Part 48

1.4K 205 0
                                    

Unicode
အပိုင်း (၄၈)

ယွမ့်ထန်းက ဘေးတွင် လှဲလျက်  လက်မောင်းများကို နှိပ်နယ်ကာ ပင်ပန်းနေကြသော လူအုပ်ကို မြင်ချိန်တွင် သူတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် မီးဖိုခန်းအတွင်းရှိ ပါဝင်ပစ္စည်းများအားလုံးက ကုန်လုနီးပါး ဖြစ်နေလေပြီ။ အချိန်အတန်ကြာ ရှာဖွေပြီးနောက်တွင် ကြက်တစ်ကောင်ကိုသာ ရှာတွေ့လိုက်သည်။ သို့ရာတွင် အာလူး၊ မုန်လာဥ၊ ကြက်သွန်နီနှင့် အခြားသောအရွက်များက ပမာဏများစွာ ရှိနေသေး၏။ အချိန်အတန်ကြာ တွေးတောပြီးနောက်တွင် ယွမ့်ထန်းက ကြက်သားအာလူး ထမင်းကိုသာ ထမင်းပေါင်းအိုးနှင့် ချက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဒယ်ပြားကို အပူပေးပြီးနောက်တွင် ယွမ့်ထန်းက ကြိုတင်ပြင်ဆင်ထားသော ကြက်သားနှင့် ခုတ်သင်ထားသည့် ကြက်သွန်တို့ကို ထည့်ကာ ရောမွှေလိုက်သည်။ ကြက်သားက အရောင်ပြောင်းလာချိန်တွင် သူက ပဲငံပြာရည်၊ ဆားနှင့် သကြားကို ထည့်ကာ အရသာခတ်၏။ ဒယ်ပြားကို တစ်ဖက်ခြမ်း ဖယ်ထားပြီးနောက်တွင် အာလူး၊ မုန်လာဥနီနှင့်ဆန်တို့ကို ရေဆေးသည်။ သူက ပါဝင်ပစ္စည်းများအားလုံးကို ရောနှောမွှေကာချက်၏။ မီးပိတ်လိုက်ပြီးနောက် အရာအားလုံးကို ထမင်းပေါင်းအိုးထဲသို့ လောင်းထည့်ကာ ချက်လိုက်သည်။

၁၅ မိနစ်ခန့်ကြာပြီးနောက်တွင် ကြက်သားအာလူးထမင်းက အဆင်သင့်ဖြစ်သွားသည်။ ထမင်းချက်ပြီးချိန်တွင် ယွမ့်ထန်းက ၁၀ မိနစ်ခန့်အထိ နှပ်ထားလိုက်သေး၏။ သို့မှသာလျှင် ကြက်သား၏ နူးညံ့မှုကို အာမခံနိုင်ပြီး ဆန်ကလည်း အရသာများကို စုပ်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

ဝမ်ကျွမ်းနှင့် အခြားသူများက စူးရှစွာ ကြည့်နေကြ၏။ ထမင်းပေါင်းအိုးကို ဖွင့်လိုက်သည်နှင့် သူတို့က သွားရည်ကျလာကြတော့သည်။ ထိုကြက်သားအာလူးထမင်း ရနံ့က အလွန်ကောင်းလွန်း၏။

ဝမ်ကျယ့်ယန်က ပန်းကန်လုံးယူကာ ထမင်းများ ခပ်ထည့်ရန်ပင် မစောင့်နိုင်တော့ချေ။ သူက နောက်ဆုံးတွင် ထမင်းအရသာကို မြည်းစမ်းကြည့်ပြီးသောအခါ ပျော်ရွှင်သွားကာ မျက်လုံးကို မှိတ်လိုက်သည်။ ထမင်းပေါင်းအိုးထဲသို့ ကြက်သားကို ထည့်ချက်ထားသည့်အတွက် ထိုအသားက နူးညံ့ကာအရသာကလည်း အလွန်ရှိနေသည်။ ထမင်းကလည်း ကြက်သားနှင့်အရွက်များမှ အရသာများကို စုပ်ယူထားသည့်အတွက် အလွန်အရသာရှိနေပြန်၏။ စားနေရင်းနှင့်ပင် ဆက်တိုက်စားချင်စိတ်ကို ဖြစ်လာစေလေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now