလွန်တရာ ပေါ့ရွှတ်သွားတော့သည်။ မျက်စိရှေ့ရှိ အဆင့်အတန်းမြင့် စားသောက်ပွဲနှင့် ယှဉ်လျှင် သူ၏ ဖက်ထုပ်ဘူးက သနားဖို့တောင် ကောင်းနေသည်။ သူ ပြောလိုက်သည်။
" မာရှယ်လည်း တိုက်ရိုက် ထုတ်လွှင့်တာကို ကြည့်လိုက်တာလား"
သေစမ်း။
ငါ့မျက်လုံးနာတယ်။
ငါ့ ရင်နာတယ်။
မနေ့ကညက ရုတ်တရက်ပေါ်လာသော အာဏာရှင်ကို သူ သတိရလိုက်သည်။
ဒါ သေချာပေါက် ဟော်ယွင်ချန်းပဲ ။ တစ်ဖက်လူရဲ့ အကောင့်နာမည်ကလည်း ဟော်လေ။ သူ ဘာလို့ သတိမထားမိရတာလဲ။
သူက ဟော်ယွင်ချန်း၏ ရှေ့ရှိ အဆင့်အတန်းမြင့် နေ့လယ်စာဘူးကို ကြည့်သည်။ ယင်းက အခြားသူများကို ပို့သည့် ဘူးများထက် တစ်ဝက်မက ကြီးသည်။
" ဘာဖြစ်လို့လဲ"
ဟော်ယွင်ချန်းလည်း သူ့တပ်ရေး ဗိုလ်ကြီးက အတန်ကြာအောင် မလှုပ်ဘဲ တောင့်တောင့်ကြီး ရပ်နေကြောင်း တွေ့ရသဖြင့် မေးလိုက်သည်။
" အာ ကျွန်တော့်မှာလည်း ဝေစုရှိပါတယ်..."
သူ ခပ်တိုးတိုး ပြောလိုက်သည်။
ဟော်ယွင်ချန်းက ခေါင်းတစ်ချက် ညိတ်သည်။
" ဒီလောက်နဲ့ မင်း ဘယ်ဝမှာလဲ။ လာ ထိုင် စား"
သူ့မာရှယ်က သူ့၏ နည်းပါးသော ဖက်ထုပ်များကို ကြည့်ပြီး လှောင်ရယ်မည်တော့ မထင်ပေ။ ထို့အပြင် မာရှယ်ကလည်း ထိုကဲ့သို့ လူမျိုး မဟုတ်ပေ။ ထို့ကြောင့် သူက တံခါးကို ပိတ်ကာ ဝင်ထိုင်လိုက်သည်။
ဟီးဟီး ဘာပဲဖြစ်ဖြစ် အများကြီး စားရပြီ။
သူက တူဖြင့် သေးငယ်သော ဖက်ထုပ် တစ်ခုကို ယူစားလိုက်သည်။ အရွက်က ပါးသဖြင့် တချက် ကိုက်လိုက်ရုံမျှဖြင့် ပေါက်ထွက်သွားလေသည်။နှစ်ချက်ကိုက်ရုံဖြင့် တစ်ခု ကုန်သွားသည်။ ပါးစပ်ထဲ ကျန်ရစ်ခဲ့သည်က ကောင်းမွန်သည့်အရသာသာ ဖြစ်၏။
ဖက်ထုပ်က တင်ဆက်သူ ပြောသလိုပဲ၊ ပါးလျတဲ့ အပြင်သားရယ်၊ နူးညံ့တဲ့ အသားနဲ့ အရည်ရွှမ်းတဲ့ အရသာက ပြီးပြည့်စုံတယ်။
" ကောင်းလိုက်တာ အရမ်း အရသာရှိတယ်"
သူက ထပ်ခါတလဲလဲ ရေရွတ်ကာ နောက်တစ်ခုကို လက်လှမ်းလိုက်သည်။
သူ ပုစွန် ဖက်ထုပ်ကို စားလိုက်သည့်အခါ အမူအရာက စွဲလန်းသလိုပုံစံ ပြောင်းသွားလေသည်။
" ဝိုး ပုစွန် ဖက်ထုပ်က ပိုကောင်းတာပဲ"
တစ်ခုပြီး တစ်ခု လောဘတကြီး ဆက်စားပြီးနောက် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို သတိရသွားပြီး ပြောလိုက်သည်။
