part 29

1.7K 272 5
                                    

Unicode

အပိုင်း (၂၉) နောက်ခံ ရုတ်တရက် ပေါ်သွားခြင်း
တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းက ကိုယ်ရေးကိုယ်တာအချက်အလက်များကို တင်းကျပ်စွာ ကာကွယ်ထားသည်။ တင်ဆက်သူတွေတောင် မဲပေါက်သူများ၏ လိပ်စာကို သိရန်မလိုပေ။ သူတို့ကို ပို့မည်ဟု အတည်ပြုပြီးသည်နှင့် အရာအားလုံးကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းစုများနှင့် ၀က်ဆိုဒ်က ပူးပေါင်းလုပ်ဆောင်သွားတာဖြစ်တယ်။ သည်လိုနည်းလမ်းနှင့် ကြည့်ရှုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ထားနိုင်သည့်အပြင် တင်ဆက်သူအတွက်လည်း အလွန်အဆင်ပြေသည်။
မာရှယ်ဟော်နှင့် အကယ်ဒမီဥက္ကဋ္ဌဟော်တို့ကို ယွမ့်ထန်းပို့လိုက်သည့်ပစ္စည်းများ ပို့ပြီးသားဖြစ်သည်။ တစ်ခုက အကယ်ဒမီသိပ္ပံဆီသို့ရောက်သွားပြီး အခြားတစ်ခုက စစ်တပ်ဌာနချုပ်သို့ ရောက်သွား၏။
အနာဂတ်ကာလတွင် သူနိုးထလာခဲ့သည်မှာ တစ်လခန့် ရှိသွားပြီဖြစ်သည်။ ယွမ့်ထန်းအနေဖြင့် လက်ရှိခေတ်၏ ယေဘုယျအချက်အလက်အနည်းအများကို ဖမ်းဆုပ်မိနေပြီဖြစ်သည်။ အရေးကြီးသော အချက်အလက်များအားလုံးကို သိလာပြီဖြစ်၏။ အထူးသဖြင့် ထိုညီအစ်ကိုနှစ်ယောက်အကြောင်း ဖြစ်သည်။ သူတို့နှစ်ယောက်လုံးကို ပါရမီရှင်နှင့် အလုပ်ကြမ်းပိုးဟု သတ်မှတ်နိုင်သည့်တိုင် နှစ်ယောက်လုံး၏ ပေးလာသည့်လိပ်စာများက သူတို့၏ ရုံးချုပ်လိပ်စာများဖြစ်ကြ၏။
ပစ္စည်းများအားလုံးကို ပို့ပြီးနောက် ယွမ့်ထန်းက ထိုင်ခုံတွင်ထိုင်ကာ စားသောက်ရန် ဆုံးဖြတ်လိုက်သည်။
အငန်ဓာတ်ကဲပြီး အစပ်ဓာတ်ပြင်းသော ကြက်သားမွှေကြော်တစ်လုတ်နှင့် ယန်ချုံးထမင်းကြော်ကို ပေါင်းစားလိုက်ပြီးနောက် ချိုမြိန်ကာ အရသာကဲသော ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ် တစ်စွန်းအပြည့် ခပ်သောက်လိုက်သည်။ ရိုးရှင်းသောဟင်းလျာများ ဖြစ်သည့်တိုင် သူ၏ဆာလောင်နေသည့်ဗိုက်ကို ကျေနပ်စေသည်။
အ၀စားသောက်ပြီးနောက် ယွမ့်ထန်း၏အလင်းဦးနှောက်က အသံထွက်လာသည်။
