part 34

1.7K 197 6
                                    

Unicode
အပိုင်း (၃၄) ဇိမ်ခံ စားပွဲ
အကယ်ဒမီက သူ ထင်ထားသည်ထက် ပိုပြီး စိတ်၀င်စားဖွယ်ကောင်းနေသည်။ လေထုကလည်း နေချင်စဖွယ်ဖြစ်သည်။  သူတို့ကသာ  သူ လိုချင်သည့် ပစ္စည်းများကို ထုတ်နိုင်ခဲ့လျှင် သည်နေ့ ခရီးတိုက အလကား မဖြစ်တော့ပေ။
“ကိုယ်ကသာ ကျေးဇူးတင်ရမှာပါ။ မင်းက ပစ္စည်းကောင်းတွေ ယူလာတာပဲလေ”
“ကောင်းပါပြီ”
ယွမ့်ထန်းကလည်း ပျော်ရွှင်စွာ သဘောတူလိုက်သည်။ ထို့နောက် သူက ငရုတ်အနှစ် ပုလင်းကို ထုတ္ကာ ဟော်ယွန်ရီကို ပေးသည်။
“အစ်ကိုကြီး ဟော်ကိုပဲ ဒုက္ခပေးရတော့မယ်။ ဒီငရုတ်ဆီ ပုလင်းလေးကို မာရှယ်ဟော်ကို ပေးပေးနိုင်မလား။ သူက အစပ်ကြိုက်တာ သတိထားမိလို့ပါ”
ဟော်ယွန်ရီက မျက်ခုံးပင့်သည်။ ယွမ့်ထန်းက သူ၏ အရူးညီအတွက် ပေးစရာ တစ်ခု ယူလာမည်ဟုပင် မထင်ထားမိပေ။
ကြည့်ရတာ ဒီနေ့တော့ အံ့သြစရာလေး သူရတော့မှာပေါ့လေ။
ဟော်ယွန်ရီက ငရုတ်ဆီပုလင်းကို ယူသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်လာ၏။ သူက ယွမ့်ထန်း၏ ပခုံးကို တရင်းတနှီး ပုတ်သည်။
“ဘက်လိုက်ခံရတာ မကောင်းဘူး မင်း သိလား”
သူ ဆိုလိုသည်ကို နားလည်သော ယွမ့်ထန်းကလည်း ခပ်မြန်မြန် ခေါင်းညိတ်သည်။
“ကောင်းပါပြီ နောက်တစ်ခါကျရင် ကျွန်တော် နှစ်ပုလင်း လုပ်လိုက်ပါ့မယ်”
ဟော်ယွန်ရီက သဘောကောင်းပြီး လိုက်ပို့မည်ဟု ပြောသောစကားကို သူ ငြင်းလိုက်သည်။ သူက အလင်းဦးနှောက်ကိုသာ ဖွင့်လျက်  ကားပ်ံကို ခေါ်သည်။
ယွမ့်ထန်းက ယနေ့ညမှာလည်း တိုက်ရိုက် ထုတ်လွှင့်ချင်သည်။ ထို့ကြောင့် ယခုသာ မပြန်လျှင် သူ၏ ပရိသတ်များက စိုးရိမ်လာတော့မည်။
အပြန်လမ်းတွင်  ယွမ့်ထန်းက ဒီညအတွက် ချက်မည့်စာရင်းကို တွေးနေလိုက်သည်။ မနက်ပိုင်းက  ဒီည အစားကောင်း သောက်ကောင်းများ ပြင်ဆင်ပေးပါမည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် ညစာအတွက် ကောင်းကောင်း လုပ်ရန် တွေးမိသည်။
အသားဟင်း နှစ်ပွဲ၊ အရွက်ဟင်း တစ်ပွဲနှင့် စွပ်ပြုတ်တစ်ခွက်ဆိုလျှင် အဆင်ပြေလောက်သည်။ ညဘက်ဖြစ်သည့်အလျောက် အဆီများပြီး အီနိုင်သော ဟင်းများ သို့မဟုတ် ရှုပ်ထွေးသော ဟင်းများလည်း မလုပ်ချင်ပေ။ ထို့ကြောင့် ညနေခင်း မီနူးကို ခပ်မြန်မြန် ဆုံးဖြတ်လိုက်သည်။ အသားဟင်းအတွက် ငရုတ်ပွ အစာသွပ်နှင့် အသားလုံးကို ချင်းဆော့စ်နှင့် တွဲလုပ်လိုက်မည်။ အရွက်ဟင်းအတွက်ဆိုလျင် ဟင်းနုနယ်ရွက်ကြော်က အဆင်ပြေသည်။ စွပ်ပြုတ်ကို ခရမ်းချဉ်သီး စွပ်ပြုတ်ဆိုလျှင် သင့်လျော်သည်။
