Part 79

1.4K 248 3
                                    

Unicode

အပိုင်း ၇၉
ထိုသတင်းဆောင်းပါးကို ရေးသားခဲ့သည့် သတင်းဌာနက ရန်ခုံးသတင်းဌာန ဖြစ်ပြီး စိတ်ကူးယဉ်လွန်းသောကြောင့် ကျော်ကြားသည်။ သူတို့၏ဓာတ်ပုံတစ်ပုံဟာ စကားလုံးထောင်ပေါင်းများစွာနှင့် ညီမျှသည်ဟု လက်ခံယုံကြည်ထားပြီး ထိုစကားလုံးများကို ပြည့်အောင် ရေးသားလေ့ရှိသည်။ သူတို့ဟာ သူတို့၏ ထူးဆန်းသည့် ဦးနှောက်အလွတ်အပေါက်များနှင့် ဝတ္ထုပုံစံအတွေးများကိုသုံးကာ ရေးပြီး ရောင်းစားလေ့ ရှိသည်။ မမျှော်လင့်ထားစွာပင် သူတို့က ခေတ်သစ်အာကာသလောကမှ သတင်းဈေးကွက်တွင် နေရာတစ်ခုရောက်အောင် ဖမ်းဆုပ်ထားနိုင်ခဲ့လေသည်။ သို့ရာတွင် ထိုသတင်းဌာန၏ပရိတ်သတ်အများစုက မဂ္ဂဇင်းပရိတ်သတ်များသာ ဖြစ်နေသည်။ အများစုက ဟာသအနေဖြင့်သာ ကြည့်လိုပြီး အချိန်ဖြုန်းရန် ဖျော်ဖြေရေးအနေနှင့် ကြည့်ရှုကြခြင်းဖြစ်သည်။ ရန်ခုံးသတင်းဌာန၏ တရားဝင်ဆိုက်က လူသိများကျော်ကြားသည့်တိုင်အောင် မမှန်ကန်သော သတင်းမီဒီယာဌာနဟူ၍လည်း နာမည်ပြောင် ရရှိထားသေးလေသည်။ ထို့ကြောင့် မည်သူကမျှ သူတို့နှင့် ပြိုင်မငြင်းနေချေ။
“ဒီလိုအမြင်မရှိတဲ့လူတွေကို လျစ်လျူရှုထားလိုက်”
ဟော်ယွန်ချန်းကလည်း သတင်းခေါင်းစီးပိုင်းကိုမြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သည်။
“လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က မင်းက ကလေးပဲရှိသေးတာ၊ ကိုယ်က ဘယ်လိုများ အဲ့လိုလုပ်နိုင်မှာလဲ”
ယွမ့်ထန်း “…”
အခုက နေရာမှားပြီး အာရုံစိုက်မိနေတာ မဟုတ်ဘူးလား။
သို့ရာတွင် ယွမ့်ထန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်စိုးရိမ်နေရန် စိတ်ခံစားချက်ကောင်း မနေတော့ချေ။ အရေးကြီးဆုံးအချက်က ယွမ့်ယွီကို ဗဟိုဆေးရုံသို့ပို့ပေးရန်ဖြစ်ပြီး ကာကွယ်ဂရုစိုက်နိုင်ရန်ဖြစ်သည်။ သူတို့က အာကာသယာဉ်ထဲမှ ဆင်းလိုက်ချိန်မှာပင် သတင်းထောက်အုပ်ဖြင့် အဝိုင်းခံခဲ့ရပြီး ယခုအခြေအနေအထိ ယွမ်ယွီ၏မျက်နှာက အတန်ငယ်ဖြူဖျော့ နေသေးသည်။ ထို့ကြောင့် ယွမ့်ထန်း၏စိတ်အခြေအနေက မကောင်းတော့ချေ။
“ကောင်းပါပြီ”
နှစ်ယောက်လုံးက ကားပျံမှ ဆင်းပြီးနောက်တွင် ဆေးရုံထဲသို့ဝင်သည်။
သူတို့က ကြိုတင်အကြောင်းကြားထားသောကြောင့် အရှေ့ဘက်ကောင်တာက ယွမ့်ထန်းနှင့်ဟော်ယွန်ချန်းတို့ကို ချက်ချင်းဆိုသလို မှတ်မိလိုက်ကြပြီး ဆေးရုံဥက္ကဌကို အပြေးခေါ်သည်။ ဆေးရုံဥက္ကဌက သူတို့ကို လိုအပ်သည့်ကိစ္စများကို ဦးဆောင်ကာ စီစဉ်ပေးသည်။
