part 7

1.8K 271 1
                                    

Unicode

အပိုင်း (၇) ကျော်ကြားမှုက မိုးထိုးပြီ
ပါဆယ် သုံးခု ပို့ခိုင်းပြီးသည်နှင့် ယွမ့်ထန်း အပျင်းကြောဆန့်လိုက်သည်။ သူ အာလူးနှင့် ဝက်ဗိုက်သားခေါက်ဆွဲကို ခပ်အေးအေး စားပြီးသည်နှင့် ပိုက်ဆံကို ရေကာ အကောင့်ထဲ ဖြည့်သည်။
ပိုက်ဆံ ပမာဏ များပြားလာခြင်းက အရသာရှိသည့် ဟင်းလျာများကို ပိုပြီး အရသာရှိအောင် လုပ်နိုင်လာစေသည်။
ယွမ့်ထန်းက အားလပ်သည့်အခါ အင်တာနက်ပေါ် ကြည့်လေ့မရှိပေ။ ထို့အပြင် သူ့ခန္ဓာကိုယ်က အားနည်းကာ အနားယူရန် လိုအပ်သည့်အတွက် အိပ်ရာ စောစောဝင်လိုက်လေသည်။ ထို့ကြောင့် သူနှင့်ပတ်သက်ပြီး ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်များကို လွဲသွားတော့ပေသည်။
ည ရ နာရီဆိုတာဟာ ကြယ်နက်ဝေါ့တွင် လူအရှုပ်ဆုံး အချိန်ဖြစ်သည်။
ထိုအခိုက် ပိုစ့်အသစ်တစ်ခုက ပြည်သူပြည်သားများ၏ အာရုံကို ဆွဲဆောင်သွားသည်။
"@ ရှားမီ v နတ်ဘုရားမက ပိုစ့်အသစ် တင်လိုက်ပြီ"
ချုံလင်းသည် အစားအသောက် အလွန်ရွေးကာ ကြီးကျယ်သည့်သူမျိုး ဖြစ်သည်။ သူမ၏ မိသားစုက အနည်းငယ် ချမ်းသာရုံမျှသာ ဖြစ်လေကာ သူမသည်လည်း အားဖြည့် ဆေးရည်များ သောက်ရသည်။ သို့တိုင်အောင် သူမ၏ စားစရာတွေအပေါ် ထားသည့် စိတ်ဆန္ဒကိုမူ မပြည့်ဝစေပေ။ အရသာမဲ့ အားဖြည့် ဆေးရည်များနှင့် သဘာ၀ စားဖွယ်တို့၏ ကွာခြားချက်က နှိုင်းယှဉ်၍ မရပေ။ ပလက်ဖောင်းရှိ တိုက်ရိုက် ထုတ်လွင့်မှုတွေက သူမကို ပိုက်ဆံ မကုန်စေဘဲ အရသာတိုင်းကို အလကားမြည်းခွင့် ရစေသည်။ ထို့နောက် သဘာ၀ စားဖွယ်တွေ၏ ပရိသတ်စစ်စစ်ဖြစ်သွားကာ ကျရှုံးသွားတော့လေသည်။
သူမက အစားအသောက် တင်ဆက်သူများစွာကို followထားပြီး ကြယ်အဆင့်မြင့် စားသောက်ဆိုင်ကြီးများတွင်လည်း မြည်းစမ်းကြည့်လေ့ရှိပေသည်။ သူမက သုံးဖက်မြင် ဖန်သားပြင် ပုံရိပ်မှသာ ကြည့်ခြင်းဖြစ်သည့်တိုင် သဘာဝစားဖွယ်၏ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လုနီးနီး အဆင့်ကို ရောက်လာခဲ့သည်။ သူမ မည်သို့သော အစားအသောက်တွေကို စားစေကာမူ၊ မည်မျှ နာမည်ကြီးသော ဆိုင်တွေကို သွားစေကာမူ တစ်စုံတစ်ရာက လိုအပ်နေသည်ဟု ခံစားနေခဲ့ရပေသည်။
သို့ရာတွင် သူမကသာ ထိုသို့ထုတ်ပြောလျှင်အားလုံးက ဝိုင်းကာ အပြစ်တင်ကြပေလိမ့်မည်။ သူများတွေပြောကြသလိုပင် အားဖြည့် ဆေးရည် အသောက်များသည့်အခါ အရသာခံ အဖုလေးများ၏ လုပ်ဆောင်နိုင်စွမ်းက ကျဆင်းလာတတ်သည်။ သူမက ရှားမီကိုလည်း followထားသူ တစ်ယောက်ဖြစ်သည်။ သူမတစ်ယောက်တည်း ထိုသို့တွေးသည်သာ မဟုတ်လေဘဲ အင်ပါယာ၏ နတ်ဘုရားမသည်လည်း ထိုသို့တွေးပေသည်။
