Part 78

1.5K 226 1
                                    

Unicode
အပိုင်း ၇၈
“အိမ်ဝပျော်ရွှင်ဖွယ်ရည်ဆိုတာက ကာဗွန်နိတ်အအေးတစ်မျိုးကိုပြောတာပါ”
ယွမ့်ထန်းက မနေနိုင်ဘဲ ရယ်လိုက်သည်။ သူက အိမ်တွင်အနေများသော လူတစ်ယောက်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများသို့ ဖိတ်ကြားခံရခြင်းမရှိလျှင် အိမ်တွင်သာနေပြီး ပါဝင်ပစ္စည်းများကို လေ့လာခြင်းနှင့် အမျိုးမျိုးသောဟင်းချက်နည်းများကို လေ့လာလေ့ရှိသည်။ သူက ကိုကာကိုလာက ကျန်းမာရေးနှင့် မသင့်တော်ကြောင်း သိထားသော်လည်း အရသာကို ကြိုက်နေသေးသည်။ ထို့ကြောင့် ကိုကာကိုလာလုပ်နည်းပုံစံများကို ကြည့်ခဲ့ဖူးသေးလေသည်။ ကိုကာကိုလာ၏ အဓိကဖော်မြူလာက အများပြည်သူထံတွင် ချပြထားပြီးဖြစ်ပြီး ပါဝင်ပစ္စည်းများက သကြား၊ ကာဗွန်ရည်၊ မီးဖုတ်သကြား၊ ဖော့၊ စဖောရစ်၊ အစိမ့်နှင့် ကဖိန်းတို့ဖြစ်သည်။ သို့ရာတွင် ကိုကာကိုလာ၏ အဓိကဖော်မြူလာကမူ တင်းတင်းကြပ်ကြပ် ကာကွယ်ထားသည့် လျှို့ဝှက်ချက် ဖြစ်နေလေသည်။ ယွမ့်ထန်းကိုယ်တိုင်ကလည်း မသိပေ။ ထို့ကြောင့် အထဲတွင်ပါဝင်သည့် အဓိကပါဝင်ပစ္စည်းများကိုသာသိပြီး စမ်းသပ်စစ်ဆေးမှုများလုပ်ရန် လိုအပ်နေကြောင်း နားလည်နေသည်။
ကုတ်နှင့်စပရိုက်တို့အတွက်ကမူ ယွမ့်ထန်းက ထုတ်လုပ်နိုင်မည်ဆိုလျှင်ပင် သူ့အတွက် အကျိုးအမြတ်ရရှိမည် ဖြစ်သည်။ မထုတ်လုပ်နိုင်လျှင်လည်း ဆုံးရှုံးစရာမရှိဟု ခံစားမိလေသည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း အလွန်အမင်း သဘောကျနေခြင်း မဟုတ်ချေ။ သို့ရာတွင် ဟော်ယွန်ရီက အလွန်စိတ်ဝင်စားသွားပြီး သူ ပြောသမျှအရာအားလုံးကို မှတ်တမ်းတင်သွားသည်။ သူက မေးသည်။
“ဒီအတိုင်း ရေအရသာပဲ ထွက်လာမှာကို ဘယ်လိုထူးခြားမှာလဲ”
“အဓိကအချက်ကတော့ သာမန်အပူချိန်မှာ ပူစီဖောင်းလေးတွေတောင် ထွက်လာလိမ့်မယ်၊ ဒါပေမယ့် အေးနေရင်တော့ ပိုပြီးအရသာရှိတယ်”
ယွမ့်ထန်းက ထပ်မံရှင်းပြသည်။
“အေးနေတဲ့အခါမှာ လည်ချောင်းထဲကို စိမ့်ဝင်သွားတဲ့အခါ ပိုပြီးခံစားချက် ပြင်းထန်သွားစေတယ်၊ အဲ့ဒီပူဖောင်းလေးတွေက လည်ပင်းထဲကို ပျော်ကျဝင်ရောက် သွားအုံးမှာပဲ၊ ဂတ်စ်တော်တော်များများ ပါနေတာကြောင့် အစာအိမ်ကို ဖောင်းလာစေပြီး လေချဉ်တက်တာမျိုး ဖြစ်လာစေနိုင်တယ်”
ဟော်ယွန်ရီက ခေါင်းညိတ်ပြီးနောက် အားလုံးကို မှတ်တမ်းတင်သွားသည်။ သူက နောက်ပိုင်းတွင် ထိုထုတ်ကုန်ကို စမ်းသပ်ကြည့်ရပေမည်။
သူကလည်း ယွမ့်ထန်းပြောသောထိုအရာကို ထုတ်လုပ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ သူတို့၏အကယ်ဒမီသိပ္ပံမှ သိပ္ပံပညာရှင်များက ဒီလောကတစ်ခုလုံးတွင် ထိပ်တန်းအဆင့်များ ဖြစ်နေကြသည်။ ဦးတည်ရာဘက်မရှိ၍သာ သူတို့က ဘာမှ မလုပ်နိုင်လောက်သော်လည်း ဦးတည်ရာဘက်ရှိနေလျှင်မူ တစ်လောကလုံးတွင် သူတို့ မလုပ်နိုင်သောအရာမရှိဟု ယုံကြည်ချက် ရှိကြသည်။
ထည့်ပြောရန်ပင် မလိုလောက်အောင် သူ၏လက်အောက်ငယ်သားများကလည်း ပစ္စည်းကောင်း အစားကောင်းများကို ထုတ်ပေးချင်စိတ် အလွန်ပြင်းထန်လွန်းကြသည်။
