Part 61

1.3K 181 0
                                    

Unicode

အပိုင်း ၆၁
မျက်တောင်တစ်ခတ်အချိန်အတွင်း လေးရက်တာက ကုန်ဆုံးသွားသည်။ လူထွားများနှင့် ကြယ်ပြာအင်ပါယာကြားမှ ပြောဆိုဆွေးနွေးမှုကလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ သူတို့အနေနှင့် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ကြခြင်း မဟုတ်ချေ။ အင်ပါယာမှ ထပ်မံထုတ်လုပ်နိုင်သော ထိုမာရှ်အသစ်များ၏အင်အားကို မြင်ခဲ့ပြီးသားဖြစ်လေရာ အချို့သော အသေးစိတ်အချက်အလက်များမှလွဲလျှင် သူတို့၏ပူးပေါင်းဆောင်ရွက်မှုက မေးခွန်းထုတ်စရာမရှိခဲ့ချေ။
သည်တစ်ကြိမ်တွင် ဂေးဘတ်က ကြယ်ပြာအင်ပါယာမှ ဟင်းလျာဆယ်မျိုးကျော် ချက်ပြုတ်နိုင်သော စစ်တပ်ဌာနချုပ်မှ စက်ရုပ်ပေါင်းများစွာကို ဝယ်ယူသွားသည်။ ဉာဏ်ရည်မြင့်စက်ရုပ်များက ထည့်သွင်းထားသော ဟင်းလျာများကို တစ်ဆင့်ချင်းနီးပါး သူတို့၏စနစ်အရ ချက်ပြုတ်နိုင်စွမ်းရှိကြပြီး သူတို့၏ပြောင်မြောက်သော လုပ်ဆောင်နိုင်စွမ်းအားနှင့် အသေးစိတ် စစ်ဆေးနိုင်စွမ်းအားတို့ကြောင့် အရာအားလုံးကို တစ်ထေရာတည်းတူညီအောင် လုပ်နိုင်စွမ်းရှိလေသည်။ အပူချိန်ထိန်းညှိမှုများ အတွက်လည်း ထိုစက်ရုပ်များက စိတ်ချရသည်။
ထိုနည်းလမ်းဖြင့် ထွက်လာသောဟင်းလျာများက အရသာမဆိုးချေ။ သို့သော် ထိပ်တန်းအဆင့် မဟုတ်နေသေးချေ။ မည်သို့ပင်ဆိုစေ စက်ရုပ်များ၏ ဉာဏ်ရည်မြင့်စနစ်က အကန့်အသတ်ရှိသည်။ သူတို့အနေနှင့် လူသားများကဲ့သို့‌ ပျော့လွယ်ပျောင်းလွယ်ခြင်း မရှိသည့်အပြင် အမျိုးမျိုး တီထွင်သုံးသပ်နိုင်စွမ်းလည်း မရှိကြသည့်အတွက် သူတို့ချက်ပြုတ်သော ဟင်းလျာများက တစ်ထေရာတည်း တူညီလေသည်။ မည်သည့်ပြောင်းလဲမှုမျှ မရှိချေ။ သို့သော် လူထွားများအတွက်မူကား သူတို့၏ပထမဆုံးအကြိမ် ထိုကဲ့သို့သော အရသာမျိုးကို စားသောက်ရခြင်းဖြစ်လေရာ ထိုအခြေအနေကတင် လုံလောက်နေလေပြီ။
