Part 43

1.4K 232 2
                                    

Unicode
အပိုင်း (၄၃) အခြေအနေ ပြောင်းပြန်လှန်ခြင်း
[ ဆားစိမ်ငါးကလည်း နဂိုက ငါးတစ်ကောင်ပါ : ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်။ မျက်နှာ ဖြတ်ရိုက်တဲ့ အကွက်တွေက မြန်လိုက်တာ မုန်တိုင်းလိုပဲ ]
[ ညလယ်ခေါင်မှာ ရေနွေးထသောက်နေတဲ့ ငါ : အကယ်ဒမီသိပ္ပံရဲ့ မပြောမဖြစ်တဲ့ အမှန်တရားက ကြာရှည်လွန်းခဲ့တယ်]
[နှလုံးအားနည်းတဲ့ အရူး: အကြံပေး ဟုတ်လား။ သောက်ကျိုးနည်း တင်ဆက်သူတစ်ယောက်က ဘယ်တုန်းက အကယ်ဒမီက အကြံပေးဖြစ်သွားတာလဲ၊ ဘာလို့ ငါက ဘာမှ မသိရတာလဲ]
[ခံ့ညားတဲ့ သိုး :တင်ဆက်သူမှာ နောက်ခံ ဘယ်နှမျိုးတောင် ရှိနေတာလဲ။ ငါ့ကိုယ်ငါတောင် ပရိသတ် အတု လို့ သံသယ ၀င်လာပြီ]
အကယ်ဒမီသိပ္ပံမှ ကြေညာချက် ထုတ်ပြန်ပြီးသည်နှင့် အားလုံး၏ အမြင်က ယွမ့်ထန်းဘက် အားသာသွားသည်။ အကယ်ဒမီသိပ္ပံသည် အင်ပါယာကြီး စတင် တည်ထောင်ချိန်ကတည်းက တည်ရှိခဲ့သည်။ အင်ပါယာကြီး ဖွံ့ဖြိုးတိုးတက်စေရန် ဦးဆောင်မှုတွင်လည်း အဓိက ပါ၀င်ခဲ့သည့်အပြင် အကယ်ဒမီသိပ္ပံကြောင့် အင်ပါယာကြီးအပါအ၀င် ပြည်သူများကလည်း အကျိုးအမြတ်များစွာ ရခဲ့သည်။ ထို့ကြောင့်ပြည်သူ၏ ရင်ထဲတွင် အကယ်ဒမီသိပ္ပံက အထွတ်အမြတ်ဆန်သော တည်ရှိမှုမျိုးဖြစ်သည်။
ယခုအခါ ယွမ့်ထန်းက အကယ်ဒမီသိပ္ပံ၏ အထောက်အပံ့ အပြည့်အ၀ ရထားကြောင်း သိသွားကြသည့်အပြင် သူ၏ နေရာကလည်း အလွန်မြင့်နေသေးသည်။ ထို့ကြောင့် လူအများ၏ မကောင်းမြင်မှုများက ပျောက်ကွယ်သွားသည်။
ဘယ်သူက လျှို့ဝှက်ချက် မရှိလို့လဲ၊ တစ်ခု နှစ်ခုလောက် ရှိတာက ဘာဖြစ်လဲ။ ယွမ့်ထန်းရဲ့ နောက်ခံနဲ့ စရိုက် တစ်ခုခုကသာ ပြဿနာရှိနေရင် အကယ်ဒမီသိပ္ပံက မသိဘဲ နေမလား၊ ဒီလိုဆိုရင် ဘာလို့ ပျိုးထောင်နေမှာလဲ။ အခုက သူက ဒီနယ်ပယ်မှာ ပါရမီပါတာကို သိသွားပြီး တမင် ပျိုးထောင်ပေးခဲ့တာ သိသာနေတာပဲ။
နောက်ပိုင်း ဆက်တိုက်တက်လာသော ပိုစ့်များက ယွမ့်ထန်းအပေါ် အမြင်ကို အပြည့်အ၀ ပြောင်းလဲသွားစေခဲ့သည်။ အကယ်ဒမီသိပ္ပံက အချဉ်များ ရရှိတော့မည့်အကြောင်း ကြေညာပြီးနောက်တွင် လှူဒါန်းမှု စာရင်းကိုလည်း ထုတ်ပြန်လာသည်။
