part 26

1.8K 258 0
                                    

Unicode

အပိုင်း (၂၆) လေးရာသီစားပွဲ...အပိုင်းခွဲ၂
၅ပွဲမြောက်ဟင်းလျာက ရှေးရိုးအကျဆုံးဖြစ်သည့် ဝက်သားနီချက်ဖြစ်သည်။ တောင်ပိုင်းသားဖြစ်သည့် ယွမ့်ထန်းက တောင်ပိုင်းသားလက်ရာကို အဖွားဖြစ်သူက ချက်ပြုတ်နေကျအတိုင်း ချက်ပြုတ်နေသည်။
ယွမ့်ထန်းက ဝက်ဗိုက်သားကို ယူလိုက်သည်။ ထို့နောက် လေးထောင့်အတုံးလေးတွေ လှီးဖြတ်ထားသည့်နောက်တွင် နီရဲနေသည့်ဘက်နှင့် ဖြူဖျော့နေသည့်ဘက်ခြမ်းသာ ကျန်သည့်အထိ ရှင်းလင်းလိုက်သည်။ အသားစိမ်း၏ သွေးလွှမ်းနေသည့်အပိုင်းကို ဖယ်ရှားပစ်လိုက်၏။ အားလုံးကို ရေသန်ု့ဖြင့် ဆေးပြီးသည့်နောက်တွင် နောက်ထပ်၂ကြိမ်ခန့် ထပ်ဆေးသေးကာ အညှီနံ့တွေကို ပြေပျောက်သွားစေသည်။
ဒယ်ပြားကို မီးဖိုပေါ်တွင် အသင့်တင်ပြီးသားဖြစ်သည်။ အပူချိန်က လုံလောက်သည်ဟု ခံစားရသည့်အခါ ဆီပါးပါးသုတ်လိုက်သည်။ ထို့နောက်ချင်းနှင့်ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်လိုက်၏။ သူက ဝက်သား အပိုင်းအစများထည့်လိုက်သည့်နောက်တွင် အပူချိန်ကို အလယ်အလတ်အဆင့်သာ ထားလိုက်၏။ ဝက်သားမှ တဆစ်ဆစ် ဆီအသံများ ထွက်လာပြီးသည့်နောက်တွင် ဟိုးအောက်ခြေသို့ကပ်သွားသည်။ မွှေးပျံ့သည့်အသားရနံ့က ဖျော့တော့စွာ ထွက်လာခဲ့ကာ ရွှေရောင်သန်းမှုနှင့် မွှေးပျံ့သည့်ရနံ့မျိုးက လှိုင်လာခဲ့၏။
[ဟားဟား: ဝိုး]
[ကြေးနီရောင်လေး: ငါ နှင်းဆီစားသောက်ဆိုင်ကနေ ဝက်ပြုတ်သားဟင်းကို စားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီလိုအနံ့မျိုးတော့ မထွက်သလိုပဲ]
[အီရာ: ဒီလိုပြောဖို့မလိုသေးဘူးထင်တယ် ငါနည်းနည်းတောင် ခိုးစားလိုက်သေးတယ် အနံ့က မွှေးပေမဲ့ အရသာက မကောင်းဘူး ဘာအရသာမှလည်းမရှိဘူး ချင်းနဲ့ ကြက်သွန်ဖြူအနံ့ပဲရှိတယ် နှင်းဆီစားသောက်ဆိုင်က ပိုကောင်းတယ်လို့ငါထင်တယ်]
[တစ်စုံတစ်ယောက်ရဲ့ပျော်ရွှင်မှုကို သီချင်းနဲ့ ဖျော်ဖြေမယ်: ပြီးမှ မပြီးသေးတာ ဘယ်အရသာရှိမှာလဲ]
ထိုအချိန်တွင် ယွမ့်ထန်းက နောက်ထပ်တစ်အိုးကိုထုတ်လိုက်သည်။ သူက ရေပမာဏ အနည်းငယ် ထည့်ပြီးသည့်နောက်တွင် ဆီတစ်ဇွန်း၊ သကြားစားပွဲတင်ဇွန်း၃ဇွန်းတို့ကို ဖြည်းညင်းစွာ ထည့်ပြီး အပူချိန် နိမ့်နိမ့်ဖြင့် ချက်ထားလိုက်သည်။
အရောင် ပြောင်းလာသည့်အချိန်တွင်သူက အသားကိုထည့်သည်။ ထို့နောက် နှပ်ထားလိုက်၏။ သို့မှသာ အသားများက အနီညိုရောင်သန်းလာသည်။
[ဟားဟား: ဝိုး ဒီတစ်ကြိမ် ပိုပြီးတော့တောင် မွှေးလာပြီ ငါတို့စားလို့ရပြီလား..]
[ချင်းလေး: ကြည့်ရုံနဲ့တော့ အားလုံးကို ဆုံးဖြတ်လို့မရဘူး ဒီတင်ဆက်သူက အရသာတွေ ထပ်ဖြည့်တော့မယ်ထင်တယ်]
သူကဒယ်အိုးထဲသို့ ရေပူကိုထည့်ပြီးသည်နှင့် ရေပမာဏက ပွက်ပွက်ဆူသည်အထိ စောင့်လိုက်သည်။ ထို့နောက် ချင်းနှင့် ကြက်သွန်နီတို့ကို ထည့်လိုက်သည်။ အပူချိန်ကို မြှင့်လိုက်ပြီးသည့်နောက်တွင် ပူဖောင်းငယ်လေးများ ထလာသည်အထိ အပူပေးလိုက်၏။ ထို့နောက် ပဲငံပြာရည်အကြည်နှင့် အနောက်တို့ကို ထပ်ထည့်သည်။ ဆားအနည်းငယ်ကိုလည်း ဖြူးလိုက်သေးကာ ဖြည်းဖြည်းချင်း နှပ်ထားလိုက်၏။
[အရိုးလေး: အားအားအား ဘာလို့ အဖုံးအုပ်လိုက်တာလဲ ငါ စားချိန်တောင် မရလိုက်ဘူး]
[တကယ်တော့: ငါလည်းမစားရသေးဘူး..အိုး...]