ထိုသုံးမျိုးကို ဟင်းပွဲတစ်စုံစာအဖြစ်ပင် သုံးနိုင်သေးသည်။ ထိုသို့ဆိုလျှင် သည်ည မဲကို အားလုံး သဘောကျကြလိမ့်မည်။
ယွမ့်ထန်းက ရှော့ပင်းဆိုက်ထဲ ၀င်ပြီး အမှာသစ် တင်သည်။ သူ့တွင် နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှရသည့် ၀င်ငွေက ဂဏန်းငါးလုံးအထိ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ဈေး၀ယ်သည့်အခါ တန်ကြေးကို ထည့်တွက်ရန် မလိုတော့ပေ။သူ လိုချင်သည်အား ရိုးရှင်းစွာသာ ၀ယ်နိုင်သည်။ သူ အိမ်သို့ ရောက်သည်နှင့် ရေအရင် ချိုးသည်။
သူက စိတ်အေးလက်အေး ရေချိုးနေချိန်တွင် သူ၏ အိမ်တော်ထိန်းက လာပို့သမျှကို မီးဖိုခန်းသို့ ပို့ပြီးဖြစ်သည်။ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်ခြင်း မျက်ကပ်မှန်ကို တပ်ကာ စတင်သည်။
“အားလုံးပဲ မင်္ဂလာ ညနေခင်းပါ၊ ကိုယ်က တင်ဆက်သူ ယွမ့်ထန်းပါ။ ဒီညနေမှာ ကိုယ်က မင်းတို့ကို ငရုတ်ပွ အစာသွပ်၊ ချင်းဆော့စ်နဲ့ အသားဖြူ၊ ဟင်းနုနယ်ရွက်ကြော်နဲ့ ခရမ်းချဉ်သီး စွပ်ပြုတ်တို့ကို ချက်ပြမှာ ဖြစ်ပါတယ်”
[ နဂါးငွေ့တန်းနဲ့ အေ၀းအေ၀းဆုံးမှာ : ၀ိုး ဟင်းလေးမျိုးတောင်ပါလား။ တင်ဆက်သူက အရမ်း ကောင်းတာပဲ]
[မြင်းငပျင်း: ကြည့်ရတာ ငါ အကောင်းစား စားပွဲနဲ့ ဆုံတော့မှာပါ ]
[ သာမန် ရုပ်ရည်တော့ မဟုတ်ဘူး :  တင်ဆက်သူကို သလင်းပန်းတွေ ကမ်းလှမ်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး အစားကောင်းလေးတွေ အများကြီး အများကြီး လုပ်ပေးပါ!!!!!!]
“ဒီနေ့ရဲ့ ဒီဟင်းပွဲတွေက လုပ်ရတကယ် ရိုးရှင်းပါတယ်။ မင်းတို့ စိတ်၀င်စားရင် လေ့လာပြီး ကိုယ်တိုင် စမ်းကြည့်နိုင်ပါတယ်”
ယွမ့်ထန်းက ငရုတ်ပွ အစိမ်းငါးတောင့်ကို ယူသည်။
“ကိုယ်တို့ ငရုတ်ပွ အစာသွပ်ကို အရင် လုပ်ကြရအောင်။ လိုအပ်တဲ့ ပါ၀င်ပစ္စည်းကတော့ ငရုတ်ပွ အစိမ်းနဲ့  သုံးထပ်သားဆိုရင် ရပါပြီ”
အစိမ်းရောင် ငရုတ်ပွ တစ်တောင့်ချင်းစီတိုင်းက ကြီးမားပြီး တုတ်ခဲကာ စိမ်းစိုနေသဖြင့် လက်ဆတ်ကြောင်း သိသာသည်။ မည်သို့ပင်ဆိုစေ သည်ပါ၀င်ပစ္စည်းများကို အကယ်ဒမီ သိပ္ပံထံမှ ၀ယ်ယူထားခြင်းဖြစ်သည်။ ထို့ကြောင့် အရည်အသွေးအတွက် စိတ်ပူရန် မလိုပေ။
သူက ငရုတ်ပွများ၏ ရိုးတံကို ဦးစွာ ဖြုတ်သည်။ထို့နောက် ဘေးဘက်တွင် ရေဆေးလိုက်သည်။ ဆေးပြီးသည်နှင့် ရေစစ်ပြီးမှ ဘေးဘက်တွင် ခဏ ဖယ်ထားလိုက်သည်။
