part 8

1.8K 266 2
                                    

Unicode

အပိုင်း (၈) ပုစွန် ဖက်ထုပ်
မနေ့ညက အဖြစ်အပျက်များကို ယွမ့်ထန်း မသိပေ။ သူသည် ချိန်အကြာကြီး အိပ်ပြီးနောက် ဗိုက်မှ တဂွီဂွီ အသံကြားရတော့မှသာ နိုးလာသည်။ သူ ဗိုက်ကိုပွတ်ပြီး ယခင်ဘဝကကဲ့သို့ မနက်စာမှာ မစားနိုင်ခြင်းကို စိတ်ပျက်သွားရသည်။
သူသာ မနက်စာကို လှမ်းမှာထားပြီး ဆက်အိပ်နိုင်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။
" မဟုတ်သေးဘူး မဟုတ်သေးဘူး ငါ အခုထပြီး တိုက်ရိုက် ထုတ်လွှင့်ရမယ်"
ယွမ့်ထန်းက ရေရွတ်နေရင်း စောင်ကို တင်းတင်းဆုပ်ကိုင်ကာ အိပ်ရာထဲ အကြိမ် အနည်းငယ် လှိမ့်နေလိုက်သည်။
ထို့နောက် အလင်းဦးနှောက်ကို ကျွမ်းကျွမ်းကျင်ကျင် ဖွင့်ကာ ရှော့ပင်းဆိုက်ထဲ ဝင်လိုက်ကာ ပါဝင်ပစ္စည်းများကို ကြည့်သည်။ သိပ်မကြာခင်အချိန်က အကယ်ဒမီသည် လုံခြုံဘေးကင်းစွာ စားသုံးနိုင်သော ဟင်းအမယ်အသစ် တစ်မျိုးကို ထုတ်ပြန်ထားသည်။ သည်လို စစ်ဆေးလိုက်သဖြင့်လည်း ကောင်းတာလေးကို မလွတ်သွားခြင်းဖြစ်သည်။
အာလူးကို အကယ်ဒမီက မိတ်ဆက်ထားသည်မှာ ရက်အနည်းငယ် ကြာနေလေပြီ။ သို့တိုင် နည်းလမ်းတကျဆိုလျှင် အသစ်တစ်ခု ထုတ်ပြန်ကြေညာရန်မှာ မဖြစ်နိုင်သေးချေ။ သို့သော် ယခုမူ အပြာရောင် စာလုံးဖြင့် ရေးထားသော စာတွေကို သူကိုယ်တိုင် မြင်လိုက်ရပြီဖြစ်ကာ မျက်လုံးပင် ပြူးသွားတော့သည်။
" ...."
သူ ခပ်မတ်မတ် ထထိုင်လိုက်သည်။ သူ့မျက်နှာတွင် အပြုံးက ပေါ်လာ၏။
ပုစွန်ပဲ။
ပုစွန်သည် ယွမ့်ထန်းအကြိုက်ဆုံး စားစရာဖြစ်သည်။
ကင်ပဲကင်ကင်၊ ပြုတ်ပဲပြုတ်ပြုတ်၊ ဖုတ်ပဲဖုတ်ဖုတ်၊ ဒါမှမဟုတ် အကင်မှုန့်နဲ့ တစ်ဝက်ကြော်တာပဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲ ပြောင်းပြောင်း တစ်ခုချင်းစီတိုင်းက ထူးကဲတဲ့ အရသာကို ရလိမ့်မယ်။ ပုစွန်အရသာကို အခြား ပါဝင်ပစ္စည်းတွေက လွှမ်းမိုးဖို့ ခက်တယ်။ သူ့ရဲ့ ထူးကဲတဲ့ အရသာကို ဘယ်လိုနည်းလမ်းနဲ့ပဲ ချက်ချက် ဖုံးလွှမ်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ပုစွန်က နတ်သုဒ္ဓါလို့တောင် သုံးလို့ရသေးတယ်။
အလွန်ကြီးမားသော ပုစွန်အရှင်ကို ကြည့်ရင်း ယွမ့်ထန်းစိတ်ထဲ ချက်နိုင်သည့် နည်းလမ်းရာကျော် ပေါ်နေလေပြီ။
ပုစွန်ကြော်၊ ပုစွန်​ ပဲငံပြာရည်ကြော်၊ ပူနွေးပြီး ကြွပ်ရွနေမဲ့ ပုစွန်၊ ချဉ်ငံစပ် ပုစွန်၊ ယွီရှန်း ပုစွန်(ပုစွန်အစပ်ချက်)၊ ပုစွန်ငမူး၊ ရွှေဖီးနစ်အမြီး ပုစွန်၊ ရွှေနံနတ် ပုစွန်၊ လက်ဆတ်တဲ့ ပုစွန်နဲ့ သခွားသီးကြော်၊ ကိုလာ ပုစွန်၊ အမေရီကန် စတိုင် ပုစွန်ကင်...