ယွမ့်ထန်းက ကြည့်ရှူနေသူများ၏ ကွန်းမန့်များကို မမြင်ရသည့်အတွက် ဘာမှမသိပေ။ သူက ဝက်သားနီချက်ကို နီရဲလာသည်အထိ ချက်လိုက်သည်။ ထို့နောက် အားလုံးကို သေချာထည့်ပြီးသည့်နောက် အခြားဟင်းတစ်ပွဲကို စတင်လုပ်ကိုင်၏။
သူက သုံးသွယ်မြေသားဆုလာဘ်ဆိုသည့် အဓိကဟင်းလျာကို ချက်ပြုတ်ခြင်းဖြစ်သည်။ ထိုဟင်းလျာ၏ ပါဝင်ပစ္စည်းများမှာ အာလူး ခရမ်းသီးနှင့် ငရုတ်ပွစိမ်းတို့ ဖြစ်သည်။ ပါဝင်ပစ္စည်းများက ရိုးရှင်းသည်။ အားလုံးကို အတူရောမွှေပြီးသည့်နောက်တွက် ကျွတ်ရွကာမွှေးပျံ့သည့် ရနံ့များထွက်လာမည်ဖြစ်၏။ သူ၏ ဒီဇိုင်းဖော်မှုနောက်တွင် ထိုဟင်းလျာက လေးရာသီဟင်းပွဲနှင့် အလွန်လိုက်ဖက်ညီသွားမည်ဖြစ်သည်။
အချဉ်၏အရသာကမူ ဒီသုံးသွယ်မြေသားဆုလာဘ်၏အဓိကသော့ချက်ဖြစ်သည်။ ပထမဦးစွာ သူက ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက်တို့ကို ၁: ၁ ထည့်သည်။ ထို့နောက်ပန်းကန်လုံးလေးထဲသို့ ထည့်လိုက်ပြီးနောက် ရှာလကာရည်လက်ဖက်ဇွန်း၁ဇွန်းဆားနှင့်သကြားတို့ကို ဇွန်းတစ်ဝက်စီ ထည့်၏။ ထို့နောက် ချင်းနှင့်ငရုတ်ပွအနီကိုလည်း ထည့်သည်။ အားလုံးကိုရောမွှေပြီးနောက် ဘေးသို့ဖယ်ထား၏။
သူက အဓိကဟင်း၃ပွဲ၏ ပါဝင်ပစ္စည်းများကို ဆေးကြောလိုက်သည်။ အာလူးကို အခွံနွှာသည်။ အဓိက ပါ၀င်ပစ္စည်းသုံးခုလုံးကို အရွယ်စားတူအောင် ပိုင်းထားလိုက်၏။ ယခင်ဟင်းပွဲတွေတွင် အမြန်ခုတ်ထစ်ခြင်းနှင့် လှီးဖြတ်ခြင်းတို့ မပါဝင်ခဲ့ပေ။ ယခုအခါတွင် သူ၏ကျွမ်းကျင်သည့် အခုတ်အသင်စကေးကို ထုတ်ပြရချေပြီ။ ကြည့်ရှုသူများအားလုံးက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို မကြည့်ထားခဲ့သဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
[ချင်းရှောင်ဝေ့: ဝိုးသူ မြန်မြန်လှီးလိုက်နိုင်တာပဲ ဓားတောင်မမြင်ရတော့ဘူး ဒီတင်ဆက်သူက လက်ပြတ်သွားမှာမကြောက်ဘူးလား]
သုံးသွယ်မြေသားဆုလာဘ်တွင် ပြင်ဆင်ပြီးသည့်အခါ အာလူးနှင့် ခရမ်းသီးများက သေချာပေါက် ကျက်နေရမည်ဖြစ်သည်။ ယွမ့်ထန်းက ဒယ်ပြားထဲသို့ ဆီကိုထည့်ကာ အပူပေးထားလိုက်သည်။ မည်သို့ပင်ဆိုစေ အာလူးများကို ဖြည်းညင်းစွာ ချက်ထားရမည်ဖြစ်သည်။ အာလူးအတွင်းသားများက နူးနေအောင် ဦးစားပေးရမည်ဖြစ်၏။ ဆီ၏အပူချိန်က ၈၀ ဒီဂရီ ဆဲစီးယပ်ခန့် ထားပေးရမည် ဖြစ်သည်။
သူက အာလူးကို ဦးစွာ ထည့်ထားလိုက်၏။ ထို့နောက် အတွင်းသားများ ကျက်သည်အထိ အပူချိန်ကို မြှင့်ထားလိုက်၏။ ဆီက ရုတ်တရက် ပွက်ပွက်ဆူလာသည်။ထိုအခါအာလူးအပေါ်ယံသားတွေက ရွှေ့ရောင်သန်းကာ ကြွပ်ရွလာ၏။ အရောင်နှင့်အနံ့ကကြည့်ရုံနှင့်တင် မွှေးပျံ့နေမည့်ပုံရသည်။ သူက အခြားသောဟင်းလျာ၂မျိုးကိုလည်း အလားတူစွာပင်ပြုလုပ်လိုက်၏။ ခရမ်းသီးနှင့် ငရုတ်ပွစိမ်းတို့ကို ကြော်ပြီးသည့်နောက်တွင် ဖြည်းညင်းစွာ တစ်ဖက်လှန်လိုက်သည်။ ထို့နောက် ဆီစစ်ထားလိုက်၏။
