Part 44

1.6K 231 3
                                    

Unicode

အပိုင်း (၄၄)
သူ့အနေနှင့် ထိုပုဂ္ဂိုလ်ကြီးများထဲမှ မည်သူ့ကိုမျှ ရန်မစရဲခဲ့ချေ။ ရန်စမည်ဟုလည်း မတွေးခဲ့ဘူးချေ။ ယခုအခါ သုံးယောက်လုံးကို တစ်ပြိုင်တည်းရန်စလိုက်မိသည်။ ဝေ့ကျိုးအနေနှင့် သူ တစ်နေ့တာ၏အလင်းရောင်ကို မြင်နိုင်ပါမည်လောဟု စတင်သံသယဝင်လာ၏။
“သူဌေး အခု ဘယ်လိုဖြစ်နေမှန်း ကျွန်တော်တို့လည်း နားမလည်နိုင်တော့ပါဘူး”
ဝေ့ကျိုး၏ လက်အောက်ငယ်သားများဖြစ်သော ပါပါရာဇီများက ထိတ်လန့်စွာ ခေါင်းငုံ့ထားကြသည်။
သို့သော် ယခုတော့ စကားများပြောရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူ့ကို လူတစ်ယောက်တည်းကသာ ကူညီနိုင်တော့၏။ ထို့ကြောင့် ဝေ့ကျိုးက အလင်းဦးနှောက်ကို အလျင်စလို ထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဆိုလိုက်သည်။ သိပ်မကြာခင်မှာ ချိတ်ဆက်မိသွား၏။
“ဘာလဲ”
တစ်ဖက်မှ အေးစက်ကာ မထူးခြားသောအမျိုးသားတစ်ယောက်၏လေသံက ထွက်လာသည်။
“ယဲ့ရှောက် အခုတော့ ကပ်ဘေးဆိုက်ပြီ၊ အဲဒီယွမ့်ထန်းဆိုတဲ့ကောင်က …”
“ငါ သိတယ်”
ဝေ့ကျိုး၏စကားမဆုံးသေးခင်ကတည်းက တစ်ဖက်က ဖြတ်ပြောလာသည်။
“ဒါဆို ကျွန်တော် ဘာဆက်လုပ်ရမလဲ”
ဝေ့ကျိုးက အထိတ်တလန့်ပြောသည်။
“ငါ မင်းကို ငါးသန်းပေးပြီးပြီ၊ ဒီကိစ္စက ဒီနေရာမှာတင် အဆုံးသတ်သွားပြီးပြီ၊ မင်း ဘာကိုပြောသင့်တယ် မပြောသင့်ဘူးဆိုတာ မင်းကိုယ်တိုင်သိသင့်တယ်”
တစ်ဖက်လူ၏လေသံက ယခင်အတိုင်း အေးစက်မြဲဖြစ်သည်။ အေးစက်လွန်းသဖြင့် တစ်ဖက်ကပင် အေးခဲမှုကိုခံစားရနိုင်၏။
“ဘာ”
ဝေ့ကျိုးက ကြောင်သွားသည်။
“ဒါက ပိုက်ဆံကို မေးနေတာမဟုတ်ဘူးလေ၊ အဲဒီကျိုးကျင်းဆိုတဲ့ကောင်က ကိစ္စတစ်ခုလုံးကို မြေလှန်ရှာတော့မှာ ဒီတော့ အဲဒီစာချုပ်ပုံကလည်း နှစ်ဖက်သဘောတူညီမှုနဲ့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ် ဖြစ်နေတယ်၊ သေချာပေါက် ကျွန်တော် ထောင်ထဲဝင်ရမှာပဲ”
“ဟမ့် ကိစ္စတွေကို ကိုယ်တိုင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာတောင် မသိဘူးပဲ၊ တကယ်ကို အသုံးမကျတဲ့အကောင်”
တစ်ဖက်သူက နှာခေါင်းရှုံ့သည်။
