Part 80

1.4K 244 2
                                    

Unicode
အပိုင်း ၈၀
ခိုင်ရှင်းကိုယ်တိုင်ကလည်း အခြေအနေက သည်လိုပြောင်းလဲသွားမည်ဟု မထင်ထားမိချေ။
သူမက ကိုယ်တိုင်ကိုယ်ကျ သတင်းထောက်ပေါင်းများစွာကို အကြောင်းကြားထားပြီး အလွန်အမင်း ပြင်းထန်သည့်ဖိအားကြောင့် ယွမ့်ထန်းက သူမအား ခွင့်လွှတ်လိုက်ရသည်ဆိုသော အခြေအနေကို ရယူလိုသည့်အတွက် ရင်ဘတ်တွင်ပင် ကင်မရာအသေးစားကို တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင်မူ သူမ၏သရုပ်ဆောင်မှုက အလကားဖြစ်သွားခဲ့ရလေသည်။ ထိုသတင်းထောက်နှင့် အသေးစားကင်မရာကလည်း သူမ၏ဆိုးရွားသည့် အခြေအနေကိုသာ ဖမ်းယူမှတ်တမ်း တင်သွားခဲ့သည်။
ထိုလူများက သူတို့၏ကင်မရာများကို သူမထံ ချိန်ထားကြောင်းမြင်သောအခါ သူမ၏သွေးများက ခေါင်းသို့ ထိုးတက်သွားသည်။ သူ ထိုလူများထံပြေးဝင်သွားပြီး သူမတွင်ရှိသမျှ တတ်စွမ်းသမျှအားကိုသုံးပြီး ထိုလူများကို တိုက်ခိုက်တော့သည်။
သွားပြီ ငါကတော့သွားပြီ။
ထိုသတင်းထောက်များကလည်း အရူးများ မဟုတ်ကြချေ။ ခိုင်ရှင်းက ထိုသို့မြင်ရန် မသင့်တော်သည့် တိုက်ပွဲကိုဖန်တီးခဲ့သည်။ သူတို့က ခိုင်ရှင်းထံမှ ကန်ချက်အချို့ကို ရရှိသည့်တိုင်အောင် အင်ပါယာ၏လေးစားရသော စည်းမျဉ်းများကြောင့် အမျိုးသမီးတစ်ယောက်ကို ပိုက်ဆံကြောင့်ပင်ဖြစ်စေ၊ အာဏာကြောင့်ပင်ဖြစ်စေ ခက်ခဲအောင်လုပ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မည်သည့်သတင်းကို ထုတ်ပြန်ကြေညာရမည်။ မည်သည့်သတင်းကို မထုတ်ပြန်ကြေညာရဟု မည်သူမှလည်း မပြောပြထားကြပေ။ သူတို့အတွက် ခေါင်းစီးပိုင်းတွင် ပွက်လောရိုက်သွားလောက်အောင် ကျော်ကြားမည်ဟု ယူဆလျှင် သူတို့က မည်သည့်သတင်းကိုမဆို အတူတူဟုသာ သတ်မှတ်လေသည်။
လက်ရှိအချိန်တွင် ခိုင်ရှင်းက ရူးသွပ်သွားပြီ ဖြစ်သည်။ သူတို့က သူမနှင့်အတူ ဆက်နေရန် အကြောင်းမရှိတော့ချေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးကလည်း မှတ်တမ်းတင်သင့်သမျှအားလုံးကို မှတ်တမ်းတင်ပြီးသားဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့်ပင် ကားပေါ်သို့တက်ပြီး ထွက်ခွာသွားကြကာ ခိုင်ရှင်းကို သူတို့၏ကားအနောက်မှ ဖုန်လုံးများကြားတွင် ချန်ထားရစ်ခဲ့လိုက်သည်။
သူတို့၏ကားများထဲသို့ရောက်ပြီးသည်နှင့် သတင်းထောက်များအားလုံးက ဆောင်းပါးပြင်ဆင်ရန်အတွက် လက်တယားယားဖြစ်နေကြကာ သတင်းကို ပထမဦးဆုံး ထုတ်ပြန်နိုင်မည့်အခွင့်အရေးကို ရယူလိုနေကြသည်။ ထို့ကြောင့် နာရီဝက်ပင် မကြာသေးသောအချိန်တွင် ခိုင်ရှင်းက ဆေးရုံသို့လာပြီး ပြဿနာရှာသောသတင်းက စတားနက်ဝေါ့ပေါ်တွင် ပျံ့နှံ့သွားတော့သည်။
“အက် အင်ပါယာရဲ့သတင်းဘုရင် V .. မြွေလိုမိခင် မအံ့ဩတော့ပါဘူး အက် ယွမ့်ထန်းv က အမေနဲ့ကလေးဆက်ဆံရေးကိုဖြတ်တောက်ချင်နေတာ အံ့ဩစရာမှ မရှိတော့တာ ဒီမိန်းမ ဘယ်လောက် အရှက်မရှိသလဲ ကြည့်ကြပါ၊ [ဗွီဒီယို][ပုံ][ပုံ]