ယွမ့်ထန်းသည် ယခုတလောသူ၏အလင်းဦးနှောက်မှ ထိုသို့ရောင်ပြန်ဟပ်နေသည်ကို မကြာခဏ မြင်နေရသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း၏ ကိုယ်ပိုင်ချန်နယ်မှ လာနေခြင်းဖြစ်၏။ ယခင်က သူ စားဖိုမှူးအစည်းအရုံးနှင့် အကယ်ဒမီသိပ္ပံတို့ထံမှစာများကို ဖတ်ပြီးသားဖြစ်သည်။ ဒီတစ်ကြိမ်တွင်မူ မရပ်မနားပင် နံပါတ်များက ၀င်ရောက်နေခဲ့၏။ သို့သော် သူတစ်ခါမှ လက်ခံရန် ဆန္ဒမရှိဖူးပေ။ နောက်ပိုင်းတွင်မူ အကြောင်းကြားသည့်ဖုန်းများက ၀င်လာသေး၏။
ယွမ့်ထန်း ကူကယ်ရာမဲ့လျက် ဖုန်းကို လက်ခံလိုက်ရသည်။ အခြားတစ်ဖက်၏ပြောစကားများကို နားထောင်နေရင်း သူ မျက်မှောင်ကြုံ့မိ၏။
“ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် အခုလက်တလောတော့ ဘာအင်တာဗျူးမှလက်ခံဖို့ ဆန္ဒမရှိဘူး”
မနေ့က သူ အဆင့်များ ဆက်တိုက်တက်သွားပြီးနောက်တွင် ကြယ်လေးပွင့်စားဖိုမှူးတစ်ယောက် ဖြစ်သွားခဲ့သည်။ ထိုအောင်မြင်တိုးတက်မှုက အခြားသူများနှင့် အလွန်ကွာခြားနေကာ လူတိုင်း၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့၏။
သူက အလွန်ထူးချွန်ကာ ထိပ်ဆုံးထဲ တန်းရောက်သွားသည်။ ထို့ကြောင့် အင်ပါယာ၏ရှေ့ဦးပိုင်း ပြေးနေသော သတင်းခေါင်းစီးများနှင့် ချန်နယ်တိုင်းတွင် သူက ထိပ်ဆုံးရောက်နေ၏။ ထို့ကြောင့် သတင်းထောက်များက အခွင့်အရေးကောင်းကို ချောင်းနေကြကာ ယွမ့်ထန်းနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေကြ၏။ ကံဆိုးစွာဖြင့် ယွမ့်ထန်းက မနေ့က အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့သည်။
သတင်းထောက်အားလုံးက သူနှင့်အင်တာဗျူးနိုင်ရန်အတွက် ဆက်သွယ်ရန်နည်းလမ်း မရှိသည့်အခါ အင်တာဗျူးပလက်ဖောင်းကိုသာ အာရုံစိုက်ထားရ၏။ သို့ရာတွင် ထိုအချိန်က ညလယ်ခေါင် ဖြစ်သွားသည့်အတွက် သူတို့ မဆက်သွယ်နိုင်ခဲ့ပေ။ ယခုအခါ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှု ပြီးကာစ ဖြစ်သည့်အတွက် ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဆက်တိုက် ဆက်သွယ်နေကြခြင်းလည်း ဖြစ်သည်။ သိပ်မကြာခင်မှာပင် ဒီဖုန်းကိုချပြီးသည့်နောက်တွင် နောက်ထပ်တစ်ကောလ်ကို လက်ခံရရှိပြန်သည်။
ကာစတန်မာဆားဗစ်ဌာနတစ်ခုလုံးက ဆက်တိုက် တိုက်ပွဲ၀င်နေခဲ့ရ၏။ သူ တစ်ခုကိုဖြေပြီးသည်နှင့် နောက်ထပ်ဖုန်းများကို လက်ခံရရှိနေသည်။ အားလုံးက ယွမ့်ထန်းနှင့်ဆက်သွယ်လိုကြောင်း အကြောင်းကြားပေးရန် တောင်းဆိုနေကြခြင်းဖြစ်၏။ သည်ဘက်ခြမ်းတွင် ယွမ့်ထန်း ကိုယ်တိုင်ကလည်း မနည်းစိတ်ရှည်သည်းခံနိုင်အောင် ကြိုးစားနေရသည်။ နောက်ဆုံးတွင် သူ ပြောလိုက်ရ၏။