“ကိုယ့်ဘာသာ နည်းလမ်းရှာ”
“ယဲ့ရှောက် ဟယ်လို”
တစ်ဖက်သူက ချက်ချင်းဆိုသလို ဖုန်းကို ချသွားသည်။ တစ်ဖက်လူက ဒီကိစ္စထဲ ဝင်ပါချင်စိတ် မရှိကြောင်း သေချာနေ၏။
“မျိုးမစစ်ကောင် ကိစ္စတွေ ဒီလောက်ကြီးမှ ငါ့ကို ပိုက်ဆံနည်းနည်းထပ်ပေးရုံနဲ့ ချောက်တွန်းချင်နေတာပဲ”
ဝေ့ကျိုးက ပြတ်တောက်သွားသော ဖုန်းခေါ်ဆိုမှုကိုကြည့်ပြီး စားပွဲပေါ်မှ ပစ္စည်းများအားလုံးကို ဒေါသတကြီး လွှင့်ပစ်သည်။ သူ၏မျက်နှာက နီရဲလာပြီး လွင့်ထွက်သွားတော့မည့် ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်လာ၏။
“မင်းက ဒီလောက်အထိ ရက်စက်လာမှတော့ ငါ့ကို ဆိုးရွားတယ်ဆိုပြီး အပြစ်မတင်နဲ့တော့”
“ဟုတ်တယ်၊ အဲဒီယဲ့ရှောက်က …”
ပါပါရာဇီတစ်ယောက်က တုံ့ဆိုင်းနေသည်။
ထိုအခါ ဝေ့ကျိုး၏ဒေါသများက ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ငြိမ်းချမ်းသွား၏။ သူ၏မျက်နှာမှ နီရဲမှုကလည်း ပျောက်ကွယ်သွား၏။ သူ၏မျက်နှာက စတင်ဖြူဖျော့လာကာ ကြမ်းပြင်သို့ ဒူးထောက်လျက် ပြုတ်ကျသွားတော့သည်။
အို ငရဲဘုရင်တွေရဲ့တိုက်ပွဲမှာ သူ့လိုနတ်ဆိုးငယ်လေးက ခံစားရတော့မယ်၊ ဒီတစ်ကြိမ်တော့ သူ တကယ်အဆုံးသတ်ပြီပဲ။
တစ်နေ့တာသင်ကြားမှုကလည်း ပြီးစီးသွားသည့်အပြင် စတားနက်ဝေါ့မှ ကိစ္စကလည်း ဖြေရှင်းပြီးသွားသည့်အတွက် ယွမ့်ထန်းက အိမ်သို့ ပျော်ရွှင်စွာ ပြန်သွားသည်။ ယွမ့်ထန်းက အိမ်သို့ပြန်ရောက်ပြီးနောက် ဟော်ယွန်ရီ ထည့်ပြောခဲ့ဖူးသော တိုဟူးက ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ဉာဏ်ရည်မြင့် အိမ်တော်ထိန်းက သိုလှောင်ခန်းထဲတွင် လတ်ဆတ်အောင် ထည့်ထားပေးသည်။ သူက တံခါးကို ဖွင့်လိုက်သည်နှင့် အကယ်ဒမီသိပ္ပံက ထည့်ပေးလိုက်သော တိုဟူးအမျိုးအစားနှစ်မျိုးကို တွေ့လိုက်ရ၏။ တိုဟူးမာနှင့်တိုဟူးပျော့နှစ်ခုလုံးက အတုံးကြီး နှစ်တုံးစီ ပါဝင်နေသည်။ ထို့ကြောင့် သည်နေ့ညစာအတွက် တိုဟူးဟင်းလျာကိုသာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
