Part 57

1.2K 190 0
                                    

Unicode

အပိုင်း ၅၇
အနောက်ဘက် စားဖိုဆောင်အတွင်းတွင် ထောင်အန်းနှင့် ဥက္ကဌကုတို့က ယွမ့်ထန်းနှင့်အတူ သူတို့အတွက် အထူးပြင်ဆင်ထားသော ဟင်းလျာများကို စားသောက်နေကြသည်။ ယွမ့်ထန်းက သူတို့အတွက် ဝက်သားကင်ကို ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူတို့က ရိုးရှင်းသော ဟင်းလျာတစ်ခွက်နှင့် ထမင်းအနည်းငယ်ဖြင့်ပင် မြိန်ရည်ယှက်ရည် စားသောက်နေကြလေသည်။ ဉာဏ်ရည်မြင့်စက်ရုပ်က ဧည့်သည်တော်များက အဓိကစားဖိုမှူးကို တွေ့ချင်ကြောင်း လာပြောသောအခါ ထောင်အန်းနှင့် ဥက္ကဌကုတို့က မသက်မသာဖြစ်သွားကြသည်။ သည်လိုပွဲမျိုးတွင် အဓိကစားဖိုမှူးကို တွေ့ချင်သည့် အကြောင်းအရာမျိုးကို ယခင်နှစ်များတွင် မကြားဖူးကြချေ။
သို့ရာတွင် ယွမ့်ထန်းကမူ အလွန်တည်ငြိမ်နေသည်။ သူက ယခင်ဘဝတွင် အချိန်ပြည့်စားဖိုမှူးတစ်ယောက် မလုပ်ခဲ့ဖူးသော်လည်း မကြာခဏမိဘများ နောက်လိုက်ကာ ဟိုတယ်သို့လာတတ်သဖြင့် အချို့သော ဧည့်သည်တော်များက စားဖိုမှူးများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံကာ သဘောကျကြောင်း ပြောပြတတ်ပြီး သူတို့၏ကျေနပ်ဖွယ် အစားအသောက်များ၏ အရသာများကို လေးစားကြောင်း ပြသလေ့ရှိကြသည်။
ယွမ့်ထန်းကလည်း ထိုလူထွားများကလည်း ထိုသို့ယဉ်ကျေးမှုကို နားလည်မည်ဟု မထင်ထားမိကြချေ။
“ဥက္ကဌကု၊ ရှောင်ထောင် သွားကြစို့”
သူက ထမင်းပန်းကန်လုံးကို ချလိုက်ပြီး မတ်တပ်ထရပ်သည်။
“ဒါပေမယ့် လူထွားမျိုးနွယ်ခေါင်းဆောင်က အဓိကစားဖိုမှူးကိုပဲ တွေ့ချင်တာမဟုတ်ဘူးလား၊ ငါတို့အတူ ထွက်သွားတာက မသင့်လျော်သလို ဖြစ်မသွားဘူးလား”
ထောင်အန်းက အနည်းငယ်တုံ့ဆိုင်းသွားသည်။
“လူထွားမျိုးနွယ်ရဲ့ခေါင်းဆောင်က ဒီဟင်းလျာတွေ အကုန်လုံးကို သဘောကျလို့ ကျေးဇူးတင်ချင်တာလေ၊ ဒီနေ့ရဲ့ဟင်းလျာတွေကို ကျွန်တော်တစ်ယောက်တည်း လုပ်ထားတာမှ မဟုတ်ဘဲ ဥက္ကဌကုနဲ့ ရှောင်ထောင်ရဲ့အကူအညီသာ မရှိရင် ကျွန်တော် ဒီလောက်အများကြီး ဘယ်လိုပြင်ဆင်နိုင်ပါ့မလဲ”
ယွမ့်ထန်းက များများစားစား မတွေးချေ။ သူက ရိုးရှင်းစွာဖြင့်သာ ယခင်ဘဝမှ အတွေ့အကြုံများကြောင့် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ပွဲကြီးမျိုးတွင် စားဖိုမှူးတစ်ယောက်တည်းက လျင်မြန်စွာ ကိုင်တွယ်လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ အဓိကစားဖိုမှူးက ဦးတည်ကာ ချက်ပြုတ်ရသော်လည်း အခြားစားဖိုမှူးအချို့ကလည်း အနားတွင် ကူညီပေးရန် အသင့်ရှိနေရမည် ဖြစ်သည်။ ထို့ကြောင့် ယွမ့်ထန်းက ဥက္ကဌကုနှင့်ထောင်အန်းတို့ကို သူနှင့်အတူသွားရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။
