Part 66

1.3K 196 0
                                    

Unicode

အပိုင်း ၆၆
ယွမ့်ထန်းက ဒယ်ပြားအသစ်ကိုထုတ်ပြီး ဆီအေးနေသောအချိန်တွင်ပင် ပုဇွန်ဖက်ထုပ်များကို တစ်ခုချင်းစီထည့်သည်။ ထို့နောက် ပတ်ပတ်လည်တစ်ခုလုံးတွင် ထည့်ပြီးသည်နှင့် ထိုဒယ်ပြားထဲတွင်ကြော်ထားသည့် ထိုပုဇွန်ဖက်ထုပ်များကပင် ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်သွားလေသည်။ သူက ဖြည်းညင်းစွာဖြင့် ပုဇွန်ဖက်ထုပ်များကို ရွှေရောင်သန်းလာသည်အထိ ကြော်သည်။ မူလက ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည့် ပုဇွန်အမြှီးများက တဖြည်းဖြည်းချင်း ပန်းရောင်သန်းလာသည်။ ထိုအချိန်တွင် သူက ထိုဒယ်ပြားထဲသို့ ပန်းကန်လုံးငယ်တစ်ခုစာ ရေများထည့်လိုက်ပြီးနောက် အဖုံးကိုပိတ်ထားလိုက်သည်။ သူက ငါးမိနစ်ခန့် ပြုတ်ထားလိုက်သည်။
ဖက်ထုပ်များက ဒယ်ပြားထဲတွင် တစီစီအသံများကို မြည်နေချိန်တွင် သူက နောက်ထပ်ပန်းကန်လုံးတစ်ခုကို ထုတ်လိုက်ပြီး ကြက်ဥနှစ်လုံးကို‌ ဖောက်ထည့်လိုက်ကာ ဆား၊ ငရုတ်ကောင်း၊ ရေအအနည်းငယ်ထည့်ပြီး ပုံစံပြောင်းသွားသည်အထိ မွှေသည်။ ထို့နောက် ဖြည်းညင်းစွာဖြင့် ဒယ်ပြားထဲသို့ လောင်းထည့်လိုက်ပြီး အဖုံးကို ပြန်ပိတ်လိုက်ကာ ဆက်ချက်စေတော့သည်။
ဒယ်ပြားထဲရှိရေများက အပြည့်အဝရေငွေ့ပျံသွားပြီဖြစ်ပြီး အဖုံးကိုဖွင့်လိုက်ချိန်တွင် ခုတ်သင်ထားသည့် ကြက်သွန်စိမ်းများကသာ ထင်ရှားစွာ မြင်နေရတော့သည်။ ပုဇွန်ဖက်ထုပ်ကြက်ဥကြော်က ပြီးဆုံးသွားလေပြီ။
ဖက်ထုပ်၏အပြင်အခွံက ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေပြီး တောက်ပကာ ဖြူဖွေးနေသည်။ ထို့အပြင် အတွင်းမှ အဆာပလာများကိုလည်း ထင်ရှားစွာ မြင်နေရသေးလေသည်။ ပုဇွန်အမြှီးက အပြင်တွင်ထွက်ပေါ်နေသည့်အတွက် သလင်းသားကဲ့သို့ကြည်လင်ကာ တလက်လက်တောက်ပနေပြီး ကြွပ်ရွနေမည့်ပုံသဏ္ဍာန် ရှိလာသည်။ ဖက်ထုပ်၏အောက်ခြေတွင် ရွှေရောင်သန်းကာ ကြွပ်ရွနေပြီး ခပ်ထူထူကြက်ဥမွှေကြော်က အပေါ်မှ အုပ်ထားသေးသည်။ ထို့အပြင် အရသာရှိသည့် ချိုမြိန်သည့်ရနံ့က