Part 64

1.4K 211 2
                                    

Unicode

အပိုင်း ၆၄
အညိုရောင်အချဉ်ရည်ဆမ်းကြက်သားနှပ်နဲ့ဝက်နံရိုးချိုချဉ်
သူတို့က ပြန်မည်ဟုဆုံးဖြတ်ပြီးကတည်းက တတ်နိုင်သမျှ မြန်မြန်သွားသင့်သည်။ သို့ရာတွင် ယွမ့်ထန်း၏မွေးရပ်မြေဖြစ်သော ဂြိုလ်နံပါတ်၁၉ သည် မြို့တော်ဂြိုလ်နှင့် အလွန်ဝေးကွာလွန်းသည့်အတွက် အမြန်ဆုံး သယ်ယူပို့ဆောင်ခြင်းသင်္ဘောနှင့်ပင် နှစ်ရက်နီးပါး အချိန်ယူရမည်ဖြစ်သည်။ ထိုအချက်အပြင် တစ်ဖက်ခြမ်းတွင်ရှိသော အချို့သောဂြိုလ်ဌာနများတွင် ယာဉ်ပျံကိုရပ်နားကာ တစ်ဆင့်ထပ်စီးရမည်ဖြစ်သောကြောင့် တစ်ပတ်ခန့် အချိန်ကြာမည်ဖြစ်သည်။
တိုက်ရိုက်ပျံသန်းသွားနိုင်သော လေယာဉ်ပျံကို စီးနိုင်လျှင်မူ နှစ်ရက်ခန့်နှင့် ရောက်နိုင်သည်။ သူတို့သာ အချိန်ကြာသွားလျှင် တစ်စုံတစ်ရာ ဖြစ်သွားနိုင်သည့်ဖြစ်စဉ်ကို ထိတ်လန့်ရသည့်အတွက် ဟော်ယွန်ချန်းက မနက်ဖြန်နေ့လည်တွင် ဂြိုလ်နံပါတ်၁၃သို့ ထွက်ခွာမည့် သင်္ဘောလက်မှတ်နှစ်စောင်ကို အလင်းဦးနှောက်မှတစ်ဆင့် အော်ဒါတင်လိုက်သည်။ ဂြိုလ်နံပါတ်၁၃မှတစ်ဆင့် သူတို့က အာကာသဘူတာရုံသို့ရောက်ပြီး ဂြိုလ်နံပါတ်၁၉သို့ တစ်ဆင့်တိုက်ရိုက်သွားရမည်ဖြစ်သည်။ သို့သော် အကွာအဝေးက အလွန်ကျယ်လွန်းသောကြောင့် သင်္ဘောပြောင်းစီးရန် လိုအပ်နေခြင်းဖြစ်သည်။ ခရီးစရိတ်က အလွန်ဈေးကြီးသည်။ လူတစ်ယောက်လျှင် လေးသောင်းခွဲအထိ ကျလေသည်။
သို့ရာတွင် ထိုပမာဏက ယွမ့်ထန်းနှင့်ဟော်ယွန်ချန်းတို့အတွက် ပြဿနာမရှိချေ။
“ကျေးဇူးအများကြီးတင်ပါတယ်၊ အခုလည်း အရမ်းနောက်ကျနေပြီဆိုတော့ ဘာလို့တစ်ခုခုစားပြီးမှ မပြန်ကြတာလဲ”
သူတို့ မသိလိုက်မသိဘာသာ စကားပြောနေရင်းမှ ည ၇ နာရီ ထိုးသွားလေပြီ။ အမှောင်ထုက ကျရောက်နေလေရာ ညီအစ်ကိုနှစ်ယောက်က တစ်နေ့လည်ခင်းလုံး စားထားပြီးသမျှက အစာကြေသွားပြီး ဆာလောင် နေလောက်လေပြီ။ ယွမ့်ထန်းကလည်း ပျော်ရွှင်စွာဖြင့် ထိုညီအစ်ကိုနှစ်ယောက်ကို သည်နေရာတွင်သာ စားခိုင်းလိုက်သည်။ သူတို့၏အကူအညီသာ မပါလျှင် သူတို့အနေဖြင့် ထိုကဲ့သို့ဒုက္ခများကို တစ်ယောက်တည်း သက်သေထူနိုင်မည် မဟုတ်ချေ။ ယခင်တစ်ခေါက်ကိစ္စကတည်းက သူက ထိုနှစ်ယောက်၏ ကူညီမှုကို ကျေးဇူးအလွန်တင်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူ ကျွမ်းကျင်သော ဟင်းလျာများကို ချက်ပြုတ်ကာ ကျေးဇူးဆပ်လိုသည်။