ဥက္ကဌကုနှင့်ထောင်အန်းတို့ကလည်း ယွမ့်ထန်း၏စကားက ကျိုးကြောင်း သင့်လျော်သည်ဟု ခံစားရသည့်အတွက် မတ်တပ်ထရပ်လိုက်ကြကာ သူတို့၏ပုံစံကို သပ်ရပ်အောင် ပြင်ဆင်ပြီးသည်နှင့် ယွမ့်ထန်းနှင့်အတူ အဓိကခန်းမဘက်သို့ ထွက်လာခဲ့လိုက်သည်။
ဂေးဘတ်က စာဖိုမှူးဝတ်စုံဝတ်ဆင်ထားသော လူသုံးယောက် ထွက်လာကြောင်း မြင်သောအခါ သူ၏မျက်ဝန်းက ကြောင်တောင်တောင် ဖြစ်သွားသည်။ သည်စားစရာများအားလုံးကို ပြင်ဆင်ပေးသည့် ကျော်ကြားသည့် စားဖိုမှူးကို သူက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် သုံးယောက်ရှိနေမည်ဟု မထင်ထားမိချေ။
ချန်းကျီးကလည်း လူသုံးယောက်ထွက်လာကြောင်းမြင်သောအခါ အလွန်အံ့ဩသွားပြီးနောက် ခပ်မြန်မြန်တုံ့ပြန်လိုက်သည်။ သူက ပြုံးကာ အနားမှ ဂေးဘတ်ကို ပြောလိုက်သည်။
“ဒီသုံးယောက်က ဒီနေ့အတွက် အရသာရှိတဲ့ဟင်းလျာတွေ အားလုံးကို ပြင်ဆင်ပေးတဲ့ စားဖိုမှူးတွေပါ”
ပြောရလျှင် ချန်းကျီးက ဂေးဘတ်၏တောင်းဆိုမှုကို ကြားသောအခါကလည်း ဂေးဘတ်၏အကြံအစည်ကို နားလည်ခဲ့သည်။ ဂေးဘတ်က ယွမ့်ထန်း၏ ဟင်းချက်စွမ်းရည်ကို သဘောကျ နှစ်ခြိုက်သွားသည့်အတွက် သိမ်းသွင်းလိုခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့တိုင်းပြည်နှစ်ခုမှ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည် တွေးတောမိသွားသောအခါ သူက တိုက်ရိုက်ငြင်းဆန်၍ မရသည့်အတွက် မျက်နှာသာမပေးသလို ဖြစ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ချန်းကျီးအနေဖြင့် တစ်ဖက်မှ သုံးယောက်လုံး ထွက်လာမည်ဟု မထင်ထားမိချေ။ ထိုအခြေအနေက ပို၍ကောင်းသွားသည်။ ဂေးဘတ်၏စိတ်ရှုပ်ထွေးမှုကို အားသာချက်ယူလျက် သူ၏အဓိကအကြံအစည်ကို ဖယ်ရှားကာ အခြေအနေကို ပို၍ ရှုပ်ထွေးသွား‌အောင် လုပ်နိုင်လေသည်။
“စားဖိုမှူး သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ငါက ငါ့ရဲ့ဘဝမှာ အကောင်းဆုံးဟင်းလျာတွေကို စားသောက်လိုက်ရတယ်”
ဂေးဘတ်က ပြောပြီး ထိုသုံးယောက်ကို စုန်ချည်ဆန်ချည် ကြည့်သည်။ ထို့နောက် မေးလိုက်သည်။
“ဒီဝက်သားကင်ကို တာဝန်ယူပြင်ဆင်တာက ဘယ်သူလဲလို့ မေးလိုက်ပါရစေ”