သို့သော် ယွမ့်ထန်း၏သည်တစ်ကြိမ်တွင် အဓိကပန်းတိုင်က ကုတ်နှင့်စပရိုက် မဟုတ်ဘဲ ဘီယာဖြစ်သည်။ ဘီယာက သက်လတ်ပိုင်းအရွယ်လူများအတွက် အကြိုက်ဆုံးအရာဖြစ်ပြီး အမျိုးသားနှင့် လူငယ်များအတွက်လည်း အသီးဘီယာများကို ထုတ်နိုင်သေးလေသည်။ ထို့ကြောင့် လူငယ်နှင့်လူကြီးများ နှစ်မျိုးလုံးအတွက် သင့်တော်သည်ဟု ဆိုနိုင်လေရာ ထုတ်လုပ်သည့်နည်းလမ်းကမူ ကုတ်လောက် လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိနေခဲ့ချေ။
အရင်က သူက အကယ်ဒမီသိပ္ပံနှင့် ဝိုင်လုပ်သည့်ဖြစ်စဉ်ကြောင့် ဆွေးနွေးခဲ့ပြီးလေပြီ။ အကယ်ဒမီသိပ္ပံကလည်း ပမာဏအများအပြား တိုးတက်မှုရှိအောင် လုပ်ခဲ့ပြီးယခုအခါ သူကသာ ဘီယာလုပ်ချင်လျှင် အနည်းငယ်သာ ကွာခြားတော့မည်ဖြစ်သည်။
ပျော်ရွှင်ဖွယ်ရည် သုံးမျိုးသုံးစားအကြောင်း ပြောပြီးနောက်တွင် ယွမ့်ထန်း၏ စိတ်ဝိဉာဉ်က တက်ကြွသွားသည်။ အမှန်တကယ် ထွက်လာမည့်ရလဒ်က ဒုတိယ အနေအထားဖြစ်ပြီး သူတို့အတွက် ယခုကဲ့သို့ပြောနေခြင်းကပင် ကျေနပ်ဖွယ် ကောင်းနေလေသည်။ ထိုသို့လုပ်နည်းအကြောင်း တွေးတောနေချိန်တွင် ပတ်ဝန်းကျင်ရှိလူများ အားလုံးက စားစရာများအားလုံးကို အပြောင်ရှင်းပြီး လေပြီ။ သူတို့က စားပွဲကိုပင် ရှင်းလင်းပေးနေကြသည်။
လက်ရှိအချိန်တွင် သူတို့အားလုံးက စိတ်ငြိမ်သွားပြီ ဖြစ်သည်။ ယွမ့်ထန်း တစ်စုံတစ်ရာ ပြောရန်ပင် မစောင့်နိုင်ကြတော့ဘဲ ရှက်ရွံ့နေကြတော့သည်။
“လူကြီးမင်းယွမ့် ဧည့်ခံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
သူတို့က ရှေ့တက်လာပြီး ကျေးဇူးတင်ကြောင်း ပြကြသည်။ တစ်ဖန်အတည်ပြုပြီး နောက်တွင် ခပ်တိုးတိုး ပြောပြန်သည်။
“ဒါတွေက တကယ်ပဲ စားလို့ရတာပေါ့”
ယွမ့်ထန်းကလည်း ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“ခင်ဗျားတို့ အခုလေးတင် စားလိုက်ပြီးတာမဟုတ်ဘူးလား”
“ဒါက …”
သူတို့ ယခုလေးတင် အလွန်အမင်း အရသာရှိသော အရာများကို အရသာခံလိုက်ရကြောင်း ပြန်တွေးမိသောအခါ  သွားရည်မကျဘဲ မနေနိုင်တော့ချေ။ ထိုထုတ်ကုန်များကို လူတိုင်း မည်မျှသဘောကျမည် ဖြစ်ကြောင်း တွေးတောကြည့်မိကြသည်။ အိမ်နီးချင်းများအားလုံးက တက်ကြွသွားကြတော့သည်။ သူတို့အတွက် သည်လိုနယ်မြေမျိုးတွင် နေထိုင်ရခြင်းက အနာဂတ်တွင် စီးပွားရေးအခွင့်အလမ်းကြီးတစ်ခု လက်ခံရရှိသွားပြီး သူတို့၏ နေထိုင်မှုအဆင့်အတန်းကလည်း မြင့်မားသွားတော့မည်မှာ သေချာသည်။ လူအများစုကလည်း သူတို့၏လက်အောက်တွင် အလုပ်သမားပေါင်းများစွာကို ပိုင်ဆိုင်ထားကြသည်။ သည်တစ်ကြိမ်တွင် သူတို့က အနာဂတ်တွင် မြင့်တက်လာနိုင်သည့် စီးပွားရေးကို ချုပ်ကိုင်ရန် ငါးဖမ်းသည့်နယ်ပယ်သို့ ဝင်ရောက်ရန်ပင် အကြံအစည်ချထားပြီး ဖြစ်သည်။
ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေ ဟုတ်လား၊ ဒဏ္ဍာရီဟုတ်လား … အကျိုးအမြတ်နှင့် ရင်ဆိုင်ရချိန်တွင်မူ ထိုကိစ္စများအားလုံးကို ဘေးဖယ်ထားရတော့ပေမည်။
