part 37

1.5K 225 0
                                    

Unicode
အပိုင်း (၃၇) ညစာစားပွဲပြင်ဆင်ခြင်း
နောက်တစ်ရက်တွင် ယွမ့်ထန်းက ဝေ့ပေါ်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တွင် ကြေညာစာ တင်လိုက်သည်။ သူ့တွင် ကိုင်တွယ်ရမည့်ကိစ္စအချို့ရှိနေသဖြင့် နောက်သုံးရက်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်နိုင်ဟု ဆိုထားသည်။
ထိုသို့ ရုတ်တရက် ကြေညာလိုက်ခြင်းက နက်ဝေါ့အတွင်း အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ မရေမတွက်နိုင်သောလူများက သီးသန့်စာတိုများ ပေးပို့လာကြ၏။ အချို့က သူ၏အစစ်အမှန်ပရိသတ်ဖြစ်ပြီး အချို့ကမူ အခြေအနေအကြောင်း မေးမြန်းချင်၍ဖြစ်သည်။ အများစုက ဝေ့ကျိုး၏လွှမ်းမိုးမှုကြောင့် ယွမ့်ထန်းက ရုပ်ရှင်ဧကရာဇ် ဟုတ်မဟုတ် မေးမြန်းချင်၍လည်း ဖြစ်သည်။
ဟော်ညီအစ်ကိုနှစ်ယောက်၏ မနေ့ညက သတိပေးစကားကို ပြန်လည်သတိထားမိပြီးနောက်တွင် ယွမ့်ထန်းက မည်သူ့ကိုမျှ မတုံ့ပြန်ခဲ့ပေ။
နေ့လယ်တွင် လူအချို့က စတင်ကာ ထင်မြင်ချက်သီအိုရီများကို ထုတ်လာကြသည်။ သူတို့က ယွမ့်ထန်း၏အပြုအမူက သည်အခြေအနေမှ ရှောင်ပြေးလိုကြောင်း သိသာနေသည်ဟုဆိုထားသည်။ သည်လိုရုတ်တရက် နောက်ခံပေါ်သွားပြီးနောက်တွင် သူကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ရုတ်တရက် ရပ်လိုက်သည်။ ထို့ကြောင့် သည်ကိစ္စနှစ်ခုက မည်သို့မျှ မဆက်နွယ်ကြောင်း မည်သူမျှ မယုံကြတော့ပေ။
ထိုမတော်တဆဖြစ်ရပ်က စတားနက်ဝေါ့တစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်သွားစေခဲ့သည်။ ထိုသို့လှုပ်ရှားလိုက်ခြင်းကြောင့်လည်း အမျိုးမျိုးသော ကောလာဟလများက ပျံ့နှံ့လာ၏။ သို့တိုင်အောင် သူက မတုံ့ပြန်သည့်အခါ ပြည်သူလူထု၏ထင်မြင်ချက်ပေးမှုများက ပို၍ လွန်ကဲလာကြသည်။
ကြေညာချက်ထုတ်ပြီးသည်နှင့် ယွမ့်ထန်းက ဝေ့ပေါ်အတွင်းသို့ ထပ်မဝင်တော့ချေ။ ထို့ကြောင့် အွန်လိုင်းပေါ်မှ ဆွေးနွေးငြင်းခုန်မှုများက သူနှင့် မသက်ဆိုင်တော့ချေ။ မရေမတွက်နိုင်သော သတင်းဌာနများက သူနှင့် ဆက်သွယ်လိုသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက သူ့ကို တားဆီးပေးလေသည်။
ယွမ့်ထန်းက ထိုသို့ကြေညာပြီးသည်နှင့် ဆိုဖာပေါ်တွင် တစ်ခဏခန့် လှဲနေလိုက်သည်။  ထို့နောက်ပုံမှန်အတိုင်း ထချက်သည်။ သည်တစ်ကြိမ်တွင် သူက တိုက်ရိုက်ထုတ်လွှင့်ရန် မလိုအပ်ချေ။