ပေါင်းစပ်လိုက်သည့်အခါ ရှာလကာရည်ဖြင့် တို့စားခြင်းပင်ဖြစ်စေ၊ အချဉ်ရည်ဖြင့် တို့စားခြင်းပင်ဖြစ်စေ၊ မယုံနိုင်စရာကောင်းလွန်းသည့် အရသာကို ရရှိစေပေလိမ့်မည်။ ကိုက်ချလိုက်ပြီးသည်နှင့် အထဲမှ အသားအရသာအရည်များက လျှံထွက်လာပြီး ပါးစပ်တစ်ခုလုံးကို လွှမ်းခြုံသွားပေလိမ့်မည်။ သွားက ပုဇွန်ကို ထိတွေ့လိုက်မိသည်နှင့် ပို၍အံ့ဩဖွယ်ကောင်းသောခံစားချက်ကို ရရှိလာပေလိမ့်မည်။ အလွန်အရသာရှိပြီး ယစ်မူးဖွယ်ကောင်းသည့် ဖက်ထုပ်က ပြီးဆုံးသွားလေပြီ။
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကို ကြိုက်တယ် .. အို အရသာအရမ်းရှိတာပဲ ဘုရားရေ]
[ချုံချုံက ချစ်ဖို့မကောင်းဘူး .. ငါ့ရဲ့လက်ထဲက အားဖြည့်ဆေးရည်ကိုကြည့်ပြီး ငါ ငိုနေပါပြီ (ငိုနေသော အီမိုဂျီ)]
[ယွီကျင်းထန် .. ငါ့အမေက ငါ့ကိုမေးနေတယ်၊ ဘာလို့သရေကျနေတာလဲတဲ့]
[ပျံလွှားငှက်လေးပျံနေပြီ .. အာ မဲပေါက်ဖို့ တောင်းဆိုပါတယ်၊ မဲပေါက်ဖို့တောင်းဆိုပါတယ်၊ ဒီပုဇွန်ဖက်ထုပ်ကြော်က အရမ်းအရသာရှိတယ်]
ယွမ့်ထန်းကလည်း ချစ်စရာကောင်းသော ကြည့်ရှုသူများ၏ တုံ့ပြန်မှုများကို ကြည့်ပြီး ရယ်သည်။ သူက ပြောသည်။
“အားလုံးကို ဒါနဲ့လိုက်ဖက်မယ့် သောက်စရာကောင်းတစ်ခုကို ကို အကြံပေးချင်တယ်”
သူက ထိုသို့ပြောပြီးသည်နှင့် လတ်ဆတ်သော စတော်ဘယ်ရီသီးအထုပ်လိုက် ထုတ်လိုက်သည်။ သူက အရွက်များကို ဖယ်ရှားပြီးနောက် အရွက်များနှင့် သေးငယ်သည့်ရိုးတံလေးများကို ဖယ်ရှားပြီးနောက် သေးငယ်သော အပိုင်းလေးများဖြစ်အောင် လှီးလိုက်သည်။ အားလုံးကို ကြိတ်စရာခွက်ထဲသို့ထည့်ကာ ကြိတ်ချလိုက်တော့သည်။
သူက အပြည့်အဝအရည်အဖြစ် မပြောင်းသေးသော ထိုစတော်ဘယ်ရီများကို အိုးငယ်လေးထဲသို့ ထည့်လိုက်ပြီး ရေအနည်းငယ်ထည့်သည်။ ထို့နောက် သကြားဖြူး၊ လီမွန်အနှစ်ရည်အနည်းငယ်တို့ကို ထည့်လိုက်လေသည်။ သူက အပူချိန်နိမ့်နိမ့်ဖြင့် ဖြည်းညင်းစွာဖြင့်မွှေရင်း အပေါ်မှ အမြှုပ်များထွက်လာသည့်အခါ ဖယ်ရှားပေးနေခဲ့သည်။ အေးသွားသည့်အခါ အရသာရှိသော စတော်ဘယ်ရီယိုက ပြီးဆုံးသွားလေသည်။