တိုဟူးနှင့်အတူ ဘူးဆယ်ဘူးကျော်ကိုလည်း မြင်လိုက်ရသည်။ ဟော်ယွန်ရီက သူ့ကို သည်လိုဘူးများနှင့် ထည့်ပေးခြင်းက ထူးဆန်းသွားသည့်အတွက် ဖွင့်ကြည့်လိုက်မှသာ အထဲတွင် အကန့်ငယ်များဖြင့် ခွဲထားပြီး ကိုယ်တိုင်ဒီဇိုင်းဆွဲထားသည့် အထူးသီးသန့်ထမင်းဘူးများဖြစ်ကြောင်း မြင်လိုက်ရသည်။ ထိုသို့အကန့်များခွဲထားလျှင် ထမင်းနှင့်ဟင်းများ ခွဲထည့်ခြင်းက ပို၍ လွယ်ကူသွားပေလိမ့်မည်။ ဒါက သူ၏ယခင်ဘဝမှ နေ့လယ်စာထမင်းဘူးများနှင့်တူ၏။ သို့သော် ပိုမိုကောင်းမွန်သည့်ဘူး၏ ပြင်ဆင်ပုံများနှင့် အပူချိန်ထိန်းချုပ်နိုင်သည့် ဖန်ရှင်များကြောင့် စွပ်ပြုတ်ကိုလည်း အပူချိန် ထိန်းချုပ်ထားနိုင်သည့်အပြင် ဖိတ်စင်ခြင်းမှလည်း ကာကွယ်နိုင်ပေလိမ့်မည်။ အနာဂတ်မှ လူများ၏ဉာဏ်ရည်ကို မည်သူမျှ လျှော့မတွက်သင့်ချေ။
နှစ်ရက်တာလုံးလုံး သူက တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့ရသည့်အတွက် တစ်စုံတစ်ရာက လစ်လပ်နေသကဲ့သို့ အမြဲတစေခံစားခဲ့ရသည်။ သူ၏ချစ်စဖွယ်ကောင်းသော ကြည့်ရှုသူများကို လွမ်းနေလေပြီ။ ထို့ကြောင့် စိတ်အားတက်ကြွစွာဖြင့် သူ ချက်သည့်ဟင်းလျာများအပေါ် တုံ့ပြန်ချက်ပေးလာသည့် အပေါ် သတိရနေမိ၏။
ကိစ္စများကို ဖြေရှင်းပြီးပြီဆိုကတည်းက သူက တိုက်ရိုက်ထုတ်လွှင့်မှုကို သည်ညနေတွင် စတင်နိုင်လေပြီ။ ထိုသို့တွေးပြီးသည်နှင့် သူက သူ၏ဝေ့ပေါ်အကောင့်အတွင်းသို့ဝင်ပြီး တိုက်ရိုက်ထုတ်လွင့်မှု သတိပေးအကြောင်းကြားစာတို့ကို တင်လိုက်သည်။
“@ယွမ့်ထန်းV ..တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီည ည ၇ နာရီမှာ စတင်ပါမယ်”
[@ သစ်ပင်ဖက်ပဲမနေနိုင်ဘူး .. အိုးအိုးအိုး အချိန်က တိုက်ရိုက်ထုတ်လွှင်တဲ့အချိန်အထိ တိုက်ရိုက်ပျံသန်းသွားရင်ကောင်းမှာပဲ]
[@ မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ် .. ကောင်းလိုက်တာ နောက်ဆုံးတော့ ချစ်ရတဲ့တင်ဆက်သူပြန်လာခဲ့ပြီ]
[@ ညအချိန် စားချင်နေတဲ့ငါ .. ငါ နောက်ဆုံးတော့ အရသာ ရှိတာကို စားရတော့မယ်(ငိုနေတဲ့အီမိုဂျီ) ထုတ်လွှင့်မှုတွေ မရှိတဲ့အခါ ငါ့ဘဝက အလကားဖြစ်နေသလို ခံစားနေခဲ့ရတာ]
၇ နာရီမတိုင်ခင် ယွမ့်ထန်းက ပါဝင်ပစ္စည်းများပြင်ဆင်ထားသည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မှီစတင်၏။