“ဒါဆိုလည်း ကိုတို့က ပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံရမှာပေါ့”
နှစ်ယောက်လုံးက သဘောတူကြသည်။ သူတို့ကို ကျေနပ်အောင် ပြုစုပေးနိုင်ရန်အလို့ငှာ ယွမ့်ထန်းက အရသာရှိလွန်းသော စားစရာများကိုသာ ပြင်ဆင်သည်။ တိုက်ဆိုင်စွာဖြင့် သူက သည်က ဝက်နံရိုးချိုချဉ်လုပ်ရန် တွေးတောထားပြီးသားဖြစ်သည်။ ထို့အပြင် ကြိုတင်ကာ အအေးခန်းထဲသို့ ဝက်နံရိုးများကို ထည့်ပြီးပြင်ဆင်ထားပြီးလေပြီ။ သူ ယခင်နေ့က ဝယ်ယူထားသော ကြက်ခြေထောက်များလည်း ရှိနေသေးကာ အရွက်များကလည်း အသင့်ရှိထားသည်။ ထို့ကြောင့် ဟင်းပွဲကြီးနှစ်ပွဲကိုချက်ရန် လုံလောက်လေသည်။ သူက ချက်ပြုတ်မည် ဆိုကတည်းက ဟော်ယွန်ရီက ယွမ့်ထန်းကို တိုက်ရိုက်ထုတ်လွှင့်ခိုင်းလိုက်ပြီး ထိုကိစ္စက သူ၏ဘဝမှာ သက်ရောက်မှုမရှိကြောင်း ပြသစေသည်။ ယွမ့်ထန်းကလည်း ဟော်ယွန်ရီ၏စကားက ကျိုးကြောင်းသင့်လျော်သည်ဟု ခံစားရသည့်အတွက် မီးဖိုခန်းအတွင်းသို့သွားကာ ဆန်ကိုဆေးပြီး ထမင်းဖြူတစ်အိုး တည်ထားလိုက်ရင်း တိုက်ရိုက်ထုတ်လွှင့်လိုက်သည်။
ယွမ့်ထန်းက သည်လိုမတော်တဆမှုနှင့်ကြုံရသည့်အတွက် သည်နေ့တွင် တိုက်ရိုက်ထုတ်လွှင့်ရန် စိတ်အခြေအနေကောင်းတော့မည်မဟုတ်ဟု ထင်ထားကြသော ကြည့်ရှုသူများအားလုံးကလည်း မမျှော်လင့်စွာပင် ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုနိုတီကို ရရှိလိုက်သည့်အတွက် အံ့ဩသွားကြသည်။ သူတို့က စိတ်လှုပ်ရှားစွာ အပြေးလာကြပြီး ယွမ့်ထန်းကို လက်ဆောင်များပေးကြသည်။ သူတို့၏အမြင်တွင် ယွမ့်ထန်းက မတရားခံရသူတစ်ယောက်ဖြစ်ပြီး ကုန်လွန်ခဲ့သော နှစ်များတွင် သူ မည်မျှခံစားခဲ့ရကြောင်း မည်သူမျှ မသိနိုင်ကြချေ။
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် .. တင်ဆက်သူ တကယ်ကို တိုက်ရိုက်ထုတ်လွှင့်တာပဲ၊ အရမ်းချစ်လိုက်တာ]
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. တင်ဆက်သူ တင်ဆက်သူ ငါတို့က တင်ဆက်သူကိုချစ်တယ်]
[ဆားစိမ်ငါးကလည်းငါးပါပဲ .. သလင်းပန်းတွေ ပို့လိုက်ပါပြီ၊ ဝမ်းမနည်းပါနဲ့]
ချစ်စရာကောင်းသော ကြည့်ရှုသူများ၏အပြုအမူများကိုမြင်သောအခါ ယွမ့်ထန်းက အလွန်ခံစားသွားရပြီး သူ၏မျက်နှာက ဆွဲဆောင်မှုရှိသော အပြုံးကို ထုတ်ဖော်လိုက်သည်။