“ဝိုး မာရှယ်ဟော်က အနီးကပ်ကြည့်ရင် ပိုချောတာပဲ”
အရှေ့ဘက်ကောင်တာမှ ဝန်ထမ်းက လုပ်ဖော်ကိုင်ဖက်ကို ခပ်တိုးတိုးပြောသည်။
“လူကြီးမင်းယွမ့်ကလည်း အရမ်းကြည့်ကောင်းတာပဲ၊ သူက ရုပ်ရှင်ဧကရာဇ် ဖြစ်ခဲ့တာ အခု ကြယ်လေးပွင့် စားဖိုမှူးဖြစ်နေပြီ၊ သူ စတင်တိုက်ရိုက်ထုတ်လွှင့်ပြီး လအနည်းငယ်တည်းနဲ့တင် သူက ပိုက်ဆံပမာဏ သန်းပေါင်းများစွာ ရှာဖွေနိုင်ခဲ့တာ၊ သူက ကျင်းကျန်းတိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းမှာဆိုရင် အကျော်ကြားဆုံး တင်ဆက်သူပဲလေ”
အခြားသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ထိုနှစ်ယောက်ကိုကြည့်ပြီး ပြောသည်။
“ဟေး နင့်အထင် မာရှယ်ဟော်နဲ့လူကြီးမင်းယွမ့်တို့က တကယ်ပဲ ပတ်သက်မှုရှိနိုင်မယ်လို့ ထင်လား၊ သူတို့နှစ်ယောက်လုံးက အမြဲတမ်း အတူတကွ ရှိနေကြပြီး မာရှယ်ဟော်ကလည်း သူ့ကို အထူးတလည် ကာကွယ်ပေးနေ သလိုပဲ၊ သူက ဝေ့ပေါ်မှာဆိုရင် လူကြီးမင်းယွမ့်ကို တရားဝင်ထောက်ပံ့ပေးခဲ့တာ ခဏခဏပဲလေ၊ အဲဒီကလေးက တကယ်ပဲ သူတို့ရဲ့ကလေးလား”
အခြားသောဝန်ထမ်းတစ်ယောက်က အနားတိုးလာပြီး ခပ်တိုးတိုးပြောသည်။
“နင်ကန်းနေလား၊ လူကြီးမင်းယွမ့် ကိုမာဖြစ်ပြီး နိုးလာတာ ဘယ်လောက်ကြာသေးလို့လဲ၊ ကိုယ်ဝန်ဆောင်နိုင်တဲ့မျိုးရိုးဗီဇက ကောင်းမွန်နေမယ် ဆိုရင်တောင်မှ ကလေးက ဒီလောက်အထိ မကြီးနိုင်သေးဘူး၊ သေချာပေါက် လူကြီးမင်းယွမ့်ရဲ့ညီပဲ၊ ဝေ့ပေါ်က သတင်းကိုမေ့သွားပြီလား”
“အို ဟုတ်သားပဲ၊ ခိုင်ရှင်းကတကယ်ပဲ သူတို့ရဲ့အမေလား၊ ဒီလိုအရှက်မရှိတဲ့ မိန်းမမျိုး ရှိသေးတယ်ပေါ့”
သူတို့၏ဆွေးနွေးမှုက အလွန်စိတ်လှုပ်ရှား တက်ကြွလွန်းသောကြောင့်လည်း ယွမ့်ထန်းကမူ ယွမ့်ယွီအတွက် လိုအပ်သည့်ကိစ္စများကို လုပ်ဆောင်လေပြီး ယွမ့်ယွီကို စစ်ဆေးရန်အတွက် ခေါ်သွားလိုက်ပြီဖြစ်သည်။
“မာရှယ်ဟော်၊ လူကြီးမင်းယွမ့် ဒါက ကျွန်တော်တို့ဆေးရုံက မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေအားလုံးကို ကိုင်တွယ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်ခေါင်းဆောင် ဒေါက်တာဖန်းပါ၊ သူက ယွမ့်ယွီလေးကို ကုသပေးမယ်ဆိုရင် စိတ်အေးအေး ထားလိုက်ပါတော့”
ဆေးရုံဥက္ကဌက အကောင်းဆုံးဆေးရုံခန်းကို စီစဉ်ပေးပြီး သူတို့အတွက် အကောင်းဆုံးဒေါက်တာကို ပြင်ဆင်ပေးသည်။ ထို့နောက် သူက နှုတ်ဆက်စကား ပြောသွားသည်။