“ဟုတ်ပါပြီဟုတ်ပါပြီ ကျွန်တော် တကယ်ပဲစိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော် အခုလက်တလောမှာ ဘာပွဲမှတက်ဖို့ အစီအစဉ်မရှိသလို ဘာကိုမှ ကြော်ငြာပေးဖို့ အစီအစဉ်မရှိဘူး။ အင်တာဗျူးတွေလည်း လက်မခံနိုင်ပါဘူး။ ကျွန်တော် ဘယ်အဖွဲ့အစည်းကိုမှ မ၀င်သလို ဘယ်ဆိုင်ရဲ့စားဖိုမှူးမှလည်း မလုပ်ပါဘူး။ ပြောရရင် နောက်တစ်ကြိမ်ဘာဖုန်းပဲလာလာ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ကူပြောပေးနိုင်မလား”
ထိုသို့ တရား၀င် ကြော်ငြာပြီးသည့်နောက်တွင် ယွမ့်ထန်း၏အလင်းဦးနှောက်က ငြိမ်သက်သွားသည်။
သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူ ဆိုဖာပေါ်တွင် ၀င်ထိုင်လိုက်သည်။ ရှောင်ပေါင်က မီးဖိုခန်းရှိ စားပွဲကို ရှင်းလင်းနေသည်ကို ကြည့်နေပြီးနောက် လက်ရှိအချိန်က ယွမ့်ထန်းတင်ဆက်သူဆိုသော နာမည်ဖြင့် အခြားသောဝေ့ပေါ်အကောင့်ဖွင့်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။ မည်သို့ပင်ဆိုစေ ပလက်ဖောင်းမှဆက်တိုက် တစ်ဆင့်ခံ ဆက်သွယ်ခံနေရခြင်းက အဆင်မပြေနိုင်ပေ။
ယခင်ပိုင်ရှင်ကလည်း ရုပ်ရှင်ဧကရာဇ်ဖြစ်ခဲ့သည့်အလျှောက် သူ့တွင်လည်းကိုယ်ပိုင် ကျော်ကြားမှုရှိ၏။ သဘာ၀ကျကျပင် သူ့တွင်လည်း ကိုယ်ပိုင် ဝေ့ပေါ်အကောင့်ရှိ၏။ အေဂျင်စီကပင် ဒါကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်လောက်သည်။ ငါးနှစ်ကြာပြီးသည့်တိုင်အောင် ထိုအကောင့်တွင် ပရိသတ်ပေါင်း သန်းကျော်ရှိနေသေး၏။
သို့သော် သူ ထိုအကောင့်ထဲသို့၀င်သွားပြီး လိုက်ခ် မတော်တဆ နှိပ်မိမည်ကိုစိုးရိမ်သည့်အတွက် ယွမ့်ထန်းက မူရင်းဝေ့ပေါ်အကောင့်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူ ဆိုရှယ်ပလက်ဖောင်းတွင် အခြားအကောင့်သစ်တစ်ခုဖွင့်ရန် လိုအပ်နေ၏။ သဘာ၀ကျစွာပင် ဝေ့ပေါ်တွင် အခြားအကောင့်များ ထပ်ဖွင့်နိုင်လေရာ ယွမ့်ထန်းအစားသောက်တင်ဆက်သူဆိုသော နာမည်ဖြင့် အကောင့်တစ်ခု ဖွင့်လိုက်သည်။
