part 16

1.7K 273 1
                                    

Unicode

အပိုင်း (၁၆) သိပ္ပံအကယ်ဒမီမှ ဖိတ်ကြားချက်
လီခိုင်သည် တင်ပြစရာရှိသမျှကို တင်ပြပြီးသည့်တိုင် ဟော်ယွင်ချန်း၏ ရုံးခန်းထဲမှ ထွက်မသွားသေးပေ။  ဟော်ယွင်ချန်း သူ့ကို မျက်လုံးများ မှေးကျဉ်းကာ ကြည့်လိုက်သည်။
“ဒါက… ဆရာ မဲပေါက်တဲ့အတွက် ဂုဏ်ယူပါတယ်”
သူက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။
“ဆရာ့ရဲ့ စားစရာ ပါဆယ်ထုပ်ကို လာပေးတော့မှာဆိုတော့ ဆရာ ကျွန်တော့်ကို နည်းနည်းများ မကျွေးချင်ဘူးလား”
ဟော်ယွင်ချန်းသည် သူ၏ လက်အောက်ငယ်သားကို ကြည့်ကာ ရက်စက်စွာ ငြင်းလိုက်သည်
“ ငါ့အမေက ငါမဲပေါက်မှန်းသိတော့ အိမ်ပြန်ယူလာဖို့ ပြောလိုက်တယ်”
“ အာ…”
တခဏလောက် ကြာသည်အထိ လီခိုင်မှာ အခြေအနေကို နားမလည်သေးပေ။သူ ချက်ချင်း အမူအရာ ပြန်ထိန်းကာ အလေးအနက် အလေးပြုရင်း ပြောသည်။
“ ကျွန်တော်နားလည်ပါပြီ မာရှယ်၊ ကျွန်တော်သွားပါတော့မယ်”
“ အင်း”
အလုပ်များ ပြီးသွားသည့်အခါ ဟော်ယွင်ချန်းလည်း ရုံးဆင်းသည်။  သူ ဂိတ်ပေါက်သို့ ရောက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်း  လုံခြုံရေး အရာရှိမှ ပါဆယ်ထုပ် လာပေးသည်။
“ မာရှယ် မာရှယ်ရဲ့ မုန့်ပါဆယ် ရောက်နေပါတယ်”
“ ကျေးဇူးတင်ပါတယ်”
ဟော်ယွင်ချန်းက စားစရာဟု ရေးထားသော ပါဆယ်ဘူးကို ယူလိုက်ပြီး ကားပျံထဲ၀င်လိုက်သည်။နည်းပညာမြင့် ကားပျံက မြန်ဆန်လှသဖြင့် ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက် ဟော်စံအိမ်သို့ ရောက်သွားသည်။
တံခါးဖွင့်ပြီးသည်နှင့် ထမင်း၏ မွှေးရနံ့ကို ရလိုက်သည်။  အနံ့များက ယခင်ကထက် သင်းနေသည်။ သူ့မိခင်၏ ဟင်းချက်လက်ရာက များစွာ တိုးတက်လာပုံရသည်။
“ အားချန်း သားပြန်လာပြီလား။  သားရဲ့ စွပ်ပြုတ်ကို လာပို့သွားပြီလား”
ရန်ကျင်းက အသံကြားဟန်ဖြင့် မီးဖိုခန်းထဲမှ ထွက်လာသည်။ သူမ၏ သားငယ်ကို ကြည့်သော မျက်၀န်းတို့က အလွန် တောက်ပနေ၏။
“ အင်း”
ဟော်ယွင်ချန်းက သူ၏ ပါဆယ်ဘူးကို ဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း  ပုံမှန်ထက် ကြီးသော ဘူးကြီးဖြင့် အပြည့်ပါသည်။
“ ဒီဘူးက သီးသန့်များ လုပ်ထားတာလား”
လှေကားမှ ဆင်းလာသည့် ဟော်ယွင်ရီက ဟော်ယွင်ချန်း၏ လက်ထဲရှိ ဘူးကို ကြည့်ကာ မျက်ခုံးပင့်သည်။