အင်ပါယာ၏ ပန်းပွင့်လေးဟု လူသိများသော ရှားမီသည် ရုပ်ရည်သာ ထင်ပေါ်သည်မဟုတ်လေဘဲ သူမ၏ ပါရမီကပင် အင်ပါယာ၏ ထိပ်တန်း အဆင့်ဖြစ်သည်။ သူမ၏ ပြောင်မြောက်သော မိသားစု နောက်ခံသာ မက သူမ၏ ကြီးမားသော အင်တာနက် အဆက်အသွယ်များနှင့် ထက်ရှ တည့်တိုးဆန်ကာ ပွင့်လင်းသည့် စရိုက်ကိုလည်း လူတွေက နှစ်ခြိုက်ကြသည်။
ရှားစန်၏ သမီးဖြစ်သည့်သူမဟာ ဖခင် အင်ပါယာ မာ့ရှ်မာစတာနည်းတူ ဖခင်၏ ပါရမီများကို အမွေရပြီး ထိုနယ်ပယ်တွင် အလွန် ထူးချွန်ပေသည်။ သည်လောက် ငယ်ရွယ်သည့် အသက်နှင့်ပင် သူမက အက်စ်အဆင့် မာရှ့်ကို ဒီဇိုင်း ဆွဲနိုင်နေပြီဖြစ်သည်။ ယင်းက လက်ရွေးစင်များထဲမှ ထိပ်တန်းအဆင့် လက်ရွေးစင်အဖြစ်  သတ်မှတ်နိုင်သည်ထက်ပိုသော အရည်အချင်း ဖြစ်သည်။ ထို့အပြင် သူမ၏ ခင်ပွန်းလောင်း ပိုင်ချီသည် သိပ္ပံ အကယ်ဒမီမှ ဒုဥက္ကဋ္ဌဖြစ်သည့်အတွက် သူမကလည်း မကြာခဏဆိုသလို အသစ် ထုတ်ပြန်မည့် သဘာ၀ လက်ဆောင် အစားအသောက်ကုန်ကြမ်းများကို ဦးစွာ သိရှိခွင့် ရသူလည်း ဖြစ်သည်။
သူမ၏ အင်အားကြီးသော မိသားစု နောက်ခံကြောင့် သူမက အဆင့်အတန်းမြင့် စားသောက်ဆိုင်တိုင်းကို မကြာခဏ သွားလေ့ရှိသည်။ သူမက လျှာစောင်းထက်သည်၊ အာရုံခံစားနိုင်စွမ်းအား မြင့်၏။ သူမက ဝေ့ပေါ် ကွန်းမန့်ဆက်ရှင်ကို သွားကာ ဆိုင်၏ စားဖွယ်စာရင်းများကို ကြည့်တတ်သည်။ သူမ၏ ချီးကျူးမှုက ရှားကာ များသောအားဖြင့် ထိုဆိုင်များ အဆဲခံရသည်က များသည်။ သူမ၏ ကျိန်ဆဲမှုတွေထဲ အမှန်တရားက များနေသဖြင့် အများစုက ပြန်မငြင်းနိုင်ကြပေ။ ထို့ကြောင့် သူမဆိုလျှင် ကြယ်အဆင့် ဆိုင်ကြီးများက ချစ်လည်းချစ်သလို မုန်းလည်းမုန်းနေတော့သည်။
သို့ရာတွင် ပြည်သူပြည်သားများကသူမ၏ မှတ်ချက်တွေကို စိတ်ဝင်စားကြပေသည်။ လက်ရှိအချိန်တွင် သူမသည် သန်းနှင့်ချီသော ဖန်များ၏ အစားအသောက် ဝေဖန်ရေး သမား ဖြစ်နေတော့သည်။
ရှားမီကဲ့သို့ ကျေနပ်အောင် လုပ်ပေးရခက်သော လူတစ်ယောက်က ချီးကျူးထားကာ ထိုတင်ဆက်သူ ချက်ခဲ့သော ဟင်းနှစ်ပွဲ၏ ကောင်းခြင်းတွေကို ဆက်တိုက် ညွှန်းဆိုနေပေ၏။ ထို့အပြင် ထိုထဲမှ တစ်ပွဲမှာ စားဖိုမှူး အစည်းအရုံးမှ ဟင်းချက်နည်းတောင် တက်မလာသေးသည့် အာလူးနှင့် ဝက်ဗိုက်သားကို ပေါင်းကာ ခေါက်ဆွဲဆိုသည့် အရာမျိုးကို ချက်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် ပရိသတ်တွေမှာမူ သူတို့၏ နတ်ဘုရား လူစားထိုးခံရပြီဟု ထင်နေကြတော့သည်။
ချုံလင်းလည်း မနေနိုင်တော့ဘဲ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
" မင်္ဂလာ နံနက်ခင်းပါ အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ်က...."