“ကျွန်တော်ပါ”
ယွမ့်ထန်းက အပြုံးနှင့်ဖြေသည်။
ဂေးဘတ်၏မျက်ဝန်းက ချက်ချင်းဆိုသလို တောက်ပသွားတော့သည်။ သူက ချက်ချင်းမေးလိုက်သည်။
“မင်းက ဒဏ္ဍရီလာ မဟာစာဖိုမှူးယွမ့်လား”
ယွမ့်ထန်းကလည်း ထိုနာမည်ကြောင့် မသက်မသာဖြစ်သွားသည်။ မဟာစားဖိုမှူးဆိုသည့် အသုံးအနှုန်းများကိုပင် သူက မကြားဖူးလေ၊ ထို့ကြောင့် ပြုံးနိုင်ရန် အနည်းကြိုးစားပြီးနောက် ပြောလိုက်သည်။
“ကျွန်တော့်ကို ယွမ့်ထန်းပဲခေါ်ပါ၊ ကျွန်တော်က အချိန်ပြည့် စားဖိုမှူးတစ်ယောက် မဟုတ်ပါဘူး၊ ဒီအတိုင်း အစားအသောက် ချက်ပြုတ်တင်ဆက်ပြသူပါပဲ”
“ကောင်းပြီ ယွမ့်ထန်း မင်းရဲ့ဟင်းချက်စွမ်းရည်က ကောင်းနှင့်မြေကြီးလို ပြောင်မြောက်လွန်းပါတယ်၊ ဒီလောက်အရသာရှိတာတွေကို ငါ တစ်ခါမှ မကြီးဘူး”
ဂေးဘတ်က ချီးကျုးရန်အတွက် ရပ်မနေချေ။ သူ၏ ယဉ်ကျေးမှုကိုဖော်ပြကာ တစ်ဖက်သူက သူ့အပေါ် အမည်ကောင်းကျန်ရစ်စေရန်အလို့ငှာ ဈေးဘတ်က အင်ပါယာထံမှ စကားလုံးလေးလုံးကို သင်ကြားခဲ့သည်။
သူ သင်ကြားခဲ့သည်က မှားယွင်းနေလောက်သော်လည်း …
“ဒီနေ့ချက်ထားတဲ့ထဲမှာ မင်းရဲ့ဟင်းလျာတွေက ဘယ်ဟင်းလျာတွေဆိုတာကို သိခွင့်ရှိမလား”
“ဂေါ်ဖီထုပ်ဟင်းချိုနဲ့ ဟူမီကျောက်ပိုင်တို့ကို ဥက္ကဌကု ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထားတာပေါ၊ အခြားဟင်းလျာတွေအားလုံးက ကျွန်တော့်ရဲ့အဓိက ပြင်ဆင်မှုတွေပါပဲ၊ ထောင်ထန်းကတော့ ကျွန်တော်တို့ရဲ့လက်ထောက်ပြင်ဆင်မှုတွေပါပဲ၊ သူက ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်”
ထိုစကားကို ကြားသောအခါ ဂေးဘတ်၏မျက်ဝန်းက ပို၍တောက်ပသွားသည်။ သူက ဥက္ကဌကုနှင့်ထောင်အန်းကို အရင်ကျေးဇူးတင်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏အဓိကအာရုံက ယွမ့်ထန်းထံတွင်သာ ရှိလေသည်။ သူက ယွမ့်ထန်း၏ ဟင်းလျာများနှင့်ပတ်သက်ပြီး မေးခွန်းအနည်းငယ်ပေးသည်။ ယွမ့်ထန်းက လုပ်ရန်အချိန်မရှိခဲ့သော ဟင်းလျာပေါင်းများစွာ ရှိနေခဲ့သေးကြောင်း ကြားသောအခါ သူက ဆက်လက်မစောင့်နိုင်တော့ချေ။ သူ၏မျက်ဝန်းက တောက်ပသထက် တောက်ပလာပြီးနောက်တွင် တစ်ပတ်လှည့်ကာ ချန်းကျီးကို ကြည့်လိုက်သည်။
ချန်းကျီး “…”
အာ.. အဲဒီအချိန်က လာပြန်ပြီ။
“ဒီကောင်က အမြဲတစေ ဒဲ့ထိုးဆန်တဲ့ပုံစံမျိုးရှိပေမယ့်လည်း ကောင်းအောင်လုပ်တယ်၊ သူတို့အင်ပါယာက ကြယ်လေးပွင့်စားဖိုမှူးကို ခေါ်ဆောင်သွားဖို့ ကြိုးစားနေတာပဲ”