“ ဘာလို့ မင်းရဲ့ ဘူးက သူများထက် အမြဲတမ်း ကြီးနေတာလဲ”
ဟော်ယွင်ချန်းက အစ်ကိုဖြစ်သူကို တချက် ကြည့်ကာ နှုတ်ခမ်းတွေ ကော့တက်သွားပြီးမှ ပြောသည်။
“ အခန်းမန်နေဂျာရဲ့ အဆင့်အတန်းကြောင့်လေ”
ရန်ကျင်းက မီးဖိုခန်းထဲမှ စွပ်ပြုတ်အိုးအလွတ် ယူထုတ်လာကာ အဖြူရောင် ဘူးသီးများ၊ အသားနှင့် အရိုး ရောပါသော စွပ်ပြုတ်ရည်ကို ထည့်သည်။ ထို့နောက် ဟော်ယွင်ချန်း တစ်ခါမှ မမြင်ဖူးသော တစ်စုံတစ်ရာကို ထုတ်ပြလာသည်။
“ အားချန်း လာ၊ မင်းအစ်ကိုရဲ့ အကယ်ဒမီက အသစ် သုတေသန လုပ်ထားတဲ့ မီးဖိုချောင်သုံး ပစ္စည်းကို တစ်ချက် လာကြည့်။ မား ဒီအလိုအလျောက် ထမင်းပေါင်းအိုးကို သုံးပြီး ချက်ထားတာ။ မားက တင်ဆက်သူ ချက်ပြသမျှကိုလည်း လေ့လာနေတုန်းပဲ။ အရင်ဆုံး ဆန်ကို သေချာဆေးထားရတယ်။ နောက်ပြီး ဒီထဲက ထွက်လာတဲ့ ထမင်းက တအားမွှေးတာပဲ”
ယခင်ရက်များတွင် သူမသည် ယွမ့်ထန်း ချက်ပြသမျှကို လိုက်ချက်ကာ ကြိုးစားခဲ့သဖြင့် သူမ၏ ဟင်းချက်စွမ်းရည်က များစွာ တိုးတက်လာခဲ့ပေသည်။ အနာဂတ်တွင် သူမတို့မိသားစု ထမင်းလက်စုံ စားနိုင်မည့် အခွင့်အရေးတို့ ပိုများနေမည်ဖြစ်ကြောင်း သေချာနေလေသည်။
သူမ ထမင်းကို ခူးနေချိန်တွင် ဟော်ဝေ့ရီက အိမ်ပြန်ရောက်လာသည်။
“  လောင်ဟော် လာ စားကြစို့၊ ဒီနေ့စွပ်ပြုတ်က တင်ဆက်သူကိုယ်တိုင် ချက်ထားတာ”
“ အင်း”
ဟော်ဝေ့ရီသည် ကုတ်ကို ချွတ်ပြီးသည်နှင့် ခြေလှမ်းကျဲကြီးတွေဖြင့်  ထမင်းဝိုင်းနားသို့ ရောက်လာကာ ၀င်ထိုင်သည်။ အားလုံး ၀င်ထိုင်ပြီးသည်နှင့် စားကြတော့သည်။
သည်နေ့  စွပ်ပြုတ်မှလွဲပြီး ဘာဟင်းမှ မပါသည့်တိုင် အလွန် စားကောင်းပေသည်။ ဘူးသီးက ပါးစပ်ထဲ ရောက်သည်နှင့် ပျော်၀င်သွားပြီး အသားပါသော အရိုးဖတ်တို့ကလည်း ဝါးစားနိုင်အောင် နူးနေလေသဖြင့် အဆင်ပြေလှပေသည်။ ဟော်ယွင်ရီသည် စွပ်ပြုတ်ထဲသို့ ထမင်းထည့်ကာ အားရပါးရ စားသည်။ 
အရိုးကြီးများဆိုလျှင် အလယ်မှ ခွဲထားသဖြင့် အထဲမှ ရိုးတွင်းခြင်ဆီကို စုပ်ယူနိုင်ပြီး အရိုးကိုက်နေရင်း လျက်လိုက်လျှင်ပင် အဆင်ပြေလေသည်။ ထိုသို့ ရိုးတွင်းခြင်ဆီကို စုပ်ယူခြင်းက ပြောမပြတတ်လောက်အောင် အရသာရှိစေကာ မရပ်မနား စုပ်နေချင်မိစေသည်။
ဟော်ယွင်ရီ၏ စားသောက်ပုံကို ကြည့်ပြီး ဟော်ဝေ့ရီ မျက်မှောင် ကြုတ်သည်။