“ကျွန်တော် လုပ်စရာကိစ္စတွေ ရှိနေသေးလို့ ခွင့်ပြုပါအုံး”
ဒေါက်တာဖန်းက သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး မျက်နှာက တည်ကြည်ကာ ထက်ရှသည့် မျက်လုံးကို ပိုင်ဆိုင်ထားသည်။ သူက ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ယွမ့်ထန်းတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီးသည်နှင့် နောက်ဆုံးတွင် နှုတ်ဆက်လာသည်။
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ဥက္ကဌဝမ်”
မည်သို့ပင်ဆိုစေ ဒါက ကြယ်မြို့တော် ဖြစ်သည်။ ဂြိုလ်နံပါတ်၁၉ကဲ့သို့ ချောင်ကျသော နေရာတစ်ခုမဟုတ်သည့်အတွက် လူတိုင်းတွင် အလင်းဦးနှောက်များ ရှိကြသည်။ ဒေါက်တာဖန်းကလည်း သဘာဝကျကျပင် ဝေ့ပေါ်မှ သတင်းများကို မြင်ထားသည်။ ယွမ့်ထန်းငှားထားသော ရှေ့နေကျိုးကျင်းက ဝေ့ပေါ်ပေါ်တွင် သူ၏မွေးရပ်မြေမှ အိမ်နီးချင်းများ၏ အင်တာဗျူးများကို လွန်ခဲ့သည့်ရက်အနည်းငယ်က တင်ထားခဲ့ပြီး ခိုင်ရှင်း၏မျက်နှာအစစ်အမှန်ကို ထုတ်ဖော်ခဲ့ပြီးသားဖြစ်သည်။ ထိုအချက်က လူအများစုကို ယွမ့်ညီအစ်ကိုကို သနားစိတ်ဝင်လာစေသည်။ ကျိုးကျင်းက တရားရုံးသို့ အသနားခံစာတင်ပြီးသား ဖြစ်ပြီး ယွမ့်ထန်းမြို့တော်သို့ ပြန်လာခြင်းကိုသာ စောင့်ဆိုင်းနေကာ ထိုမိန်းမကို ရှင်းလင်းရန်အတွက် ကြိုးစားကြတော့မည် ဖြစ်သည်။
“ဟုတ်ကဲ့ ကျွန်တော့်အထင် သဘာဝစားစရာတွေက ပိုပြီးအာဟာရရှိပြီး အားဖြည့်ဆေးတွေထက်လည်း အရသာပိုကောင်းပါတယ်”
ဒေါက်တာဖန်းက ခေါင်းညိတ်သည်။
“ဒါက တကယ်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ပါပဲ၊ ဒါပေမဲ့ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားရမယ်၊ ဒီကလေးရဲ့မျိုးရိုးဗီဇပြောင်းလဲမှုက မပြီးပြည့်စုံသေးဘူး၊ ဒါကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအရည်အသွေးက သာမန်လူတွေထက် အများကြီးနိမ့်နေတယ်၊ သူက ရှေးခေတ်က လူသားတွေလို ဖြစ်နေတာ၊ အားဖြည့်ဆေးတွေက အများဆုံး သူ့ရဲ့အသက်ကို ဆွဲဆန့်ထားရုံပဲတတ်နိုင်ပြီး အခြားသက်ရောက်မှုမရှိနိုင်ဘူး၊ ဒါပေမဲ့ သူက သဘာဝစားစရာတွေကနေ သဘာဝဓာတ်တွေကို စုပ်ယူနိုင်တဲ့ပုံပဲ၊ သူ့ရဲ့အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ ဆေးမှတ်တမ်းတွေကို ဖတ်ရှုထားတဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့တစ်လကနဲ့စာရင် လုံးဝ ပြောင်းလဲသွားပြီ၊ သိပ်မကြာခင်မှာ သူက သာမန်လူတစ်ယောက်လို လှုပ်ရှားနိုင်မှာပါ”