" မာရှယ် အဲဒီလူတွေ ဘယ်က ရောက်လာတယ်ထင်လဲ။ နောက်ဆုံး သူတို့ ဘာလုပ်ချင်တာ ဖြစ်နိုင်လောက်လဲ"
ထိုသူတွေက တင်ဆက်သူကို ဒေါသထွက်အောင် လုပ်ရန် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသူများမှန်း သူ သိနေပေသည်။
ဟော်ယွင်ချန်းက သူများကိစ္စကို ဝင်စွက်ဖက်ရခြင်းအား လုံး၀ သဘောမကျပေ။ သို့သော် ဒီတင်ဆက်သူက သူပုံမှန် စားသောက်နိုင်အောင် လုပ်ပေးနိုင်သူ ဖြစ်သည်။
ဆိုတော့ သူနဲ့ မပတ်သက်ဘူးလို ဘယ်ပြောလို့ရပါ့မလဲ။ နောက်ပြီး ဒါက ကျင်းကျန်း ပလက်ဖောင်း လက်အောက်ကလေ။
သူက စစ်တပ် ပြန်တမ်းဝင် အရာရှိတောင် မဟုတ်သည့် အဆင့်မှ လက်ရှိ ရာထူးအထိ ကိုယ်တိုင် ကြိုးစားပြီး ရလာခြင်းဖြစ်သည်။သူက မိသားစုနောက်ခံကြောင့် အမြင့်သို့ ရောက်လာသူ တစ်ယောက် မဟုတ်ပေ။ သို့သော် သူ့မိသားစု နောက်ခံကလည်း အလွန် မြင့်မားပေ၏။
ဟော်မိသားစုဟာ မျိုးရိုးအဆက်ဆက် စစ်တပ်ထဲ ဝင်ခဲ့ကြကာ သူတို့၏ သွေးတွေဖြင့် အင်ပါယာကို ကာကွယ်ခဲ့ကြသည်။ သူတို့မိသားစုမှ မာရှယ်များစွာ ထွက်ပေါ်ခဲ့ကာ သူ့ဖခင်ကလည်း မာရှယ်တစ်ယောက် ဖြစ်သည်။
သူ့အစ်ကို၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်စွမ်းအားက အက်စ်အဆင့် မဟုတ်သည့်တိုင် ဉာဏ်ရည်က မြင့်မားသည်။ လက်ရှိတွင် အသက် ၆၀သို့ ရောက်ပြီဖြစ်ကာ ရင့်ကျက်သည့် အရွယ်ဖြစ်ပြီး သိပ္ပံ အကယ်ဒမီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
သူ့မိခင်ဆိုလျှင် ဖျော်ဖြေရေး နယ်ပယ်တွင်အလွန် ကျော်ကြားသော အင်တာတိန်းမန့် ကုမ္ပဏီကို တည်ထောင်ထားကာ ကျင်းကျန်းကလည်း သူမ၏ လက်အောက်မှဖြစ်သည်။ ခြုံပြောရလျှင် သူတို့ တစ်မိသားစုလုံးက အင်ပါယာ၏ ထောက်တိုင်တွေ ဖြစ်သည်။
" ငါ အမေနဲ့ ပြောပြီးပြီ၊ အမေက ကူညီပြီး စစ်ပေးလိမ့်မယ်"
ဟော်ယွင်ချန်းက ဖက်ထုပ် တစ်ခုကို ပါးစပ်ထဲ ထည့်ကာ ကောင်းမွန်လွန်းသည့် အရသာကို ခံစားသည်။
အခြားသူတွေ သဘာ၀ စားစရာတွေ ကြိုက်နေတာကို မအံ့သြတော့ဘူး။