စတားနက်ဝေါ့၏ ဝေ့ပေါ်မှ ၀န်ဆောင်မှုက အလွန်ကောင်းမွန်သည်။ ငါးမိနစ် မပြည့်မီ၌ပင် ရွှေရောင်စာလုံးဖြင့် V ဆိုသော စာလုံးလေးက ယွမ့်ထန်းနာမည်နားတွင် ပေါ်လာ၏။
တရား၀င် အသိအမှတ်ပြုပြီးသွားသည့်အခါ ယွမ့်ထန်း၏ ကျင်းကျန်းတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ တင်ဆက်သူဆိုသော နာမည်ဖြင့် စာရင်းသွင်းလိုက်သည်။ ကြယ်လေးပွင့်စားဖိုမှူး အသိအမှတ်ပြုတံဆိပ်ပြား ရထားကြောင်းကို ဖြည့်စွက်လိုက်၏။ အားလုံးလုပ်ပြီးနောက်တွင် ယွမ့်ထန်းက ပို့စ်တစ်ခု တင်လိုက်သည်။
“ဟယ်လိုအားလုံးပဲ ကိုယ်က ကျင်းကျန်းပလက်ဖောင်း အစားအသောက် တင်ဆက်သူ ယွမ့်ထန်းပါ”
ထိုသို့တင်ပြီးနောက် သူက အလင်းဦးနှောက်ကိုပိတ်လိုက်ကာ မီးဖိုခန်းထဲသို့သွားပြီး ပဲများကို ရေစိမ်ထားရန် ဆုံးဖြတ်လိုက်၏။ ဒါက ယွမ့်ထန်းအကြိုက်ဆုံး ဟင်းများမှတစ်ခုဖြစ်သည်။ ထိုထဲတွင် တိုဟူးက ပါ၏။
သစ်သားထည့်စရာခွက်ငယ်လေးကို ယူကာ တစ်ကီလိုခန့် ချိန်ပြီး ရေအပြည့်ထည့်ထားလိုက်သည်။ မနက်ဖြန်ဆိုလျှင် သူ တိုဟူးလုပ်ရန် အဆင်ပြေနေပေလိမ့်မည်။ ပေါင်အနည်းငယ်ခန့်ဆိုလျှင် လုံလောက်၏။ တိုဟူးကိုတွေးမိပြီးသည့်နောက်တွင် ယွမ့်ထန်းက အခြားသော အလွယ်တကူ လုပ်စား၍ရသည့် အသင့်စားအစားအစာများကို တွေးမိသွားသည်။ ကိုယ်တိုင်လုပ်နေခြင်းက ခက်ခဲ၏။ ထို့အပြင် အကယ်ဒမီသိပ္ပံ၏ စကေးနှင့် လုပ်ဆောင်နိုင်စွမ်းကို အတွေ့အကြုံရှိထားပြီးသား ဖြစ်သည့်အလျောက် သူဒါကို အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် အချို့သောကိစ္စများတွင် လွယ်ကူသွားပေလိမ့်မည်။
ထိုသို့တွေးပြီးနောက် ယွမ့်ထန်းက ဥက္ကဋ္ဌဟော်ကိုတောင်းဆိုရန် ကြံစည်ပြီး ဖုန်းကိုကောက်ကိုင်ပြီး မဖွင့်ရသေးခင်မှာပင် ဟော်ယွန်ရီထံမှ ဖုန်း၀င်လာ၏။
“စားဖိုမှူးယွမ် အခြေအနေဘယ်လိုရှိလဲ”
ဟော်ယွန်ရီက သူ၏မူပိုင်ရယ်နေသောအသံဖြင့်ပြောသည်။
ယွမ့်ထန်းက ခါးသီးစွာ ရယ်လိုက်၏။
“ကျွန်တော့်ကို မစပါနဲ့ ကျွန်တော်လည်း အခုပဲ ဖုန်းဆက်မလို့ စဉ်းစားနေတာ”
ဟော်ယွန်ရီက မေးလိုက်သည်။
“အိုးဟုတ်လား ဘာကိစ္စကြောင့်များလဲ”
ယွမ့်ထန်းက ဝိုင်ချက်မည့်ကိစ္စနှင့် အခြားသောပါ၀င်ပစ္စည်းများအကြောင်းကို ပြောပြလိုက်သည်။ ဟော်ယွန်ရီက ထိုစကားကိုကြားသည့်အခါ သူ၏မျက်၀န်းများ တောက်ပသွားသည်။
