Part 70

1.3K 204 3
                                    

Unicode
အပိုင်း ၇၀
ယွမ့်ယွီအနေနှင့် ပထမဦးဆုံးအကြိမ် သဘာဝအစားအစာကို စားဖူးခြင်းဖြစ်သည်။ အရသာရှိသော ကြက်သားစွပ်ပြုတ်ကို ပါးစပ်အပြည့် သောက်လိုက်ပြီးနောက်တွင် နွေးထွေးသောခံစားချက်က လည်ပင်းတစ်လျှောက် ပျံ့နှံ့သွားကာ လျှာပေါ်တွင်လည်း ကောင်းမွန်သည့်အရသာက ကျန်ရစ်သည်။ သူ မနေနိုင်ဘဲ မျက်လုံးပြူးသွားတော့သည်။
“အစ်ကို ဒါက ဘာလဲ”
“ဒါက ကြက်စွပ်ပြုတ်လေ၊ အစ်ကိုက ညီလေးအတွက် သေချာပြင်ဆင်ပြီး ချက်ပြုတ်ထားခဲ့တာ၊ ညီလေးရဲ့ခန္ဓာကိုယ်အတွက် ကောင်းတယ်”
သူက ပြုံးပြီးထပ်မေးသည်။
“ဘယ်လိုလဲ ရှောင်ယွီလေးက ကြိုက်ရဲ့လား”
“ကျွန်တော် ကြိုက်တယ်”
သူက အရသာရှိသော ကြက်စွပ်ပြုတ်ကို သောက်ပြီးနောက်တွင် ယွမ့်ယွီ၏ တစ်ကိုယ်လုံးက နွေးထွေးလာသလို ခံစားလိုက်ရသည်။ သူ၏မျက်လုံးများကပင် လခြမ်းကွေးသဖွယ် ချစ်မြတ်နိုးစွာ ကွေးသွားတော့သည်။
ယွမ့်ထန်းက အရာအားလုံးကို နူးညံ့သည့်အထိ အထူးတလည် ချက်ပြုတ်ထားခဲ့သည့်တိုင်အောင် ယွမ့်ယွီ၏အစာအိမ်က ပမာဏများလျှင် အစာခြေရန် ခက်ခဲမည်ကို စိုးရိမ်သည့်အတွက် အများကြီး မကျွေးရဲချေ။ ယွမ့်ယွီကိုသာ တောင်းပန်လျက် အနည်းငယ်သာ ကျွေးကာ ရပ်တန့်ထားရသည်။
စွပ်ပြုတ်ပန်းကန်လုံးတစ်ဝက်ခန့် ကျွေးပြီးနောက်တွင် ယွမ့်ထန်းက ရပ်တန့်လိုက် သည်။
“အစ်ကို ကျွန်တော် ထပ်စားချင်သေးတယ်”
ယွမ့်ယွီက သနားစဖွယ် နှုတ်ခမ်းစူသည်။ ပါးပြင်များကပင် ဖောင်းတက်နေ သေးသည်။
“မရသေးဘူး၊ တစ်ခါတည်း အများကြီးစားလို့မရဘူးလေ”
ယွမ့်ထန်းက ကလေး၏အစာအိမ်ကို အသာပုတ်လိုက်သည်။ သူက ပိန်ပါးလွန်းသည်။ ခန္ဓာကိုယ်တွင် အရိုးနှင့်အရေပြားကသာ ကျန်ရစ်တော့ကာ ဗိုက်လေးကပင် သိသိသာသာဖောင်းနေခြင်းဖြစ်သည်။
“လိမ္မာလေး အစ်ကိုက နောက်နေ့ကျရင် အရသာရှိတဲ့စွပ်ပြုတ်တွေ ထပ်ပြီးချက်ပေးမယ်”
“ကောင်းပြီ”
သူက စိတ်ပျက်သွားသော်လည်း ယွမ့်ယွီက နာခံစွာခေါင်းညိတ်လိုက်သည်။ သူက အခြားသော ဘူးတစ်ဘူးကို သတိပြုလိုက်မိသည့်အတွက် မေးလိုက်သည်။
“ဒါက ဘာလဲအစ်ကို”
“ဒါက အစ်ကို့ရဲ့ညစာပဲ”
ယွမ့်ယွီက သိချင်သွားသည်။
“အစ်ကို့ရဲ့ညစာက ကျွန်တော်နဲ့မတူဘူးလား”