သူ့အမေလည်း ရှိနေတာဆိုတော့ ဒီတင်ဆက်သူကို တစ်ခုခု ဖြစ်သွားဖို့ သူ ခွင့်ပြုမှာ မဟုတ်ဘူး။ နောက်ပြီး အဆိုးဆုံး အခြေအနေ ဖြစ်လာရင်လည်း အိမ်မှာ စားဖိုမှူး လုပ်ဖို့ ခေါ်ထားလိုက်မယ်။ အင်း ဒါကတောင် ပိုကောင်းမဲ့ပုံပဲ။
ရုတ်တရက် လီခိုင်၏ အလင်းဦးနှောက်က ဖောက်ခနဲ နိုတီ မြည်သံကို ပေးလာသည်။ ဒါက သိပ္ပံ အကယ်ဒမီမှ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကာ ထိုထုတ်ပြန်ချက်က ဖန်သားပြင် အထက်တွင် ပေါ်ထွက်လာလေသည်။
'သိပ္ပံ အကယ်ဒမီက ပုစွန် ခေါင်းထဲမှာ အညစ်အကြေးတွေနဲ့ ပိုးမွှားတွေ ရှိတယ်လို့ အတည်ပြုပေးလိုက်ပါတယ်'
ထိုသတင်းက ဝေ့ပေါ်တွင်လည်း တက်လာလေသည်။
" @ရှားမီ v : လက်တွေ့လုပ်ပြတာက စကားများနေတာထက် သာတယ်။ ... ဗီဒီယို လင်ခ့်.. သိပ္ပံ အကယ်ဒမီက ပုစွန်ရဲ့ ခေါင်းနဲ့ ကိုယ်တွင်းက ကလီစာအချို့ ဆက်စပ်မှုရှိနေကြောင်း အတည်ပြုပေးလိုက်တယ်။ ဥပမာ အစာအိမ်နဲ့ နှလုံးပေါ့။ အဲဒီထဲမှာ အညစ်အကြေးတွေနဲ ပိုးမွှားတွေ ရှိနေတယ်။ ဒါပေမဲ့ အသားကတော့ တကယ် အရသာရှိတယ်။ အားလုံးပဲ ချက်စားကြရင် ခေါင်းကို ဖယ်ပစ်ဖို့ ပြောချင်ပါတယ်...ဓာတ်ပုံ.... "
သူမက သိပ္ပံ အကယ်ဒမီမှ တင်ထားသော အသေးစိတ် ခွဲခြမ်း စိတ်ဖြာပြထားသည့် ပုံကိုပါ တွဲလျက် ပြထားသည်။ ရှားမီသည် မနက်ပိုင်းက ချက်ပြုတ်ပြသည့် တိုက်ရိုက် ထုတ်လွင့်မှု လင့်ခ့်ကိုတောင် ထည့်ထားပေးသေးသည်။ ဒါက တင်ဆက်သူကို ပြင်းထန်စွာ သတ်ဖြတ်တတ်သူ၊ ရက်စက်ရတာကို နှစ်ခြိုက်သူဆိုပြီး စွပ်စွဲထားကြသူတိုင်းကို ပါးရိုက်လိုက်ခြင်း ဖြစ်သည်။
ထိုသတင်း ကြေညာပြီးသည်နှင့် ပြန်လည် ဝေမျှကြသူတွေက တစ်နာရီအတွင်းမှာတင် သန်းကျော်သွားသည်။ ခွဲခြမ်းစိတ်ဖြာပြထားသည့် ပုံများကလည်း ဝေ့ပေါ်တွင် အဆင့်တက်လာသည်။ ကြည့်ရှုသူများကမူ ရန်စ စကားပြောခဲ့သူတို့ကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ တချို့ဆိုလျှင် စားဖိုမှူး အစည်းအရုံးကို ဆွဲသွင်းလာကြသေးသည်။