စားသောက်ပြီး ဗိုက်အပြည့်ဖြည့်ပြီးနောက်တွင် ယွမ့်ထန်းက ယွမ့်ယွီအတွက် ပြင်ဆင်သည်။ ယွမ့်ယွီက ပင်လယ်စာနှင့် ဓာတ်မတည့် ဖြစ်မဖြစ် မသေချာသေးသည့်အတွက် စမ်းမစားခိုင်းရဲသေးချေ။ ကြယ်မြို့တော်သို့ ပြန်ရောက်သွားပြီး အလဂျစ်ရှိမရှိ စစ်ဆေးပြီးမှသာလျှင် စားသင့်မစားသင့် ဆုံးဖြတ်ရမည် ဖြစ်သည်။ လက်ရှိအခြေအနေတွင် အရိုးစွပ်ပြုတ်ကသာ အလုံခြုံဆုံးဖြစ်နေသည်။
သို့သော် သူက ပင်လယ်စာ စမချက်ခင်ကတည်းက မီးဖိုခန်းအတွင်းတွင် ဝက်နံရိုးစွပ်ပြုတ်တစ်အိုးအပြည့် တည်ထားပြီးလေပြီ။ နှစ်နာရီကြာပြီးနောက် ဝက်နံရိုးများက  အပြည့်အဝချက်ပြီးဖြစ်ပြီး အပေါ်ယံတွင် အဖြူရောင်စွပ်ပြုတ် အမြှုပ်လေးများကပင် တက်လာကာ ဆီတစ်ထပ်ကလည်း ပြည့်လာသည်။ မွှေးပျံ့သည့်ရနံ့ကမူ နှာခေါင်းအတွင်း ကျီစယ်တော့သည်။
ယွမ့်ထန်းက အိုးအတွင်းသို့ ဂျင်းပါးပါး လှီးထည့်လိုက်ပြီး ကျောက်ဖရုံသီးစိတ် တစ်ဝက်ခန့်ကိုယူကာ အတုံးလေးများတုံးကာ စွပ်ပြုတ်ထဲသို့ထည့်ပြီး အပူချိန်နိမ့်နိမ့်ဖြင့် ထပ်ချက်ထားလိုက်သည်။
စွပ်ပြုတ်က တစ်ဖန်ပြန်ဆူလာသည့်အခါ အပေါ်ယံမျက်နှာပြင်တွင် ပူစီဖောင်းလေးများက တက်လာတော့သည်။ ကျောက်ဖရုံများကလည်း ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သောအရောင်များ ပြောင်းလဲအောင် အချက်ခံရပြီး လေပြီ။ ယွမ့်ထန်းက အဖုံးကို ဖွင့်လိုက်သည်။ ကျောက်ဖရုံများကို အပြည့်အဝ ချက်ပြီးဖြစ်ပြီး အနည်းငယ် ကိုက်ကြည့်ရုံနှင့်ပင် နူးညံ့သွားတော့သည်။ ထို့အပြင် စွပ်ပြုတ်၏အရသာကိုလည်း အပြည့်အဝ စုပ်ယူပြီးဖြစ်လေရာ အလွန်အရသာ ရှိနေတော့ကာ လျှာကိုပင် လောင်ကျွမ်းမတတ် ဖြစ်သွားသည်။ သူက ရွေးချယ်စရာမရှိလေဘဲ ဆက်တိုက်မြိုချလိုက်ရသည်။ သူ၏လည်ချောင်းတစ်ခုလုံး နွေးထွေးသွားရသည်။
ဆားနည်းနည်း ထပ်ထည့်ပြီးနောက် ရှာလကာရည်အစပ် အနည်းငယ်ထည့်သည်။ ကျောက်ဖရုံဝက်နံရိုး စွပ်ပြုတ်၏အရသာက လတ်ဆတ်ပြီး အလွန်အရသာရှိသည်။ ထို့ကြောင့် သည်နှစ်မျိုးဟင်းခတ်ရုံနှင့်ပင် လုံလောက်လေသည်။
ဝက်နံရိုးစွပ်ပြုတ်ကိုထည့်ပြီး အရန်ဟင်းလျာနှစ်မျိုးကို ပြင်ဆင်ပြီးနောက်တွင် ယွမ့်ထန်းက ဆေးရုံသို့ ဘူးနှစ်ဘူးကိုင်ကာ သွားတော့သည်။
“အစ်ကို”
ယွမ့်ယွီက စစ်ဆေးပြီးကာစ ဖြစ်သည်။ ထိုအချိန်တွင် တံခါးမှအသံကို ကြားလိုက်သည်နှင့် မော့ကြည့်ကာ ပျော်သွားတော့သည်။
“ရှောင်ယွီလေး ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်လိုက်လား”
ယွမ့်ထန်းက ကုတင်နားသို့ လျှောက်လာပြီးနောက် ထိုင်ချလိုက်ကာ ညီဖြစ်သူ၏ဖောင်းကားနေသည့် ပါးလေးများကို ညှစ်လိုက်သည်။ နောက်ဆုံးတွင် ထိုပါးလေးတွင် အသားများက ပြည့်လာလေပြီ။
ယွမ့်ယွီက ယခင်ရက်များအတွင်း မြေဆွဲအားကင်းလွတ်သည့် ဆေးရုံခန်း အတွင်းတွင်သာ နေထိုင်ခဲ့ရကာ သူ၏ကိုယ်ပေါ် မြေဆွဲအားကြောင့် သက်ရောက်သည့်ဖိအားက မရှိတော့ချေ။ ထို့အပြင် ယွမ့်ထန်း၏ ဂရုတစိုက် ချက်ကျွေးသော အာဟာရပြည့်သည့် စွပ်ပြုတ်များနှင့် အစာကြေလွယ်သော ဆန်ပြုတ်များကြောင့် သူ၏မျက်နှာလေးက ယခင်ထက် သွေးရောင်လွှမ်းလာသည်။ နောက်ဆုံးတွင် သူက အလေးချိန် အနည်းငယ်တက်လာသည်ဟု ဆိုနိုင်လေသည်။ အရိုးနှင့်အရေပြား သပ်သပ်ကပ်နေခြင်း မဟုတ်တော့ချေ။