“ဒီစတော်ဘယ်ရီယိုကို ဒီအတိုင်းလည်း စားလို့ရသလို၊ ကိတ်တွေလုပ်တဲ့အခါ ကိတ်မုန့်တွေ လုပ်တဲ့အခါမှာလည်း သုံးလို့ရတယ်၊ အဆာပြေမုန့်တွေအတွက်လည်း ဒါက အဆင်ပြေတာပဲ၊ ပေါင်မုန့်ပေါ်တင်စားလို့လည်းရတယ်”
သူကဆက်ပြောသည်။
“ပေါင်မုန့်အတွက်ကတော့ ကို အခြားအချိန်အားတော့မှ လုပ်ပေးပါ့မယ်၊ နောက်ပိုင်းမှာတော့ ရှော့ပင်းဆိုင်မှာ ဒီယိုတွေအားလုံးကို ဝယ်ယူရရှိနိုင်မှာပါ၊ စိတ်ဝင်စားတဲ့လူတွေကလည်း အိမ်မှာလုပ်နိုင်ပါတယ်”
[ပျော်ရွှင်နေတဲ့ကြာပန်းလေး .. ဝိုး ငါ ဒါကိုပြောချင်နေတာ၊ တင်ဆက်သူကို အင်အားပြည့်ပေးလွှတ်လိုက်ပါပြီ ဗန်း ဗန်း]
[ဝိုင်နဲ့ပါးချိုင့် .. သက်တော်ရာကျော်ရှည်ပါစေ တင်ဆက်သူ၊ တင်ဆက်သူက လူကောင်းပဲ]
[အက်ဒီယွန် .. တင်ဆက်သူကို နှစ်တစ်သောင်းလောက်ကြာတဲ့အထိ ဆက်ချစ်နေမှာပါ သလင်းပန်းတွေပို့လိုက်ပါပြီ]
သူက ဖောက်ထွင်းမြင်ရမတတ်ကြည်လင်သည့် ဖန်ခွက်လေးကိုယူကာ အထဲသို့စတော်ဘယ်ရီယိုကို လက်ဖက်ရည်နှစ်ဇွန်းစာထည့်သည်။ ထို့နောက် သူက ခွက်ကို အနည်းငယ်လှုပ်ခါပြီးသည်နှင့် စတော်ဘယ်ရီယိုကို အောက်ခြေတစ်ဝိုက် ပတ်ပတ်လည်တွင် ပေကပ်စေလိုက်ကာ အောက်ပိုင်းတွင် အနည်ထိုင်သွားစေ လိုက်သည်။ ထို့နောက် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာခရင်ကို ထပ်ထည့်လိုက်သည်။ အနီရောင်နှင့်အဖြူရောင်များက ကြည့်ရှုဖွယ်ကောင်းအောင် လှပလွန်းလှသည်။ ခရင်များကို ရှော့ပင်းဆိုင်တွင် တိုက်ရိုက်ဝယ်ယူရရှိနိုင်သည်။ လက်ရှိအခြေအနေတွင် ထိုသို့ အနည်းငယ်သာ ပြင်ဆင်ရတော့မည့် အသင့်စားပစ္စည်းများကို အကယ်ဒမီသိပ္ပံမှ ထုတ်လုပ်ထားပြီဖြစ်ပြီး ရှော့ပင်းဆိုက်တွင် ဝယ်ယူရရှိနိုင်လေသည်။
သူက ထိုသို့ အနီနှင့်အဖြူရောနေသည့်ခွက်အတွင်းသို့ အနည်းငယ် ခုတ်သင်ထားသည့် စတော်ဘယ်ရီအနည်းငယ်ကိုထည့်ပြီး နို့များကို လောင်းထည့်လိုက်သည်။ စတော်ဘယ်ရီနို့က ထိုအခါတွင် ပြီးဆုံးသွားလေသည်။ အရောင်က နူးညံ့ကာ ဖျော့တော့နေသော်လည်း မိန်းကလေးများအတွက် သဘောကျအရောင်ဖြစ်နေပြန်လေသည်။
