Part 72

1.3K 217 1
                                    

Unicode

အပိုင်း ၇၂
ဟော်ယွန်ချန်းက ယွမ့်ထန်းကို အဖော်ပြုပြီးဆေးရုံသို့ လိုက်ပို့ပြီးနောက်တွင် သူ့အား ပြောလာသည်။
“ကိုယ် ကျိုးကျင်းနဲ့ကိစ္စကို တိုင်ပင်စရာ နည်းနည်းရှိသေးတယ် မင်းအရင်သွားနှင့်ပါ။ ကိုယ်က ကားထဲမှာပဲ စောင့်နေမယ်။ မင်း အဆင်သင့်ဖြစ်ပြီး သွားတော့မယ်ဆိုမှ ကိုယ့်ကို လာရှာလှည့်ပါ”
“ကောင်းပါပြီ ချန်းကောကို ဒုက္ခပေးရတဲ့အတွက် အားနာပါတယ်”
ယွမ့်ထန်းက ဟော်ယွန်းချန်းလုပ်ပေးသမျှဟာ သူ့အတွက်ဖြစ်ကြောင်း နားလည်နေသည့်အတွက် အလွန်ကျေးဇူးတင်မိသွားသည်။
သူကအပေါ်ထပ်သို့တက်သွားပြီးနောက်တွင် ယွမ့်ယွီက သူနာပြု၏အကူအညီဖြင့် ဆေးဖန်ပေါင်းချောင်ထဲမှထွက်လာပြီး နူးညံ့သောကုတင်ပေါ်တွင် ပြန်လှဲနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
ယွမ့်ယွီကလည်း တံခါးနားတွင်ရပ်နေသည့် အစ်ကိုဖြစ်သူကို မြင်လိုက်ရသည်နှင့် အညိုရောင်မျက်ဝန်းတစ်စုံက တောက်ပသွားတော့သည်။ သူက ပျော်ရွှင်စွာလှမ်းအော်သည်။
“အစ်ကို”
ယွမ့်ထန်းကလည်း ဖျော့တော့စွာပြုံးလိုက်သည်။ သူကယွမ့်ယွီ၏အနားသို့လျှောက်သွားပြီးနောက်တွင် လက်ကိုဆန့်တန်းကာ နူးညံ့သည့်ဆံပင်များကို ပွတ်သတ်လိုက်သည်။
“အစ်ကိုက ဒီမှာပါ ရှောင်ယွီလေး ဗိုက်ဆာနေပြီလား”
“ဆာနေပြီ”
ကလေးက ခေါင်းကို ဆက်တိုက်ငြိမ့်သည်။
ခုံတစ်ခုံကို ဆွဲထုတ်ပြီးနောက် ထိုနေရာတွင် ထိုင်ချလိုက်ပြီး သူယူလာသည့်ဘူးအဖုံးကိုဖွင့်လိုက်သည့်အခါ အလွန်ပြင်းထန်သည့် အသားရနံ့က ချက်ချင်းထိုးထွက်လာတော့သည်။ အနားတွင်ရှိနေပြီး ဆေးဖန်ပေါင်းချောင်ကို ပြန်သိမ်းနေသည့် နက်စ်မကပင် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူကတံတွေးကိုမျိုချပြီးနောက် ခေါင်းကိုလှည့်ကြည့်လာသည့်အခါ ယွမ့်ထန်း၏လက်ထဲတွင်ရှိသည့် ထမင်းဘူးထံသို့ရောက်လာသည်။
“အရင်ဆုံးအရွက်ကိုစား ဒါက ကျန်းမာရေးအတွက် ကောင်းတယ်”
ယွမ့်ထန်းက ညီဖြစ်သူကို အရွက်ကြော်အရင်ကျွေးသည်။ ဘူး၏ မြင့်မားသည့် အရည်အသွေးကြောင့် အရသာအပေါ် သက်ရောက်မှုမရှိပဲ ပူနွေးနေဆဲဖြစ်သည်။ ယွမ့်ယွီက နာခံစွာဖြင့် ဟင်းကို စားပြီးနောက် ဟန်းစတားငယ်လေးလိုမျိုး လျင်မြန်စွာ ဝါးစားနေခြင်းက ချစ်စရာကောင်းလွန်းလှသည်။