“မင်းတို့ရဲ့ထောက်ပံ့မှုနဲ့ယုံကြည်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ကိုလည်း မင်းတို့ကိုချစ်ပါတယ်”
[သခင်မချွီ .. ဘုရားရေ တင်ဆက်သူ တင်ဆက်သူက အရမ်းချောတာပဲ၊ ငါတော့မေ့လဲတော့မယ်]
[ပန်းတွေ ဒလဟောကျလာပြီ .. တင်ဆက်သူ မွက်]
“ဟယ်လို အားလုံးပဲ ကိုကတော့ မင်းတို့ရဲ့တင်ဆက်သူယွမ့်ထန်းပါ၊ ဒီနေ့ ကိုက အညိုရောင်အချဉ်ရည်ဆမ်းကြက်သားနှပ်နဲ့ ဝက်နံရိုးချိုချဉ်ကို ချက်ပြမှာပဲဖြစ်ပါတယ်”
ပုံမှန်အတိုင်း နှုတ်ဆက်မှုကို လုပ်ပြီးနောက်တွင် သူက စတင်ကာ ချက်ပြုတ်တော့သည်။
သူက ဒယ်ပြားပေါ်တွင် ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ပါးပါးလှီးကာ ကြိတ်ခြေထားလိုက်သည်။ ထို့နောက် အသင့်ပြင်ထားသော ငရုတ်သီးများကို နုတ်နုတ်စင်းထားသည့်နှင့်ရောနှောကာ ဒယ်ပြားထဲသို့ထည့်လျက် မွှေးပျံ့သောရနံ့များ ထွက်လာသည်အထိ မွှေနေလိုက်သည်။ ပူစပ်စပ်ရနံ့နှင့် မွှေးပျံ့သောရနံ့က ‌ပေါင်းဆုံကာ ထိုတိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်း ပျံ့နှံ့လာချိန်တွင် အရသာရှိသော ဂျင်းရနံ့ကလည်း ဆွဲဆောင်မှုအပြည့်ကပ်ပါလာသည်။ လူတိုင်းက တံတွေးမျိုချမိတော့သည်။
ထိုအချိန်တွင်ယွမ့်ထန်းက လှီးဖြတ်ပြီးသား ကြက်ခြေထောက်များကို အထဲသို့လောင်းထည့်လိုက်ကာ အပူချိန်မြင့်မြင့်ဖြင့်မွှေသည်။ သူက ဆား၊ ပဲငန်ပြာရည်၊ ပဲပိစပ်အချိုအနှစ်၊ ဂျင်းနှင့်ကြက်သွန်ဖြူတို့ကို တစ်ဖန်ထည့်ကာ ဟင်းခတ်သည်။ ဖြူဖွေးသောကြက်ခြေထောက်များက အညိုရောင်အရည်များဖြင့် ရောနှောနေသည်။ ကြက်ခြေထောက်က အရောင်ပြောင်းလာသည်နှင့် သူက ဒယ်ပြားထဲသို့ ရေအနည်းငယ်ထည့်ကာ အဖုံးကိုအုပ်ထားလိုက်ပြီး အခြားသော ပါဝင်ပစ္စည်းများဖြစ်သည့် မှို၊ ဂေါ်ဖီထုပ်၊ ကြက်သွန်စိမ်းနှင့်အပ်မှိုတို့ကို ထပ်ထည့်လိုက်သည်။ နောက်ဆုံးတွင် ငရုတ်ကောင်းနှင့် သကြားအနည်းငယ်ဖြူးကာ အဖုံးကို တစ်ဖန်ပြန်ပိတ်လိုက်ပြီး အပူချိန်နိမ့်နိမ့်ဖြင့် ထပ်မံနှပ်ထားလိုက်သည်။ မိနစ်၂၀ ခန့်ကြာလျှင် ဖြစ်သွားလောက်လေပြီ။
“ကြက်သားကို မိနစ်၂၀ လောက်နှပ်ဖို့လိုအပ်တယ်၊ အခု ကိုတို့အရသာရှိတဲ့ ဝက်နံရိုးချိုချဉ်ကို လုပ်ကြရအောင်”
ဝက်နံရိုးချိုချဉ်က လျင်မြန်စွာချက်ပြုတ်နိုင်တဲ့ ဟင်းလျာတစ်ခွက်ဖြစ်သည်။ ယွမ့်ထန်းက နံရိုးတစ်ခုလုံးကိုယူပြီး ဆေးကြောသန့်စင်ပြီးသည်နှင့် သွေးများနှင့် အပေါ်မှကပ်နေသော အသားစအချို့ကို ဖယ်ရှားရှင်းလင်းလိုက်သည်။ ထိုသို့သန့်ရှင်းရေးလုပ်ပြီးနောက်တွင် သူက ၃ စင်တီမီတာ၊ ၄ စင်တီမီတာရှိမည့် အတုံးတစ်တုံးချင်းစီ ခုတ်ပိုင်းလေသည်။
