part 39

1.5K 211 0
                                    

Unicode
အပိုင်း (၃၉) လက်ထောက်ခြောက်ယောက်
ယွမ့်ထန်းက မျက်တောင်တစ်ချက်ခတ်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကြယ်ဖလားကို ပြောတာပါ”
ကြယ်ဖလားဆိုသည်မှာ သည်လောကတွင် ကျော်ကြားသော ပွဲကြီးတစ်ခုဖြစ်သည်။ ကမ္ဘာ့ဖလားနှင့် ဆင်တူပြီး ဘောလုံးကန်ခြင်းဆိုသည်ထက် မက္ခစွမ်းရည်ကို ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားချိန်ကဆိုလျှင် ယွမ့်ထန်းက အချိန်အတန်ကြာရယ်ခဲ့မိသေးသည်။
ဟော်ယွန်ချန်းက ခေါင်းညိတ်ပြီးနောက် အပိုစကားမပြောတော့ပေ။
သို့သော် ဝမ်ကျယ့်ယန်က သူ၏အနားတွင် နီးကပ်စွာရပ်နေခဲ့ခြင်းဖြစ်ကာ မနေနိုင်ဘဲ ခပ်တိုးတိုး ပြောလိုက်သည်။
“ကြယ်ဖလားအကြောင်း ပြောမယ်ဆိုရင် မာရှယ်ဟော်က ဒီနှစ်တွေအတွင်းမှာ တောက်လျှောက် ချန်ပီယံဆုကို ရသင့်တဲ့သူပဲ”
ဟော်ယွန်ချန်းက ချောင်းဟန့်ကာ သူ့ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။
ယွမ့်ထန်းက တွေးတောပြီးနောက် စိတ်ဝင်စားသွားသည်။
“သူက ဒီလောက်အထိ စွမ်းအားကြီးတာလား”
ရွှယ်ရွေ့ကလည်း ထိုစကားကို ကြားသောအခါ တစ်ချက်ကြည့်လာသော်လည်း ဟော်ယွန်ချန်းကို ပြန်ကြည့်မိချိန်တွင် ချက်ချင်းဆိုသလို မျက်လွှာချလိုက်မိသည်။ သူက မပြောရဲတော့ချေ။
ယွမ့်ထန်းက ဟော်ယန်ချန်းကိုကြည့်သည်။ ဟော်ယွန်ချန်းက သူ၏အနားသို့ကပ်လာပြီးပြောသည်။
“ အတိတ်က ကိစ္စတွေပါပဲ၊ ဒါက ထည့်ပြောဖို့မတန်ပါဘူး”
“ဘာလို့ မတန်ရမှာလဲ”
ရွှယ်ရွေ့က မနေနိုင်ဘဲ ခေါင်းကိုပြန်မော့လာသည်။ သူက ခိုင်မာစွာငြင်းဆန်၏။
“အဲဒီအချိန်တုန်းကဆိုရင် မာရှယ်ဟော်က ချန်ပီယံဆုရဖို့ အလားအလာအရှိဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်၊ သူ့ရဲ့ကျော်ကြားမှုက မိုးထိုးမြင့်တက်ခဲ့တယ် မဟုတ်လား၊ နောက်ဆုံးပွဲစဉ်ကဆိုရင် အခြားယှဉ်ပြိုင်တဲ့ ဆယ်ယောက်ကျော်လုံးက သူ့ကိုအတူပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမဲ့ မာရှယ်ဟော်က သူတို့အားလုံးပေါင်းပြီး တိုက်ခိုက်လာတဲ့အချိန်မှာတောင် စွမ်းအားကြီးလွန်းလို့ သူက အားလုံးကို ရင်ဆိုင်နိုင်ခဲ့တယ်”
ရွှယ်ရွေ့၏မျက်ဝန်းက တောက်ပလာပြီး သူက ဟော်ယွန်ချန်း၏ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း သိသာလာသည်။