သူမ followထားသည့် အခြားသော တင်ဆက်သူတွေနှင့် ယှဉ်လျှင် သည်တင်ဆက်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ခန်းမက သနားစဖွယ်ပင် ကောင်းနေသေးပေသည်။
ပျင်းစရာ ကောင်းလိုက်တာ။
သူမက စားပွဲကို မီကာ တစ်ဖက်က ချက်နေသမျှကို ထိုင်ကြည့်နေလိုက်သည်။
တင်ဆက်သူက ငါးကို သာမန်ပုံစံလေးဖြင့် ထုတ်လိုက်ကာ ဘုတ်ပြားပေါ် တင်သည်။ သူက ဓားကို ပုံမှန်အတိုင်းလေး ကိုင်၏။
နေပါဦး သူ ဘာလုပ်တာလဲ။
သူမ ထိတ်လန့်သွားကာ ထပင် ခုန်မိသည်။ သူက ငါးကို ပိုင်းကာ ဗိုက်ထဲမှ သည်းခြေကို ထုတ်သည်။ သူမမှာ ဒီလိုရက်စက်သည့် သတ်ဖြတ်နည်းမျိုးကို ဆက်ပင် မကြည့်ရဲရှာတော့ပေ။ သူမ မျက်မှောင် ကြုတ်ပြီး ဘားတန်းဖော်ကာ အကွာအဝေးကို ခြားလိုက်သည်။
ဒီရက်စက်တဲ့ အကောင်ကတော့ အရသာရှိတဲ့ စားစရာကို အခု ဘာလုပ်ပြနေတာလဲ။ ငါတောင် တစ်ခါမှ ငါး မစားပေမဲ့ ဒီလောက် နှိပ်စက်ဖို့တော့ တွေးတောင် မတွေးဖူးဘူး ။
" ကဲ အခု ကိုယ်တို့ အတူ စားရအောင်၊ အရင်ဆုံး ကြက်ဥကိတ်ကို စားမယ်။ပြီးရင် ယာဂုကို သောက်မယ်။ ဒါက ကြက်ဥကိတ်က ဆီကြောင့် အီတာကို ပြေပျောက်စေပြီး လန်းဆန်းစေတယ်"
ဒီညံ့ဖျင်းတဲ့ တဏှာရူးက ဘယ်လို လိမ်ရမလဲ ကောင်းကောင်းသိနေတာပဲ။ အရသာက ဘယ်လိုခံစားရမှာလဲ။
ချုံလင်း၏ အမူအရာက ရုတ်တရက် အေးခဲသွားတော့သည်။
တင်ဆက်သူက အဖုံးကို ဖွင့်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ခန်းမ တစ်ခုလုံး မွှေးပျံ့သော ရနံ့တို့ဖြင့် ပြည့်သွားတော့ပေသည်။အိုး၏ အပေါ်ယံတွင် တပွက်ပွက်ဖြစ်နေသည်။ ထမင်း၏ မွှေးပျံ့သည့် အနံ့နှင့် အသားဓာတ်၏ ဆွဲဆောင်မှု ပြင်းသော ရနံ့တို့က အလွန် အရသာရှိမည့်ပုံရသည်။ သူမ ငါးညှီနံ့ကိုတောင် မရပေ။
သူမမှာ တံတွေးတွေ မထိန်းနိုင်ရှာတော့ပေ။
ထို့နောက် လက်လေး ဆန့်ထုတ်ကာ ယာဂု ပန်းကန်ကို ဆွဲသည်။ သူမသည် ရက်စက်စွာ အသတ်ခံရသည့်ဖြစ်စဉ်ကိုပင် မေ့လျော့သွားချေပြီ။
" အရမ်း မွှေးတာပဲ"
တစ်နာရီ ကြာပြီးနောက် ထိုဗီဒီယိုတင်ထားသော ဝေ့ပေါ်ပိုစ့်၏ အောက်တွင် ကွန်းမန့်တွေ ပေါက်ကွဲကုန်တော့ပေသည်။
[ @စီစီ: မားက မေးနေတယ်၊ ငါ ဘာလို့ ဗီဒီယို ကြည့်ရင်း ငိုနေတာလဲတဲ့]
[ @ရွှေပြားတွေ ကျလာပြီ: ငါ ထင်တယ်၊ ငါ နည်းနည်း ရူးသွားပြီ။ ငါ ဒါကို မျိုချလို့ မရမှန်း သိနေပေမဲ့ ပါးစပ်ထဲ အသားကုန် ထိုးထည့်နေတုန်းပဲ]
[ @ ဖေဖော်ဝါရီ ၁၅: အပေါ်က တစ်ယောက် တကယ်တော့ မင်းက ပုံမှန်ပါပဲ သိလား၊ ငါဆိုရင် ဘာမှ မရှိတဲ့ ပန်းကန်လုံးကို လျက်နေပြီ]
[ @မော့မိသားစုရဲ့ ကျောက်စိမ်းတုံး: တင်ဆက်သူရဲ့ လက်ရာက တကယ် ကောင်းတာပဲ။ အမေးဇင်း ငါ followလိုက်ပြီ]
[ @ရွှေပြားတွေ ကျလာပြီ: ငါလည်း followပြီကွာ။ အပေါင်းတစ်ပဲ။ တင်ဆက်သူရဲ့ စကေးက နတ်ဘုရားလိုပဲ။ ဘယ်လိုလူကမှ ဒါမျိုး တစ်ခါမှ ချက်မပြဘူး။ စားဖိုမှူး အစည်းအရုံးမှာတောင် ဒီလိုလူ မရှိဘူး။ သူက လျှို့ဝှက် သင်ကြားပေးခံထားရတဲ့ ကြယ်ငါးပွင့် စားဖိုမှူး များလား]
