Part 42

1.4K 221 0
                                    

Unicode
...
အပိုင်း (၄၂)
စစ်သားများက သန်မာသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။ အသားကြိတ်ခြင်းတွင်ဖြစ်စေ မုန့်သားနယ်ခြင်းတွင်ဖြစ်စေ ပြဿနာ မရှိချေ။ သို့ရာတွင် အရသာဖြည့်ရာတွင် ယုံကြည်ချက် မရှိကြတော့ချေ။ ပမာဏ များခြင်းနည်းခြင်းက အရသာကို ပြောင်းလဲသက်ရောက်စေနိုင်သည့်အတွက် စိုးရိမ်နေကြသည်။ ယွမ့်ထန်းက သူတို့၏အတွေးကို နားလည်သွားသည့်အခါ ပြောလိုက်သည်။
"ချင်းရည်က နှစ်ဇွန်း၊ ပဲငံပြာရည်က တစ်ဇွန်းနဲ့ ဆားက ဇွန်းတစ်၀က် ထည့်ရင် ရပါပြီ"
ဇွန်းဆိုသည့် တိကျသည့် တိုင်းတာမှုတစ်ခု ရသွားသည့်အခါ အားလုံးက မစိုးရိမ်ကြတော့ဘဲ သွက်လက်သွားကြသည်။ ထိုသို့ဖြင့် သူတို့က ကိတ်မုန့်ဖုတ်သည့်အဆင့်သို့ပင် လျင်မြန်စွာ ရောက်ရှိသွားကြသည်။ ဒယ်ပြားထဲသို့ ရေထည့်သည့်အခါ တဖောက်ဖောက် အသံများ ထွက်လာသည်။ သို့သော် ထိုလူများက မည်သည့်တုံ့ပြန်မှုမျှ မပြကြသည့်အပြင် ရှောင်ရှားခြင်းပင် မရှိချေ။
ထိုသို့ဖြင့် ဆန်မုန့်များကို တစ်ခုပြီးတစ်ခု ဆယ်ယူကြသည်။ အပြင်ပန်းပုံစံတွင် ထူးထူးခြားခြား ကွာခြားချက် မရှိသည့်အတွက် အရသာခံရုံသာ ရှိတော့သည်။
ယွမ့်ထန်းက ဓားယူပြီး တစ်ခုချင်းစီမှ အစိတ်ငယ်လေးများ လှီးကာ မြည်းကြည့်သည်။ မည်သို့ပင်ဆိုစေ ဆန်မုန့်က အစာကြေ မလွယ်သဖြင့် သည်နေရာတွင် မုန့်က ခြောက်ခုရှိနေလေရာ အနည်းငယ်သာ မြည်းကြည့်နိုင်သည်။
ကျောက်ကွမ်းမင်နှင့် ၀မ်ကျွင်းတို့၏ လက်ရာက အကောင်းဆုံးဖြစ်သည်။ နှစ်ယောက်လုံးက အစာသွပ်ခြင်းတွင်ဖြစ်စေ အပြင်ပန်းတွင်ကြွပ်ရွကာ အတွင်းက စေးကပ်ပြီး နူးညံ့စေခြင်းတို့တွင်ဖြစ်စေ ပြီးပြည့်စုံအောင် လုပ်နိုင်ကြသည်။ အခြားလူများကမူ အပူထိန်းချုပ်ခြင်းကဲ့သို့သော နေရာများတွင် လိုအပ်ချက်များရှိနေလေရာ အောင်သည်ဟုသာ ဆိုနိုင်လေသည်။ သို့သော် ပါရမီနည်းပါးသော လျိုဟိုင်ထောင်နှင့် ကွေ့လျန်တို့ပင် ကောင်းကောင်း လုပ်ပြနိုင်ခဲ့ကြသည်။
"အားလုံးပဲ ကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်။ ဒီအတိုင်း ဆက်ထိန်းထားကြပါ"
ယွမ့်ထန်းက ချီးကျူးရာတွင် မတွန့်တိုချေ။ သူက မ၀သေးသူများကို ဆက်စားစေလိုက်သည်။
အားလုံးက ဗိုက်ပြည့်သွားသောအခါ ယွမ့်ထန်းက သည်နေ့အတွက် သင်ကြားရေး ဒုတိယမြောက်အဆင့်ကို စတင်သည်။ သူက အားလုံးအတွက် အခြေခံ ဟင်းလျာဖြစ်သော အာလူးပူစပ်ကို သင်ပေးရန် တွေးထားသည်။
