Part 73

1.4K 225 10
                                    

Unicode

အပိုင်း ၇၃
ရေမကောင်းဆိုးဝါးများအကြောင်းပြောရလျှင် ဂြိုလ်နံပါတ် ၁၉ သို့ သူတို့ရောက်လာပြီးနောက် ဝမ်ခုံးက စံအိမ်သို့ သွားလာလမ်းတွင် ပြောခဲ့ဖူးဟန်ရသည်။ သို့ရာတွင် ထိုအချိန်က သူတို့က ယွမ့်ယွီ၏အခြေအနေကို စိုးရိမ်နေခဲ့ကြသည့်အတွက် အာရုံမစိုက်နိုင်မိခဲ့ကြချေ။ ထို့အပြင် ထိုအချိန်နှင့်ပတ်သတ်ပြီး များများစားစားမေးမြန်းခဲ့ကြခြင်းမရှိခဲ့ကြချေ။ လက်ရှိအချိန်မှသာ ဒီကိစ္စက မရိုးရှင်းကြောင်း သိလိုက်ရသည်။
ဟော်ယွန်ချန်းက ဝမ်ခုံးနှင့် ဆက်သွယ်သော်လည်း မည်သူကမှမကိုင်ချေ။ သူတို့ဘက်တွင်လည်း အခြေအနေတစ်ခု ရှိနေဟန်ရသည်။ ထို့ကြောင့် သူက ဝမ်ခုံးနှင့် ကျန်းဖန်းတို့ကို စာသာ ပို့ထားလိုက်ပြီး သူတို့က ဆေးရုံတွင်ရှိနေကြောင်း မိုးကြောင့် မထွက်လာနိုင်ကြောင်း ပြောလိုက်သည်။ ထို့နောက် နှစ်ယောက်လုံးကို ဂရုစိုက်ရန် မှာလိုက်သည်။ တစ်ဖက်လူများ၏ လုံခြုံရေးအတွက် သူက မစိုးရိမ်ချေ။ ထိုနှစ်ယောက်လုံးက တိုက်ပွဲတွင် ကျင်လည်ကြဖူးသူများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးများ၏ တည်ရှိမှုကိုလည်း ကြိုတင်သိထားပြီးသား ဖြစ်လေရာ ကြိုတင် သတိထားနိုင်သည့်အတွက် ဒဏ်ရာ အလွယ်တကူ ရတော့မည်မဟုတ်ချေ။
စာများပို့ပြီးသည်နှင့် ဟော်ယွန်ချန်း ပထမဦးစွာ အာရုံစိုက်သည်က အရေးပေါ်ကုသဆောင်သို့ သွားခြင်း ဖြစ်သည်။ ထို့နောက် ယွမ့်ထန်းကို မတ်တပ်ရပ်နိုင်အောင် ကူညီပေးပြီး ယွမ့်ယွီ၏ဆေးရုံခန်းအတွင်းသို့ လိုက်ပို့သည်။ သူ၏ဒဏ်ရာက အကြမ်းဖျင်း ကုသပြီးသော်လည်း သွေးအလွန်ထွက်နေသေးသည်။ ထို့ကြောင့် ထိုနေရာခြေထောက်တစ်ခုလုံးက စိုရွဲနေလေပြီး အနားယူနိုင်ရန်အတွက် အထဲသို့ လိုက်ပို့ပေးခြင်းဖြစ်သည်။
ဟော်ယွန်ချန်းကပြောသည်။
“မင်းရဲ့အဝတ်တွေက စိုနေပြီ။ ရေချိုးခန်းထဲမှာ ရေပူနဲ့ အရင်ချိုးလိုက်ပြီး ရေစိုဝတ်တွေကို ချွတ်လိုက်ကာ ကောင်းမယ်။ ပြီးရင် ရှောင်ယွီနဲ့အတူ လဲပြီး အနားယူလိုက်ပါတော့”
သူကယွမ့်ထန်းကိုကြည့်ပြီးနူးညံ့စွာပြောသည်။
“အားထန်း”
ထိုသို့ခေါ်ဆိုခြင်းက အလွန်အမင်း ချစ်ခင်ဖော်ပြလွန်းဟန်မရပဲ နှစ်ယောက်သားရင်းနှီးမှုကို ဖော်ပြရုံမျှသာ တတ်နိုင်သည်။ သို့သော် ဟော်ယွန်ချန်း၏ အနည်းငယ်ရှက်ရွံ့နေသော အမူအရာကို မြင်ရချိန်တွင် ယွမ့်ထန်းကိုယ်တိုင်ကလည်း ရှက်သလို ခံစားလာရသည်။ ဘာကြောင့်ရယ်မသိ ဟော်ယွန်ချန်းက သူ၏နာမည်ကို ထိုသို့ခေါ်ခြင်းအား ကြားသည့်အချိန်တိုင်း ယောကျာ်း သို့မဟုတ် အချစ်ဟုခေါ်သလို ခံစားရလေသည်။