ထိုကိစ္စက လက်ခံ၍မရသောအရာဖြစ်သည်။ သူ့အနေဖြင့် ပထမဆုံအကြိမ် ယွမ့်ထန်း၏လက်ရာကို စားပြီးသည်တွင် ပို၍စားချင်နေသေးလေသည်။ မည်သို့သော အခြေအနေကို တစ်ဖက်က တောင်းဆိုလာစေကာမူ သူက ငြင်းဆန်ရပေမည်။
ထို့အပြင် ယွမ့်ထန်းကဲ့သို့ ထိုမျှပါရမီကောင်းများကို ပိုင်ဆိုင်ထားသော ထူးချွန်သောသူက သူတို့အင်ပါယာ၏အနာဂတ် ဖြစ်နေသေးသည်။ ချန်းကျီး ဖိအားပြင်းထန်စွာဖြင့် ဂေးဘတ်က မည်သို့ တောင်းဆိုလာစေကာမူ ငြင်းဆန်မည်ဟု တွေးတောလိုက်ချိန်တွင် ဂေးဘတ်က ပြောလိုက်သည်။
“ငါ့အထင် ငါတို့တိုင်းပြည်နှစ်ခု လက်ထပ်မှုနဲ့ဆက်နွယ်သင့်ပြီလို့ ထင်တယ်”
ချန်းကျီး “အာ”
သူ နားကြားမှားသည်ဟုပင် မသေမချာဖြစ်သွားသည်။
ဘယ်လိုများ ရုတ်တက်ကြီး လက်ထပ်မယ့်ကိစ္စကို ထုတ်ပြောလာတာလဲ၊ သူ့ရဲ့သမီးငယ်လေးက အခုမှ လေးနှစ်ပဲရှိသေးတာလေ။
ဂေးဘတ်က ယွမ့်ထန်းကို ပြန်ကြည့်ပြီးနောက် သူ၏မျက်ဝန်းထဲ တောက်ပသည့်အလင်းရောင်ကသာ ထင်ရှားနေလေသည်။
“ငါက လူကြီးမင်းယွမ့်ထန်းကို ငါ့ရဲ့ဘုရင်မ ဖြစ်စေမယ်”
ဒီလောက်အရသာရှိတဲ့ဟင်းလျာတွေကို တစ်ကြိမ်တည်းစားရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ သေချာပေါက် နေ့တိုင်းစားနိုင်အောင် ခေါ်သွားမှ ဖြစ်လိမ့်မယ်။
လူတိုင်း “…”
ယွမ့်ထန်း “…”
ဟော်ယွန်ချန်းက သတိလက်လွတ်ဖြင့် စားပွဲထောင့်စွန်းများကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏ဆုပ်ကိုင်မှုက တင်းကြပ်သဖြင့် စားပွဲကပင် အက်လာသည်။
သူ၏အနားတွင်ထိုင်နေသော ဟော်ယွန်ရီက တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ဦးစွာသတိထားမိကာ ဟော်ယွန်ချန်း၏လက်ကို တစ်ချက်ပုတ်လျက် စိတ်ငြိမ်အောင် ထိန်းခိုင်းသည်။
[စာအုပ်အဖုံးကိုကြည့်ပြီး အရာအားလုံးကို ဆုံးဖြတ်လို့မရဘူးလေ၊ ဒါ ဘယ်လို ဒရမ်မာလဲ၊ ဘယ်လိုများရုတ်တရက်ကြီး လက်ထပ်မယ့်ကိစ္စနဲ့ ဆက်နွယ်သွားတာလဲ၊ နောက်ပြီး သူက ဘာကိုဆိုလိုတာလဲ]
[ပဲအနှစ်မြေခွေး .. ဒါက ဘယ်လိုအခြေအနေလဲ၊ ငါ ရှေးခေတ်သမိုင်းကို လေ့လာနေတာ အချိန်အတော်ကြာပေမယ့် စားဖိုမှူးတစ်ယောက်ကို နိုင်ငံရေးအရ လက်ထပ်ဖို့တောင်းဆိုတာမျိုးတော့ တစ်ခါမှမကြားခဲ့ဖူးသလိုပဲ]
[မာရီယိုရဲ့ကောင်မလေး .. ငါလည်းရှေးခေတ်သမိုင်းကို လေ့လာနေတာပါပဲ၊ ဒီလိုလက်ထပ်ကြောင်းလမ်းတယ်ဆိုတာက မင်းသမီးနဲ့မင်းသားတွေကိုပဲ နိုင်ငံရေးအရ လက်ထပ်ဖို့ တင်ပေးကြတာမဟုတ်ဘူးလား၊ အခုက ဘယ်လိုဖြစ်ပြီး စားဖိုမှူးတွေတောင် ပါလာရတာလဲ]