ထိုဟင်းပွဲအတွက် အခက်အခဲက မရှိသလောက်ဖြစ်သည်။ တစ်ခုတည်းသော စစ်ဆေးနိုင်သည်မှာ ဓားကိုင်စွမ်းရည်ဖြစ်သည်။ အားလုံး၏ အာလူးနွှာစွမ်းရည်ကို မြင်ချိန်တွင် ယွမ့်ထန်းက ပြုံးမိလေသည်။ လျိုဟိုင်ထောင်ဆိုလျှင် ခွေးက ကုတ်ခြစ်ထားသလို အခွံနွှာထားသည်မှာ ယွမ့်ထန်းပင် ရယ်ချင်စိတ်ကိ မနည်းထိန်းခဲ့ရသည်။ အားလုံး၏ ဓားကိုင်စွမ်းရည်က ကြောက်လန့်ဖွယ်ကောင်းသည်။
ယွမ့်ထန်းက လက်ထောက်များကို ဂရုတစိုက် သင်ကြားနေချိန်တွင် စတားနက်​ဝေါ့က ပွက်လောရိုက်နေသည်။
နှစ်ရက်တာ အေးစက်စက် အဆက်ဆံခံရပြီးနောက်တွင် ဝေ့ကျိုးက ပြဿနာတွင်း ဆက်တူးရန် နောက်ကျသွားပြီဖြစ်သည်။ ထိုမတော်တဆမှုအတွက် စိတ်အားထက်သန်မှုများက အနည်ထိုင်သွားပြီး ပြည်သူများက အကြောင်းပြချက်ကို ပြန်ကြည့်နေကြသည်။ သူတို့က ယွမ့်ထန်းက နောက်ခံကို ဖုံးကွယ်ထားသည်မှာ မကောင်းသော လုပ်ဆောင်မှုဟုပင် စတင် သုံးသပ်လာကြသည်။ မည်သို့ပင်ဆိုစေ ပုံမှန်အတိုင်း တွေးကြည့်ရုံနှင့်တင် သူ၏နောက်ခံကို ထုတ်ပြောခြင်းက ပရိသတ်များမှတဆင့် ပို၍ကျော်ကြားစေနိုင်သည်။ သူက ရုပ်ရှင်ဧကရာဇ်သာ ဖြစ်ရုံတင်မကဘဲ ကြယ်လေးပွင့် စားဖိုမှူးလည်းဖြစ်သည်။ အခြား အနုပညာရှင်များဆိုလျှင် တကူးတက ကြေညာနေလောက်သည်။
ထိိုသို့တွေးကြည့်ပြီးနောက်တွင် ဝေ့ကျိုး၏ ဝေ့ပေါ်မှ ပိုစ့်က နားလည်မှုလွဲအောင် တမင်လုပ်သလို ဖြစ်နေပြန်သည်။ ရေတပ်၏ ပြည်သူလူထုထံ အမြင်လွဲမှားအောင် လုပ်ပြီး လမ်းမှားသို့ တွန်းပို့မှုအောက်တွင် အားလုံး၏ သုံးသပ်မှုများကလည်း လမ်းကြောင်းလွဲကုန်တော့သည်။ အခြားတစ်ချက်အနေနှင့် ယွမ့်ထန်း ကျော်ကြားလာခြင်းက မြန်လွန်းနေသည်။ သူ့တွင်လည်း ပရိသတ်များ ရှိပါသော်လည်း အစစ်အမှတ် ပရိသတ်က နည်းလွန်းသည်။ ထို့ကြောင့် ရေတပ်၏ ဦးဆောင်မှုအောက်တွင် အားလုံး၏ ထင်မြင်ချက်များက ပြောင်းလဲကုန်တော့သည်။
ကျိုးကျင်း V:" ငါက လူကြီးမင်းယွမ့်ကိုယ်စား လျှို့ဝှက်သတင်းအချက်အလက်များကို ရှာဖွေ ဖော်ပြခြင်းနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို သဘောတူညီမှုမရှိဘဲ ဖော်ပြခြင်းတို့နဲ့ တရားစွဲဆိုသွားမှာဖြစ်တယ် "
[ပုံ] [ပုံ] @ယွမ့်ထန်း
ပူးတွဲတင်ပြလာသည့် ပုံနှစ်ပုံမှာ တစ်ပုံတွင် ရှေ့နေ့ကိုယ်စား ခန့်အပ်ကြောင်းစာပါပြီး အခြားတစ်ပုံတွင် တရားရုံးမှ တရားစွဲဆိုစာ ဖြစ်သည်။ တရားစွဲဆိုစာထဲတွင် ဝေ့ကျိုး၏ တရားမ၀င် သတင်းအချက်အလက် စုဆောင်းမှုများသည် အများမသိစေရဟု နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားသော သ​ေဘာတူစာကို အပြည့်အ၀ ဖောက်ဖျက်ထားသည့်အပြင် ဆေးရုံမှ ဆေးမှတ်တမ်းများကို တရားမ၀င် ခိုးယူမှုစသဖြင့် ငြင်းဆို၍မရအောင် ဖော်ပြထားသည်။