ယွမ့်ထန်းကမနေနိုင်ပဲ ကလေး၏ပါးလေးကို ညစ်လိုက်ကာမေးလိုက်သည်။
“အရသာရှိလား”
“အရသာရှိတယ်”
ယွမ့်ယွီက နူးညံ့သည့်အရွက်အရသာနှင့် အငန်ဓာတ်ကဲသည့် အရသာမျိုးကို အလွန်သဘောကျသည်။ ပါးစပ်အပြည့် ဝါးစားပြိးနောက်တွင် ချက်ချင်းလိုလို ပါးစပ်ကို ဟပေးလိုက်သည်။ အရင်ကဆိုလျှင် ယွမ့်ယွီက သူ၏အသက်ဆက်ရှင်ရန်အတွက် အားဖြည့်ဆေးရည်များကိုသာလျှင် မှီခိုနေခဲ့ရသည်။ ယခုအခါ သူ၏အစာအိမ်က အလွန်နူးညံ့လွန်း နေခဲ့သည်။ မနေ့က ပထမဦးဆုံးအကြိမ် သဘာဝစားစရာများကို စစားသည့်တိုင်အောင် ယွမ့်ထန်းက ဒီနေ့အများကြီးမကျွေးရဲသေးချေ။ ထို့ကြောင့် အရွက်ကြော်သုံးဇွန်းအပြည့် ကျွေးပြီးသည့်နောက်တွင် စွပ်ပြုတ်ကို စားလိုက်သည်။ အရသာရှိသော အရိုးစွပ်ပြုတ်က မနေ့က ကြက်သားဆန်ပြုတ်ထက် ပို၍ကောင်းသည်။ ယွမ့်ထန်းက ဇွန်းအသေးကိုသုံးပြီး အရိုးထဲမှ ခြင်ဆီများကို ခပ်ထုတ်လိုက်ကာ ယွမ့်ယွီကိုကျွေးသည်။ အရသာရှိပြီး အသားဓာတ် အပြည့်ပါသည်။ ထိုအရသာက ကလေးကို အားဖြည့်ပေးနိုင်သည့်အပြင် အရသာရှိလှသည့်အရသာကြောင့်လည်း ယွမ့်ယွီက သဘောကျပေလိမ့်မည်။ ဒါက သူ၏စားချင်စိတ်ကို တိုးမြင့်လာစေနိုင်စွမ်းရှိသည်။ ထို့အပြင် နူးညံ့သောမုန်လာဥကလည်း အသားထက်ပင် ပို၍အရသာရှိနေသေးသည့်အတွက် ယွမ့်ယွီက ပျော်ရွှင်စွာ တစ်ကိုက်ပြီးတစ်ကိုက်စားတော့သည်။
သို့ရာတွင် ကလေး၏ စားသောက်နိုင်စွမ်းက နည်းပါးသေးသည်။ သိပ်မကြာခင်မှာတင် သူ၏ဗိုက်လေးက စတင်ဖောင်းလာတော့သည်။ သူ၏ပါးစပ်က ဆက်စားချင်သော်လည်း ဝမ်းဗိုက်က လက်မခံတော့ပဲ ငြင်းဆန်လာသည်။
ဘူးထဲတွင် စွပ်ပြုတ်တစ်ဝက်ပင် ကျန်နေသေးလေသည်။ သူကအဖုံးပိတ်တော့မည့်အချိန်တွင် သူနာပြု၏ စူးရှသည့်အကြည့်ကို ခံစားလိုက်ရသည်။
ယွမ့်ထန်း “…”
သူနာပြုက ယွမ့်ထန်းနှင့် အကြည့်ချင်းဆုံသွားသည့်အခါ တစ်ဖက်သူ၏မျက်နှာတစ်ခုလုံးက နီရဲသွားတော့သည်။ သို့သော်သူက ဘူးထံမှအကြည့်ကို မရွေ့ချေ။ ကလေး၏စားစရာကို စားချင်နေခြင်းက အရှက်ရစရာကောင်းသော်လည်း ရနံ့ကမွှေးလွန်းနေသည်။ သူ သူ့ကိုယ်သူ မထိန်းချုပ်နိင်တော့ချေ။
မျက်လုံးနှစ်စုံ… မျက်လုံးကြီးတစ်စုံနှင့် မျက်လုံးငယ်တစ်စုံတို့က အချိန်အတန်ကြာ ဆုံနေပြီးနောက်တွင် ရုတ်တရက် ယွမ့်ယွီ၏ ညင်သာသည့်အသံလေးကိုကြားလိုက်ရသည်။