သူက ၀က်သားတုံးကြီး တစ်တုံးယူကာ ကြိတ်ချေရန် တဒုတ်ဒုတ် ခုတ်ပိုင်းသည်။ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီးနောက်  အညှီနံ့ ပျောက်စေရန် နှပ်ထားလိုက်သည်။  ငရုတ်ပွကို တခြမ်းခြမ်းသည်။ အပေါက်ဖြစ်သွားသည်မှာ လှေငယ်လေးနှင့်ပင် တူနေသေးသည်။ အစာသွပ်အသားများက ထိုလှေငယ်ငရုတ်ပွစိမ်းထဲ အသွပ်ခံရသည်။ထို့နောက် ပြုတ်အိုးထဲ ထည့်လိုက်သည်။ ပြုတ်ပြီးသည်နှင့် ပြီးလေပြီ။
“ငရုတ်ပွစိမ်းကို မိနစ်နှစ်ဆယ်တော့ ပေါင်းထားဖို့လိုမယ်။ စောင့်နေတဲ့အချိန်မှာ ကိုယ်တို့ အသားဖြူနဲ့ ချင်းဆော့စ်လေး လုပ်ရအောင်”
ထိုဟင်းပွဲအတွက် အဓိက ပါ၀င်ပစ္စည်းကလည်း ၀က်သားဖြစ်သည်။ အဆီအသား သုံးရမည်ဖြစ်သဖြင့် သူက ၀က်ဗိုက်သား အတုံးကြီး သုံးတုံး ၀ယ်ထားသည်။ တစ်တုံးကို အစာသွပ်အတွက် သုံးလိုက်သည်။ ကျန်သော နှစ်တုံးကို အသားဖြူ ချင်းဆော့စ်အတွက် သုံးရန် တွေးထားသည်။
“ဒီအသားကိုတော့ အစာမိနစ်လောက် ချက်ဖို့ လိုတယ်။ ဆိုတော့ ကိုယ်တို့ ခရမ်းချဉ်သီး စွပ်ပြုတ်(ဟင်းရည်)ကို ချက်ကြရအောင်”
ဟင်းနုနယ်ရွက်ကြော်သည်က ရိုးရှင်းသည်။ မိနစ်အနည်းငယ်ခန့်သာ လိုသည်။ထို့အတွက် နောက်ဆုံးမှ လုပ်ရန် ဆုံးဖြတ်ထားသည်။ မဟုတ်လျင် အေးသွားပေလိမ့်မည်။
[ ဧပြီလရဲ့ လည်ပင်းထောင်လေးက တို့ထိနေတယ် : ဟူးဟူးဟူး ငါ မစောင့်နိုင်တော့ဘူး ဘယ်လိုများ စောင့်နိုင်မှာလဲ]
[ပျံလွှားငှက်လေးက ပျံ ပျံ ပျံ: အဟင့် အဟင့်  ငါ အနံ့ရနေပေမဲ့ မစားနိုင်ဘူး QAQ ]
ယွမ့်ထန်းလည်း ရယ်လိုက်မိသည်။ သူက  ရေခဲသေတ္တာထဲမှ  သခွားသီးတစ်လုံးကို ထုတ်လိုက်ပြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပြီး  သခွားအေး ဆလတ်လုပ်ရန် ပြင်ဆင်သည်။ ထို့နောက် ကြည့်ရှုသူများ၏  နှလုံးသားကို ဖြေသိမ့်ရန် ပေးလိုက်၏။
[  စာရွက်လိုအမြီးနဲ့ ယုန်: အိုး တင်ဆက်သူက ကောင်းလိုက်တာ ]
ခရမ်းချဉ်သီး စွပ်ပြုတ်လုပ်သော နည်းလမ်းများစွာ ရှိသည်။ ယေဘူယျအားဖြင့်  အနောက်ပိုင်း စားသောက်ဆိုင်များလုပ်သည့် ခပ်ပျစ်ပျစ် စွပ်ပြုတ်က ပါ၀င်ပစ္စည်းများသည်။  ပါ၀င်ပစ္စည်းများ လိုအပ်ချက်ကြောင့် တရုတ်စတိုင် စွပ်ပြုတ်သာ ယွမ့်ထန်း လုပ်ရသည်။ဒါက အိမ်ချက်ပုံစံဖြစ်သည်။ မည်သို့ပင်ဆိုစေ အဓိက ပါ၀င်ပစ္စည်းရှိနေသမျှ အရသာက ကောင်းနေမည်ဖြစ်သည်။