“ယွမ့်ယွီရဲ့ကိုယ်က မကျန်းမာသေးတော့ အစာမာတွေ စားလို့မရဘူး၊ ဒါကြောင့် အရည်ပဲ သောက်လို့ရတယ်”
သူက စိတ်ရှည်စွာရှင်းပြသည်။
ယွမ့်ယွီကလည်း ခေါင်းညိတ်သည်။
“ဒါဆိုရင် အစ်ကိုပဲစားပါ”
“ကောင်းပြီ”
ထိုကလေးကနာခံပြီး သိတတ်ခြင်းက ယွမ့်ထန်း၏နှလုံးသားကို အရည်ပျော်ကျသွားစေသည်။ သူက တူကိုကောက်ကိုင်ပြီးနောက် စစားတော့သည်။ ကြက်သွန်မြိတ်ကြက်သားမှ မွှေးပျံ့သောရနံ့က တစ်ခါတည်းထွက်လာကာ ထိုကလေးက တံထွေးမျိုချနေတော့သည်။
ယွမ့်ထန်းကလည်း သူ စားနေခြင်းကို စောင့်ကြည့်ခိုင်းခြင်းက ရက်စက်လွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် အလင်းဦးနှောက်ကိုဖွင့်ကာ အရသာမျှဝေပေးနိုင်သည့်ခလုတ်ကို နှိမ့်လိုက်သည်။ သူက ချက်ချင်းဆိုသလို တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းထဲသို့ ဝင်လိုက်ပြီးသည်နှင့် သူ၏ကိုယ်ပိုင်ချက်ပြုတ်သည့် ဗီဒီယိုများကို ဖွင့်လိုက်သည်။
ကံဆိုးစွာဖြင့် သုံးဖက်မြင်ပုံရိပ်ကမူ မျှဝေ၍မရချေ။ မဟုတ်လျှင် ထိုကလေးက အရသာအားလုံးကို အရသာခံနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူ မျိုချ၍မရကတည်းက သူ၏ခန္ဓာကိုယ်အတွက် ပြဿနာမရှိနိုင်တော့ချေ။
ကလေးကလည်း ဖန်သားပြင်မှ လှပလွန်းသောစားစရာများ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရကာ မျက်လုံးက တလက်လက်တောက်ပလျက် စိုက်ကြည့်နေတော့သည်။ သူ၏အစ်ကိုဖြစ်သူက အလွန်တော်သည်ဟု ခံစားနေရလေသည်။
“အစ်ကို အစ်ကိုက တကယ်တော်တာပဲ၊ အရသာရှိတဲ့စားစရာတွေ အများကြီး လုပ်နိုင်တယ်”
ယွမ့်ယွီက သူ့ကို ထွက်သွားခွင့်မပြုနိုင်တော့ဟန်ရသည်။ သူ၏မျက်လုံးကပင် နီရဲလာပြီး အချိန်မရွေးငိုတော့မည့် အနေအထားအတိုင်းဖြစ်လာကာ အသနားခံတော့သည်။
“အစ်ကို မနက်ဖြန် ပြန်လာအုံးမှာလား”
“ဒါပေါ့ ရှောင်ယွီလေး ပြန်ကောင်းလာတဲ့အချိန်ကျရင် အစ်ကိုနဲ့အတူတူ ဆေးရုံက ဆင်းကြမယ်”
ကလေး၏သနားစဖွယ်အကြည့်လေးက ချစ်မြတ်နိုးစရာကောင်းလွန်းလှသည်။ ယွမ့်ထန်းက မနေနိုင်ဘဲ ဆံပင်ကိုထိုးဖွလိုက်တော့ကာ မျက်နှာလေးကို တစ်ချက်ပွတ်လျက် နဖူးကို နမ်းလိုက်သည်။
“အခု လိမ္မာနော်၊ ရှောင်ယွီက မနက်ဖြန် အစ်ကိုပြန်လာမှာကို စောင့်နေ ဟုတ်ပြီလား”