ဆေးရုံထဲတွင်လည်း ရေချိုးခန်း ရှိသည်။ သူတို့က ယွမ့်ယွီအတွက် အကောင်းဆုံးအခန်းတွင် ထားချင်သည့်အတွက် အကောင်းဆုံးအခန်းကို ငှားထားလေရာ ထိုထဲတွင် သီးသန့်ရေချိုးခန်း တွဲလျက်ပါသည်။ ရေချိုးရန်က ပြဿနာမရှိချေ။ ဆေးရုံက အဝတ်အပိုလဲရန် မရှိနေလောက်သော်လည်း သန့်ရှင်းသောတဘတ် ရှိနေသေးသည်။ ယောက်ျားတစ်ယောက် ဖြစ်ကတည်းက ခါးတွင် တဘတ်ပတ်ထားရုံမျှဖြင့် လုံလောက်လေသည်။ သို့သော် ယွမ့်ယွီ၏ကုတင်က တစ်ယောက်အိပ်ကုတင်ဖြစ်နေသည့်တိုင်အောင် သူက အလွန်သေးငယ်သည့်အတွက် ကုတင်တစ်ဝက်ခန့်ပင် သူ၏ကိုယ်က မရောက်ချေ။ ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် အတူလဲရန်ကလည်း ပြဿနာမရှိချေ။
ယွမ့်ယွီကလည်း ကုတင်တစ်ခုထဲတွင် သူ၏အစ်ကိုဖြစ်သူနှင့် အိပ်ရန်ဆန္ဒရှိသည်။ သူ၏မှတ်ဉာဏ်ထဲတွင် သူကလေးဘဝက သူ့အစ်ကို၏ လက်မောင်းကြားတွင် အမြဲတစေ အိပ်စက်ရခြင်းကို မှတ်မိနေသေးသည်။ ထို့ကြောင့် သူ့မျက်ဝန်းများက တောက်ပသွားတော့သည်။
ယွမ့်ထန်းကလည်း မငြင်းချေ။ သူက ရေချိုးခန်းထဲသို့သွားပြီး ရေချိုးလိုက်သည်။ ဆေးရုံတဘတ်များက မကြီးချေ။ သူက ခါးတွင် ပတ်ထားနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သောအခါ လက်ချောင်းတစ်ဝက်စာသာ ကျယ်ရုံ အနေအထားအထိသာ ဖုံးသွားလေသည်။ သူက ကလစ်တစ်ခုကို ရှာပြီး ခပ်မြန်မြန် ညှပ်ထားလိုက်ရသည်။ သို့သော်သူလမ်းလျှောက်လိုက်သည့်အချိန်တွင်ပင် ဆွဲဆောင်မှုအပြည့်နှင့် ကောက်ကြောင်းက ပေါ်လာလေတော့သည်။ သူက အဟကြားကို အရှေ့ပင်ဖြစ်စေ အနောက်ပင်ဖြစ်စေ ထားမည်ဆိုလျှင်ပင် ဆင်ဆာဝင်နိုင်သည့်နေရာများပေါ်လာနိုင်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ဘေးဘက်တွင် ထားလိုက်ရသည်။ ထို့နောက်နီရဲသော မျက်နှာဖြင့် ရေချိုးအဝတ်ကို ကောက်ကိုင်ကာ တံခါးကိုဖွင့်ပြီး အခန်းထဲသို့ ထွက်လာလိုက်သည်။
ယွမ့်ထန်းက အခန်းထဲသို့ ဝင်လာသည့်အခါ ဟော်ယွန်ချန်းက တည်ငြိမ်သော မျက်နှာသေဖြင့် ရှိနေသည့်တိုင်အောင် သာမာန်မျက်စိဖြင့်ပင် မြင်နိုင်သည့်နှုန်းဖြင့် နားရွက်များက နီရဲလာကြောင်း မြင်လိုက်ရသည်။ ရိုးရှင်းစွာဖြင့်ပင် ဒါကဖုံးကွယ်၍မရချေ။ ယွမ့်ထန်း၏ကိုယ်က ပိန်ပါးပြီး အချိုးကျသည်။ သူ၏ခါးကလည်း ပုံမှန်အားဖြင့် အလွန်သေးသွယ်လေသည်။ သူ၏အသားအရေက အလွန်အမင်းချောမွေ့ကာ ဖြူဖျော့လွန်းနေသည်။ ထိတွေ့ကြည့်လျှင် နူးညံ့လွန်းမည်မှာ သေချာနေလေသည်။
တဘတ်က သူ၏ပေါင်ကိုသာလျှင် ဖုံးထားနိုင်ပြီး ပေါ်နေသည့်ခြေထောက်များက သေးသွယ်ကာ ရှည်လျားလွန်းလှပြီး ဖြောင့်တန်းနေသည်။ စတားနက်ဝေါ့ပေါ်တွင် ပြောကြသည့် စကားအတိုင်းဆိုလျှင် ထိုခြေထောက်များက ဘဝတစ်သက်တာ ဆော့ကစားနိုင်သည်ဟုပင် ဖော်ပြထားကြသည်။ သူက လမ်းလျှောက်လိုက်သောအခါ တဘတ်က ဘေးဘက်ကို အချိန်တိုင်းလိုလို လိတ်တက်သွားသည့်အတွက် ဖြူဖွေးနူးညံ့နေသော ပေါင်သားကပင် ပေါ်လာတော့သည်။