သူ၏မျက်နှာပုံပန်းသွင်ပြင်ကလည်း ပို၍ကောင်းမွန်လာသည်။ သို့သော် ထိုပုံပန်းသွင်ပြင်ကို ယခင်က မမြင်ရလုနီးပါး ဖြစ်ခဲ့လေသည်။ လက်ရှိအချိန်မှသာ အသားများများ လာသည့်အတွက် ချစ်စရာလေး ဖြစ်လာသည်။ သူက အလွန်လိမ္မာသောကြောင့် သူက သည်ဆေးရုံတွင် အကျော်ကြားဆုံးလူနာလေး ဖြစ်နေတော့သည်။ သူ့အား အဒေါ်ကြီးများနှင့် သူနာပြုများက မကြာခဏ လာကြည့်လေ့ရှိပြီး လက်ဆောင်များနှင့် အရုပ်များ ဝယ်လာပေးလေ့ရှိသည်။
ထိုသို့မိတ်ဆွေအလွန်များနေသည့်တိုင်အောင် ယွမ့်ယွီ၏အနှစ်သက်ဆုံးက အစ်ကိုဖြစ်နေသေးသည်။ သူက ထိုပစ္စည်းများကို ကြည့်ပုံနှင့် သူ၏အစ်ကိုဖြစ်သူ ယူလာပေးသောပစ္စည်းများကို ကြည့်ပုံက ကွာခြားလွန်းလေသည်။ သူ၏အစ်ကိုဖြစ်သူက တစ်လောကလုံးတွင် အကောင်းဆုံးလူဟု သူက မှတ်ယူထားသည်။
အစ်ကိုဖြစ်သူ၏မေးခွန်းကို ကြားသောအခါ ယွမ့်ယွီက ချက်ချင်းပြန်ဖြေသည်။
“ကျွန်တော် ကြည့်လိုက်တယ်”
သူ၏မျက်နှာလေးက နီရဲနေသည်။ သူက အလွန်ပျော်ရွှင်နေဟန်ရသည်။
သူ၏ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေသေးသောကြောင့် စွပ်ပြုတ်ကိုသာ သောက်ရလေသည်။ သို့ရာတွင် ယွမ့်ထန်းက ညီဖြစ်သူအတွက် စိတ်ဓါတ်ကျသလို ခံစားနေရပြီး အလင်းဦးနှောက်ကို ဝယ်ပေးထားသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်မှု များကိုကြည့်ကာ အရသာခံနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူ အားလပ်ချိန်တိုင်း ယွမ့်ယွီက အစ်ကိုဖြစ်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်းများကို ပြန်ကြည့်ရခြင်းကို သဘောကျနေသည်။ ကြည့်ပြီးသည့်နောက်တွင် သူက အစ်ကိုဖြစ်သူ ရိုက်ခဲ့ဖူးသော ရုပ်ရှင်များကို ပြန်ကြည့်သည်။ ထိုသို့ဖြင့် အမြဲတစေ အစ်ကိုဖြစ်သူ၏ ပုံရိပ်များဖြင့်သာ ဝန်းရံခံရလေရာ သူက ညတိုင်းလိုလို ပျော်ရွှင်စွာ အိပ်စက်နိုင်သွားလေသည်။
ထို့ကြောင့် သည်နေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း သူက မလွတ်သွားခဲ့ချေ။
ရေမကောင်းဆိုးဝါးများက ရုပ်ဆိုးသည်ဟု သူသည်လည်း တွေးမိသည့်တိုင်အောင် သတ္တိရှိရှိ အရသာခံပြီးနောက်တွင် ကွန်မန့်ပင် ဝင်ရေးခဲ့သေးသည်။
ယွမ့်ထန်းက ညီဖြစ်သူ၏ခေါင်းလေးကို ပုတ်ပြီးပြောသည်။
“ရှောင်ယွီက ပင်လယ်စာကို စားရတာကြိုက်လား”
“ကျွန်တော်ကြိုက်တယ်”
“ဒါဆိုရင် အစ်ကိုကြီးပြောတာကို နားထောင် ကိုယ့်ကိုယ်ကိုယ် အားပြည့်အောင်ကြိုးစား ဟုတ်ပြီလား၊ ဒါကြောင့် အနာဂတ်မှာ အစ်ကိုကြီးက ညီလေးစားချင်တာ ဘာမဆိုချက်ကျွေးနိုင်တယ်”
“ကောင်းပြီ”
“လိမ္မာတဲ့ကောင်လေးပဲ”
ယွမ့်ထန်းက လိမ္မာနာခံသောညီငယ်လေးကို အလွန်ချစ်မြတ်နိုးမိလေသည်။ သူ မနေနိုင်ဘဲ ခေါင်းလေးကို ထပ်ပွတ်မိပြန်သည်။ သူက သူယူလာသော ဘူးများကို ဖွင့်ပြီးနောက်တွင် ကျောက်ဖရုံဝက်နံရိုးစွပ်ပြုတ်ကို တိုက်တော့သည်။ နံရိုးနှင့် ကျောက်ဖရုံများက နူးအိအောင် ချက်ထားခံရသည့်အတွက် ယွမ့်ယွီလေးက အသာအယာဝါးနိုင်လေသည်။ အနည်းငယ် ကိုက်ဝါးရုံမျှဖြင့် အရည်ပျော်ကျသွားမည် ဖြစ်ပြီး ယွမ့်ယွီလေး၏ပါးက ဆက်တိုက် စားနေသောကြောင့်ပင် ဖောင်းကားလာ တော့သည်။