သူက ယခုအချိန်မှစပြီး ထိုညီအစ်ကိုနှစ်ယောက်ကို ချက်ပြုတ်ချိန်တိုင်း သီးသန့်ပို့ပေးပါမည်ဟု ကတိပေးထားခြင်းကို သတိရသွားသည်။ ထို့ကြောင့် ထိုလူများ နှစ်ခြိုက်သည့်အရသာပုံစံကို တွေးတောလျက် ချက်ပြုတ်သည်။
ဟော်ယွန်ချန်းက အစပ်ကြိုက်သည်။ ထို့ကြောင့် သူက ငရုတ်သီးအပွ အခြောက်နှင့် ငရုတ်ကောင်းများ ခပ်များများ ထည့်ထားသည့် ကြက်သားမွှေကြော်ချက်ရန် ပြင်လိုက်သည်။ အရောင်က နီရဲပြီး တောက်ပနေ၏။ ပါးစပ်အပြည့်စားလိုက်လျှင် နှုတ်ခမ်းများကို ထုံထိုင်းသွားစေနိုင်သည့်တိုင်အောင် အရသာက အလွန်ကောင်းသည်။ ထို့ကြောင့် ကျေနပ်ဖွယ်ဟင်းလျာဖြစ်သည်။
အခြားတစ်ယောက်ဖြစ်သော ဟော်ယွန်ရီကမူ အငန်ကဲသော အရသာမျိုးကို ကြိုက်၏။ ထို့ကြောင့် ယွမ့်ထန်းက ခရမ်းသီးအစာသွပ်ကို ချက်ရန်ဆုံးဖြတ်လိုက်သည်။ သူက ရှည်လျားသော ခရမ်းသီးနှစ်တောင့်ကို ယူလိုက်ပြီး ကြိတ်ထားသောအသားများကို အတွင်းသို့ ထည့်သည်။ ထို့နောက် ဆီဖြင့်ကြော်ပြီး ဆီကို စစ်ထားလိုက်၏။ ပြီးသည်နှင့်ရေနှင့် ပဲချဉ် အနည်းငယ်ထည့်ကာ အချဉ်ကို ပြုလုပ်သည်။ မိနစ်အနည်းငယ်ကြာသည်အထိ အပူချိန်မြင့်မြင့်တွင် ခရမ်းသီးကို ဆူပွက်အောင် လုပ်ပြီးသည်နှင့် ဟင်းလျာက အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည်။ ခရမ်းသီးအပြင်ဘက်အလွှာက ကြွပ်ရွနေပြီး အတွင်းလွှာကမူ အလွန်အမင်းနူးညံ့နေမည်ဖြစ်သည်။ အသား၏အရသာကို ခရမ်းသီးက အပြည့်အဝ စုပ်ယူထားသည့်အတွက် သည်ဟင်းလျာတစ်ခုလုံး၏အရသာကပင် လေးလံနေတော့မည် ဖြစ်သည်။ အပေါ်ယံမှ ခပ်ရဲရဲအချဉ်များကို ဆမ်းထားခြင်းကပင် သင့်လျော်သော ညစာတစ်ခွက် ဖြစ်သွားသည်။
သူက ဟင်းလျာများကို ချက်ပြုတ်ပြီးနောက်တွင် အားလုံးကို ဂရုတစိုက်ဖြင့် ကြီးမားသော ထမင်းဘူးများအတွင်းသို့ ထည့်သည်။ ထမင်းကိုလည်း အပြည့်ဖြည့်လိုက်သေး၏။ ထိုဘူးများကို သူက ထိုဟော်ညီအစ်ကိုနှစ်ယောက်ထံသို့ ပေးပို့မည်ဖြစ်သည်။
စားသောက်ပြီးနောက် ယွမ့်ထန်းက ဆိုဖာပေါ် ပြန်လှဲလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုလည်း မလုပ်ရ၊ စတားနက်ဝေါ့ပေါ်သို့လည်း မတက်ရသည့်အခါ အလွန်ပျင်းစရာကောင်းလာခဲ့သည်။ ထိုအချိန်တွင် သူ၏အလင်းဦးနှောက်က တုန်ခါလာသည်။ ဟော်ယွန်ချန်းထံမှ စာတစ်စောင်ရလာခြင်းဖြစ်သည်။