“အစ်ကိုဝမ် ကျွန်တော့်ရဲ့အစ်ကိုလုပ်လာပေးတဲ့ စွပ်ပြုတ်ကို သောက်မလား။ ဒါကတကယ်အရသာရှိတယ်”
“အာ ငါ ငါမြည်းလို့ရလား”
သူနာပြုဝမ်က တံတွေးမျိုချပြီးနောက်တွင် သူ၏ပါးများကပင် နီရဲလာတော့သည်။ သို့တိုင်အောင် သူကစားချင်စိတ်ကို မထိန်းချုပ်နိုင်ချေ။
“အစ်ကိုဝမ်သာ စိတ်မရှိရင်…”
“ဒါပေါ့ ငါစိတ်မရှိဘူး”
သူနာပြုဝမ်က တုံ့ဆိုင်းမနေပဲဖြေလိုက်သည်။ သူကဘူးကို စူးရှစွာကြည့်လာပြီး ဇွန်းကိုပင်ဂရုမစိုက်တော့ဘဲ ထိုဘူးကိုပင် စောင်းကာ တိုက်ရိုက်မော့သောက်သည်။
“အရသာရှိလိုက်တာ ဒါက ကောလဟာလထွက်နေတဲ့ သဘာဝစားစရာ ဆိုတာလား။ အကယ်ဒမီသိပ္ပံက ဒါကို ဆက်တိုက်စားကြည့်ဖို့ နှိုးဆော်နေတာ မအံ့သြတော့ဘူး။ အားဖြည့်ဆေးရည်တွေထက် အဆတစ်ထောင်မက အရသာရှိတယ်”
သူက ဘူးကို ကိုင်ပြီးနောက် ဆက်တိုက်ပင် မျိုချတော့သည်။ အထဲတွင်ရှိသော စွပ်ပြုတ်များက ဘယ်သောအခါမှ မကုန်လျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးတောနေတော့သည်။ သို့သော် ထိုအချက်ကပင် မဖြစ်နိုင်ချေ။ စွပ်ပြုတ်ကို သောက်ပြီးနောက်တွင် သူက ဘူးအဖုံးကို လျက်ချင်စိတ်ကိုပင် မနည်းထိန်းကာ ယွမ့်ထန်းကို ဘူးအလွတ် ပြန်ပေးလိုက်သည်။
“မင်းရဲ့ဧည့်ခံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လက်ရာက အရမ်းကောင်းတယ်”
“သဘောကျတဲ့အတွက် ကျွန်တော်က ဝမ်းသာပါတယ်။ ကျွန်တော်က အစ်ကိုဝမ်နဲ့ ဒေါက်တာထန်းတို့ကို ကျွန်တော့်ရဲ့ညီငယ်လေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ချင်နေတာပါ”
ဆရာထန်းနှင့် အခြားသော ဆေးဝန်ထမ်းတို့ကသာ ယွမ့်ယွီကို ကုသရန် တောင်းဆိုထားသောကြောင့်သာ မဟုတ်လျှင် သူ့ကလေးက သူရောက်လာသည်အထိ တောင့်ခံနိုင်မည်မထင်ချေ။ ထို့ကြောင့် ယွမ့်ထန်းက ထိုလူများကို အလွန်ကျေးဇူးတင်မိသည်။
“မင်းကယဉ်ကျေးလွန်းနေပြန်ပြီ။ ငါတို့က ငါတို့ရဲ့အလုပ်…”
ရုတ်တရက် အပြင်ဘက်မှ ကျယ်လောင်သည့်မိုးခြိမ်းသံက ထွက်လာသည်။
သူနာပြုဝမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားတော့သည်။ သူက အခန်းအပြင်ဘက်သို့ ချက်ချင်းထွက်သွားပြီးသည်နှင့် ကော်ရစ်တာဘေးတွင်ရှိသည့် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ကြည့်သည်။ သေချာစွာပင် ကောင်းကင်က စတင်မဲမှောင်နေပြီဖြစ်သည်။ ကြည်လင်သောကောင်းကင်က သိပ်သည်းသော အနက်ရောင်တိမ်များဖြင့် အစားထိုးလာသည်။