[အယ်လ်ဘီ .. ဒီလောကမှာ ဘယ်လိုတောင်အရှက်မရှိတဲ့ ကြောက်စရာကောင်းတဲ့ မိန်းမက တည်ရှိနေတာလဲ၊ အစကတော့ ဒီမိန်းမက သွားတောင်းပန်တော့မယ်လို့ ထင်ထားတာ၊ သရုပ်သွားဆောင်နေတာပဲ]
[ရန်ရန်ရန် .. ဟုတ်သားပဲ၊ ဒီမိန်းမက အသေးစားကင်မရာကိုတောင် တပ်သွားသေးတယ်၊ အို ဘယ်လောက်တောင် အကြံကြီးလိုက်သလဲ၊ ငါတို့ရဲ့မာရှယ်ကို လှည့်စားလို့ရမယ် ထင်နေတာလား]
[ကျင်းချန်ချန်ရဲ့အသားလုံး .. ဒီမိန်းမက ကလေးကိုတောင်ရိုက်ရဲတယ်၊ ကြည့်စမ်းပါအုံး၊ မောင်ငယ်လေးက ဘယ်လောက်တောင်ကြောက်နေလိုက်သလဲ၊ မျက်နှာလေးကို ဖြူစုတ်နေတာပဲ၊ ဒီကောင်လေးအတွက် စိတ်မကောင်းလိုက်တာ]
နှစ်ရက်ကြာပြီးနောက် ယွမ့်ထန်း၏ခိုင်ရှင်းကို တရားရင်ဆိုင်သည့်ကိစ္စက တရားဝင် စတင်လေပြီ။
ခိုင်ရှင်းက ဝေ့ကျိုးနည်းတူ ထွက်ပြေးလွတ်မြောက်ရန် စဉ်းစားမိသေးသည်။ မည်သို့ပင်ဆိုစေ အတုအယောင်ဖျားနာမှုဟူ၍ ထိုသို့ လုပ်နိုင်လောက်သည်။ သို့သော် ဟော်ယွန်ချန်းက သူမကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။ ခိုင်ရှင်းထံတွင်ပင် စောင့်ကြည့်ကင်မရာကို တရားရုံးအား တပ်ဆင်ခိုင်းထားသေးလေသည်။ သူတို့၏ ကိုယ်ပိုင်စောင့်ကြည့်ကင်မရာများက သူမ၏လုပ်ဆောင်မှုများကို ကန့်သတ်ထားခြင်း မရှိသော်လည်း အချို့အခြေအနေက သူမ၏လုံခြုံမှုအတွက် အာမခံနိုင်သေးလေသည်။ ထို့ကြောင့် သူတို့ဘက်က အရာအားလုံးကို ပြင်းဆင်ထားနိုင်ခဲ့သည်။
ယခင် ဝေ့ကျိုးက နာကျင်ဖွယ်ကောင်းသော ဆုံးဖြတ်အချို့ကို ချနိုင်ခဲ့ခြင်း ဖြစ်သည့်တိုင်အောင် အမှန်တကယ် မေ့မြောသွားခဲ့ခြင်း ဖြစ်သည်။ သူက ထိုအခွင့်အရေးကိုယူပြီး သူက နေမကောင်းသောကြောင့်ဟု အကြောင်းပြကာ တရားရင်ဆိုင်ရန် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ ခိုင်ရှင်းကမူ သူမကိုယ်ကို နာကျင်အောင် မလုပ်ရဲခဲ့ချေ။ သူမက သည်အတိုင်း အချိန်ဆွဲရုံမျှသာ ဖြစ်ပြီး ယွမ့်ထန်းက ပြန်လာကာ သူမအား ခွင့်လွှတ်ပေးရေး ကိစ္စများအားလုံးကို ပြန်ရုတ်သိမ်းလိုခဲ့သည်။
သူမက သူမကိုယ်သူမ ထိခိုက်အောင် မလုပ်လိုခဲ့သလို သာယာသောဘဝကိုလည်း မပျက်စီးလိုခဲ့ချေ။ ရလဒ်အနေဖြင့်သူမက မဖြစ်နိုင်သော အိပ်မက်များကိုမက်ခဲ့ကာ သိုးပျောက်သွားသည့် အချိန်မှ ကိစ္စများကို ပြန်လည်ဖာထေးရန် ကြိုးစားခဲ့သည်။ လက်ရှိအချိန်တွင် သူမက ဖျားနာခြင်း၊ ဒဏ်ရာရအောင်လုပ်ခြင်းနှင့် ကိုယ့်ကိုယ်ကို ဒုက္ခပေးရန် ကြိုးစားမည်ဆိုလျှင်ပင် နတ်ဆိုးများကဲ့သို့ စောင့်ရှောက်နေသောလူများက ထိုကဲ့သို့ လုပ်ခွင့်ပြုတော့မည် မဟုတ်ချေ။
နတ်ဆိုး သူတို့အားလုံးက နတ်ဆိုးတွေပဲ။
သူမက ရေခဲဂူထဲကျသွားသလိုမျိုး ဟိုတယ်အိပ်ယာပေါ်တွင် လှဲလျောင်းနေရသည်။ ခေါင်းကလည်း မူးဝေနေပြီး ဘာကိုမျှ မတွေးတောနိုင်တော့ချေ။ ထို့နောက် သူမက တရားရုံးသို့ ဆွဲခေါ်ခံရသည်။
သူမကို စွပ်စွဲချက်သုံးခု တင်ထားသည်။ ပထမတစ်ခုက ယွမ့်ထန်း၏ဂုဏ်သိက္ခာကို စော်ကားဖျက်ဆီးခြင်းနှင့် မဟုတ်မှန်သော သတင်းများကို လွှင့်ကာ ကောလဟာလ အတုအယောင်များကို ဖန်တီးသည့်ကိစ္စဖြစ်သည်။ ဒုတိယတစ်ခုကမူ သူမ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ကလေးကို အနိုင်ကျင့်ခြင်းနှင့် ကောင်းမွန်စွာ မစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ တတိယအချက်ကမူ သူမနှင့်သားအမိ ဆက်ဆံရေးကို ဖြတ်တောက်ရန် ဖြစ်သည်။