“ရုတ်တရက်  စစ်ပွဲက ဖြစ်လာခဲ့ပြီး မာရှယ်ဟော်က ပြိုင်ပွဲကို စွန့်ခွာပြီး ရှေ့တန်းကို သွားခဲ့ရတာကြောင့်သာမဟုတ်ရင် မာရှယ်ဟော်က သေချာပေါက် ချန်ပီယံဖြစ်ခဲ့မှာပဲ”
ယွမ့်ထန်းက ထိုအကြောင်းအရာများကို ပြန်ကြားရခြင်းကို သဘောကျသည်။ သူက ဟော်ယွန်ချန်းကို ပြန်ကြည့်ပြီးပြုံးကာ ချီးကျူးပေးလိုက်၏။
“မာရှယ်က တကယ်အံ့ဩဖို့ကောင်းတာပဲ”
ဟော်ယွန်ချန်း၏နားများက နီရဲလာသည်။ သူက မျက်နှာကို တည်ကြည်အောင် မနည်းထိန်းထားရ၏။ ထို့နောက် ခပ်ပြတ်ပြတ်ပြောလာသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ၊ ကိုယ့်အလုပ်ကို မလုပ်ကြဘူးလား”
“အားလုံး အဆင်ပြေပါတယ်၊ လူတိုင်းက တကယ်ကြိုးစားကြတယ်”
ယွမ့်ထန်းက ပြုံးကာ ပြန်ဖြေပေးသည်။
“အာ ဒါဆိုဘာလို့ ဒီအခန်းထဲက ညှော်နံ့တွေ ထွက်နေတာလဲ”
ဟော်ယွန်ချန်း၏ အေးစက်သောမျက်ဝန်းက တစ်ဖွဲ့လုံးထံ ဖြတ်သန်းသွားချိန်တွင် အားလုံးက အကြည့် လွှဲသွားကြသည်။သူတို့ အပြစ်မကင်းသလိုခံစားနေကြရ၏။
“အားလုံး ထပ်လုပ်ကြစမ်း”
ဟော်ယွန်ချန်းက အေးစက်စွာပြောသည်။
“ခဏနေရင် မင်းတို့ချက်ပြီးသမျှအားလုံးကို မင်းတို့ ပြန်စားရမယ်၊ မင်းတို့ ကိုယ့်အမှတ်ကို ကိုယ့်ဘာသာပြန်ပေး၊ အရည်အချင်း မပြည့်မီတဲ့လူတွေက ဒီညနေ လေ့ကျင့်ရေးချိန်မှာ အပိုထပ်လုပ်ရမယ်”
“ဟုတ်ကဲ့”
တစ်ဖွဲ့လုံးက အသိုက်ခွဲခံလိုက်ရသည့်ငှက်များကဲ့သို့ အလျင်စလို မီးဖိုနားသို့ ပြေးသွားကြသည်။ သူတို့က ခရမ်းချဉ်သီးကြက်ဥကို တစ်ဖန်ချက်ပြုတ်ရပြန်၏။ သူတို့၏အမူအရာများက ယခင်တစ်ခေါက်ထက်ပို၍ လေးနက်သွားကြသည်။
“ငါ လုပ်ပြီးသွားပြီ၊ ဒါပေမဲ့ အားလုံး အရသာခံပြီးမှပဲ ငါ စားတာကောင်းမယ် ထင်တယ်”
သူက ပြောသည်။
“ဗိုက်ဆာနေပြီလား၊ ကျွန်တော်က မာရှယ်စားဖို့အတွက် တစ်ခုခုပြင်ဆင်ပေးသင့်လား”
“ကိုယ်က သူတို့ရဲ့တိုးတက်မှုကို လာကြည့်ရုံပါပဲ၊ ကိုယ့်ကိုယ်ကို ဒုက္ခမခံပါနဲ့”
ဟော်ယွန်ချန်းက ခေါင်းကိုညင်သာစွာခါသည်။ သို့သော် သူက မီးဖိုခန်းတစ်ခုသို့ ရိုးသားစွာ ချဉ်းကပ်သွားပြီး စိတ်လှုပ်ရှားလာသည်။
“အာ ဒါဆိုလည်း ထားလိုက်ပါတော့လေ”
ယွမ့်ထန်းက သူ့ကို စနောက်ချင်သွားသည်။
ဟော်ယွန်ချန်း “…”
သူ၏ခြေလှမ်းများက ရပ်တန့်သွားသည်။ တစ်ခဏခန့် ရပ်တန့်ပြီးနောက်တွင် သူ၏အပြုံးကို မထိန်းထားနိုင်တော့ချေ။ ကြည့်ရသည်မှာ ယွမ့်ထန်းက သူ၏အနောက်မှ ကပ်ပါလာသော မမြင်ရသည့် အရိပ်တစ်ခုနှင့်တူလာသည်။ သူက ပြုံးပြီးပြောသည်။
“ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ဘာသာစားဖို့ တစ်ခုခုလုပ်ဖို့ စဉ်းစားနေတာ၊ မာရှယ်က ကျွန်တော့်ကို အဖော်မပြုပေးချင်ဘူးလား”
“အင်း”
ဟော်ယွန်ချန်း၏ မျက်ခုံးများက ဖြောင့်တန်းသွားသည်။ သူက အသာအယာ ခေါင်းညိတ်ပြီး စိတ်ကြည်သွားသောအမူအရာဖြစ်သွား၏။
လူတိုင်းက မီးဖိုများကို အသုံးပြုနေကြသည့်အတွက် ယွမ့်ထန်းက အလွန်ကြီးမားသော ထမင်းပေါင်းအိုးအနားသို့ သွားလိုက်ကာ ဆန်ကိတ်မုန့်တစ်ခုလုပ်ရန် ကြိုးစားလိုက်သည်။ အချိန်က နေ့လယ်သုံးနာရီဖြစ်သည့်အတွက် အဆာပြေစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဓိကပါဝင်ပစ္စည်းများက ကြက်ဥ၊ ဂျုံမှုန့်နှင့် နို့များသာလျှင်ဖြစ်သည်။
ပထမဦးစွာ သူက ကြက်ဥမှ အကာနှင့်အနှစ်ကို ခွဲလိုက်သည်။ အကြောင်းမူကား သည်နေရာတွင် တသီးတသန့် ပြင်ဆင်ထားသော မီးဖိုချောင်သုံးပစ္စည်းများ မရှိသည့်အတွက် ကြက်ဥအခွံနှစ်ခုကိုသာ ခွဲကာ တစ်ဖက်တစ်ချက်စီတွင် ခွဲထားရင်းဖြင့်သာ အရည်များကို ဖယ်လိုက်ရ၏။
ထိုအပြုအမူက စစ်သားအများစု၏အာရုံကို ဆွဲဆောင်သွားသည်။ ထို့နောက် သူက နို့၊ ဆီနှင့်ဂျုံမှုန့်များကို ထည့်ကာ ဇွန်းဖြင့်မွှေသည်။ ထို့အပြင် ကြက်ဥအနှစ်များကို ထည့်လိုက်ပြီးနောက်တွင် မွှေပြီးမှသာ နောက်ပိုင်းအသုံးပြုရန် တဖန် ဖယ်ထားလိုက်သည်။ ထို့နောက် သူက ကြက်ဥမွှေစက်ကို ယူပြီး ကြက်ဥမှ အကာအဖြူသားများကို မွှေလိုက်ရာ အဖြူရောင်နို့များကဲ့သို့ ဖြစ်သွားသည်။ ထို့နောက် သကြားဖြူအနည်းငယ်ထည့်ပြီး ထပ်မွှေသည်။ သူက ထိုကြက်ဥအဖြူအရည်များကို ကြက်ဥအနှစ်မွှေထားသည့်အထဲသို့ ထည့်လိုက်ပြီးနောက်တွင် အခြေခံအားဖြင့် ပြင်ဆင်၍ပြီးသွားသည်။
လက်ရှိအချိန်တွင် ကိတ်မုန့်ဖုတ်စက်ကို အကယ်ဒမီသိပ္ပံက ရောင်းချရန် တင်သွင်းထားခြင်း မရှိသေးသည့်အတွက် ယွမ့်ထန်းက ထမင်းပေါင်းအိုးကိုသာ အသုံးပြုရသည်။ ပထမဦးစွာ သူက ဟင်းချက်ဆီအနည်းငယ်ကိုသုံးပြီး ထမင်းပေါင်းအိုး၏ အတွင်းဘက်အိုးကို သုတ်လိုက်သည်။ ထိုနည်းအားဖြင့် ကိတ်မုန့်က အောက်ခြေတွင် ကပ်တော့မည်မဟုတ်ပေ။ ထို့နောက် သူက ဂျုံမှုန့်၊ ကြက်ဥနှင့် နို့ရည်ရောထားသော အရည်များကို ထမင်းပေါင်းအိုးထဲသို့ ထည့်လိုက်ပြီး ထမင်းချက်သကဲ့သို့ ချက်ရန်ပြင်ဆင်လိုက်သည်။ မိနစ်နှစ်ဆယ်ခန့်ကြာလျှင် သည်ကိတ်မုန့်က အဆင့်သင့်ဖြစ်ပေလိမ့်မည်။