ဒယ်အိုးထဲတွင် ရှိနေသည့်ဆီကို အသုံးပြုဦးမည်ဖြစ်သည့်အတွက် သူက ကြက်သွန်မြိတ်နှင့် ချင်းတို့ကို ထည့်ကာ ဓားပြားရိုက်ပြီး ကြော်ထားလိုက်သည်။ ဟင်းရွက်သုံးမျိုးကို နူးညံ့သွားသည်အထိ စောင့်ရန်အလို့ငှာ ယွမ့်ထန်းက အာလူးခရမ်းသီးနှင့် ငရုတ်ပွစိမ်းတို့ကို ဒယ်အိုးထဲသို့ ထပ်ထည့်ထားလိုက်ပြန်၏။ သူက သူကိုယ်တိုင်ပြုလုပ်ထားသည့် အချဉ်ရည်ကိုလည်း အထဲသို့ လောင်းထည့်လိုက်သည်။ အားလုံးကိုအပူချိန်မြင့်မြင့်ဖြင့် ကြော်ပြီးသည့်နောက်တွင် အချဉ်၏မွှေးရနံ့နှင့် ဆီ၏အရသာများကို အရွက်များက စုပ်ယူသွားပြီဖြစ်ကာ ဆီကင်းစင်ကာ လင်းလက်သည့် အရောင်မျိုးက လင်းလက်နေခဲ့ပြီဖြစ်သည်။ ယွမ့်ထန်းက အပူချိန်ကို ပြန်ပိတ်လိုက်ပြီးသည့်နောက်အရွက်ကို ပန်းကန်ထဲသို့ထည့်ကာ ပြင်ဆင်ထားလိုက်သည်။
"ဝတ္ထုဖတ်သူ: ဝိုး ပူလိုက်တာ ပူလိုက်တာ ပူလိုက်တာက ငါ လျှာပူသွားပြီ]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: ငါ့ရဲ့လျှာကတော့ လောင်ကျွမ်းသွားပါပြီ]
ယွမ့်ထန်းက သုံးသွယ်မြေသားဆုလာဘ်ကို ပန်းကန်ထဲသို့ ထည့်လိုက်ချိန်မှာပင် မစောင့်နိုင်သည့် ကြည့်ရှူသူများက ခိုးစားကြခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် အလွန်ပူပြင်းနေကာ ဆီကိုလည်း အပြည့်အ ဝစုပ်ယူထားသည့်အတွက် လျှာကလည်း အပူလောင်သွားတော့သည်။ ထို့ကြောင့် ဆက်တိုက်အော်ဟစ်သံတွေက ထွက်လာခဲ့၏။
[ရေငတ်နေတယ်: ပူလိုက်တာ ဒါပေမဲ့ အရသာရှိတယ်]
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ်: သက်တမ်းကြာရှည်နေတဲ့ ပရိသတ်တွေက ဟင်းလျာကို ဘယ်အချိန်မှာ အပူမလောင်ဘဲ မြည်းရမလဲဆိုတာကိုနားလည်တယ် ဒါကြောင့် ငါစားဖို့စောင့်နေတာလေ ငါ့ကိုယ့်ငါ တော်တော်ထိန်းထားတာ တင်ဆက်သူရဲ့ လက်ရာကတော့ တကယ်ကို ပထမတန်းစားပဲ]
သုံးသွယ်မြေသားဆုလာဘ်က နာမည်နှင့် လိုက်သည်။ အရသာကအလွန်ရှိကာ နူးညံ့နေ၏။ ဆီရှိသော်လည်း အီမနေပေ။ ထိုဆီအရောင်ဖြင့်ပင် လှပနေသေး၏။ ဟင်းလျာကို ပန်းကန်ခွဲထားခြင်းက တစ်ပန်းကန်ကို စက်ရုပ်က ယူသွားပြီး အခြားတစ်ပန်းကန်ကို အထဲသို့ ထည့်ထားလိုက်သည်။ ဒီနည်းဖြင့် ဒိုင်များက ကြိုတင်မြည်းစမ်းနိုင်၏။
အံ့သြစရာမလိုလောက်အောင် ဟင်းပွဲက ၂မိနစ်အတွင်းတွင် အပြောင်ရှင်းခံလိုက်ရသည်။
[သကြားပိုစားရင် သွားကိုက်လိမ့်မယ်: အား အား အား ထပ်ပြီးကုန်သွားပြန်ပြီ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ]
[မူ: ဒီဒိုင်တွေကတော့ သူတို့ ဘာလုပ်ဖို့ ဒီကိုရောက်နေသလဲဆိုတာ မေ့သွားကြပြီထင်တယ်]
ပါဝင်ယှဉ်ပြိုင်မည့်သူများ၏ ဟင်းလျာများကို အပြောင်ရှင်းပြီးသည့်နောက်တွင် ဒိုင်အချို့ကရှက်သွားကြသည်။ သို့သော်ယွမ့်ထန်းလုပ်သမျှဟင်းလျာတိုင်းက အလွန်အရသာရှိသည်။ အနံ့ရကတည်းကပင် သူတို့သွားရည် ကျနေပြီဖြစ်ကာ မည်သို့မျှ ဟန်မဆောင်နိုင်ဘဲ ဟင်းလျာရောက်သည်နှင့် ချက်ချင်း အကုန်ရှင်းလိုက်ကြခြင်း ဖြစ်သည်။ သူတို့ကသာ လက်နှေးလျှင် ငတ်သွားလိမ့်မည်ဖြစ်၏။
အချို့သော မုတ်ဆိတ်ဖြူကြီးများဖြင့် စားဖိုမှူးများက သူတို့၏မုတ်ဆိတ်မွေးများကို သုတ်နေကာ မျက်နှာကနီရဲနေသည်။ ဘယ်မှညာအစဉ်လိုက်အချင်းချင်း ချီးကျူးကြ၏။
"အနံ့က အရမ်းမွှေးပြီး အရသာက အရမ်းကောင်းတယ် ငံလည်း မငံဘူး အရသာလည်းရှိတယ် အရမ်းကောင်းတယ် အရမ်းကောင်းတယ်"
"သူဘယ်လိုတောင် ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်အရသာရှိတဲ့ဟင်းလျာတွေကို လုပ်နိုင်တာလဲ လူငယ်ပေမဲ့ ငါတို့ လေးစားဖို့တောင် ထိုက်တန်တယ်လို့ထင်တယ်"
"ဟုတ်တာပေါ့ ဟုတ်တာပေါ့"
ကြည့်ရှုသူများ "..."