အားလုံးက တင်ဆက်သူ အသစ်အကြောင်း ဆွေးနွေးနေကြသည်။ သူက စားဖိုမှူး အစည်းအရုံးက ပုဂ္ဂိုလ်ကြီးတစ်ယောက်ဟုတောင် ဆိုနေကြ၏။ သို့သော် ထိုအစည်းအရုံးကမူ မည်းမှောင်သည့်မျက်နှာ အမူအရာဖြင့် ကြည့်နေကြလေသည်။
" ငါတို့က အာလူးကို ဘယ်လို ချက်ရမလဲဆိုတာကို စမ်းသပ်နေတုန်းရှိသေးတယ် ဒီတင်ဆက်သူက ငါတို့ရဲ့ လုပ်ပိုင်ခွင့်ကို ခိုးသွားတယ်။သူ့ရဲ့ နည်းလမ်းက ငါတို့ထက်တောင် သာနေသေးတယ်။ မင်းတို့ ဘာပြောမလဲ"
စားပွဲရှည်ကြီး၏ ထိပ်ဆုံးတွင် ထိုင်နေသည့် သက်လတ်ပိုင်းလူ၏ မျက်နှာက မည်းမှောင်နေသည်။သူ့နှုတ်ခမ်းထက်တွင်လည်း ထူထဲသည့် နှုတ်ခမ်းမွှေး မည်းမည်းကြီးများ ရှိသဖြင့် ပုံစံက ပိုပြီး ခက်ထန်ကာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
သူ့အကြည့်က တစ်ခန်းလုံးအနှံ့ ရောက်သွားသည်။ အားလုံးက ခေါင်းတွေ ငုံ့ထားကာ စကားတစ်ခွန်းမှ မဆိုရဲကြောင်းလည်း မြင်လိုက်ရလေသည်။သူ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
" မင်းတို့ကိုယ် မင်းတို့ အင်ပါယာရဲ့ ထိပ်တန်းအဆင့် စားဖိုမှူးတွေလို့ ပြောရဲသေးတာလား။ အိုး... ဒီလောက် ရန်ပုံငွေတွေ သုံးထားတာတောင်မှ အခြားဘယ်ကမှန်း မသိတဲ့ကောင်ကမှ မင်းတို့ထက် ပိုတတ်နေသေးတယ်။ အရမ်း ကောင်းတယ် အရမ်းကို ကောင်းတယ်"
သူက စားပွဲကို လက်ဝါးဖြင့် ရိုက်ချသည်။သူ့နှုတ်ခမ်းမွှေးတွေပင် ဒေါသကြောင့် တုန်သွားသည်။
" မနက်ကျရင် အကယ်ဒမီက ပစ္စည်းသစ် ထပ် ကြေညာလိမ့်မယ်။ ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ။ တစ်ပတ်အတွင်း ချက်နည်းကို ရအောင် ရှာရင်ရှာ မဟုတ်ရင်တော့...."
" သူ့ကို တိုက်ရိုက် မထုတ်လွှင့်နိုင်အောင် တားကြတော့"
---------
တစ်ချိန်တည်းတွင်ပင် ပထမအဆင့် စစ်တပ် ဌာနချုပ်တွင် တပ်ရေး ဗိုလ်ကြီးလီအတွက် ပါဆယ်ဘူး ရောက်နေလေသည်။
လီခိုင်သည် သည်တစ်ကြိမ်တွင် ဉာဏ်ကောင်းသွားချေပြီ။ သူက ဧည့်ကြိုကောင်တာမှ ပါဆယ်ဘူး ရသည်နှင့် ဒုတိယထပ်ရှိ နားနေခန်းကို တန်းပြေးတော့သည်။ စစ်တပ်က သည်အခန်းကို ကိုယ်ပိုင် နားနေခန်းအဖြစ်သာ အသုံးပြုသည်။ မည်သို့ပင်ဆိုစေ လူစိမ်းတွေက သည်ထဲ တော်တန်ရုံ ဝင်ခွင့် မရှိပါပေ။ သည်အခန်းဟာ အိမ်မှ နေ့လယ်စာတွေ လက်ခံံရရှိသည့် အချို့သော စစ်သားများ ခိုးဝင်ကာ အနားယူရာအခန်းဖြစ်လာသည်။
နေ့လယ်စာ စားချိန်က ပြီးသွားတာကြာပြီဆိုတော့ ကောင်စုတ်လေးတွေက လေ့ကျင့်ဖို့ ထွက်သွားလောက်ပြီ။ ဒီတော့ စစ်တပ် တစ်ခုလုံးမှာ သူ တစ်ယောက်ထဲပဲ ဒီလိုအချိန်မှာ လျှောက်သွားနေတာဖြစ်မယ်။ မာရှယ်ကလည်း အနံ့မခံနိုင်လို့ လာမှာ မဟုတ်ဘူး။ ဒီနေရာက သူ ကောင်းကောင်းစားလို့ရမဲ့ နေရာပဲ။ သူ ခိုးစားပြီးတာနဲ့ ခိုးပြန်သွားလိုက်မယ်။ ဝိုး လုံးဝကို ဟာကွက် မရှိဘူးပဲ။
ထိုသို့သော အတွေးများ ဖြင့် လီခိုင်၏ မျက်နှာတွင် အပြုံးက ပေါ်လာတော့ကာ ခြေလှမ်းများကို သွက်လိုက်သည်။