ထိုစကားကို ကြားသောအခါ ယွမ့်ထန်းက အပျော်လွန်သွားသည်။ သူ့အတွက် ဒါက ထို့ထက်ကောင်းသည့်သတင်း မရှိနိုင်တော့ချေ။ သူ၏ကိုယ်ပိုင်ဆန္ဒအတွက်ပင် ဖြစ်စေ၊ မူလပိုင်ရှင်အတွက်ပင်ဖြစ်စေ ဒါက နောက်ဆုံးဆန္ဒ ဖြစ်နိုင်သည်။ ထိုနောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် ယွမ့်ထန်းက ယွမ့်ယွီကို သူ၏ညီအရင်းကဲ့သို့ သတ်မှတ်ထားလေသည်။ ယွမ့်ယွီက အပြည့်အဝသက်သာလာပြီး ဆေးရုံမှ ဆင်းလာလျှင် သူက အိမ်သို့ခေါ်သွားပြီး နေ့တိုင်းလိုလိုအစားကောင်းများဖြင့် ပြင်ဆင်ပေးတော့မည်ဖြစ်သည်။ သည်နည်းအားဖြင့် ကောင်းကောင်းပြုစုပျိုးထောင် ပေးပြီး ကျန်းကျန်းမာမာနှင့် သန်သန်မာမာ ကြီးပြင်းလာစေမည် ဖြစ်သည်။
“ကောင်းပြီ ကုသမှုအစီအစဉ်အတွက်ကတော့ အမျိုးအစားသုံးမျိုး ခွဲခြမ်းထားတယ်၊ ပထမအဆင့်ကတော့ …”
ဒေါက်တာဖန်းက ယွမ့်ထန်းကို သူ စီစဉ်ထားသည့် ကုသမှုအစီအစဉ်အကြောင်း ပြောနေချိန်တွင် အပြင်ဘက်မှလာသည့် ဝရုန်းသုန်းကားအသံများနှင့် ခြေလှမ်းသံများကို ကြားလိုက်ရသည်။
“ဝင်လာလို့မရပါဘူး၊ ဒီနေရာက အရေးပေါ်ဌာနပါ၊ ဝင်လာလို့မရပါဘူး”
“ငါက ဘာလို့ဝင်လို့မရမှာလဲ၊ ငါက သူ့အမေပဲ၊ ငါ့မှာ လာလည်ပိုင်ခွင့်ရှိတယ်”
ထိုမိန်းမ၏အော်ဟစ်သံက ကျယ်လောင်လွန်းသည်။ ထို့နောက် ဒေါက်ဖိနပ်၏ တဂွပ်ဂွပ် အသံများက ကျယ်သထက်ကျယ် လာတော့သည်။
“ဘာဖြစ်တာလဲ”
ဒေါက်တာဖန်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ မတ်တပ်ထရပ်ပြီးနောက် တံခါးထံသို့သွားသည်။ သူက အပြင်ထွက်ကာ ဆေးဝန်ထမ်းကိုခေါ်ပြီး အခြေအနေကို မေးမြန်းတော့မည့်အချိန်တွင် တံခါးက ဆောင့်ဆွဲအဖွင့်ခံရသည့်အတွက် မမျှော်လင့်ထားသော ဒေါက်တာဖန်းက ဘေးဘက်သို့ ယိုင်သွားသည်။
“ငါ့ရဲ့ကံဆိုးလှတဲ့ကလေး”
ထိုမိန်းမက ကျယ်လောင်စွာ အော်ညီးတော့သည်။ သူမ၏ဘေးတွင်လည်း သတင်းထောက် အပြုံလိုက်ပါလာသည်။ သို့သော် လူနာ၏ကိုယ်ရေးကိုယ်တာကိစ္စက သတင်းထောက်များက ဆေးရုံခန်းထဲသို့ ခွင့်ပြုချက်မရဘဲ ဝင်လို့မရချေ။ ထို့ကြောင့် သူတို့၏ကင်မရာများက အခန်းထဲသို့သာ ချိန်ထားနိုင်သည်။
အော်ငိုနေပြီးနောက်တွင် ထိုမိန်းမက ဆေးရုံကုတင်နားသို့ အပြေးဝင်လာသည်။ သို့‌သော် ဟော်ယွန်ချန်းက ပိတ်တားထားသည်။
“ဘာလဲ”
“နင်က ဘာလဲ ငါ့ကိုဘာလုပ်တာလဲ၊ ဖယ်စမ်းပါ၊ ဒါက ငါ့သား”
