Part 63

1.3K 202 1
                                    

Unicode
အပိုင်း ၆၃
ယွမ့်ထန်းကလည်း သည်တစ်ကြိမ်တွင် တိတ်ဆိတ်နေခြင်းက အကြံကောင်းမဟုတ်ကြောင်း နားလည်ထားသည်။ ထို့အပြင် သူ့အတွက် သူ့ကိုဂရုစိုက်သော ပရိတ်သတ်များနှင့် ဝေ့ပေါ်ပေါ်တွင် ထောက်ပံ့ပေးနေကြသော ပရိတ်သတ်များ ရှိနေသေးလေရာ ထိုလူများအား စိတ်မပျက်စေချင်ပေ။ သို့သော် သူက ထိုနည်းလမ်းကို ရွေးချယ်ခဲ့သည်။ အကြောင်းမူကား သူ့တွင်လည်း ကိုယ်ပိုင်စိုးရိမ်မှုများရှိနေသည်။
“ကျွန်တော် ယွမ့်ယွီအကြောင်း နည်းနည်းစိုးရိမ်တယ်၊ သူ့ရဲ့အခြေအနေက ဘယ်လိုမှန်း ကျွန်တော် မသိနိုင်သေးဘူး၊ ကျွန်တော်က အဓိကမြို့မှာ ရှိနေပေမယ့် သူကတော့ ကျွန်တော်နဲ့အဝေးကြီးမှာ ရှိနေလို့ မကူညီနိုင်ဘူး ဖြစ်နေတယ်၊ ခိုင်ရှင်းက အဲဒီကိစ္စတွေကို ဘယ်လိုစီစဉ်ထားမလဲဆိုတာကလည်း ကျွန်တော် မသိနိုင်သေးဘူး၊ ဒီတော့ ကျွန်တော်တို့ရဲ့တန့်ပြန်တိုက်ခိုက်မှုက သူမကို ရန်စသလိုဖြစ်သွားရင် ဘာလုပ်နိုင်မလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ”
မူလပိုင်ရှင်နှင့်ခိုင်ရှင်းတို့က တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ခြင်း ကွာခြားကြသော်လည်း သူက အမြဲတစေ သူမအတွက် ပိုက်ဆံလွှဲနေခဲ့ခြင်းကလည်း သူ၏ညီငယ်ယွမ့်ယွီကြောင့် ဖြစ်နိုင်သည်။
ယခုအခါ သူတို့ကသာ ပြန်လည်တိုက်ခိုက်လိုက်လျှင် ခြုံပုတ်ကိုရိုက်ပြီး မြွေကို ခြောက်လှန့်လိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်လေသည်။ ခွေးပင်ချောင်ပိတ်ရိုက်လျှင် ပြန်ကိုက်တတ်သေးလေရာ ယွမ့်ယွီ၏လုံခြုံမှုက စိုးရိမ်စရာဖြစ်လာနိုင်သည်။
သူ၏စိုးရိမ်မှုကို နားလည်သော ဟော်ယွန်ရီက ချက်ချင်းပြောသည်။
“ကိုတို့တွေ မင်းရဲ့မွေးရပ်မြေကို လူလွှတ်ပြီး အခြေအနေအားလုံးကို စုံစမ်းစစ်ဆေးခိုင်းပြီးပြီ၊ မင်းရဲ့ညီငယ်ရှိနေတဲ့ ဆေးရုံကိုလည်း ရှာတွေ့ထားတယ်၊ အဲဒီဆေးရုံကို လူတွေလွှတ်ပြီး သူ ဘာမှ မဖြစ်အောင် ကာကွယ်ခိုင်းပေးလို့ ရတယ်၊ တကယ်လို့ မင်းစိတ်မအေးဘူးဆိုရင်တော့ အဲဒီကို ကိုယ်တိုင်သွားလိုက်တာက အကောင်းဆုံးပဲ အဲဒီမှာ အရာအားလုံးကို ချောချောမွေ့မွေ့ ပြီးဆုံးအောင် ဆောင်ရွက်ပေးနိုင်မယ့်လူတွေလည်း ရှိတယ်”
ယွမ့်ထန်းက မျက်မှောင်ကြုတ်ကာ အတွေးနက်သွားသည်။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“ကျွန်တော်ကိုယ်တိုင်သွားချင်နေတုန်းပဲ”
ဖြစ်နိုင်လျှင် ယွမ့်ထန်းက ယွမ့်ယွီကို သည်နေရာသို့ လွှဲပြောင်လိုက်ချင်သည်။ ဆေးပညာပိုင်းအရဆိုလျှင် မြို့တော်က ထိုချောင်ကျသောဂြိုလ်ထက် ပိုကောင်းလေသည်။