ယွမ့်ထန်းအနေဖြင့် ပထမဦးဆုံးအကြိမ် အခြားသူများ၏ရှေ့တွင် ထိုသို့ဝတ်ဆင်ရခြင်း ဖြစ်သည်။ သူ၏ပါးများကလည်း နီရဲလာပြီး လျင်မြန်စွာဖြင့် အိပ်ရာနားသို့ လျှောက်သွားလိုက်သည်။ ဟော်ယွန်ချန်းက သူ့ကိုယ်သူ ထိန်းချုပ်ကာ ယွမ့်ထန်း၏ပေါ်နေသော ခါးနေရာသို့ ကြည့်သည်။ ယွမ့်ထန်းက သူ၏အနားမှ ဖြတ်သွားသောအခါ ဟော်ယွန်ချန်းက ခါးအနောက်ဘက်ပိုင်းမှ အမြောင်းလေးနှစ်မြောင်းကို မြင်လိုက်ရသည်။ ထိုအရာက ကျောရိုးတစ်ဖက်တစ်ချက်စီတွင် ရှိပြီး ချစ်စရာကောင်းကာ ဆွဲဆောင်မှုလည်းပြင်းသည်။ သူ မနေနိုင်ပဲ တစ်ချက် တို့ထိလိုက်ပြီးနောက်တွင် ယွမ့်ထန်းကလည်း အံ့အားတကြီး ထခုန်တော့သည်။
“…”
ဟော်ယွန်ချန်း၏လက်က ဆန့်တန်းထားဆဲ ရှိနေသေးသည်။ သူ မည်သို့ ရှင်းပြရမည်မှန်း မသိတော့ချေ။ ကံကောင်းစွာဖြင့် ယွမ့်ယွီက အချိန်ကိုက် နှစ်ယောက်ကြားမှ တိတ်ဆိတ်မှုကို ဖြိုခွဲလာသည်။
“အစ်ကိုဟော်ရဲ့နှာခေါင်းက သွေးထွက်နေပြီ”
ဟော်ယွန်ချန်း “…”
ယွမ့်ထန်း “…”
ယွမ့်ထန်းကလည်း အခန်းအတွင်းရှိ လေထုအခြေအနေက ဖြောင့်မတ်မှန်ကန်မှု နည်းသထက်နည်းလာကြောင်း ခံစားလိုက်ရသဖြင့် တည်ငြိမ်အောင် ကိုယ့်ကိုယ်ကိုထိန်းပြီး ညီငယ်ဖြစ်သူ ခြုံထားသည့်စောင်ကို ဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။ ထို့နောက် ပေါ့ပါးစွာ ချောင်းဟန့်ပြီးနောက် တည်ငြိမ်စွာပြောသည်။
“ချန်းကော ချန်းကော ရေသွားမချိုးတော့ဘူးလား”
ဟော်ယွန်ချန်းကလည်း ခပ်ကြမ်းကြမ်း ခေါင်းကို ထပ်ခါတလဲလဲ ညိတ်သည်။ သူက မေးစေ့အောက်သို့ စီးကျနေသည့်သွေးကို သုတ်ပြီးနောက် တစ်ဖက်လှည့်သွားသည်။ တည်ငြိမ်အေးစက်စွာဖြင့် ပြောသည်။
“အင်း”
ဟော်ယွန်ချန်းက ရေချိုးခန်းထဲသို့ ဝင်သွားသောအခါ ယွမ့်ထန်းက စိတ်သက်သာရာရသွားစွာ သက်ပြင်းချလိုက်သည်။ ယွမ့်ယွီက သူ့ကို လှည့်ကြည့်လာပြီး မေးလိုက်သည်။
“အစ်ကို ဘာလို့ အစ်ကိုဟော်က နှာခေါင်းသွေးလျှံသွားတာလဲ”
ညီငယ်ဖြစ်သူ၏ ဖြူစင်သည့်မျက်လုံးများကို မြင်ချိန်တွင် ယွမ့်ထန်းကိုယ်တိုင်ကပင် နားမလည်နိုင်တော့ဘဲ ပြောလိုက်သည်။
“ရာသီဥတုက ပူလာတယ်လေ။ မင်းရဲ့အစ်ကိုဟော်က အတွင်းအပူတွေရှိနေလို့ ဖြစ်ပါလိမ့်မယ်”
ယွမ့်ယွီက ပြတင်းပေါက် တံစက်မြိတ်အောက်သို့ ကျနေသည့်မိုး ရေစက်များကို ကြည့်ပြီး နာခံနေသော ကလေးတစ်ယောက်ကဲ့သို့ ခေါင်းညိတ်လိုက်သည်။ ဟော်ယွန်ချန်းက ထွက်လာလျှင် ဖြစ်လာသော ကို့ယို့ကားယား အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ယွမ့်ထန်းက မျက်လုံးကို မှိတ်ကာ အိပ်ချင်ဟန်ဆောင်သည်။ ညီအစ်ကိုနှစ်ယောက်လုံးက အချင်းချင်း ကပ်နေကြကာ သိပ်မကြာခင်မှာတင် နှစ်ယောက်လုံးက အိပ်မောကျသွားတော့သည်။