တွေးလိုက်ရုံဖြင့် သူ သွားရည် မထိန်းနိုင်တော့ပေ။ သို့သော် ခပ်မြန်မြန် စိတ်ငြိမ်သွားပေသည်။ သူ့ခန္ဓာကိုယ်၏ လက်ရှိ အခြေအနေဖြင့် အစာကျေမလွယ်တာမျိုးနှင့် အစာမာများ စားမရသေးပေ။ သူ ပေ့ါပေါ့ပါးပါးသာ စားသင့်သည်။
အတန်ကြာ လွန်ဆွဲနေပြီးနောက် ထိုမနက်စာကို ပုစွန် ရှောင်လုံပေါင် ( ပုစွန်ဖက်ထုပ်) စားရန် ဆုံးဖြတ်လိုက်သည်။
ဖက်ထုပ်ပြုတ်ဟာ ယွမ့်ထန်း၏ မွေးရပ်မြေမှ အဆာပြေစာ ဖြစ်သည်။ တစ်ခုချင်းစီက သေးငယ်ကာ တစ်လုတ်တည်းဖြင့် စားနိုင်သည်။ တုတ်ခဲနေသော ဖက်ထုပ်လေးက ပါးစပ်ထဲ အရသာရှိသည့် အရည်များင့်အတူ ပျော်ကျသွားလိမ့်မည်။ ဖက်ထုပ်များကို အချဉ်ခွက်၊ အစပ်ခွက်တို့ ဘေးတွင်ထား၊ စွပ်ပြုတ်ပူပူလေးတို့ဖြင့် ပေါင်းလိုက်လျှင် နတ်သုဒ္ဓါအဖြစ် ပြောင်းသွားပေလိမ့်မည်။
သို့သော် သူက ဖက်ထုပ်ပြုတ်လုပ်လိုလျှင် ပြုတ်အိုး လိုပေလိမ့်မည်။ မီးဖိုခန်းထဲတွင် မရှိကြောင်း သေချာနေသဖြင့် ရှော့ပင်းဆိုက်မှ မီးဖိုချောင်သုံး ပစ္စည်းများ ရောင်းရာ နေရာသို့ သွားကြည့်လိုက်သည်။ ထိုနေရာတွင်သာ မရှိလျှင်သူ ဖက်ထုပ်ပြုတ် စားနိုင်တော့မည် မထင်ပေ။
ကံကောင်းသည်မှာ ရှော့ပင်းဆိုက်၏ မီးဖိုချောင်သုံး ပစ္စည်းစာမျက်နှာတွင် အမှန်တကယ် အသုံးလိုမည့် ပစ္စည်းတိုင်းနီးပါး ရှိနေပေသည်။ အကယ်ဒမီသည် ထိုပစ္စည်းများကို သူတို့ရှာတွေ့သည့် ရှေးဟောင်းစာအုပ်ထဲမှ ကြည့်ကာ လုပ်ထားခြင်းဖြစ်သည်။ သို့သော် ပစ္စည်းတိုင်း၏ အသေးစိတ် အသုံးဝင်ပုံကို ဖော်ပြနိုင်ခြင်း မရှိသေးသဖြင့် ဈေးက ပေါပေသည်။ ထို့ကြောင့် ပစ္စည်းတိုင်း၏ အောက်တွင် အနှစ်ချုပ်ပုံစံမျိုးဖြင့်..' မီးဖိုချောင်သုံး ပစ္စည်း၊ အသုံးပြုပုံ မသိ' ဟု ရေးထားပေသည်။
ယွမ့်ထန်းက မီးဖိုချောင်သုံး ပစ္စည်းများကို အောက်အထိ လိုက်ဆွဲကြည့်နေလိုက်သည်။ သို့သော် ဘတ်ဂျက်က အကန်အသတ်ရှိသဖြင့် သူက ပြုတ်အိုး၊ ကြိတ်စက်နှင့် ဒလှိမ့်တုံးသာ ဝယ်လိုက်သည်။
ထိုအရာများအပြင် ဝက်ခြေထောက်သား၊ ဝက်ခေါက်၊ လက်ဆတ်သော ပုစွန်များနှင့် ပါဝင်ပစ္စည်းများကို ဝယ်လိုက်သည်။ ထို့အပြင် မဲပေါက်သောမုန့်များ ပေးပို့ချိန်တွင် ထည့်ရန် ဘူးခွံလေးများလည်း ဝယ်လိုက်သည်။
အော်ဒါမျယဒ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ယွမ့်ထန်းသည် ဧည့်ခန်းထဲက ဆိုဖာပေါ် ထိုင်ကာ စမတ် အိမ်တော်ထိန်းလေးမှ နွှေးပေးထားသော နို့ကို စုပ်သောက်နေလိုက်သည်။ စမတ် အိမ်တော်ထိန်းလေးက မီးဖိုခန်းကို လှည်းကျင်းနေကြောင်း မြင်ရသည့်အခါ ပြီးပြည့်စုံသလို ခံစားရပေသည်။