“အင်း”
ယွမ့်ယွီက တုန်လှုပ်စွာမျက်လုံးကိုမှိတ်ပြီး သူ့ကို မကြည့်ရဲတော့ချေ။ သူ၏ဖြူဖျော့နေသော သနားစဖွယ်မျက်နှာလေးက နီရဲနေကာ နှုတ်ခမ်းများက မဲ့ကျနေသည်။
“ကျွန်တော် ကျွန်တော် အစ်ကို့ကိုစောင့်နေမယ်”
ယွမ့်ထန်းက အလင်းဦးနှောက်ကို ပိတ်ပြီးနောက်တွင် ကလေးကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် ဘူးများကိုသိမ်းကာ အပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ထိုကလေးက ဗိုက်အပြည့်စားထားပြီးသောကြောင့် စိတ်အခြေအနေကောင်းနေကာ အိပ်ပျော်သွားတော့သည်။
ဟော်ယွန်ချန်းက အပြင်တွင် တစ်ချိန်လုံးစောင့်နေခြင်း ဖြစ်သည်။ သူက ထွက်လာသော ယွမ့်ထန်းကို မြင်လိုက်ချိန်တွင် ယွမ့်ထန်း၏အနားသို့ ကပ်လာသည်။ ထို့နောက် ယွမ့်ထန်းက အနားတွင်ရှိသော ဝမ်ခွန်း၏အမူအရာကို မြင်ရသဖြင့် မေးလိုက်သည်။
“ဦးလေးခွန်းက မပြန်ဘူးလား”
“သူနဲ့ကျန်းဖန်တို့က အခြားကိစ္စတွေကို ကိုင်တွယ်ဖို့ရှိတယ်၊ ကိုတို့ကတော့ ကိုယ်တိုင်ပြန်ရမှာ”
ယွမ့်ထန်းနှင့်ယခင်အိမ်နီးချင်းများ၏ အင်တာဗျူးထားသည့်ဗီဒီယိုက ရရှိထားပြီး ဖြစ်သော်လည်း ဆေးရုံမှ မှတ်တမ်းများ အားလုံးကိုလည်း လိုအပ်နေသေးသည်။ ထို့အပြင် ဆရာဝန်များနှင့် သူနာပြုများထံမှ အတည်ပြုသော ရလဒ်များအားလုံးက တရားခွင်တွင် တင်ပြနိုင်သည့် အရေးကြီးသော သက်သေများ ဖြစ်နေသည့်အတွက် ခိုင်ရှင်းကို ဆွဲချနိုင်မည်ဖြစ်သည်။ ဝမ်ခွန်းနှင့်ကျန်းဖန်တို့က သက်သေများကို ကိုင်တွယ်နေကြချိန်တွင် သူတို့က ကျိုးကျင်းကို ထိုကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရန် လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်။ ထိုတစ်ကိုယ်ကောင်းဆန်သော အမျိုးသမီးကို ယွမ့်ထန်းနှင့်ယွမ့်ယွီတို့၏ဘဝထဲသို့ ဝင်ရောက် စွက်ဖက်ခြင်းကို ခွင့်မပြုထားနိုင်တော့ပေ။
“ကောင်းပြီ”
ယွမ့်ထန်းက ခေါင်းညိတ်သည်။ ဟော်ယွန်ချန်း၏အမူအရာ အနည်းငယ် ထူးဆန်းနေကြောင်း သတိထား လိုက်မိသောအခါ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ချန်းကော ဘာဖြစ်လို့လဲ၊ ညစာကို သဘောမကျလို့လား”
ဟော်ယွန်ချန်းက ခေါင်းခါသည်။