ကျိုးကျင်းက အကောင်းဆုံးရွှေတံဆိပ်ဆုရ ရှေ့နေပီသသည်။ သူက သက်သေတိုင်းကို ရှင်းရှင်းလင်းလင်း စာရင်းပြုစု ပေးထားသည်။ အစပိုင်းကတည်းက ခိုင်ရှင်း၏ရှေ့နေက ပြန်လည်မတုန့်ပြန်နိုင်ခဲ့ချေ။ ကျိုးကျင်း၏ တစ်ဆင့်ချင်းစီ ပေးလာသည့် ဖိအားအောက်တွင် ခိုင်ရှင်း၏ရှေ့နေက ပြန်လည်မတိုက်ခိုက်နိုင်တော့ချေ။
ကြယ်ပြာအင်ပါယာ၏ ရာဇဝတ်မှုစည်းမျဉ်းနံပါတ် ၂၄၆၊ စာမျက်နှာ ၂ ပါ အကြောင်းအရာအရ အသရေဖျက်ခြင်း၊ စော်ကားခြင်းနှင့် မဟုတ်မမှန် အကြောင်းအရာများကို ပြောဆိုသည့်ပြစ်မှုဟာ လေးနက်လျှင် ၃ နှစ်ခန့် အများဆုံးအထိ ထောင်ချခံရနိုင်သည်။ နိုင်ငံရေးအခွင့်အာဏာအရ ပြန်လည်ချေပခွင့်ဆုံးရှုံးမည်ဖြစ်သည်။
တရားသူကြီး၏အမိန့်ချသံကို နားထောင်နေရင်းမှ ခိုင်ရှင်း၏မျက်နှာက ပြာနှမ်းလာသည်။ သူမက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီးနောက်တွင် ယွမ့်ထန်းကို မြင်သွားသည်။ သူမ၏မျက်ဝန်းထဲတွင် မုန်းတီးမှုက ပြည့်နှက်လာသည်။ သို့တိုင်အောင် ယွမ့်ထန်းက သူမကိုတစ်ချက်ပင် မကြည့်ချေ။ အသက်ပြင်းပြင်းရှူပြီးနောက် ခိုင်ရှင်းက ဖြည်းညင်းစွာဖြင့် လက်ကိုမြှောက်သည်။
“ကျွန်မ အယူခံဝင်ချင်တယ်”
သူမ၏နှုတ်ခမ်းများ အနည်းငယ်ကော့တက်သွားသည်။
“ကျွန်မ ဒီလိုလုပ်ဖို့အချို့လူတွေက ညွှန်ကြားခဲ့တာပဲ၊ အဲဒီလူတွေက ဝေ့ကျိုးနဲ့ ယဲ့သခင်လေးတို့ပဲ”
“ယဲ့သခင်လေး ဟုတ်လား”
“သူ့ရဲ့နာမည်ကိုတော့ ငါ မသိဘူး၊ သူ့ရဲ့ပတ်ဝန်းကျင်က လူတွေကတော့ အဲဒီလိုခေါ်ကြတယ်၊ ဝေ့ကျိုးက သူ့ရဲ့လက်အောက်ငယ်သားပဲ”
ခိုင်ရှင်းကပြောသည်။
“နင်တို့ ဘာလို့ သူ့ကို သွားမဖမ်းကြတာလဲ”
ယွမ့်ထန်းကလည်း ထိုကိစ္စက ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားမိပေ။ ခိုင်ရှင်းတွင် ဝေ့ကျိုးအပါအဝင် နောက်ကွယ်မှ လူတစ်ယောက်ပင် ရှိနေသေးသည်။
ယဲ့သခင်လေး ဟုတ်လား။ သူက မှတ်ဉာဏ်ထဲတွင် လိုက်ရှာပါသော်လည်း ထိုကဲ့သို့သောလူမျိုးကို ရန်စခဲ့ခြင်းရှိမရှိ မသေချာခဲ့ချေ။ ထိုသို့ အပိုခုခံမှုများကြောင့် တရားစီရင်မှုက ရပ်နားထားရပြီး တစ်ဖက် သံသယရှိသူနှစ်ယောက်ကို ဖမ်းဆီးကာ တရားရုံးသို့ ပို့ဆောင်ရမည်ဖြစ်သည်။ ထိုသို့ဆိုသည့်တိုင်အောင် ခိုင်ရှင်းကလည်း လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
ဟော်ယွန်ရီက ပြန်လာသောအခါ ယွမ့်ထန်း၏ ဂြိုလ်နံပါတ် ၁၉ မှ အိမ်နီးချင်းနှစ်ယောက်ကို မျက်မြင်သက်သေအဖြစ် ခေါ်လာပေးသည်။ ထို့အပြင် ဆေးရုံက ပေးလိုက်သည့် ဆေးမှတ်တမ်းနှင့် ဆေးဝန်ထမ်းမှ မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းလည်းပါကာ ယွမ့်ယွီ လွန်ခဲ့သောဆယ်နှစ်ခန့်က ဆေးရုံသို့ပို့ခဲ့ချိန်က အဖြစ်အပျက်များကိုလည်း ပြောပြလိုက်သေးသည်။ ထိုအချိန်က ကလေးက အရေပြားပေါ်တွင် သေးငယ်သည့်ဒဏ်ရာများ၊ ကြီးမားသည့်ဒဏ်ရာများ ဒဏ်ရာအမျိုးမျိုး ပါဝင်နေသည့်အပြင် တစ်ရှူးများ ထိခိုက်သွားသည်အထိ အတွင်းကြေဒဏ်ရာလည်း ရခဲ့သေးသည်။