ရလဒ်အနေဖြင့် သူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းသို့ ဝင်လိုက်ရုံနှင့်တင် မြောက်မြားလှစွာသော ရောင်စုံထူးခြားသည့် အက်ဖက်များထည့်ထားသော လက်ဆောင်များက သူ့ကိုပင် ကန်းစေမတတ်ဖြစ်သွားသည်။ သည်ချက်တင် ခန်းမတစ်ခုလုံးက အေးခဲသွားပြီး လုပ်ဆောင်မှုပင် ရပ်ဆိုင်းသွား၏။ သူက ချက်တင်ခန်းမှ လုံခြုံရေးအမြင့်ဆုံးအထိ ရရှိထားသော်လည်း သူကိုယ်တိုင်က ချက်တင်ခန်းကို ကိုယ်တိုင်ကြည့်ရှုသည်က ရှားပါးလေသည်။ ထို့အပြင် အွန်လိုင်းတက်နေသော လူအရေအတွက်ကို ကြည့်လိုက်ချိန်တွင် သန်းငါးရာပင် ကျော်နေကြောင်း မြင်လိုက်ရသည်။
“ဟယ်လို အားလုံးပဲ ကိုယ်ကတော့ မင်းတို့ရဲ့ယွမ့်ထန်းပါ၊ ဒီနေ့ ကိုယ်က မင်းတို့ကိုမာပိုတိုဟူး၊ တိုဟူးကြော် ချိုချဉ်နဲ့လတ်ဆတ်တဲ့ပုစွန်ထုပ်ကို စွပ်ပြုတ်ကို ချက်ပြမှာပဲဖြစ်ပါတယ်”
အစပ်ဟင်းလျာတစ်ခွက်၊ ချိုချဉ်ဟင်းလျာတစ်ခွက်နှင့် အငန်ထက်ကဲ့သော ဟင်းလျာတစ်ခွက် ပေါင်းစပ်လိုက်ချိန်တွင် ကြည့်ရှုသူတိုင်း၏စားချင်စိတ်ကို ကျေနပ်စေလိမ့်မည်ဟု သူ ယုံကြည်သည်။
[တစ်ချက်ထိရုံနဲ့ဆေးနံ့ရတယ် : ဘယ်လောက်တောင် သရေကျစေတဲ့ မိတ်ဆက်လဲ၊ တင်ဆက်သူ တင်ဆက်သူကို လွမ်းနေခဲ့တာပါ]
[ငါက တိတ်ဆိတ်ငြိမ်းချမ်းမှုကိုလိုလားတယ် : အား အား ကောင်ငယ်လေး ငါ့ရဲ့ယောက်ျားပဲ ဖြစ်လိုက်ပါတော့လား၊ ဒီလောက်ကောင်းတဲ့အသံနဲ့ ဖီး]
[ကျစ်ကွေ့ : တိုဟူးဟုတ်လား၊ ဒါက အကယ်ဒမီသိပ္ပံက သိပ်မကြာခင်မှာ ထုပ်ပိုးမှုပုံစံ၊ ချက်ပြုတ်မှုပုံစံတွေနဲ့ အသစ်ထုတ်လိုက်မယ်ဆိုတဲ့ စားသောက်ကုန်အသစ် မဟုတ်လား]
ယွမ့်ထန်းက အမဲခါးဆစ်ရိုးအသားကို ထုတ်လိုက်ပြီး အစိတ်စိတ်အပိုင်းပိုင်း ခုတ်သည်။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်ကာ ဘေးတွင် ထားထားလိုက်၏။ သူက တိုဟူးပျော့ကိုယူကာ အတုံးလေးများ တုံးပြီး ဆားများများထည့်ထားသော ရေနွေးအိုးထဲ ထည့်စိမ်ထားလိုက်သည်။ သည်နည်းအားဖြင့် တိုဟူးမှပါသော ပဲ၏ပြင်းထန်သည့်အရသာကို ဖယ်ရှားပြီးဖြစ်သလိုပို၍ နူးညံ့သွားစေလိမ့်မည်။ ထိုနည်းအားဖြင့် တစ်ချက်ထိရုံဖြင့်ပင် ပေါက်ထွက်သွားလောက်အောင် နူးညံ့သောအရသာကို ရရှိမည်ဖြစ်သည်။
သူက ဒယ်ပြားထဲသို့ ဆီအချို့ထည့်ကာ အပူပေးသည်။ ထို့နောက် ကြက်သွန်မြိတ်၊ အစိတ်စိတ်အပိုင်းပိုင်းခုတ်ပိုင်းထားသော ချင်းနှင့်ကြက်သွန်ဖြူတို့ကို ထည့်ကာ ဆီသပ်လိုက်ပြီး မွှေးပျံ့လာသည်အထိ မွှေနေလိုက်၏။ ကြည့်ရှုသူများက ရုတ်တရက် ခေါင်းတိုး အနံ့ရှူရင်း အနံ့မမွှန်သွားစေရန်အလို့ငှာ သူက အပိုပစ္စည်းများကို နောက်တစ်ဆင့်မတိုင်ခင် ထပ်ထည့်လိုက်သေးသည်။ သူက ခုတ်ပိုင်းထားသော အမဲသားကို ထည့်ကာ ဖြည်းညင်းစွာ မွှေပြီး နောက်ဆုံး ဖြူဖျော့သွားစေလိုက်၏။ သူက အသားအရောင်ပြောင်းလဲစေရန်အလို့ငှာ ပဲငန်ပြာရည်ထပ်ထည့်လိုက်သည်။ ထို့နောက် ငရုတ်ဆီထည့်ပြီး နီရဲသောအဆီရည်များ ထွက်လာသည်အထိ မွှေနေလိုက်၏။ အသား၏ပြင်းထန်သည့်ရနံ့က အစပ်ကဲသောရနံ့မျိုးနှင့် ပေါင်းစပ်ကာ လေထုအတွင်း ပေါင်းစပ်လာသည်။ အနီရဲရဲဆီများက အိုး၏အောက်ခြေတွင် တပွက်ပွက် ဆူနေ၏။ ကြည့်ရှုသူများက ထိန်းချုပ်နိုင်စွမ်းပင် မရှိကြတော့ချေ။
နောက်တစ်ဆင့်အနေနှင့် ယွမ့်ထန်းက တိုဟူးကို ခြောက်အောင် အရည်စစ်ထားလိုက်ပြီး ဒယ်ပြားထဲသို့ ထပ်ထည့်ထားလိုက်ကာ အပူချိန်နိမ့်နိမ့်ဖြင့် ပွက်ပွက်ဆူစေလိုက်သည်။ သူက ဟင်းနုနွယ်ရွက်များကို သုံးပိုင်းဆီပိုင်းကာ အနှစ်ပျစ်သွားစေရန် ထပ်ဖြည့်လိုက်သည်။ တိုဟူးက လျင်မြန်စွာ ကျက်သွားခဲ့ပြီး မျက်နှာပြင်က အနီရောင်ဆီများဖြင့် ဖုံးလွှမ်းလာပြီး သေးငယ်သော အပေါက်ငယ်လေးများကလည်း ပွက်ပွက်ဆူလာသည့်အတွက် ကြည့်ရှုသူတိုင်းကို စားချင်စိတ် ပြင်းပြလာစေသည်။
ယွမ့်ထန်းက ယောင်းမသုံးကာ တစ်ဖက်သို့လှန်ခြင်းမပြုပေ။ ထိုသို့လုပ်လျှင် ပဲ့ကျသွားနိုင်သေးသည်။ ထို့‌ကြောင့်ဒယ်အိုးကိုသာ အနည်းငယ်စောင်းလျက် နှံ့သွားအောင် လုပ်ရ၏။ သည်နည်းအားဖြင့် အပူချိန်မျှတစေလောက်သည်။ သူက ဒယ်ပြားကို အကြိမ်အနည်းငယ် လှည့်ပြီး  ပါဝင်ပစ္စည်းများနှင့် အစပ်အရသာကို ရောနှောသွားစေလိုက်သည်။ ထို့နောက် ပန်းကန်ပြားပေါ်သို့ချလိုက်ချိန်တွင် အပေါ်မှ ငရုတ်ကောင်းမှုန့်ဖြူးပြီး ကြက်သွန်မြိတ်များကို ဖြန့်ကာ အလှဆင်လိုက်သည်။ သည်နည်းအားဖြင့် အစပ်ထက်ကဲပြီး အရသာရှိသော မာပိုတိုဟူးက ပြီးဆုံးသွားခဲ့လေပြီ။