သူက စိတ်ဆုံးဖြတ်ပြီးကြောင်း မြင်သောအခါ ဟော်ယွန်ချန်း၏ မျက်မှောင်ကလည်း အနည်းငယ် ပြေလျော့သွားပြီးနောက် ဝင်ပြောလိုက်သည်။
“ကိုယ်လည်းလို က်ခဲ့မယ်”
“ဒါ ဒါက မကောင်းဘူးမဟုတ်လား၊ ချန်းကောအတွက် အရမ်း ဒုက္ခများသွားမှာပဲ”
သူက ချက်ချင်းဆိုသလို ငြင်းဆန်လိုက်ချင်သည်။
“ဒုက္ခမများပါဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ်လည်းအားလပ်ရက်တွေ မသုံးရသေးတာ အများကြီးရှိနေတယ်၊ ဒီအတိုင်း အားလပ်ရတယ်လို့ပဲ သဘောထားလိုက်မယ်”
ဟော်ယွန်ချန်းက သူ ပြောလိုသည်ကို ပြောပြီးသည်နှင့် ထပ်ဖြည့်ပြောသည်။
“မင်းရဲ့မွေးရပ်မြေရှိတဲ့ ကြယ်စက်ကွင်းအပြင်က အရမ်းသီးသန့်ရှိနေပြီး ခေါင်တယ်၊ ကြယ်သူခိုးတွေနဲ့ အာကာသသားရဲတွေကလည်း မကြာခဏ အဲဒီကို လာရောက် တိုက်ခိုက်လေ့ရှိတယ်၊ မင်း တစ်ယောက်တည်း သွားမယ်ဆိုရင် ကိုယ်ဘယ်လိုမှ စိတ်အေးနိုင်မှာ မဟုတ်ဘူး”
ဟော်ယွန်ချန်းက သူ့ကို နက်ရှိုင်းသောမျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက်တွင် ယွမ့်ထန်းက မငြင်းဆန်နိုင်တော့ချေ။ ဘာကြောင့်ရယ်မသိ သူ၏မျက်နှာများကပင် နီရဲလာသည်။ သူက အကြည့်လွှဲကာ ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပါတယ်”
ဟော်ယွန်ရီကမူ မျက်လုံးလှန်မိလေသည်။ စိတ်အချဉ်ပေါက်နေသော အမူအရာမျိုးဖြင့် သူက ဝင်ပြောလိုက်သည်။
“ဒါဆိုရင် မင်းရဲ့မွေးရပ်မြေကိုပြန်မယ့်ကိစ္စက အတည်ပြုပြီးသွားပြီ၊ မင်း သက်သေတွေ စုဆောင်းနိုင်ရင် မင်းရဲ့ညီငယ်ကို အမေဖြစ်သူဆီကနေ လွှဲပြောင်းယူနိုင်လိမ့်မယ်၊ အားချန်းကသာ မင်းကို အဖော်ပြုပေးနိုင်မယ်ဆိုရင် ကိစ္စတွေအားလုံးက အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်လိမ့်မယ်၊ ဒါပေမယ့် ဝေ့ပေါ်ပေါ်က ကိစ္စကို ဘယ်လိုလုပ်မှာလဲ”
“တကယ်လား”
ယွမ့်ထန်းကလည်း ခိုင်ရှင်းထံမှ ယွမ့်ယွီကို သူ့အား လွှဲပြောင်းနိုင်မည်ဆိုသည့် စကားကိုကြားချိန်တွင် မျက်ဝန်းများက တောက်ပသွားသည်။ ယွမ့်ယွီက မူလပိုင်ရှင်ဂရုအစိုက်ဆုံး လူတစ်ယောက်ဖြစ်ပြီး တစ်ဖက်သူက မရှိတော့သည့်အခါ သူက အစား ကယ်တင်ပေးချင်လေသည်။ သူကိုယ်ပိုင်အုပ်ချုပ်မှုအောက်သို့ ရောက်လာမည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။
“ဒါပေါ့ မင်းက အခု အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ၊ တည်ငြိမ်တဲ့ ဝင်ငွေလည်းရှိတယ်၊ မင်းတို့က ညီအစ်ကိုအရင်းတွေလည်းဖြစ်တယ်၊ ဒီလိုဆိုရင် ခိုင်ရှင်းကသာ အရည်အချင်း မပြည့်မှီတဲ့ မိခင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ရင် မင်းက ယွမ့်ယွီကို ထိန်းကျောင်းပိုင်ခွင့်ရပြီ”