“ ပါး မြန်မြန် အရသာခံကြည့်၊ ဒီအရိုးထဲက ခြင်ဆီက အရမ်း အရသာရှိတာ”
သူက ပြောရင်းမှ နောက်အရိုးတစ်တုံးကို လှမ်းသည်။
ဟော်ယွင်ရီ၏ အပြုအမူနှင့်စာလျှင် ဟော်ယွင်ချန်းက တိုက်ရိုက်ဆန်သည်။ သူသည် ဟော်ယွင်ရီက ကောင်းကြောင်းပြောသည်နှင့် အရိုးတစ်တုံးလုံးမှ ခြင်ဆီတို့ကို တစ်ခါတည်း စုပ်ယူလေသည်။ ပါးစပ်အပြည့် ခြင်ဆီတို့ စားလိုက်ရခြင်းက စွပ်ပြုတ်ရည် သောက်ရသည်ထက် ပိုကောင်းလေသည်။ သူက ကျေနပ်စွာ လျှာဖြင့် သွားတို့ကို သပ်လိုက်သည်။ 
ထိုသို့ဖြင့် တစ်မိသားစုလုံး၏ စားပွဲဝိုင်းတွင် စုပ်သံများဖြင့်သာ ပြည့်နေတော့လေသည်။ စွပ်ပြုတ်အိုးကြီးနှင့် ထမင်းအိုးကြီးတစ်အိုးလုံးက လေးယောက်လုံး၏ ဗိုက်ထဲ ရောက်သွားသည်။
“ တော်တော်လေးကို အရသာရှိတာပဲ။ အဲဒီ တင်ဆက်သူလေးရဲ့ လက်ရာကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ စိတ်မကောင်းစရာက ကျွန်တော်တို့ ကံဆိုးနေတာပဲ။ မဟုတ်ရင် အသားနှပ်ခေါက်ဆွဲလေးနဲ့ စားရမှာ”
ဟော်ယွင်ရီက ကုလားထိုင်ကို မှီလိုက်ကာ ဗိုက်ကို လက်ဖြင့် ပွတ်ရင်း ပြောသည်။
“  သူ့ကို ဖိတ်ခေါ်နိုင်ပြီး ကျွန်တော်တို့ရဲ့ မိသားစု စားဖိုမှူး လာလုပ်အောင် ပြောနိုင်အောင် သိပ်ကောင်းမှာပဲ”
ဟော်ယွင်ရီက သူ့အမေကို ကြည့်လိုက်ကာ ပြောသည်။
“ မား မားဘာလို့ သူနဲ့ မဆက်သွယ်ကြည့်တာလဲ”
“ ငါ လုပ်လို့ မရဘူး”
မတိုင်မီက စားဖိုမှူး အစည်းအရုံး၏ တောင်းဆိုမှုကြောင့် ယွမ့်ထန်းကို သူတို့ဆက်သွယ်ပေးခဲ့သည်။ ယွမ့်ထန်းခွင့်ပြုမှသာ တစ်ဖက်ကို ဆက်သွယ်နိုင်ရန် ညွှန်ပြပေးခဲ့၏။ သို့သော် သူမ ကိုယ်တိုင် ဆက်သွယ်လိုက်လျှင် ဒါက ကုမ္ပဏီ၏ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်သွားလေပြီ။ သူမ ထိုသို့ မလုပ်နိုင်ပေ။
သို့ရာတွင် ဟော်ယွင်ရီက အပြစ်မကင်းသလို မခံစားရပေ။ သူက စိတ်ထဲမထားဘဲ သာမန်ကာလျှံကာ မေးဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သို့သော် မိခင်ဖြစ်သူ၏  တုံ့ပြန်မှုကို ရပြီးနောက် မည်သူမှ သတိမထားမိအောင် ပြုံးလိုက်လေသည်။
အစည်းအရုံးကတောင် ဆက်သွယ်လို့ရရင် အကယ်ဒမီက ဘာလို့ ဆက်သွယ်လို့ မရရမှာလဲ။
-----