ထိုမိန်းမက ဟော်ယွန်ချန်းကို ကျော်ဖြတ်သွားပြီး ယွမ့်ယွီထံ သူမ၏ကိုယ်ကို ပစ်သွင်းချင်သည်။ သို့သော် ဟော်ယွန်ချန်းက ကျောက်တုံးနံရံကြီးအလား သူမ မည်မျှတွန်းစေကာမူ အနည်းငယ်ပင် မယိုင်သွားခဲ့ချေ။
“ခိုင်ရှင်းလား”
ယွမ့်ထန်းက သူမ၏အသံကိုကြားချိန်တွင် မျက်မှောင်ကို ခက်ထန်စွာ ကြုတ်သည်။
“အစ်ကို”
ထိုမျှကျယ်လောင်သောအသံက လူတွေကိုပင်ညှို့နိုင်လေရာ ယွမ့်ယွီကိုပင် မဆိုထားတော့ချေ။ ကလေးက ကြောင်သွားပြီးနောက် ကြောက်လန့်စွာဖြင့် သူ၏အစ်ကိုဖြစ်သူကိုခေါ်သည်။
“အဆင်ပြေတယ် အဆင်ပြေတယ် အစ်ကိုက ဒီမှာရှိတယ်”
ယွမ့်ထန်းက အနားသို့ လျင်မြန်စွာသွားပြီး ညီဖြစ်သူကို လက်မောင်းထဲတွင် ဆွဲပွေ့ထားကာ နှစ်သိမ့်ပေးသည်။
“သား သား အမေပါ၊ အမေလေ”
ထိုမိန်းမက မော့ကြည့်လိုက်သောအခါ ယွမ့်ထန်း၏ခန့်ညားချောမောသော မျက်နှာကိုမြင်လိုက်ရပြီး သူမ၏မျက်ဝန်းများက တောက်ပသွားသည်။ ကျယ်လောင်သည့် အော်ငိုသံကြီးနှင့်အတူ ယွမ့်ထန်းရှိရာဘက်သို့ ခန္ဓာကိုယ်ကို ပစ်ဝင်လာပြန်သည်။ ဟော်ယွန်ချန်းက လှုပ်သွားပြီး ခိုင်ရှင်း၏အရှေ့တွင် တားပြန်သည်။
“နင်က ဘာဖြစ်နေတာလဲ၊ နင် …”
ခိုင်ရှင်းကို ဟော်ယွန်ချန်းက နှစ်ကြိမ်တားထားသည့်အတွက် နောက်ဆုံးတွင် သူမက ရပ်တန့်သွားတော့သည်။ သူမက လက်ကိုမြှောက်ပြီး သည်လူကို ရိုက်လိုက်ချင်သည်။ သို့သော် ဟော်ယွန်ချန်း၏သံမဏိကဲ့သို့ မာကြောသောခန္ဓာကိုယ်နှင့် ခန့်ညားချောမောလွန်းသောမျက်နှာကို မြင်သောအခါ သူမ မလှုပ်ရှားရဲတော့ချေ။ ဟော်ယွန်ချန်းက အင်ပါယာ၏မာရှယ်တစ်ယောက် ဖြစ်သည်။ ဆက်သွယ်ရေးပစ္စည်းများ နည်းပါးပြီး ချောင်ကျသောဂြိုလ်များမှလွဲပြီး သူ့ကိုမသိသူမရှိချေ။ သည်အရက်အနည်းငယ်အတွင်းတွင် ခိုင်ရှင်းက စတားနက်ဝေါ့မှ သတင်းများကို ဆက်တိုက်ကြည့်ခဲ့သောကြောင့် သဘာဝကျကျပင် ယွမ့်ထန်းကို အထောက်အပံ့ပေးထားသော မာရှယ်ဖြစ်ကြောင်း နားလည်သည့်အတွက် ချက်ချင်းဆိုသလို အကြောပိတ်ခံရသလိုမျိုး အေးခဲသွားတော့ကာ ရပ်တန့်သွားတော့သည်။
“ခိုင်ရှင်း ခင်ဗျား ဘာလို့ ဒီနေရာကိုလာတာလဲ”
ယွမ့်ထန်းက အေးစက်စွာမေးသည်။
“သား အမေက ဒီနေရာကို တောင်းပန်ဖို့လာတာပါ၊ အမေမှားမှန်း အမေသိပါတယ်၊ အမေ့ကို ခွင့်မလွှတ်ချင်ဘူးလား”
ထိုမိန်းမ၏လှပသည့်မျက်နှာက သနားစဖွယ် ဖြစ်သွားသည်။ သူမ၏မျက်လုံးအောက်ခြေတွင် မျက်အိမ်များကပင် ဖောင်းကားနေပြီး အလွန်အမင်း နီရဲလာတော့ကာ ယွမ့်ထန်းကိုအသနားခံသော မျက်ဝန်းများဖြင့်ကြည့်သည်။