“မကောင်းတော့ဘူး မိုးရွာတော့မယ်။ မင်းတို့တွေ ဆေးရုံကထွက်လို့မဖြစ်တော့ဘူး။ ကိစ္စတွေက စပြီးအလုပ်များတော့မယ်”
“နေပါဦး ကျွန်တော်မေးပါရစေ မိုးနဲ့ပတ်သတ်ပြီး တစ်ခုခုထူးခြားတာများ ရှိနေလို့လား”
ယွမ့်ထန်းကလည်း သူနာပြု၏ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်ရတော့မည့်အရေးကို မြင်ယောင်နေသည့် မျက်နှာထားမျိုးဖြစ်နေသည့် အတွက်ကြောင့် မေးမြန်းလိုက်တော့သည်။
ဒါကမိုးရွာတာပဲမဟုတ်ဘူးလား။ ဘာလို့ဒီလောက်အထိ ထိတ်လန့်နေရတာလဲ။
သူနာပြုဝမ်က သူတို့က ကြယ်မြို့တော်မှရောက်လာခြင်းဖြစ်ပြီး ဒီနေရာရှိ ဂြိုလ်နံပါတ် ၁၉ ၏အခြေအနေများကို မသိကြောင်း သတိရသောအခါ လျင်မြန်စွာ ရှင်းပြသည်။
“ငါတို့ဂြိုလ်ရဲ့နေရာအများစုကို ရေလွှမ်းသွားလိမ့်မယ်။ မိုးရွာလာတာနဲ့ ရေတက်နှုန်းက အရမ်းမြန်တယ်။ ဒီဂြိုလ်က မကြာခဏ ရေကြီးလေ့ရှိတယ်။ အဲဒီအခါ ရေထဲမှာ ရေမကောင်းဆိုးဝါးတွေ ပါလာလိမ့်မယ်။ အဲဒီမကောင်းဆိုးဝါးတွေက လူတွေကို ဒဏ်ရာအပြင်းအထန် ပေးနိုင်စွမ်းရှိတယ်။ ဒီတော့ ငါတို့ဒီရေစီးတာကို ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရလိမ့်မယ်။ စက်ရုံထဲကို ရေတွေ အဝင်ခံလို့ မဖြစ်ဘူး”
“ကျွန်တော်သိပြီ ဒါဆိုရင်ကျေးဇူးပြုပြီး မနှောင့်နှေးပါစေနဲ့”
ရေမကောင်းဆိုးဝါးဟုတ်လား
ယွမ့်ထန်းက ပြတင်းပေါက်နားသို့ လျှောက်သွားပြီးနောက် စတင်ကာ တိမ်မဲများဖြင့် ပြည့်နှက်လာသည့် ထူထပ်သိပ်သည်းနေသော ကောင်းကင်ကို ကြည့်သည်။ ပင်လယ်က စတင်ကာ လှိုင်းလုံးများ မြင့်တက်လာပြီ ဖြစ်ပြီး လေတိုးသံကလည်း အလွန်ပြင်းထန်လာသည်။
ယွမ့်ထန်းကလည်း ထိုထဲတွင် မည်သို့သော မကောင်းဆိုးဝါးများ ရှိနေမည်ဖြစ်ကြောင်း နားမလည်ချေ။ ထိုမကောင်းဆိုးဝါးများက မည်မျှကြောက်မက်ဖွယ်ကောင်းမည် ဖြစ်ကြောင်းကိုလည်း မသိချေ။ ဟော်ယွန်ချန်းက အလွန်အင်အားကြီးကြောင်း သိသော်လည်း သူသာ တိုက်ခိုက်ခံရလျှင်ဆိုပြီး စတင်ကာ စိုးရိမ်လာသည်။ သူ၏ခုခံအားမဲ့နေသော အခြေအနေမျိုးနှင့် ဒဏ်ရာရသွားနိုင်သေးသည်။