အက်ယွမ့်ထန်းဗွီ .. [ပုံ][ပုံ][ပုံ][ပုံ][ပုံ] တကယ်တော့ ကို ဆေးရုံက နိုးလာပြီးတဲ့နောက်မှာ အတိတ်က မှတ်ဉာဏ်တွေအားလုံးကို မေ့လျော့သွားတယ်၊ မိသားစုနဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေရဖို့ အမြဲတစေ ရှာဖွေခဲ့တာကြာပြီ၊ ဒါပေမယ့် ဘာသဲလွန်စမှ မရှိခဲ့ဘူး၊ မာရှယ်ဟော်ကိုတောင် မေးပြီး အရင်က ကိုမာမဝင်ခင်က လတိုင်းလိုလို ပိုက်ဆံပမာဏအများကြီး လွှဲပြောင်းတဲ့ အကောင့်ကိုတောင် စုံစမ်းခိုင်းခဲ့သေးတယ်၊ ဒါပေမယ့် ဘယ်နေရာကို လွှဲပြောင်းနေခဲ့သလဲဆိုတာ မသေချာခဲ့ဘူး”
သူက မိုက်ခရိုဘလော့တွင် တုံ့ပြန်သည့်အနေဖြင့် ထိုကဲ့သို့သော စာကို တင်ပြီးနောက်ပုံများကိုလည်း သက်သေအတူတကွအဖြစ် ပြန်တင်လိုက်သည်။ တစ်ခုက ဆေးရုံမှ ပေးထားသော ဆေးစာဖြစ်ပြီး သူ၏ဦးနှောက်က ချို့ယွင်းမှုကြောင့် ယာယီအားဖြင့် မှတ်ဉာဏ်ဆုံးရှုံးထားကြောင်း ဖော်ပြထားသည်။ ဒုတိယတစ်ပုံကမူ သူ၏ကိုယ်ပိုင်အချက်အလက်များ ဖြစ်သည်။ ထိုနေရာတွင်လည်း သူ၏မိသားစုနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှိမနေခဲ့ချေ။ အင်ပါယာက လူ့အခွင့်အရေးနှင့် လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီတိုင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တင်းကြပ်စွာ ကာကွယ်ပေးထားသောကြောင့် သူ့အနေဖြင့် ဟော်ညီအစ်ကိုများ၏ အကူအညီဖြင့်ပင် စုံစမ်းနိုင်ခြင်း မရှိခဲ့ချေ။ ထို့အပြင် ယွမ့်ထန်းက သာမန်ပြည်သူတစ်ယောက်သာ ဖြစ်လေရာ ထိုသို့မစုံစမ်းနိုင်ခြင်းကလည်း သာမန်သာလျှင် ဖြစ်ပြန်သည်။ တတိယ၊ စတုတ္ထနှင့် ပဉ္စမပုံများတွင် ယွမ့်ထန်း၏ ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသော ပိုက်ဆံပမာဏအများစုကို တစ်နေရာတည်းတွင် လွှဲပြောင်းပေးနေခဲ့ပြီး အချိန်တိုင်းလိုလို ထိုပမာဏကလည်း များသထက်များနေခဲ့သည်။ အစပိုင်းတွင် ရာကျော်မှ နောက်ပိုင်းတွင် ထောင်ကျော်၊ ထောင်ကျော်မှ သောင်းကျော်၊ သိန်းကျော်၊ သန်းကျော်အထိ သူက ဆက်တိုက် လစဉ်လတိုင်း လွှဲပြောင်းပေးနေခဲ့သည့် သက်သေများ ပါဝင်လေသည်။ လွန်ခဲ့သောငါးနှစ်ခန့်က ထိုလွှဲပြောင်းမှုများက ရပ်တန့်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့် ရပ်တန့်သွားခြင်းကိုလည်း လူတိုင်းက နားလည်ထားကြသည်။ ထိုအချိန်တွင် သူက မတော်တဆမှု ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုပုံသက်သေများနှင့် အသေးစိတ်ကျသော ငွေလွှဲပြောင်းမှတ်တမ်းများက သူက တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ကြောင်း မိသားစုကို ပစ်ထားသူမဟုတ်သလို ခိုင်ရှင်းပြောသကဲ့သို့ လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြပြီးသွားပြီ ဖြစ်သည်။ ထို့နောက် ဟော်ယွန်ချန်းနှင့်ဟော်ယွန်ရီတို့ကလည်း ထိုဝေ့ပေါ်ပို့စ်ကို ဝေမျှပေးကြပြီး သူက သူတို့ထံမှ အကူအညီကိုတောင်းပြီး မိသားစုကို ရှာဖွေစုံစမ်းခဲ့ကြောင်း သက်သေထူပေးသည်။ ထို့အပြင် ငွေလက်ခံရရှိသော အကောင့်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း သူတို့က တင်ပေးကြကာ အကောင့်က ခိုင်ရှင်းအကောင့်ဖြစ်နေကြောင်း သေချာသွားသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ခိုင်ရှင်း ယွမ့်ထန်းထံမှ လက်ခံရရှိထားသော ပမာဏက ဆယ်သန်းကျော် နေလေသည်။ သို့သော် သူမ၏ဘဝက ထိုမျှအထိ ခါးသီးခက်ခဲကြမ်းတမ်း မနေတော့ချေ။
ရှင်းဟိုင်ဖျော်ဖြေရေးကုမ္ပဏီရှိ ယွမ့်ထန်း၏ယခင်အေဂျင်စီကလည်း ငြိမ်ငြိမ်မနေခဲ့ချေ။ သူတို့ကလည်း ချက်ချင်းဆိုသလို အသံမှတ်တမ်းတင်ထားသည့် ဖိုင်တစ်ခုကို တင်လာသည်။ ထိုဖိုင်ထဲက အတိုင်းဆိုလျှင် ယွမ့်ထန်း၏အမေဟု ယူဆရသော အမျိုးသမီးတစ်ယောက်က အလွန်ရက်စက်ကြမ်းတမ်းလွန်းသည်။ တစ်ဖက်သူက ယွမ့်ထန်း၏အခြေအနေက မည်မျှဆိုးရွားနေကာ ဆေးကုသစရိတ်က မည်မျှလိုအပ်နေကြောင်း ပြောဆိုနေကာမူ တစ်ဖက်က လျော်ကြေးကိုသာ ဆက်တိုက် တောင်းဆိုနေခဲ့သည်။ သူမ၏ ရက်စက်မှုများက သိသာထင်ရှား နေရုံသာမကဘဲ ကျိုးကြောင်းမသင့်လျော်ကြောင်းကိုလည်း ထင်ရှားသိသာနေပြန်သည်။ ဒါက ဗီဒီယိုထဲတွင် ပါဝင်နေသော အားနည်းကာ သနားစရာကောင်းသည့်အမျိုးသမီးနှင့် ကွာခြားနေသည်။
ထိုသို့ပြင်းထန်သည့် ထုရိုက်မှုများကြောင့် ယွမ့်ထန်း၏ပရိတ်သတ်များ၏ စာရှည်များနှင့် ပေါင်းစပ်လိုက်သော် အချက်အလက်များအားလုံးက ထင်ရှားသွားပြီး ထင်ယောင်ထင်မှားဖြစ်သည့် အခြေအနေကလည်း ပျောက်ကွယ်သွားသည်။
[ဒီနေ့ ခွဲစိတ်ပြုပြင်တဲ့အရာပဲ … ငါ ငါ့ရဲ့ထန်းထန်းအတွက် စိတ်မကောင်းဘူး၊ သူ့ရဲ့မှတ်ဉာဏ် ပျောက်သွားလိမ့်မယ်လို့တောင် မထင်ထားမိဘူး]
[ယွမ့်ထန်းရဲ့နိုင်ငံတကာထောက်ပံ့ရေးအဖွဲ့အစည်းဗွီ .. ဒီဗီဒီယိုထဲမှာပါတဲ့ အတိုင်းဆိုရင် အမျိုးသမီးခိုင်က လိမ်မပြောတဲ့စကားဆိုတာ မရှိသလောက်ပါပဲ၊ သူမက မိခင်တစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ခဲ့တာလည်း အလွန်သေချာလွန်းနေခဲ့တယ်၊ အက်ဝေ့ကျိုးဗွီ၊ အက်ခိုင်ရှင်း ကျေးဇူးပြုပြီး ယွမ့်ထန်းကိုတောင်းပန်ပါ]