သူတို့၏ကွန်းမန့်များ ပြီးသွားသည်နှင့် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြကာ ယွမ့်ထန်းဆီသို့ အကြည့်တို့ ရောက်သွားကြသည်။ သည်တစ်ကြိမ်တွင် ယွမ့်ထန်းက အလွန်ကြီးမားသည့် ငါးအမြီးကြီးကို ထုတ်ထားသည်။ ငါးအမြီးကြီးကို တစ်ချက် ဖျတ်ခနဲ ရိုက်ပြီးသည်နှင့် ဓားဖြင့် သပ်လိုက်ကာ ကြေးခွံများကို ပြောင်သွားစေ၏။ အတွေ့အကြုံရှိသည့် ကြည့်ရှုသူများက နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြသည်။ မဟုတ်လျှင် ကြေးခွံများစင်လာနိုင်၏။
[ဆည်းဆာချိန်: အား... ငါးအမြီးက စားလို့ရတာလား အရိုးတွေက အများကြီးပဲလေ]
[ကြောင်တွေအတွက်ပိုက်ဆံအပြည့်အမ်းမယ်: ငါးစားတာတော့ ငါ မရင်းနှီးဘူး ရှော့ပင်းဆိုက်မှာတော့ မြင်ဖူးတယ်၊ ကြည့်ရတာ ဒီငါးအမြီးက ထွက်တာ မကြာသေးဖူးထင်တယ် အိုဘုရားရေ ဒီပါဝင်ပစ္စည်းက ဘာမှန်းတောင်မသိဘဲနဲ့ တင်ဆက်သူက ချက်ရဲနေပြီလား.. ရယ်လိုက်ငိုလိုက်အီမိုဂျီ]
ဆိုရလျှင် အကယ်ဒမီသိပ္ပံမှ ငါးအမျိုးအစားအမျိုးမျိုးကို ထုတ်ထားပေးသည့်တိုင်အောင် အမျိုးအစားအလိုက် မည့်သည့်အပိုင်းက အန္တရာယ် ရှိ၊ မရှိကို သူတို့နားမလည်ထားကြသေးပေ။ ထို့ကြောင့် ဓာတ်ခွဲခန်းတွင် အစိတ်ပိုင်းအများစုက ရှိနေသေးကာ ငါးတိုင်းကို တစ်ကိုယ်လုံးအပြည့် စားသုံးနိုင်ကြောင်း ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့်တစ်ပိုင်းချင်းစီကိုသာ ကြေညာနေခြင်း ဖြစ်၏။
သို့သော် ယွမ့်ထန်းအတွက်ကမူ မည်သည့်အရာက စားကောင်းသည့်အပိုင်းဖြစ်ကြောင်း နားလည်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် ယွမ့်ထန်းက ဒါကို ဟုန်ရှောင်ဟွားရွှိန် လုပ်ရန် စီစဉ်ထားသည်။
ဟုန်ရှောင်ဟွားရွှိန်ဆိုသည်မှာ တောင်ပိုင်းငါးဟင်းအမျိုးအစားတစ်မျိုးဖြစ်သည်။ ငါးအမြီးကို ရေရိုက်ခတ်ပုံမြင်ပြီး နာမည်ပေးထားခြင်းလည်းဖြစ်သည်။ ထိုငါးအမြီးအပိုင်းက အရသာရှိပြီး အနူးညံ့ဆုံးဖြစ်သည်။ အနာဂတ်တွင် ပြည်သူပြည်သားတွေက ငါးအမြီးကိုသာ ပုံမှန်စားရန် တွေးတောနေလောက်ပေ၏။
ကြေးခွံခွာပြီးနောက်တွင် ရှောင်းချန်က အလယ်အရိုးကို ထုတ်ကာ နှစ်ခြမ်းခြမ်းလိုက်သည်။ သို့သော် သူက မပိုင်းဖြတ်လိုက်ပေ။ ငါးအမြီးကို တစ်ဖက်လှန်လိုက်ကာ အလယ်မှ ထက်ခြမ်းခြမ်းလိုက်၏။ ထို့နောက်အလယ်မှ ငါးအတွင်းပိုင်းကိုဖွင့်လိုက်ကာအပြားလိုက်ချထားလိုက်သည်။ ငါးအမြီးကို ပန်းကန်ပြားသို့ တင်ပြီးသည်နှင့် သူက ဂရုတစိုက် ငါးအပေါ်မှ ဆားများ ဖြူးလိုက်သည်။ အထူးသဖြင့် ငါးအတွင်းသားသို့ ဝင်သွားစေရန် ခပ်ဖွဖွ ပွတ်လိုက်သေး၏။ ထိုနည်းဖြင့်သာ ကြော်သည့်အခါ အရသာများ အခဲလိုက် မကျန်ရစ်မည်ဖြစ်သည်။
ဒယ်အိုးကို အပူပေးပြီးသည့်နောက်တွင် ကြက်သွန်၊ ချင်း၊ ကြက်သွန်ဖြူ၊ အနီရောင်ငရုတ်ကောင်း၊ ငရုတ်ပွတို့ကို ထည့်ထားလိုက်သည်။ အပူချိန်အလယ်အလတ် ထားပြီးနောက်တွင် ဆီသတ်ထားလိုက်၏။ ထို့နောက် ငါးကို အထဲသို့ ထည့်ကာ ပွက်ပွက်ဆူနေသည့် ရေများကိုလည်း ထပ်ဖြည့်ထားလိုက်သေးသည်။ ငါးပေါလောပေါ်လာသည့်အထိ ထားလိုက်၏။ ထို့နောက် ငံပြာရည်အနောက်နှင့် အကြည်တို့ကိုလည်း ထည့်သေးသည်။ အပူချိန်ကို ပြန်မြှင့်လိုက်ကာ ငါးကို ပွက်ပွက်ဆူလာစေ၏။ ထို့နောက် အလွန်ပွက်ပွက်ဆူလာသည့်အခါမှသာ အပူချိန်ကို ပြန်လျှော့လိုက်သည်။ ထိုအချိန်တွင် ဝက်သားနှပ်က ရနေပြီဖြစ်သည့်အတွက် ယွမ့်ထန်းက မီးဖိုကို ဖွင့်လိုက်သည်။ အဖုံးကို ဖွင့််လိုက်သည်နှင့် ကြည့်ရှုနေသူတိုင်း သွားရည်စီးကျလောက်အောင် မွှေးပျံ့သည့်ရနံ့က ပေါက်ထွက်လာသည်။ ထိုဝက်ဗိုက်သားက အဆီတစ်ထပ် အသားတစ်ထပ်ရှိကာ အလွန်ကြည့်ကောင်းပြီး ကြွပ်ရွကာ အရသာရှိမည့်ပုံလည်းရ၏။ မွှေးပျံ့သည့်အနံ့တစ်မျိုးက ကြည့်ရှုနေသူများကို ဆက်တိုက်ပင် သွားရည်များ စီးကျလာစေသည်။ အဆီများအပေါ်တွင် ဝေ့နေခြင်းကလည်း အလွန်ဆွဲဆောင်မှုရှိ၏။
ယွမ့်ထန်းက ပန်းကန်ပြားထဲသို့ ဟင်းလျာကိုထည့်လိုက်သည်။ ကြည့်ရှုသူများက စားရန် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်ကြ၏။ သူတို့အပူလောင်မည်ကိုစိုးသည့်တိုင် အလုအယက် စားကြ၏။ ဒိုင်တွေထံသို့ရောက်သွားပြီဆိုလျှင် သူတို့ငတ်ပေလိမ့်မည်။ သူတို့က စကားပင် မပြောနိုင်တော့လေဘဲ ဆက်တိုက်ပင် တူတွေကိုကောက်ကိုင်ပြီး ဆက်တိုက်စားနေကြသည်။
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: သေစမ်း...]