သူနာပြုဝမ်က အလျင်စလို ထွက်သွားပြီးနောက် ယွမ့်ထန်းက သူ၏အလင်းဦးနှောက်ကိုဖွင့်ကာ ဟော်ယွန်ချန်းထံ ဆက်သွယ်လိုက်သည်။ မိုးကသာရွာပြီး ရေကသာမြင့်တက်လာမည်ဆိုလျှင် ဟော်ယွန်ချန်း၏ကားက ရေလွှမ်းသွားနိုင်သည်။ ရေမလွှမ်းသည့်တိုင်အောင် ရေထဲတွင်ရှိသည့် ရေမကောင်းဆိုးဝါးက အန္တရာယ်များလေဟန် ရလေရာ သူ့ကို ကားကိုထားခဲ့ပြီး ဆေးရုံထဲလာနေရန် ပြောလိုသည်။
သို့ရာတွင် ဟော်ယွန်ချန်းက ကျိုးကျင်းနှင့် စကားပြောနေသေးပြီး သူ့အားပြန်မဖြေခဲ့ချေ။ ထို့ကြောင့်ဆက်သွယ်၍မရဘဲဖြစ်နေခဲ့သည်။ မိုးခြိမ်းသံကိုနားထောင်ပြီး လျှပ်စီးများကို မြင်နေရသည့်အခါ ယွမ့်ထန်းက အလွန်စိုးရိမ်လာတော့သည်။
“ရှောင်ယွီ မနေ့ကလာခဲ့တဲ့ အစ်ကိုဟော်ကို မှတ်မိတယ်မဟုတ်လား။ သူကအောက်မှာ ရှိနေတယ်။ အစ်ကိုက သူ့ကို သွားရှာလိုက်ဦးမယ်။ ဒီနေရာမှာနေပြီး အစ်ကို့ကိုပြန်စောင့်နေနော်”
သူက နှလုံးသားထဲမှ စိုးရိမ်မှုကို အတင်းဖိနှိပ်လျက် ယွမ့်ယွီကို ညင်သာစွာမေးသည်။
“ဟုတ်ကဲ့အစ်ကို”
ယွမ့်ယွီကလည်း နာခံစွာ ခေါင်းညိတ်သည်။ သူက သူ၏အစ်ကိုဖြစ်သူကို ပထမဦးဆုံးအကြိမ် မြင်ရသကဲ့သို့ ဒီအစ်ကိုက သူ့အား စွန့်ပစ်သွားမည်ကို မစိုးရိမ်တော့ချေ။ သူ၏အစ်ကိုက သေချာပေါက် ပြန်လာရှာမည်မှန်း နားလည်သွားသည်။
ယွမ့်ထန်း သူ၏ညီငယ်၏ နူးညံ့သည့်နဖူးကိုတစ်ချက်နမ်းပြီးနောက် ခပ်မြန်မြန်အောက်သို့ ပြေးဆင်းသွားသည်။
ထိုအချိန်တွင် အပြင်ဘက်တွင် မိုးကစရွာနေပြီဖြစ်သည်။ ကြီးမားသော မိုးစက်ကြီးများက အောက်သို့ကျဆင်းလာပြီး နံရံများနှင့် လှေကားထစ်များစွာကိုပင် ရေစိုရွှဲနေတော့သည်။ ယွမ့်ထန်း၏ ပေါင်တစ်ဝက်ကလည်း စင်လာသောရွံ့များကြောင့် စိုရွဲနေပြီဖြစ်သည်။ သိပ်မကြာခင်မှာတင် မြေပြင်တွင် ရေများက စတင်စီးဝင်လာပြီဖြစ်သည်။ ရေထဲတွင်ရွေ့လျားနေသော အနက်ရောင်အရိပ်များကိုလည်း မြင်ရပြီး အုပ်စုလိုက်ရှိနေကြသည်။ ယွမ့်ထန်းက သတိအနေအထားဖြစ်သွားသည်။
ဟော်ယွန်ချန်း၏ကားက ဆေးရုံအပြင်ဘက်လမ်းပေါ်တွင် ရပ်ထားခြင်းဖြစ်သည်။ လျှပ်စီးလက်လိုက်သည့်အရှိန်ကြောင့် ယွမ့်ထန်းက အထဲမှလူကိုမြင်လိုက်ရသည်။
“ချန်းကော ချန်းကော”
သူက ကျယ်လောင်စွာအော်သည်။ သို့သော် မိုးသံနှင့်မိုးခြိမ်းသံတို့ကြောင့် သူ၏အသံက ပျောက်သွားသည်။