အကယ်ဒမီသိပ္ပံရဲ့ မပြောမဖြစ်တဲ့ အမှန်တရား V: "လူကြီးမင်းယွမ့်ထန်းက ကျွန်တော်တို့ကို ယုံကြည်စိတ်ချတဲ့အနေနဲ့ မူပိုင်ခွင့်တွေနဲ့ အချဉ်ကို ရောင်းချပြီး ရလာတဲ့ သူရဲ့ ဝေစုတိုင်းကို အကယ်ဒမီကို ပြန်လည်လှူဒါန်းခဲ့ပါတယ်။ အကယ်ဒမီက လူကြီးမင်း ယွမ့်ထန်းရဲ့ ကိုယ်စားစီစဉ်ပြီး လှူဒါန်းမှုကို ကလေးများရဲ့ ကျန်းမာရေးအတွက်နဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးအတွက်ဆိုပြီး နှစ်မျိုး ခွဲလိုက်ပါတယ်။ လှူဒါန်းငွေက အားလုံးပေါင်း ၁၀.၃၄သန်းဖြစ်ပါတယ်"
ကြိုတင် သဘောတူထားသည့်အလား စားဖိုမှူးအစည်းအရုံးကလည်း ယွမ့်ထန်းက သူရရှိသည့် ခံစားပိုင်ခွင့် ခြောက်သန်းကို ပြန်လည်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဆေးရုံက ဆင်းလာပြီးအချိန်တိုအတွင်းတွင် သူ ရှာဖွေနိုင်ခဲ့သည့်ပမာဏက ၁၆သန်းကျော်သည်။ ထိုပမာဏက သာမန်လူများ အိပ်မက်ပင် မမက်ရဲသော ပမာဏဖြစ်သည်။
[ ရှောင်ပိုင်က အဖြူတော့ မဟုတ်ဘူး: အိုး ဘုရားရေ ငါ့ကို တစ်ယောက်ယောက် လာတွဲကြပါဦး ငါ မူးလာပြီ]
ထိုကြေညာချက်များပြီးသည်နှင့် ယခင်က ယွမ့်ထန်းကို သံသယ၀င်နေသော ပြည်သူလူထုက သူ့ကို မြင့်မားသော တောင်တန်းကြီးကဲ့သို့ လေးစားအားကျ သဘောကျနှစ်ခြိုက်လာကြသည်။ ယွမ့်ထန်းက အများပြည်သူအတွက် မည်မျှလုပ်ပေးခဲ့ကြောင်း သိသွားကြပြီး လူအများက သူ့ကို ကောင်းကင်မှ ဆင်းသက်လာသော အမတတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။ သူ၏တစ်ကိုယ်လုံးက ရွှေရောင်များ တောက်ပပြီး မြင့်မြတ်သော အလင်းရောင်များ ထုတ်လွှတ်ကာ အင်ပါယာအတွက် အဓိက အမြုတေတစ်ခုလို မြင်လာကြသည်။
ကြောက်မက်ဖွယ်အကောင်းဆုံးကိစ္စမှာ စစ်တပ်ကပါ ၀င်ပါလာခြင်းဖြစ်သည်။ ယွမ့်ထန်း၏ အကြံဉာဏ်အောက်တွင် စစ်တပ်တွင် ထမင်းစားခန်းမကို အောင်မြင်စွာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ပျော်ရွှင်စွာ ကြေညာသည်။
[မြောင်မြောင်က တင်ဆက်သူ ချက်သမျှ ဟင်းလျာတိုင်းကို ကြိုက်တယ်: စစ်တပ်က ထမင်းစားခန်း မဟုတ်လား ဘာကြီးလဲ]
[ဆု ဆု ဆု ဆု ယန် ရှောက် : ဆိုတော့ လွန်ခဲ့တဲ့ နှစ်ရက်က တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်နိုင်ခဲ့တာက စစ်တပ်မှာ ထမင်းစားခန်းမအတွက် ကူညီပေးနေလို့ပေါ့]
[ခိုင်မာပြီး မယိုင်လဲတဲ့ ဘုရင် ကျင်းဇယ် : ကြည့်ရတာ အခုကစ​ပြီး စစ်တပ်က ငါတို့အမျိုးသားကောင်းတိုင်းရဲ့ ပြိုင်ဘက်ဖြစ်သွားပြီပဲ။ လာစမ်းပါ ဒီအခွန်ခပေးနေသူတွေရဲ့ ဒေါသမီးတောက်ကို လက်ခံလိုက်]
[ ငှက်နက် တစ်ထောင် : အမျိုးကောင်းသားတွေ တိုက်ခိုက်ကြဟေ့ ငါက​ေတာ့ ဆွံ့အနေပြီ]
[လျိုယဲ့ပိုင်: စစ်တပ်က ထမင်းစားခန်းမက အများပြည်သူအတွက် တရား၀င် ဖွင့်မဖွင့် ငါ သိချင်နေတယ်( ရှက်နေသော အီမိုဂျီ)]