သူ၏ယခင်ဘဝတွင် ကလေးသူငယ်များကို ညှင်းပန်းနှိပ်စက်သည့်အတွက် တိကျသောစည်းမျဉ်းဟူ၍ မရှိသော်လည်း ခေတ်သစ်လောကတွင်မူ ထိုပြစ်မှုကို ရာဇဝတ်သားအဖြစ် သတ်မှတ်ထားပြီး လူ့အခွင့်အရေး၊ ကလေးသူငယ်များကို ကာကွယ်သည့် အခွင့်အရေးစသည်ဖြင့်တို့ကြောင့် အခြေခံကျသော စည်းမျဉ်းများထဲမှ တစ်ခုပင်ဖြစ်နေသေးသည်။
ထိုကဲ့သို့ ကလေးသူငယ်များကို နှိပ်စက်ညှင်းပန်းသူများက ငါးနှစ်ထက်မနည်း ထောင်ကျနိုင်ခြေရှိသည်။
နောက်ဆုံးအတွက်မူကား သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်သည့်ကိစ္စ ဖြစ်သည့်အတွက် ယခင်က ကလေးငယ်ကို နှိပ်စက်ညှင်းပန်းခြင်းနှင့် ခိုင်ရှင်းက ထောင်သွင်းအကျဉ်းချခံရမည် ဖြစ်သောကြောင့် တရားသူကြီးက အောင်မြင်အောင် ဆုံးဖြတ်ပေးနိုင်စွမ်း ရှိသည်။ ယွမ့်ထန်းနှင့်ခိုင်ရှင်းတို့၏ ထိန်းသိမ်းစောင့်ရှောက်မှု အတွက်ကမူ ယွမ့်ထန်းကိုယ်တိုင်က ဖယ်ရှားချင်နေပြီး ယွမ့်ယွီကိုယ်တိုင်ကလည်း ကလေးသူငယ် ဖြစ်နေသေးသည့်အတွက် ယွမ့်ထန်း၏လက်အောက်သို့ လွှဲပြောင်းပေးကာ ယွမ့်ထန်းက ထိန်းကျောင်းခွင့်ရရှိသွားမည် ဖြစ်သည်။
အမှုစစ်သည့်ကိစ္စက နေ့တစ်ဝက်တိုင်တိုင် ကြာညောင်းသွားခဲ့သည်။ မျက်မြင်သက်သေများက ခိုင်မာပြီး နှစ်ဖက်လုံးမှ ရှေ့နေများကလည်း အဆင့်အတန်း ကွာခြားလွန်းနေခဲ့သည့်အပြင် ပါဝင်ပတ်သက်သူများ အားလုံးကလည်း ရာထူးအာဏာကြီးမားသူများ ဖြစ်နေကြသည်။
အင်ပါယာ၏အဆင့်မြင့်ဗိုလ်ချုပ်၊ အင်ပါယာ၏မာရှယ်၊ အကယ်ဒမီသိပ္ပံမှဥက္ကဌ၊ စားဖိုမှူးအစည်းအရုံးမှ ဥက္ကဌ၊ ပင်လယ်ဝေလငါးဖျော်ဖြေရေးကုမ္ပဏီမှ ခေါင်းဆောင်ရန်ကျင်းနှင့် အမျိုးမျိုးသော အင်အားကြီးသူများနှင့် ဘုရင်မကိုယ်တိုင်ပင် တက်ရောက်ခဲ့သည်။ ထိုလူများအားလုံးက ယွမ့်ထန်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိသည့်အတွက် အားလုံးက တက်ရောက်ကာ အားပေးကြခြင်းဖြစ်သည်။
ထို့ကြောင့် တရားသူကြီးကိုယ်တိုင်ကပင် အမိန့်ချမှတ်ပြီးကြောင်း ကြေညာပြီးနောက် စိုးရိမ်တကြီး အနောက်သို့ ပြန်လျှောက်သွားလိုက်ရသည်။ အတွင်းဘက်သို့ ပြန်ရောက်မှသာလျှင် နဖူးနှင့်လည်ပင်းမှ ချွေးများကို သုတ်နိုင်သည်။
ဒီယွမ့်ထန်းရဲ့မိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေက …
သူက တရားခွင်တွင် ကျင်လည်နေခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ပထမဦးဆုံးအကြိမ် ထိုမျှအင်အားကြီးမားသော လူများကို တစ်ပြိုင်တည်းတွေ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူပင် တောင့်မခံနိုင်လောက်အောင် ဖိအားကို ခံစားခဲ့ရသည်။ ယွမ့်ထန်းအပြင် မည်သူကမျှ ထိုမျှမြင့်မားသော အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားမည်မထင်ချေ။
ယွမ့်ထန်းကိုယ်တိုင်ကလည်း မမျှော်လင့်ထားသော်လည်း သူ၏ပရိတ်သတ်များက အဆင့်မြင့်မား လွန်းနေခဲ့သည်။