ယွမ့်ထန်းကလည်း တစ်ကိုယ်လုံး စိုရွဲမည့်အရေးကို ဂရုမစိုက်တော့ပဲမိုးရေထဲသို့ ပြေးထွက်သွားပြီး ကားဘေးနားသို့ ရောက်သွားကာ ပြတင်းပေါက်ကို ခပ်ပြင်းပြင်းခေါက်သည်။
“အားထန်း ဘာလို့…”
ဟော်ယွန်ချန်းက ဘေးဘက်မှအသံကိုကြားသောအခါ လျင်မြန်စွာ ကားတံခါးကိုဖွင့်ကာထွက်လာသည်။ ထိုအခါတစ်ကိုယ်လုံးစိုရွဲနေသည့်ယွမ့်ထန်းကို မြင်လိုက်ရတော့သည်။
“ကျွန်တော့်ရဲ့အနောက်ကလိုက်ခဲ့ပါ”
ယွမ့်ထန်းကရှင်းပြရန်အချိန်မပေးတော့ပဲ ဟော်ယွန်ထန်း၏လက်ကိုဆွဲကာ ဆေးရုံထဲသို့ ဆွဲခေါ်လာခဲ့လိုက်သည်။
ဟော်ယွန်ချန်းကလည်း ဖုန်းကိုအလျင်စလိုချပြီး သူနှင့်အတူလိုက်ပြေးသည်။ သူတို့က ဆေးရုံတံခါးသို့ရောက်တော့မည့် လမ်းတစ်ဝက်မှာတင် ယွမ့်ထန်းက ရုတ်တရက် သူ၏ခြေခြင်းဝတ်မှ နာကျင်မှုကို ခံစားလိုက်ရပြီး အော်ကာ မြေပြင်သို့လဲကျမိတော့မတတ်ဖြစ်သွားသည်။
ကြီးမားသောလက်တစ်ဖက်ကသာ သူ့အားထွေးပွေ့ပေးလာပြီး ဟော်ယွန်ချန်း၏ရင်ဘတ်ထဲသိ့ု ဆွဲသွင်းလိုက်ခြင်းမရှိလျှင် သူကအမှန်လဲကျသွားလောက်သည်။
“အားထန်း ဘာဖြစ်တာလဲ ခြေကျင်းဝတ်လည်သွားလို့လား”
ဟော်ယွန်ချန်းက စိုးရိမ်တကြီးမေးလာသည်။
“မဟုတ်ဘူး တစ်ကောင်ကောင်က ကိုက်သွားသလိုပဲ”
သူက ဟော်ယွန်ချန်း၏ရင်ဘတ်ကိုမှိထားပြီးနောက် ခြေကျင်းဝတ်ထံ လက်လှမ်းလိုက်သည်။ လက်ပြန်ရုတ်လိုက်သည့်အခါ လက်တွင် သွေးစများကို မြင်နိုင်သည်။
ထိုသွေးကို မြင်လိုက်ချိန်တွင် ဟော်ယွန်ချန်း၏မျက်လုံးများက နက်ရှိုင်းကာ အေးစက်သွားတော့သည်။ အလွန်အမင်း အာရုံစူးစိုက်မှုနှင့်အတူ သူက ယွမ့်ထန်းကို လက်မောင်းထဲတွင် ပွေ့ခေါ်လျက် ဆေးရုံထဲသို့ အပြေးဝင်လာသည်။
ဆေးရုံမှဝန်ထမ်းကလည်း အလျင်စလိုဖြင့် ရေထိန်းချုပ်မှုစက်များကို စတင်ကာ ခလုတ်ဖွင့်လိုက်ပြီဖြစ်ပြီး မြေပြင်မှစတင်ကာ မီတာဝက်ခန့်ရှိမည့် နံရံအမြင့်တစ်ခုက မြင့်လာသည်။ ဆေးရုံက တံခါးပိတ်တော့မည့် အနေအထားရှိနေလေပြီ။ ကြီးမားသော ရေစုပ်ထုတ်ပိုက်များကလည်း စတင်ကာ လည်ပတ်လာပြီး နေရာတိုင်းတွင် ရှိနေသည့် ရေများကို စုတ်ထုတ်နေသည်။
ဟော်ယွန်ချန်းက ယွမ့်ထန်းကို လက်မောင်းထဲတွင်ပွေ့လျက် ဆေးရုံလော်ဘီတစ်လျှောက် ပြေးလွှားနေသည်။ ခန်းမထဲတွင်ရှိသော ဆေးကုသဝန်ထမ်းတစ်ယောက်က သူ၏ခြေထောက်မှသွေးကာ သတိထားမိသွားကာ တွန်းလှည်းကုတင်နှင့်အတူ အလျင်စလို ရောက်လာပြီး ဟော်ယွန်ချန်းအား ယွမ့်ထန်းကို ထိုပေါ်တွင်လှဲခိုင်းသည်။