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. ဟုတ်တယ်၊ သူမရဲ့လက်မှာအသားမာတစ်ခုမှ မရှိတာ မအံ့ဩတော့ပါဘူး၊ ဒီလောက် သန်းပေါင်းများစွာကို ကိုင်ထားမှတော့ ပျော်ပျော်ရွှင်ရွှင် နေသင့်တာပဲ မဟုတ်ဘူးလား၊ အခု ယွမ့်ထန်း ညီငယ်အတွက် ပိုက်ဆံကို မသုံးလို့ ဒီလိုအခြေအနေ ဖြစ်နေတယ်လို့တောင် ငါ ခံစားမိတယ်၊ ဒီလိုမျိုးရိုးဗီဇ လက္ခဏာမျိုးက ကုရခက်တယ်ဆိုပေမယ့်လည်း ဒီလောက်သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတာမျိုးနဲ့ဆိုရင် အခြေအနေက ဒီလောက်အထိ ဆိုးရွားမနေသင့်ဘူး မဟုတ်လား]
[အိုက်မြောင်ရဲ့ပန်း .. ဒီမိန်းမက ယွမ့်ထန်းကို တမင်သက်သက် ငွေညှစ်ချင်နေတာ၊ သူမက ဘယ်ကလေးကိုမှ မကောင်းတာ ဖြစ်လောက်တယ်၊ ဒီလောက်ပိုက်ဆံအများကြီးကို သားဖြစ်သူရဲ့ကျန်းမာရေးအပေါ် မကုသဘူးဆိုရင် ဘယ်နေရာတွေမှာများ သွားသုံးနေတာလဲ၊ ကိုယ့်ကိုယ်ကို လှအောင်ပြင်နေတာလား]
[ငါ့ရဲ့ထန်းက အချောဆုံးပဲ .. ဒီမှာသက်သေပုံတွေအားလုံး ထုတ်ဖော်ပြသပြီးပြီ၊ လွန်ခဲ့တဲ့ခြောက်နှစ်အထိ ငွေလွှဲထားတဲ့ မှတ်တမ်းတွေကလည်း ရှိနေခဲ့ပြီးပြီ၊ ငါတို့ရဲ့ထန်းထန်းက မကျော်ကြားခင်ကတည်းက သူက ပိုက်ဆံတွေ စလွှဲနေခဲ့တာ၊ နောက်ပိုင်းမှာ သူ ပို့တဲ့ပိုက်ဆံတွေက များသထက်များလာတယ်၊ အဲဒီအချိန်က သူက သေချာတောင် အရွယ်ရောက်သေးတာ မဟုတ်သေးဘူး၊ ဒါကိုဒီအမျိုးသမီးက ဘယ်လိုတောင် ယွမ့်ထန်းက ဒီသားအမိနှစ်ယောက်ကို ပစ်ထားတယ်လို့ ပြောရဲရတာလဲ]
[သခင်မချွီ .. ဒီမိန်းမက ယွမ့်ထန်းက ပိုက်ဆံအများကြီး ရှာဖွေနိုင်ပြီး တမင်သက်သက် လိုချင်နေတာပဲ ဖြစ်ရမယ်၊ ဒီမိန်းမက သွေးစုပ်ဖုတ်ကောင်ပဲ၊ ကလေးကိုသာ အရမ်းချစ်မယ်ဆိုရင် ယွမ့်ထန်း ဒဏ်ရာရချိန်တုန်းက ဘာလို့ စကားတစ်ခွန်းမှမဆိုဘဲ နေရဲရတာလဲ၊ နောက်ပြီး ယွမ့်ထန်းရဲ့ အသက်အာမခံကြေးတွေကိုလည်း လျော်ကြေးအဖြစ် တောင်းရဲတယ်၊ ဒီမိန်းမက ငါ့ကို အန်ချင်အောင်လုပ်နေပြီ]
[ချီကျိုးမော့ရန် .. ဒီလောက်အရှက်မဲ့တဲ့အမေမျိုး ငါ တစ်ခါမှမမြင်ခဲ့ဖူးဘူး၊ ဒီမိန်းမက သွေးစုပ်ဖုတ်ကောင်ပဲ၊ အမေအရင်းရော ဟုတ်ရဲ့လား]
ပြည်သူများက စတင်ကာ ပွက်လောရိုက်လာကြတော့သည်။ ထိုကဲ့သို့သောအမေမျိုးက ရှိမည်ဟုပင် သူတို့က မထင်ထားခဲ့ကြသည့်အတွက် ဆက်တိုက် ကျိန်ဆဲကြတော့သည်။ မရေမတွက်နိုင်သော ပြည်သူများက ဝေ့ကျိုး၏ဝေ့ပေါ်ထံသို့ သွားကာ ဆဲဆိုသည့်စကားများအဖြစ် ထိုစာမျက်နှာတစ်ခုကို ပြည့်နှက်သွားစေသည်။