[ကင်းလင်ဘုရင် .. အို ဘုရားရေ အရမ်းလှတာပဲ၊ သေချာပေါက်ချိုနေမှာ]
[၅၂ နှစ် (ပြုံးနေသော အီမိုဂျီ) .. ငါရော ဒါကိုသောက်လို့ရလား၊ ငါ တော်တော်လေးတော့ လက်သင့်မခံနိုင်သလိုပဲ]
“ရတာပေါ့ မင်းတို့သောက်လို့ရတယ်၊ ဒါကစတော်ဘယ်ရီနို့ဖျော်ရည်ပါ၊ အားလုံးပဲ မြည်းကြည့်ကြပါ”
ယွမ့်ထန်းက စတော်ဘယ်ရီနို့ဖျော်ရည်ကို ကိုရီးယားစားဖိုမှူးတစ်ယောက်ထံမှ သင်ယူရရှိခဲ့ခြင်းဖြစ်သည်။ ပုံပန်းသွင်ပြင်အရ အလွန်ချိုလွန်းမည့်ဘက်သို့ ရောက်နေမည်ဟုထင်ရပြီး လုပ်နည်းကလည်း ရိုးရှင်းလွယ်ကူလွန်းသည်။ အထဲတွင် အချိုနှင့်အချဉ်အရသာအပြည့်ပါကာ အဟာရရှိပြီးစားချင်စိတ်ကို ပြည့်ဝစေသည်။ ထို့ကြောင့် သည်ဟင်းပွဲများနှင့် လိုက်ဖက်ညီလေသည်။
[လူကြီးမင်းကွေ့ .. ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ဖျော်ရည်လဲချိုတယ်]
[မြူထူနေတဲ့ကြယ်ကောင်းကင် .. စတော်ဘယ်ရီသီးတွေ ထည့်ပြီးတဲ့နောက်မှာ နို့အရသာသီးသန့်ပဲ မဟုတ်တော့ဘူး တော်တော်လေးကို အရသာရှိသွားပြီ]
[ယွဲ့ယွီဟွား .. ဟုတ်တယ် ဟုတ်တယ် ဒီနှစ်ခု အတူရောမွှေလိုက်ပြီးတဲ့နောက်မှာ အရသာက ပိုကောင်းသွားတယ်]
“ကောင်းပြီ အခုစပြီးမဲနှိုက်ကြရအောင် ဒီနေ့ ကိုက အယောက်နှစ်ဆယ်ကို မဲနှိုက်ပေးမှာပါ၊ မဲပေါက်တဲ့လူအားလုံးက ကြက်သွန်မြိတ်ပန်ကိတ်နဲ့ ပုဇွန်ဖက်ထုပ်ကြက်ဥကြော် နှစ်ခုအပြင် ဒီစတော်ဘယ်ရီနို့တစ်ခွက်စီ လက်ခံရရှိမှာပါ”
[ကောင်းကင်က ရွှေပြားတွေ ကျလာပြီ .. ဝိုး ဘုရားရေ နေရာနှစ်ဆယ်တောင်လား၊ တင်ဆက်သူ ငါ့ကိုရွေး ငါ့ကိုရွေး]
[ရှစ်လော့ .. မဲပေါက်အောင် ဆုတောင်းပါတယ်၊ မဲပေါက်အောင် ဆုတောင်းပါတယ်]
[ကော်ဂီမီဒီယန်သီအိုရီ .. ဒီကော်ဂီက မဲပေါက်ချင်တယ်၊ မဲပေါက်ဖို့ တောင်းခံပါတယ်၊ မဲပေါက်ဖို့ အတွက် အီကွေးရှင်းတွေ ထုတ်သင့်လား ဝူး]
ယွမ့်ထန်းက ခလုတ်ကိုဖွင့်လိုက်ပြီးသည်နှင့် ရင်းနှီးကျွမ်းဝင်သော အိုင်တီများကို ရွေးချယ်ရန်ကြိုးစားလိုက်သည်။ သို့သော် ဒါက မမျှတဟုထင်ရသည့်တိုင်အောင် သူသည်လည်း မတတ်နိုင်ပေ။ သူသည်လည်း ဘက်လိုက်ချင်သည်။