သူက ချက်ပြုတ်ရတာကို သဘောကျသည်။ သို့သော် ချက်ပြုတ်ခြင်းသက်သက်ကိုသာ နှစ်ခြိုက်ခြင်း ဖြစ်သည်။ အခြားကိစ္စတများကိုမူ သဘောမကျပေ။ ဥမာအားဖြင့် တံမြက်စည်းလှည်းခြင်း၊ ခုံသုတ်ခြင်းနှင့် ပန်းကန်ဆေးခြင်းတို့ဖြစ်သည်။ ယခင်ကဆိုလျှင် ဆေးရန် ပုံနေသည် ပန်းကန်တွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ဖူးသည်။ ထို့အပြင် ကြင်နာတတ်ပြီး ကြာရှည်ခေါ်ထားနိုင်မည့် အိမ်အကူကို ခေါ်ရန်ကလည်း မသင့်တော်ပေ။ ကျေးဇူးတင်စရာ ကောင်းသည်မှာ ရှောင်ပိုင်က သူ၏ စိုးရိမ်မှုများကို ဖြေရှင်းပေးသည်။
သူ ချက်ပြီးတာနဲ့ ရှောင်ပိုင်က သန့်ရှင်းပြီးသားပဲ။ အရာအားလုံးက သန့်ရှင်း သပ်ရပ်နေရော။ ရှောင်ပိုင်က တကယ့်ကို စိတ်ချရတဲ့ ပါတနာပဲ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ပစ္စည်းများ ရောက်လာသည်။ ယွမ့်ထန်း၏ လမ်းညွှန်မှုဖြင့် ရှောင်ပိုင်က မီးဖိုချောင်သုံး ပစ္စည်းအသစ်များကို တပ်ဆင်သည်။ ထို့နောက် ဟင်းအမယ်များကိုလည်း ယူသွားကာ ယွမ့်ထန်းသုံးနိုင်ရန် အဆင့်သင့် ထားပေးထားသည်။
အရာအားလုံး ပြီးသည့်အခါ ယွမ့်ထန်းက ရှောင်ပိုင်၏ ပခုံးကို ပုတ်သည်။
" မင်းက အရမ်း ကြိုးစားတာပဲ ရှောင်ပိုင်"
ထို့နောက် တိုက်ရိုက် ထုတ်လွှင့်ရန် ပြင်ဆင်တော့သည်။
သူ ပုံမှန်အတိုင်း မိတ်မဆက်ရသေးခင်မှာပင် ဖန်သားပြင်တွင် ပန်းများ၊ မီးပန်းများဖြင့် ပြည့်သွားလေသည်။ ကိုယ်ပိုင် စာမျက်နှာတွင်လည်း နိုတီတွေ တစ်ခုပြီး တစ်ခု တက်လာသည်။ သလင်းတုံးလေးများစွာက ကြမ်းပြင်တွင် ပုံနေသည်။ ယွမ့်ထန်းမှာ သူများ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ မှားဝင်လာသည်ဟုတောင် ထင်သွား၏။
တိုက်ရိုက်ထုတ်လွှင့်မှု ချက်တင်ခန်းတွင် လူပြည့်နေကာ စာတွေတောင် မမြင်ရတော့ပေ။
ယွမ့်ထန်းလည်း ကြည့်ရှုသူ အရေအတွက်ကို ကြည့်လိုက်ရာ ၁၆၀၀၀၀ တောင် ရှိနေကြောင်း တွေ့ရသည်။
ဘာတွေဖြစ်နေတာလဲ။
ယွမ့်ထန်း မင်သက်မိနေပြီး ထုတ်လွှင့်သူ နာမည်ကို နှစ်ခါလောက် ဖတ်ကြည့်လိုက်မိသည်။
ဒါ သူ့နာမည် မှန်နေတာပဲ၊ ဒါဆို ဘာလို့ ဒီလောက်တောင် များနေတာလဲ။ ညက သူအိပ်ပျော်သွားတဲ့အချိန်မှာ တစ်ခုခုများ ဖြစ်သွားတာလား။