ယွမ့်ထန်းက လက်ကိုဆေးကြောပြီးနောက် လက်ကိုင်ပုဝါတစ်ခုဖြင့်သုတ်သည်။ ထို့နောက် ဘေးဘက်မှ သတင်းပို့သံကို ကြားလိုက်ရ၏။
“ဆရာယွမ့် ကျွန်တော် ပြီးသွားပါပြီ”
ပထမဦးဆုံးပြီးသွားခဲ့သည်က ကျောက်ကွမ်းမင်ဖြစ်နေသည်။ သူ၏ ယခင်ဟင်းလျာက ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဟော်ယွန်ချန်း၏အမိန့်ကြောင့် သူက နောက်တစ်ကြိမ် ထပ်လုပ်သည်။ သည်တစ်ကြိမ်တွင် သူက ပို၍ကျွမ်းကျင်သွား၏။ သကြားက ယခင်တစ်ခေါက်ထက် ပိုနည်းသွားပြီး အချိုနှင့်အချဉ်အရသာက အနေတော်ဖြစ်သွားသည်။ ယွမ့်ထန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ထို့နောက် ဝမ်ကျယ့်ယန်၊ ရွှယ်ရွေ့နှင့်ဝမ်ကျွမ်းတို့ကလည်း သူတို့၏ ခရမ်းချဉ်သီးကြက်ဥကြော်များကို ပြီးသွားကြသည်။ အရသာကလည်း ယခင်တစ်ခေါက်နှင့်ယှဉ်လျှင် တိုးတက်လာကြသည်။ သူတို့အားလုံးက ကိုယ်စီပြဿနာများကို သိနားလည်ကြပြီး ဖြေရှင်းနိုင်လာပုံရတာ သိသာသည်။ အထူးသဖြင့် ဝမ်ကျွမ်းဖြစ်သည်။ သူ၏အရသာကို ထိန်းချုပ်နိုင်စွမ်းအားက အဖွဲ့အတွင်း အကောင်းဆုံး ဖြစ်လာခဲ့၏။ သည်တစ်ကြိမ်တွင် သူက ကြက်ဥကြော်ကို ခပ်ပျော့ပျော့ နူးညံ့သည့် အနေအထားအတိုင်း ရအောင် လုပ်နိုင်ခဲ့သည့်အတွက် အမှတ်အမြင့်ဆုံး ဖြစ်သွားတော့သည်။
အခြားလူများကလည်း တစ်ခေါက်ပြန်ကြော်ခြင်း ပြီးဆုံးသွားခဲ့ကြသည်။ သူတို့၏ရလဒ်က လက်ခံနိုင်ဖွယ်ရာ မရှိသေးပေ။ သို့ရာတွင် မျက်နှာဝိုင်းဝိုင်းနှင့် စစ်သား၏ ဟင်းလျာကမူ တိုးတက်မှု ရှိလာခဲ့သည့်အတွက် ယွမ့်ထန်းက ကျေနပ်သွားသည်။
“အားလုံးပဲ ကြိုးစားခဲ့ကြပါတယ်၊ အခု တစ်ခဏနားပြီး ကိတ်မုန့်လာစားကြပါအုံး”
ယွမ့်ထန်းက ပြောပြီးနောက်တွင် ထမင်းပေါင်းအိုးကို ဖွင့်လိုက်သည်။ ချိုမြိန်သောရနံ့က ပျံ့လွင့်လာကာ တစ်ခန်းလုံးကို လွှမ်းခြုံသွားသည့်အတွက် လူတိုင်း၏အာရုံက ထိုနေရာသို့ရောက်လာတော့သည်။
ယွမ့်ထန်းက နူးအိကာ စားချင်စဖွယ်ဖြစ်နေသော ရွှေရောင်ကိတ်ကို အတွင်းအိုးထဲမှ ထုတ်လိုက်ပြီးနောက် ကြီးမားသော ပန်းကန်ပြားတစ်ချပ်ပေါ်သို့ တင်သည်။ ထို့နောက် သူက အအေးခံပြီး ၁၂ ပိုင်းပိုင်းလိုက်၏။
“အားလုံးပဲ ပန်းကန်ပြားတစ်ချပ်စီ ယူပြီး  တစ်ပိုင်းစီယူစားကြပါ၊ လူတိုင်းတစ်ပိုင်းစီယူဖို့ လုံလောက်ပါတယ်”