ပါဆယ်ဘူးကို လက်က ကိုင်လျက် အခန်းတံခါးကို ခပ်ကျယ်ကျယ် တွန်းဖွင့်လိုက်သည်။
ထိုအခါ ပြင်းထန်သော ရနံ့က သူ့ထံ တိုးဝင်လာတော့ကာ သူ မော့ကြည့်လိုက်မိသည်။ မာရှယ်ဟော်ဟာ နားနေခန်း ထိပ်ဆုံးခုံတွင် သူ့ကို မျက်နှာမူကာ ထိုင်နေသည်။ သူ၏ ထက်ရှသော သိန်းငှက်ပမာ အကြည့်များက သူ့ထံ ရောက်လာ၏။
လီခိုင်၏ လက်များ တုန်ယင်သွားချေပြီ။သူ ခပ်မြန်မြန် တောင်းပန်ရန် ပြင်ပြီးမှ မာရှယ်၏ ရှေ့တွင် စားစရာ ပါဆယ်ဘူးများ အပြည့်ရှိနေကြောင်း မြင်လိုက်ရလေသည်။
နေ့လယ်စာဘူးမှ ရွှေရောင် နှင်းဆီကို လှမ်းမြင်ရသည်။ဒါက အင်ပါယာ၏ အကြီးကျယ်ဆုံး ရွှေနှင်းဆီ စားသောက်ဆိုင်၏ တံဆိပ်ဖြစ်၏။ ထိုဆိုင်မှ စားဖိုမှူးများက စားဖိုမှူး အစည်းအရုံးမှ ကြယ်သုံးပွင့်နှင့်အထက်တွေသာ ဖြစ်ကြသည်။ ဘူးကပင် အလွန် ခမ်းနားပေ၏။ သူက ထိုဆိုင်မှ ဈေးအပေါဆုံး ပွဲကို မှာခဲ့တာကပင် သူ၏ လစာ တစ်ဝက်ကျော် ကုန်သွားခဲ့ရသည်။ မျိုးရိုးမြင့် မိသားစုကြီးများနှင့် တော်ဝင်မိသားစုများသာ ထိုဆိုင်မှ မှာစားနိုင်ကြသည်။ သာမန်လူများက ထိုမျှ မကြွယ်ဝပေ။
သို့သော် ထိုမျှ ခမ်းနားကာ ကောင်းမွန်သည့် နေ့လယ်စာဘူးများ၏ ရှေ့တွင် ထိုင်နေသော ဟော်ယွင်ချန်းက မျက်မှောင်ကို ကြုတ်ထားလေသည်။ သေချာကြည့်မည်ဆိုလျှင် မျက်နှာကပင် အနည်းငယ် ဖြူဖျော့နေကြောင်း မြင်ရမည်ဖြစ်သည်။
" မာရှယ်"
လီခိုင် အလန့်တကြား​ေခါ်ကာ အနားသို့ ပြေးသွားပြီး ပါဆယ်ဘူးတွေကို ပိတ်လိုက်သည်။ ထို့နောက် ပြတင်းတွေကို လိုက်ဖွင့်ကာ အခန်းကို လေဝင်လေထွက်ရစေပြီး အနံ့ဆိုးတွေကို ထွက်သွားစေ၏။ အားလုံးပြီးမှသာ မာရှယ်ကို စိုးရိမ်စိတ်အပြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
မာရှယ်၏ တပ်ရေး ဗိုလ်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ လုပ်ခဲ့ပြီးသည့်နောက် မာရှယ်အပေါ် နားလည်သဘောပေါက်မှုဟာ သူ့ကိုယ်သူ နားလည်ထားမှုထက်ပင် မြင့်နေခဲ့ချေပြီ။
မာရှယ်သည် စစ်တပ်တွင် မည်သူ့ကိုမှ သူ့ရှေ့တွင် သည်သဘာ၀ ထုတ်ကုန် ဟင်းပွဲတွေ စားခွင့်မပြုထားပေ။ သူက ထိုစားစရာများဆိုလျှင် ခေါင်းမာမာဖြင့်သာ ငြင်းလေ့ရှိသည်။ သူ၏ ဒီလို လွန်ကျူးသည့် အပြုအမူကြောင့် သူ့ကို သဘောမကျသူ မည်မျှရှိကြောင်း ဘုရားသာ သိလိမ့်မည်။
သို့ရာတွင် လီခိုင်ကမူ မာရှယ်က လူသားမဆန်တာ မဟုတ်ဘဲ ထိုအရာများက သူ့အတွက် အဆိပ်နှယ် ဖြစ်နေကြောင်း နားလည်နေပေသည်။
ခံတွင်းပျက်နေတဲ့ လူတွေထက် မာရှယ်ရဲ့ အခြေအနေက ထူးခြားတယ်။ သူ့ရဲ့ အာရုံခံစားနိုင်စွမ်းက ပြင်းထန်လွန်းလို့ ဒီလို သဘာ၀ စားစရာအချို့ရဲ့ ခါးတူးတဲ့ အရသာတင်မကဘဲ မသန့်ရှင်းတဲ့ အချို့ အရာတွေအတွက် သူ့အပေါ် သက်ရောက်မှုက ပိုပြင်းတယ်။ အဆိုးဆုံးမှာ ဒီလို အနံ့တွေရတာနဲ့ သူ့ကိုယ်ရဲ့ တုံ့ပြန်မှုက ပြင်းထန်နေတာပဲ။
ဒါမျိုးသာ စစ်တိုက်နေတုန်း ဖြစ်လာရင် သူတော့ ဒုက္ခရောက်ပြီပဲ။