ကြည့်ရှုသူ အရေအတွက်က ဆက်တက်နေသေးကာ တိုက်ရိုက်ထုတ်လွှင့်သည့် ခန်းမတစ်ခုလုံးကို လွှမ်းမတတ်ဖြစ်နေလေသည်။ ယွမ့်ထန်းလည်း စကားပြောသည့် ခလုတ်ကို စက္ကန့်နှစ်ဆယ်အထိ တိုးထားလိုက်ကာ အခန်းကို ထိန်းချုပ်ပိုင်ခွင့် အာဏာကို အဆင့်၂သို့ တိုးလိုက်သည်။ ထိုအခါမှသာ အခန်းက ငြိမ်ကျသွား၏။ သို့သော် လူအနည်းငယ်လောက်က ပြောချင်တာတွေ လျှောက်ပြောနေတာမျိုး ရှိနေသေးပေသည်။ သို့သော် တင်ဆက်သူ၏ ကူကယ်ရာမဲ့မှုကို သတိထားမိပုံရကာ စိတ်ကို ထိန်းပြီး ရပ်လိုက်ကြလေသည်။
နောက်ဆုံးတော့ ယွမ့်ထန်း စိတ်ချမ်းသာသွားသည်။ မည်သို့ပင်ဆိုစေ သူသည် ယခင်ဘဝတွင် ပရိသတ်သန်းပေါင်းများစွာ ပိုင်ဆိုင်သည့် ဘလော့ဂါတစ်ယေက် ဖြစ်သည်။ အနည်းငယ် မင်သက်ပြီးသည်နှင့် သူ၏ ကျွမ်းကျင်မှုဖြင့် ထိန်းလိုက်နိုင်သည်။ကြည့်ရှုသူတွေက သူ့မျက်နှာကို မမြင်ရသည့်တိုင် သူက ပြုံးကာ ပြောလိုက်သည်။
" ဟယ်လို အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ ယွမ့်ထန်းပါ။ ကိုယ့်ကို အထောက်အပံ့ ပေးမဲ့သူတွေ တအား များလာတာ တွေ့ရတော့ ဝမ်းသာပြီး ကျေးဇူးတင်မိပါတယ်။ကိုယ် ဒီနေ့ ပုစွန် ဖက်ထုပ်ကို လုပ်သွားမှာပါ။ အားလုံးပဲ စောင့်မျှော် ရှုစားပေးပါဦး"
[ ပျော်ရွှင်မှုနဲ့ အတူ သီဆိုမယ်: ပုစွန် ဟုတ်လား၊ အဲဒါ ဘာကြီးလဲ]
[နွေဦး ပျားရည်: ပုစွန်က အကယ်ဒမီက လွန်ခဲ့တဲ့ နှစ်နာရီလောက်ကမှ မိတ်ဆက်ထားတာလေ။ဒါပေမဲ့ တင်ဆက်သူက ဘယ်လိုဖြစ်ပြီး ချက်တတ်နေတာလဲ]
[မြောင်မြောင်က ငါးကြိုက်တယ်: ဘာကြောင့်မှန်း မသိပေမဲ့ တင်ဆက်သူက ဒီနာမည် ပြောလိုက်တာနဲ့ ငါ သွားရည် ကျနေပြီ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဘာပဲဖြစ်ဖြစ်ဟာ တင်ဆက်သူရဲ့ လက်နဲ့ လုပ်သမျှက ကောင်းပြီးသားပဲ။ တင်ဆက်သူကို ဆိုင်ဖွင့်ဖို့ တောင်းဆိုပါတယ်။ ဒီနေ့ မပြောရသေးလို့]
" ပထမဆုံးအနေနဲ့ ကိုယ်တို့ ဝက်ခေါက်ကို ချောမွေ့အောင် လုပ်ပေးရမယ်"
သူက ရေနွေး ပွက်ပွက်ဆူအောင် တည်ထားသည့် အိုးထဲသို့ သေချာ အထပ်ထပ် ဆေးကြောထားပြီးသော ဝက်ခေါက်ကို ထည့်လိုက်ကာ မိနစ်အနည်းငယ် ပြုတ်လိုက်သည်။
တစ်ခဏအကြာ ဆယ်လိုက်ပြီး သူက ဝက်ခေါက်မှ အဆီတွေကို ဖယ်ထုတ်လိုက်သည်။ ထို့အပြင် အမွေးများနှင့်နှင့် မသန့်သည့်အရာတွေကို ဖယ်ထုတ်လိုက်သည်။
သို့ရာတွင် ယခုလို ရှင်းပြီးသွားချိန်တွင် ကွန်းမန့်ဆက်ရှင်တွင် သူ့ကို လာရောက်ဆဲဆိုသူကို တွေ့လိုက်ရလေသည်။
[ လူအိုကြီး ဂျက်: တင်ဆက်သူ အသစ်လေးတွေက တကယ် မကောင်းတာပဲ။ နေ့တိုင်း သူတို့ တွေးနေတာက လူထုကို ဖားပြီး ကျေနပ်အောင် လုပ်ပြဖို့ပဲ။ အကယ်ဒမီက ထုတ်ပြန်မိတ်ဆက်ထားတာ နှစ်နာရီတောင် မ​ကြာသေးတဲ့ ပစ္စည်းကို သူက ချက်ပြဦးမယ်တဲ့လား။ သူ ဘယ်လိုတောင် လုပ်ရဲတာလဲ။ ဘယ်လို ချက်ရတယ်ဆိုတာကိုရော သူ ဘယ်လို သိတာလဲ။သူက ရေနွေးအိုးထဲ ထည်ပြုတ်ပြီး ဆယ် စားလိုက်မှာတော့ မဟုတ်ပါဘူးနော်]