[ချီကျို့မော့ရန်: ငါ့အစ်ကိုက စစ်တပ်ကပဲ။ ဆိုတော့ မိသားစုကလည်း ထမင်းစားခန်းမမှာ စားခွင့်ရှိသင့်တယ် မဟုတ်လား ( အရှက်မရှိသော အီမိုဂျီ)]
မားကတ်တင်းအကောင့်များ၏ လမ်းလွဲရောက်အောင် ဦးဆောင်ပြီး အပြစ်သားများ ဖြစ်စေခဲ့မှုနှင့် ရေတပ်၏ အရှိန်အောက်မှ နိုးထလာသော လူအများက ယွမ့်ထန်းက ငိုယိုပြီး ရှင်းပြလာမည်အား စောင့်ဆိုင်းနေရာမှ ကြောင်တောင်တောင်ဖြစ်သွားကြသည်။
ဒါက ဘယ်လို မယ်ရီဆူး ဇာတ်ညွှန်းလဲ။ ဘာလို့ သူတို့က ဒီသီအိုရီတွေကြား ချုပ်မိသွားတာလဲ။
[ ကြယ်နှလုံးသား: သူက ရုပ်ရှင် ဧကရာဇ်၊ အငယ်ဆုံး ကြယ်လေးပွင့် စားဖိုမှူး၊ အကယ်ဒမီသိပ္ပံရဲ့ အကြံပေးလည်းဖြစ်တဲ့အပြင် ရုပ်ကလည်း တအား ကြည့်ကောင်းပြီး စရိုက်ကလည်း ထူးချွန်လွန်းတယ်။ ဒီလို အမျိုးသားမျိုး ဘယ်နေရာက သွားရှာရပါ့မလဲ ၀ူး.(ရှက်ပြုံး အီမိုဂျီ)]
[ ပျံလွှားငှက်လေးတွေ ပျံနေပြီ : အပေါ်က ကွန်းမန့်မန့်တဲ့ တစ်ယောက် မင်းအခုထိ နားမလည်သေးဘူးလား။ အခု သူက အသက်ပြည့်သွားပြီဆိုတော့ ငါရဲ့ အိမ်ထောင်စု စာရင်းထဲကိုတောင် ထည့်လိုက်ပြီ။ ဦးသူ စနစ်ပဲ။ အခု သကြားခဲလေးက အိပ်ရာပေါ် ရောက်ပြီ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : အဓိပ္ပာယ်မရှိတာ တင်ဆက်သူက လူတိုင်းရဲ့ အပိုင်ပဲ]
[ စိတ်ကူးယဉ် ခရမ်း : ဒီအစ်ကိုကြီးမှာ ကောင်မလေး ရှိနှင့်နေပြီလား. ငါ တကယ် သူ့ကို လက်ထပ်ချင်တယ် ၀ူး.]
ယခုအခါ အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ သူတို့တွေ မည်မျှရုန်းကန်စေကာမူ ရေတပ်က အကယ်ဒမီသိပ္ပံမှ အဓိက အာဏာပိုင်များ၊ စားဖိုမှူး အစည်းအရုံးနှင့် စစ်တပ်ကို မကျော်နိုင်ချေ။ သူတို့က ပေါ်လာသည်နှင့် စော်ကားပုတ်ခတ်မှုများကို တစ်စပ်တည်း ဆွဲချသွားသည်။ ထိုနည်းအားဖြင့်ယွမ့်ထန်း၏ နောက်ခံက ပုံမှန်ဆန်သွားသည်။ ထိုမတော်တဆမှုကြောင့် လူတိုင်းနီးပါးက ယွမ့်ထန်း၏ မျက်နှာသာ ကြိုက်ကြသော ပရိသတ်တစ်အုပ်ထဲသို့ ၀င်ရောက်သွားကြသည်။ ယခင်က ယွမ့်ထန်း၏ ပရိသတ်များက ယခုလို အနိုင်ကျင့်ခံရခြင်းနှင့် ကြုံပြီးသွားချိန်တွင် အ​သေခံ ပရိသတ်များ ဖြစ်လာကြသည်။
နောက်တစ်ကြိမ် ယွမ့်ထန်းကို ပြည်သူ့အမြင်ကို သုံးပြီး အ​သေရ ဖျက်လိုလျှင် ကိစ္စက ထင်သလောက် မလွယ်နိုင်တော့ချေ။