မာပိုတိုဟူးကို ပြန့်ပြူးနေသော ပန်းကန်ပြားပေါ်သို့ တင်သည်။ အနီရောင်အချဉ်များက အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြစ်နေသော တိုဟူးကို အလှဆင်ထား၏။ တစ်ကွဲတစ်ပြား စဉ်နေသော ထိုအနီရောင်အချဉ်စက်များကပင် ဖြူးထားသော အစိမ်းရောင် ကြက်သွန်မြိတ်များနှင့် ခုတ်ပိုင်းထားသောအသား၏ ရွှေရောင်သန်းမှုများကို ပေါင်းစပ်လိုက်သောအခါ ဟင်းလျာတစ်ခုလုံးကပင် မွှေးပျံ့ကာ အရသာရှိပြီး စားချင်စိတ်ကိုပြင်းထန်လာစေ၏။
ကြည့်ရှုသူများက ထိုဆွဲဆောင်မှုပြင်းသည့်ရနံ့ကြောင့် ပါးစပ်မှ သွားရည်ကျလုမတတ် ဖြစ်နေခဲ့လေပြီ။ သူတို့က ယွမ့်ထန်းကပန်းကန်ထဲ ထည့်ပြီးကြောင်း မြင်လိုက်သည်နှင့် သူ၏အချက်ပြမှုကိုပင် မစောင့်ကြတော့ဘဲ ပန်းကန်ပြားကို ဝိုင်းအုံလိုက်ကြသည်။
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: အရမ်းစပ်တာပဲ၊ ဒါပေမဲ့ အရမ်းအရသာရှိတယ်၊ တိုဟူးကလည်း နူးညံ့နေတာပဲ၊ အာ အာ အာ အရမ်းအရသာရှိလိုက်တာ(သွားရည်ကျနေသော အီမိုဂျီ)]
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ် : ဝိုး ဒါကို တိုဟူးလို့ ခေါ်တာလား၊ ကောင်းလိုက်တာ၊ အရမ်းလည်းမွှေးတယ်၊ ဒါနဲ့ဆိုရင် ထမင်းပန်းကန်လုံးကြီး နှစ်လုံးတောင်စားနိုင်တယ်]
[အချစ်ဆေးရည် : ဝါး ငါ အစပ်မစားနိုင်ဘူး၊ ဒါက စပ်လွန်းလို့ ငါ့ရဲ့နှုတ်ခမ်းတွေတောင် ပူလောင်ကုန်ပြီ၊ ဒါပေမဲ့ အရသာ ရှိလွန်းတယ်၊ ဒါကြောင့် ဆက်စားမိနေတုန်းပဲ…]
မာပိုတိုဟူးက ထုံထိုင်းစေမှု၊ အစပ်ဓာတ်ပြင်းပြမှု၊ လောင်ကျွမ်းမှု၊ မွှေးပျံ့မှု၊ နူးညံ့မှု၊ ပျော့ပျောင်းမှု၊ အရသာရှိမှု စသည်ဖြင့်အရာအားလုံးဖြင့် ဖော်ပြ၍မရနိုင်‌လောက်အောင် ကောင်းမွန်လေသည်။ အထူးသဖြင့် နှုတ်ခမ်းများကိုပင် ထုံထိုင်းစေသည့် အစပ်ဓာတ်က အရေးကြီးဆုံးဖြစ်သည်။ ထိုထုံထိုင်းသွားသည့် တစ်ခဏက စီချွမ်ငရုတ်ကောင်းကို ကိုယ်စားပြုပြီး ထိုအစပ်ဓာတ်က ငရုတ်ဆီထံမှ လာသည်။ ထိုငရုတ်ဆီကို သူက အနက်ရောင်ပဲအနှစ်ဖြင့် လုပ်ထားခြင်းဖြစ်၏။ သို့သော် ထိုအနက်ရောင်ပဲအနှစ်၏ ပျက်ကွက်မှုကြောင့်ယွမ်ထန်း၏အိမ်ချက် ငရုတ်ဆီက အနည်းငယ် လိုအပ်နေသေးသည့်တိုင် လူအများ၏အမြင်တွင် ကောင်းမွန်နေခဲ့ပြီဖြစ်သည်။ လူတိုင်းက အရသာခံပြီးသောအခါ ယွမ့်ထန်းက ဒုတိယမြောက်ဟင်းလျာကို စတင်ပြင်ဆင်သည်။