“မဟုတ်ပါဘူး၊ အရမ်းအရသာရှိပါတယ်”
ယွမ့်ထန်းက ဆက်မတွေးတော့ဘဲ မေးလိုက်သည်။
“ချန်းကော ကျွန်တော်တို့ အလင်းဦးနှောက် ဝယ်လို့ရတဲ့နေရာများ မရှိဘူးလား”
“ရှိတာပေါ့၊ ဘာလို့အလင်းဦးနှောက် ဝယ်ချင်တာလဲ”
ယွမ့်ထန်းက ပြောသည်။
“ကျွန်တော် ရှောင်ယွီအတွက် အလင်းဦးနှောက်ဝယ်ပေးချင်တယ်”
ကလေးက လုံခြုံမှုကို ကာကွယ်နိုင်စွမ်း မရှိချေ။ အလင်းဦးနှောက်ရှိလျှင် ယွမ့်ထန်းက မရှိလျှင်ပင် ယွမ့်ယွီအနေဖြင့် အထီးမကျန်တော့ဘဲ ယွမ့်ထန်းကိုလည်း အလင်းဦးနှောက်မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် သူ၏တိုက်ရိုက်ထုတ်လွင့်မှုများကို ကြည့်နိုင်သလို သူကပင် တစ်ခါမှ အရသာမခံဖူးသော စားစရာများကို အရသာခံနိုင်ပေလိမ့်မည်။
“ကောင်းပြီ မနက်ဖြန်ကျရင် ကိုယ်တို့သွားဝယ်ကြတာပေါ့”
ဂြိုလ်နံပါတ် ၁၉ ၏ ဝန်ဆောင်မှုက မမြင့်သော်လည်း လူအများစုက ဈေးပေါသော ဆက်သွယ်ရေးများကို သုံးပြီး နေကြသည့်တိုင်အောင် လူချမ်းသာများက သည်နေရာတွင် နေထိုင်ကြသေးသည့်အတွက် အလင်းဦးနှောက်များကိုလည်း ဝယ်ယူရရှိနိုင်လေသည်။
“ကောင်းပြီ”
ယွမ့်ထန်းက သူ့ကို ပြုံးပြီးနောက် လင်းလက်စွာပြောသည်။
“ချန်းကော ချန်းကောက တကယ့်ကို လူကောင်းတစ်ယောက်ပဲ”
ရုတ်တရက် ဟော်ယွန်ချန်း၏နားများက နီရဲသွားပြန်သည်။
နှစ်ယောက်လုံးက သူတို့ငှားထားသောအိမ်သို့ ပြန်သည်။ အတန်ငယ် သန့်ရှင်းရေး လုပ်လိုက်ကြကာ အနားယူသည်။
တစ်ညတာကောင်းမွန်စွာ အိပ်စက်အနားယူပြီးနောက် …
နောက်တစ်နေ့မနက်တွင် ယွမ့်ထန်းက မနက်စောစောထပြီး ကြက်သားစွပ်ပြုတ်တစ်အိုးကြီး ပြင်ဆင်လိုက်သည်။ သူက ဟော်ယွန်ချန်းနှင့်အတူ စားပြီးနောက်တွင် ဆေးရုံသို့ယူသွားပေးသည်။ ကျန်သောအရာများအတွက်ကမူ ဝမ်ခွန်းနှင့်ကျန်းဖန်တို့အတွက်ဖြစ်သည်။ နှစ်ယောက်သားက ဆေးရုံသို့ ဦးဆောင်သွားလိုက်ကြသည်။ ယွမ်ယွီကနိုးနေလေပြီ။ ဒေါက်တာထန်းကလည်း သူ့ကိုရုပ်ပိုင်းဆိုင်ရာ စစ်ဆေးနေခဲ့သည်။ ယွမ့်ထန်းနှင့်ဟော်ယွန်ချန်းတို့ ဝင်လာကြောင်း မြင်သောအခါ ခေါင်းညိတ်ပြသည်။
“ဆရာ ရှောင်ယွီရဲ့အခြေအနေက ဘယ်လိုရှိပါသလဲ”
ယွမ့်ထန်းက ဒေါက်တာထန်း စမ်းသပ်စစ်ဆေးမှုပြီးဆုံးသည်အထိ စောင့်ပြီးနောက်တွင် အပြင်သို့ အတူထွက်လာကာမေးလိုက်သည်။