ထို့နောက် ယွမ့်ထန်းက ဒယ်ပြားထဲသို့ ဆီအနည်းငယ်ကိုထည့်လိုက်ပြီး အပူချိန်နိမ့်နိမ့်ဖြင့် ထိုနံရိုးပိုင်းလေးများကို ကြော်ထားလိုက်သည်။ နံရိုးများက ရွှေရောင်သန်းလာချိန်တွင် သူက ဆယ်ထုတ်လိုက်ပြီး ပန်းကန်လုံးကြီးထဲသို့ ထည့်သည်။ ကြည့်ရှုသူများက အရသာခံရန် မစောင့်နိုင်ကြတော့ချေ။ ယွမ့်ထန်းက အရသာ မခတ်ရသေးသော်လည်း အသားနံ့ကပင် မွှေးပျံ့လွန်းနေပြီဖြစ်သည်။
[ကျန်းပင်းလျှိုမော့ .. ဒီနံရိုးက စားလို့ရပြီ မဟုတ်ဘူးလား]
[ကျင်းသုန် .. ဒါပေါ့ မရသေးဘူး၊ အရသာ မခတ်ရသေးဘူးလေ]
ယွမ့်ထန်းကလည်း ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“မင်းတို့စားလို့မရသေးဘူး၊ ဒီကြော်ထားတဲ့ဝက်နံရိုးတွေက တစ်ဝက်ပဲ ကြက်သေးတယ်၊ မင်းတို့အနေနဲ့ နည်းနည်းလောက်ထပ်စောင့်ရပါအုံးမယ်”
သူက အခြားသော ဆီပူထည့်ထားသည့်ဒယ်ပြားကို ယူလိုက်ပြီးနောက် ဟင်းချက်ဆီများ လောင်းထည့်လိုက်သည်။ သူက သကြားဖြူစားပွဲတင်ဇွန်း နှစ်ဇွန်းထည့်ကာ အပူချိန်နိမ့်နိမ့်ဖြင့် မွှေနေလိုက်သည်။ ထိုသကြားများက အရည်ပျော်ကျသွားပြီး အညိုရောင်အရည်အဖြစ် ပြောင်းလဲသွားချိန်တွင် ဒယ်ပြားက ပူစီပေါင်းလေးများထကာ ပွက်ပွက်ဆူလာသည်။ ထို့နောက် သူက ဆား၊ ပဲငန်ပြာရည်နှင့် ရှာလကာရှည်တို့ကို ထည့်လိုက်သည်။ ထိုသို့ဖြင့် အချိုအချဉ်အရသာက ရောနှောသွားချိန်တွင် သူက တစ်ဝက်ကျက်ပြီးသား နံရိုးအပိုင်းလေးများကိုထည့်ကာ ထိုနံရိုးလေးများ အချဉ်အရောင်အပြည့်အဝစုပ်ယူပြီးသည်အထိ ဆက်တိုက်မွှေနေလိုက် သည်။ သိပ်မကြာခင်အချိန်မှာတင် ကျက်သွားပြီဖြစ်သည့်အတွက် ပန်းကန်ပြားထဲသို့ ထည့်လိုက်သည်။ နီညိုရောင်ဝက်နံရိုးချိုချဉ်များက လေးထောင့်ပုံသဏ္ဍာန်ရှိသော ပန်းကန်ပြားပေါ်တွင် အစီအရီထည့်ထားကာ ပတ်ဝန်းကျင်ပတ်ပတ်လည်တွင် ခုတ်သင်ထားသော ကြက်သွန်မြိတ်နှင့် ပန်းပွင့်ပုံသဏ္ဍာန်ထွင်းထုထားသော မုန်လာဥများ အရွက်အစိမ်းများဖြင့် အလှဆင်ထားသည်။ အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် အညိုရောင်အချဉ်က ထင်ရှားနေလေရာ စားချင်စဖွယ်ဖြစ်နေသည်။ ထိုမြင်ကွင်းကပင် ကြည့်ရှုသူများ၏နှလုံးသားကို နွေးထွေးသွားစေပြီး မျက်ဝန်းက တောက်ပသွားစေသည်။