အမျိုးမျိုးသော ပါရမီများနှင့် ကောင်းမွန်သော စရိုက်ကို ပိုင်ဆိုင်ထားသည့် ယွမ့်ထန်းက လူတိုင်းအတွက် အမျိုးသားနတ်ဘုရားဖြစ်သည်။ သူ၏ ဝေ့ပေါ်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ အကောင့်များ၏ ဖော်လိုဝါက တိုးတက်လာသည်။ ထိုသို့ဖြင့် တစ်ဘီလီယမ်ကျော်သွားသည်။ အစစ်အမှန်ပရိသတ်က နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူ၏ ထိုမျှသော ပရိသတ် အရေအတွက်နှင့်တင် ယွမ့်ထန်းက အင်ပါယာမှ ထိပ်ဆုံး အယောက် ငါးဆယ် စာရင်း ၀င်သွားသည်။ သူတို့ကသာ တရား၀င် ဝေ့ပေါ်အကောင့်ချင်းယှဉ်လိုလျင် ယွမ့်ထန်းက ထိပ်ဆုံးဆယ်ယောက် စာရင်း ၀င်နိုင်သည်။
ထိုကိစ္စက လွယ်ကူစွာ ဖြေရှင်း၍ပြီးသွားသည်။ တစ်နေ့လုံး ထိုကိစ္စကိုသာ အာရုံစိုက်နေသည့် ဟော်ယွန်ချန်းလည်း ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ အချိန်ကလည်း နေ့လယ်ခင်း နားချိန်ဖြစ်နေသည်။ သူက လုပ်လက်စများကို ချထားခဲ့​ပြီး ယွမ့်ထန်းရှိရာ နေရာသို့ ထွက်ခဲ့သည်။
မီးဖိုခန်းထဲသို့ ရောက်သွားသောအခါ ယွမ့်ထန်းက လက်ထောက်ခြောက်ယောက်ကို ငရုတ်ပွစိမ်းနှင့် ၀က်သားတုံးကြော်ကို စိတ်၀င်တစား သင်ပေးနေချိန်ဖြစ်သည်။ အခန်းအတွင်း အစပ်နံ့က ပြင်းထန်စွာ ထွက်ပေါ်နေသည်။
"မာရှယ်"
၀မ်ကျွင်းတို့က ချက်ချင်းလိုလို အလေးပြုကြသည်။
"အင်း"
ဟော်ယွန်ချန်းက ခေါင်းကို ခပ်ယောင်ယောင် ညိတ်လိုက်ပြီးနောက် ယွမ့်ထန်းကိုသာ အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်သည်။
ယွမ့်ထန်းကလည်း ချက်ချင်းနားလည်ပြီး လက်ထောက်များကို လေ့ကျင့်ခိုင်းလိုက်ပြီး သူကိုယ်တိုင်က အခြားသော အခန်းတစ်ခုသို့ ဟော်ယွန်ချန်းနှင့်အတူသွားလိုက်သည်။
"အခြေအနေဘယ်လိုရှိလဲ၊ အခက်အခဲများ ရှိသေးလား"
ယွမ့်ထန်းကမ နေနိုင်ဘဲ မေးလိုက်သည်။
"ကိစ္စတွေက ချောချောမွေ့မွေ့ ပြီးသွားပြီ"
ထို့နောက် ဟော်ယွန်ချန်းက သူ့ကို အသေးစိတ်ပြောပြသည်။
"မနက်ဖြန်ကစ​ပြီး မင်း သဘောကျ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်ပြီ။ ဘယ်သူမှ မင်းကို ဘာမှပြောစေရဘူး"
"ကျေးဇူးတင်ပါတယ်"
ယွမ့်ထန်းက သူ၏ဘ၀က ပုံမှန်ပြန်ဖြစ်သွားသည့်အတွက် ပျော်သွားသည်။ ယခင်နှစ်ရက်တွင် စစ်တပ်၌ ပျော်ရွှင်စွာ သင်ကြားပေးနိုင်ခဲ့သော်လည်း သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများ မရှိသည့်အခါ တစ်ခုခု လစ်ဟာသလို ခံစားနေခ့ဲရသည်။
"ကိစ္စမရှိဘူး"
ဟော်ယွန်ချန်းက အခန်းထဲမှ စစ်သားများကိုကြည့်ပြီး မေးသည်။
"သူတို့ အခြေအနေ ဘယ်လိုရှိလဲ"