ရှေ့နေ့စာပါအကြောင်းအရာများအရ လက်ရှိတွင် ဝေ့ကျိုးက အင်ပါယာ တရားရုံးတွင် တရားစွဲဆို ခံနေရပြီး ခံ၀န် ထိုးထားရကာ ဆက်လက်၍ တရားရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း မြင်သွားကြပြီး သည်ကိစ္စအပေါ် မည်မျှ အလေးအနက် ထားကြောင်း သိသွားကာ ထိတ်လန့်ကုန်ကြတော့သည်။
ကျိုးကျင်း V: [ပုံ]     [ပုံ]
[ပုံ]
"ရည်ရွယ်ချက်ရှိရှိနဲ့ အခြားသူရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းစေတဲ့ @ သတင်းဘုရင် @ဖရဲစေ့အတူ လာစမ်းစမ်းပါ @သတင်းကျယ်တို့အားလုံးကို တရားစွဲဆိုသွားမှာဖြစ်ပါတယ်"
ပြည်သူလူထု၏ အသိပြန်၀င်သည်အထိပင် မစောင့်ဘဲ ကျိုးကျင်းက နောက်ထပ် ဝေ့ပေါ်ပိုစ့်တစ်ခုကို ထပ်တင်လိုက်ပြီး ဝေ့ကျိုး၏ နောက်မှ လိုက်ယောင်ကာ ယွမ့်ထန်းကို အသရေဖျက်သော အကောင့်တိုင်းကို တရားစွဲဆိုကြောင်း ဆက်လက် တင်ပြသည်။ ကျိုးကျင်း၏ ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သည့် အပြုအမူက ဝေ့ကျိုးတို့တစ်ဖွဲ့လုံးကို ထိတ်လန့်သွားစေသည်။ ထို့အပြင် ထိုစာချုပ် သဘောတူညီချက် ရေးထိုးထားခဲ့ကြောင်းကိုလည်း သူတို့က မသိခဲ့ချေ။ သည်အတိုင်း အတွင်းလူက ဓာတ်ပုံရိုက်ပြီး လာပြသဖြင့်သာ ဒါက သူတို့၏ ဉာဏ်အရှိဆုံး လုပ်ကွက်ဟု ထင်ခဲ့သည်။ မထင်ထားဘဲ ဒါက သူတို့၏ ခြေထောက်ကို ကိုယ်တိုင် ခဲလုံးဖြင့် ပြန်ပစ်ချခြင်း(ကိုယ့်အတတ်ကိုယ်စူး) ဖြစ်သွားသည်။ ထို့ကြောင့် သတင်းဌာနများအနေနှင့် ပိုစ့်များ ပြန်ဖျက်ကာ ထပ်ခါတလဲလဲ တောင်းပန်ကြောင်း ပိုစ့်ပြန်တင်ရသည်။ သို့သော် ကျိုးကျင်း ထပ်တင်လိုက်သော ပိုစ့်က သူတို့ကို ခြောက်ခြားသွားစေသည်။
ကျိုးကျင်း V: "ဝေ့ပေါ် ပေါ်က ယွမ့်ထန်းကို အသ​ရေ ဖျက်ထားသော ပိုစ့်တိုင်းကို ပြန်လည်ရယူထားပြီးပါပြီ" [ပုံ] [ပုံ] [ပုံ]
သူတို့မထင်ထားသည်မှာ ကျိုးကျင်းက သူတို့က ပိုစ့်များ ဖျက်သွားနိုင်ခြင်းကို ကြိုသိထားပြီး ကြိုတင် ထုတ်ပြန်လိုက်သေးသည်။ ထိုသို့ဖြင့် ကံကြမ္မာက အလှည့်အပြောင်း ဖြစ်သွားသည်။ ပြည်သူလူထုကလည်း ဖရဲစေ့များ စုဆောင်းကာ ပွဲကြည့်ပရိသတ် ဖြစ်သွားသည်။
[ညဘက်ကြီး ဗိုက်ဆာနေတဲ့ငါ: ဟားဟားဟား ငါ တအား ရယ်လိုက်မိပြီ၊ ငါ စကားတောင် မပြောနိုင်တော့ဘူး (အူလိုက်သည်းလိုက် ရယ်နေတဲ့ပုံ)]
[ဆေးသောက်နေတဲ့ ငါ: မေးပါရစေ @ဝေ့ကျိုး V မင်းရဲ့ မျက်နှာ နာမှ နာရဲ့လား]
[ပါပါးV: ဟားဟားဟား ငါ ရယ်လွန်းလို့ သေတော့မယ်။ ဝေ့ကျိုး : ငါတော့ ဘာသတင်းမှ မတင်ရဲတော့ပါဘူး လို့ ဖြစ်နေလောက်ပြီ]