သည်ရက်များအတွင်း ဂေးဘတ်နှင့် သူ၏လက်ထောက်များက ယွမ့်ထန်းချက်သော ဟင်းလျာများကို စားသောက်ခြင်းမှလွဲ၍ ကျန်သော လူထွားများ အားလုံးက စားဖိုမှူးအစည်းအရုံးမှ ပြင်ဆင်ပေးသောဟင်းလျာများကို စားသောက်ရသည်။ သို့သော် သူတို့က စစ်တပ်ကန်တင်းကို ရှာတွေ့သွားလေသည်။ ထို့ကြောင့် တော်ဝင်နယ်မြေကိုရှာတွေ့သွားသည်နှင့် လူထွားများအားလုံးက ထိုနေရာသို့သာ အလကား သွားစားကြတော့သည်။ သူတို့အနေဖြင့် ထိုမျှအရသာရှိသော အစားအသောက်များကို မစားဖူးကြလေရာ ထိုအရသာကိုချီးမွမ်းလျက် သီချင်းပင် ဆိုချင်နေကြလေသည်။
ထိုစက်ရုပ်များအပြင် သဘာဝဟင်းလျာများကိုလည်း လူထွားများက ဝယ်ယူရန်လိုအပ်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုထုတ်ကုန်များအားလုံးက ကြယ်ပြာအင်ပါယာတွင်သာ ရှိနေလေသည်။ သို့ရာတွင် သူတို့၏ လက်ရှိအကယ်ဒမီအင်ပါယာ၏ ထုတ်လုပ်အားက လူထွားများလိုအပ်သော ပမာဏအမြောက်အများနှင့် လိုက်မမှီနိုင်သေးချေ။ ထို့ကြောင့် သူတို့အနေနှင့် စိုက်ပျိုးမြေများဖွင့်လှစ်ကာ ပမာဏများစွာ ထုတ်လုပ်နိုင်အောင် ကြိုးစားရန် လိုအပ်လာပြန်သည်။ အကယ်ဒမီသိပ္ပံက ပါဝင်ပစ္စည်းများ၏ အချိုးအဆ အနည်းငယ်ကိုသာ ပေးအပ်နိုင်လေပြီး ကျန်သော ကိစ္စများအားလုံးကို ထိုစိုက်ပျိုးနယ်မြေများမှသာ ဝယ်ယူအသုံးပြုရမည်ဖြစ်သည်။
ထို့ကြောင့် ထိုစိုက်ပျိုးမြေများအောင်မြင်ရန်အတွက် သူတို့ အချိုးကျစွာ ကိုင်တွယ်ရန် လိုအပ်နေသေးသည်။ ထပ်ပေါင်းဆိုရသော် ဂေးဘတ်က အကယ်ဒမီသိပ္ပံနှင့် ပူးပေါင်းဖွင့်လှစ်ထားသော ဟော့ပေါ့ဆိုင်များထံသို့သွားကာ အရသာစားကြည့်သည်။ ထိုအရသာ အလွန်အမင်းကောင်းမွန်ပြီး ချက်ပြုတ်ရ အလွန်အမင်း လွယ်ကူသည့်အတွက် ထိုလူများကိုပင် သူ၏လူထွားမျိုးနွယ်မွေးရပ်မြေတွင် ဖွင့်လှစ်ရန် ဖိတ်ခေါ်ခဲ့သေးသည်။ ယွမ့်ထန်း၏အစားအစာများက နှစ်နိုင်ငံချစ်ကြည်ရေးကို ပို၍နီးကပ်သွားစေသည်ဟု ဆိုရပေမည်။
“အရှင်မင်းကြီး ဒီပူးပေါင်းဆောင်ရွက်မှုက တကယ်ပဲ သဘောကျစရာပါပဲ၊ ကျွန်တော်တို့ရဲ့ ရင်းနှီးဆက်ဆံမှုက ဒီထက်ပိုပြီးအထွန့်ရှည်ဖို့မျှော်လင့်ပါတယ်”
ဂေးဘတ်နှင့်ချန်းကျီးတို့က လက်ဆွဲနှုတ်ဆက်လိုက်ကြကာ နှုတ်ဆက်စကား ပြောကြသည်။