အမှန်အတိုင်းဆိုရသော် ထိုကိတ်မုန့်က အခြေခံအားဖြင့်သာ ဖုတ်ထားခြင်းဖြစ်ပြီး ပါဝင်ပစ္စည်းများ ပို၍လိုအပ်လေသည်။ ပါဝင်ပစ္စည်းများကသာ လုံလောက်မည်ဆိုလျှင် ယွမ့်ထန်းအနေဖြင့် ပို၍ကောင်းမွန်သော ကိတ်များကို လုပ်နိုင်သေး၏။ ကံဆိုးသည်မှာ ထိုသို့လုပ်ရန်အတွက် လိုအပ်ချက်က များပြားနေသည့်အတွက် လက်လျှော့ထားရခြင်းလည်း ဖြစ်သည်။ သို့သော် သူက လိုအပ်သည့်ပစ္စည်းများကို စိတ်ထဲတွင် မှတ်ထားခဲ့ပြီးနောက်ပိုင်း ဟော်ယွန်ရီကိုပြောကာ အကူညီတောင်း ရန် စဉ်းစားထားသည်။
လူတိုင်းက အလျင်စလို ပန်းကန်ပြားများကိုယူပြီး ဘေးဘက်တွင် တန်းစီနေကြသည်။ သူတို့က ဟော်ယွန်ချန်းနှင့် ယွမ့်ထန်းတို့ကို သူတို့၏ဝေစုကို ဦးစွာယူရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ဟော်ယွန်ချန်းက ယွမ့်ထန်းကိုနမူနာ ယူလျက် ဇွန်းတစ်ချောင်းကို ကောက်ယူလိုက်ကာ ကိတ်မုန့်ကို ဖဲ့ပြီး သူ၏ပါးစပ်ထဲသို့ ထည့်သည်။ ဖျော့တော့သော ကြက်ဥနှင့် နို့အရသာအပြင် ချိုမြိန်မှုက ကပ်ပါလာ၏။ ထို့အပြင် ဝါးလိုက်လျှင်လည်း နူးညံ့ကာ စား၍ကောင်း နေသေးသည်။ အားလုံး ပေါင်းစပ်လိုက်သော် အလွန်အရသာရှိသည်မှာ သေချာ၏။ အခြားသော စစ်သားများ၏ တုံ့ပြန်မှုကလည်း ဟော်ယွန်ချန်းနှင့်အတူတူသာလျှင်ဖြစ်သည်။ သူတို့၏မျက်ဝန်းများက စားသောက်နေရင်းနှင့်ပင် တောက်ပနေကြ၏။
ဝမ်ကျယ့်ယန်ဆိုလျှင် အလွန်အကြူး ပြုမူတတ်သူဖြစ်သည်။ သူက ပုံမှန်အားဖြင့် သွက်လက်ချက်ချာသောစရိုက်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေရာ ယွမ့်ထန်း၏ အနားသို့ပင် လာပြီး သူတို့သည်လည်း ကိတ်မုန့်လုပ်နည်းကို သင်ချင်သည်ဟု ပြောလာသည်။
သူ၏လေ့လာမှုအရဆိုလျှင် ကျောက်ကွမ်းမင်၊ ရွှယ်ရွေ့၊ ဝမ်ကျွမ်းနှင့်ဝမ်ကျယ့်ယန်တို့အားလုံးက ချက်ပြုတ်ရာတွင် ပါရမီပါကြသည်။  မျက်နှာဝိုင်းဝိုင်းနှင့် စစ်သားကလည်း ပေါက်ကရ လုပ်တတ်သော်လည်း ဒါက သူ၏ဂရုမစိုက်မှုကြောင့် ဖြစ်ပြီး အလေးအနက်ထားလျှင် အဆင်ပြေနိုင်သေးလေသည်။ သူကလည်း ပါရမီပါသည်ဟု မဆိုနိုင်သော်လည်း သင့်လျော်သည်ဟု ဆိုနိုင်သေးလေ၏။ ထို့ကြောင့် ယွမ့်ထန်းက ဆက်လက်ပြီး စောင့်ကြည့်ရန်ဆုံးဖြတ်ထားလိုက်သည်။