ဟော်ယွန်ချန်းက ရေအေးဖြင့် ချိုးပြီးနောက် စိတ်ငြိမ်သွားသည်။ သူက အပြင်ဘက်မှ ငြိမ်သက်နေသော အသက်ရှူသံများကိုကြားရချိန်တွင် ခါးတွင် တဘတ်ပတ်လျက် ထွက်လာလိုက်သည်။ ထို့နောက် သူက ဝန်ထမ်းကို မေးပြီး အခြောက်ခံစက်ကိုရှာကာ သူနှင့်ယွမ့်ထန်း၏အဝတ်များကိုယူကာ အခြောက်ခံစက်ဖြင့် မှုတ်နေလိုက်သည်။ ခြောက်ထားသော ဝတ်စုံများကို ဝတ်ပြီးသည့်နောက် အပြင်ဘက်ရှိ အခြေအနေကို စစ်ဆေးရန်အတွက် ထွက်လာခဲ့လိုက်သည်။ မိုးက ပိုပို၍ပြင်းထန်လာသည်။ ထိုသို့ဖြင့် ဒဏ်ရာရသူ များသထက်များလာကာ ဆေးရုံတွင် ကုသမှုခံယူရန် ပို့လာကြသည်။ ဆေးရုံရှိ ဝန်ထမ်းများအားလုံးက အလုပ်များနေကြပြီး အောက်ထပ်ခန်းမထဲတွင်လည်း လူများပြည့်နေတော့သည်။
အထက်မြင့်တွင် ရပ်နေသဖြင့် အောက်ဘက်ရှိ တက်လာသည့်ရေကို ရှင်းလင်းစွာ မြင်နိုင်လေသည်။ ရေစုတ်ထုတ်သည့်စက်များကလည်း ပုံမှန်အားဖြင့် အပြည့်အဝ လည်ပတ်နေသည့်တိုင်အောင် ဆက်တိုက် ရွာနေသည့် မိုးကြောင့် ရေက များသထက်များလာသည်။
ရာသီဥတုအခြေအနေက သာမာန်အခြေအနေမှ ကျော်လွန်နေတော့သည်။ ဒီဂြိုလ်မှ အစိုးရက ရေလွှမ်းမိုးမှု မရှိအောင် တိုင်းတာသည့်စက်များကို ကြိုတင်ပြင်ဆင်ထားသော်လည်း ဒီလိုအခြေအနေမျိုးတွင် ရင်ဆိုင်ရ ခက်ခဲနေသည်။ သူက စတားနက်ဝေါ့ပေါ်သို့ တက်လိုက်ချိန်တွင် သေချာစွာပင် ထုတ်ပြန်ချက်အသစ်တစ်ခုကို မြင်ရသည်။ ဂြိုလ်ဆယ့်ကိုးဝန်းကျင်တွင် ဥက္ကာပျံတစ်ခု ထိုးဆင်းကျခဲ့သည်ဟု ဆိုထားသည်။ ဒါက ဂြိုလ်နံပါတ် ၁၉ ကို လွှမ်းမိုးမှုရှိသွားခဲ့ပြီး ရုတ်တရက် မုန်တိုင်းထန်ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဂြိုလ်နံပါတ်၁၉၏ အစိုးရက တပ်များကို စေလွှတ်ကာ ပိတ်မိနေသောလူများကို ကယ်ဆယ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဟော်ယွန်ချန်း၏ ဆက်သွယ်ရေးစက်က နီလာပြီးနောက် ဝမ်ခုံး၏နံပါတ်ကို မြင်လိုက်ရသဖြင့် ကိုင်လိုက်သည်။
တစ်ဖက်မှ ဆူညံသံများကိုကြားသောအခါ မျက်မှောင်ကြုံ့ပြီးမေးလိုက်သည်။
“ဦးလေးခုံး ဘယ်နေရာကိုရောက်နေတာလဲ”
“မာရှယ်ကို တင်ပြပါတယ်။ ကျွန်တော်တို့ အခုငှားထားတဲ့စံအိမ်မှာပါ။ ဒီနေရာကို ရေကြီးနေပြီ။ ရေမကောင်းဆိုးဝါးတွေလည်း အများကြီး ပေါ်လာတယ်။ ကျန်းဖန်းနဲ့ ကျွန်တော်က တိုက်ခိုက်ဖို့ လက်နက်မရှိတော့ ဒီအတိုင်း ခြောက်ရုံပဲ တတ်နိုင်တယ်။ ဒါပေမဲ့ ဂြိုလ်နံပါတ် ၁၉ က စစ်တန်းလျားက ရောက်လာပြီး စတင်ရှာဖွေနေလို့ ကယ်ဆယ်ရေးကို လုပ်နေကြပါပြီ။ ကျွန်တော်တို့ ဒီမှာ ဒဏ်ရာရတဲ့သူ အများအပြား ရှိပါတယ်။ တခဏလောက်နေရင် အနီးဆုံးဆေးရုံကို ရွေ့ပြောင်းပေးတော့မှာပါ။ ကျွန်တော်တို့ မာရှယ်တို့ရှိတဲ့နေရာကို ရောက်နိုင်မလားမသိသေးပါဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာတော့ ကျွန်တော်တို့လုံခြုံတယ်။ ခင်ဗျားတို့ အဲဒီမှာ ဂရုစိုက်ပါ”
သူကလည်း တစ်ဖက်သူများ ဘာမှမဖြစ်နိုင်ကြောင်း သိနေသည့်တိုင်အောင် ထိုသို့ထည့်ပြောလိုက်သေးသည်။ ဟော်ယွန်ချန်းက စိတ်အေးသွားသည်။
“နားလည်ပါပြီ”