[တကယ်စားကောင်းတယ် ကျေးဇူးတင်ပါတယ်]
သူပင် သတိမထားမိဘဲ မျက်နှာတွင် တောက်ပသည့်အပြုံးက ပေါ်လာသည်။ သူက ခပ်မြန်မြန် စာပြန်၏။
[သဘောကျတယ်ဆိုရင်ကောင်းတာပါပဲ]
ဟော်ယွန်ချန်းက စက္ကန့်ပိုင်းအတွင်း ချက်ချင်းဆိုသလို စာပြန်လာသည်။
[အခုတလော အိမ်မှာနေတာ ပျင်းနေတယ်မဟုတ်လား၊ တကယ်တော့ စစ်ဌာနချုပ်မှာ မင်းကူညီပေးနိုင်တဲ့ကိစ္စတွေ ရှိနေတယ်၊ မင်းလည်း အားလပ်နေပြီး ပျင်းနေတယ်ဆိုရင် လာကူညီပေးသင့်တယ်]
ယွမ့်ထန်းကလည်း ချက်ချင်းဆိုသလို တုံ့ဆိုင်းမနေဘဲသဘောတူသည်။
[အဆင်ပြေတာပေါ့]

နောက်တစ်ရက်တွင် ယွမ့်ထန်းက ကားပျံကိုစီးပြီး စစ်ဌာနချုပ်ထံသို့ ရောက်သွားသည်။ ဂိတ်ပေါက်ရှေ့သို့ ရောက်သွားချိန်တွင် သူ့ကို စကန်ဖတ်ပြီးသည်နှင့် စက်ရုပ်သံက ထွက်လာသည်။
“နောက်ခံအတည်ပြုခြင်း ပြီးပြည့်စုံသွားပါပြီ၊ ကြိုတင်ချိန်းဆိုထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီးသွားပါပြီ၊ ကြိုဆိုပါတယ်အကြံပေးယွမ့် ကျေးဇူးပြုပြီး တစ်ခဏခန့် စောင့်ဆိုင်းပေးပါ”
သူ့ကို စကန်ဖတ်သည့်ဖန်သားပြင်က နှစ်ချက်ခန့်လက်သွားပြီးသည်နှင့် အတည်ပြုပြီးကြောင်း ခပ်မြန်မြန်ကြေညာလာသည်။ တစ်ချိန်တည်းလိုလိုပင် တံခါးက ဘန်းခနဲမြည်သံနှင့်အတူ ပွင့်သွား၏။
စက်ရုပ်သံက သူ့ကို ရည်ညွှန်းသွားသည့်နာမ်စားကို ပြန်တွေးမိပြီးနောက် သူ အနည်းငယ် အံ့ဩသွားသည်။ ဟော်ယွန်ချန်းက သူ့ကို ထိုသို့ အကြံပေးဟူ၍ စီစဉ်ပေးထားမည်ဟုပင် မထင်ထားမိပေ။
တံခါးက ပွင့်သွားချိန်တွင် မြင့်မားသောပုံရိပ်တစ်ခုက ပေါ်လာ၏။ ထိုသူက အရပ်မြင့်မားပြီး စစ်ဝတ်စုံကို ဝတ်ထားကာ ဖြောင့်မတ်စွာရပ်နေသည်။ သူ၏ထင်ရှားသော ခံ့ညားချောမောသည့် ပုံပန်းသွင်ပြင်များနှင့် ခြေတံရှည်များက အသက်အရွယ်နှင့်ပင် မလိုက်ချေ။ ထိုသူက ထိုအတိုင်းရပ်နေရုံနှင့်ပင် ယွမ့်ထန်းအနေနှင့် စက္ကန့်အနည်းငယ် မှင်တက်သွားရသည်။
“ကျွန်တော့်ကို စောင့်နေတာ ကြာပြီလား”
ယွမ့်ထန်း၏မျက်လုံးက အံ့အားတကြီးပြူးသွားသည်။
“ဘယ်လောက်တောင် ကြာနေပါပြီလဲ”
“သိပ်မကြာသေးပါဘူး ကိုယ် ကားပျံယူလာတယ်”
ဟော်ယွန်ချန်းက သူ၏ပုံမှန်အတိုင်း ခပ်ပြတ်ပြတ်လေသံဖြင့်သာ ပြောသည်။ သူက ယွမ့်ထန်းကို သူ၏ကိုယ်ပိုင်ကားပျံပေါ်သို့ ဦးဆောင်ခေါ်သွားပြီးသည်နှင့် စစ်ဌာနချုပ်အတွင်းသို့ ဦးတည်လိုက်ကြသည်။