[မူကောအာ့ရှင်း .. ဖြစ်နိုင်တာက လူထွားတွေရဲ့အဓိကဟင်းလျာတွေအပေါ် သဘောကျစိတ်ကြောင့် ငါတို့ရဲ့တင်ဆက်သူကို ပြန်ပေးဆွဲချင်နေတာလား]
[မော့ရှီမင် .. လူထွားတွေက သူ့ရဲ့လက်ရာကို ဒီလောက်အထိ သဘောကျသွားမယ် မထင်ထားဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့တင်ဆက်သူကို ဖျားယောင်းတာကတော့ မဖြစ်သင့်ဘူး]
[လိမ္မော်သီးလေးချန်း .. အရှင်မင်းကြီး အရှင်မင်းကြီးကို လုံးဝ သူ့ကို အောင်မြင်ခွင့်ပြုလို့ မဖြစ်ဘူး၊ ကျွန်တော်တို့ ထန်းထန်းမရှိလို့ မဖြစ်ဘူး]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများအားလုံးက ထိုရုတ်တရက် ဇာတ်ညွှန်းအလှည့်အပြောင်းကြောင့် ဆွံ့အကုန်ကြသည်။ သူတို့အားလုံးက ဂေးဘတ်၏မကောင်းသော ရည်ရွယ်ချက်ဖြင့် ယွမ့်ထန်းအား ခေါ်ဆောင်သွားလိုခြင်းကို ချက်ချင်းဆိုသလို နားလည်သွားကြသည်။ ထို့ကြောင့် ပြည်သူလူထု၏အမြင်က ပြောင်းလဲသွားကြတာလေ။ တိုက်ရိုက်ထုတ်လွှင့်မှုမှ ကွန်မန့်များက များပြားလာကာ ပေါက်ကွဲမတတ် ဖြစ်လာသည်။ ချန်းကျီးကလည်း ဂေးဘတ်၏ဦးနှောက်အကန့်က ထိုမျှ ထူးထူးခြားခြား ပြောင်းလဲနေမည်ဟု မထင်ထားမိချေ။ သူက ယွမ့်ထန်းကို ခေါ်သွားလိုသည်။ ထို့အပြင် ထိုသို့ခေါ်သွားရန် အကြောင်းပြချက် ပေးချင်လျှင်လည်း အစားအသောက်ပြင်ဆင်သူချင်း ဖလှယ်လိုက်ခြင်း၊ စာဖိုမှုးချင်း ဖလှယ်ခြင်းဆိုသော ခေါင်းစဉ်မျိုးကို သုံး၍ရသေးလေသည်။
ဒါကို ဘာလို့လက်ထပ်တာလဲ၊ ဂေးဘတ်က သူ့ကိုများ ယွမ့်ထန်းကို သားအဖြစ် သတ်မှတ်စေချင်တာလား၊ ဒီမှာ ဒီမှာပဲ ပြောလိုက်မယ်၊ အဲ့လိုဆိုရင်တောင်မှ သူ့ကို လွှတ်စရာလား။
သူသာ ထိုသို့လုပ်လိုက်မည်ဆိုလျှင် နတ်ဘုရားကသာ အင်ပါယာမှ ပြည်သူများအားလုံးက သူ့ကို မည်သို့ပြောဆိုကြမည်ကို သိနိုင်ပေလိမ့်မည်။
“အရှင် ယွမ့်ထန်းက အင်ပါယာရဲ့လွတ်လပ်တဲ့ ပြည်သူတစ်ယောက်ပါ၊ တော်ဝင်မိသားစုမဟုတ်လို့ သူ့ရဲ့လက်ထပ်ကြောင်းလမ်းမှုကို ကိုယ်စားဝင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး၊ နောက်ပြီး …”
ချန်းကျီး၏မျက်နှာတွင် သဘောမကျသော အမူအရာမျိုးက ပေါ်ထွက်လာသည်။
“အင်ပါယာက လူတွေက ဒီလိုအခြေအနေမျိုးကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ ဒါက ဘယ်လို အလှည့်အပြောင်းမျိုးလဲ၊ အရှင့်အနေနဲ့ ပြန်လည်သုံးသပ်သင့်ပါတယ်”