[အိုင်တီ ၂၄၅၁၃၉၁၆ .. ငါတော့ ဒီမိန်းမကို တကယ်သနားခဲ့တာ၊ အခြေအနေ ဒီလောက်အထိ ပြောင်းလဲသွားမယ်လို့ မထင်ထားမိဘူး၊ ဒီလိုမိန်းမမျိုးက အမေဖြစ်ဖို့တောင် မတန်ဘူး]
[ပါရမီရှင်နတ်ဆိုး .. ငါသိခဲ့တယ်၊ ငါ့ရဲ့ထန်းထန်းက ဒီလိုလူမျိုးမှ မဟုတ်တာ]
[လျှို့ဝှက်ဆန်းကြယ်သော သင်းရနံ့ .. ခွေးကျိုးက ထပ်ပြီး ကပ်ဘေးဆိုက်ပြန်ပြီ၊ ငါ မင်းရဲ့လမ်းကိုကူညီပေးပါရစေ ရှပ်ကျိုးကျင်းဗွီ မင်းတို့တွေ နည်းနည်းလောက် အပြောင်းအလဲလေးဖြစ်အောင် လုပ်ကြရအောင်]
အဆင့်မြင့်ဟိုတယ်ခန်းထဲတွင် ခိုင်ရှင်းက မျက်လုံးမှိတ်လျက် ဉာဏ်ရည်မြင့် စက်ရုပ်များ၏ အနှိပ်ဝန်ဆောင်မှုကို လက်ခံနေသည်။
မြို့တော်မှဘဝက အလွန်ကောင်းလွန်းသည်။ သူမ၏ဂြိုလ်ငယ်ကဲ့သို့ မဟုတ်ဘဲ အရာအားလုံးကို ယခုအခါ ခံစားနိုင်လေသည်။ သူမက ပိုက်ဆံရသည်နှင့် အင်ပါယာတွင်သာ ဆက်နေရန် ဆုံးဖြတ်ထားလိုက်သည်။ ယွမ့်ထန်းက အရမ်းချမ်းသာနေတာပဲ၊ သူ့ရဲ့သိတတ်မှုကို ထုတ်ပြတဲ့အနေနဲ့ ပိုက်ဆံတွေအများကြီး မပေးသင့်ဘူးလား၊ ငါ့ကြောင့်သာ မဟုတ်ရင် ဒီလောက်အထိ ကြီးလာပါ့မလား။
ထိုအချိန်တွင် တံခါးက ရုတ်တရက် ပွင့်သွားပြီးသည့်အတွက် ခိုင်ရှင်းက ကြောင်သွားကာ မျက်လုံးဖွင့်လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်သော သက်လတ်ပိုင်း လူတစ်ယောက်က ဝင်လာကြောင်း မြင်လိုက်ရသည်။ သူမ၏အမူအရာက ပျော်ရွှင်သွားတော့သည်။
“ဝေ့ကျိုး နင်ရောက်လာပြီလား၊ အခြေအနေက ဘယ်လိုရှိလဲ၊ အဲဒီကောင်စုတ်လေး နင့်ကို ဆက်သွယ်လာလား”
မဲမှောင်နေသော မျက်နှာထားနှင့်ဝေ့ကျိုးက ခိုင်ရှင်းကို အေးစက်စွာ ကြည့်လာသည်။
“ကိစ္စတွေအားလုံးက ပြောင်းလဲသွားပြီ၊ ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံးဂရုစိုက်ပါအုံး”
ခိုင်ရှင်း၏နှလုံးသားက ဖျစ်ညှစ်ခံရသလို ဖြစ်သွားသည့်အတွက် အိပ်ယာပေါ်မှ ခုန်ထလိုက်ကာ ဉာဏ်ရည်မြင့်စက်ရုပ်ကို ဖယ်ထုတ်လိုက်သည်။ သူမက အလင်းဦးနှောက်ကို ရုတ်တရက် ဖွင့်ပြီးနောက်တွင် ယွမ့်ထန်း၏ဝေ့ပေါ်ကို မြင်လိုက်ရကာ မျက်နှာက ဒေါသတကြီးနီရဲသွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘာလို့ ဒီလူတွေက ငါ့ကိုကျိန်ဆဲနေတာလဲ”
သူမကမကျေနပ်စွာအော်သည်။
“ငါက သူ့အမေလေ၊ သူက သေချာပေါက် ငါ့ကိုထောက်ပံ့သင့်တာပေါ့”