ယွမ့်ထန်း၏မျက်လုံးများက အေးစက်နေသည်။ သူက ခိုင်ရှင်း၏တောင်းပန်မှု အပေါ် နူးညံ့သွားဟန်လည်းမရှိချေ။ ထိုမိန်းမက သူ့အတွက် သူစိမ်းဖြစ်သည်။ ထိုမိန်းမ သည်အတောအတွင်းလုပ်ခဲ့သော ကိစ္စများနှင့်ပင် သူက ကြင်နာစွာကြည့်ရန်မရှိတော့ချေ။ ခွင့်လွှတ်မှုအတွက်က ပို၍မဖြစ်နိုင်သေးပေ။
“သား အမေက မှားမှန်းသိပါတယ်၊ အမေက မှားမှန်းသိပါတယ်၊ ကျေးဇူးပြုပြီး ဒီအမေကို ခွင့်လွှတ်ပေးပါ၊ ဒီအမေက ဒူးထောက်တောင်းပန်ပါတယ်”
ခိုင်ရှင်းက ငိုပြီးနောက် ဒူးထောက်ရန်ကြံစည်သည်။ သို့သော် သူမ၏လက်မောင်းကို ဟော်ယွန်ချန်းက ဆောင့်ဆွဲထားသည့်အတွက် သူ၏လက်မောင်းက သံမဏိချိန်းများကဲ့သို့ မာကြောလွန်းလှလေရာ ခိုင်ရှင်း ဒူးထောက်၍မရတော့ချေ။
“သရုပ်ပြတာလုံလောက်ပြီ ထွက်သွား”
ဟော်ယွန်ချန်းက‌ အေးစက်စွာပြောသည်။
“ဘာကိုသရုပ်ပြတာလဲ၊ ငါ သရုပ်ပြနေတာ မဟုတ်ဘူး၊ ဒါက မိသားစုကိစ္စပဲ နင့်လိုသူစိမ်းက ဝင်ပါစရာလား”
ခိုင်ရှင်းကအော်သည်။
“ချန်းကောက သူစိမ်းမဟုတ်ဘူး”
ယွမ့်ထန်က သတိလက်လွတ်ဝင်ပြောပြီးနောက် တုန်ယင်နေသေးသော ယွမ့်ယွီကို ဖက်ထားသည်။
“ခိုင်ရှင်း ကျေးဇူးပြုပြီးထွက်သွားပေးပါ၊ ရှောင်ယွီရဲ့ကုသတာကို မနှောင့်နှေးပါစေနဲ့”
“ရှောင်ယွီ ဟုတ်တယ်၊ ရှောင်ယွီ ရှိနေတာပဲ”
ခိုင်ရှင်း၏မျက်ဝန်းက ချက်ချင်းဆိုသလို တောက်ပသွားသည်။ ယွမ့်ထန်းက ယွမ့်ယွီကို အလွန်အမင်း ဂရုစိုက်ကတည်းက ယွမ့်ယွီ၏ချစ်ခြင်းကိုသာ သူမ လိုအပ်သည်။ သူမက ယွမ့်ယွီ၏မိခင်ဖြစ်သည်။ တရားဝင်စောင့်ရှောက်သူဖြစ်၏။ ယွမ့်ယွီကသာ မိခင်အဖြစ် အသိအမှတ်ပြုသမျှ ကာလပတ်လုံး ယွမ့်ထန်းက ဘာမှ လုပ်နိုင်မည်မဟုတ်ချေ။ သူမကိုပင်ထောက်ပံ့ရန် ပိုက်ဆံပေးရအုံးပေမည်။
ရုတ်တရက် သူမ၏အကြည့်က ကြောက်မက်ဖွယ်ကောင်းသွားသည်။ မမျှော်လင့်ထားစွာပင် ပိုက်ဆံကြောင့် မြှုပ်ထားရလောက်အောင် ကျန်းမာရေးမကောင်းသော ထိုကလေးက မွေးဖွားချိန်ကတည်းက တစ်ခါမှ အသုံးမဝင်ခဲ့ဖူးချေ။ သူမက ဒီအတိုင်း ထားခဲ့သည်ကိုပင် အမြင်ရှိသည်ဟု လေးစားမိသွားသည်။
ယွမ့်ယွီက သူမကို မိခင်တစ်ယောက်အနေနှင့် သဘောကျနှစ်သက်မိမည် ဖြစ်လေရာ သူမအနေနှင့် စိုးရိမ်ရန်မလိုအပ်ချေ။ ယခင်က နှစ်ယောက်သားက အတူတကွရှိခဲ့ဖူးသော်လည်း ထိုအချိန်က ယွမ့်ယွီက အလွန်ငယ်ရွယ်လွန်းခဲ့သေးသည့် အတွက် မမှတ်မိနိုင်လောက်ချေ။ ထို့နောက် သူက ဆေးရုံတွင်သာ တောက်လျှောက်နေခဲ့ရပြီး သူတို့ထပ်မတွေ့ဖြစ်ခဲ့ကြတော့ချေ။ သူတို့၏ ယခင်ဆိုးရွားသောကိစ္စများကို သည်ကလေးက မေ့သွားလောက်ချေပြီ။ သူမကသာ ညင်သာပြသမျှကာလပတ်လုံး ယွမ့်ယွီက လက်ခံပေလိမ့်မည်။