“ဂုဏ်ယူပါတယ် ရွှေပြားတွေကျလာပြီ၊ ပျံလွှားငှက်လေးပြန်လာပြီ၊ အားကျွင်း ၅၄၅၆၊ သစ်ပင်မဖက်ဘဲမနေနိုင်ဘူး၊ ကောင်းမွန်တဲ့နေ့ရက်ဟောင်းတွေနဲ့ အနာဂတ်အိပ်မက်၊ မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကို ကြိုက်တယ် … စသည်ဖြင့် မဲပေါက်တဲ့လူတွေအားလုံး သိပ်မကြာခင်မှာပစ္စည်းတွေ လာရောက်ပို့ဆောင်ပေးမှာပါ၊ အားလုံးပဲ လက်ခံရယူဖို့အတွက် စစ်ဆေးဖို့မမေ့ပါနဲ့၊ ဒါ့အပြင် သိပ်မကြာခင်က ကိစ္စတွေအများအပြားဖြစ်သွားခဲ့တာဆိုတော့ ကို့အနေနဲ့ ကိုင်တွယ်ဖို့ အချိန်အနည်းငယ်လိုအပ်နေတယ်၊ ဒီညနေမှာ တိုက်ရိုက်ထုတ်လွှင့်တာနဲ့ မနက်ဖြန်မှာ တိုက်ရိုက်ထုတ်လွှင့်တာကို ရပ်နားထားပါ့မယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ပြန်စတင်ပြီးတဲ့နောက်မှာ အားလုံးအတွက် အရမ်းအရသာရှိတဲ့ စားစရာတွေကို ပြင်ဆင်ပေးအုံးမှာပါ”
ယွမ့်ထန်းက တောင်းပန်သည့်လေသံမျိုးဖြင့် ရှင်းပြပြီးနောက် ကြည့်ရှုသူများထံသို့ ဦးညွှတ်လိုက်သည်။
[မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ် .. ငါ အနိုင်ရလို့ ပျော်နေတုန်းပဲရှိနေသေးတယ် မျက်နှာကို ရေအေးနဲ့ဖြတ်ပက်ခံလိုက်ရပြီ၊ တင်ဆက်သူ တင်ဆက်သူ မြန်မြန်ပြန်လာခဲ့ပါ၊ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမရှိရင် ငါ တစ်နေ့လုံး အသက်မဲ့နေတော့မှာပဲ]
[ကောင်းမွန်တဲ့နေ့ရက်ဟောင်းတွေနဲ့ အနာဂတ်အိပ်မက် .. ဟုတ်တယ် ဟုတ်တယ် တင်ဆက်သူ တင်ဆက်သူ ပြန်လာတာကို စောင့်နေမယ်]
[မျက်နှာကြီးတဲ့ကြောင် .. တင်ဆက်သူ တင်ဆက်သူ ကိစ္စတွေသွားပြီး ကိုင်တွယ်လိုက်ပါ၊ ငါတို့စောင့်နေမယ်]
ကြည့်ရှုသူများအားလုံးက နားလည်မှုရှိကြပြီး ယွမ့်ထန်း၏ကြုံတွေ့နေရသည့် ကိစ္စများကိုလည်း နားလည်ထားကြသည်။ ထို့အပြင် နှစ်ရက်တည်းကို သူတို့ စောင့်နိုင်လေသည်။
“အားလုံးပဲ ကျေးဇူးတင်ပါတယ်”