“အရှင်မင်းကြီး ကျွန်တော်တို့နှစ်နိုင်ငံကြားက ချစ်ကြည်မှုက ထာဝရတည်မြဲမယ်လို့ ယုံကြည်ပါတယ်၊ ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကလည်း ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားစေဖို့ မျှော်လင့်ပါတယ်”
ချန်းကျီးကလည်းပြောသည်။
လိုက်ပါပို့သည့်လူအုပ်တွင် ယွမ့်ထန်းကို ဂေးဘတ်က မြင်လိုက်သဖြင့် သူ၏နက်ရှိုင်းသော မျက်ဝန်းပြာများက အကြည့်မလွှဲနိုင်တော့ချေ။ သူက သူ၏သဘောအကျဆုံးသော အရသာရှိသည့် စားစရာနှင့် စိတ်တူကိုယ်တူ ဝိညာဉ်ဖက်နှင့် ခွဲရမည့်အရေးကို အလွန်အမင်း နှောင့်နှေးသွားဟန်ရကာ အမူအရာများက မသက်မသာ ဖြစ်သွားသည်။
သူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တက်သွားကာ ယွမ့်ထန်း၏လက်ကို ဖမ်းကိုင်လျက် နှုတ်ဆက်စကား ပြောသည်။ သူက တစ်ဖန်ထပ်မေးပြန်သည်။
“ထန်း တကယ်ပဲ နိုင်ငံရေးအရ လက်ထပ်တာကို သဘောမကျဘူးလား”
ယွမ့်ထန်း “ကျွန်တော် အခုလတ်တလောတော့ လက်ထပ်ဖို့ မစဉ်းစားသေးပါဘူး”
ယွမ့်ထန်းက ရှက်ရွံ့စွာပြုံးလျက် ယဉ်ကျေးစွာ ငြင်းလိုက်သည်။
သူ၏အနားတွင်ရှိနေသော ဟော်ယွန်ချန်းက နောက်ဆုံးတွင် သီးမခံနိုင်တော့ဘဲ လက်ဆန့်တန်းကာ‌ ဂေးဘတ်ကို‌ ပြောလိုက်သည်။
“အရှင် အကောင်းဆုံးတွေပဲ ဖြစ်လာစေဖို့ မျှော်လင့်ပါတယ်”
ဂေးဘတ်ကလည်း သူ၏ညီအစ်ကိုကောင်း ဟော်ယွန်ချန်းကို မြင်လိုက်ချိန်တွင် တွန့်ဆုတ်စွာဖြင့် ယွမ့်ထန်း၏လက်ကို လွှတ်လိုက်ပြီးနောက် ဟော်ယွန်ချန်း၏လက်ကို ဖမ်းကိုင်လိုက်သည်။
“မာရှယ်ဟော် မင်းက တကယ်ထူးချွန်ပြီး အင်အားကြီးမားတယ်၊ ငါတို့အနေနဲ့ …”
“စိတ်မရှိပါနဲ့ ကျွန်တော်လည်း ယခုလတ်တလော လက်ထပ်ဖို့ မစဉ်းစားသေးပါဘူး”
သူတို့နှစ်ယောက်က အချင်းချင်း တစ်ယောက်ထံမှတစ်ယောက် သင်ယူရရှိရန် အခွင့်အရေးကောင်းထပ်မံ ရလာရန် မျှော်လင့်သည်ဟု ပြောတော့မည့်ဂေးဘတ် “…”
သူလည်း လက်မထပ်ချင်ပါဘူးနော်၊ ကျေးဇူးပါပဲ။
မည်သို့ပင်ဆိုစေ လူထွားမျိုးနွယ်မှ ခေါင်းဆောင်က ကြယ်ပြာအင်ပါယာသို့ လာရောက်လည်ပတ်သည့် လေးရက်တာခရီးစဉ်က အဆုံးသတ်သွားပြီဖြစ်သည်။