[မျယ်ပါး: ဟုတ်ပါ့ကွာ။ ဒီလို စားတာက ကျန်းမာရေးကို ထိခိုက်တာမျိုး ရှိမှာပဲ မဟုတ်လား။ နောက်ပြီး အဲဒီမှာ ဝက်ခေါက်ကြီးလည်း ရှိနေသေးတယ်။ အမွေးတွေက အပြည့်နဲ့ ၊ ဒါကြီးကို စားရမယ်ပေ့ါ ငါတော့ အန်ထွက်တော့မှာပဲ]
ယွမ့်ထန်းအနေဖြင့် သည်ဘဝတွင် ပထမဆုံးအကြိမ် ဒီလို ဝေဖန်ခြင်း ခံရတာ ဖြစ်သည်။ သူ့စိတ်အခြေအနေက မကောင်းတော့သော်လည်း အကောင်းဘက်က တွေးနိုင်သေးသည်။ဒီလိုကျိန်ဆဲနေတာက ရူးမိုက်သည့် ပုံစံဖြင့် ချစ်စဖွယ်ကောင်းသည်ဟုတောင် ဆိုရပေမည်။
" ပုစွန်နဲ့ ဝက်ခေါက်က အကယ်ဒမီက ထပ်ခါတလဲလဲ စစ်ဆေးပြီးမှ ထုတ်ပြန်ထားတဲ့ ပစ္စည်းတွေပဲ။ နောက်ပြီး ကြယ်အဆင့် စားဖိုမှူးတစ်ယောက်က ဝက်ခေါက်ကို ချက်ပြတာကိုတောင် ကိုယ် မြင်ဖူးသေးတယ်။ ဆိုတော့ ဒါကို စားလိုက်လို့ ခင်များတို့ နေထိုင်မကောင်းမှာကို စိုးရိမ်ဖို့ မလိုပါဘူး"
[ ရှောင်ချုံ: နင်တို့ မစားချင်ရင် တခြားသူရဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ အစီအစဉ်ကို သွားပါလား။ ငါကတော့ မကောင်းတဲ့ ကုန်ကြမ်းတွေကို စားကောင်းပြီး အရသာရှိတာတွေအဖြစ် ပြောင်းလဲနိုင်စွမမ်းရှိတဲ့ တင်ဆက်သူရဲ့ အရည်အချင်းကို ယုံတယ်။ သူ လုပ်တယ်ဆိုရင် သေချာပေါက် ကောင်းမယ်လို့ ငါ ယုံတယ်]
ရှောင်ချုံသည် ချုံလင်း၏ စတားနက်ဝေါ့မှ နာမည်ဖြစ်သည်။ သူက ယွမ့်ထန်း၏ ပထမ ဟင်းနှစ်ပွဲကို စားပြီးနောက် ယွမ့်ထန်း၏ စဉ်းစားဆင်ခြင်နိုင်စွမ်းမဲ့သည့် ဖန်အဖြစ် ပြောင်းသွားသည်။ သည်လို ထူးဆန်းသည့် အရသာကို ကောင်းမွန်သည့် အရသာ ထွက်လာအောင် လုပ်နိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ကာ တရားမျှတမှုအတွက် တိုက်ခိုက်ပေးတော့သည်။
[ ထရန်စပါးရန့်လေး: အမှန်ပဲ။ မစားချင်ရင် ထွက်သွားလေ။ ဘယ်သူက နင့်ကို အတင်းစားခိုင်းနေလို့လဲ။ နင်ကများ တင်ဆက်သူကို မေးခွန်း ထုတ်ရဲသေးတယ်လား။ နင့်ကိုယ်နင် ဘယ်သူထင်နေလဲ။ နင်က ဘယ်လို သတ္တိနဲ့ အကယ်ဒမီကို မေးခွန်း ထုတ်ရဲတာလဲ]
ကြည့်ရှုသူ အများအပြားက ယွမ့်ထန်းဘက်မှ ပြောပေးကြသည်။ ကြည့်ရှုသူ အများအပြားဟာ ယွမ့်ထန်း၏ ယခင် လက်ရာ ဗီဒီယိုများကို ကြည့်ပြီးသားဖြစ်ကြသည်။ သူက ငါးကို ချက်ပြလိုက်ကာ ကောင်းမွန်လွန်းသည့် အရသာကို ပေးနိုင်ခဲ့ကတည်းက သူတို့က သူ့ကို ကိုးကွယ်လုမတတ် ဖြစ်ခဲ့၏။သူတို့၏ ယွမ့်ထန်း၏ လက်ရာအပေါ် ယုံကြည်စိတ်က မယုံနိုင်လောက်အောင် မြင့်မားနေချေပြီ။