“အခုက ကိုယ်က တိုဟူးကြော်ချိုချဉ်ကို လုပ်ပြမှာပါ”
ကြည့်ရှုသူများ၏ မည်သို့သော တိုဟူးအမျိုးအစား ဖြစ်လာမည်နည်းဟူသော သုံးသပ်ချက်များ ရှိနိုင်လျက် သူက တစ်ခါတည်း ရှင်းပြလိုက်သည်။
“ဒီတိုဟူးနှစ်ခုက အရသာနဲ့ ပျော့ပျောင်းမှု ကွာခြားတယ်၊ သူတို့အားလုံးက ချက်နည်းပုံစံအမျိုးမျိုးနဲ့ သင့်တော်ကြပါတယ်၊ ဒီတိုဟူးမာကိုတော့ လှီးဖြတ်လိုက်မယ်ဆိုရင် အထဲမှာ အဝါရောင်သန်းနေပြီး အပြင်ဘက်ကတော့ ပိုမာနေတာကိုမြင်လိမ့်မယ်၊ ဒါကို ဒယ်ပြားနဲ့ကြော်ပြီး အမျိုးမျိုးလှန်တာမျိုး၊ နှပ်တာမျိုး၊ ကင်တာမျိုးအထိ လုပ်နိုင်ပါသေးတယ်၊ ဒါပေမဲ့ မွှေ‌‌ကြော်ဖို့အတွက်တော့ အားမပေးပါဘူး၊ မွှေကြော်ဖို့အတွက်ဆိုရင်တော့ ခုနက ကိုယ် ချက်ပြခဲ့တဲ့ တို့ဖူးပျော့က ပိုပြီးသင့်တော်မှာပါ”
“တိုဟူးပျော့ကတော့ အားလုံးပဲ စားဖူးကြပြီးဖြစ်တဲ့အတွက် နူးညံ့ပြီး ပျော့ပျောင်းတယ်၊ ရေစုပ်ယူမှုနှုန်းကလည်းမြင့်တယ်”
သူက မာပိုတိုဟူးမျှင်ကို ညွှန်ပြပြီးနောက်ပြောသည်။
“မင်းတို့လည်း အခုမြင်ကြတာပဲ၊ ဒီအပေါ်ယံမျက်နှာပြင်က နူးညံ့ပြီး အဖြူရောင်သန်းနေတယ်၊ ဒီတော့ ဟော့ပေါ့အတွက်ပဲဖြစ်ဖြစ်၊ စွပ်ပြုတ်အတွက်ပဲဖြစ်ဖြစ်၊ အခြားဟင်းချိုတွေအတွက်ပဲဖြစ်ဖြစ် တို့ဖူးပျော့က အရမ်းသင့်တော်ပါတယ်”
တစ်စုံတစ်ယောက်က ချက်ချင်းမေးလာသည်။
“ဟော့ပေါ့ဆိုတာက ဘာလဲ”
သူက ပြန်ဖြေသည်။
“ဟော့ပေါ့ဆိုတာက အရမ်းအရမ်းကို ထူးခြားတဲ့ဟင်းလျာတစ်မျိုးပေါ့၊ လုပ်ရတာလည်းရိုးရှင်းပြီး လူအများ ဝိုင်းပတ်စားသောက်ဖို့လည်း သင့်တော်တယ်၊ ကိုယ် အနာဂတ်မှာ ဒါကို တိုက်ရိုက်ထုတ်လွှင့်ဖြစ်မှာပါ၊ အခု‌လောလောဆယ်တော့ နောက်ထပ်ဟင်းတစ်ပွဲကိုပဲ ချက်ကြရအောင်”