“ပါ၀င်ပစ္စည်းတွေ ထုတ်လုပ်မှုအကြောင်းလား သေချာတာပေါ့ မင်း ကိုယ်တို့နဲ့ ပူးပေါင်းဖို့ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့အကြံအစည်ပဲ။ ဒါပေမဲ့ မင်းသိထားရမှာက ဒီပစ္စည်းတွေကို ဘယ်လိုလုပ်ရမှာလဲ”
ထည့်ပြောရန် မလိုလောက်အောင် ထိုပါ၀င်ပစ္စည်းဟင်းချက်အမွှေးအကြိုင်စသဖြင့် အရာအားလုံးက အသင့်ပြင်ဆင်ပြီးသားပစ္စည်းများ ဖြစ်သည်။ အအေးခံခြင်းနှင့် တာရှည်ခံနိုင်ရန် စသောကိစ္စများအားလုံးကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်၏။ ထိုကိစ္စအားလုံးသာ အဆင်ပြေသွားမည်ဆိုလျှင် သဘာ၀စားစရာများ၏ ကျော်ကြားမှုက ထပ်တိုးမြင့်သွားနိုင်သေးသည်။ ထို့ကြောင့် သူတို့ဆက်တိုက်ရှာဖွေနေရခြင်းဖြစ်၏။
“ကျွန်တော် လုပ်နည်းကို သိထားပါတယ်။ ဒါပေမဲ့ တာရှည်ခံမဲ့ကိစ္စတွေကတော့ ကျွန်တော်တို့ဆက်လက်ပြီး လေ့လာစမ်းသပ်ဖို့ လိုအပ်လိမ့်မယ်”
“ပြဿနာမရှိဘူး”
ဟော်ယွန်ရီက ရယ်သည်။ သူ၏ရယ်သံက ပို၍ကြည်လင်လာကာ သဘောကျဖွယ်ကောင်းလာ၏။ အသံအနေအထားကိုပြောင်းလဲပြီးနောက် သူက ပြောလာသည်။
“ငါတို့ဦးတည်ရာဘက်တစ်ခုပဲ လစ်လပ်နေတာ။ ဦးတည်ရာကိုသိပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို သိပြီဆိုတာနဲ့ကျန်တဲ့ကိစ္စတွေအားလုံးကို ဖြေရှင်းပြီးသားဖြစ်သွားပြီ။ ကိတ်မုန့်စားတာထက်တောင် လွယ်နေပါသေးတယ်”
သို့ရာတွင် ယွမ့်ထန်းက အသေးစိတ်အချက်အလက်များကို ပြောပြီးသည့်နောက်တွင် ဟော်ယွန်ရီက သည်ကိစ္စကို လူ့အရင်းအမြစ်ဌာနကိုသာ လွှတ်ထားလိုက်မည်မဟုတ်ပေ။ သူကိုယ်တိုင်ကလည်း ကိုင်တွယ်ဦးမည်ဖြစ်၏။ သူက ထပ်မံဖိတ်ခေါ်သည်။
“ဒါပေမဲ့ ဒီကိစ္စကို လုပ်ဖို့က မလွယ်ကူနိုင်ဘူး။ အမျိုးအစားခွဲမဲ့ကိစ္စတွေလည်း ရှိနေသေးတာဆိုတော့ ကိုယ် မင်းကို အကယ်ဒမီကိုလည်း ဖိတ်ခေါ်ရမယ်ထင်တယ်”
“ဒါက  အဆင်ပြေပါတယ်”
ယွမ့်ထန်းက တုံ့ဆိုင်းနေပြီးနောက်တွင် သဘောတူလိုက်သည်။
“ဒီလိုဆိုရင် လူကြီးမင်းယွမ့်ကိုပဲ ကျေးဇူးတင်ရတော့မယ်”
ဟော်ယွန်ရီ၏အပြုံးများက နက်ရှိုင်းသွားသည်။ ထို့နောက် သူ ဖုန်းခေါ်ရသည့် အကြောင်းအရင်းကို ပြန်သတိရသွား၏။ အရေးကြီးသောကိစ္စများဆီရောက်လာသည့်အခါ သူ၏လေသံက လေးနက်သွားသည်။