နှစ်ရက်တည်းနှင့်ပင် ဝေ့ကျိုး၏ကိစ္စက တိုးတက်မှုရှိလာသည်။ ဝေ့ကျိုးက ရုတ်တရက် တရားရုံးသို့ အကြောင်းကြားလာကာ သူ၏ဖျားနာမှုက‌ ပျောက်ကင်းသွားပြီ ဖြစ်ပြီး ချက်ချင်းဆိုသလို တရားခွင်သို့ ဝင်နိုင်ကြောင်း ပြောသည်။ ထိုကိစ္စက အချိန်ဆွဲခံထားရလေရာ ယခုကဲ့သို့ ခိုင်ရှင်း၏ကိစ္စနှင့် ပတ်သက်နေကြောင်း သိရသည့်အတွက် တစ်နေ့တည်းလိုလိုပင် တရားခွင်သွင်းတော့သည်။
အစပိုင်းတွင် လူတိုင်းက အချိန်အတန်ကြာစောင့်ဆိုင်းပြီး ခါးသီးစွာ ရုန်းကန်ရမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာပင် ဝေ့ကျိုးကိုယ်တိုင်က အရာအားလုံးကို ဝန်ခံခဲ့သည်။ သို့သော် သူကလည်း ထိုကိစ္စကိုလုပ်ရန်အတွက် တစ်စုံတစ်ယောက်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သက်သေပင်ရှိကြောင်း ပြောလာခဲ့သည်။ ထိုလူက ခိုင်ရှင်းပြောသည့် ယဲ့သခင်လေးဖြစ်သည်။
ခိုင်ရှင်းကဲ့သို့ အရူးနှင့်မတူသည်မှာ ဝေ့ကျိုးက ဂရုတစိုက်ရှိပြီး သက်သေအပြည့်အဝ စုဆောင်းထားခဲ့သည်။ ပို၍ဆိုးသည်မှာ သူက နဂိုကတည်းက ယဲ့သခင်လေးနှင့် ရန်ငြှိုးရှိခဲ့သည်။ သူက သူတို့၏ဆက်သွယ်မှုများအားလုံးကို မှတ်တမ်းပြုထားခဲ့သည်သာမက လေဘဲ ငွေလွှဲပြောင်းပေးသည့် မှတ်တမ်းများနှင့် သူကိုယ်တိုင်ရှာဖွေထားသည့် အကြောင်းအရာများကိုပါ ထည့်သွင်းတင်ပြလာခဲ့သည်။
ဝေ့ကျိုးနှင့်ယဲ့သခင်လေးတို့၏ ကြာရှည်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်လိုက်သော် သက်သေက ခိုင်လုံသွားသည်။ တစ်ယောက်က ပါပါရာဇီဖြစ်ပြီး အခြားတစ်ယောက်က စတားတစ်ယောက်ဖြစ်သည်။ သူတို့က နယ်ပယ်မတူသော်လည်း လူအနည်းစုကမူ ဝေ့ကျိုးဟာ ယဲ့မိသားစုထံမှ ရန်ပုံငွေဖြင့် ကောလိပ်တက်ခဲ့ကြောင်း သိထားကြလေသည်။ ထိုအတွက်ကြောင့် သူတို့နှစ်ယောက်က အတူပူးပေါင်းခဲ့သည် ဆိုသည်အား သက်သေပြပြီးသားဖြစ်သည်။
ယဲ့သခင်လေးက ဝေ့ကျိုးကို သူနှင့်တစ်ဖွဲ့တည်းရှိသည့် စတားများ၏ သတင်းအချက်အလက်များနှင့် တည်ရှိရာနေရာများကို ပြောပြလေ့ရှိပြီး ဝေ့ကျိုးကသာ မျက်မြင်သက်သေများကိုရှာဖွေကာ ထုတ်ဖော်ရခြင်းဖြစ်သည်။ တစ်ယောက်က လမ်းခင်းပေးသူဖြစ်ပြီး အခြားတစ်ယောက်က ဆက်လုပ်ရသူဖြစ်သည်။ ယွမ့်ထန်းနှင့်မတွေ့ဆုံခင်က သူတို့က အချိန်တိုင်းလိုလို ထိုသို့ကိုင်တွယ်နေကြဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုက စည်းချက်ညီခဲ့သည်။ သို့သော် အများဆုံး အရှက်ခွဲခြင်းနှင့် မကောင်းသတင်းလွှင့်သည့်အတွက်သာ စွဲချက်တင်နိုင်လေသည်။ ထို့ကြောင့် ယဲ့သခင်လေးကသာ လုပ်နိုင်စွမ်းရှိလျှင် သူက ခံဝန်ထိုးရုံဖြင့် လွတ်နိုင်သည်။
သို့သော် ဝေ့ကျိုးက ဆက်ပြောသည်။
“အဲ့ဒါအပြင် ယဲ့ရင်အန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ ကျွန်တော် တင်ပြချင်တယ်”
သူက ယွမ့်ထန်းကို လှည့်ကြည့်ပြီးပြောသည်။
“ယွမ့်ထန်း လွန်ခဲ့တဲ့ငါးနှစ်ခန့်က မာရှ်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တယ်၊ သူက ငါးနှစ်တောင် ကိုမာဝင်သွားခဲ့တယ်၊ ဒါက အရင်ကတော့ မတော်တဆမှုလို့ သတ်မှတ်ခဲ့လောက်ပေမယ့် ဒါပေမဲ့ တကယ်တော့ အဲဒီဇာတ်ဝင်ခန်း အသုံးအဆောင်ပစ္စည်း ပေါက်ကွဲသွားခဲ့တာက မတော်တဆမဟုတ်ဘဲ ကြိုတင်ကြံစည် ထားခဲ့တာပဲ”