လူထွားမျိုးနွယ်ခေါင်းဆောင်က အလွန်တက်ကြွကာ ပေါင်းသင်းဆက်ဆံရ လွယ်ကူသော်လည်း သူက အခြားတိုင်းပြည်တစ်ခု၏ ခေါင်းဆောင်တစ်ယောက် ဖြစ်နေသေးသည်။ သူနှင့်အနီးကပ်ဆက်သွယ်မှုတွင် ဖိအားမရှိဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။ တစ်ဖက်သူက နောက်ဆုံးတွင် ထွက်သွားသည့်အခါ လေထုက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း ယွမ့်ထန်းကမူ စိတ်အေးသွားရသည်။ သူ နောက်ဆုံးတွင် အားလပ်ရက်ရပြီး အနားယူနိုင်ရန် မျှော်လင့်နေသည်။ သူ့အနေနှင့် နှစ်ရက်ပင် မကြာသေးသောအချိန်တွင် ဝေ့ပေါ်တွင် နောက်ထပ်ပေါက်ကွဲစေလောက်သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရမည်ဟု မထင်ထားပြန်ချေ။
ယခင်တစ်ခေါက်က သူ့အား ဒုက္ခပေးခဲ့သောဝေ့ကျိုးက တစ်ဖန်ထွက်ပေါ်လာပြန်သည်။
အင်ပါယာမှ တရားဝင် စည်းမျဉ်းများအရ လူအခွင့်အရေးကာကွယ်မှုက အလွန်တင်းကြပ်သည်။ ထို့ကြောင့် မြောက်များလှသော သက်သေများကို ထုတ်ဖော်ပြသ နိုင်သော်လည်း ဝေ့ကျိုးက မေ့မြောယောင်ဆောင်ခြင်းမှ ဆေးရုံသို့ တင်လိုက်ရသည့်ဖြစ်စဉ် ပြီးဆုံးသည်အထိ စောင့်ရန် လိုအပ်နေသေးလေသည်။ ထောင်ထဲမဝင်ရန်အလို့ငှာ ဝေ့ကျိုးက မတတ်သာပဲ သူ့ကိုယ်သူပင် ဒုက္ခပေးရတော့သည်။ ထို့ကြောင့် သူ၏တရားရင်ဆိုင်ရမည့်ရက်က နောက်ဆုတ်သထက်နောက်ဆုတ် ပေးနေရသည်။
တစ်ချိန်တည်းလိုလို သူက ယွမ့်ထန်းနှင့်ရဲ့သခင်လေးတို့အပေါ် မုန်းတီးမှုက နက်ရှိုင်းသထက် နက်ရှိုင်းလာသည်။ တစ်ဖန် သူက ရဲ့သခင်လေးကို ဆက်သွယ်ခဲ့ပြီးနောက်တွင် တစ်ဖက်က သူ့အား အခွင့်အရေးတစ်ခု ပေးလာပြန်သည်။ ဒါက သူ၏အခွင့်အရေးဖြစ်ပြီး သူ ပြန်လည်ဦးမော့နိုင်မည့်အပြင် အချို့သော ကိစ္စများအားလုံးကိုပင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
သူက သည်လိုအခြေအနေဖြင့် အဆုံးသတ်ရကတည်းက မည်သည့်အတွက်ကြောင့်နှင့်မျှ အခြားသူများကို အလွတ်မပေးနိုင်တော့ချေ။ ဝေ့ကျိုး၏ယွမ့်ထန်းအပေါ် ခံစားချက်က မကျေမနပ်မှုနှင့် ရန်ငြှိုးများသာလျှင်ရှိသည်။ ရဲ့သခင်လေးအတွက်မူ အလွန်အမင်း မုန်းတီးလေသည်။ ထိုလူ၏အသားကို လတ်လတ်ဆတ်ဆတ်စားပြီး သွေးကိုသောက်ချင်သည်အထိ မုန်တီး၏။ သည်တစ်ကြိမ်တွင် သူက‌ ဝေ့ပေါ်ပေါ်တွင် ဗီဒီယိုတစ်ခုကိုတင်ထားပြီး အလွန်အမင်း အထိမခံဖြစ်သော ခေါင်းစဉ်ကိုတပ်ထားသည်။