အခြားငါးယောက်၏လုပ်ဆောင်နိုင်မှုများကမူ ကျေနပ်စရာ မရှိပေ။ သူတို့က ချက်ပြုတ်ရာတွင် ကြိုးစားခြင်းကြောင့်သာ ယခုလောက်အထိ လုပ်နိုင်နေခြင်းဖြစ်၏။ သို့သော် သူတို့တွင် ပါရမီပါခြင်းလည်း မရှိသလို သင့်လျော်ခြင်းလည်း မရှိကြပေ။ သည်နေရာတွင် နေခြင်းက သူတို့အတွက် အချိန်ဖြုန်းခြင်း ဖြစ်နေလောက်သည်။ ထို့ကြောင့် သူတို့၏နဂိုနေရာသို့ ပြန်ကာ သူတို့၏ထူးချွန်သည့်ပါရမီများကို ထုတ်သုံးပြခြင်းက ပိုကောင်းသည်ဟု ထင်သည်။
သူက ဟော်ယွန်ချန်းကို ခပ်တိုးတိုး ပြောပြလိုက်သောအခါ ဟော်ယွန်ချန်းကလည်း သဘောတူသည်။ ယွမ့်ထန်းက အခြားသော စစ်သားငါးယောက်ကို သွားရှာပြီးနောက် သူ၏ထင်မြင်ချက်ကို ပြောပြလိုက်သည်။ သူတို့၏ဆန္ဒကိုလည်း မေးမြန်းလိုက်၏။ သူတို့ကသာ သည်နေရာတွင် ဆက်နေလိုလျှင် သူက မောင်းထုတ်လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ အားလုံးက သည်နေရာသို့လာရန် သူတို့ ကြီးကြပ်သူများ၏ ဖိအားပေးမှုကြောင့်သာမဟုတ်ဘဲ သူတို့၏ စိတ်ဆန္ဒကြောင့် ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်၏။ သူတို့ကသာ ချက်ပြုတ်ခြင်းတွင် အလွန်စိတ်အားထက်သန်နေခြင်းဆိုလျှင် ယွမ့်ထန်းကလည်း မောင်းမထုတ်ရက်ပေ။
သို့ရာတွင် ထိုလူများအားလုံးကလည်း သူတို့၏ သည်နေ့လုပ်ဆောင်နိုင်မှုအရ သူတို့က ပါရမီမပါကြောင်း သိသွားကြပြီး သူတို့ကသာ ဆက်နေမည်ဆိုလျှင် ယွမ့်ထန်းကိုသာ ဒုက္ခပေးပြီး အချိန်ဖြုန်းသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ထိုထဲမှလေးယောက်က နဂိုနေရာသို့ ပြန်သွားချင်ကြောင်း ပြောလိုက်သည်။
သို့သော် ထောင်ထောင်မောင်းမောင်းနှင့်လူငယ်တစ်ယောက်ကမူ တုံ့ဆိုင်းစွာ မေးသည်။
“ကျွန်တော် ဒီနေရာမှာ ဆက်နေပြီး ကြိုးစားကြည့်ရင်အဆင်ပြေနိုင်မလား”
ယွမ့်ထန်းက ပြောသည်။
“ရတာပေါ့၊ အဆင်ပြေပါတယ်”
ချက်ပြုတ်ခြင်းတွင် ပါရမီက အဓိက လိုအပ်သည်တော့မဟုတ်ပေ။ ကြိုးစားချင်စိတ်ရှိပြီး အသေးစိတ်အချက်အလက်များကိုသာ ဂရုစိုက်ထားမည်ဆိုလျှင် အဆင်ပြေနိုင်သေးသည်။ အထူးသဖြင့် သူတို့ကသာ ထပ်ခါတလဲလဲ လေ့ကျင့်ပြီး ရူးကြောင်ကြောင် အလုပ်များကို မလုပ်တော့ဘဲ အလေးအနက်ထားလိုက်မည်ဆိုလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ဖြစ်လာရန် အလားအလာ ရှိနိုင်သေးသည်။
ထိုလူငယ်ကို ယွမ့်ထန်းက လက်ခံလိုက်၏။ ထိုလူငယ်၏နာမည်က ကွေ့လျန်ဖြစ်သည်။ သူသည်လည်း သည်နေရာတွင် နေမည်ဖြစ်သည့်အတွက် ကိတ်မုန့်လုပ်နည်းသင်ချင်ကြောင်း ပြောလာသည်။