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ်: အရသာအရမ်းရှိတာပဲ]
[ပန်းငယ်: ငါဘယ်သူလဲ ငါဘယ်မှာလဲ ငါဘယ်ကိုရောက်နေတာလဲ ငါ အသက် ပြန်ထွက်သွားပြီထင်တယ်..]
[မှင်စက်: ငါ အလောတကြီး အသားအပိုင်းစကို ကိုက်စားလိုက်တာပဲ၊ ဒါက ဒေတာရဲ့အရသာဆိုတော့ ငါမျိုချလို့မရတာ ဘယ်လောက်နှမြောဖို့ကောင်းလိုက်လဲ။ ဒါကသန့်စင်တဲ့နှိပ်စက်မှုပဲ အဟွန့် အဟွတ်အဟွတ်..]
[မှင်စက်ကျသွားပြီ: ဒီနေ့ကစပြီး ငါကယွမ့်ထန်းရဲ့ အဆင်ခြင်မဲ့ပရိသတ်ပဲ ယွမ့်ထန်း ဘယ်နေရာမှာပဲ တိုက်ရိုက်ထုတ်လွှင့်ထုတ်လွှင့် သေချာပေါက် သူ့ကို အကြီးကြီးအမ်းပစ်လိုက်မယ် ငါ့ကို အခန်းနံပါတ်ပေးလို့ရမလား..]
[ညလယ်ခေါင်မှာ ရေနွေးထသောက်နေတဲ့ငါ: ငါ စားလေလေ ဗိုက်ဆာလေလေပဲ ငါ့ရဲ့အားဖြည့်ဆေးတွေက အရသာမှမရှိတာ ဘယ်လိုများ ဆက်သောက်ရမှာလဲ]
ဝက်နှပ်က အရသာ အလွန်ရှိလှကာ ပရိသတ်များက ဆက်တိုက်ပင်အော်ဟစ်နေသည်။ မျှော်လင့်ထားသည့်အတိုင်း မည်သည့်ခေတ်တွင်မဆို အသားစားသူများက အသားကို အလွန်နှစ်သက်ကြသည်။ မွှေးရနံ့ကို ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ချေ။
ဝက်ဗိုက်သားက နာရီဝက်ခန့် ချက်ထားခြင်းဖြစ်ကာ အပြည့်အဝ ကျက်နေသည်ဟု ပြော၍ရသည်။ ပါးစပ်ထဲသို့ ထည့်လိုက်သည့်အချိန်တွင်စိုရွှဲကာ နူးအိနေသည့်အရသာက ပေါက်ထွက်လာ၏။ အသားထဲတွင် ရှိနေသည့်ဆီကအပြည့်အဝချက်ထားသည့်တိုင်အောင် စိုရွှဲနေကာ အီခြင်းမရှိပေ။ အခေါက်သားပင်ဖြစ်စေ အဆီသားပင်ဖြစ်စေ အသားပင်ဖြစ်စေ အလွန်နူးညံ့ပျော့ပျောင်းနေ၏။ ဒီအရသာနှစ်မျိုးက ပေါင်းစပ်လိုက်သည့်အခါ မည်သူမဆို အလွန်အရသာရှိကြောင်း ဝန်ခံသွားရပေမည်။
အသားတစ်ပန်းကန်ကို စက်ရုပ်လေးက ယူသွားပြီး အခြားတစ်ပန်းကန်ကမူ ဒိုင်တွေထံသို့ပေးသည်။ ဒိုင်အဖွဲ့ကလည်း အဝေးကတည်းက သွားရည်ကျနေပြီးသား ဖြစ်ကာ ရောက်လာသည်နှင့် ချက်ချင်းပင် အသားကုန်စားကြတော့၏။
ဝက်သားနီချက်ကို စားပွဲပေါ်သို့ တင်ပြီးသည့်နောက်တွင် ဥက္ကဋ္ဌကုက အသားဖတ်တစ်ခုကို ချက်ချင်းပင် တူဖြင့်ကောက်ယူပြီး ပါးစပ်ထဲသို့ထည့်သည်။ သူ မျက်လုံးများကို မှိတ်လိုက်၏။
အရသာကောင်းမွန်နေကာ နူးညံ့ညင်သာသည့်ဝက်သားက ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်။ ဝါးလိုက်ချိန်တိုင်း အရည်များ ထွက်လာခြင်းကပင် သူ၏ပါးစပ်တစ်ခုလုံးကို မွှေးပျံ့သွားစေကာ ကောင်းကင်ပေါ်သို့ရောက်သွားသကဲ့သို့ ခံစားရစေ၏။
"ဒါက တကယ့်အကောင်းဆုံးလက်ရာပဲ"
ဥက္ကဋ္ဌကုက သက်ပြင်းချသည်။ သူ မျက်လုံးကိုပြန်ဖွင့်ကာ နောက်ထပ်တစ်ပိုင်းစားရန်ပြင်လိုက်ချိန်တွင် တစ်ပန်းကန်လုံးက ပြောင်နေခဲ့ချေပြီ