“တကယ်တော့ မင်းကိုခေါ်လိုက်တာက ဆွေးနွေးစရာကိစ္စရှိနေလို့ပဲ။ မင်းအရင် တိုက်ရိုက်ထုတ်လွှင့်တုန်းက သုံးသွားတဲ့ အဲဒီဆလတ်လုပ်တဲ့ပုံစံတွေနဲ့ အခြားအရသာထည့်တဲ့ပုံစံတွေ မင်းလုပ်သွားတဲ့ အဲဒီအချဉ်ပုံစံတွေအားလုံးကို ကိုယ်တို့ စမ်းသပ်လေ့လာခဲ့ပြီးပြီ။ မင်းလောက် မကောင်းဘူးဆိုပေမဲ့လဲ အရသာကတော့ လက်ခံနိုင်ဖွယ် ရှိနေတာပဲ။ နောက်ပြီး ဒီချက်နည်း၊ အချဉ်လုပ်နည်းအားလုံးအတွက် မူပိုင်ခွင့်ကို ကိုယ်တို့ပြန်၀ယ်ချင်တယ်။ ဒါမှမဟုတ် ကိုယ်တို့ရှော့ပင်းဆိုဒ်မှာ ရောင်းပြီး ရတဲ့အမြတ်ထဲက ရာခိုင်နှုန်းအနည်းငယ်လောက်ကိုရရင်ပဲ အဆင်ပြေပါတယ်။ မင်း ကိုယ်တို့ကို ဒီနည်းပညာ လွှဲပြောင်းပေးဖို့ဆန္ဒရှိလား”
“ဒါပေါ့ အစ်ကိုတို့ ရောင်းလို့ရပါတယ်”
ယွမ့်ထန်းက ခေါင်းညိတ်လိုက်သည်။ သို့ရာတွင် စားဖိုမှူးအစည်းအရုံးမှ ဆုကြေးငွေကိုပင် သူက ငြင်းဆန်ခဲ့လေရာ လက်ရှိအချိန်တွင် လက်ခံရန်လည်းမဖြစ်ပေ။ ထို့အပြင် အချဉ်လုပ်နည်းနှင့် အခြားသော ဟင်းခတ်အမွှေးအကြိုင်များ ထည့်နည်း၊ ချက်နည်းများအားလုံးက သူကိုယ်တိုင် ဖန်တီးထားခြင်းလည်းမဟုတ်ပေ။ သူက ဒီသိပ္ပံခေတ်တွင် တစ်ယောက်ထဲသော သိနေသူဖြစ်၍သာလျှင် ယခုကဲ့သို့ဖြစ်နေခြင်းဖြစ်၏။ ထို့ကြောင့် ဒါတွေကို သူ လက်ခံရန် စိတ်မသန့်ပါပေ။ ထို့ကြောင့် ပြောလိုက်၏။
“မူပိုင်ခွင့်၀ယ်ကြေးနဲ့ အခြားရောင်းကြေးတွေ အားလုံးကိုတော့ ကျွန်တော့်နာမည်နဲ့ လှူပေးစေချင်တယ်”
မျှော်လင့်ထားသည့်အတိုင်း ဟော်ယွန်ရီက ကြောင်သွားပြီးနောက် ပြောလာ၏။
“မင်း သေချာရဲ့လား”
ယွမ့်ထန်းကလည်း ရွေးချယ်စရာမရှိဘဲ သူဥက္ကဋ္ဌကုကိုပြန်ပြောသည့်အတိုင်း ပြောလိုက်ရသည်။ ဟော်ယွန်ရီက တိတ်ဆိတ်စွာနားထောင်ပြီးနောက်တွင် ထပ်မေးလာသည်။
“ဒါဆိုယွမ့်ထန်း မင်းဒါတွေကို ဘယ်လိုသိလာသလဲဆိုတာကိုရော ဘယ်လိုဖြေရှင်းချင်လဲ။ အထူးသဖြင့် ဒီရှေးဟောင်းပါ၀င်ပစ္စည်းတွေ ဟင်းချက်နည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလေ”
ဒီအကြောင်းများကိုလည်း ယွမ့်ထန်းကြိုတွေးထားပြီးသားဖြစ်သည်။ သူက သက်ပြင်းရှိုက်ကာ ပြောလိုက်၏။
“အနာဂတ်မှာ ကျွန်တော်ဘာကိုပဲ အသစ်တီထွင်တီထွင် ဘယ်လိုချက်နည်းကိုပဲ အသစ်ထုတ်ဖော်ထုတ်ဖော် အရင်ဆုံး အကယ်ဒမီသိပ္ပံကိုပဲ ကြိုတင်အသိပေးပါမယ်။ အကယ်ဒမီသိပ္ပံကပဲ အရင်ကြေညာပေါ့။ ဘယ်လိုသိသလဲဆိုတဲ့မေးခွန်းကို ဖြေရှင်းရမယ်ဆိုရင်တော့ လျှို့ဝှက်ချက်အဖြစ် ထားတာပဲ ကောင်းမယ်ထင်တယ်။ အကယ်ဒမီက ဒါကိုလျှို့ဝှက်ထားပေးမယ်လို့ ကျွန်တော် မျှော်လင့်တယ်”