“မြေဆွဲအားကင်းလွတ်တဲ့ဆေးရုံခန်းက သူနဲ့တကယ်သင့်တော်တယ်၊ သူ့ရဲ့အခြေအနေက တော်တော်တိုးတက်လာပြီ၊ ကောင်းမွန်တဲ့အခြေအနေလို့ပြောရမှာပဲ၊ သူနဲ့အတူနေပြီး ပျော်ရွှင်အောင်ထားပါ၊ ကလေးက ဒီလိုနည်းနဲ့မှ ပိုပြီးကောင်းကောင်းမွန်မွန်နဲ့ သက်သာလာနိုင်လိမ့်မယ်”
ဒေါက်တာထန်း၏စကားများကို နားထောင်ပြီးနောက်တွင် ယွမ့်ထန်းက စိတ်အေးသွားကာ တည်ငြိမ်စွာခေါင်းညိတ်သည်။
“ကျွန်တော် အတူနေမှာပါ”
“မင်း …”
ယွမ့်ယွီ၏အခြေအနေကို ပြောနေရင်းမှ ဒေါက်တာထန်းက တစ်စုံတစ်ရာကို ပြောလိုသော်လည်း ရပ်တန့်လိုက်သွားရသည်။
“ဟုတ်ကဲ့”
“ငါ ကြားတာတော့ မင်းက အစားအသောက်တင်ဆက်သူဆိုပဲ၊ မင်း ရှောင်ယွီအတွက် ချက်ပေးခဲ့တာလား”
သူ ဆေးရုံခန်းအတွင်းသို့ ဝင်လာကတည်းက ဒေါက်တာထန်းက ရှောင်ယွီက သူ့အစ်ကို၏ဟင်းလျာက မည်မျှအရသာရှိကြောင်း ဆက်တိုက်ပြောနေခြင်းကို နားထောင်ခဲ့ရသည်။ သူ၏ဟင်းချက်လက်ရာက မည်မျှပင်အရသာရှိကြောင်း ကြားနေရသဖြင့်မနေနိုင်ဘဲ မေးလိုက်မိခြင်းဖြစ်သည်။
“ဟုတ်ကဲ့ ပြဿနာရှိလို့ပါသလား”
“မဟုတ်ပါဘူး ရှောင်ယွီက အရင်ကထက်ပိုပြီး တက်ကြွနေတယ်လို့ ငါ ခံစားရလို့ပါ၊ မင်းပြင်ဆင်ပေးတဲ့စားစရာတွေက သူအားဖြည့်ဖို့အတွက် အားဖြည့်ဆေးတွေထက်တောင်ပိုပြီး သက်ရောက်မှုရှိနေသလိုပဲ”
“ဒါဆိုရင် ကောင်းတာပေါ့”
ယွမ့်ထန်း၏မျက်နှာက ပျော်ရွှင်သွားသည်။ သဘာဝစားစရာများမှ ရသော အာဟာရဓါတ်က သူမျှော်လင့်ထားသည့်အတိုင်း အလွန်သက်ရောက်မှုရှိနေခဲ့သည်။ ယွမ့်ယွီအတွက် ကောင်းသည်ဆိုကတည်းက သူက များများပြင်ဆင်ပေးသင့်သည်။
ဆေးရုံခန်းထဲသို့ဝင်ရောက်ပြီးနောက်တွင် ယွမ့်ထန်းကလည်း ဟော်ယွန်ချန်းက ယွမ့်ယွီကို ဆန်ပြုတ်တိုက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ဟော်ယွန်ချန်း၏ မျက်နှာတွင် ရှားပါးသော ညင်သာသည့်အမူအရာက ပေါ်ထွက်နေသည်။ သူက အလွန်အမင်းစိတ်ရှည်နေပြီး ယွမ့်ယွီနှင့်ပင် စကားပြော နေသေးလေသည်။ သို့ရာတွင် သူတို့ပြောသောစကားက သူနှင့်သာ သက်ဆိုင်နေသည်။ ဒါက ယွမ့်ထန်းကို ရှက်လာစေသည်။
“ချန်းကော ချန်းကော ကျွန်တော်တို့ လူလဲကြမလား”
ယွမ့်ထန်းက အပြုံးနှင့်မေးလိုက်သည်။