“အက်ဝေ့ကျိုးဗွီ .. သန်းပေါင်းများစွာ ဝင်ငွေရှိနေပြီး မျိုးရိုးနာမည်ယွမ့်အမည်ရတဲ့ လူချမ်းသာတစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးရုံပေါ်လဲလျောင်းနေတဲ့ ညီငယ်လေးတစ်ယောက်ရှိတယ်၊ သူ့ရဲ့အမေအိုကြီးကလည်း စားရမယ့်သောက်ရမယ့် ဖြစ်နေတယ်၊ [ဗီဒီယို][ပုံ][ပုံ][ပုံ][ပုံ]”
ထိုဗီဒီယိုထဲတွင် ညှိုးငယ်နေသောမျက်နှာ စုတ်ပြတ်သတ်နေသောပုံစံမျိုးနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။ သူမ၏မျက်လုံးများက နီရဲနေကာ ငိုထားသောကြောင့် ရောင်ကိုင်းနေသည်။ သူမ၏ရုပ်ရည်သွင်ပြင်နှင့် ယွမ့်ထန်းက ရုပ်ရည်ချင်းဆင်တူလုနီးပါး ဖြစ်သည်။ အထူးသဖြင့် ဖီးနစ်ကဲ့သို့ မျက်ဝန်းတစ်စုံဖြစ်သည်။ သူမက အိုနေသော်လည်း သနားညှာတာမှုနှင့် စိတ်ဓါတ်ကျစေသော ခံစားချက်မျိုးကို ထွက်ပေါ်လာအောင် လှုံ့ဆော်နိုင်စွမ်း ရှိနေသေးသည်။
ကင်မရာရှေ့တွင် သူမက အနည်းငယ်ထိတ်လန့် နေဟန်ရသည်။ ကင်မရာနောက်မှ တစ်စုံတစ်ရာက သူမအား နှစ်သိမ့်နေဟန်ဖြင့် သူမက သတ္တိကို အားတင်းကာမွေးယူပြီးပြောသည်။
“ငါ ငါ့ရဲ့နာမည်က ခိုင်ရှင်းပါ၊ ယွမ့်ထန်းရဲ့မိခင်ပါ”
ခိုင်ရှင်းက ကြယ်နယ်မြေအလွန်ချောင်ကျသော နေရာမျိုးတွင် နေသည်။ သူမက မိသားစုကို ထောက်ပံ့ရန်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေရရှာသည်။ သူမအနေနှင့် သူမ၏သားက ကြယ်လက်ရွေးစင်စားဖိုမှူး ဖြစ်လာသည်ဆိုသော သတင်းကို တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထိုအရာသာ မကလေဘဲ လူထွားမျိုးနွယ်၏ ခေါင်းဆောင်အတွက်ပင် ချက်ပြုတ်ခွင့် ရရှိခဲ့သေးသည်။ သူက ပြည်သူလူထုအမြင်တွင် ထွက်ပေါ်လာခဲ့ပြီး ပိုက်ဆံပေါင်းများစွာကို ရှာနိုင်နေသည်မှာ သေချာသည်။ သူမအနေနှင့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ဆက်တိုက် ခံစားနေရလေသည်။ သူမအနေနှင့် သွားလာရစရိတ်မျိုးအတွက်ပင် အခြားလူများထံမှ ချေးငှားနေရရှာသည်။