အကယ်ဒမီ၏အဓိက လုပ်ငန်းက သုတေသနလုပ်ခြင်းဖြစ်ကာ ရှေးခေတ်မြေကမ္ဘာခေတ်မှ ပါ၀င်ပစ္စည်းများ ချက်နည်းပြုတ်နည်းများအားလုံးကို အကောင်းမွန်ဆုံးအရသာများအတိုင်း ပြန်လည် ချက်ပြုတ်ပြင်ဆင်နိုင်ပြီး ယခင်ကကဲ့သို့ ကောင်းမွန်သည့်အနေအထားသို့ ပြန်သွားနိုင်ရန် ဖြစ်သည်။ ထို့ကြောင့်သူတို့က ဟင်းလျာသစ်တစ်ခုကို ကြေညာနိုင်တိုင်း ထိုအရသာက ကောင်းမွန်လေတိုင်း ထိုပစ္စည်းများကို အခြားသူများကို အသုံးပြုလေတိုင်း သူတို့၏ဂုဏ်က တက်သည်။ သို့ဆိုလျှင် ယွမ့်ထန်းအတွက်လည်း မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားပြီးသားဖြစ်သွားနိုင်၏။
“ဒါပေါ့ ဒါက ငါတို့အတွက်တောင် ပိုကောင်းနိုင်သေးတယ်”
ဟော်ယွန်ရီက ပြုံးလိုက်၏။ သူက အရေးကြီးသည့်ကိစ္စကိုဖြေရှင်းပြီးသည့်နောက်တွင် လေသံက ပေါ့ပါးသွားသည်။
“ဒါဆိုရင် အလဲအလှယ်အနေနဲ့ ကိုယ် မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်”
လျှို့ဝှက်ချက်ဆိုကတည်းက လူတစ်ယောက်၏သိချင်စိတ်ကို ပြင်းပြလာစေသည်။ ဟော်ယွန်ရီက ထိုသို့ပြောလာသည့်အခါ ယွမ့်ထန်း ချက်ချင်းပင်သိချင်စိတ်ပြင်းပြသွားပြီး မေးလိုက်မိ၏။
“ဘာလျှို့ဝှက်ချက်လဲ”
ဟော်ယွန်ရီက ပြောလိုက်၏။
“မနေ့က မင်း ကိုယ့်ရဲ့အရူးညီငယ်လေးနဲ့ တွေ့ခဲ့တယ်မဟုတ်လား”
ယွမ့်ထန်းတိတ်ဆိတ်သွားသည်။ ဟော်ယွန်ရီက အခြားတစ်ယောက်၏ အစ်ကိုဖြစ်မှန်း သူသိနိုင်လျှင်ပင် ထိုအရူးဆိုသည့်စကားလုံးက ဟော်ယွန်ချန်း၏မှီခိုအားထားစဖွယ်ကောင်းပြီး တက်ကြွဖျတ်လတ်သော ပုံပန်းသွင်ပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။
သို့ရာတွင် ဟော်ယွန်ရီက ချက်ချင်းပင် ဆက်ပြောသည်။
“ကိုယ် ခန့်မှန်းထားတဲ့အတိုင်းဆိုရင် သူ မင်းကို သူ့ရဲ့အခြားနောက်ခံအကြောင်း ပြောထားမယ်မထင်ဘူး”
“တကယ်တော့ သူက မင်းရဲ့ပရိသတ်ပဲ”
အချိန်အကြာကြီးရပ်ပြီးတော့မှ ဟော်ယွန်ရီက ဆက်ပြောလာ၏။
“သူ့ပလက်ဖောင်းက အိုင်ဒီနာမည်က ဟော်တဲ့”
ယွမ့်ထန်း “…”
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Место, где живут истории. Откройте их для себя