“အင်း”
ဟော်ယွန်ချန်းက မတ်တပ်ထရပ်လာပြီး ယွမ့်ထန်းအတွက် လမ်းဖယ်ပေးသည်။
စွပ်ပြုတ်က အချိန်အတန်ကြာ ပြုတ်ထားပြီးသားဖြစ်သဖြင့် အထဲတွင် ကြက်သားက နူးညံ့သည်အထိ အချက်ခံထားရသည်။ ဆန်ပြုတ်ထဲတွင်လည်း ကြက်သား၏အာဟာရဓါတ်များကို အပြည့်အဝစုပ်ယူထားပြီးဖြစ်လေရာ ပါးစပ်ထဲတွင်ပင် သိပ်သည်းကာ နူးညံ့သည့်အရသာများက ပျော်ဝင်သွားပြီဖြစ်သည်။ ဖော်ပြ၍မရနိုင်လောက်အောင် ကောင်းမွန်သည့်အရသာကို ခံစားရမည်ဖြစ်လေရာ ယွမ့်ယွီက သဘောတကျ သောက်သည်။ သူက ပျော်ရွှင်နေသေးလေသည်။
စားသောက်ပြီးနောက်တွင် သူနာပြုက ယွမ့်ယွီအတွက် ဆေးတွန်းလှည်းကို တွန်းကာဝင်လာသည်။ ယွမ့်ယွီက သူနာပြုများက သူကို ထိုအတွင်းသို့ထည့်ခြင်းကို ညင်သာစွာဖြင့် လက်ခံသည်။ သူက နာနာခံခံဖြင့် လိုက်ပါဆောင်ရွက်သည်။ ထိုအချိန်အတွင်း ဆေးဖန်ပေါင်းချောင်ထဲတွင် ယွမ့်ယွီ၏ကုစားမှုအတွက် အလွန်အကျိုးရှိသော ဆေးရည်များကို ထည့်သွင်းထားခြင်းဖြစ်ပြီး ယခင်ကကဲ့သို့ အသက်ကယ်ရသည့်အရေးပေါ်အခြေအနေတွင် ထည့်သုံးရသည့် အားဖြည့်ဆေးများ မဟုတ်တော့ချေ။
ယွမ့်ယွီက တစ်နေ့လျှင် ထိုကဲ့သို့ နှစ်ကြိမ်ဆေးကုသမှုခံရလေသည်။ တစ်ကြိမ်တိုင်း သုံးနာရီကြာသည်။ ၆ပတ်ခန့်ကြာပြီးနောက်တွင် သူ၏ခန္ဓာကိုယ်က ကုသမှုပြီးဆုံးသည်ဟု ဆိုနိုင်လေသည်။ ထိုသို့ဆိုလျှင် သူ၏ကိုယ်အတွင်းမှ ဒဏ်ရာများက ငြိမ်သက်စပြုလာလိမ့်မည်။
ယွမ့်ယွီက ကုသနေချိန်တွင် ယွမ့်ထန်းက ဟော်ယွန်ချန်းနှင့်အတူ ဆေးရုံမှ အပြင်ထွက်ကာ အလင်းဦးနှောက်ကိုသွားဝယ်သည်။ အလင်းဦးနှောက်တွင် ဖန်ရှင်ပေါင်းများစွာပါတတ်ပြီး ဝယ်ယူရတာမြန်ဆန်သော်လည်း ဈေးနှုန်းက အလွန်ကြီးသည်။ တစ်စုံလျှင် တစ်သိန်းကျသင့်မည်ဖြစ်ပြီး သာမန်ဆက်သွယ်ရေး စက်များထက် အဆနှစ်ဆယ်ခန့် ဈေးကြီးလေသည်။ သို့သော် ပိုက်ဆံများများ ပေးရသလောက်တန်သည်။ ယွမ့်ထန်းကလည်း သဘောတကျပေးချေလိုက်တော့သည်။