“ဒီကလေးက ငယ်ငယ်ကတည်းက ငါတို့နဲ့ရင်းနှီးခဲ့တာ မဟုတ်ဘူး၊ ငါ့မှာ အခြားနည်းလမ်း မရှိတော့လို့သာ မဟုတ်ရင် သူ့ကိုမရှာချင်ပါဘူး”
ခိုင်ရှင်းက ငိုသည်မှာမရပ်တော့ချေ။
“တကယ်လို့ အခြားရွေးချယ်စရာသာရှိနေခဲ့မယ်ဆိုရင် … သူ့ရဲ့ညီဖြစ်သူကလည်း ဖျားနာမှုကြောင့် သေလုနီးပါးဖြစ်နေပြီ၊ ငါ့ရဲ့ခန္ဓာကိုယ်ကလည်း ကျန်းမာတော့တာ မဟုတ်ဘူး၊ ဘယ်သူကမှ ငါ့ကို အလုပ်မပေးချင်ကြဘူး၊ ဒီတော့ ရှောင်ယွီ သေဆုံးသွားတာကိုလည်း ဒီအတိုင်း စောင့်မကြည့်နေချင်တာနဲ့ …”
ထိုဗီဒီယိုက အလွန်ရှည်သည်။ ၁၅ မိနစ်နီးပါးကြာသည်။ သတင်းထောက်၏မေးခွန်းနှင့် ခိုင်ရှင်း၏တုံ့ပြန်မှုများကို အခြေပြုပြီးနောက်တွင် ယွမ့်ထန်း၏နာမည်က မကြာခဏပါပြီး သူက အလွန်အမင်း ကောက်ကျစ်ယုတ်မာသော စရိုက်ရှိသူအဖြစ် ပေါ်လွင်လာစေသည်။
ယောက်ျားဖြစ်သူက မတော်တဆမှုကြောင့် သေဆုံးသွားသည်ဟုဆိုထားသည်။ သူမက တစ်ယောက်တည်း အလုပ်ထွက်လုပ်ရရှာသည်။ ထိုနည်းအားဖြင့် ညီအစ်ကိုနှစ်ယောက်ကို ဂရုမစိုက်နိုင်ခဲ့လေရာ ယွမ့်ထန်းက သူတို့နှင့် အလွန်ဝေးကွာ သွားတော့သည်။ သူက အရွယ်မရောက်ခင်ကတည်းက အိမ်က ထွက်သွားခဲ့ပြီး အသက်ရှင်ရန် နေထိုင်ရန် ကြိုးစားခဲ့သည်။ သူမက သူ့ဆီမှ သည်နှစ်ပေါင်းအတွင်း မည်သည့်သတင်းမျှ မကြားခဲ့ဟုဆိုထားသည်။ သူမ၏ကျန်ရစ်သောသားက သူမအပေါ်သနားညှာတာ၍သာလျှင် စိတ်သက်သာရာရ နေခြင်းဖြစ်သည်။ သို့ရာတွင် တွေးတောဆင်ခြင်တတ်ကာ လိမ္မာသောကလေးယွမ့်ယွီက ရှားပါးသော မျိုးရိုးဗီဇဆိုင်ရာရောဂါတစ်ခု ဖြစ်နေခဲ့ပြီး သူ၏မပြီးပြည့်စုံသည့် ကာဗွန်ဘေ့စ်မှ ဘွန်ရွန်ဘေ့စ်အထိ မပြီးပြည့်စုံမှု ဖြစ်ပေါ်နေခဲ့သည်။ ထိုအရာက ရှားပါးသောရောဂါတစ်မျိုးဖြစ်ပြီး မြေကမ္ဘာခေတ်တွင်လည်း အလွန်အမင်း ရှားပါးသည်ဟု ဆိုကြသည်။ သူ၏ခန္ဓာကိုယ်က အလွန်အမင်း နူးညံ့ကာ အထိမခံဖြစ်ပြီး အားနည်းလွန်းလှသဖြင့် တစ်ချက်ထိရုံဖြင့်ပင် ရောဂါလက္ခဏာများကို ဖြစ်ပေါ်လာစေနိုင်စွမ်းရှိသည်။ သူက ငယ်ရွယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ ဒဏ်ရာအမျိုးမျိုးကို ခံစားနေခဲ့ရသည်။ ထို့ကြောင့် ဆေးကုသစရိတ်ကလည်း အလွန်အမင်း ဈေးကြီးလွန်းနေသည်။