ယဲ့ရင်အန်းက ယဲ့သခင်လေးဖြစ်သည်။ သူဟာ အစစ်အမှန်စံအိမ်လုပ်ငန်းများကို လုပ်ဆောင်သော အာဏာရှင်ရဲ့ကျန်းအန်း၏ တရားမဝင်သား ဖြစ်သည်။ မည်သို့ပင်ဆိုစေ တရားမဝင်သားဟာလည်း စားပွဲအောက်တွင် ဖုံးကွယ်ထားရလေ့ရှိပြီး ယဲ့ကျန်းအန်း၏ မိန်းမဘက်မှ မိသားစုက အလွန်အာဏာရှိသည်။ ထို့ကြောင့် ယဲ့ကျန်းအန်းအနေဖြင့် သူမကို ကွာရှင်းရန် မဖြစ်နိုင်ခဲ့ချေ။ ထပ်ပေါင်းဆိုရသော် သည်ခေတ်သစ်လောက၏ စည်းမျဉ်းအရ တရားမဝင်သားများက အမွေဆက်ခံပိုင်ခွင့် မရှိချေ။ ထို့ကြောင့် ယဲ့ရင်အန်းအနေဖြင့် ယဲ့မိသားစုထဲသို့ တရားဝင်ဝင်ရောက်ကာ ကစားပွဲအပေါ် တက်၍မဖြစ်နိုင်ခဲ့ချေ။
ယဲ့ကျန်းအန်းဟာ ထိုတရားမဝင်သားကို အလွန်ချစ်သည်။ ထို့ကြောင့် တတ်စွမ်းရှိသမျှ ဖြည့်ဆည်းပေးလေ့ရှိသည်။ ဖျော်ဖြေရေးလောက၏ ဖွံ့ဖြိုးတိုးတက်မှုက တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသည်။ ယဲ့ရင်အန်းဟာလည်း ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ချင်ခဲ့သည့်အတွက် ယဲ့ကျန်းအန်းက သူ၏သားကို ရင်းနှီးမြှုပ်နှံခဲ့ကာ တိုက်ရိုက်ပင် အဓိကဇာတ်လိုက် ဇာတ်ညွှန်းများကိုသာ ပေးခဲ့ပြီး အစကောင်းစေခဲ့သည်။
ယဲ့ရင်အန်း၏မျက်နှာဟာ အလွန်အမင်းလှပသည်။ သရုပ်ဆောင်ဟာလည်း လက်ခံနိုင်ဖွယ်ရှိ၏။ ထို့ကြောင့် သူက ပွဲဦးထွက်ပြီးနောက် စတင်ကျော်ကြားလာ တော့သည်။
သူ၏သရုပ်ဆောင်စွမ်းရည်တည်းနှင့် သူ့ကိုကြီးမားသည့် ပရိတ်သတ် အင်အားစုကြီးကိုရအောင် လုံလောက်ခဲ့သည်။ သို့တိုင်အောင် ပြည်တွင်းမှ အတွင်းလူများ၏ အသိအမှတ်ပြုခံရရန်က မဖြစ်နိုင်ခဲ့ချေ။ မည်သူနှင့်မျှ မနှိုင်းယှဉ်လျှင် အဆင်ပြေသည်။ သို့သော် တူညီသည့်ကာလတွင်ပင် အလွန်အမင်း ကြည့်ကောင်းသည့်အပြင် ပါရမီအလွန်ကောင်းသော ယွမ့်ထန်းက ပေါ်လာသည်။ ပရိတ်သတ်နှင့် မီဒီယာများက ထိုနှစ်ယောက်ကိုအမြဲတစေ နှိုင်းယှဉ်ကာ မည်မျှပြောကြကြောင်းကို နတ်ဘုရားမှသာ သိနိုင်ပေလိမ့်မည်။ ထိုသို့နှိုင်းယှဉ်လေ့ရှိတိုင်း ထိုယဲ့သခင်လေးကသာ အရှုံးဘက်မှ အဆုံးသတ်ရသည်။ ထို့ကြောင့် ထိုယဲ့သခင်လေးက ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရလေရာ အလွန်ဝမ်းနည်းခဲ့ရလေသည်။
နှစ်ယောက်က တစ်ချိန်တည်းလိုလို ပွဲဦးထွက်ခဲ့ကြပြီး မည်သူကမျှ ဆုတစ်ခုမျှ မရခဲ့ကြချေ။ ထို့ကြောင့် သူက သူ၏အားအင်အားလုံးကို ဆက်တိုက်အသုံးချကာ ဆုရရန်အတွက် အကောင်းဆုံးကြိုးစားခဲ့သည်။ ထိုအချိန်တွင်ပင် ဒါရိုက်တာ ကျန်းဝမ်ရွှမ်း၏ ရုပ်ရှင်က သူ၏မျက်လုံးထဲ ဝင်လာခဲ့သည်။