ယွမ့်ယွီက စားသောက်ပြီးသောအခါ ယွမ့်ထန်းက သူ့အားအိပ်ရန် ချော့လိုက်သည်။ ထို့နောက်အခန်းထဲမှ တိတ်တဆိတ် ထွက်သွားပြီးနောက် ဒေါက်တာထန်း၏ရုံးခန်းထဲသို့ ဝင်လိုက်သည်။
သူက ဂြိုလ်နံပါတ် ၁၉ ကဲ့သို့ချောင်ကျသောနေရာ၏ ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ဒေါက်တာထန်း၏ ဆေးပညာစွမ်းရည်က ထူးခြားပြောင်မြောက်သည်ဟု ဆိုနိုင်ပေသည်။ သူက မြို့တော်က ဆရာဝန်များနှင့် ယှည်မည်ဆိုလျှင်ပင် မရှုံးနိုင်ချေ။ သို့သော် ပါဝင်ပစ္စည်းလစ်လပ်မှုကြောင့် သူပင်မတတ်နိုင်သည့် ရလဒ်များစွာကို သူ ရှောင်ရှား၍ မရနိုင်ခဲ့ချေ။
ယွမ့်ထန်းကလည်း စတားနက်ဝေါ့မှတစ်ဆင့် အဆင့်မြင့်ဆေးပစ္စည်း ကိရိယာများကို မှာယူခဲ့သည်။ ပစ္စည်းများကို လာပို့ပြီးနောက်တွင် ဆေးခန်းသို့ တိုက်ရိုက်ပို့လာပေးမည် ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကဆိုလျှင် ခိုင်ရှင်းက ရှောင်ယွီကို လုံးဝအာရုံမစိုက်ခဲ့ချေ။ ရှောင်ယွီလေးက ဆေးဝန်ထမ်းများ၏ အကူအညီကြောင့်သာ ယခုကဲ့သို့ ကျန်းမာနေခြင်းလည်း ဖြစ်သည်။ ယွမ့်ထန်းက သူ မည်သို့ ထိုလူများကို ပေးဆပ်ရမည်ဖြစ်ကြောင်းကိုပင် နားမလည်တော့ချေ။ ထို့ကြောင့် သူ အကောင်းဆုံး လုပ်ပေးခြင်းက ဆေးဝါးပစ္စည်းများ လုပ်ပေးခြင်းဖြစ်သည်။
“ဒေါက်တာထန်း ကျွန်တော့်ညီရဲ့ကျန်းမာရေးအခြေအနေက ဘယ်လိုနေပါသလဲ သူ့ကို ရွှေ့လို့ရပါပြီလား”
ဒေါက်တာထန်းကလည်း ယွမ့်ယွီ၏ဆေးမှတ်တမ်းများကို ဖတ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယွမ့်ထန်းကို တိုက်ရိုက် ပြလိုက်ပြီးနောက် ဇယားပုံစံကိုလည်းပြသည်။
“ရှောင်ယွီရဲ့အခြေအနေက တိုးတက်ကာစအဆင့်မှာပဲ ပြောလို့ရတယ်၊ သူက လျင်လျင်မြန်မြန်နဲ့ သက်သာလာပါပြီ၊ အများစု ရက်အနည်းငယ်လောက် ကြာပြီးတဲ့အချိန်မှာ သူ့ကိုရွှေ့ပြောင်းလို့ရပြီ”
ဒေါက်တာထန်းက စကားခဏရပ်ပြီးနောက် ဆက်ပြောသည်။
“လူကြီးမင်းယွမ့် နောက်နှစ်ရက်အတောအတွင်းမှာ ဆက်လုပ်ရမယ့် အစီအစဉ်တွေအတွက် မြို့တော်နဲ့ဆက်သွယ်ထားသင့်တယ်၊ ဒါပေမယ့် ယွမ့်ယွီ ဆေးရုံခန်းထဲက ထွက်တာနဲ့ မြေဆွဲအားရဲ့ဖိအားကို ထပ်ခံရအုံးမှာပဲ၊ သူ့ရဲ့အရိုးလေးတွေက နူးညံ့လွန်းလို့ အချိန်အတန်အကြာပြီး ဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် သူ့ကိုရွှေ့ပြောင်းပေးဖို့အတွက် ဖိအားကင်းလွတ်တဲ့ အဆောင်ခန်းလို ဖန်ရှင်ပါတဲ့ အခန်းတစ်ခု လိုအပ်လိမ့်မယ်၊ ငါတို့ရဲ့ဆေးရုံက ဒီလိုအဆင့်မြင့်ပစ္စည်းတွေ မရှိဘူး၊ ဒါပေမယ့် ဗဟိုဆေးရုံမှာတော့ ရှိတယ်၊ ငါ မင်း ကူငှားပေးနိုင်တယ်၊ ဒါပေမယ့် ငှားရမ်းခက ဈေးမနည်းဘူး၊ မင်း အရင်ဆုံး ကြိုချေထားရလိမ့်မယ်”
“အဆင်ပြေပါတယ်၊ ပိုက်ဆံက အဓိကမဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ် ဒေါက်တာထန်း”
ယွမ့်ထန်းက စိတ်အေးသွားဟန်ဖြင့်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏လက်ရှိ အခြေအနေအရ ပိုက်ဆံက ပြဿနာမဟုတ်တော့ချေ။
“အာ ဟုတ်သားပဲ ဒေါက်တာထန်း စားပြီးသွားပြီလား”
ဒေါက်တာထန်း၏မျက်ခုံးက ပင့်သွားပြီးနောက် မျက်ဝန်းများက တောက်ပလာ သည်။
“မစားမစားရသေးဘူး ဘာလို့..”