ဒါ့အပြင် သူက အင်ပါယာရဲ့ စစ်နတ်ဘုရားဖြစ်လို့ အင်ပါယာကို ကာကွယ်ရတယ်။ ဒါကြောင် ဒီကိစ္စကို လူအများကို ထုတ်ပြောလို့ မရနိုင်ခဲ့ဘူး။
အင်ပါယာရဲ့ စစ်နတ်ဘုရားမှာ အားနည်းချက် ရှိလို့ မရဘူး။ နောက်ပြီး အခုလို အသေးစားကိစ္စကြောင့်နဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်တာမျိုးဆို ပိုတောင် ဆိုးသေးတယ်။
ဒါကြောင့် သူ့မှာ အမြဲတမ်း ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ နောက်ပြီး ဒါက အင်ပါယာက လူအများအကျိုးအတွက် လုပ်ပေးနေတဲ့ ကိစ္စဖြစ်လို့ သူ ကန့်ကွက်တာမျိုးလည်း မလုပ်ခဲ့ဘူး။ သူက ဒီအတိုင်း သူ့ရှေ့မှာ ပေါ်မလာရင်ပြီးရော ခွင့်ပြုပေးထားခဲ့တယ်။
လီခိုင် အံ့သြရဆုံးက ဒါတွေကို မုန်းတဲ့ မာရှယ်က ဘယ်လိုဖြစ်ပြီး အရသာခံဖို့ ဆုံးဖြတ်လိုက်သလဲ ဆိုတာပဲ။
ဟော်ယွင်ချန်းလည်း မသက်မသာ အနေအထားမှ လွတ်မြောက်သွားသည့်အခါ မျက်နှာ၏ ဖြူစုတ်နေမှုမှ သွေးရောင် ပြန်လွှမ်းလာသည်။ သူက နဂိုအတိုင်း အေးစက်သည့် အကြည့်ကို ပေးလာသည့်တိုင် မျက်မှောင်က ကြုတ်နေသေးပေသည်။
သူက ခပ်ဖြည်းဖြည်း ပြောသည်။
" မနေ့က ကြက်ဥကိတ်ရဲ့ အရသာမျိုး ငါ မရဘူး"
လီခိုင်းက ချက်ချင်း နားလည်သွားသည်။
မာရှယ်က မနေ့က ကြက်ဥကိတ်က သူ့အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်မလာစေတာကို နားမလည်နိုင် ဖြစ်နေတာကိုး။ မာရှယ်က သူ ဒီစားစရာတွေအပေါ် အလွန်အကျူး တုံ့ပြန်တာမျိုးကနေ ပြန်ကောင်းသွားပြီထင်ပြီး ဆိုင်ကနေ မှာခဲ့လိမ့်မယ်။
ဒါပေမဲ့ သူ မေ့မျောလုမတတ်တောင် ဖြစ်သွားသလိုပဲ။
ဖြစ်နိုင်တာက တင်ဆက်သူရဲ့ ဟင်းချက်စကေးကြောင့်ပေါ့။
လီခိုင့်လို ပါးစပ်က အကောင်းအတိုင်းရှိနေတဲ့ သူတောင် ဆိုင်တွေက အကောင်းစားဟင်းပွဲတွေက တင်ဆက်သူရဲ့ ဟင်းပွဲလေးတွေကို မယှဉ်နိုင်မှန်း ခံစားမိတယ်။ ဆိုတော့ တင်ဆက်သူက မာရှယ်အတွက် ခြွင်းချက်ဖြစ်နေတာလား
မဟုတ်ဘူး တင်ဆက်သူရဲ့ ဟင်းပွဲက ခြွင်းချက်ဖြစ်နေတာလား။
လီခိုင်၏ ပါဆယ်ဘူးကို ကိုင်ထားသည့် လက်တွေက တင်းကျပ်သွားလေသည်။
ဒီ ဝက်ဗိုက်သား ခေါက်ဆွဲက မာရှယ်အတွက် အသက်ကယ်ဆေး ဖြစ်နေတယ်။
ရုတ်တရက် ထိုဘူးက အလွန် လေးလံလာသလို ခံစားလိုက်ရလေသည်။
ဟော်ယွင်ချန်းက ပြောလာသည်။
"ငါ ဒီနေ့ မေးကြည့်လိုက်တာ။ မနေ့က ကြက်ဥကိတ်က စားဖိုမှူး အစည်းအရုံးက ပို့လိုက်တာ မဟုတ်ဘူးတဲ့လေ။ ငါ နားလည်းမှု လွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။ မင်း ဝယ်လာတာကို ငါ စားမိလိုက်တဲ့ပုံပဲ။ အဲဒါ ဘယ်လောက်ကျလဲ ငါ ပြန်လွှဲပေးလိုက်မယ်"
" မာရှယ် ကျွန်တော် ပိုက်ဆံ မလိုပါဘူး"
လီခိုင်က ဆက်ပြောသည်။
" မာရှယ် ကြိုက်တယ်ဆိုရင်ပဲ အဆင်ပြေပါပြီ။ ပြီးတော့ ကျွန်တော်  ဝယ်ခဲ့ရတာလည်း မဟုတ်ပါဘူး"