"တင်ဆက်သူ အသစ်က နှစ်နာရီအတွင်း ပုစွန် ချက်နည်း သိတဲ့အပြင် သိပ္ပံ အကယ်ဒမီကတောင် အဖြေမရှာနိုင်သေးတာကကို ရှာနိုင်လိုက်တယ်။ စားဖိုမှူး အစည်းအရုံးမှာ ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိနေတယ်။ ဒါပေမဲ့ လုပ်နိုင်စွမ်းက မမြင့်ဘူးပဲ။ ခင်များတို့ ယူထားတဲ့ ရန်ပုံငွေတွေက ဘယ်လောက်တောင် မြင့်လိုက်သလဲ။ ဘာလဲ ရုံးခန်းထဲမှာ ဇိမ်ခံစားနေပြီး အလုပ်ကျတော့ ကောင်းကောင်း မလုပ်ဘူးပေါ့လေ"
--------*
" အသုံးမကျတဲ့ အမှိုက်တွေ"
စားဖိုမှူး အစည်းအရုံး၏ ဒုဥက္ကဋ္ဌ ရုံခန်းထဲရှိ ထိပ်ဆုံးနေရာတွင် မုတ်ဆိတ်မွေးများဖြင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က မည်းမှောင်သည့် အမူအရာနှင့်အတူ ရှိနေသည်။
အခန်းထဲတွင် ထိုင်နေသည့် လူငါးယောက် ခြောက်ယောက်ခန့် ရှိသေးကာ ပုစွန်ပြုတ်ထားသည့် အိုးရှိရာ စားပွဲကို ဝိုင်းကာ ထိုင်နေကြသည်။
ယွမ့်ထန်းလုပ်သော ဖက်ထုပ်ကို သူတို့ ပိုက်ဆံ မည်မျှပင် သုံးစေကာမူ မရနိုင်ပေ။ ထို့ကြောင့် ဖန်သားပြင်မှ တဆင့်သာ မြည်းနိုင်ကြပေသည်။
မုတ်ဆိတ်နှင့်လူက စိတ်ကို ထိန်းကာ ပုစွန်ကို ဆယ်ကာ ပါးစပ်ထဲ ထည့်သည်။ နှစ်ခါလောက် ဝါးပြီးသည်နှင့် ထွေးထုတ်လိုက်၏။
ယွမ့်ထန်းလုပ်သော ဖက်ထုပ်မှ ပုစွန်သားက နူးညံ့ မွှေးပျံ့ကာ အရသာရှိသည်။ သို့သော် သူတို့ လုပ်သော ပုစွန်မှာမူ ညှီစို့ကာ နံစော်ပြီး ငံတူးနေသည်။ နှစ်ခုကို နှိုင်းယှဉ်လျှင် မိုးနှင့် မြေပမာ ကွာခြားသည်။
သူ့မျက်နှာက အလွန် ကြည့်ရဆိုးနေကာ မဲ့ပြုံး ပြုံးနေသည်။
"ဒီတင်ဆက်သူပဲ ဖြစ်ပြန်ပြီ။ ပထမတစ်ခါ ငါတို့ရဲ့ အကြံကို ဖျက်ဆီးရုံတင် မကဘူး အခု နောက်တစ်ကြိမ် ဖြစ်ပြန်ပြီ။ အရမ်း ကောင်းတယ်"
သူက ပုစွန်များကို တံခါးဘက်သို့ ပစ်ထုတ်လိုက်ရာ ပန်းကန်က တိုက်မိပြီးကွဲသွားသည်။ ယင်းက စားဖိုမှူးတိုင်းကို အသံမထွက်ရဲလောက်အောင် ကြောက်လန့်စေပေသည်။
"ဥက္ကဋ္ဌချီ ဒါက ကျွန်တော်တို့ကိုတော့ အပြစ်တင်လို့ မရပါဘူး။ အဲဒီကလေးရဲ့ နောက်ခံက အင်အားတောင့်နေတာ ဖြစ်မယ်။ ကျွန်တော်တို့က ရေတပ်ငှားပြီး တိုက်ခိုက်ခိုင်းထားပေမဲ့ နောက်တော့ အာဏာရှင် တစ်ယောက် ပေါ်လာပြီး မိနစ်ခြားပြီး ပိုက်ဆံ သောင်းကျော် ကြဲချနေတော့ ဘာမှ မတတ်နိုင်ဘူး ဖြစ်သွားတာပေါ့။ နောက်ပြီးသူတို့ အကောင့်တိုင်း အဘန်းခံလိုက်ရတယ်။ ဒါက...."