အလင်းဦးနှောက်ကို ဝယ်ပြီးနောက် ယွမ့်ထန်းက အိမ်သို့ပြန်ကာ နေ့လည်စာအတွက်ပြင်ဆင်သည်။ သူက မနေ့က သည်နေ့ တိုက်ရိုက်ထုတ်လွှင့်ပါမည်ဟု ကတိပေးခဲ့ကတည်းက ပြင်ဆင်ရတော့ပေမည်။ ထို့ကြောင့် ယွမ့်ထန်းက သည်နေ့ဟင်းလျာနှစ်ပွဲနှင့် ဟင်းချိုတစ်ခွက်လုပ်ရန် ပြင်ဆင်ထားသည်။ အရသာရှိသော နံရိုး၊ ကြက်သွန်နှင့်တရုတ်ဟင်းနုနွယ်ရွက်ကြော်နှင့် နံရိုးစွပ်ပြုတ်တို့ကို ပြင်ဆင်မည်ဖြစ်သည်။ တရုတ်လူမျိုးများက ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်မည့် အစားအသောက်၏အရည်အသွေးကို အာရုံစိုက်လေ့ရှိကြသည်။ ယွမ့်ယွီက အလွန်အားနည်းနေပြီး အရိုးများကလည်း ကျိုးပဲ့လွယ်နေလေရာ ကဆီဓါတ်နှင့် ကော်လဂျင်ဓါတ်က လိုအပ်နေလေသည်။
“ဟယ်လို အားလုံးပဲ ကိုက မင်းတို့ရဲ့တင်ဆက်သူယွမ့်ထန်းပါ၊ ဒီနေ့ ကိုယ်က မင်းတို့ကို အရသာရှိတဲ့နံရိုးနဲ့ နံရိုးစွပ်ပြုတ်တို့ကို ပြင်ဆင်ပေးမှာဖြစ်ပါတယ်”
[မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ် .. ဝါး ငါ ရုတ်တရက် အံ့အားတကြီးငိုချင်သွားပြီ၊ တင်ဆက်သူ တင်ဆက်သူကို အကြာကြီးစောင့်ပြီးတဲ့နောက်မှာ သရေကျစရာအရာတွေနဲ့အတူ ပြန်လာပြီပေါ့]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး .. တင်ဆက်သူ နောက်ဆုံးတော့ လိုင်းတက်လာပြီပေါ့၊ ငါ အရမ်းခံစားသွားရပြီ ငါ ငိုနေပါပြီ၊ သုံးရက်တောင် ငါ ဘာမှ မစားဘဲ နေခဲ့ရတာ၊ တင်ဆက်သူသာမရှိရင် အားဖြည့်ဆေးရည်တွေကိုလည်း မသောက်ချင်တော့ဘူး]
[လူကြီးမင်းမြက် .. မင်း ပြန်လာပြီ၊ တင်ဆက်သူ သက်တော်ရာကျော်ရှည်ပါစေ]
[ရွှမ်ယွမ်ကျစ်လုံ .. တင်ဆက်သူ တင်ဆက်သူ ငါတို့အတွက် သေချာပြင်ဆင်ပေးဖို့ လိုအပ်တယ်]
[ပျံလွှားငှက်လေးပြန်လာပြီ .. ဟုတ်တယ်ဟုတ်တယ် ဒါမှန်တယ်၊ မဲတွေအများကြီး နှိုက်ပေးဖို့လိုအပ်တယ်]
ယွမ့်ထန်းက ရှက်သွားသည်။
“ကိုယ် အားလုံးကို စိတ်ပျက်စေမှာပဲစိုးရိမ်ရတယ်၊ အခု ဂြိုလ်နံပါတ် ၁၉ ကိုယ်ရောက်နေပြီး ညီငယ်လေးကိုလည်း ရှာတွေ့သွားပြီ၊ ဒါပေမယ့် ဒီနေရာက အရမ်းခေါင်ပြီး အာကာသပစ္စည်းသယ်ယူပို့ဆောင်မှုကလည်း အဓိကမြို့တော်လောက် မဖွံ့ဖြိုးမတိုးတက်သေးတော့ လူတိုင်းအတွက် မဲနှိုက်ပေးနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် မြို့တော်ကိုပြန်ရောက်တာနဲ့ အားလုံးအတွက် သေချာပေါက် ကောင်းကောင်းပြင်ဆင် ပေးမှာပါ”