သူ ချက်ချင်းပင်ခေါင်းလှည့်ပြီး လူအိုကြီးများအားလုံးကို စူးရဲကြည့်လိုက်မိသည်။ တစ်ယောက်ချင်းစီတိုင်းက ပါးစပ်အပြည့်ဖြင့် ဖောင်းကားနေသည့်အပြင် အရည်တွေကလည်း ပါးစပ်ထောင့်မှ စီးကျနေသေးသည်။ သူတို့တစ်ယောက်တည်း မည်မျှ များများ စားခဲ့ကြောင်းကို မသိနိုင်ပေ။
ဥက္ကဋ္ဌကု ဒေါသထွက်သွားသည်။ သူ၏မုတ်ဆိတ်ကြီးက ယမ်းခါသွားကာ မတ်တတ်ထရပ်လိုက်၏။ သူအလွန်စိတ်ဓာတ်ကျသွားသည်။ မကောင်းသည့်သတင်းများ ထွက်လာမည်ကိုသာ စိုးရိမ်မနေလျှင် သူ ချက်ချင်း ပြန်လုစားမိမည်မှာသေချာသည်။ ကောလောင်က သူ့ကိုထိန်းနေရ၏။
"ဥက္ကဋ္ဌရဲ့ပါးစပ်ထဲမှာလည်း အသားတစ်ဖတ် ရှိနေသေးတာပဲလေ၊ ဒီကျန်တဲ့ နောက်ဆုံးတစ်ခုကိုတော့ ကျွန်တော့်အတွက် ထားပေးလိုက်တာက ပိုကောင်းမယ်ထင်တယ်"
ကောလောင်က ပန်းကန်ထဲတွင် ကျန်နေသည့် အသားဖတ်ကို တူဖြင့် လှမ်းယူကာ အခြားသူများကို အာဏာ သုံးပြီး ခြောက်လှန့်ရန်ကြိုးစားသည်။
"မရဘူး ငါက ဒီအတိုင်း..."
ဥက္ကဋ္ဌကုက သူ တစ်ဖတ်သာ စားရသေးကြောင်းရှင်းပြလိုလှသော်လည်း သူ့ဘေးနားတွင် ရှိသည့်လူအိုကြီးက ဒါကိုအခွင့်ကောင်းယူပြီး သူတို့၂ယောက်ကြားမှခိုးယူသွားကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုသို့ဖြင့် အသားကကုန်သွား၏။
လူအိုကြီးနှစ်ယောက်ကို ကြည့်နေသည့်ဝမ်လောင်က မယုံနိုင်သလို ဖြစ်နေခဲ့သည်။ သို့သော် ဝမ်လောင်က ပါးစပ်ထဲတွင်ရှိသည့်နောက်ဆုံးအပိုင်းစကို မျက်လုံးများစင်းပြီးသာ ဖြည်းညင်းစွာ ဝါးနေလျက် ခပ်တိုးတိုးပြော၏။
"အရသာရှိလိုက်တာ"
ဥက္ကဋ္ဌကုနှင့်ကောလောင်တို့က တိုက်ခိုက်နေကြချိန်တွင် ကျန်တစ်ယောက်က ခိုးယူသွားကြောင်း မြင်သည့်အခါ အလွန်ဒေါသထွက်သွားကြသည်။ ကြည့်ရှူနေသူများလည်း ရှိသည့်အတွက် သူတို့၏ ပုံရိပ်ကိုထိန်းရန်အတွက် ဒေါသကိုဖိနှိပ်လိုက်ရ၏။ မဟုတ်လျှင် သူတို့ပြင်းပြင်းထန်ထန် ထိုးနှက်မိမည်မှာ သေချာသည်။ စိတ်ထဲတွင်မူ ကျိန်ဆဲနေကြ၏။
ထို့နောက် သက်ပြင်းချလိုက်ကြသည်။
ဒေါသထွက်စရာပဲ။
ကံကောင်းသည်မှာ ထိုအချိန်တွင် ဟုန်ရှောင်ဟွားရွှိန်က လုပ်၍ပြီးသွားသည်။ ယွမ့်ထန်းက ငါးအမြီးကို နှစ်ပိုင်းပိုင်းထားကာ အလယ်တွင် ကြွေပန်းကန်ပြားဖြင့် ချထားလိုက်သည်။ ထို့နောက်အချဉ်ရည်ကို ဘေးမှ ဖြန်းထားလိုက်ပြီးနောက်တွက် မွှေးပျံ့သည့် ကြက်သွန်မြိတ်များကို အပေါ်မှ ဖြူးထားလိုက်သည်။
[ရွှေပြားတွေ ကျလာပြီ: အားအရသာရှိလိုက်တာ နူးညံ့အရသာရှိနေတာပဲ အရိုးလည်းမပါဘူးနော်]
[ငါ့မွေးရပ်မြေက ရှုခင်းများ: တင်ဆက်သူက အံ့သြဖို့ကောင်းလိုက်တာ၊ အရသာကလည်း သိပ်ကောင်းတာပဲ...]