သူက အသားကို ဆေးကြောပြီးနောက် အတုံးငယ်လေးများ တုံးသည်။ ရိုးရှင်းသော ပုံစံအတိုင်း အိုးထဲ ရေအေးထည့်ပြီး ဆူပွက်လာစေလိုက်သည်။ထို့နောက် သွေးများ ဆေးကြောသန့်ရှင်းပြီးသော အသားကို ထည့်သည်။ ထို့နောက် ရေတစ်ခါ ထပ်လဲသည်။ပြီးမှသာ  ကြက်သွန်နီနှင့် ချင်းထည့်ပြီး အပူချိန်နိမ့်နိမ့်ထားကာ နှပ်ထားလိုက်သည်။ဒါက နာရီ၀က်ခန့်နီးပါး ချက်ရမည်ဖြစ်သည်။
ကံကောင်းသည်မှာ ထိုအချိန်တွင် ငရုတ်ပွ အစာသွပ်က ကျက်နေလေပြီ။ ထို့နောက် ၀က်သားအိုးမှ မီးကိုလည်း ပိတ်ထားနိုင်ပြီဖြစ်သည်။
မီးပိတ်လိုက်ပြီးနောက်  အဖုံးကို မအုပ်လိုက်ပေ။ ကျန်သော အပူဖြင့် ဆက်နှပ်ထားလိုက်သည်။ ဒါက ၀က်သားကို ကောင်းကောင်း ကျက်စေလိမ့်မည်။
သူ ပြုတ်အိုးကို ဖွင့်လိုက်ချိန်တွင် အပူရှိန်နှင့်အတူ ခပ်ပြင်းပြင်း အသားနံ့က ထွက်လာသည်။ ပရိသတ်များအားလုံး သွားရည်ကျကုန်တော့သည်။
အစာသွပ်ကတော့ ရပါပြီ။ ဆိုတော့ အားလုံးပဲ အခု မြည်းစမ်းကြည့်လို့ရပါပြီ။ အာ ပူတယ်နော် သတိထားကြပါဦး
ငရုတ်ပွများကို ပန်းကန်အတွင်း ထည့်ပေးပြီးသည်နှင့် ယွမ့်ထန်းက  တစ်ခုကို လှီးပေးကာ အရသာခံရလွယ်စေရန် လုပ်ပေးသည်။
[ အားချုံအီ: အရသာ ရှိလိုက်တာ တအားချို]
[ID20762441: ငရုတ်ပွစိမ်းရဲ့ အပြင်သားက အတော်စပ်တယ်။ ဒါပေမဲ့ အိနေတာပဲ။ အတွင်းက အသားကတော့ အရသာ အရှိဆုံးပဲ။ ရိုးရိုးလေးနဲ့ကို အရသာရှိတာ]
[  တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ပြီး ချက်နည်းပြုတ်နည်း သင်ယူနေသူ:  ဒီဟင်းက တကယ် လုပ်ရလွယ်ပြီး အရသာလည်း တအားကောင်းတယ်]
ငရုတ်ပွ၏ အပြင်သားကို နူးအိနေသည်အထိ ပေါင်းထားသဖြင့် အစပ်ဓာတ်အများစုက ပျောက်သွားပြီဖြစ်သည်။ ခပ်စပ်စပ် အရသာ ပါးပါးလောက်သာ ကျန်ရှိတော့၏။ယခုဆိုလျင် ဖျော့တော့တော့ ရနံ့ပင် ထွက်နေလေသည်။ အသားက ကြာရှည်စွာ ပေါင်းထားသဖြင့် အရည်ဓာတ်အများစုကို ငရုတ်ပွက စုပ်မိသွားသည်။ ထို့ကြောင့် တစ်ကိုက်နှင့်တင်  ခပ်ကဲကဲ အရသာက ပါးစပ်ကို လွှမ်းမိုးသွားသည်။  နူးညံ့သော်လည်း အိစက်နေသည်ထိ မဟုတ်ပေ။ ခြုံပြောရလျင် ခပ်စပ်စပ် အရသာနှင့် ချိုမြိန်မှုက ရောထွေးနေလေသည်။ရိုးရှင်းသော ဟင်းလျာဖြစ်နေသော်လည်း မထင်ထားလောက်အောင် ကောင်းလွန်းသည်။
ပြောရလျှင် ငရုတ်ပွစိမ်းက ပေါင်းထားရုံသာမက ကြော်၍လည်း ရသည်။ ထိုသို့ဆိုလျှင် အရသာက ပိုပြင်းသွားမည်ဖြစ်သည်။ သို့သော် ယွမ့်ထန်းကမူ  အဆီများသည်ဟု ထင်သည်။ ယခုက နွေရာသီ ညနေခင်းဖြစ်သည်။ ထို့ကြောင့် ခပ်ပေါ့ပေ့ါသာ စားသင့်သည်။