[ငါ ပိုက်ဆံမရှင်းချင်ဘူး .. ဒါက ငါ့ရဲ့အကြိုက်ဆုံး ချိုချဉ်ဟင်းလျာပဲ၊ တင်ဆက်သူကို သလင်းပန်းတွေပို့လိုက်ပြီ]
[လမင်းမင်ယာ .. အရမ်းလှတာပဲ၊ ဒါကို ဘယ်လိုစားရမလဲတောင် မသိဘူး]
[နှလုံးသားအားနည်းတဲ့အရူးလေးပါ .. အရမ်းလှတာပဲ ဒါက ငါ့ရဲ့အစာအိမ်ထဲကို ဝင်သွားပြီ အာ အရမ်းကောင်းတယ်]
[တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး ချက်နည်းပြုတ်နည်းသင်ယူနေသူ .. ဒီဟင်းက အချိုနဲ့အရသာ ညီညီမျှမျှပါနေတယ်၊ ဆီလည်းမများသလို အီလည်းမအီဘူး၊ အရသာကလည်း အပြင်က ကြွပ်ရွပြီး အတွင်းက နူးညံ့နေတာပဲ တကယ်ကို အရသာရှိတယ်၊ ငါ ဒါကိုအိမ်မှာချက်ကြည့်ရမယ်]
[မက်မွန်သီးတွေအများကြီးပဲ .. အပေါ်က ကွန်မန့်မန့်တဲ့သူ မင်းဟင်းပွဲတွေ ဘယ်လောက်များများ သင်ယူပြီးပြီလဲ]
ဝက်နံရိုးက ကြွပ်ရွကာ စား၍ကောင်းပြီး အသားကလည်းနူးညံ့သည်။ သူတို့ကို ပထမဦးစွာ တစ်ကြိမ်ကြော်ခဲ့ပြီးသောကြောင့် အပြင်ဘက်က ကြွပ်ရွနေခြင်းဖြစ်သည်။ သို့သော် အတွင်းကမူ အလွန်နူးညံ့နေသေးသည်။ ထို့အပြင် အရသာပြင်းသော အသားအရည်များနှင့် ချိုချဉ်အရသာက အပြည့်အဝလွှမ်းခြုံပြီး နံရိုးများကလည်း စုပ်ယူထားသည့်အတွက် ပါးစပ်ထဲသို့ရောက်သွားသည်နှင့် တံထွေးထွက်ကျလုမတတ် ဖြစ်သွားစေလောက်အောင် စားကောင်းလေသည်။ တစ်ခါစားပြီးသည်နှင့် မရပ်မနားစားချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။
ထိုအချိန်တွင် အညိုရောင်အချဉ်စမ်းကြက်သားနှပ်ကလည်း အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေလေသည်။ သူက အဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့သည့်ရနံ့က မျက်နှာပြင်ပေါ် ရိုက်ခတ်လာသည်။ ချက်ချင်းဆိုသလို ကြည့်ရှုသူများအားလုံးကို ဆွဲဆောင်သွားပြန်သည်။ ထိုဟင်းလျာက ပါဝင်ပစ္စည်း များပြားရုံသာမကလေဘဲ ထူးခြားသောပုံစံလည်း ရှိနေသေးပြန်သည်။ ဝက်နံရိုးချိုချဉ်က ချိုချဉ်ကဲ့သို့ တောက်ပခြင်းမရှိချေ။ အနှစ်ချုပ်ဆိုရသော် ထိုဟင်းလျာက အရောင်မှိုင်းသော ဟင်းတစ်မျိုးပုံသဏ္ဍာန်ဖြစ်သည်။ သို့သော် သူတို့အားလုံးကလည်း ယွမ့်ထန်း၏ဟင်းချက်လက်ရာကို ယုံကြည်ကြသည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူမျာအားလုံးကလည်း မြည်းကြည့်ရန် မစောင့်နိုင်ကြတော့ချေ။