အကယ်ဒမီသိပ္ပံ၏ တက်ကြွသောဝန်းကျင်နှင့် နှိုင်းယှဉ်သော် စစ်ဌာနချုပ်က တိတ်ဆိတ်ကာ ခြောက်ကပ်နေသည်။ နေရာတိုင်းတွင် အရပ်ရှည်မြင့်မားသည့်စစ်သားများကိုသာ မြင်ရ၏။ ထိုလူများက သူတို့ကို မြင်သောအခါ ချက်ချင်းဆိုသလို အလေးပြုကြသည်။ သူတို့၏စစ်ဖိနပ်သံက ကြမ်းပြင်ပေါ်သို့ ထိခတ်ရာတွင် ကျယ်လောင်​သော အသံများက ထွက်ပေါ်လာသည်။
ဟော်ယွန်ချန်းက ယွမ့်ထန်းကို ဧည့်ခန်းအတွင်းသို့ ဦးဆောင်ခေါ်သွားပြီးသည်နှင့် တံခါးကို ပိတ်လိုက်သည်။ ထိုနည်းအားဖြင့် အပြင်ဘက်မှ သိချင်စိတ်ပြင်းပြနေသော အကြည့်များနှင့် ပိုင်းခြားလိုက်နိုင်၏။
ယွမ့်ထန်းအနေဖြင့် သည်နေရာကို ပထမဆုံးအကြိမ် ရောက်ခြင်းဖြစ်ပြီး ထိုလူများ၏ စိတ်သဘောသဘာဝနှင့် မရင်းနှီးသည့်တိုင်အောင် သည်လိုနေရာမျိုးတွင် ပိတ်လှောင်ခံထားရပြီး လေ့ကျင့်ခံထားရသည့်အခြေအနေမျိုးတွင် အိမ်ထောင်ရှင်မများထက်ပင် ထိုလူများက ပို၍ စပ်စုချင်စိတ် ပြင်းထန်နေလောက် ပြီဟု သူ ယူဆသည်။
“မနေ့က ကျွန်တော် ကူညီပေးနိုင်တာရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ အဲဒါက ဘာများပါလဲ”
သူက ထိုင်ခါစရှိသေးသော်လည်း ယွမ့်ထန်းက မေးလိုက်သည်။
ဟော်ယွန်ချန်းနှင့် ဟော်ယွန်ရီတို့က သူ့ကို ကူညီခဲ့ဖူးသည့်အတွက် သူကလည်း ပြန်လည်ကူညီလိုသည်။
“ထမင်းစားခန်းမ ကိစ္စပါ”
ဟော်ယွန်ချန်းက ထမင်းဘူးကို လက်ခံရရှိပြီး သူ၏ရုံးခန်းအတွင်းအရသာရှိသော နေ့လယ်စာများကို စားသောက်နေချိန်တွင် သတင်းလာပို့သော လီခိုင်က တွေ့သွားသည်။ လီခိုင်က တိုက်ရိုက်ထုတ်လွှင့်မှု ရပ်တန့်သွားသည့်ကိစ္စကြောင့် မသက်မသာ ခံစားနေရချိန်တွင် သူ၏ခေါင်းဆောင်က ရုံးခန်းအတွင်း မြိန်ရည်ယှက်ရည် စားသောက်နေကြောင်းကို မြင်လိုက်ရသည်။ လီခိုင်က ရုတ်တရက် မသက်မသာ ဖြစ်သွား၏။ ပို၍ဆိုးသည်မှာ တစ်ချက်အနံ့ခံရုံဖြင့်ပင် ဒါက ယွမ့်ထန်း၏ နေ့လယ်စာထမင်းဘူးမှန်း သူ သိလိုက်လေသည်။
ဟော်ယွန်ချန်းကိုယ်တိုင်ကလည်း အပြစ်မကင်းသလိုခံစားရသည်။ ထို့ကြောင့် သည်နေရာတွင် စစ်သားတိုင်း စားသောက်နိုင်ရန်အတွက် ပြင်ဆင်နိုင်မည်လောဟု သူက သိလိုသည်။
စားဖိုမှူးအစည်းအရုံးက ယခင်ကတည်းက စစ်တပ်နှင့် ပူးပေါင်းပြီး ကန်တင်းတွင် သဘာဝစားစရာများကို ပြင်ဆင်ခင်းကျင်းလိုခဲ့သည်။ သို့သော် ဟော်ယွန်ချန်းက သူတို့၏လက်ရာများကို မကြိုက်သည့်အပြင် အနံ့လည်း မခံလိုသဖြင့် ငြင်းခဲ့သည်။ သို့သော် ယွမ့်ထန်းအတွက်မူ အခြေအနေ မတူတော့ပေ။ သူ၏လက်ဖြင့် လုပ်သမျှ ပါဝင်ပစ္စည်းတိုင်းက ကောင်းမွန်သော ဟင်းလျာများထွက်လာစေသည့်အပြင် အလွန်အမင်းအရသာရှိနေသေး၏။ ထို့ကြောင့် ရိုးရှင်းသည့်ဟင်းလျာများဆိုလျှင်ပင် အလွန်အဖိုးတန်ကာအရသာ ရှိနေမည်ဟုလည်း သူက ယုံကြည်သည်။