ယွမ့်ထန်းက ရုပ်ရှင်ရိုက်နေချိန်က ပိုက်ဆံအချို့ အိမ်သို့ မကြာခဏ ပို့ပေးသော်လည်း လွန်ခဲ့သော ငါးနှစ်ခန့်က သူက မတော်တဆ ဖြစ်သွားခဲ့ပြီး ပိုက်ဆံထပ်ပို့ခြင်း မရှိတော့ချေ။ သူမက အကြီးဆုံးသားဖြစ်သူ၏ အခြေအနေကို စိုးရိမ်သော်လည်း အငယ်ဆုံးသား၏ ဖျားနာမှုကြောင့် သူမ၏အားအင်များက ကုန်ဆုံးနေခဲ့လေရာ အကြီးဆုံးသားထံမှ သတင်းများကိုလည်း မကြားသည့်အတွက် ကိစ္စများက နှောင့်နှေးကြန့်ကြာသွားခြင်း ဖြစ်သည်။ ယခုအခါ ယွမ့်ယွီ၏အခြေအနေက ပို၍ ဆိုးသထက် ဆိုးလာခဲ့သည်။ သူမသည်လည်း ရွေးချယ်စရာ မရှိတော့ချေ။ သတင်းများကို မြင်ပြီးနောက်တွင် အပြေးအလွှားလာကာ အကြီးဆုံးသားက သည်ညီငယ်လေး၏ ကျန်းမာရေးအတွက် လွန်ခဲ့သောနှစ်များမှ ချစ်ခင်ကြင်နာမှုများကြောင့် ကူညီပေးရန် မျှော်လင့်နေသည်။
သူမက မိသားစုကို သည်နှစ်အနည်းငယ်အတွင်း ထောက်ပံ့ပေးနေခဲ့ရသည်။ သတင်းများကို မြင်သောအခါ အကြီးဆုံးသားက အခြေအနေ ကောင်းနေသည်မှန်း သိသွားသည်။ သူက ပြန်လည်သက်သာလာပြီးနောက်တွင် သူမကို မဆက်သွယ်ခဲ့ချေ။ ထို့အပြင် ပိုက်ဆံတစ်ပြားမှလည်း မပို့ခဲ့ချေ။ သူက သူ၏ သည်ဆွေမျိုးများကိုပင် အပြည့်အဝ မေ့လျော့သွားခဲ့ဟန် ရသည်။ ထို့ကြောင့် အကြီးဆုံးသားကို ဆက်သွယ်ရန် မကြာခဏ ဆက်သွယ်ရေးစက်မှ အကြောင်းကြားခဲ့သော်လည်း တုံ့ပြန်မှုမရခဲ့ချေ။ ထို့ကြောင့် သူမတွင်လည်း နည်းလမ်း မရှိတော့သည့်အတွက် ယခုကဲ့သို့ ကြိုးစားရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခင်ဖျော်ဖြေရေးကုမ္ပဏီသို့လည်း ဆက်သွယ်ခဲ့သော်လည်း ယွမ့်ထန်းက စာချုပ်ဖျက်သိမ်းသွားပြီဖြစ်ကြောင်း ပြောခဲ့သည်။ သူမ၏အခြေအနေကို မရှင်းပြခင်ကတည်းက သူတို့က ဖုန်းချလိုက်ကြကာ နောက်ပိုင်း ခေါ်ဆိုမှုများကိုလည်း လက်သင့်မခံတော့ချေ။
ထိုအခြေအနေအထိ ရောက်လာသောအခါ ခိုင်ရှင်းက ငိုရင်း တဟွတ်ဟွတ် လုပ်နေသည်။ သူမ၏ ဖျော့တော့အားနည်းသော ကူကယ်ရာမဲ့နေသည့်ပုံက ပို၍ပင် သနားစဖွယ်ကောင်းလာသည်။