ထိုအချိန်တွင် ၀က်သားက အသင့်ဖြစ်လေပြီ။  ယွမ့်ထန်းက စွပ်ပြုတ်အိုးထဲမှ ၀က်သားကို ထုတ်ပြီး ခပ်ပါးပါး လှီးသည်။ ခပ်ညီညီ လှီးပြီးနောက် ပန်းကန်ပြားပေါ် တင်သည်။  ဒါကို အသားဖြူဟု သတ်မှတ်နို်င်သည်။ ထပ်ပေါင်းဆိုရသော် သူက ပန်းကန်လုံးငယ်လေးကို ယူပြီး ချင်းကို ထည့်သည်။ ထို့နောက် ပဲငံပြာရည်၊ဆားနှင့် သကြားဖြူ နည်းနည်း ထည့်သည်။ ထို့နောက် ရောမွှေကာ အသားဖြူလွှာများအပေါ် အညီအမွ် ဖြူးသည်။ ထိုသို့ဖြင့် အသားဖြူ  ချင်းဆော့စ်က ပြီးဆုံးသည်။
“အသားဖြူနဲ့ ချင်းဆော့စ်လည်း ပြီးပါပြီ။  အားလုံးပဲ လာမြည်းနိုင်ပါပြီ”
ပန်းကန်ပြား အလယ်တွင်  ငရုတ်ဆီ နည်းနည်းထည့်လိုက်သေးသည်။ ဒါက အစပ်ကြိုက်သူများအတွက် အဆင်ပြေသည်။
[ မေပယ်ပန်း ရွှယ်ဝေ့်: ဘုရားရေ စားလိုက်ဖို့တောင် နှမြောဖို့ ကောင်းလွန်းနေပြီ]
အချိန် လုံလောက်သောကြောင့် ယွမ့်ထန်းက ရိုးရိုးရှင်းရှင်းဖြင့် အသားကို ပြင်ဆင်ခဲ့တာဖြစ်သည်။ တစ်လွှာချင်း ပုံဖော်ဖြစ်လိုက်သဖြင့် ပန်းတစ်ပွင့်ကဲ့သို့ အလွှာ အထပ်ထပ်ဖြစ်နေသည်။ နောက်ဆုံး တစ်လွှာကို အဖူးပုံစံလုပ်ထား၏။ လှီးထားသည်မှာ ပါးသဖြင့်  ဖောက်မြင်နိုင်လေသည်။ ထို့နောက် ချင်းဆော့စ်ကို စမ်းလိုက်သောအခါ အသားဖြူကို အနီရောင်ဆော့စ်ဖြင့် အလှဆင်သလိုဖြစ်သွားသည်။  ပန်းတစ်ပွင့်၀န်းကျင်က ခပ်ရဲရဲဖြစ်နေတော့၏။ကြမ်းတမ်းသော တောင်ထိပ်မှ မီးတောင်အသစ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် တူသွားသည်။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး :  ကြည့်လို့ ဘယ်လောက် လှလှ ငါတော့ စားတာ မရပ်နိုင်တော့ဘူး]
[ အရမ်း အရမ်း ဗိုက်ဆာတယ် : ဟုတ်တယ်။ ငါ စားတောင် စားနေပြီ. အရသာ ရှိလိုက်တာ ဆောစ့်မပါရင်တောင်  အရသာရှိပြီးသားပဲ။ ဆောစ့်နဲ့ပေါင်းလိုက်တော့ ပိုကောင်းသွားတယ်။ ငါ ကောင်းကင်ဘုံတောင် တက်လိုက်နိုင်ပြီလို့ တွေးလိုက်တာ]
[ ခီခစ်:  တင်ဆက်သူက တကယ် အ့ံသြဖို့ကောင်းတယ်။ တင်ဆက်သူရဲ့ လက်ထဲမှာ ဘာမဆို အရသာရှိသွားနိုင်တယ်]
အသားဖြူက နူးညံ့သည်အထိ အနှပ်ခံထားရသည်။ ထို့နောက် ချင်းနှင့် အရသာရှိသော ပဲငံပြာရည် ဆောစ့်ဖြင့် ပေါင်းလိုက်သော် မအီဘဲ မရပ်နိုင်အောင် တစ်ကိုက်ပြီး တစ်ကိုက် စားချင်စိတ်ဖြစ်လာစေလေ၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now