နောက်ပြီး ငါတို့ရဲ့ တင်ဆက်သူက ဘာမှတောင် ချက်မပြရသေးဘူးလေ၊ ဒါကို ဒီမျိုးမစစ်တွေက ငါတို့ရဲ့ တင်ဆက်သူကို ဘယ်လိုတောင် မေးခွန်းထုတ်ရဲနေတာလဲ ၊ သူတို့ကို သူတို့ ဘာများ ထင်နေကြတာလဲ။
ယွမ့်ထန်းလည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ သူ့လုပ်လက်စကိုသာ အာရုံစိုက်လိုက်တော့သည်။ လက်တွေ့ လုပ်ပြတာက ထိုင်ငြင်းနေတာထက် သာတယ်။ သူ ပုစွန် ဖက်ထုပ် လုပ်ပြီးတာကိုသာ စောင့်စမ်းပါ၊ အဲကျမှ အကုန် ပါးစပ် အဟောင်းသားဖြစ်ကုန်မယ်။
သူ၏ လုပ်ဆာင်မှုက သပ်ရပ်သည်။ သူက ဝက်ခေါက်ကို အမြောင်းလိုက် လှီးပြီး ချင်းနှင့် ရေတို့ဖြင့် ရောကာ အိုးထဲ ထည့်ပြုတ်သည်။သူက အစပိုင်းတွင် အပူချိန်ကို အမြင့်ဆုံးထားကာ ပြုတ်ပြီး ပွက်ပွက်ဆူလာမှ အရှိန်ကို လျှော့ကာ နှပ်ထားလိုက်သည်။
" ကဲ အခု ကိုယ်တို့ ဂျုံ နယ်ရအောင်"
သူ၏ ယခင်ဗီဒီယိုတွင်လည်း ပါဖူးသဖြင့် ဂျုံနယ်သည့် ကိစ္စက ကြည့်ရှုသူတွေအတွက် ထူးဆန်းမနေတော့ပေ။ ဂျုံမှုန့်ကို ရေထည့်ကာ ဆက်တိုက် နယ်ပြီးနောက် မစေးကပ်တော့သည့် အနေအထားဖြစ်သွားသည်။
ဂျုံနယ်ထားပြီးနောက် တစ်ခဏခန့် ထားထားက အဆာပလာလုပ်ရန် ပြင်သည်။
သူက ဝက်ခြေထောက်သားကို စင်ကြယ်သည်အထိ ဆေးကြောကာ သေးငယ်သည့် အတုံးလေးများ ဖြစ်သည်အထိ လှီးသည်။ ထို့နောက် အသားတုံးလေးများကို ဟိုဘက် သည်ဘက်မှ ထပ်ခါတလဲလဲ ခုတ်ထစ်လိုက်သဖြင့် အသားများက မွကာ ကြေသွားသည်။ ထို့နောက် ဘုတ်ပြားထဲ ထည့်လိုက်သည်။ ဒါတွေက မိုးရွာပြီး ရေညှိတက်နေပုံနှင့်တင် တူ၏။
[ ရှောင်ကျန်းစီ: ငါ ဘာလုပ်ရမလဲ။ ဒီ အသားကြိတ်ချေထားတာကို မြင်ရုံနဲ့တင် သွားရည် ကျလာပြီ]
"ကဲ နောက်တဆင့်ကတော့ ချင်းနဲ့ ကြက်သွန်မြိတ်ကို သုံးပြီး အသားရဲ့ အညှီနံ့ ပျောက်အောင် လုပ်ရမှာပါ"
ယွမ့်ထန်းက ချင်းနှင့် ကြက်သွန်မြိတ်ကို စိတ်စိတ်လေး လှီးထားရာမှ ကြိတ်စက်ထဲ ထည့်သည်။ ကြိတ်ပြီးနောက် ရလာသည့် အရည်ထဲမှ မသန့်ရှင်းသည့် အပိုင်းများကို ရွေးထုတ်သေးသည်။ ပြီးမှသာ ပန်းကန်လုံး တစ်ခုထဲ ထည့်ထားသည်။
အမှန်အတိုင်း ပြောရရင် အညှီနံ့ ပျောက်ဖို့ ဟင်းချက်ဝိုင်က အကောင်းဆုံးပဲ။ ဒါပေမဲ့ အကယ်ဒမီက ဒါကို မထုတ်နိုင်သေးတော့ သူ ဂျင်းနဲ့ကြက်သွန်မြိတ်ကိုပဲ သုံးလိုက်ရတယ်။
ဂျင်းနှင့် ကြက်သွန်မြိတ်ကို ကြိတ်ထားသည့် အဆာပလာအရည်ကို လှပသော ပန်းကန်းထဲ ထည်ထားသည့်အခါ အလွန် ကြည့်လှလေသည်။ စိတ်မထိန်းနိုင်သူအချို့က လက်ဆန့်ထုတ်လိုက်ကြ၏။
ထို့နောက်....