"သူတို့အားလုံး တော်ကြတယ်။ အားလုံးမှာ ပြင်းထန်တဲ့ သင်ယူချင်စိတ်ရှိတယ်။ ဒီနေ့ဆိုရင် အသားဆန်မုန့်၊ အာလူးပူစပ်နဲ့ ငရုတ်ပွစိမ်းနဲ့ ၀က်သားတုံးကြော်ကိုတောင် ချက်တတ်သွားကြပြီ"
ယွမ့်ထန်းက ပြုံးလျက် ပြောသည်။
"ကောင်းပြီ။ နောက်နှစ်ရက်နေရင် ထမင်းစားခန်းမကို ပြင်ဆင်တာ ပြီးပြီ။ မင်း မနက်ဖြန် လာချင်သေးလား "
"လာမှာပေါ့"
ယွမ့်ထန်းက လက်ထောက်များကို တစ်၀က်နှင့် ထားခဲ့မည့်လူမျိုး မဟုတ်ချေ။ ထို့အပြင် ယနေ့ခေတ်၏ သယ်ယူပို့ဆောင်ရေးက အလွန်အဆင့်မြင့်လေရာ အသွားအပြန်လည်း မခက်ခဲချေ။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုကလည်း အိမ်တွင် လုပ်မှရသည့် ကိစ္စမျိုး မဟုတ်ချေ။
သူတို့ဘက်တွင် ပျော်ရွှင်စွာ စကားပြောနိုင်နေပြီး အရာအားလုံးက အေးအေးဆေးဆေး ဖြစ်နေခဲ့သော်လည်း ဝေ့ကျိုး၏ဘက်တွင်မူ မုန်တိုင်းထန်နေပြီဖြစ်သည်။
မူလက ဝေ့ကျိုးကလည်း သူကသာ တောင်းပန်ခြင်း၊ သို့မဟုတ် ပိုစ့်ကို ဖျက်ခြင်းများ လုပ်လျှင်ပင် ကျိုးကျင်းက လက်ခံမည်မဟုတ်ဟု သိခဲ့သည့်အခါ တွေးခဲ့သည်။
ငါ ဒုက္ခရောက်ရင် မင်းလည်း မသက်သာစေရဘူးဟု တွေးခဲ့သည်။ သူက စိန်ခေါ်သည့် ပိုစ့်ကို တင်ခဲ့ခြင်းကလည်း လောင်စာထပ်ထည့်ခြင်းဖြစ်သည်။ သို့သော် အကယ်ဒမီသိပ္ပံက ယွမ့်ထန်းအတွက်ကိုယ်တိုင်ကိုယ်ကျ တဲဆောက်ပေးမည်ဟု မထင်ထားမိချေ။ ထို့အပြင် စားဖိုမှူးအစည်းအရုံးနှင့် စစ်တပ်ကလည်း ထောက်ပံ့လာသေးသည်။
ဒီလိုအခြေအနေရောက်နေရင် သိသာနေပြီ။ ယွမ့်ထန်းက ဘာနောက်ခံမှ မရှိတဲ့ကောင် မဟုတ်ဘူး။ အင်ပါယာက ပုဂ္ဂိုလ်ကြီးတွေရဲ့ လက်ဖဝါးပေါ်က အဖိုးတန် ပုလဲလုံးလေးပဲ။
တစ်ဖက်က ၀က်တစ်ကောင် ဟန်ဆောင်ပြီး ကျားကို ထောင်ခြောက်အတွင်း ၀င်လာစေသူဟု သိနားလည်ခဲ့ပြီး သူ့ကိုယ်သူ ကျားတစ်ကောင်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ဖြင့် သူက နေရာတွင်ပင် အသိစိတ်လွတ်မတတ် ဖြစ်ခဲ့ရသည်။
သူက အုတ်ကြားမြက်ပေါက်လို ဘာနောက်ခံမှ မရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ မဟုတ်ဘူးလား။ သူ့ကို ပစ်မှတ်ထားတာက ဘာပြဿနာမှ မရှိလာနိုင်ဘူးဆို အား...။
ထိုသို့ရေရွတ်ပြီးသည်နှင့် ဝေ့ကျိုးက သူ့ပါးသူရိုက်လိုက်သည်။ သူ အသိစိတ်လွတ်ခဲ့သည်။ ယခုအခါ ယွမ့်ထန်း၏နောက်တွင် မဟာပုဂ္ဂိုလ်ကြီးများ ရှိနေလေရာ သူ ပြဿနာ ဆက်မရှာရဲတော့ချေ။ သူ၏ ရွှေပေါင်လုံးကိုသာ ပြေးဖက်ရတော့မည်။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now