ယွမ့်ထန်းက အံ့ဩသွားသည်။
“ကျွန်တော့်ကို ဒီနေရာကိုလာပြီး ထမင်းစားခန်းမကို ကြီးကြပ်ခိုင်းတာပါလား”
“မဟုတ်ဘူး၊ ကိုယ်က စစ်သားအနည်းငယ်ရွေးလိုက်မယ်၊ မင်းက သူတို့ကို သင်ပေးပေါ့”
ယခင်က ရန်ကျင်း၏ ဟင်းချက်လက်ရာက အလွန်ဆိုးဝါးလွန်းသော်လည်း ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ပြီးနောက်တွင် သူမ၏ ဟင်းချက်လက်ရာက တိုးတက်မှု ရှိလာခဲ့၏။ ယခုအခါတွင် သူမက အချို့သော လက်ရာမြောက်သည့် ဟင်းလျာများကိုပင် ချက်နိုင်နေပြီဖြစ်သည်။ ထိုသို့ဖြင့် ဟော်ယွန်ချန်း အကြံရလာခဲ့ခြင်းဖြစ်သည်။ အချို့သော စစ်သားများက ရှေ့တန်းထွက်ရန် မသင့်တော်ကြသည့် အနေအထားမျိုးတွင် ရှိသည်။ သူတို့၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားက လုံလောက်အောင် မသန်မာတော့ပေ။ သို့သော် ထိုလူများက အလွန်ဉာဏ်ကောင်းကြသည့်အတွက် ရုံးပိုင်းတွင် ထိုင်နိုင်သေးလေသည်။ သူတို့၏ ဉာဏ်ကောင်းမှုများဖြင့်ဆိုလျှင် ချက်ပြုတ်ရန် သင်ကြားခြင်းက ပြဿနာမရှိနိုင်ဟု ယုံကြည်သည်။ ထို့အပြင် ယွမ့်ထန်းကလည်း ယခင်တစ်ခေါက်ကတည်းက လက်ထောက်များ လက်ခံလိုသည်ဟု စကားဆိုခဲ့ဖူး၏။ ထို့ကြောင့် ဟော်ယွန်ချန်းက ထိုကိစ္စကို ထည့်ပြောလာခြင်းဖြစ်သည်။
ယွမ့်ထန်းက ထိုလူများ၏လက်ရာက ပြောင်မြောက်သွားသည်အထိ သင်ပေးရန် မလိုအပ်ပေ။ ထိုလူများကို ဟင်းကောင်းအနည်းငယ် ချက်တတ်ရုံလောက်အထိ သင်ပေးနိုင်လျှင် အဆင်ပြေ၏။ သည်နည်းအားဖြင့် လူတိုင်း၏စားချင်စိတ်က တိုးမြှင့်လာနိုင်ပြီး စိတ်အားတက်ကြွလာရန် မျှော်လင့်သည်။
“အဆင်ပြေပါတယ်”
ဟော်ယွန်ချန်း၏အကြံကို ကြားသောအခါ သူက ချက်ချင်းဆိုသလို သဘောတူလိုက်သည်။ သူကိုယ်တိုင်က ထမင်းစားခန်းမကို ကြီးကြပ်ရန် ပြောလာမည်ဆိုလျှင် သူက ငြင်းဖြစ်လောက်သည်။ မည်သို့ပင်ဆိုစေ သူက တစ်ချိန်လုံး မီးဖိုရှေ့တွင် ရပ်မနေချင်ပေ။ ထို့အပြင် အခြားလူများအတွက်လည်း တောက်လျှောက် မချက်ပြုတ်ပေးချင်ပေ။ သို့ရာတွင် သင်ပေးရုံလောက်အတွက်မူကား ပြဿနာမရှိပေ။