“ငါကတော့ မင်း ပြန်တွေးတောသင့်တယ်ထင်တာပဲ”
“ငါ့အနေနဲ့ကတော့ ပြန်တွေးစရာမရှိဘူး”
ဂေးဘတ်က ပြောပြီး လက်ယမ်းပြသည်။
“အင်ပါယာမှာတောင် ဆိုရိုးစကားရှိတယ် မဟုတ်ဘူးလား၊ လူတစ်ယောက်ရဲ့ နှလုံးသားကို လိုချင်ရင် အစာအိမ်ကို အရင်သိမ်းသွင်းရမယ်တဲ့၊ ငါ့ရဲ့အစာအိမ်က သူ့ရဲ့သိမ်းသွင်းမှုကို ခံလိုက်ရပြီ၊ ငါ့ရဲ့နှလုံးသားကလည်း ချစ်ရတဲ့ယွမ့်ထန်းရဲ့ ချက်ပြုတ်မှုတွေရဲ့ နှစ်သိမ့်မှုကို ခံရပြီးပြီလို့ထင်တယ်၊ ဒီတော့ အမြဲတစေ သူ့ရဲ့လက်ရာကို စားရမှဖြစ်တော့မယ်”
ဟော်ယွန်ချန်းက ထိုအသုံးအနှုန်းကြောင့် လက်ထဲတွင်ရှိသော တူတစ်စုံကို ချိုးပစ်လိုက်သည်။
အရမ်းကောင်းတဲ့ဟင်းလျာတွေက သူ့ကိုတောင် ဒုက္ခရောက်စေမယ့် လက်ထပ်ပွဲကို ဖြစ်လာစေတာပဲ။ သူ ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။ ဂေးဘတ်က သူ့အား အမှန်တကယ် သဘောကျသည်ဟု မထင်ချေ။ သူပြောသည့်အတိုင်း သူက ယွမ့်ထန်း၏လက်ရာကိုသာ သဘောကျနေခြင်း ဖြစ်သည်။
“စိတ်မကောင်းပါဘူး၊ ကျွန်တော့်အနေနဲ့ လက်ထပ်ဖို့အထိ အစီအစဉ်မရှိပါဘူး”
သူက ခေါင်းခါသည်။ သူသည်လည်း ရယ်ရခက်ငိုရခက် ဖြစ်နေသည်။
“တကယ်လို့ အရှင်ကသာ အရသာရှိတဲ့ဟင်းလျာတွေကို ထပ်စားချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို လိုက်ပါကြည့်ရှုဖို့ ကြိုဆိုပါတယ်”
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ် .. ဟား ဟား ဟား ဟား တင်ဆက်သူက လှလှပပလေး စီစဉ်လိုက်နိုင်တာပဲ၊ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကတော့ ပိုပိုပြီး အစီအစဉ်ကျလာပြီ]
[ကျော့ထျန်း .. သာမန်ပြည်သူပြည်သားတွေက တိုက်ရိုက်ထုတ်လွှင့်မှုမှာတောင် မှတ်ချက်ပေးဖို့ ခဲယဉ်းသထက် ခဲယဉ်းလာပြီပဲ]
[ပေါ့ပါးသောဆောင်းတွင်းဖုန်မှုန့် .. လူသားမျိုးနွယ်က ခေါင်းဆောင်ကသာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ ရောက်လာမယ်ဆိုရင် တင်ဆက်သူက မဲနိုင်တိုင်း သူ့ကို ရွေးနေရမှာပေါ့၊ ဒီလိုဆိုရင် မတရားရာမရောက်သွားဘူးလား၊ ရယ်ရင်းငိုနေသော အီမိုဂျီ]
[သစ်ပင်ဖက်တာကို မရပ်နိုင်ဘူး .. ဟေး ပိုက်ဆံက ဒီလို တသီးတသန့် ဆက်ဆံခံရဖို့ မဖြစ်နိုင်ဘူးလေ၊ အာဏာကိုလည်း သုံးလို့မရနိုင်ဘူး၊ ငါတို့ရဲ့တင်ဆက်သူက မျှတတယ်]
ဂေးဘတ်ကလည်း လက်မလျှော့လိုသေးချေ။
“ငါကတော့ မင်းနဲ့တကယ်ချစ်ကြိုက်သွားမယ်လို့ ခံစားမိနေတယ်၊ ငါ့ရဲ့အစာအိမ်က အခုဆိုရင် ခုန်လှုပ်နေပြီ”