နောက်တစ်နေ့တွင် ယွမ့်ထန်းသည် အလင်းဦးနှောက်မှ တဘိဘိ သံကြောင့် နိုးလာလေသည်။  အ၀င်ကောတစ်ခု လာနေခြင်းဖြစ်ကာ နံပါတ်ကို ကြည့်လိုက်သည့်အခိုက် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းမှ သူ့ကို ခေါ်ဆိုဖူးသည့် ၀န်ထမ်းဆီမှ ဖြစ်ကြောင်း သိလိုက်သည်။
“ အကယ်ဒမီက ဟုတ်လား”
သူ ဖုန်းကိုင်လိုက်သည်နှင့် ထို၀န်ထမ်း ပြောလာသည်မှာ အကယ်ဒမီသိပ္ပံက သူနှင့်ဆက်သွယ်လိုသည် ဆိုသော စကားဖြစ်သည်။ ယွမ့်ထန်း ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။
စားဖိုမှူး အစည်းအရုံး သူ့ကို ဆက်သွယ်တာက ထားပါတော့ အကယ်ဒမီက ဘာလို့ ဆက်သွယ်တာလဲ။
ထိုသို့တွေးမိသည့်တိုင် ယွမ့်ထန်း မငြင်းလိုက်ပေ။ သူ ပုစွန် ဖက်ထုပ်လုပ်ချိန်က ပြဿနာ ကြုံရသည့်အခါ အကယ်ဒမီက ရှေ့ထွက်ကာ ဖြေရှင်းပေးခဲ့သည်။ ထို့အပြင် အင်ပါယာတွင် အကယ်ဒမီ၏ တည်ရှိမှုဟာ အားလုံး၏ အထက်တွင် ရှိနေသည်။ အင်ပါယာရှိ လူတိုင်း၏ ကိုယ်ကျိုးအတွက် သူတို့က ဆက်တိုက် အင်တိုက်အားတိုက် လေ့လာနေကြရသည်။  သူ့တိုက်ရိုက်ထုတ်လွှင့်မှုတွင် သုံးသည့် အစားအသောက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ အားလုံးသည် အကယ်ဒမီမှ ထုတ်ပြထားတာတွေသာ ဖြစ်သည်။ ယွမ့်ထန်းကိုယ်တိုင်လည်း အကယ်ဒမီအပေါ် အမြင်ကောင်းရှိသည်။
မြန်မြန်ဆန်ဆန်ပင် မရင်းနှီးသော အ၀င်ကော တစ်ခု ၀င်လာသည်။ သူ လက်ခံလိုက်သည်နှင့်  တစ်ဖက်မှ ရယ်သံကို ကြားရသည်။
“ ဟယ်လို ယွမ့်ထန်း ကိုယ့်နာမည်က ဟော်ယွင်ရီပါ။ လက်ရှိ အကယ်ဒမီရဲ့ ဥက္ကဋ္ဌပေါ့”
ဥက္ကဋ္ဌကိုယ်တိုင် သူ့ကို ဖုန်းဆက်လာတာလား။
ယွမ့်ထန်းသည် ဖိအားကို ခံစားလိုက်ရကာ မေးလိုက်သည်။
“ မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်ကို ဘာလို့ ဖုန်းဆက်သလဲဆိုတာကို သိလို့ရမလား”
“ မင်းလည်း သိတော့သိမှာပါ၊ ဒီလိုလေကွာ”
သူက ပြုံးရွှင်နေသည့် လေသံဖြင့် ဆက်ပြောသည်။
“ အင်ပါယာက သဘာ၀စားသောက်ကုန်တွေနဲ့ ချက်ပြုတ်ပစ္စည်းတွေကို အပူတပြင်း သုတေသန လုပ်ခိုင်းပြီး ရှာဖွေထုတ်လုပ်နေရတယ်ဆိုတာကို သိတယ် မဟုတ်လား။ အစားကောင်းတွေ ထုတ်ပေးနိုင်ဖို့ ကိုယ်တို့အနေနဲ့  လက်ရာကောင်းတဲ့ ဦးဆောင်ပေးမဲ့ စားဖိုမှူးတစ်ယောက်ကိုတော့ လိုအပ်နေတာ အမှန်ပဲ။ မင်းက အလိုက်ဖက်ဆုံးတစ်ယောက်ပဲ။ ဆိုတော့ ယွမ့်ထန်း ကောင်းမွန်လွန်းလှတဲ့ လက်ရာတွေနဲ့ အောင်မြင်မှုဆီ ဦးဆောင်မပေးချင်ဘူးလား”
ယွမ့်ထန်း:”….”