ချက်ပြုတ်ခြင်းက ကိုယ်တိုင်အတွက် မခက်ခဲပေ။ အစားအသောက်များကို ပြင်ဆင်ခြင်းတွင်သာ ခက်ခဲသွားခြင်းဖြစ်သည်။ ထို့အပြင် ဓားကိုင်စွမ်းရည်နှင့် အပူချိန်ကို ထိန်းချုပ်နိုင်စွမ်းကလည်း ရှိနေသေးသည်။ သို့သော် မြင့်မားသော လိုအပ်ချက်မရှိသည့် ရိုးရှင်းသော ဟင်းလျာများကလည်း ရှိနေသေးသည်။
ဟော်ယွန်ချန်းက ယွမ့်ထန်းက သဘောတူလိုက်ခြင်းကြောင့် အလွန် ပျော်သွားသည်။ နောက်ရက်အနည်းငယ်အတွင်း ယွမ့်ထန်းက ထမင်းစားခန်းမကို တည်ဆောက်ရန် ကူညီပြင်ဆင်ပေးမည်ဖြစ်သဖြင့်  တိုက်ရိုက်ထုတ်လွှင့်မှုမှ ယွမ့်ထန်းပျောက်ကွယ်သွားရသည့် အကြောင်းအရင်းအတွက် အဖြေရှိသွားလေပြီ။ မီဒီယာနှင့် ပြည်သူလူထုကသာ သူ၏ရုတ်တရက် ပျောက်ကွယ်သွားခြင်း အကြောင်းအရင်းကို မေးမြန်းလာလျှင် ပြန်ဖြေရန် အကြောင်းပြချက် ရှိလာပြီဖြစ်သည်။ ဒါက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်သည်။
ဟော်ယွန်ချန်းက စီမံရေး ဌာနမှ လူဆယ်ယောက် စေလွှတ်လိုက်သည်။ ထိုဆယ်ယောက်က တုံ့ပြန်မှု မြန်ဆန်ပြီး ဉာဏ်ကောင်းကြသည်။ ထို့အပြင် သူတို့၏ အားနည်းသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်  သဘာ၀ ဟင်းသီးဟင်းရွက်များအပေါ် တုံ့ပြန်မှု မရှိကြချေ။ ယခုတလော ယွမ့်ထန်းက စတားနက်ဝေါ့တွင် အလွန်ကျော်ကြားနေသည့်အတွက် သူတို့အားလုံးက သူ့ကို သိနေကြသည်။ အချို့ဆိုလျှင် ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုများကိုပင် ကြည့်ဖူးလေရာ သူ့ထံတွင် သင်ယူလိုစိတ်ရှိကြသည်။
ထမင်းစားခန်းမတွက်မူ သူက တက္ကသိုလ်တွင် လေးနှစ်လုံးလုံး ကန်တင်းတွင်သာ စားသောက်ခဲ့သဖြင့်  နားလည်နေသည်။ ထို့ကြောင့် လည်ပတ်ရန် စီစဉ်မှုများကို အကြံဉာဏ် ပေးနိုင်ခဲ့သည်။ သို့ရာတွင် ထမင်းစားခန်းမအတွက် ညွှန်ကြားရာတွင် လိုအပ်ချက်များရှိပြီး အချိန်ကလည်း လိုအပ်နေသဖြင့် ဟော်ယွန်ချန်းက   စစ်တပ်မှ သိုလှောင်အိမ်ကိုသာ ယွမ့်ထန်းအတွက် ဟင်းချက်နည်းများ သင်ကြားရန် စီစဉ်ပေးသည်။ မည်သို့ပင်ဆိုစေ မီးဖိုချောင်သုံးပစ္စည်းများပင်ဖြစ်စေ၊ ဟင်းချက် ပစ္စည်းများပင် ဖြစ်စေ ရှော့ပင်းဆိုက်မှ ဝယ်ယူနိုင်သဖြင့် အသေးစား မီးဖိုချောင်တစ်ခု ဖန်တီးရန် မခက်ခဲချေ။ ထိုနေရာတွင် မီးဖို ဆယ်ခု ပြင်ထားသဖြင့် အားလုံးကို တစ်ပြိုင်တည်း သင်နိုင်လေရာ ယွမ့်ထန်းအတွက် အလျဉ်းသင့်နေတော့သည်။  အခြေခံဟင်းလျာဆိုလျှင် ကြက်ဥဟင်းများမှ လွဲပြီး အခြားမရှိချေ။