[ မြောင်မြောင်က ငါးကြိုက်တယ်: အား!............................. သေပြီ စပ်တယ်။ ငါ့လျှာ ပူလောင်နေပြီ အား..........]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဒီအစိမ်းရောင်အရည်တွေက တကယ် ကြောက်ဖို့ ကောင်းတာပဲ။ ငါ့ရဲ့ သနားစရာ လျှာလေး အား.....]
ဒီကိုယ်ပွားလေး နှစ်ယောက်ရဲ့ အူတူတူ ဖြစ်ရပ်ကို တွေ့လိုက်သည့် ယွမ့်ထန်းလည်း ခပ်ဟဟ အော်ရယ်လိုက်မိသည်။
" ကိုယ် အခုလေးတင် ဒါက အညှီနံ့ပျောက်ဖို့ လိုတာပါလို့ မပြောလိုက်ဘူးလား။ ကဲ မင်းတို့ ဘယ်အချိန်မှ အသိရှိမှာလဲ"
[ ဘရောင်း: ဘာလို့လဲဆိုတော့ အဲဒါက ကြည့်လှလို့လေ။ ငါက အဲဒါက ဒဏ္ဍာရီထဲက ရှန်းချား(ပန်းနံ့ရတဲ့ လက်ဖက်ခြောက်)လို့ ထင်လိုက်တာကိုး။ ငါတောင် မြည်းကြည့်တော့မလို့ပဲ။ ဘုရားမလို့ ငါ လက်နှေးသွားတယ် o(╯□╰)o ]
ယွမ့်ထန်း ခပ်ဟဟ ရယ်လိုက်မိပြန်ကာ ခေါင်းကို ခပ်သာသာ ယမ်းမိသည်။ သူက အသားထဲ သကြားဖြူ၊ ပဲငံပြာရည်နှင့် ဆားတို့ကို ထည့်ကာ အရသာ ဖြည့်သည်။ အားလုံးကို ရောနယ်ပြီးနောက် ကြိတ်ချေထားသော ချင်းနှင့် ကြက်သွန်မြိတ်ရည်တို့ကို ထည့်သည်။
" အားလုံးပဲ အာရုံစိုက်ကြပါ။ ဒီလိုမျိုးကို နယ်တဲ့အခါ တစ်ဖက်ထဲကိုပဲ နယ်ပါ။ အရသာကို နှံ့ပြီလို့ ထင်တဲ့အထိ နယ်ရပါမယ်"
နယ်ပြီးနောက် ဝက်ခေါက်က နူးကာ ပွက်လာလေပြီ။ ယွမ့်ထန်းက ဝက်ခေါက်ပြုတ်ရည်ကို ယူလိုက်ကာ ဘူးထဲ ထည့်သည်။ ထို့နောက် ဖရီးဇာထဲ ထည့်ထားလိုက်၏။
" နာရီဝက် နေရင် ဝက်ခေါက်က ကျက်ပြီ။ ဆိုတော့အခု ရှောင်လုံပေါင်(ဖက်ထုပ်)ရဲ့ အပြင်သား လုပ်ရမဲ့ အချိန်ပဲ"
ယွမ့်ထန်းက အချိန်ကိုက် အားလုံးကို လုပ်သွားသည်။ စောင့်ဆိုင်းနေရလျှင် ကြည့်ရှုသူတွေကို ပျင်းရိစေနိုင်ပေ၏။
သူက အချိန်အကြာကြီး ဘေးဖယ်ထားခံရသော ဂျုံများကို ယူလိုက်ကာ ဘုတ်ပြားပေါ် တင်သည်။ ထို့နောက် လက်ဖြင့် ကိုင်ကာ ဘုတ်ပြားပေါ် ဆွဲရိုက်ချလိုက်ပြီးအရှည်လိုက် ဖြစ်သွားစေသည်။ အားလုံးက သူတော့ ခေါက်ဆွဲလုပ်တော့မည်ဟု ထင်လိုက်ချိန်တွင် ယွမ့်ထန်းက အရှည်လိုက် အပိုင်းအစလေးများအဖြစ် ပြောင်းလိုက်လေသည်။