ယွမ့်ထန်းက ပြုံးသည်။
“ကျွန်တော် ဒီနေ့ နေ့လည်စာဘူး အပိုတစ်ဘူး ယူလာပါတယ်၊ ကျွန်တော် ဒေါက်တာထန်းကို ဧည့်ခံပါရစေ”
သူက ယွမ့်ယွီ၏စားစရာများ ယူလာခဲ့သောအခါ တစ်ဘူးကိုယူခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယွမ့်ယွီကို ဂရုစိုက်ပေးခဲ့သော ဆေးပညာဝန်ထမ်းများကို သူ မည်သို့ပေးဆပ်ရမည်ဖြစ်ကြောင်း မသိသေးသည့်အတွက် အတတ်နိုင်ဆုံး ကြိုးစားပေးခြင်းဖြစ်သည်။ သူက ဆေးရုံခန်းထဲမှ ဘူးကို တစ်ခါတည်း သယ်ဆောင်လာခဲ့သည်။ ကျောက်ဖရုံဝက်နံရိုးစွပ်ပြုတ်က အရန်ဟင်းနှစ်ပွဲဖြစ်သော အသားဟင်းနှင့်အရွက်ဟင်းတို့ကြောင့် ဒေါက်တာထန်းအတွက် အဆင်ပြေသည်ဟု ယုံကြည်လေသည်။ ယွမ့်ထန်း၏မျက်နှာကလည်း တောက်ပလာသည်။ သူက ဘူးကို ချက်ချင်းချပြီးသည်နှင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ရန်အတွက် ထွက်သွားတော့သည်။ ရွှေ့ပြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်သည့်အပြင် အင်ပါယာ၏ အဓိကမြို့တော်သို့ လွှဲပြောင်းပေးရမည့်စာရွက်စာတမ်းကိစ္စက ရှိနေသေးသည်။
ခိုင်ရှင်းကို ဆန့်ကျင်မည့်အုပ်ထိန်းသူ လွှဲပြောင်းရမည့်ကိစ္စများ ရှိနေသေးသည့် တိုင်အောင် ဟော်ညီအစ်ကို၏ အကူအညီကြောင့် ရွှေအဆင့်ကျိုးကျင်း၏ကိစ္စများကို ကိုင်တွယ်နိုင်မှုနှင့်အတူ အရာအားလုံးကို ဖြေရှင်းနိုင်သွားသည်။ သို့သော် ယွမ့်ထန်းက မသက်မသာ ခံစားရသေးသည်။ သူ အချိန်ဆွဲလျှင် ထိုမိန်းမ တစ်စုံတစ်ရာ လုပ်လာမည်ကို စိုးရိမ်မိသည်။
သို့ရာတွင် ယွမ့်ထန်း ပို၍စိုးရိမ်မိသည်မှာ ယွမ့်ယွီ၏တုံ့ပြန်မှု ဖြစ်သည်။ ခိုင်ရှင်းက သူ့အား အမြဲတစေ လျစ်လျူရှုထားပြီး ဂရုမစိုက်သော်လည်း ယွမ့်ထန်းအနေဖြင့် သည်ညီဖြစ်သူက ထိုမိန်းမအပေါ် ခံစားချက်ရှိမရှိ မသေချာသေးချေ။
သုံးရက်ကြာပြီးနောက် ယွမ့်ယွီ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ရွှေ့ပြောင်းရန် သင့်လျော်သော အနေအထားသို့ ရောက်ရှိလာသည်။ ဒေါက်တာထန်း၏ အကူအညီနှင့်အတူ ဖိအားကင်းလွတ်သော အဆောင်ခန်းကဲ့သို့ ဖန်ရှင်ပါသည့် အခန်းငယ်လေးတစ်ခုက ဆင်းရုံပေါ်သို့ လျင်မြန်စွာဖြင့်ပို့ပေးလာခဲ့သည်။ ထို့နောက် ဂြိုလ်နံပါတ် ၁၉ နှင့် အဓိကအင်ပါယာမြို့တော်ကြားရှိ အကွာအဝေးက အလွန်ကွာဝေးသောကြောင့် ငှားရမ်းခက အလွန်အမင်း ဈေးကြီးပြီး ယွမ်တစ်သိန်းပင် ပေးရသည်။ သို့သော် ထိုပမာဏက ယွမ့်ထန်းအတွက် ပြဿနာမရှိချေ။
ဟော်ယွန်ချန်းကလည်း စစ်တပ်သုံး အာကာသယာဉ်ကိုသုံးရန် စီစဉ်ထားသည့် အတွက် ကြားထဲတွင် ယာဉ်အကူးအပြောင်းလုပ်ရန် မလိုဘဲ မြို့တော်သို့ တိုက်ရိုက်သွားနိုင်သည်။ ဟော်ယွန်ရီက နဂိုက သူတို့နှင့်အတူ သွားချင်သော်လည်း ဟော်ယွန်ချန်းက တားထားသည်။ သူက ပြောသည်။