“ ကျွန်တော်က ခင်ဗျားတို့ကို နို့ကြက်ဥပေါင်း လုပ်နည်းကို အရင်ဆုံးသင်ပေးမှာ ဖြစ်ပါတယ်။  ကျွန်တော်က လုပ်ပြနေတဲ့အချိန်မှာ အနီးကပ် ကြည့်ပေးကြပါ။ ကျွန်တော်က တစ်ခေါက် ချက်ပြပြီးရင် လုပ်နည်း အဆင့်တွေကို ပြန်ပြောပြပေးပြီး အားလုံးကို တစ်ခေါက် ပြန် လုပ်ခိုင်းမှာပါ”
သူက အနားရှိ လက်ထောက် ဆယ်ယောက်ကို ပြောလိုက်သည်။
လူတိုင်းက သဘာဝအလျောက် ချက်ပြုတ်ခြင်းနှင့် သင့်တော်ကြသည် မဟုတ်ချေ။ အချို့ဆိုလျှင် အနည်းငယ် သင်ကြားရုံနှင့် ကျွမ်းကျင်သွားကြပြီး အချို့ဆိုလျှင် မည်မျှပင်သင် ကြားစေကာမူ မီးဖိုချောင် လူသတ်သမားများ ဆက်ဖြစ်နေတတ်သည်။ ထို့ကြောင့် ယွမ့်ထန်းက တစ်ဆင့်ချင်း သင်ကြားသည့် နည်းလမ်းဖြင့် စတင်ကာ စောင့်ကြည့်ပြီးမှသာ အလားအလာရှိသူများကို ချန်ထားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ထိုလူများအားလုံးက ကျွမ်းကျင်အဆင့် စစ်သားများ ဖြစ်ကြလေရာ သူတို့အတွက်သာ အလားအလာ မရှိလျှင် မီးဖိုချောင်တွင်နေပြီး အချိန်မဖြုန်းခိုင်းသင့်ချေ။
“ ဟုတ်ကဲ့”
လက်ထောက် ဆယ်ယောက်လုံးက တစ်ညီတညာတည်း ဖြေကာ အလေးပြုကြသည်။ သူတို့က သည်နေရာသို့ မလာခင်ကတည်းက မာရှယ်ဟော်က သတိပေးထားပြီးသားဖြစ်သည်။ သူတို့သာ သည်နေ့ ဟင်းတစ်ခွက် မချက်တတ်လျှင် ညနေကျလျှင် လေ့ကျင့်ခန်း ​အပို လုပ်ရမည်ဟု ဆိုထားသည်။
ယွမ့်ထန်းက ခေါင်းညိတ်ပြီးသည်နှင့် စတင်တော့သည်။ သူက ပန်းကန်လုံးငယ်လေး တစ်လုံးကို ယူလိုက်ပြီး ကြက်ဥ ဖောက်ထည့်သည်။ ထို့နောက် ဆားနည်းနည်းထည့်သည်။ ထို့နောက် တူဖြင့် မွှေသည်။ တစ်ချိန်တည်းလိုလို လေးဆယ် ဒီဂရီရှိ ရေနွေးထည့်ကာ ရှစ်မိနစ်ခန့်အထိ မွှေနေလိုက်သည်။
အပေါ်ယံမှ အမြုပ်များကို ဖယ်ပြီးသည်နှင့် ပေါင်းအိုးထဲသို့ ပန်းကန်လုံးအတိုင်း ထည့်လိုက်သည်။ ဆယ်မိနစ်ခန့် ပေါင်းပြီးလျှင် အဆင်သင့်ဖြစ်လေပြီ။ ကြက်ဥပေါင်းက ဖျော့တော့သော ရနံ့ကို ထုတ်လွှတ်သည်။ အရောင်က ကြည်နေပြီး အပေါ်ယံမျက်နှာ့ပြင်က ချောမွေ့နေသည်။ ပဲငံပြာရည်များများနှင့်ခုတ်သင်ထားသည့် ကြက်သွန်မြိတ်တို့ကို ဖြူးလိုက်ရုံဖြင့် အသင့်စားနိုင်လေပြီ။
“အားလုံးပဲ လာမြည်းကြည့်ကြပါ”
ယွမ့်ထန်းက လူတိုင်းကို ဖိတ်ခေါ်သည်။
ထိုအခါ လက်ထောက် ဆယ်ယောက်ကလည်း တုံ့ဆိုင်းမနေဘဲ ဇွန်းအပြည့် တစ်ဇွန်းဆီ ခပ်ယူကြသည်။  တဖူးဖူး မှုတ်ပြီးသည်နှင့် ပါးစပ်ထဲ ထိုးထည့်ကြသည်။