သူက ပထမဦးစွာ ရှာလကာရည်၊ ပဲငန်ပြာရည်၊ သကြား၊ ဟင်းနုနွယ်ရွက်နှင့် ဆားအနည်းငယ်တို့ကိုထည့်ကာ ချိုချဉ်အချဉ်လုပ်ရန်အတွက် ဖယ်ထားလိုက်သည်။ ထို့နောက် တိုဟူးမာကို ရေဖြင့်ဆေးကြောပြီးနောက်တွင် စတုရန်းပုံသဏ္ဍာန် အစိတ်ပိုင်းလေးများလှီးသည်။ တစ်ခုစီက ၃ စင်တီမီတာခန့်ရှိ၏။ တိုဟူး၏ မျက်နှာပြင်ပေါ်သို့ ရေစုပ်သော အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်လိုက်သေးသည်။ ထို့နောက်တစ်ဆင့်အနေဖြင့် သူက ဒယ်ပြားကို ဆီဖြင့်အပူပေးထားပြီး တိုဟူးတုံးများကို ထည့်သည်။ ရွှေရောင်သန်းလာသည်အထိ ‌ကြော်၏။ ထို့နောက် အားလုံးကို ထုတ်ချလိုက်ကာ ဆီစစ်ထားပြီး ဆီနည်းနည်းသာ ကျန်တော့သည်အထိမှသာ ရပ်တန့်လိုက်သည်။ ထို့နောက် ထိုတိုဟူးကြော်ကို သူကိုယ်တိုင်ပြင်ဆင်ထားသည့် ချိုချဉ်အချဉ်နှင့် ရောနှောလိုက်သည်။ အပူချိန်ကို တပွက်ပွက်ဆူသည်အထိ အလယ်အလတ်လောက်အထိသာ ထားထားလိုက်ပြီး တိုဟူးကို ထိုအရသာ အချဉ်များကို စုပ်ယူသွားစေလိုက်သည်။
နောက်ဆုံးတွင် သူက လုံလောက်အောင် အပူပေးပြီးသည်ဟု ယူဆချိန်တွင် ဟင်းလျာက ပြီးဆုံးသွားပြီဖြစ်သည်။
[တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး ချက်နည်းပြုတ်နည်းသင်ယူနေတဲ့ငါ : အာ ဒီချိုချဉ်တိုဟူးက တကယ်အရသာရှိတာပဲ၊ ဒီတိုဟူးက မာနေလို့ ကြမ်းတမ်းမယ်လို့ ငါ ထင်ထားပေမဲ့ မမျှော်လင့်ထားဘဲ အတွင်းသားကတကယ်နူးညံ့နေတယ်၊ ဒါပေမဲ့ အ‌ရေးကြီးဆုံးအပိုင်းက လုပ်ရလွယ်တာပဲ၊ ငါ သေချာ‌ပေါက် အိမ်မှာ စမ်းလုပ်ကြည့်လို့ရပြီ]
[နွေဦးပျားရည် :အရသာရှိလိုက်တာ]
[ဝူမင် : ဟေး ဒါက တကယ်အရသာရှိတာပဲ၊ ငါလည်း မီးဖိုခန်းကို ဖျက်ဆီးတဲ့သူဖြစ်ခဲ့ဖူးပေမဲ့ ဒါကိုတော့ ချက်နိုင်မယ်လို့ထင်တယ်]
ကြွပ်ရွကာ ရွှေရောင်သန်းနေသော တိုဟူးအပေါ်ယံပြင်တွင် သိပ်သည်းသော ချိုချဉ်အချဉ်များက ဖုံးလွှမ်းနေပြီဖြစ်သည်။ အတွင်းသားသို့ပင် ထိုအရသာများက စိမ့်ဝင်နေလောက်၏။ အရသာပင်ဖြစ်စေ၊ ပုံပန်းသွင်ပြင်ပင်ဖြစ်စေ ထူးချွန်ပြောင်မြောက် လွန်းသည်။
လူအများစုက ထိုဟင်းလျာကို အလွန်သဘောကျကြောင်း မြင်သောအခါ ယွမ့်ထန်းက ပျော်ရွှင်သွားသည်။ သူက ပြော၏။
“တိုဟူးနဲ့ပုစွန်ဟင်းရည်လုပ်တာကလည်း တကယ်လွယ်ပါတယ်၊ အဓိကပါဝင်ပစ္စည်းတွေက တိုဟူးပျော့နဲ့ ပုစွန်ပဲလိုအပ်တယ်”
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now