သုံးနာရီခန့်ကြာပြီးသည်အထိ မုန်တိုင်းမစဲသေးချေ။ ရေကလည်း မြင့်တက်သထက် မြင့်တက်လာပြီး တောင်ပေါ်ထိပင် တက်လာသည်။ ရေတက်လာသည့်အရှိန်နှုန်းက မြင့်တက်သထက်မြင့်တက်လာပြီး ရေကလည်း ကြီးသထက် ကြီးလာသည်။ ထို့ကြောင့် မီတာဝက်ခန့်ရှည်သော နံရံကိုပင် လွှမ်းခြုံထားပြီး ဆေးရုံခန်းမအတွင်းသို့ပင် ရေဝင်လာတော့သည်။ ရေထဲတွင် ပုန်းအောင်းနေသည့် မကောင်းဆိုးဝါးဆိုသော အနက်ရောင်အကောင်များကလည်း ပါဝင်လာသည်။ သူတို့က လူများကိုထိတွေ့မိသည့်အချိန်တိုင်း ရေများကနီရဲသွားတော့သည်။
တချိန်ထဲလိုလို လူအများစုက တိုက်ခိုက်ခံရသည်။ ခန်းမတစ်ခုလုံးကအရှုပ်အထွေးဖြစ်သွားပြီး အော်သံများကဆက်တိုက်ထွက်နေသည်။
ယွမ့်ယွီ၏ဆေးရုံခန်းတံခါးကို ပိတ်ပြီးနောက် ဟော်ယွန်ချန်းက လျင်မြန်စွာဖြင့် အောက်သို့ ဆင်းလိုက်သည်။ သူကအားလပ်ရက် ယူထားသော်လည်း သူက စစ်သားတစ်ယောက်ဖြစ်သည့်အတွက် သူ၏တာဝန်မရှိလျှင်ပင် လူများကို ကယ်တင်ရန်က သူ၏ဝတ္တရားဖြစ်သည်။
သူက ဖိနပ်ကြားထဲမှ ပါးလျသောဓားမြောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဒါက သူသွားလေရာ ယူသွားလေ့ရှိသော သူ၏ကိုယ်ပိုင်သီးသန့်လက်နက် ဖြစ်သည်။ ယခုအခါ အသုံးဝင်လေပြီ။
“အားလုံးပဲ အပေါ်ထပ်ကို တက်ကြပါ။ အောက်ထပ်မှာမနေကြပါနဲ့ တံခါးတွေကို ပိတ်ထား။ မကောင်းဆိုးဝါးတွေ ဝင်မလာအောင်လုပ်ကြပါ”
ဟော်ယွန်ချန်းကအော်သည်။
ဟော်ယွန်ချန်း၏အသံကိုကြားသောအခါ ဖိအားများနေသောလူထုကလည်း မသိစိတ်အရ သတိလက်လွတ် နာခံမိသွားသည်။ ဒဏ်ရာရသောလူများအားလုံးကို အချင်းချင်းတွဲပေးလျက် ဒုတိယထပ်သို့ တက်စေသည်။ အန္တရာယ်ကို ရင်ဆိုင်နိုင်သွားသည့် ဆေးဝန်ထမ်းက ဒုတိယထပ်သို့ တက်လာပြီးနောက် တံခါးနှင့် ပြတင်းပေါက်များထံသို့ ဦးတည်တော့သည်။
“ဟစ်”
အမျိုးသမီးသူနာပြုတစ်ယောက်က တံခါးနှင့်အနီးစပ်ဆုံးဖြစ်လေရာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ရေထဲသို့ သွေးများကလည်း စတင်စီးဆင်းသွားတော့သည်။
ထိုသို့ဖြင့် မရေမတွက်နိုင်သော အနက်ရောင်အရိပ်ပေါင်းများစွာက ဝရုန်းသုန်းကား ထိုသွေးရနံ့ရှိရာသို့ ပြေးဝင်လာကြလေသည်။ ထို့ကြောင့်သူတို့က သူနာပြုထံ တိုးဝင်လာတော့သည်။ သူနာပြုက တောင့်ခံထားပြီး တံခါးကို လော့ချရန် ကြံစည်သည်။ ထိုအချိန်တွင်ပင် ရေအောက်ထဲတွင် ပုန်းအောင်းနေသည့် အနက်ရောင်အရိပ်တစ်ခုက သူမထံဝင်ရောက်လာကာ သူမ၏ကိုယ်ကိုအပြည့်အဝ တားဆီးထားသည်။ သူမက အလွန်အမင်း ထိတ်လန့်သွားပြီး မျက်နှာက ဖြူဖျော့သွားတော့ကာ ဒူးထောက်ကျမတတ်ဖြစ်သွားတော့သည်။ သူမ မတ်တပ်ရပ်နိုင်ရန် မနည်းကြိုးစားရတော့သည်။
သို့ရာတွင် ရုတ်တရက် မည်သည့်နေရာကမှန်းမသိ စားပွဲတစ်လုံးက ရောက်လာကြောင်း မြင်လိုက်ရသည်။ ထိုစားပွဲက သူနာပြု၏ရှေ့သို့ ရောက်လာပြီး ရေများက အပေါ်သို့ လျှံတက်လာသည်။ အနက်ရောင်အရိပ်ပေါင်းများစွာကလည်း ချက်ချင်းလိုလို နောက်ဆုတ်သွားတော့သည်။
“စားပွဲပေါ်တက် မြန်မြန်”
ဟော်ယွန်ချန်းက လှမ်းအော်သည်။