သူတို့က ယွမ့်ထန်း၏ ဘောင်းဘီရှည်အောက်ပိုင်းကို ဆွဲဖြဲပြီးနောက်တွင် သွေးလွှမ်းနေသော ဒဏ်ရာကို မြင်လိုက်ရသည်။ ဆေးဝန်ထမ်းက ဒဏ်ရာကို ချက်ချင်းလိုလို ပိုးသတ်တော့သည်။ သွေးများကို ဆေးလိုက်ပြီးနောက်တွင် ထက်ရှသောလက်နက်တစ်ခုဖြင့် လှီးဖြတ်ခံထားရဟန်တူသည့် ဒဏ်ရာကို မြင်လိုက်ရသည်။ ဒဏ်ရာကမသေးပဲ ခြေမျက်စိနားတစ်ဝက်လောက်အထိ အဖြတ်ခံလိုက်ရသည်။
ဝန်ထမ်းက သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပြီးနောက် အပြာရောင်စပရေးတစ်မျိုးကို မှုတ်ပေးသည်။ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့်ပင် ဒဏ်ရာက အပြာရောင်ဆေးရေများဖြင့် လွှမ်းသွားတော့သည်။
“ပြဿနာမရှိပါဘူး ဒဏ်ရာက ဆေးကို အပြည့်အဝစုတ်ယူသွားပြီး သုံးရက်လောက်နေရင် ဒဏ်ရာက အပြည့်အဝ ပြန်ကောင်းသွားပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ဆရာဝန်က လက်ကိုယမ်းပြပြီးနောက်တွင် သူ့အား ကုသစရိတ်ကို ကောင်တာတွင် သွားပေးခိုင်းလိုက်သည်။ ထို့နောက် သူကထွက်သွားတော့သည်။
ဟော်ယွန်ချန်းကလည်း သူ မည်သို့ဒဏ်ရာရသွားကြောင်း ဆရာဝန်ကို မေးမြန်းချင်နေသေးသည်။ သို့သော်ထိုအချိန်တွင် မိုးရေထဲမှလူတစ်ယောက်က အသည်းအသန်ဝင်လာသည်။ ထိုလူက ယွမ့်ထိန်းထက် ပို၍ အင်အားကြီးမားဟန်ရသော်လည်း သူ၏ဒဏ်ရာများက အလွန်ပြင်းထန်လွန်းသည်။ သူ၏ခြေထောက်တွင် ဒဏ်ရာပေါင်းများစွာ ရှိနေသည့်အပြင် လက်မောင်းနှင့်ကျောပြင်များကလည်း ဒဏ်ရာများကလွှမ်းနေသည်။
“မြန်မြန်လဲချလိုက်”
ဆရာဝန်နှင့် သူနာပြုများက ထိုအခြေအနေကြောင့် အံ့အားသင့်ဟန်မရဘဲ ချက်ချင်းလိုလို လျင်မြန်စွာ ကုသတော့သည်။
“ရေမကောင်းဆိုးဝါး ရေမကောင်းဆိုးဝါးတွေ အများကြီးပဲ”
ထိုလူက ကြောက်လန့်တကြား အော်သည်။
“ခင်ဗျား လုံခြုံသွားပါပြီ အဆင်ပြေတယ်”
ဆရာဝန်ကလည်း သူ့အား နှစ်သိမ့်ပေးသည်။ သူကလျင်မြန်စွာဖြင့်ဒဏ်ရာကို ကိုင်တွယ်ပေးတော့သည်။
“ရေမကောင်းဆိုးဝါးဟုတ်လား”
ဟော်ယွန်ချန်းကလည်း မျက်မှောင်ကြုံ့လိုက်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now