ငါးအရသာက နူးညံ့နေသည့်အပြင် အရိုးများကိုလည်း မမြင်ရပေ။ အရသာက အလွန်ကောင်းမွန်လွန်းလှပေ၏။ အမြီးက အနည်းငယ်ကြွပ်ရွသည့် အရေခွံသား၊ နူးအိနေသည့်အသားတို့ ပေါင်းစပ်ထားသည့်အပြင် အရည်ရွှမ်းနေခြင်းကပင် ငါးအရသာကို ပိုကောင်းမွန်သွားစေသည်။ ကြည့်ရှုသူတိုင်းက မွှေးရနံ့နှင့်ပင် ပါးစပ်မှသွားရည်များစွာ ဆက်တိုက်စီးကျလာခဲ့သည်။ ဝက်သားနီချက်ကဲ့သို့ အရသာပြင်းသည့်အရသာမျိုးနှင့် နှိုင်းယှဉ်ရသော် ဟုန်ရှောင်ဟွားရွှိန်က ပို၍ အရသာပေါ့သည်။ သို့သော် လတ်ဆတ်သည့်ရနံ့တစ်ခုနှင့်အတူ အချိန်အတန်ကြာ ကျော်ကြားသည့် ဟင်းလျာတစ်ပွဲဖြစ်သွားသည်။
ယခင်တစ်ခေါက်မှ အတွေ့အကြုံကို သင်ခန်းစာရသွားပြီဖြစ်သည့်အတွက် ဒီတစ်ကြိမ်တွင် စားပွဲပေါ်သို့ ထိုဟင်းပွဲ့ရောက်လာသည်နှင့် တိုက်ပွဲနယ်မြေစတင်တော့သည်။ အချင်းချင်း တူများ တိုက်ခိုက်သံတွေက စတင်လာတော့ကာ အချို့သောဒိုင်တွေက အခြားသူများကိုတားပြီး သူတို့အတွက်သာ သူတို့ခိုးယူကြသည်။ ထိုသို့ဖြင့် ကြည့်ရှုသူတွေက ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။ သိပ်မကြာခင်မှာပင် အရည်ပါးပါးသာ ကျန်ရစ်တော့၏။
"နှမြေစရာကောင်းတာက ငါတို့ထမင်းပန်းကန် မရတာပဲ ဒီအချဉ်တွေက အလကားဖြစ်ကုန်ပြီ"
ကောလောင်က ပန်းကန်နှစ်ချပ်ပေါ်မှအချဉ်များကိုကြည့်ကာ မသက်မသာပြောသည်။ သူက တူဖြင့်ပင် ယူသေးကာ ဒါတွေကို အပြောင်ယက်ချင်နေ၏။ ထို့နောက် လက်ထဲတွင် ကိုင်ထားသည့်တူကိုလည်း ယက်နေသေးသည်။. နှမြောစရာကောင်းသည်မှာကြယ်နက်ဝေါ့တစ်ခုလုံးက တိုက်ရိုက် ကြည့်ရှူနေသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သေချာပေါက်ပန်းကန်ကို လျက်လောက်၏။
ပြောရမည်ဆိုလျှင် သည်အချိန်အတွင်း ဒိုင်တွေ၏သိက္ခာက ကျဆင်းနေခဲ့ပြီးသားဖြစ်သည်။ သူတို့ သတိမထားမိခြင်းသာဖြစ်သည်။
ယခုအခါတွင် အပူဟင်းလျာများက လျော့သွားပြီဖြစ်သဖြင့် နောက်ဆုံးတွင် စွပ်ပြုတ်မျှသာ ကျန်ရစ်တော့သည်။ အဓိကဟင်းလျာပြီးလျှင် အချိုတည်းရန်ဖြစ်၏။ထို့နောက် လေးရာသီစားပွဲက ပြီးပြည့်စုံသွားပေလိမ့်မည်၊။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ယွမ့်ထန်းအလောတကြီး လုပ်နေရချေပြီ။
'စွပ်ပြုတ်ဆိုရင် အရသာရှိပြီးလတ်ဆက်တဲ့ မုန်လာဥဝက်နံရိုးစွပ်ပြုတ်ကို ချက်ပေးရမှာပေါ့။'
သူက ဝက်နံရိုးအပိုင်းစတစ်ခုကို ထုတ်လိုက်ပြီးနောက်အပိုင်းသေးသေးလေးတွေပိုင်းလိုက်သည်။ ထို့နောက် ဆူပွက်နေသည့် ရေထဲတွင် နှစ်ကြိမ်ခန့် ထပ်ပြုတ်ထားလိုက်ပြီးနောက် တစ်ဖန် ရေပြန်ဆေးလိုက်သည်။ ထို့နောက် အိုးထဲသို့ ပြန်ထည့်ကာ ပွက်ပွက်ဆူစေပြန်ပြီး သူသေချာလှီးထားသည့်ချင်းများကို ဓားပြားရိုက်ကာထည့်ထားလိုက်၏။
နံရိုးကို ချက်နေချိန်တွင် ယွမ့်ထန်းက မုန်လာဥကို အခွံနွှာကာနွှေးထားလိုက်သည်။ ထို့နောက် အဝိုင်းသေးသေးလေးများ ပိုင်းပြီးသည့်နောက် တစ်ဖန်ပြန်စိတ်သည်။ သေးသေးလေး ဖြစ်သွားပြီးနောက် စွပ်ပြုတ်အိုးထဲသို့ ထည့်ထားလိုက်၏။
နံရိုးက မိနစ်၃၀ခန့် ချက်ရန် လိုအပ်သည်။ ယွမ့်ထန်းက နောက်ဆုံးကျန်သည့်ဟင်းလျာကို လုပ်ရန်စတင်လိုက်၏။ သူက အဓိကဟင်းလျာကို လေးရောင်ခြယ်ဖက်ထုပ်ဟုရွေးချယ်ထားသည်။ ဒါက မတူကွဲပြားသည့် ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်မည်ဖြစ်ကာ ထိုထဲတွင်ရှိသည့် အစာသွပ်ပစ္စည်းများကလည်း ကွာခြားမည်ဖြစ်သည်။ လေးရာသီစားပွဲနှင့် လိုက်ဖက်ညီလွန်းလှပေ၏။