ဒါက ဘာလဲ။ အလယ်တန်းဒုတိယနှစ်က ကလေးပြောတဲ့ ဒိုင်လာလော့တွေနဲ့။
တစ်ဖက်သူ၏အပြောကြောင့် သူပင် ရှက်သွားရသည်။
“ ကျွန်တော့်အထင် အစည်းအရုံးက ပိုပြီး လိုက်ဖက်မယ် ထင်ပါတယ်”
“ ဒါတော့ ဒါပေါ့၊ ဒါပေမဲ့ မင်း ငြင်းမှလေ”
ဟော်ယွင်ရီ၏ မျက်နှာရှိ အပြုံးက ပိုကြီးသွားသည်။ သူက ခပ်မြန်မြန် ပြော၏။
“ အမှန်အတိုင်းပြောရရင်ကိုယ်က မင်းရဲ့ ပရိသတ်ပါ။ ကိုယ်တင် မဟုတ်ဘူး ကိုယ်တို့ တစ်မိသားစုလုံးက မင်းရဲ့ ပရိသတ်ပဲ။  မင်းက  ဘယ်အရာကိုမဆို အရသာရှိအောင် ပြောင်းပေးနိုင်တဲ့သူပဲ။ မင်းရဲ့ မီးဖိုချောင်ပစ္စည်းတွေကို အသုံးပြုပုံကလည်း ဆရာကျတယ်။ မင်းသာ သဘောတူမယ်ဆိုရင် ကိုယ်တို့ မင်းကို အကယ်ဒမီရဲ့ အကြံပေးအဖြစ် ခန့်ချင်ပါတယ်"
“ မင်း ကိုယ်တိုင် ရောက်လာဖို့ မလိုပါဘူး။ ဒါမှမဟုတ် ကိုယ်တိုင် သုတေသန ၀င်မလုပ်ချင်လည်း ဖြစ်တယ်။ မင်းအနေနဲ့ မင်းရဲ့ ထင်မြင်ချက်လေးတွေနဲ့ ပူးပေါင်းပေးဖို့ပဲ လိုအပ်တယ်။  မင်း စျေးကွက်ထဲက မင်း သဘောကျတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်ဖြစ် စားသောက်ကုန်ဖြစ်ဖြစ် ဘာမဆို ပြောနိုင်တယ်။ ဒါတွေက စျေးကွက်ထဲ မရောက်သေးရင်တောင်  ကိုယ်တို့ကို ကူပြီး သုတေသန လုပ်ဖို့ အကြံပေးနိုင်တယ်။  ဒါက နှစ်ဖက်လုံး အကျိုးသာတဲ့ အခြေအနေလို့ မင်း မထင်ဘူးလား”
ယွမ့်ထန်းက မတုံ့ပြန်သည့်အခါ သူ၏ လေသံက ၀မ်းနည်းသံ ပေါက်သွားသည်။
“ မင်း ကိုယ့်ကို ငြင်းတော့ မငြင်းပါဘူးနော် ဟုတ်တယ် မဟုတ်လား”
ယွမ့်ထန်း တုံ့ဆိုင်းနေသည်။ သူ ထိုသို့သော တရား၀င် အဖွဲ့အစည်းကြီးများနှင့် မပတ်သက်လိုပေ။ ဒါက သူ့ကို အနာဂတ်တွင် ဒုက္ခပေးလာနိုင်သည်ဟု သူ ထင်သည်။ သူသည် တစ်ဖက်ကို ငြင်းလိုက်ချင်သည်။ သို့သော် တစ်ဖက်သူက သူ့ပရိသတ်ဟု ပြောထား၏။ သူဟာ ပရိသတ်များဆိုလျှင် အလိုလိုက်တတ်သဖြင့် ခက်နေတော့သည်။
ပထမတစ်ခေါက် ကမ်းလှမ်းတာထက် ဒုတိယတစ်မျိုးက လက်ခံချင်ဖွယ်ကောင်းနေသည်။
သူ အကယ်ဒမီ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုလျှင် မည်သည့်၀န်ထုပ်၀န်ပိုးမှ သူ့ထံ မရောက်လာမည့်အပြင် အကျိုးကျေးဇူးများပင် ရဦးမည်ဖြစ်သည်။ သူ့ဘက်က ဘာဆိုးကျိုးမှ မရှိနိုင်ပေ။