ဝေ့ကျိုးက ထိုမိန်းမကို အေးစက်စွာကြည့်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါက ခင်ဗျားကို အရင်ဆုံးမေးချင်နေတာက ခင်ဗျားပြောတော့ သူက ဘာပိုက်ဆံမှ မပေးထားဘူးဆို၊ ပေးတဲ့ပိုက်ဆံကလည်း ဘယ်လောက်မှ မများဘူးဆို၊ ခင်ဗျားပြောတော့ ခင်ဗျားက မတရားခံရပြီး ခါးသီးစွာ ရင်ဆိုင်နေရတယ်၊ သူက ခင်ဗျားကို မျက်နှာချင်းတောင် မဆိုင်ရဲဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ဒါဆိုရင် အခုက ဘာလဲ”
ဝေ့ကျိုးက ခိုင်ရှင်းကို ဒေါသတကြီးအော်သည်။
ထိုအမျိုးသမီးက ရဲ့သခင်လေး၏လူများ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ယခင်က ရဲ့သခင်လေးက သူ့အားငှားကာ ယွမ့်ထန်းကို ဒုက္ခရောက်အောင် လုပ်ခိုင်းခဲ့သည်။ ယခုကဲ့သို့ အဆင်သင့် အခွင့်အရေးတစ်ခု ရရှိလာသည့်အခါ သူက သဘာဝကျကျ လက်လွတ်မခံခဲ့ချေ။ သို့သော် ယခုအခါမှသာ ယွမ့်ထန်းတွင် အဆက်အသွယ်များ များနေခဲ့ပြီး သူ့အားနောက်ကွယ်မှ ထောက်ပံ့ပေးသူများလည်း ရှိနေခဲ့သည်။ ရဲ့သခင်လေးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်လျှင် ဒုက္ခရောက်မည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ဒုက္ခပေးနေခြင်းလည်း ဖြစ်သည်။ ဝေ့ကျိုးက ယွမ့်ထန်းကို အရိုးထဲထိအောင် မုန်းတီးနေပြီး ထိုကိစ္စကို ကိုင်တွယ်နိုင်မည်ဟု ရဲ့သခင်လေးက တွေးတောခဲ့ခြင်းလည်း ဖြစ်သည်။ ဝေ့ကျိုးက စွန့်ပစ်ခံရပြီးသားဖြစ်သည်။ ကိစ္စများကသာ ဆိုးရွားလာလျှင် သူကပင် အပြစ်အားလုံးကို ဝန်ခံပြီး ရဲ့သခင်လေးကမူ ထိုကိစ္စနှင့်ပတ်သက်ဆက်နွယ်နေလိမ့်မည် မဟုတ်ချေ။ သို့သော် ရဲ့သခင်လေး မသိသည်မှာ ဝေ့ကျိုးအမုန်းဆုံးလူက ရဲ့သခင်လေးဖြစ်နေခြင်း ဖြစ်သည်။
ပြောရလျှင် ဝေ့ကျိုးက ထိုခိုင်ရှင်းဆိုသောအမျိုးသမီးကို မြင်ကတည်းက ထိုအမျိုးသမီး၏မျက်နှာအစစ်အမှန်ကို သိခဲ့သည်။ ထိုအမျိုးသမီးက တစ်ကိုယ်ကောင်းဆန်ပြီး ပိုက်ဆံကိုသာ အလွန်အမင်း ချစ်မြတ်နိုးကာ ဆင်းရဲစွာ နေခဲ့ရသော သားငယ်ကို ပြုစုပျိုးထောင်နေရသည့် လွတ်လပ်သည့် မိခင်ကောင်းမဟုတ်မှန်း နားလည်နေခဲ့သည်။ သူက ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာကြာအောင် သတင်းထောက်တစ်ယောက် ဖြစ်ခဲ့သည့်အတွက် လူကဲခတ် တော်လေသည်။
သို့ရာတွင် သူက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ပြီး သူမ ဒုက္ခရောက်မည်ကို စောင့်ကြည့်ခဲ့သည်။ ထို့ကြောင့် သူက ဗီဒီယိုကို ထုတ်ကာရဲ့သခင်လေးထံပို့ ပေးခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ရဲ့သခင်လေးက ယုံကြည်ခဲ့သည်။ ဒါက ယွမ့်ထန်း ဘဝကို ခက်ခဲစေလောက်မည့် အဓိကအခွင့်အရေးကြီးဟု သူက လက်ခံခဲ့သည့်အတွက် ရဲ့သခင်လေးက စိတ်လှုပ်ရှားစွာပင် ယွမ့်ထန်းကို ဒုက္ခပေးရန် ညွှန်ကြားခဲ့ခြင်းလည်း ဖြစ်သည်။