ကျန်းဝမ်ရွှမ်းက ပင်လယ်ပြာအင်ပါယာတွင် အလားအလာအရှိဆုံးနှင့် အကျော်ကြားဆုံး ဒါရိုက်တာတစ်ယောက် ဖြစ်သည်။ သူရိုက်ခဲ့သော ရုပ်ရှင်တိုင်းက တစ်ရှိန်ထိုး ကျော်ကြားသွားလေ့ရှိသည်။ သူက ဆုပေါင်းများစွာကိုလည်း ရရှိထားခဲ့ပြီး ထိုဆုများရသည့်အတွက် သူ့လက်ကပင် ထုံထိုင်းလာရသည်အထိ ဖြစ်လာစေခဲ့သည်။ သို့ရာတွင် သူက အမြင်ကောင်းရှိသော်လည်း ရင်းနှီးမြှုပ်နှံသူလိုခဲ့သည်။ ထို့ကြောင့် ယဲ့ကျန်းအန်းက ဆယ်သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး ယဲ့ရင်အန်းကို ဖန်သားပြင်မှတစ်ဆင့် စစ်ဆေးစေခဲ့သည်။ သို့သော် သူက အခြားသောအ လားအလာရှိသည့် သရုပ်ဆောင်များကိုလည်း ဝင်ခွင့်ဖြေရန် ဖိတ်ခေါ်ခဲ့သေးသည်။ ထိုထဲတွင် သူနှင့်အတူ ယခင်က လုပ်ခဲ့ဖူးသော ယွမ့်ထန်းကလည်းပါဝင်ခဲ့ပြီး တစ်ဖက်သူ၏ရိုးသားကြိုးစားမှုနှင့် သရုပ်ဆောင်နိုင်စွမ်းအားကြောင့် သဘောကျခဲ့သည်။
ယဲ့ကျန်းအန်းဟာ အဓိကဇာတ်လိုက်အတွက် ချိန်ရွယ်ထားသော်လည်း ကျန်းဝမ်ရွှမ်းက ထိုသို့စစ်ဆေးပြီးနောက်တွင် ယွမ့်ထန်းကိုသာ ရွေးချယ်လိုက်သည်။ ယဲ့ကျန်းအန်းက ဇာတ်လိုက်နံပါတ် ၃ နေရာ၊ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသော အမျိုးသားသရုပ်ဆောင်နေရာမှသာ သရုပ်ဆောင်ခွင့်ရခဲ့သည်။
ထိုရုပ်ရှင်က ယွမ့်ထန်းရုပ်ရှင်ဧကရာဇ်ဆု ရသွားစေခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။
ထိုအချိန်မှစ၍ မည်သူကမျှ နှစ်ယောက်ကို မနှိုင်းယှဉ်တော့ချေ။ အကြောင်းမူကား သူတို့၏အမြင်တွင် ယဲ့ရင်အန်းနှင့် ယွမ့်ထန်းတို့က အဆင့်မတူကြတော့ချေ။
ယဲ့ရင်အန်းက ဒီလိုအငြှိုးအတေးကို ဘယ်လိုတောင့်ခံနိုင်မှာလဲ၊ ယွမ့်ထန်းက သူ့ရဲ့အခွင့်အရေးကို ခိုးသွားတာကြောင့် မဟုတ်ရင် အဲဒီနေရာကို သူခဲ့ရမှာ ဒီလိုဆိုရင် ရုပ်ရှင်ဧကရာဇ်ဖြစ်ပြီး ရွှေတံဆိပ်ဆုကို ရခဲ့မှာကလည်း သူပဲ။
ထိုအချိန်က သူက ရေတပ်ပေါင်းများစွာကိုဝယ်ကာ ယွမ့်ထန်းကို နက်ဝေါ့ပေါ်တွင် အသရေဖျက်ရန်ကြိုးစားခဲ့သည်။ သို့သော် ယွမ့်ထန်းဟာ ထိုအချိန်က ရုပ်ရှင်ဧကရာဇ်အသစ်ဖြစ်နေပြီး သူ၏အဆင့်အတန်းနှင့်ကျော်ကြားမှုက တစ်ဖက်သူ ယှဉ်၍မရနိုင်ခဲ့ချေ။ ထို့ကြောင့် မည်သို့ပင် တိုက်ခိုက်စေကာမူ ယဲ့ရင်အန်းက ဘာမှ မလုပ်နိုင်ခဲ့ချေ။ ယွမ့်ထန်း၏အလုပ်အပေါ်လည်း သက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့ချေ။ ယဲ့ရင်အန်းက အံကိုသာကြိတ်ပြီး ဒေါသများကို မြိုချထားခဲ့ရသည်။ ယွမ့်ထန်း၏ သတင်းထောက်ကို နေရာတိုင်းလိုလိုမြင်နေရချိန်တွင် သူ၏မနာလိုမှုနှင့်မုန်းတီးမှုက ပြည့်နှက်သထက်ပြည့်နှက်လာကာ ဖျက်ဆီးလိုစိတ်က များပြားလာခဲ့သည်။
ရန်သူများက လမ်းကျဉ်းတွင် တွေ့ဆုံတတ်သည်။ နောက်ပိုင်းတွင် နှစ်ယောက်က ဒရမ်မာတစ်ခုတည်းတွင် ပြန်တွေ့သည်။ ဒါရိုက်တာက ယွမ့်ထန်းကိုတောင်းပန်ကာ အဓိကဇာတ်လိုက်နေရာတွင် သရုပ်ဆောင်ရန် အသနားခံခဲ့ချိန်တွင် သူ့ကို အမျိုးသား ဇာတ်လိုက် နံပါတ် ၂ နေရာကို ပေးခဲ့သည်။
ဘာလို့လဲ။
သူက ဇာတ်ဝင်ခန်း အသုံးအဆောင်ပစ္စည်းဌာနမှ လူတစ်ယောက်ကို လာဘ်ထိုးပြီးနောက် ယွမ့်ထန်း အသုံးပြုမည့်မာရှ့်ကို ဖျက်ဆီးခိုင်းခဲ့သည်။ သူက သင်ခန်းစာပေးချင်ရုံမျှသာ ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ယွမ့်ထန်းက ကိုမာပင် ဝင်သွားခဲ့သည်။ သူက ပျော်လည်းပျော်ရသလို ကြောက်လည်းကြောက်မိသည်။ ထိုလူကို ပိုက်ဆံပမာဏများစွာ ပေးပြီးနောက်တွင် အခြားသော လူခေါင်သည့်ဂြိုလ်သို့ ပြောင်းရွှေ့သွားစေခဲ့သည်။ ထို့နောက်ပိုင်းတွင် သူ၏ထိုသို့လုပ်ခဲ့သည့်ကိစ္စကို မည်သူကမျှ ရှာမတွေ့တော့သည့်အတွက် သူက စိတ်အေးသွားခဲ့ရသေးသည်။