ကြည့်စမ်းပါအုံး၊ ဆယ်စုနှစ်တစ်ခုတောင် မတွေ့ရတဲ့အစ်ကိုဖြစ်သူကို အရမ်းကိုမှီခိုနေတာ ကြည့်စမ်းပါအုံး၊ ဒီလိုဆိုရင် ငါ့နဲ့ပိုပြီး ရင်းနှီးသွားမှာမဟုတ်ဘူးလား၊ နောက်ပြီး ဘယ်ကလေးက အမေကိုမလိုချင်လို့လဲ။
“ယွမ့်ယွီ ငါ့ရဲ့ကံဆိုးလှတဲ့ကလေး…”
ခိုင်ရှင်း၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက တရှုံ့ရှုံ့ ငိုနေပြီးနောက်တွင် ယွမ့်ယွီ၏ကုတင်ဘေးထံ ဦးတည်လာပြန်သည်။
“ဒီကိုလာပါအုံး အမေက ဂရုစိုက်ပေးပါရစေ”
ယွမ့်ယွီ၏ကိုယ်လုံးလေးက ယွမ့်ထန်း၏ရင်ခွင်ထဲသို့ ကျုံ့ကာ နောက်ဆုတ်သွားပြီး သူ၏မျက်လုံးက အပြူးသားဖြစ်နေကာ သူမ မည်သူဖြစ်ကြောင်း မှတ်မိသွားဟန်ရသည်။ ထိုအချက်က ခိုင်ရှင်းကိုပို၍ ယုံကြည်မှု ရှိသွားစေသည်။ ထိုကောင်လေးက ရန်ငြှိုးမထားတတ်ချေ။ ဒါက သူမအတွက်ကောင်းသည်။
သူမ၏ အသံက ပို၍ နူးညံ့လာသည်။
“လာပါအုံး မကြောက်ပါနဲ့၊ ရှောင်ယွီ အမေက ဒီမှာလေ”
ယွမ့်ထန်း၏မျက်နှာက ပို၍အေးစက်လာသည်။ ခိုင်ရှင်းက ထိုမျှ အရှက်မရှိဖြစ်နေမည်ဟု မထင်ထားမိချေ။ သူမက ရှောင်ယွီကိုပင်သုံးကာ သူမအား ထိန်းချုပ်ချင်နေသည်။ သို့ရာတွင် ယွမ့်ထန်းကလည်း ယွမ့်ယွီ၏ခံစားချက်များကိုမူ လျစ်လျူရှုကာ သူမကို‌ မောင်းထုတ်၍မရချေ။ ယွမ့်ယွီကိုသာ သူ စိုက်ကြည့်နေရပြီး တုန့်ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။
ခိုင်ရှင်းကနီးကပ်လာသောအခါ ယွမ့်ယွီက သူမ မည်သူဖြစ်ကြောင်း မှတ်မိသွားပြီး မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်လာတော့သည်။
“အမေ အမေ အမေ အမေ …”
သူက တုံ့ဆိုင်းစွာ ရေရွတ်လိုက်သည်။ ယွမ့်ထန်း၏ရင်က မသက်မသာ ဖြစ်သွားတော့သည်။ ယွမ့်ယွီ၏ကိုယ်လေးက နာကျင်စွာဖြင့် ကွေးညွတ်သွားပြီးနောက်တွင် ခေါင်းကို လက်နှစ်ဖက်လုံးဖြင့် အုပ်ထားသည်။ ယွမ့်ထန်း၏ရင်ခွင်ထဲမှ ခေါင်းပင် မမော့ရဲတော့ချေ။ သူက ကူကယ်ရာမဲ့စွာဖြင့် ခွေးပေါက်လေးကဲ့သို့ တုန်ယင်နေတော့သည်။ မျက်ရည်များကလည်း ဆက်တိုက်ကျဆင်းလာသည်။
“အမေ မရိုက်ပါနဲ့မရိုက်ပါနဲ့”
ထိုအခြေအနေက ဆိုးရွားသည့်ဘက်သို့ ပြောင်းလဲသွားသည်။ ယွမ့်ထန်းကလည်း သူ၏ရင်ထဲမှ ထွက်လာသည့်ဒေါသကိုသာ ခံစားမိလိုက်ပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ ယွမ့်ယွီကို အနောက်သို့ ပို့လိုက်သည်။ သူ၏ပုံမှန်ညင်သာသော အမူအရာက ကြောက်မက်ဖွယ်ကောင်းသွားသည်။
“ထွက်သွား”