လူထွားမျိုးနွယ်၏ ခန္ဓာကိုယ်တည်ဆောက်ပုံက လူသားများနှင့် ကွာခြားသည်။ သူတို့၏နှလုံးက အနည်းငယ်နိမ့်သော နေရာတွင်ရှိသည့်အတွက် အစာအိမ်နှင့် ဆက်စပ်နေခြင်းဖြစ်သည်။
ယွမ့်ထန်းက ထိုစကားကိုကြားသောအခါ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“အရှင် အစားများသွားလို့ ဖြစ်မှာပါ”
“ကောင်းပြီ”
ဂေးဘတ်က အလွန်စိတ်ပျက်သွားပြီး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“မင်းတကယ်လို့ လက်ထပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် ငါ့ကိုယ်ငါရွေးဖို့ အကြံပေးတယ်”
ထိုသို့အလှည့်အပြောင်းများ အဆုံးသတ်သွားပြီးသည့်နောက်တွင် ချန်းကျီးက ကိစ္စများအားလုံးကို ချောမွေ့သွားအောင် နှစ်သိမ့်ပေးရသည်။
“ကောင်းပြီ ကောင်းပြီ၊ စားလို့သောက်လို့လည်း ပြီးပြီဆိုတော့ အသစ်ထုတ်လုပ်ထားတဲ့ မော်ဒယ်အသစ်ကို စမ်းကြည့်ဖို့ လေ့ကျင့်ရေးကွင်းကို မသွားသင့်ဘူးလား”
ဂေးဘတ်ကလည်း ထိုအကြောင်းအရာကို ကြားခဲ့ပြီးလေပြီ။ ထိုအကြောင်းအရာကို ကြားသည့်အခါ စိတ်အားတက်ကြွစွာပြောသည်။
“ကောင်းတယ်”
သူတို့က အင်ပါယာသို့ ထိုကိစ္စကြောင့် ရောက်လာခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် အင်ပါယာမှပြီးပြည့်စုံသော ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးခြင်း ဖြစ်သည်။
“ဒီတော့ လူကြီးမင်းယွမ့်လည်း ငါတို့နဲ့အတူ မလိုက်ခဲ့ချင်ဘူးလား”
ဂေးဘတ်က ယွမ့်ထန်းကို ပြီတီတီအကြည့်ဖြင့် ကြည့်သည်။ သူရုပ်ရည်က ဥရောပသားနှင့်ဆင်သည်။ မျက်ခုံးက မြင့်ပြီး မျက်ဝန်းကနက်ရှိုင်းကာ သူ၏အပြာရောင်မျက်ဝန်းများက တောက်ပနေလေသည်။ သူ၏နားရွက်များကမူ သူ၏ယခင်ဘဝရုပ်ရှင်များထဲမှ နတ်သူငယ်များကဲ့သို့ဖြစ်သည်။
ချန်းကျီးက‌ ပြောသည်။
“ပြဿနာမရှိပါဘူး”
သူက ထိုသို့ပြောလိုက်ရသော်လည်း ချန်းကျီးက ယွမ့်ထန်းကို တစ်ချက်ကြည့်လိုက်သည်။ ယွမ့်ထန်းကသာ ငြင်းဆန်ရန် မျှော်လင့်မိတော့လေသည်။ မည်သို့ပင်ဆိုစေ သူက ကိုယ်တိုင်ငြင်း၍မရချေ။ ထိုအချိန်တွင် နောက်ထပ်အသံတစ်သံက ထွက်လာသည်။
“ရှောင်ထန်း မင်းက ကိုယ်နဲ့အတူ လိုက်ခဲ့နိုင်တယ်”
ဟော်ယွန်ချန်းက နှစ်ယောက်ကြားဝင်ရပ်ပြီးနောက် ဂေးဘတ်၏အကြည့်ကို ဝင်ကာလိုက်ကာ အယောင်ဆောင်ပြုံးလျက်ပြောလိုက်သည်။
“ကျွန်တော်တို့က မိတ်ဆွေကောင်းတွေပါ”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now