[နေ့တိုင်း ညဆင်း ဆင်းနေရတဲ့ငါ: အာ ငါတို့ ခေါက်ဆွဲ မလုပ်ကြဘူးလား]
ယွမ့်ထန်းက ဂျုံမှုန့်နည်းနည်းကို ဂျုံပိုင်းလေး တစ်ခုပေါ် ဖြူးသည်။ထို့နောက် လက်ဝါးကို သုံးကာ အားလုံးကို လိုက်ဖိသည်။ အခြားအပိုင်းများကိုလည်း အလားတူ လုပ်သည်။
သူက ဂျုံမပြားတပြားလေးတွေကို ဘုတ်ပြားအစွန်းနားဖိပြီး လက်ဖြင့် အပေါ်မှ အောက်သို့ ခပ်ဆတ်ဆတ် ဖိ ရိုက်ချသည်။ ( ဘေးပြန့်အောင် လုပ်တာ) ထို့နောက် သူက အသံတိုးတိုးဖြင့် ပြောသည်။
" အခု ကိုယ် မင်းတို့ကို အံ့သြဖို့ကောင်းတာ ပြမယ်"
သူက ညာလက်ဆန့်ပြီး ဒလှိမ့်တုံးကို ယူလိုက်သည်။ သူက ဂျုံပြား၏ အစွန်းနှဖက်ကို လက်ချောင်းကြား ညပ်ကိုင်ထားကာ ဂျုံကို လှည့်သည်။ ထို့နောက် ဒလှိမ့်တုံးကို အပေါ်မှ လှည့်ပိတ်ကာ ဖိ၏။ ထိုသို့ဖြင့် ကြည့်ရှုသူများကို မျက်လုံး ဝိုင်းသွားစေသော ဝိုင်းစက် ချောမွေ့နေသည့် ဂျုံပြားလေး ပေါ်လာတော့သည်။
(ဒလှိမ့်တုံးကိုင်ပြီး ပလာတာရိုက်ရင်လုပ်သလို လှိမ့်ပြီး ပြားအောင်လုပ်တာပါ၊ ဒါမဲ့ဒါက ဖက်ထုပ်ရွက်ဆိုတော့ပါးဖို့ လိုလို့ ဒလှိမ့်တုံးကို လှည့်ပြီးဖိတာ)
[ မြောင်မြောင်က ငါးကြိုက်တယ်: ဘုရားရေ သူ ဘယ်လို လုပ်လိုက်တာလဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ မျက်တောင် တချက်ပဲ ခတ်လိုက်တာပါ။ ဂျုံလုံးက အဲဒီလို ဖြစ်သွားပြီလား]
[ရတနာ ခုနှစ်သွယ် : တင်ဆက်သူကို ခပ်ဖြည်းဖြည်း လုပ်ပြဖို့ တောင်းဆိုပါတယ်]
" ဒီလိုလုပ်တာကို ဖက်ထုပ်ရွက် လှိမ့်တယ်လို့ ခေါ်တယ်။ လျှို့ဝှက်ချက်ကတော့ မင်း အစွန်းနားကို လှိမ့်တဲ့အခါ ခွန်အားကို အတိအကျ ချိန်သုံးရမယ်။ ဒါမှ ဖက်ထုပ်ရွက် ဖြစ်လာမှာ။ လူတိုင်းပဲ စိတ်ဝင်စားရင် အိမ်မှာ စမ်းကြည့်ကြပါ"
ယွမ့်ထန်းက ဂျုံပြားလေးများကို ဖက်ထုပ်ရွက်ပမာ ဖြစ်သွားအောင် ကျွမ်းကျင်စွာ ပြောင်းလိုက်သည်။ ကြည့်ရှုသူတိုင်း ပါးစပ်အဟောင်းသားဖြင့် လေးစားနေကြတော့သည်။
" ကဲ အခု ကိုယ်တို့ ပုစွန်ကို စကိုင်လို့ရပြီ"
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now