“ယွမ့်ထန်း အမေက အရမ်းစိတ်မကောင်း ဖြစ်နေတာပါ၊ အမေက အလုပ်တွေနဲ့ မအားလပ်လို့ သားကို ဂရုမစိုက်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ရှောင်ယွီကတော့ မင်းရဲ့ညီပဲ၊ အမေ တောင်းပန်ပါတယ်၊ မင်းရဲ့ညီကိုကယ်ပါ၊ အမေ့မှာ ဒီသားပဲရှိတော့တာပါ၊ မင်းရဲ့ညီ တကယ်လို့ သူက မင်းရဲ့ညီအရင်း ဖြစ်နေသေးတော့ …”
“အာ ငါ ဘယ်လိုများ ဒီအတိုင်း ဆက်ဖြစ်ခွင့်ပြုနိုင်ရမှာလဲ”
ကပ်ပါလာသောပုံက ယွမ့်ယွီက ဆေးဖန်ပေါင်းချောင်ထဲတွင် အိပ်ပျော်နေသလိုမျိုး လဲလျောင်းနေသော ပုံစံဖြစ်သည်။ သူ၏မျက်နှာက ယွမ့်ထန်းနှင့် တစ်ထေရာတည်းနီးပါး တူညီသော်လည်း သူက ပို၍အားနည်းလွန်းဟန် ပေါက်နေသည်။ သူ၏ကိုယ်မှ အရေပြားများကလည်း ခြောက်ကပ်ကာ အရိုးပေါ်လုနီးပါး ဖြစ်နေပြီး သူ၏တစ်ကိုယ်လုံးတွင် ပတ်တီးများက ပြည့်နေကာ ပါးကပင် ရောင်ကိုင်းနေသေးသည်။ သူက ယွမ့်ထန်း နိုးထလာစဉ်ကနှင့်ပင် အလွန်တူနေလေသည်။ ဆေးကုသမှု မှတ်တမ်းများနှင့် သူ၏ကုသမှုစရိတ်များ အားလုံးကိုလည်း ဓါတ်ပုံရိုက်ထားသည့်ပုံက ပါရှိသေးသည်။ နောက်ဆုံးပုံကမူ ယွမ့်ထန်းနှင့် ထိုအားနည်းသော ယွမ့်ယွီတို့ ငယ်စဉ်ကပုံ ဖြစ်သည်။ သူတို့နှစ်ယောက် အတူတကွ ရှိနေသည့်အချိန်တွင် ပုံကိုရိုက်ကူးထားခြင်း ဖြစ်သည်။ ခိုင်ရှင်း၏စကားအရ ဒါက သူတို့၏တစ်ခုတည်းသော မိသားစုပုံဖြစ်သည်။
ဗီဒီယိုက အဆုံးသတ်ခါနီးတွင် ခိုင်ရှင်းက ပြောသည်။
“ဒီအမေက မိဘဝတ္တရား မကျေပွန်ခဲ့ပါဘူး၊ ယွမ့်ထန်း.. ယွမ့်ထန်းမှာသာ နှလုံးသား ရှိနေသေးမယ်ဆိုရင် ကျေးဇူးပြုပြီး ဒီညီကို ကယ်ပေးပါ၊ ရှောင်ယွီက အပြစ်ကင်းစင်ပါတယ်၊ နောက်ဆိုရင် မင်းဆီမှာ အမေ ဘယ်တော့မှ ပေါ်မလာတော့ပါဘူး၊ အမေက တောင်းပန်ပါတယ်”
သူမက ကင်မရာရှေ့တွင် ဒူးထောက်လျက် လက်အုပ်ချီကာကြည့်သည်။
အလှအက်ဖက်ထည့်ထားသောကြောင့်ဖြစ်နိုင်သည်။ သူမ၏လက်ဖဝါးများကပင် ဖျော့တော့ကာ နူးညံ့နေပြီး အသားမာမျှပင် မရှိချေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Unde poveștirile trăiesc. Descoperă acum