ယွမ့်ထန်းက ပန်းကန်လုံးထဲသို့ ထည့်လိုက်ပြီးနောက်တွင် ကြည့်ရှုသူများကို အရသာခံစေသည်။
အညိုရောင်ကြက်သားဟင်းက အပူချိန်နိမ့်နိမ့်ဖြင့် ဖြည်းညင်းစွာ နှပ်ထားခြင်းဖြစ်ပြီး အသားကနူးညံ့အောင် အနှပ်ခံလိုက်ရပြီး အရသာအလွန်ရှိသည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အရည်ပျော်ကျလုမတတ်ဖြစ်သွားသည်။ ကြက်သားမှ အရည်များကို စုပ်ယူလိုက်ပြီး အချဉ်အရသာက တွဲကပ်ပါနေပြီဖြစ်ရာ အလွန်အမင်းအရသာရှိသည်ထက် ပိုသွားသည်။ ထို့အပြင် အပ်မှိုများကလည်း အရသာများကို စုပ်ယူထားပြီးသားဖြစ်ပြီး ဂေါ်ဖီနှင့်အာလူး စသည်ဖြင့် အရာအားလုံးကလည်း ကြက်သားကဲ့သို့ အရသာကောင်းမွန်နေသည်။ ထို့ကြောင့် စားသောက်ခြင်းကို မရပ်တန့်နိုင်တော့ချေ။
[ပျံလွှားငှက်လေး လေပေါ်ဝဲနေပြီ၊ ထမင်းဖြူသာရှိမည်ဆိုလျှင် သည်ဟင်းလျာနဲ့ပေါင်းလိုက်ရင် အရမ်းကောင်းသွားမှာပဲ၊ ငါ သုံးပန်းကန်တောင် စားနိုင်တယ်]
[၅၂ နှစ်အပြုံး .. ငါ လေးပန်းကန်စားနိုင်တယ်]
[စကားစုမရှိသောကြောင့် … ငါဆိုရင် ငါးပန်းကန်တောင်စားနိုင်တယ်]
[ဖန်းရီဖန်း .. မင်းတို့တွေ မရှက်ကြဘူးလား၊ မင်းတို့ ကုန်အောင်လည်း မစားနိုင်ကြဘူးလေ၊ တင်ဆက်သူ ဒီနေ့ မဲဘယ်နှစ်ယောက် ဖောက်ပေးမလဲဆိုတာပဲ ငါ စိတ်ဝင်စားတယ်]
[နူးညံ့တဲ့ပန်းဖက်ထုပ် .. ဟုတ်သားပဲ ငါ စားချင်တယ်၊ ငါ စားချင်ချင်တယ်၊ ကျေးဇူးပြုပြီး ငါ့ကိုသာ ရွေးလိုက်ပါတော့]
“ကို စိတ်မကောင်းပါဘူး၊ ဒီနေ့အတွက်တော့ အိမ်မှာဧည့်သည်တွေရှိနေလို့၊ ပြင်ဆင်ထားတဲ့ပမာဏက နည်းပါးနေတာနဲ့၊ မဲမမှိုက်ပေးနိုင်တော့ဘူး၊ ကို မနက်ဖြန်မနက်ကျရင် မင်းတို့အတွက် ဟင်းလျာနှစ်ပွဲပြင်ဆင်ပေးဖို့ အာမခံပါတယ်”
ယွမ့်ထန်းကလည်း အနည်းငယ်အားနာသွားသည်။
[ဆားစိမ်ငါးကလည်းငါးပါပဲ .. အာ တင်ဆက်သူက ဘာလို့ ဒီနေ့ ဧည့်သည်တွေ ထပ်ရောက်နေပြန်တာလဲ]
[ပေါက်စီတွေ ထိန်းသိမ်းထားမယ် .. ရှေ့နေဖြစ်လောက်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိစ္စအချို့ဖြစ်သွားတာပဲလေ]
[အိုင်တီ ၂၄၅၁၃၉၁၆ .. မင်းပြောတာဖြစ်နိုင်တယ်၊ တင်ဆက်သူ အားပေးနေမယ်]
[မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကို ကြိုက်တယ် .. ငါ နည်းနည်း စိတ်ပျက်သွားပေမယ်လည်း မနက်ဖြန် မဲနှိုက်ပေးမှာဆိုတော့လည်း ခွင့်လွှတ်လိုက်ပါတယ်]