ထိုသူနာပြုကလည်း မနှောင့်နှေးရဲချေ။ နာကျင်မှုကို တောင့်ခံကာ စားပွဲပေါ်သို့ ကုန်းတက်လိုက်သည်။ သူမ၏ ဒဏ်ရာရသည့် ခြေထောက်တစ်ဖက်ကို မြောက်လိုက်ချိန်တွင် မမျှော်လင့်ထားစွာပင် ရေထဲသို့ထိုးခွဲလျက် အနက်ရောင်အရိပ်တစ်ခုက ရောက်လာလေသည်။ ထိုအရိပ်က မီတာဝက်ခန့်ရှိပြီး ထိပ်နှစ်ဖက်ပြား၍ အလယ်တွင် လုံးဝိုင်းနေသည်။ သူ၏တစ်ကိုယ်လုံးကို အနီရင့်ရောင်ကြေးခွံမာများဖြင့်ကွယ်ထားသည်။ ဆန့်ထွက်နေသောသွယ်လှသည့်လက်ရှစ်ဖက်ရှိလေသည်။ ကြောက်မက်ဖွယ် အကောင်းဆုံးအရာက အလွန်အမင်းမာကျောကာ ထက်ရှသည့်လက်မကြီးတစ်စုံဖြစ်သည်။ ထိုလက်မကြီးတစ်စုံက စက်ဝိုင်းပုံသဏ္ဍာန်တည်ရှိနေပြီး ညှပ်လိုက်ချိန်တိုင်း အရာအားလုံးကိုဖြတ်တောက်နိုင်ဟန်ရသည်။ ယွမ့်ထန်း၏ခြေထောက်များကလည်း ထိုလက်မကြောင့် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။
ရေမကောင်းဆိုးဝါးက သူ၏လက်မကိုမြောက်လိုက်ပြီးနောက် သူနာပြု၏ခြေထောက်ကို ချိန်ကာ ဖမ်းညှပ်ရန်ကြိုးစားလေသည်။ သူ၏အပေါ်မှ မာကျောသည့် အခွံမာအကာအကွယ်ကလည်း အေးစက်သည့်အလင်းရောင်တောက်ပလာတော့သည်။ သူနာပြုအော်ရန်အချိန်မစောင့်ပဲ ဟော်ယွန်ချန်းက ချက်ချင်းလိုလိုစားပွဲထံသို့ ကူးခတ်သွားလိုက်ပြီးသည်နှင့် သူ၏ပေါ့ပါးသောဓားမြောင်ဖြင့် ထိုအကောင်ကို ခုတ်ချလိုက်ကာ လွင့်ထွက်သွားစေလိုက်သည်။ သူကိုယ်တိုင်ကလည်း ဓားမြောင်ဖြင့်ကြေးခွံကို ထိုးခွဲလိုက်သေးသည်။
ဟော်ယွန်ချန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ထိုရေမကောင်းဆိုးဝါး၏ အပေါ်မှအခွံက သူ ထင်ထားသည်ထက် မာနေသည်။ သူ၏ဓားမြောင်က ပုံမှန်အားဖြင့် စွမ်းအင်တိုင်းကို သယ်ဆောင်ထားသည့်အတွက် သံမဏိကိုပင် ရွံ့နွံကဲ့သို့ ထိုးခွဲနိုင်စွမ်းရှိသည်။ သို့ရာတွင် ထိုရေမကောင်းဆိုးဝါး၏ ကြေးခွံတွင်မူ ခြစ်ရာပင် မထင်သွားသေးချေ။
ထိုရေမကောင်းဆိုးဝါး၏အပြင်ခွံက အလွန်အမင်း မာကျောပြီး အရေအတွက်ကလည်း  များသည်။ ဂြိုလ်နံပါတ်၁၉ မှပြည်သူများက ရုပ်ပိုင်းဆိုင်ရာအားနည်းသော သာမာန်ပြည်သူများဖြစ်ကြလေသည်။ သူတို့တွင်လည်း အဆင့်မြင့်လက်နက်များက မလုံလောက်ချေ။ ထို့ကြောင့် ဒီလိုကပ်ဘေးကို ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့နေရသည်မှာ အံ့သြစရာမရှိတော့ချေ။
ရေမကောင်းဆိုးဝါးက သူထင်ထားသည်ထက် ကိုင်တွယ်ရခက်ခဲနေသည်။ ထို့ကြောင့် သူတို့ကို ကိုင်တွယ်ရန် အချိန် လိုအပ်လောက်သည်။ သူက တိုက်ပွဲရာပေါင်းများစွာကို ကျော်ဖြတ်ခဲ့သော လူဟောင်းတစ်ယောက် ဖြစ်နေသည့်အတွက် ဒီကိစ္စက အခက်အခဲရှိသည်ဟု မဆိုနိုင်ပြန်ချေ။