ယခင်နှစ်ရက်တွင် ဝေ့ကျိုး၏သတင်းဌာနများက အလွန် တက်ကြွနေသော်လည်း ထူးထူးခြားခြား ဘာသတင်းမှ ထပ်မရရှိခဲ့ချေ။ သို့သော် ယွမ့်ထန်းကမူ အလွန်တိတ်နေခဲ့သည့်အတွက် ထိုအချက်ကိုသာ သူတို့က ဖိပြောခဲ့ကြသည်။ ယခုမူ ကံကြမ္မာ အလှည့်အပြောင်းဖြစ်သွားသောအခါ ပြည်သူလူထု၏ အမြင်က ပြောင်းသွားတော့သည်။
သို့ရာတွင် သူတို့ကလည်း အလကား လက်ထိုးပေးပြီး အဖမ်းခံလိမ့်မည် မဟုတ်ချေ။ ရှေ့နေစာ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ယွမ့်ထန်းကို တစ်ခုခုတော့ဖြင့် ထိခိုက်နာကျင်အောင် ကိုက်ခဲလိုကြသေးသည်။
ဝေ့ကျိုးV: "ရိုးသားတဲ့လူက စောင်းမြောင်းပြောနေမှာ မဟုတ်ဘူး။ ငါ မင်းကို တိုက်ရိုက်ပဲ မေးမယ် @ယွမ့်ထန်း၊ ငါ ခေါင်းမာမာနဲ့ မေးပါရစေ။ မင်းလို ငယ်ငယ်ကတည်းက ဖျော်ဖြေရေးလောကကို ၀င်ပြီး သရုပ်ဆောင်ဘက်ကိုပဲ အားစိုက်ထားတဲ့လူက ဘယ်လိုများ အရသာ ကောင်းမွန်အောင် ချက်ပြုတ်နိုင်တာလဲ။ ပါ၀င်ပစ္စည်းတွေကို တစ်ချက်ကြည့်ရုံနဲ့တော့ ချက်တတ်သွားတယ်လို့ မပြောနဲ့နော်။ မင်းရဲ့ ချက်နည်းတွေနဲ့ ဟင်းနာမည်တွေကို ဘယ်သူမှ မကြားဖူးဘူး။ အာ မင်းက ပါရမီပါတယ်လို့လည်း မပြောနဲ့။ မင်းမှာ သေချာပေါက်ကို ဖော်ပြလို့ မရနိုင်တဲ့ လျှို့ဝှက်ချက် ရှိနေတာ ဖြစ်ရမယ်"
သံသယအ၀င်သင့်ဆုံးအရာသည် ယွမ့်ထန်း၏ ပြောင်မြောက်လွန်းသော ဟင်းချက်စွမ်းရည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ ချက်နည်းများနှင့် လုပ်ဆောင်မှုအရှိန်က မှော်ဆန်လွန်းသည်။ ဒါက လက်ရှိလောက၏ ဟင်းလျာဖွံ့ဖြိုးမှုကို ကျော်လွန်နေခဲ့သည်။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ့ကို လာရန်စ​နေသလိုပဲ။ အရမ်းတော်တာ ဘာမှားလို့လဲ]
သို့သော် မည်သို့ပင်ဆိုစေ ထိုမျှတော်လွန်နေခြင်းကပင် သာမန် မဟုတ်တော့ချေ။ တည်ရှိခြင်းပင် မဖြစ်သင့်သော ထူးချွန်မှုမျိုးဖြစ်နေသည်။ ရှေ့နေစာကြောင့် တရား၀င် ထုတ်မပြောရဲကြသော်လည်း တီးတိုး ဆွေးနွေးနေကြသည်။ ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်နေခဲ့သော အကယ်ဒမီသိပ္ပံက ရုတ်တရက် နာမည် ထပြောင်းပြီး ပိုစ့်အသစ်တင်လိုက်သည်။
အကယ်ဒမီသိပ္ပံရဲ့ မပြောမဖြစ်တဲ့ အမှန်တရား V: "အကယ်ဒမီသိပ္ပံက အကြံပေးရဲ့ ကူညီမှုကြောင့် @ယွမ့်ထန်းV ရှော့ပင်းဆိုက်က အချဉ်သုံးမျိုးအပြင် ပါ၀င်ပစ္စည်းနဲ့ ဟင်းခတ်အမွှေးအကြိုင် အသစ်များကို ဂုဏ်ယူစွာ တင်သွင်းနိုင်တော့မှာဖြစ်လို့ ကျေးဇူးပြုပြီး စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းပေးကြပါ"

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now