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. အရင်တစ်ခေါက်က ဟော့ပေါ့လာစားတဲ့ ကံကောင်းတဲ့ မျိုးမစစ်နှစ်ကောင်ကသာ မဟုတ်ရင်ငါ စိတ်အေးတယ်]
ယွမ့်ထန်း “…”
ကံဆိုးစွာနဲ့ အဲဒီမျိုးမစစ်နှစ်ကောင်ပဲ။
“အားလုံးပဲ ထောက်ပံ့ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီနေ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီနေရာမှာပဲ အဆုံးသတ်သွားပြီ၊ အားလုံးပဲ မနက်ဖြန်မှာတွေ့ကြမယ်”
ထိုသို့နောက်ဆုံးစကားပြောပြီးနောက်တွင် သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ကာ ဧည့်ခန်းဘက်သို့ လှမ်းအော်လိုက်သည်။
“စားလို့ရပြီ”
ဉာဏ်ရည်မြင့်စက်ရုပ်ရှောင်ပိုင်က သူ့အားကူညီကာ ဟင်းပွဲများကို အပြင်သို့ပို့ပေးသည်။ သူက ထမင်းအိုးထဲမှ ထမင်းပန်းကန်လုံး သုံးလုံးအပြည့် ထမင်းခူးခတ်ပြီးနောက် အပြင်သို့ထွက်လာခဲ့လိုက်သည်။
“စိတ်မကောင်းပါဘူး၊ အချိန်က ကြန့်ကြာသွားတော့ ကျွန်တော် နှစ်ပွဲပဲ လုပ်လိုက်နိုင်တယ်”
“လုံလောက်တယ်၊ မင်း အများကြီးကြိုးစားထားတာပဲ၊ ထိုင်ပါအုံး”
ဟော်ယွန်ချန်းနှင့်ဟော်ယွန်ရီတို့က ထိုကိစ္စကို ဂရုမစိုက်ကြချေ။ သူတို့က ပန်းကန်လုံးကို လှမ်းယူလိုက်ပြီးသည်နှင့် တူကိုအသင့်ပြင်ကာ စားတော့သည်။ ဝက်နံရိုးချိုချဉ်နှင့် အရသာရှိသော အညိုရောင်အချဉ်ရည်ဆမ်းနှင့်ကြက်သားနှပ်က ထမင်းနှင့်အလွန်လိုက်သည်။
ထိုနှစ်ယောက်လုံးက ဆက်တိုက်စားသောက်နေကြောင်းမြင်သောအခါ ယွမ့်ထန်းက ကျေနပ်သွားသည်။
“များများစားကြပါ၊ ဒယ်အိုးထဲမှာ ကျန်ပါသေတယ်”
ဟင်းနှစ်ပွဲက ထမင်းနှင့်အလွန်လိုက်သည်။ လူကြီးသုံးယောက်က ဟင်းအားလုံးကို စားသောက်နိုင်ရုံသာမကလေဘဲ ကြက်သားဟင်းအတွင်းမှ အရည်ကိုလည်း ထမင်းနှင့်စမ်းကာ စားသောက်နိုင်ကြသည်။ အဆုံးတွင် ပန်းကန်ထဲတွင် ထမင်းတစ်စိမျှပင် မကျန်ရစ်ခဲ့တော့ချေ။
“နောက်ကျနေပြီ ကိုတို့အရင်ဆုံးပြန်တော့မယ်၊ မင်းရဲ့ပစ္စည်းတွေကို ထုတ်ပိုးထားလိုက်ပါအုံး၊ မနက်ဖြန်နေ့လည်ကျရင် ကိုလာခေါ်မယ်”
ဟော်ယွန်ချန်းက ပြောသည်။ မည်သို့ပင်ဆိုစေ သူတို့ ထိုနေရာတွင် မည်မျှကြာအောင် နေရမည်ဟု မသိထားကြသည့်အတွက် ပစ္စည်းများများယူသွားခြင်းက ပို၍ကောင်းလေသည်။
“ကောင်းပြီ ကျေးဇူးတင်ပါတယ် ချန်းကော”
သူက ပြုံးလိုက်ချိန်တွင် သူ၏မျက်ဝန်းများက လခြမ်းများကဲ့သို့ ကွေးညွှတ်သွားသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now