ခိုင်ရှင်းက ထိုမျှရက်စက်မည်ဟု မထင်ထားမိချေ။ ကလေးကိုပင် ရိုက်ရဲသည်။ ယွမ့်ယွီက လွန်ခဲ့သောဆယ်နှစ်ကတည်းက ဆေးရုံသို့အတင်ခံထားခဲ့ရပြီး ခိုင်ရှင်းက မွေးဖွားပြီးနှစ်နှစ်သာလျှင် အတူရှိခဲ့ဖူးခြင်းဖြစ်သည်။ သို့သော် ထိုအချိန်ကာလ အတောအတွင်းတွင် ကြောက်လန့်မှုကိုရအောင် သွင်းထားနိုင်ခဲ့ကတည်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်လေသည်။
အဲဒီအချိန်မှာ သူက တစ်နှစ်၊ နှစ်နှစ်ပဲရှိသေးတာ။
“လုံလောက်ပြီ”
ဟော်ယွန်ချန်းကိုယ်တိုင်ကလည်း ဆက်မကြည့်ချင်နိုင်တော့ချေ။ သူက ရှေ့သို့ တက်လှမ်းလိုက်ပြီးသည်နှင့် သူက လက်ဆန့်တန်းကာ ခိုင်ရှင်း၏ ရင်ဘတ်မှ ရင်ထိုးကို ဆွဲဖြုတ်လိုက်သည်။ သူက အေးစက်စွာပြောသည်။
“အမျိုးသမီးခိုင်က ပင်ကိုအသိစိတ်ရှိတဲ့ပုံပဲ၊ အရှက်မရှိဘဲနဲ့ ဒီအရှက်မရှိတဲ့မြင်ကွင်းကို ပြဖို့ သီးသန့်ကင်မရာ အသေးစားတောင် တပ်ပြီးလာခဲ့သေး တယ်”
“နင် ဘာလုပ်တာလဲ”
ခိုင်ရှင်းက ဒေါသထွက်သွားပြန်သည်။ သူမက ထပ်အော်သည်။
ယွမ့်ထန်းက သူမကိုအာရုံမစိုက်ချင်တော့ချေ။ ဒေါသအပြည့်နှင့် ဒေါက်တာဖန်းကလည်း အစောင့်များကိုခေါ်ကာ သူမကိုဆွဲထုတ်သွားစေသည်။ သူက ယွမ့်ယွီကိုသာ ရင်ခွင်ထဲတွင် ပွေ့ထားလျက် ညင်သာစွာဖြင့် နှစ်သိမ့်ပေးသည်။
“ရှောင်ယွီ မကြောက်ပါနဲ့ အစ်ကိုက ဒီမှာရှိတယ်၊ အစ်ကိုက ကာကွယ်ပေးမယ် ဟုတ်ပြီလား”
သူက ယွမ့်ယွီ၏နဖူးကို နမ်းပြီးနောက်တွင် နှစ်သိမ့်ပေးသည်။ နောက်ဆုံးမှသာလျှင် ကလေးက ကြောက်လန့်မှုအခြေအနေမှ ရုန်းထွက်လာနိုင်တော့သည်။
“အစ်ကိုက ဒီမိန်းမကို တရားစွဲတော့မှာ၊ အစ်ကိုတို့တွေ ထပ်မမြင်ရတော့ဘူး ဟုတ်ပြီလား၊ အစ်ကိုကပဲ ဆက်ပြီးဂရုစိုက်ပေးမယ်”
“အစ်ကို”
ယွမ့်ယွီ၏လက်ချောင်းများက သူ၏အဝတ်ကို တင်းကြပ်စွာဆုပ်ထားသည်။ သည်အခြေအနေကြောင့် သူက ဆုံးရှုံးသွားရသည့် လုံခြုံမှုခံစားချက်ကို နောက်ဆုံးတွင် ပြန်ရသွားပြီးနောက်တွင် ပြောလိုက်သည်။
“ကျွန်တော် အစ်ကိုကိုပဲ လိုချင်တယ်၊ ကျွန်တော် အစ်ကို့ရဲ့စကားကိုပဲ နားထောင်မယ်၊ အစ်ကို အမေ့ကို မပေးလိုက်ပါနဲ့နော်”
“ဒါပေါ့ မပေးပါဘူး”
ယွမ့်ထန်းကလည်း ယွမ့်ယွီကို ပွေ့ဖက်ထားပြီးနောက်တွင် အစောင့်များ ဆွဲထုတ်ခံရသောကြောင့် ကျိန်ဆဲနေသည့်ခိုင်ရှင်းကို ကြည့်လိုက်သည်။
“ငါတို့နှစ်ရက်နေရင် တရားရုံးမှာတွေ့မယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Nơi câu chuyện tồn tại. Hãy khám phá bây giờ