“ဒါဆိုရင် ကိုယ် မင်းကို မနှောင့်ယှက်တော့ဘူး၊ သင်ခန်းစာတွေအားလုံးပြီးသွားမှပဲ ရလဒ်ကို ကိုယ့်ကိုပြောပြပါတော့”
ဟော်ယွန်ချန်းက ပြောသည်။
“ကောင်းပါပြီ”
မာရှယ်တစ်ယောက်အနေနှင့် ဟော်ယွန်ချန်း၏အချိန်က အလွန်အဖိုးတန်သည်။ သူ့အနေနှင့် သည်နေရာတွင် တစ်ချိန်လုံးနေရန် မဖြစ်နိုင်ပေ။ ယွမ့်ထန်းကလည်း ယင်းကို နားလည်သည့်အတွက် ချက်ချင်းသဘောတူလိုက်သည်။
သည်တစ်ကြိမ်တွင် ယွမ့်ထန်းက သူတို့၏ သင်ယူနိုင်စွမ်းကို စမ်းသပ်စစ်ဆေးရန် ဆုံးဖြတ်ချက် ချထားပြီးလေပြီ ထို့ကြောင့် သူက သူ၏လက်တွေ့စမ်းသပ်မှုကို လေ့လာခိုင်းရုံမျှသာ မဟုတ်တော့လေဘဲ အသေးစိတ်အချက်အလက်များကိုပါ ရှင်းပြလိုက်တော့၏။
ယခင်က ကြက်ဥဟင်းလျာနှစ်ပွဲ လုပ်ခဲ့ပြီးပြီဖြစ်သည့်အတွက် သူတို့က ကြက်ဥမွှေရာတွင် ကျွမ်းကျင်သွားပြီဟု ယူဆနိုင်သည်။ ထို့အပြင် သူတို့က အချိန်အတန်ကြာ စစ်သားတစ်ယောက်၏ လေ့ကျင့်မှုမျိုးကို လက်ခံရရှိခဲ့ပြီးသူများ ဖြစ်သည့်အလျောက် နဂိုကတည်းက သန်မာမြန်ဆန်ကြပြီးသူများ ဖြစ်သည်။ ထို့ကြောင့် ကြက်ဥအဖြူနှင့်ကြက်ဥအနှစ်ကို ခွဲသည့်ကိစ္စတွင် သူတို့က ကျွမ်းကျင်စွာ လုပ်နိုင်ကြသည်။ ထို့နောက် မုန့်နှစ်နယ်သည့်အဆင့်သို့ ရောက်လာသည်။ မုန့်နှစ်များအားလုံးကို ထမင်းပေါင်းအိုးအတွင်းသို့ ထည့်ပြီးနောက်တွင် ထမင်းပေါင်းအိုးက ကိတ်မုန့်ကို အလိုအလျောက် ဖုတ်ပေးမည်ဖြစ်သည့်အတွက် ဘာပြဿနာမှ မရှိနိုင်တော့ချေ။ အပူချိန်ကို ထိန်းချုပ်ရာတွင်လည်း သူတို့၏ ချို့ယွင်းမှုများ ရှိနေမည်ဆိုလျှင်ပင် ကိတ်မုန့်ကို သက်ရောက်မှု ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ယခင် အစောပိုင်းအဆင့်များကသာ  ကောင်းမွန်စွာ ပြီးသွားလျှင် ကိတ်မုန့်က အောင်မြင်သွားပေလိမ့်မည်။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက်တွင် ကိတ်မုန့်များကို ဖုတ်ပြီးလေပြီ။ ထိပ်ဆုံးကျောင်းသားလေးယောက် ဖြစ်သည့် ကျောက်ကွမ်းမင်၊ ရွှယ်ရွေ့၊ ဝမ်ကျွမ်းနှင့် ဝမ်ကျယ့်ယန်တို့အားလုံးက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသည်။ ကွေ့လျန်နှင့် လျှိုဟိုင်ထောင်တို့ကမူ  တစ်ယောက်က နို့နည်းသွားပြီး တစ်ယောက်က နို့အလွန်များသွားသည်။ ထို့ကြောင့် ကိတ်မုန့်တစ်ခုက မာသွားပြီး ကိတ်မုန့်တစ်ခုက ပျော့သွား၏။ ယွမ့်ထန်းအနေဖြင့် သူတို့ကို ပြန်လုပ်ခိုင်းရတော့သည်။