“အစ်ကို မင်းအနေနဲ့ ဒီမှာဆက်နေပြီး ကိစ္စတွေကို စောင့်ကြည့်နေဖို့လိုအပ်တယ်”
ထို့ကြောင့် ဟော်ယွန်ရီက ဂြိုလ်နံပါတ် ၁၉ တွင်သာ နေခဲ့ရသည်။ သူက ရေမကောင်းဆိုးဝါးများ စတားနက်ဝေါ့တွင် ရောင်းချပြီးသည်အထိ ကိုင်တွယ်ပေးရန် လိုအပ်လေသည်။ ထိုသို့ရက်အနည်းငယ်အတွင်း ဟော်ယွန်ချန်းကိုကြည့်သည့် သူ၏အကြည့်များက အမြဲတစေ ရန်ငြှိုးများဖြင့် ပြည့်နှက်နေတော့သည်။
အဓိကအင်ပါယာမြို့တော်သို့ ရောက်သွားသည်နှင့် ဟော်ယွန်ချန်းက ယွမ့်ယွီကို လွှဲပြောင်းမည့် ဗဟိုဆေးရုံနှင့် ဆက်သွယ်ပေးသည်။ ထိုဆေးရုံကလည်း မြို့တော်တွင် အကောင်းဆုံးဆေးရုံဖြစ်သည်။ သူတို့က မြို့တော်သို့ပြန်ရောက်သွားပြီးနောက်တွင် ယွမ့်ယွီကို ထိုဆေးရုံသို့ တိုက်ရိုက်ခေါ်သွားနိုင်ပေလိမ့်မည်။
အာကာသယာဉ်က အဓိကအင်ပါယာကြယ်မြို့တော်တွင် ရပ်တန့်ပြီးနောက်တွင် ယွမ့်ယွီက ဖိအားအခန်းထဲတွင် ဆက်နေရန် မလိုအပ်တော့ချေ။ ယွမ့်ထန်းက အခန်းတံခါးကို ဖွင့်ပြီးသည်နှင့် ညီဖြစ်သူကို လက်မောင်းထဲတွင် ဂရုတစိုက် ထွေးပွေ့ထားလိုက်သည်။ ထို့နောက် ဟော်ယွန်ချန်းနှင့်အတူ အပြင်သို့ထွက်သည်။ သို့ရာတွင် ကြယ်မြို့တော်၏သတင်းထောက်များက သူတို့ပြန်ရောက်လာခြင်းကို ရှာတွေ့သွားခဲ့ကြသည်။ ဟော်ယွန်ချန်းနှင့်ယွမ့်ထန်းတို့က စတားဆိပ်ကမ်းထဲမှ ခြေလှမ်းထွက်လိုက်သည်နှင့် သတင်းထောက်များက ဝိုင်းသွားတော့သည်။ ပမာဏက အလွန်အမင်း များပြားလွန်းပြီး ရေတစ်စက်ပင် တိုးမပေါက်နိုင်ပေ။
ယွမ့်ထန်း၏ရုပ်ရှင်ဧကရာဇ်ဆိုသည့်နောက်ခံနှင့် ကြယ်လေးပွင့်စားဖိုမှူးဆိုသည် နောက်ခံက အလွန်မြင့်လွန်းသည်။ ထို့အပြင် သူက အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော လူတစ်ယောက် ဖြစ်နေလေသည်။ ခိုင်ရှင်းနှင့် ပတ်သက်သည့် ကောလဟာလကြောင့် သူက တစ်ဖန်ထပ်ဆုံးသို့ ကျော်ကြားမှုအပြည့်နှင့် အတူ တွန်းပို့ခံရပြီး သည်တစ်ကြိမ်တွင် သူက ဂြိုလ်နံပါတ် ၁၉ သို့ သွားခဲ့ကာ အရသာရှိသော ဟင်းလျာများကို ပြင်ဆင်နိုင်ခဲ့ပြန်သည်။ ထို့ကြောင့် အလွန်သွေးပူတက်ကြွနေသော သတင်းထောက်များက ပြန်လာသည်ဆိုသောသတင်းကို ကြားသည်နှင့် ဝရုန်းသုန်းကား ရောက်လာကြခြင်းလည်း ဖြစ်သည်။ ယွမ့်ထန်းက အာကာသင်္ဘောကိုသုံးပြီး မြို့တော်သို့ လျှို့ဝှက်စွာ ပြန်လာခဲ့ခြင်း ဖြစ်သည့်တိုင်အောင် တစ်ဖက်လူများက သည်အခွင့်အရေးကို လက်လွတ်မခံနိုင်ကြချေ။
ယွမ့်ထန်း၏လက်ထဲတွင် ကလေးတစ်ယောက်ကို ပွေ့ထားကြောင်း မြင်သွားသည့်အခါ သူ၏စိတ်ဝင်စားမှုများက မြင့်တက်လာတော့သည်။ သူတို့အားလုံးကလည်း ယွမ့်ထန်း၏နေရာကို ကင်မရာများဖြင့် ချိန်ကြသည်။