ထိုသူက ဆက်ပြောသည်။
" ကြည့်ရတာ သိပ္ပံ အကယ်ဒမီမှာ သူနဲ့ ပတ်သက်သူ တစ်ယောက်ယောက်၊ ဒါမှမဟုတ် သူကိုယ်တိုင် ဆက်စပ်နေတာ ဖြစ်မယ်။ ပုစွန်ကို ထုတ်ပြန်လိုက်တာ နှစ်နာရီပဲ ကြာသေးတဲ့အချိန်မှာ သူက ဘယ်လိုဖြစ်ပြီး ချက်နည်းကို သိနေရတာလဲ။ နောက်ပြီး သိပ္ပံ အကယ်ဒမီရဲ့ တုံ့ပြန်ပုံကလည်း ထူးဆန်းနေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ"
မုတ်ဆိတ်နှင့်လူ၏ မျက်နှာက ထင်သလောက် ကြည့်ရမဆိုးတော့ပေ။
" ဖြစ်နိုင်တယ်။ သူက သိပ္ပံ အကယ်ဒမီက လူဖြစ်မယ်"
" ငါတို့ဘက်က ထည့်ထားတဲ့လူက အားနည်းတယ်။ ငါတို့က ပစ္စည်းအသစ်ထွက်တော့မယ်ဆိုရင် ရက်နည်းနည်းပဲ ကြိုသိရတယ်။ ဒါပေမဲ့ အဲ့ကောင်ကိုယ်တိုင်က သိပ္ပံ အကယ်ဒမီက လူဆိုရင် အများကြီး ကြိုပြီး သိရဖို့က သေချာနေပြီ။ ဒါကြောင့် ကျွန်တော့်တို့အတွက် ခက်ခဲနေတာပေါ့"
သူက ချီကျောက်ကို ကြည့်ကာ ပြောသည်။
" ဥက္ကဋ္ဌ ကျွန်တော်တို့ဘက်က မလုပ်နိုင်တာ မဟုတ်ဘဲ ရန်သူကိုက အားသာလွန်းနေတာပါ"
သူပြောသွားသည့် စကားတွေက အကျိုးအကြောင်း သင့်လွန်းနေတာ မဟုတ်သော်လည်း ဥက္ကဋ္ဌလို့ အခေါ်ခံလိုက်ရသဖြင့် ချီကျောက်၏ မျက်နှာကြောက လျော့သွားကာ လက်ကို စားပွဲအား တတာက်တောက် ခေါက်ရင်း ပြောလိုက်သည်။
" ဒီယွမ့်ထန်းက ငါတို့က ပုစွန်ကို အားစိုက်နေတဲ့အချိန်မှာ အာလူးကို ချက်ပြတယ်။ အခု ငါတို့က ပုစွန်ကို မိတ်ဆတ်ပြတော့မဲ့အချိန်မှာ သူက ပုစွန်ကို အပြေးအလွှား ချက်ပြတယ်။ နောက်ပြီး နည်းလမ်းက ငါတို့ထက် အများကြီး သာတယ်"
သူက လူအုပ်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။
" ဥက္ကဋ္ဌရဲ့ ရာထူးက တစ်နှစ်ပဲ ကျန်တယ်။ ဒီကြားထဲ ဘာ အမှားအယွင်းမှ မဖြစ်ရင် နောက်တက်မဲ့ ဥက္ကဋ္ဌက ငါပဲ"
" ဒါပေမဲ့ ဆုံးဖြတ်ချက်က...ဟမ့်"
သူက လက်သီးတင်းတင် ဆုပ်ကာ ပြောသည်။
" အဲဒီ အဘိုးကြီးတွေ ဒီတင်ဆက်သူကို မတွေ့စေနဲ့
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်လာသည်
" ဘယ်သူလဲ"
ချီကျောက်က အသံကို မြင့်ပြီး မေးသည်။
" ဒုဥက္ကဋ္ဌချီ ဥက္ကဋ္ဌကုက အစည်းအဝေးခန်းထဲကို ခေါ်လိုက်ပါတယ်"
" ငါ သိပြီ မင်း သွားတော့"
တစ်ဖက်သူ ထွက်သွားပြီးနောက် သူက သူ့လူတွေကို ခပ်တိုးတိုး ပြောသည်။
" အခုတလောတော့ အဲဒီ တင်ဆက်သူကို ရန်မစနဲ့တော့။ သူ့နောက်ခံကိုသာ သေချာ စုံစမ်းနေ"
" ဟုတ်ကဲ့"