ထိုမာရှ့်ကလည်း စွန့်ပစ်ခံသုံးပြီးသား ဖြစ်သည်။ ထို့ကြောင့် အစပိုင်းကတည်းက အမျိုးမျိုးသော ပြဿနာများရှိတတ်လေရာ ထိုမတော်တဆမှုက လူလုပ်သည်လား မတော်တဆလား သိရှိရန်ခက်ခဲလေသည်။ ထို့အတွက်ကြောင့် အခြေအနေ ပြောင်းလဲလာပြီးနောက်တွင်ပင် မခွဲခြားနိုင်ခဲ့ချေ။ ထို့ကြောင့် ထိုကိစ္စက သည်အတိုင်း ရပ်ဆိုင်းခဲ့ရသည်။ သူ၏မုန်းတီးမှုက ကျေသွားခဲ့သည့်တိုင်အောင် ဖြစ်ပျက်ခဲ့သည့်ကိစ္စအတွက် သူက အပြစ်မကင်းသလို ခံစားခဲ့ရသည်။ ထို့နောက် ယဲ့ရင်အန်းက အချိန်တစ်ခုကြာ အနားယူခဲ့ပြီး နောက်ပိုင်းကိစ္စများကို ဂရုမစိုက်တော့ချေ။ မမျှော်လင့်ထားစွာပင် ငါးနှစ်ခန့်ကြာ ပြီးနောက်တွင် ယွမ့်ထန်းက အစားအသောက်တင်ဆက်သူ တစ်ယောက်အနေဖြင့် ပြန်ပေါ်လာသည်။ ထို့အပြင် ကြယ်လေးပွင့်စားဖိုမှူး လက်မှတ်ကိုလည်း ရရှိလိုက်သေးကာ အလွန်ပင် ထောင်လွှားလာတော့သည်။ ယဲ့ရင်အန်းက ထိုအစားအသောက်တင်ဆက်သူက အလွန်တော်ပြီး သူ၏ကိုယ်ပိုင်စားဖိုမှူးအဖြစ် ငှားရမ်းချင်ခဲ့သည်။ သို့သော် အသေးစိတ်စစ်ဆေးပြီးမှသာလျှင် ထိုတစ်ယောက်က ထိုသူခိုးယွမ့်ထန်း ဖြစ်နေခဲ့သည်။
သည်နေ့ခေတ်တွင် ပရိတ်သတ်အရေအတွက်အရပင်ဖြစ်စေ၊ ကျော်ကြားမှုအရပင် ဖြစ်စေ ယွမ့်ထန်းက သာသည်။ ယခင်က ယွမ့်ထန်းထက်ပင် အများကြီး အောင်မြင်နေခဲ့သေးသည်။ ယဲ့ရင်အန်းက ယွမ့်ထန်းမှတ်ဉာဏ်ပျောက်သွားမှန်း မသိခဲ့ချေ။ သည်အတိုင်းသူကပြန်လာပြီး ကလဲ့စားချေချင်သည်ဟုသာ တွေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်အမင်းစိုးရိမ်ပြီး ဆောက်တည်ရာမရ ထိတ်လန့်ခဲ့ရသည်။ ထို့ကြောင့် ယွမ့်ထန်းက မလှုပ်ရှားခင် ယဲ့ရင်အန်းက ဝေ့ကျိုးကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ သူက ယွမ့်ထန်းကို ဖိနှိပ်လိုသည်။ သို့သော် အကြိမ်တိုင်းလိုလို ကျရှုံးခဲ့ရသည်။
ယွမ့်ထန်း၏အနောက်တွင် နောက်ခံကြီးများ ရှိနေမည်ဟု မထင်ထားမိပေ။ အနှစ်ချုပ်လိုက်သော် ယဲ့ရင်အန်းကသာ ဆက်တိုက်နာကျင်ရပြီး အပြစ်မကင်းသလို စိတ်က ပိုပြင်းလာခဲ့ကာ ရှာတွေ့သွားမည်ကို စိုးရိမ်လာခဲ့ရသည်။ ယွမ့်ထန်းကို ဖိနှိပ်လိုသည့်အကြံက ပို၍ပြင်းထန်လာတော့သည်။ မဟုတ်လျှင် သူက အဆုံးသတ်သွားပေလိမ့်မည်။
သူက ထိုသို့တွေးပြီးနောက်တွင် ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်ကာ သူ တစ်ကြိမ်မျှ အသုံးမပြုခဲ့သော နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
“ဟေး ဦးလေး …”
သို့သော် သူက ဘာမှ မပြောနိုင်ခင်မှာပင် ယဲ့စံအိမ်ထဲသို့ ရဲတပ်ဖွဲ့က ဝင်ရောက်လာပြီဖြစ်သည်။ သူတို့က လျင်မြန်စွာဖြင့် ယဲ့ရင်အန်းကို မြေပြင်ပေါ်သို့ ဖိချထားလိုက်သည်။
“မင်းကို ဝရမ်းနဲ့ဖမ်းဆီးလိုက်တယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Onde histórias criam vida. Descubra agora