သူကသာ ယွမ့်ထန်းကို တိုက်ခိုက်နိုင်မည်ဆိုလျှင် ပျော်ရွှင်စရာ ကောင်းပေလိမ့်မည်။ သို့သော် ထိုကိစ္စက အတည်ပြုရန် ထိုမျှအထိ မရိုးရှင်းချေ။ သူကသာ ရေတပ်များကို ငှားရမ်းပြီး ပြည်သူ့အမြင်ကို လမ်းကြောင်းပြောင်းရန် ကြိုးစားမည်ဆိုလျှင် တိုက်ပွဲက အနည်းငယ်ကြာအုံးမည် ဖြစ်သည်။ တစ်ရက်နှစ်ရက်ခန့် ကြာပြီးနောက်တွင် ပြည်သူများက စိတ်မရှည်တော့သည့်အတွက် ထိုကိစ္စကို အာရုံစိုက်ရန် ပျင်းရိသွားပေလိမ့်မည်။ ယွမ့်ထန်းက အဆုံးတွင် မည်မျှပင် သက်သေပြနေစေကာမူ ထိုလူများက သူက မသိတတ်သော သားတစ်ယောက်အဖြစ်သာ မြင်သွားကြအုံးမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယွမ့်ထန်းက မည်သို့သောအချိန်တွင်မျှ သူ၏ထိုအတိတ်ဆိုးအကြောင်းကို ဆေးကြောနိုင်တော့မည်မဟုတ်ချေ။
သို့သော် သူ မမျှော်လင့်ထားမိသည်မှာ ယွမ့်ထန်း၏ တုံ့ပြန်မှုက အလွန်မြန်ဆန်နေသည်။ သူ တိုက်ခိုက်ပြီး နာရီအနည်းငယ်ကြာသည်နှင့် ပြန်လည်တိုက်ခိုက်လာသည်။ ပို၍ဆိုးရွားသည်မှာ မာရှယ်ဟော်နှင့် အကယ်ဒမီဥက္ကဌမှလည်း ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးခြင်း ဖြစ်သည်။ သူ၏ ယခင်ဖျော်ဖြေရေး ကုမ္ပဏီကလည်း မှတ်တမ်းများကို ထုတ်ပြလာသည်။ ထိုသို့တိုက်ရိုက်ဆန်ပြီး ရှင်းလင်းသော တန်ပြန်တိုက်ခိုက်မှုက ပြည်သူ့အမြင်ကို ချက်ချင်းဆိုသလို ပြောင်းလဲသွားစေခဲ့သည်။
ဒါပေမယ့် ဒါက မှန်တာပဲ။
သူက ခိုင်ရှင်းကို ခက်ထန်ကြမ်းတမ်းသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ တစ်ဖက်သူက တောင့်တင်း သွားတော့သည်။
“ဘာလဲ၊ ငါ ဘာ ဘာလုပ်ရမလဲ၊ ငါသာ အဲဒီလိုမပြောရင် နင်က ငါ့ကိုကူညီမှာလား”
သူမက လည်ကိုဆန့်လျက် ကိုယ့်ကိုယ်ကို ခုခံရန်ကြံစည်သည်။ သူမက ဖိအားများပြီး ကူကယ်ရာမဲ့ကာ မေးလိုက်သည်။
“ငါ အခု ဘယ်လိုလုပ်ရမလဲ”
သူမက ရူးကြောင်ကြောင်နိုင်ကာ အဆိပ်ပြင်းသော မိန်းမတစ်ယောက် ဖြစ်သော်လည်း မမျှော်လင့်ထားစွာပင် ရဲ့သခင်လေးနှင့် ပုံသဏ္ဍာန်တူနေသည်။
ဝေ့ကျိုးက သူ၏ထိတ်လန့်နေသော အမူအရာကို ခပ်ရိုင်းရိုင်း ကြည့်ပြီးနောက်တွင် ဖြည်းညင်းစွာပြောလိုက်သည်။
“ခင်ဗျားက ဘာကိုကြောက်နေတာလဲ၊ ငါတို့မှာ နောက်ထပ် အကြံမရှိသေးဘူးလား”
သူတို့၏ ကြိုတင်ပြင်ဆင်ထားသော အကြံက ယွမ့်ထန်းမဟုတ်ချေ။
“ဟီး ဟီး အဲဒီအချိန်ကျရင် အဆင့်အတန်းမြင့်ကာ အာဏာကြီးလှပါတယ်ဆိုတဲ့ ရဲ့သခင်လေး ဘယ်လိုမျက်နှာအမူအရာ ဖြစ်သွားမလဲ သိချင်ပါသေးတယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now