ကံကောင်းစွာဖြင့် သည်တစ်ကြိမ်တွင် သူတို့နှစ်ယောက်လုံးက အမှားကို မှတ်မိကြသည့်အတွက်  အဆင့်မီအောင် လုပ်နိုင်ကြသည်။
ယွမ့်ထန်းကလည်း ကျေနပ်သွားပြီး ထိုလက်ထောက်ခြောက်ယောက်ကို ကြည့်သည်။ သူက မနက်ဖြန်ဆိုလျှင် သူတို့ကို တစ်ဖန်ထပ်လာသင်ပါ့မည်ဟု ကတိပေးလိုက်မှသာ ထွက်သွားကြတော့၏။
သည်နေ့အတွက် သင်ခန်းစာပြီးသွားပြီဖြစ်သည့်အတွက် သူက ဟော်ယွန်ချန်းကို စာပို့လိုက်ပြီး ရလဒ်ကို ပြောပြကာ ဂိတ်ပေါက်သို့ လျှောက်သွားလိုက်သည်။ သူက အလင်းဦးနှောက်ကို ဖွင့်ကာ ကားပျံကိုခေါ်ပြီး သူ့ကို အိမ်သို့ပို့ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ထိုအချိန်တွင် တံခါးမှ ဖွင့်လိုက်ရုံနှင့်ပင် မျက်စိဖမ်းစားနိုင်စွမ်းရှိလောက်အောင် ထင်ရှားသော ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့် ခံ့ညားသည့်ဟော်ယွန်ချန်းက သူ၏ကိုယ်ပိုင်ငွေရောင်ကားရှေ့တွင် ရပ်လျက် ရှိနေကြောင်း မြင်လိုက်ရသည်။
“လာ ကိုယ်က မင်းကို ပြန်လိုက်ပို့မယ်”
“မဟုတ်တာ မာရှယ် အရမ်းအလုပ်များနေပါလိမ့်မယ်၊ ကျွန်တော်က အခုပဲ ကားပျံခေါ်လိုက်ပြီး ပြန်သွားလို့ ဖြစ်ပါတယ်”
ယွမ့်ထန်းက ဟော်ယွန်ချန်းအတွက် အမြဲလိုလိုဒုက္ခပေးနေရခြင်းကို အားနာလေသည်။ ထို့ကြောင့် သူက ယဉ်ကျေးစွာသာ ငြင်းဆန်လိုသည်။
“ကိုယ်က မင်းနဲ့ စတားနက်ဝေါ့ပေါ်က အခြေအနေတွေကို ပြောချင်တယ်၊ ကိုယ်တို့ဘယ်လိုများ ထပ်ပြီး စီမံကိန်းဆွဲမလဲဆိုတာကိုလည်း ပြောဖို့ရှိတယ်”
“ကောင်းပြီ ဒီလိုဆိုရင် မာရှယ်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
ထိုစကားကို ကြားသောအခါ ယွမ့်ထန်းကလည်း ကားပျံခေါ်ခြင်းကို လက်လျှော့လိုက်တော့သည်။ သူက တစ်ဖက်သူအတွက် အမြဲလိုလို ဒုက္ခပေးသလို ဖြစ်နေခဲ့ပြီး ထိုအကြောင်းကို တွေးမိချိန်တိုင်း မသက်မသာ ဖြစ်ရ၏။ ထို့ကြောင့် အကြံပေးလိုက်၏။
“ဒါဆို ဘာလို့ မာရှယ်က ကျွန်တော့်အိမ်မှာ ညစာမစားတာလဲ”
မည်သို့ပင်ဆိုစေ သူကလည်း ညစာအတွက် ထိုညီအစ်ကိုများအတွက် လုပ်ပေးရအုံးမည်ဖြစ်သည်။ သူ့အိမ်တွင် ဟော်ယွန်ချန်း တစ်ခါတည်း စားသွားလိုက်ခြင်းက ပို၍အဆင်ပြေ၏။
“ကောင်းပြီလေ”
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now