ယွမ့်ထန်းက အားလုံး၏အထောက်အပံ့ကိုရလေရာ နွေးထွေးမှုရှိသလို ခံစားလိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်ပြီးနောက် ယွမ့်ထန်းက ပစ္စည်းများကိုပြင်ဆင်ကာ မဲပေါက်သူများထံသို့ ပို့ပေးရန်ပြင်ဆင်တော့သည်။ ထိုအချိန်တွင် ကားပျံတစ်စင်းက လျင်မြန်စွာချဉ်းကပ်လာသံကို ကြားလိုက်ရသဖြင့် တံခါးဝကို ထွက်ကြည့်သောအခါ ရင်းနှီးကျွမ်းဝင်သောပုံစံရှိသည့်ကားပျံကို မြင်လိုက်ရတော့သည်။
“ချန်းကော ဘယ်လိုဖြစ်ပြီး အစောကြီးလာတာလဲ”
ဟော်ယွန်ချန်းက ကားထဲမှ ထွက်လာသည်နှင့် သူကချက်ချင်းဆိုသလို တံခါးကို ဖွင့်ကာကြိုဆိုလိုက်သည်။
“မင်း တိုက်ရိုက်ထုတ်လွှင့်တာကို မြင်တော့ မနက်စာလာစားတာ”
ဟော်ယွန်ချန်းက ပုံမှန်မဟုတ်စွာ ရိုးသားလွန်းနေသည်။ သူကလည်း မီးဖိုခန်းအတွင်းမှလာသော အရသာရှိလွန်းသည့်ရနံ့ကိုရကာ ပြုံးလိုက်သည်။
“ကြည့်ရတာအချိန်ကိုက်ဖြစ်တဲ့ပုံပဲ”
ယွမ့်ထန်းက ထိုအဖြေကိုရသောအခါ ရယ်မိတော့သည်။
“ဒါပေါ့ ဒါဆိုရင် ကျွန်တော် ချန်းကောဆီ ပို့စရာမလိုတော့ဘူးပေါ့”
နှစ်ယောက်သားက စားသောက်ပြီးနောက်တွင် သူတို့ထွက်ခွာရမည့်အချိန် ရောက်နေလေပြီ။ ယွမ့်ထန်းက ရှောင်ပိုင်ကို အိမ်ကိုကြည့်ထားရန်ပြောပြီးသည်နှင့် ဟော်ယွန်ချန်းနှင့်အတူ ထွက်သွားသည်။
ကားပျံက အလွန်မြန်သည်။ သိပ်မကြာခင်မှာပင် အာကာသသယ်ယူပို့ဆောင်ရေး ဌာနသို့ ရောက်သွားသည်။ ထိုနေရာတွင် အလွန်ကြီးမားသည့် အာကာသသင်္ဘောကြီးက ဆိုက်ကပ်ထားကြောင်း မြင်လိုက်ရလေသည်။
“သွားစို့”
ဟော်ယွန်ချန်းက ကားကိုရပ်တန့်လိုက်သည်။ သူ၏ကားတွင် စစ်တပ်လိုင်စင်ပါပြီး သူက စတားဆိပ်ကမ်း၏စစ်တပ်အတွက် အထူးသီးသန့်ပြင်ဆင်ထားသော အထူးရပ်နားသည့်နေရာတွင် ရပ်တန့်လိုက်ခြင်းဖြစ်သည့်အတွက် အပြင်ဘက်မှ လူများနှင့်အတူ ရွေးချယ်ကာ ပြုံတိုးပြီး ပါကင်ထိုးရန်မလိုအပ်တော့ချေ။
သို့တိုင်အောင် ထိုစတားဆိပ်ကမ်းထဲတွင် လူအများအပြားရှိနေသေးလေသည်။ အားလုံးကလည်း အလောတကြီးဖြစ်နေကြပြီး ရှေ့သွားနောက်လာလူများရှိနေကြကာ သူတို့နှစ်ယောက်ကြားတွင် ဖြတ်သန်းသွားလာနေကြသည်။ ယွမ့်ထန်းက အခြားလူများကို တွန်းတိုက်သည့်စရိုက်မရှိချေ။ သူက အခြားလူများ အရင်ဖြတ်သွားခွင့်ကိုသာ ပြုလိုက်လေပြီး ဟော်ယွန်ချန်းနှင့်သူ နေရာအနည်းငယ် ကွဲသွားသည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့်ဟ ော်ယွန်ချန်းက နောက်သို့ပြန်လှည့် ကြည့်လိုက်သည့်အခါ ယွမ့်ထန်းက အနောက်သို့ အတိုးခံလိုက်ရကြောင်းမြင်ရပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူက လူအုပ်ကို ဘေးသို့ဖယ်ပြီးသည်နှင့် ယွမ့်ထန်း၏လက်ကို ဖမ်းဆွဲလိုက်သည်။ သူက ယွမ့်ထန်း၏ဘေးတွင်ရပ်သည်။ ထို့နောက် သူ၏ရှည်လျားသောလက်မောင်းများဖြင့် လူအုပ်က ဘေးဘက်မှ မတွန်းရန် ကာကွယ်ပေးထားလိုက်သည်။
သူက ရှင်းပြသည်။
“စတားဆိပ်ကမ်းမှာ လူအရမ်းများတယ်၊ ကိုတို့လမ်းလျှောက်တုန်း လက်ကိုင်ထားရင် ပိုအဆင်ပြေတယ်”
ယွမ့်ထန်းက ခေါင်းညိတ်သည်။ သူ့တွင်လည်း သံသယမရှိချေ။ သူက ဟော်ယွန်ချန်း သူ့အား လက်ကိုင်လျက် ခေါ်ဆောင်သွားခြင်းကိုလည်း လက်ခံလိုက်သည်။ သူ့အား ကိုင်ထားသောလက်က ခြောက်သွေ့ကာ နွေးထွေးသည်။ ဟော်ယွန်ချန်း၏လက်က သူ၏လက်ထက်ပိုကြီးပြီး လက်ချောင်းများကလည်း ရှည်လျားကာ လက်မနှင့်လက်သန်းကြွယ်က သူ၏လက်ကို အပြည့်အဝလွှမ်းခြုံထားနိုင်သည်။ စိတ်ကိုလုံခြုံမှုပေးသော ခံစားချက်မျိုး ဖြစ်လေသည်။
သူတို့က ဦးတည်ရာဘက်ပြောင်းလိုက်ပြီးသည်နှင့် ဟော်ယွန်ချန်းက သူ့ကိုလက်မှ တစ်ဖန်ပြန်ခေါ်ပြန်သည်။ အနီးအနားရှိ တစ်စုံတစ်ယောက်က သူ့အား စိုက်ကြည့်နေကြသည်။ ကောင်မလေးများက သူ့အားလက်ညှိုးထိုးကာ တခစ်ခစ်ရယ်ကြပြီး ယွမ့်ထန်းကမူ ရှက်ရွံ့လာတော့သည်။ သို့သော် ဟော်ယွန်ချန်းကမူ ဆက်တိုက်တည်ငြိမ်နေသေးကာ အမူအရာပင်မရှိချေ။ သူကိုယ်တိုင်ကပင် ကျိုးကြောင်းမသင့်လျော်ဟု ခံစားနေရသည်။ ယွမ့်ထန်းကလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် စိတ်ထဲမထားသလို ဟန်ဆောင်လိုက်ရသည်။ သူက အမူအရာကို ထိန်းညှိပြီးသည်နှင့် ဟော်ယွန်ချန်းနှင့်အတူ လက်ချင်းတွဲလျက်လျှောက်သွားလိုက်ကာ အာကာသသင်္ဘောထံ ရောက်သွားသည်။
တစ်ရက်ခန့်ကြာပြီးနောက် သူတို့က လုံခြုံစွာဖြင့် ဂြိုလ်နံပါတ် ၁၉ သို့ ရောက်ရှိသွားတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Donde viven las historias. Descúbrelo ahora