သူက ထပ်ခါတလဲလဲ မရိုက်နိုင်ခင်မှာတင် မကောင်းဆိုးဝါးက ရေထဲသို့ ပြန်ဝင်သွားပြီ ဖြစ်လေရာ သူ ထပ်မရှာနိုင်တော့ချေ။ ဟော်ယွန်ချန်းက ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီးနောက် ဒဏ်ရာရနေသောသူနာပြုကို ကျောပေါ်သို့ တင်ပွေ့ပြီးနောက် လှေကားပေါ်သို့ ပြေးတက်ခဲ့သည်။ ဟော်ယွန်ချန်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက SSအဆင့်ဖြစ်ပြီး သူ၏ခွန်အား အရှိန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းအား ပေါက်ကွဲစွမ်းအားတို့ အားလုံးက သာမာန်လူတိုင်း ထက်သာသည်။ လူတစ်ယောက်ကို ကျောပေါ်တင်ထားသည့်တိုင်အောင် သူက မြေပြန့်ပေါ်တွင် လမ်းလျှောက်နေရသလိုမျိုး ပေါ့ပါးစွာ ခုန်လိုက်သည်နှင့် ဒုတိယထပ်လှေကားပေါ်သို့ ရောက်သွားသည်။ ဒီထဲမှ အနက်ရောင်အရိပ်များက သူ့ကို ထိတွေ့နိုင်ခြင်းပင် မရှိခဲ့ချေ။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
ကြမ်းပြင်ပေါ်သို့ ပြန်ချပေးခံရသည့် သူနာပြုက ဆိုးဆိုးရွားရွား တုန်ယင်နေသည်။
“ကိစ္စမရှိပါဘူး မင်းရဲ့ဒဏ်ရာကိုသာ အရင်ကုလိုက်ပါ”
ဟော်ယွန်ချန်းက သူမကို ချပေးပြီးသည်နှင့် နောက်လှည့်ကာ အောက်သို့ ပြန်ဆင်းတော့သည်။
ရေမကောင်းဆိုးဝါးကြောင့် ဒဏ်ရာရနေသော လူအနည်းစုမှ လွဲလျှင် အများစုက အပေါ်ထပ်သို့ ရောက်နေကြပြီ ဖြစ်သည်။ လူပိုများလာသည့်အခါ ထိုတစ်ထပ်လုံး ဆူညံနေတော့သည်။ တတိယထပ်တွင် အိပ်ပျော်နေသော ယွမ့်ထန်းကလည်း ဆူညံသံကြောင့် နိုးလာတော့သည်။ ယွမ့်ထန်းက မသိစိတ်ကြောင့် သတိလက်လွတ် အခန်းထဲတွင်ရှိသည့် အရပ်ရှည်ရှည်နှင့်ပုံရိပ်ကို လိုက်ရှာသည်။ သို့သော် တစ်ဖက်သူကို ရှာမတွေ့သည့်အခါ သူက အိပ်ရာဘေးသို့ကြည့်သည်။ သူ၏အိပ်ရာဘေးတွင် ခြောက်နေပြီဖြစ်သည့် အဝတ်တစ်စုံကို တင်ထားပေးကြောင်း မြင်လိုက်ရသည့်အခါ သူ၏နှုတ်ခမ်းများက ကော့တက်နေကာ အလိုအလျောက် ပြုံးမိသွားတော့သည်။
ကလေးများက နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြသည်။ ထို့အပြင် သူ၏အချစ်ဆုံးအစ်ကို ဖြစ်သူကလည်း အနားတွင် ရှိနေသောကြောင့် ယွမ့်ယွီက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ထို့ကြောင့် ယွမ့်ထန်းက ညင်သာစွာဖြင့် အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး သူ၏အဝတ်ခြောက်ကို ဝတ်ကာ တိတ်ဆိတ်စွာဖြင့် တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူက လက်ရှိအခြေအနေကို ကြည့်ရန် အပြင်သို့ထွက်ရန် ကြံစည်သည်။ ခန်းမလျှောက်လမ်းတွင် လူများကပြည့်နေသည်။ စက်ရုံထဲတွင်နဂိုရှိသော လူနာများမှလွဲပြီး အများစုက ယခုလေးတင် ဒဏ်ရာရကာ ပို့လိုက်သူများနှင့် ထိုသူများ၏မိသားစုဝင်များ ဖြစ်နေကြသည်။ အားလုံး၏မျက်နှာ အမူအရာက တင်းကြပ်နေကြကာ စိုးရိမ်မှုများ ထင်ရှားနေသည်။
“အောက်ထပ်မှာ ရေမကောင်းဆိုးဝါးတွေ ဘယ်လောက်များလဲ ဘယ်သူသိမှာလဲ။ သူတစ်ယောက်ထဲ ရင်ဆိုင်နိုင်ပါ့မလား”
“သူ ရင်ဆိုင်နိင်ပါ့မလား သူရင်ဆိုင်နိုင်မှာပါ။ သူသာ သူတို့ကိုမတားနိုင်ရင် ငါတို့ဘယ်လိုလုပ်ကြမလဲ”