နှစ်များစွာ ကြာသည်အထိ မာရှယ်ဟာ စစ်သည်တိုင်းကို ညီအစ်ကိုအရင်းများပမာ ဆက်ဆံပေးသည်။ သူက ခပ်တင်းတင်း နေတတ်ကာ အမူအရာက အမြဲ အေးစက်နေသည့်အတွက် သူ့ရှေ့တွင် အသက်တောင် မရှူရဲသည့် တပ်သားသစ်များ မည်မျှရှိမည်ဖြစ်ကြောင်း ဘုရားသာ သိပေလိမ့်မည်။ သို့သော် သူနှင့် နှစ်များစွာ အတူရှိပြီးသည့်အခါ မာရှယ်ဟာ မည်သို့သော လူမျိုးဖြစ်ကြောင်း သိလာကြပေမည်။
မကောင်းကြံသည့် သူများ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြသည့် အဖွဲ့များ တစ်ခါမှပင် မရှိဖူးပေ။ စစ်တိုက်ရမယ်ဆိုတိုင်း မာရှယ်ကသာ ဦးဆောင်ပေသည်။ သူက စစ်သည်တစ်ယောက် ပျောက်ရှနေလျှင်ပင် တွေ့အောင် ရှာပြီးမှသာ ပြန်လာတတ်လေ့ရှိ၏။ သူကသာ ဦးဆောင်သည့်အတွက် သေရမည်ဆိုလျှင်ပင် သူကသာ အရင်သေပေလိမ့်မည်။
ကံဆိုးပြီး ကျိုးကန်းသွားသူတွေ၊ အငြိမ်းစားယူသွားသူများ၊ သေသွားသူများ အများအပြားရှိသည်။ သို့သော် ထိုသူများနှင့် မိသားစုကို မာရှယ်က ဆက်လက် ထောက်ပံ့ပေး၏။ မာရှယ်၏ စကားအရဆိုလျှင် ထိုသူတွေအားလုံး ယခုလို အခြေအနေ ရောက်သွားရသည်မှာ တစ်ချိန်က အင်ပါယာအတွက် အသက်ကို စတေးခဲ့သဖြင့် ဟုဆိုသည်။ ထို့ကြောင့် သူက ရဲဝင့်စွာ ထောက်ပံ့ပေးခဲ့သည်။
မာရှယ်၏ သည်လို ကောင်းမွန်သည့် ဘက်ခြမ်းက စစ်သည်တိုင်းကို စိတ်လှုပ်ရှားစေကာ နတ်ဘုရားပမာ ကိုးကွယ်မိစေသည်။
သူက လက်ထဲတွင် ကိုင်ထားသော ဝက်ဗိုက်သား ခေါက်ဆွဲဘူးကို စားပွဲပေါ်တင်လိုက်သည်။ သူက ပြောလိုက်သည်။
" ဒီနေ့လည်း ကျွန်တော့်မှာ ပါတယ်။ နှစ်ခုလုံးက တစ်ယောက်တည်းက လုပ်ပေးထားတာပဲ။ မာရှယ်ဘာလို့ ဒီအာလူး ဝက်ဗိုက်သား ခေါက်ဆွဲကို မမြည်းကြည့်တာလဲ။ တကယ်လို့ အဆင်ပြေရင် မာရှယ် စားလို့ရပါတယ်"
သူက မာရှယ်၏ မျက်နှာကို ကြည့်ပြီးဘူးကို ဖြည်းညင်းစွာ ဖွင့်သည်။ မာရှယ်သာ မျက်နှာပျက်လျှင် သူ ချက်ချင်း ပြန်ပိတ်လိုက်မည်။
သို့သော် အားလုံး ဖွင့်ပြီးသည့်တိုင် မာရှယ်က မျက်နှာ မပျက်ပေ။ ထို့အပြင် မျက်နှာက ပိုပြီးပင် သွေးရောင် လွှမ်းလာသေးပေသည်။ သူက တူကို ကမ်းပေးလိုက်သည်။
"မာရှယ် မြည်းကြည့်ပါ"
ဟော်ယွင်ချန်းက မတုံ့ပြန်ပေ။
ဒါက သူ ပထမဆုံးအကြိမ် ဒီလို ခံစားရတာပဲ။ ကြက်ဥကိတ်ကိုတော့ ထည့်မတွက်နဲ့တော့။ အဲဒါကိုသာ ထည့်တွက်ရင် ဒါ ဒုတိယ အကြိမ်ပဲ။
သဘာ၀ စားစရာမှ ထွက်လာသည့် မွှေးပျံ့သည့် ရနံ့က သိပ်သည်းလာသည်။ သူ့ခန္ဓာကိုယ်မှ မည်သည့် မကောင်းသည့် တုံ့ပြန်မှုမှ မပြဘဲ အားအင်ပင် ပြည့်လာသည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်ဟာ အနံ့ဆိုးသည့် ဆိုင်ကြီးများမှ ဟင်းများနှင့် အားဖြည့် ဆေးရည်တို့ထက် များစွာ သာသည်။ ထိုမျှ မွှေးသည့် ရနံ့ကြောင့် မာရှယ်၏ မျက်နှာပင် ကူကယ်ရာမဲ့သလိုဖြစ်လာလေသည်။
သူက တူကို ယူကာ ခေါက်ဆွဲ နည်းနည်း ယူသည်။ နီရဲနေသော အချဉ်ရည်တို့က ခေါက်ဆွဲကို ပံ့ပိုးပေးထားသည်။ ခေါက်ဆွဲကို မယူလိုက်သည့်အခါ အရည်များက စီးကျလာသည်။ သူက အားလုံးကို ပါးစပ်ထဲ ထည့်ကာ အရသာ ခံလိုက်သည်။
ဆိုတော့ ဒါက လျှာကိုတောင် ပျော်ကျစေတယ်ဆိုတဲ့ အရသာဆိုတာမျိုးပေါ့..