ချီကျောက် အစည်းအဝေးခန်းထဲသို့ ရောက်လာသည့်အခါ လူအပြည့် ရှိနေလေပြီ။ တစ်ဝက်ခန့်က ယခင် အာဏာရှိ အကြီးအကဲများ ဖြစ်ကြသည်။ သည်တစ်ကြိမ် ထိပ်ဆုံးနေရာတွင် ထိုင်နေသူမှာ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်သည့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူက စားဖိုမှူး အစည်းအရုံး၏ ဥက္ကဋ္ဌ ကုလဲ့ကျီဖြစ်သည်။
သူက ချီကျောက်ကို ခေါင်းညိတ်ပြပြီး ထိုင်ခိုင်းသည်။
" ကဲ အားလုံး ရောက်ပြီဆိုမှတော့ အစည်းအဝေးကို စကြရအောင်။ မင်းတို့တွေ အခုတလော ပလက်ဖောင်းပေါ်က တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ကြည့်ပြီးကြပြီလား"
အားလုံး ခေါင်းညိတ်ကြသည်။ စားဖိုမှူး အစည်းအရုံးမှ စားဖွယ်တွေကို သိပ္ပံ အကယ်ဒမီမှ ထုတ်ကုန်များဖြင့်သာ ချက်ပြုတ်ရသဖြင့် အားလုံးနီးပါး အကယ်ဒမီကို followထားကြပေသည်။ ချီကျောက်သာ ခုံအောက်တွင် လက်ကို တင်းတင်း ဆုပ်ထားပေ၏။ ဖြစ်ရပ်တွေက သူ မဖြစ်စေချင်သည့် ဘက်သို့ ဦးတည်နေသည်။
သေချာစွာပင် ဥက္ကဋ္ဌက မေးလာသည်။
" ဒါဆိုရင် မင်းတို့တွေ ကျင်းကျန်းက နာမည်ကြီးနေတဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ တင်ဆက်သူကို သိကြလား"
ဘုန်း
လူတိုင်း ချီကျောက်ကို ကြည့်လိုက်ကြသည်။ သူ့အပြုံးက တောင့်တင်းနေကာ သူ့ရှေ့ရှိ ရေခွက်က ကျကွဲသွားသည်။
" ငါတော့ သူက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တယ်။ သူက ချက်ပြုတ်ရေးနဲ့ ကုန်ကြမ်းတွေအပေါ် ထူးခြားတဲ့ အမြင်ရှိတယ်"
ဥက္ကဋ္ဌကုက စကားကို ရပ်ကာ ဆက်ပြောသည်။
" ငါတို့ အစည်းအရုံးမှာ ဒီလို လူမျိုးတွေ မရှိတာ ကြာပြီ။ သူ့ကို စည်းရုံးပြီး ဖိတ်ခေါ်လိုက်ရင်ရော မင်းတို့ ဘယ်လို သဘောရလဲေါ
" ကျွန်တော် ကန့်ကွက်တယ်"
ချီကျောက်၏ အသံ ထွက်လာသည်။
" အိုး ဘာလို့လဲ"
ဥက္ကဋ္ဌက သူ့ကို သံသယ အပြည့်ဖြင့် ကြည့်သည်​ေ
ချီကျောက်က ဆို၏။
" သူက ဘယ်ကမှန်း မသိရဘူး။ ရုတ်တရက် ပေါ်လာပြီး ကုန်ကြမ်း အသစ်နှစ်မျိုးနဲ့ ချက်ပြသွားတယ်။ ဘယ်သူသိမှာလဲ သူက တစ်ယောက်ယောက်က ထောက်လှမ်းဖို့ လွှတ်ထားတဲ့ သူလည်း ဖြစ်နိုင်တာပဲ။ နောက်ပြီး သူ့မှာ လက်မှတ်တောင် ရှိပါ့မလား
ဥက္ကဋ္ဌက ခေါင်းညိတ်သည်။
" ဟုတ်တယ်။ ဒါပေမဲ့ မင်း မပူပါနဲ့ ငါတို့ သူ့ကို အစည်းအရုံးထဲ ဝင်ခိုင်းတဲ့အခါ နောက်ကြောင်းက သိရမှာပါပဲ။ နောက်ပြီး လက်မှတ်အတွက်ကတော့ တစ်ရက်လောက် စာမေးပွဲ လာဖြေခိုင်းလိုက်မယ်"
ဥက္ကဋ္ဌက ဒီလောက်အထိ ပြောနေကာ သူကိုယ်တိုင်လည်း ငြင်းရန် အကြောင်းပြချက် ရှာမရသဖြင့် လက်ခံလိုက်ရလေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now