ထိုကြက်ဥပေါင်းတစ်ပန်းကန်လုံးအတွက် လုပ်နည်းက ရိုးရှင်းပြီး အသွင်အ​​​​ပ​ြင်က နူးညံ့ပျော့ပျောင်းကာ အရသာကလည်း အလွန်ကောင်းသည်။ ထိုလူများအားလုံးက အရသာခံပြီးသောအခါ မျက်ဝန်းများ တောက်ပကုန်ကြသည်။ သူတို့ကလည်း ယွမ့်ထန်း၏ လက်ရာက ထိပ်တန်းဖြစ်ကြောင်း ကြားဖူးကြသည်။ သူက မည်သည့်ဟင်းချက်ပစ္စည်းများကိုမဆို  အလွန့်အလွန် စားကောင်းအောင် ပြောင်းလဲနိုင်စွမ်းရှိသည်ဟု ဆိုကြ၏။ အချို့ကဆိုလျှင် ဒါက ချဲ့ကားလွန်းသည်ဟု ထင်ခဲ့ကြသည်။ ယခုမှသာ ထိုစကားက မှန်ကန်နေကြောင်း သိလိုက်ရပြီး ယွမ့်ထန်းထံမှ သင်ယူရန် စိတ်အားထက်သန် ကုန်ကြသည်။
“ အခု ခင်ဗျားတို့အားလုံးလည်း ကျွန်တော်က လက်တွေ့ပြသွားတဲ့အတိုင်း လိုက်လုပ်ကြည့်ကြပါ”
“ ဟုတ်ကဲ့”
အားလုံးက တစ်ပြိုင်တည်း ဖြေကြသည်။ သူတို့ကလည်း ကျွမ်းကျင် စစ်သားများဖြစ်ကြလေရာ ယွမ့်ထန်း၏ လက်တွေ့ပြသွားသည့် လုပ်နည်းအတိုင်း တစ်ထပ်တည်း တူအောင် လုပ်နိုင်ကြလောက်သည်။ ထို့ကြောင့် ပန်းကန်လုံး တစ်လုံးဆီ ကောက်ယူပြီးသည်နှင့် ကြက်ဥကို လာကိုင်တော့သည်။ သူတို့က ကြက်ဥကို ဖောက်ကာ ပန်းကန်လုံးထဲ ထည့်သည်။ အားလုံးက တစ်ထပ်တည်း လုပ်နိုင်ကြသည်။ သို့သော် လူနှစ်ယောက်၏ လက်အားက ပြင်းသွားပြီး အခွံ့ပါ ပဲ့ကာ ကြက်ဥအနှစ်အကာနှင့်ရောပြီး ပန်းကန်လုံးထဲကျသည်။
ထိုနှစ်ယောက်လုံးက ယွမ့်ထန်းကိုသာ ချက်ချင်းလိုလို မော့ကြည့်လိုက်ကြသည်။ သနားစဖွယ်ကောင်းသော အမူအရာများနှင့် ပေါင်းလိုက်သော် ထိုနှစ်ယောက်က အပြစ်မကင်း ဖြစ်နေသော အမွေးပွ ခွေးများနှင့် တူသွားသည်။
ယွမ့်ထန်းက ကော့တက်ချင်နေသည့် နှုတ်ခမ်းများကို ဖုံးရန် လက်ဖြင့်ကာကာ ချောင်းဟန့်ပြီးမှသာ လေသံကို နှိမ့်လျက် ပြောလိုက်သည်။
“ ကိစ္စမရှိပါဘူး၊ ခင်ဗျားတို့က အခွံတွေကို ပြန်ဖယ်လိုက်လို့ရတယ်”
ထိုနှစ်ယောက်လည်း စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သို့သော် တူဖြင့် ကောက်ကြသည့်အခါ ကြက်ဥက ချောနေသည့် အတွက် ခက်ခဲနေတော့သည်။ နွားသိုး ကိုးကောင်နှင့် ကျားနှစ်ကောင် အားတို့ကို သုံးလိုက်မှသာ အခွံများကို ဖယ်နိုင်သွားသည်။ ထိုအချိန်တွင် အခြားလူများက ကြက်ဥကို မွှေပြီး၍  ရေနွေးပင် ထည့်နေလေပြီ။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now