" ဘယ်သူလုပ်တာလဲလို့ ငါ မေးလို့ရမလား"
ဟော်ယွင်ချန်းသည် နှစ်လုတ်အပြည့် စားပြီးနောက် တူကို ချကာ လီခိုင်ကို ပြန်ပေးသည်။ သူ့စိတ်ထဲတွင်မူ စားဖိုမှူး အစည်းအရုံးတွင်လည်း ဒီလိုလူမျိုးမရှိဘဲ လီခိုင်ကိုလည်း တစ်ဖက်သူက ဟင်းများ ထည့်ပေးလိုက်သဖြင့် သူ့မိသားစုဝင်ဟူ၍ ထင်သွားသည်။
သို့ရာတွင် လီခိုင်က ကျောမတ်သွားကာ ရှက်ရွံ့စွာ ပြုံးသည်။
" ဒါက ကြယ်နက်ဝေါ့က တင်ဆက်သူ ချက်ထားတာပါ"
ဟော်ယွင်ချန်း မျက်ခုံးပင့်ကာ အံ့သြတကြီး ပြောသည်။
" ကြယ်နက်ဝေါ့က တင်ဆက်သူ ဟုတ်လား"
သူ့အကြည့်တွေက လီခိုင့်ထံ စူးရှစွာ ကျရောက်လာသည်။
"ငါ သေချာ ပြန်သုံးသပ်ရတော့မှာပဲ။ ငါ မင်းကို လုံလောက်တဲ့ အလုပ်တွေ မပေးထားမိဘူးပဲ"
" မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျွန်တော်က အကျိုးရှိအောင် ကြည့်တာပါ"
လီခိုင်က တောင်းပန်သလို ပြုံးသည်။
"မဟုတ်ရင် ကျွန်တော်က ဒီလို တင်ဆက်သူကို ရှာပြီး မာရှယ်ကို သူ့ရဲ့ လက်ရာတွေ ဘယ် မိတ်ဆက်ပေးလို့ရမှာလဲ"
" ဒါဆို မာရှယ် ဒီ အပြစ်သားကို သက်သက် ညှာညှာလေး ဆုံးဖြတ်ပေးပါ"
ဟော်ယွင်ချန်းက အပြုံးမမည်သည့် အပြုံးကို ပြုံးသည်။
" နောက် မဖြစ်စေနဲ့"
" ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါပေါ့"
သူ့ကို လွယ်လွယ် လွှတ်ပေးလိုက်သဖြင့် အံ့သြသွားကာ စိတ်ချမ်းသာ သွားသည်။ သူက ကြယ်နက်ဝေါ့ထဲ ဝင်ပြီး တက်ဆက်သူရဲ့ ချန်နယ်ကို ရှာသည်။
" ဒီ တင်ဆက်သူပါ။ ယွမ့်ထန်းတဲ့။ ချန်နယ် နံပါတ် အာလ် ၂၁၃၁၄ပါ"
ယွမ့်ထန်းတဲ့လား။
ဟော်ယွင်ချန်း ခေါင်းညိတ်လိုက်သည်။ သူ့အကြည့်က ထိုနာမည်ထံ ကျရောက်သွားသည့်အခါ ပိုပြီး လေးနက်သွားတော့သည်။
ထိုညတွင် ယွမ့်ထန်း၏ ချန်နယ်တွင် ပရိသတ်တွေ ထိုးတက်သွားတော့ပြန်သည်။ မရေမတွက်နိုင်သည့် အသုံးပြုသူများ ပြည့်နေတော့ကာ ပရိသတ်များအပြင် အစားအသောက်အတွက်နှင့် အခြားသော မကောင်းသည့် ရည်ရွယ်ချက်တွေရှိသော လူပေါင်းများစွာဟာ ရောနှောလျက် ရှိနေတော့သည်။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now