ဟော်ယွန်ချန်းက သည်နေ့တွင် ခိုင်ရှင်းကို တရားစွဲရန်အတွက် ကျိုးကျင်းကို ပြင်ဆင်ခိုင်းပြီးလေပြီ။ တရားရုံးကလည်း တရားစွဲဆိုမှုကိုလက်ခံကာ မျက်မြင်သက်သေများအားလုံးကလည်း စုဆောင်းပြီးသားဖြစ်လေသည်။ သူမက လက်ရှိအခြေအနေတွင် ထိန်းသိမ်းခံထားရပြီး ကိုယ့်ကိုယ်ကို ဒုက္ခပေးကာ တရားစွဲဆိုခံရခြင်းကို နှောင့်နှေးကြန့်ကြာအောင် မလုပ်နိုင်တော့ချေ။ သူတို့အားလုံးက အထူးချန်နယ်နှင့် ဆက်သွယ်ထားပြီးဖြစ်သည့်အလျောက် မနက်ဖြန် သို့မဟုတ် သဘက်ခါဆိုလျှင် တရားရုံးတွင် တင်သွင်းကြတော့မည်ဖြစ်လေရာ သူတို့ ရောက်ရှိနေသောနေရာကို ဖုံးကွယ်ရန် မလိုအပ်တော့ချေ။ မည်သို့ပင်ဆိုစေ ခိုင်ရှင်းအတွက် လက်ရှိအခြေအနေမှ ဆုံးရှုံးထားပြီးသားအရာအားလုံးကို ပြန်လည်ပြင်ဆင်ရန် ခက်ခဲသွားတော့မည်ဖြစ်သည်။
[အချစ်ရဆုံးပန်းလေး .. ဒီတော့ ဒီလိုအခြေအနေဖြစ်နေတာကိုး၊ မီးဖိုခန်းက ပြောင်းလဲသွားတယ်လို့ထင်နေတာ အံ့ဩစရာမရှိတော့ဘူးပဲ]
[ထန်း ထန်း ထန်း ထန်း ထန်း .. မင်းရဲ့ညီငယ်လေးက ပိုပြီးအရေးကြီးပါတယ် တင်ဆက်သူ တင်ဆက်သူရဲ့ညီငယ်လေးကို ကောင်းကောင်းစောင့်ရှောက်ပါ]
[ပူစီဖောင်းလေး ပူဖောင်းလေး .. ဝိုး တင်ဆက်သူ နောက်ဆုံးတော့ အိမ်ပြန်သွားပြီလား၊ ညီလေးက ဘယ်လိုနေလဲ]
[ဟန်ကျားသီချင်း .. တင်ဆက်သူရဲ့ညီလေးကိုလည်း မြင်ချင်လိုက်တာ သူကလည်း နောက်ထပ်မီးဖိုခန်းနတ်ဘုရားဖြစ်လာနိုင်တယ်]
[ချစ်ရတဲ့ထန်းထန်းလေးရဲ့အသည်းအသက် .. သူကလည်း နောက်ထပ်ရုပ်ရှင်ဧကရာဇ်ပဲဖြစ်မှာ]
ကြည့်ရှုသူများက နားလည်မှုရှိကြသည်။ သူတို့က ညီငယ်ဖြစ်သူ ဆေးရုံပေါ်တွင် လဲနေသောပုံများကို ဝေ့ပေါ်ပေါ်တွင် မြင်ခဲ့ရပြီးကတည်းက သူ၏ခန္ဓာကိုယ်က မည်မျှအားနည်းနေကြောင်း သိကြသည့်အတွက် အားယွီ၏အခြေအနေအတွက် စိုးရိမ်နေကြလေသည်။
“ယွမ့်ယွီကို ကုသမှု ခံယူနေပါပြီ၊ သူ့ရဲ့အခြေအနေက နည်းနည်းတည်ငြိမ်သွားပြီ၊ အရာအားလုံးက အဆင်ပြေသွားပြီဆိုရင် သူ့ကိုကြယ်မြို့တော်ကိုပြန်ခေါ်လာပြီး ဆေးရုံမှာပဲ ဂရုစိုက်ပေးတော့မှာပါ”
ယွမ့်ထန်းက အကြောင်းအရာကို ချက်ချင်းဆိုသလိုပြောင်းလိုက်သည်။ သူက ပရိတ်သတ်များကို အကြမ်းဖျင်းရှင်းပြပြီးသည်နှင့် ချက်ချင်းဆိုသလို စတင်ချက်ပြုတ်လိုက်တော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now