ယွမ့်ထန်းအနေဖြင့် ထိုမျှဆာလောင်နေသာ ဝံပုလွေလိုလူမျိုးများကို မမြင်ခဲ့ဖူးသေးချေ။ ယွမ့်ယွီအနေဖြင့် ထိုမျှဆာလောင်နေသော ဝံပုလွေကဲ့သို့သော လူများကို မမြင်ခဲ့ဖူးသည့်အတွက် ကြောက်လန့်သွားပြီး မျက်နှာက ဖြူဖျော့သွားတော့သည်။ သူက အစ်ကိုဖြစ်သူ၏အင်္ကျီလက်ကို တင်းကြပ်စွာသာ ဖိညှစ်လိုက်ပြီး ထွက်ပြေးချင်သွားသည်။ ယွမ့်ထန်းကလည်း ကလေး၏ မသက်မသာဖြစ်မှုကို သတိထားမိသောအခါ ဒေါသထွက်လာတော့သည်။ သူက ယွမ့်ယွီကိုလက်မောင်းထဲတွင် အပြည့်အဝ ဖက်ထားပြီးနောက် သတင်းထောက်များက ကလေး၏မျက်နှာကို မရိုက်မိစေရန် ကာကွယ်ပေးထားသည်။ ဟော်ယွန်ချန်းက သတင်းထောက်များကို ရှေ့မှ ပိတ်ထုတ်ပြီးနောက် လူမအုံစေရန် တားမြစ်ပေးသည်။
“လူကြီးမင်းယွမ့် မင်းရဲ့အမေကို တကယ်တရားစွဲတော့မှာလား”
“လူကြီးမင်းယွမ့် ဒီတစ်ကြိမ်တရားရုံးဝင်ဖို့ ပြန်လာတာပါလား”
“လူကြီးမင်းယွမ့် မင်းရဲ့ညီကိုဂြိုလ်နံပါတ် ၁၉ မှာ သွားမရှာခင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောသွားခဲ့သေးတော့ ဒါက မင်းရဲ့ညီလား”
“လူကြီးမင်းယွမ့် မင်းနဲ့မာရှယ်ဟော်ရဲ့ဆက်ဆံရေးက ဘယ်လိုပါလဲ၊ ဘာလို့ အမြဲတမ်း ခွဲလို့မရအောင် အတူရှိနေတာလဲ”
အမျိုးမျိုးသော မေးခွန်းများက ထွက်ပေါ်လာပြီး စိတ်ရှုပ်စရာကောင်းလွန်း လှသည်။
“စိတ်မကောင်းပါဘူး၊ ဘာမှ မပြောနိုင်ဘူး”
ဟော်ယွန်ချန်း၏ရှည်လျားသော အရပ်ကြီးနှင့်တောင့်တင်းသော ခန္ဓာကိုယ်က ယွမ့်ထန်း၏အရှေ့တွင် ပိတ်ထားပေးကာ သတင်းထောက်များအနောက်မှ မတိုးစေရန် ကာကွယ်ပေးထားသည်။ သူက လူအုပ်ထဲမှ ထွက်ပြီးသည်နှင့် ကားပါကင်နေရာသို့သွားသည်။ ထို့နောက် ဟော်ယွန်ချန်း၏ကားထဲသို့ ဝင်ပြီးသည်နှင့် မြို့တော်ဆေးရုံထံသို့ ဦးတည်တော့သည်။ သည်နည်းအားဖြင့် စိတ်ရှုပ်စရာကောင်းသော သတင်းထောက်များကို ချန်ထားရစ်ခဲ့နိုင်သည်။
သို့သော် သူတို့က မည်သည့်အသုံးဝင်သည့် သတင်းမျှ မရခဲ့သောကြောင့် သတင်းထောက်များက ရိုက်ထားမိသောပုံများဖြင့်သာ ထင်ကြေးပေးပြီး ဆောင်းပါးများ ထုတ်တော့သည်။ သည်နည်းအားဖြင့် ယွမ့်ထန်းနှင့်မာရှယ်ဟော်တို့က လျှို့ဝှက်ဆန်းကြယ်သော ကလေးတစ်ယောက်နှင့်အတူ မြို့တော်သို့ ပြန်လာကြောင်း သတင်းများက တက်လာသည်။
ထိုဆောင်းပါးက လူအများစုကို ဆွံ့အသွားစေပြီး ယွမ့်ထန်း၏ဝေ့ပေါ်ဘေ့စ်သို့ ရောက်လာပြန်သည်။ ယွမ့်ထန်းကိုယ်တိုင်ကလည်း ခေါင်းကြီးပိုင်းခေါင်းစဉ်များကို ကြည့်ပြီးနောက် လောကအမြင်အပေါ်ပင် သံသယ ဝင်လာလောက်သည်။

သတင်းကြီး … ယွမ့်ထန်းနဲ့ဟော်ယွန်ချန်းတို့အတွက် သူတို့ကို ဂုဏ်ယူပါတယ်၊ သူတို့က အင်ပါယာမြို့တော်ကို လျှို့ဝှက်ရထားတဲ့ ကလေးတစ်ယောက်ကို ခေါ်ပြီး ပြန်လာပါတယ် …
ယွမ့်ထန်း “…”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Où les histoires vivent. Découvrez maintenant