ထို့အပြင် အကယ်ဒမီမှ ကုန်ပစ္စည်း အထောက်အပံ့များလည်း ရဦးမည် ဖြစ်ကာ အနာဂတ်တွင် ထွက်ပေါ်မလာနိုင်သော စားသောက်ကုန်များကိုပင် တောင်းဆိုနိုင်လောက်သည်။ ဥပမာအားဖြင့် ယောက်သွားဆော့စ်၊ သို့မဟုတ် ငရုတ်နှစ်များလည်း ရလာနိုင်လောက်သည်။ ထိုသို့ဆိုလျှင် သူ စားချင်သမျှကို တောင်းဆိုနိုင်ပြီဖြစ်ကာ ထမင်းပေါင်းအိုး၊ အိုဗင်၊ ခေါက်ဆွဲလုပ်စက် စသည့် စက်များကိုလည်း တောင်းဆိုနိုင်ပေလိမ့်မည်။
ထိုသို့တွေးကြည့်သည့်အခါ ဒါက နှစ်ဖက်လုံး အဆင်ပြေသည့် အခြေအနေဖြစ်ကြောင်း သိလိုက်သည်။ သူ တခဏခန့် တွေးပြီးနောက် လက်ခံလိုက်သည်။
“အဆင်ပြေပါတယ်။  ဒါပေမဲ့ အချိန်တစ်ခုအထိတော့ ကျွန်တော်တို့ အွန်လိုင်းကပဲ ဆက်သွယ်လို့ အဆင်ပြေပါမယ်။ ဘယ်လို သဘောရပါသလဲ”
ရုပ်ရှင်ဧကရာဇ်ဆိုသည့် သူ၏ နောက်ခံက မှတ်မိလွယ်စေနိုင်သေးသဖြင့် သူ သတိထားရန် လိုသည်။
“ ဒါပေါ့ အဆင်ပြေတာပေါ့”
ဟော်ယွင်ရီက အကယ်ဒမီ ရုံးခန်းထဲတွင် ထိုင်နေရာက  တစ်ကိုယ်လုံးကို ဆိုဖာအနောက်သို့ ပစ်မှီထားသည်။ အရာအားလုံးက ကြံစည်ထားသည့်အတိုင်း ဖြစ်လာသည့်အတွက် သူ ကျေနပ်နေပုံရသည်။
“ကိုယ်တို့ရဲ့ သုတေသန လုပ်တာက ပိုအဆင်ပြေပြီး သက်ရောက်မှုရှိစေဖို့အတွက်  ကိုယ်တို့ တစ်စုံတစ်ခုကို စမ်းသပ်လေ့လာပြီးတာနဲ့ မင်းဆီ အရင်ပို့လိုက်မယ်။  မင်း ချက်နည်းကို သိရပြီဆိုရင် ကိုယ်တို့ကို ဝေစု နည်းနည်းပေးပေါ့ ဘယ်လိုလဲ”
ယွမ့်ထန်းသည် သူ၏ စကားတို့ကို သံသယ မ၀င်ပေ။ ထို့ကြောင့် လက်ခံလိုက်သည်။
“ ရပါတယ်”
“ ဒါဆိုရင် ကိုယ်မင်းကို အိမ်လိပ်စာ ပို့ထားပေးလိုက်မယ်”
ဟော်ယွင်ရီ၏ မျက်နှာရှိ အပြုံးက အလွန် ကြီးလာသည်။
“ ပျော်ရွှင်ဖွယ်ရာ ပူးပေါင်းမှုပါ”
“ ပျော်ရွှင်ဖွယ်ရာ ပူးပေါင်းမှုပါ”
--------------
စာရေးသူမှာ ပြောစရာ ရှိပါတယ်
ပြဇာတ်ငယ်လေး
ဟော်ယွင်ရီ( ညီကို တစ်ချက်ကြည့်ကာ ပြော): ဟေး အရူး သေချာ ကြည့်ပြီး သင်ယူ
ဟော်ယွင်ချန်း :”….”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now