ယွမ့်ထန်း၏နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။ သူက  ခန်းမကိုကြည့်ပြီးနောက်တွင် အနီးဆုံးလူထံသို့ အနားကပ်သွားလိုက်သည်။
“အောက်မှာရှိတဲ့လူက အနက်ရောင်ဝတ်စုံဝတ်ထားပြီး ဆံပင်တိုတိုနဲ့အရပ်ရှည်ရှည် တစ်ယောက်လား”
“ဟုတ်တယ်”
သေချာစွာပင် ဟော်ယွန်ချန်းက အောက်ထပ်တွင်ရှိနေသည်။
ယွမ့်ထန်းက အောက်ထပ်သို့ပြေးဆင်းလိုသော်လည်း ဒေါက်တာထန်းက သူ့အားလှမ်းဆွဲထားသည်။
“အလျင်စလို မလုပ်နဲ့ မင်း သူ့ကိုသွားမကူညီနိုင်ဘူး”
ယွမ့်ထန်းကလက်သီးကိုဆုပ်သည်။
“ဒါပေမဲ့ …”
သူသည်လည်းသိသည်။ သူ ယခု မသွားပဲနေလိုက်လျှင် သူ ဟော်ယွန်ချန်းအတွက် ဒုက္ခများစေတော့မည် မဟုတ်ချေ။ သို့သော် သူသည်လည်း မတတ်နိုင်ချေ။ ဟော်ယွန်ချန်းတစ်ယောက်ထဲ အောက်ထပ်တွင် ရဲရင့်စွာရင်ဆိုင်နေမည့် အရေးကိုလည်း ခွင့်မပြုနိုင်ချေ။ ထို့ကြောင့် သူမကူညီနိုင်သည့်တိုင်အောင် အခြေအနေကို သွားကြည့်ချင်သေးသည်။
သူက ပြင်းပြင်းထန်ထန် သက်ပြင်းချပြီးသည့်နောက် ရွေးချယ်စရာမရှိတော့ပဲ ထိုနေရာတွင် ဆက်နေပြီး ဟော်ယွန်ချန်းအတွက် ဆုတောင်းရတော့သည်။ အချိန်မည်မျှ ကြာသွားပြီ ဖြစ်ကြောင်း သူသည်လည်း မသိတော့ချေ။ မိုးခြိမ်းသံအကျယ်ကြီးနှင့်အတူ အောက်ထပ်မှတက်လာသည့် ခြေလှမ်းသံများကို ကြားလိုက်ရသည်။ ယွမ့်ထန်းက အလျင်စလို ထပြီးအောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။ ထောင့်နားသို့ ရောက်သွားချိန်မှာတင် ဟော်ယွန်ချန်းနှင့် ခေါင်းတိုက်မိတော့သည်။
“အားထန်း အဆင်ပြေရဲ့လား”
သူ၏နားအတွင်းသို့ ခပ်တိုးတိုး အသံက ဝင်ရောက်လာပြီး လည်တိုင်သို့ နွေးထွေးသည့်အသက်ရှူသံက ကျီဆယ်လာမှသာ ယွမ့်ထန်းက သတိလက်လွတ် လည်ပင်းကို ကျုံ့လိုက်မိသည်။
“ဘာမှ ဘာမှမဖြစ်ပါဘူး”
နီရဲနေသောမျက်နှာမျိုးဖြင့် သူက နောက်သို့ဆုတ်ကာ ဟော်ယွန်ချန်း၏ရင်ဘတ်ထဲမှ ထွက်လိုက်သည်။ တစ်ဖက်သူ၏ ရင်ခွင်ကို မှီထားရချိန်တွင် သူ၏ပါးပြင်များက မည်သို့ခံစားနေရကြောင်းကို သူက မှတ်မိနေသေးသည်။
ဟော်ယွန်ချန်း၏ လက်မောင်းနှစ်ဖက်လုံးက မြောက်ထားကြောင်း မြင်လိုက်ရသည်။ သူက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဟော်ယွန်ချန်း၏ခေါင်းပေါ်မှ အရိပ်တစ်ရိပ်ကို မြင်လိုက်သည့်အတွက် အလန့်တကြား နောက်သို့ ဆုတ်လိုက်တော့သည်။
ဟော်ယွန်ချန်း ဖမ်းလာသည့် ရေမကောင်းဆိုးဝါးက တက်ကြွနေသေးသည်။ သူက သူ့ကို ဖမ်းမိထားသည့်တိုင်အောင် ဆက်တိုက်ရုန်းကန်နေကာ လက်မနှစ်ဖက်ကလည်း တချွင်ချွင် အသံများကို ထုတ်လွင့်နေသည်။
ကိုယ်ကပြားပြီး အခွံမာရှိပြီး ခြေထောက်လေးဖက် လက်မနှစ်ခုရှိသည်။
….
ယွမ့်ထန်းက တိတ်ဆိတ်သွားပြီးနောက် ထိုရေမကောင်းဆိုးဝါးဆိုသည်ကို ကြည့်ကာ မျက်နှာအမူအရာက ဆွံ့အသွားတော့သည်။
“ဒါ.. ဒါက ဂဏန်းဘုရင် မဟုတ်ဘူးလား”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now