ပထမဦးစွာ သူကဝက်သားကိုပြင်သည်။ သူက အသားကို ကြိတ်ချေပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ထားလိုက်၏။ ထို့နောက် ပုဇွန်အချို့ကို အခွံခွာကာ ကြက်သွန်နီပေါင်းပြီး နုတ်နုတ်စဉ်းသည်။ ထို့နောက်အားလုံးကို ဝက်သားထဲသို့ ထည့်ကာ ရောမွှေထားလိုက်၏။ ထို့နောက် သူက ပဲငံပြာရည်၊ ဆား၊ သကြား ငရုတ်ကောင်းနှင့် အခြားသောအရသာများကို ထည့်ဖြည့်ပေးလိုက်သည်။ အားလုံးကို ရောနယ်ပြီးသည့်နောက်တွင် အပေါ်မှ ကြက်သွန်ဖြူနှင့် ချင်းတို့ ရောထားသည့်အရည်ကိုထည့်ကာ နှပ်အောင်နယ်လိုက်၏။
ရေနွေးပူထဲသို့ သူက ပါဝင်ပစ္စည်းများကို ထည့်ကာ အဆင်သင့်ပြင်ထားချိန်၌ အခြားတစ်ဖက်တွင် ထည့်ရန်အတွက် ဟင်းနွေးနိုင်သည့် ဘူးကိုလည်းထုတ်ထားသည်။ ထိုထဲသို့ ထည့်ထားပြီးနောက် အသုံးပြုနိုင်မည်ဖြစ်သည်။
မိနစ်၂၀ကို သူ အလကားသက်သက်ဖြုန်းလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် နို့ကိုယူလိုက်ကာ အိုးငယ်ထဲသို့ ထည့်လိုက်ပြီးအပူပေးထားလိုက်သည်။ ဆူပွက်လာသည့်အခါသူက ပန်းကန်အကြည် ဆယ်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ဒါက အကယ်ဒမီသို့ တမင်သက်သက် ဒုက္ခရှာကာ ပြင်ဆင်ပေးခိုင်းထားသည့်အရာလည်းဖြစ်သည်။
သူက နှစ်လွှာ နို့သရက်သီးပူတင်းကို လုပ်ရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ဒါကို ညစာစားပြီးသည့်အခါ အချိုပွဲအနေနှင့် စားနိုင်မည်ဖြစ်၏။ ဆောင်းတွင်းအတွက်လည်း အလွန်သင့်တော်သည့်အရာမျိုး ဖြစ်သည်။ နှင်းကဲ့သို့ ဖြူဖွေးနေသည့် နှစ်လွှာနို့ပူတင်းသားက နှင်းကို ကိုယ်စားပြုမည်ဖြစ်သည်။ အပေါ်မှ အဝါရောင်သရက်စိတ်လေးများကို ခပ်ပါးပါး ဖြူးလိုက်မည်ဆိုသည့်အခါ အလွန်လှပကာ ကြည့်ကောင်းသွားပေလိမ့်မည်။
သူက ကြက်ဥငါးလုံးကို ယူသည်။ ထို့နောက် ကြက်ဥ၅လုံးမှ အနှစ်နှင့် အကာကို ခွဲလိုက်ပြီးသည့်နောက် အဖြူရောင်အကာများကို မွှေသည်။
ဒီတစ်ကြိမ်တွင် နို့က အေးသွားခဲ့ချေပြီ။ ထိုအခါ ပါးလျသည့်နို့အပေါ်ယံလွှာက အပေါ်တွင် စုဝေးလာခဲ့၏။ သူက ဓားပါးပါးကို ယူပြီး နို့အပေါ်ယံအသားလွှာကိုခပ်ပါးပါးလှီးထုတ်လိုက်သည်။ ထို့နောက် ဖန်ခွက်အကြည်များထဲသို့ ထည့်ထားသည့် နို့ခွက် ၁၀ ခွက်ကိုလည်း ယူလိုက်သည်။ ထို့နောက် တစ်ခွက်ထဲသို့ ပေါင်းထည့်လိုက်သည့်အချိန်တွင် နဂိုထည့်သည့်ပမာဏထက် ပိုများပြားသွားပြီ ဖြစ်ကာ အပေါ်ယံအလွှာကလည်း ကွဲထွက်သွားပြီး အထဲသို့ စိမ့်ဝင်သွားသည်။ လောင်းထည့်လိုက်သည့်နို့နှင့် ကြက်ဥအကာများကို အတူတကွ ရောမွှေလိုက်သည်။ ထို့ပြင် သကြားကို ထပ်ထည့်သည်။ သူထပ်မွှေ၏။ ဒီအဆင့်ထိပြီးသွားလျှင် အသေးစားလုပ်ငန်းများဟု ဆိုရမည်ဖြစ်သည်။ ကျန်သမျှက နို့များအားလုံးကို အပေါ်မှအရောင်းတစ်မျိုးပြောင်းရန်အတွက် အအေးခံကာ တောက်လျှောက်ပင် လောင်းပေးနေရမည်ဖြစ်သည်။ ထို့နောက် ပန်းကန်လုံးအပေါ်မှ ပလတ်စတစ်ပြားကို အုပ်ထားရမည်ဖြစ်သည်။ ထိုနည်းဖြင့် ၁၀မိနစ်ခန့် ပေါင်းထားရမည်ဖြစ်ကာ နှစ်လွှာသားဖက်ထုပ်က ပြီးဆုံးသွားပေလိမ့်မည်။
သို့သော်ဒီပြုလုပ်သည့်အဆင့်ဆင့်တိုင်းကို အကယ်ဒမီသိပ္ပံက တိုက်ရိုက်ရိုက်ကူးထားကာ သူတို့က ပြန်လည်စမ်းသပ်မည် ဖြစ်သည်။ ထိုအချိန်တွင်ဝက်နံရိုးစွပ်ပြုတ်ကလည်းပြီးဆုံးသွားခဲ့ချေပြီ။ သူက နံရိုးများကို တူဖြင့်ထုတ်ပြီးသည့်အခါ နူးညံ့နေကြောင်းမြင်ရသည့်အတွက် ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ကို ခတ်လိုက်သည်။ ထို့နောက် ဝက်နံရိုးကို စွပ်ပြုတ်အိုးထဲသို့ထည့်လိုက်၏။
[နှာချေးတွဲလောင်း: အရသာရှိမဲ့ပုံပဲ]
[ယန်ကွေ့: မုန်လာဥက နူးညံ့နေတာပဲ တော်တော်လေးကိုအရသာရှိတယ် စွပ်ပြုတ်ကလည်း လန်းဆန်းနေတာပဲ ကောင်းလိုက်တာ]

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Donde viven las historias. Descúbrelo ahora