part 22

1.7K 270 4
                                    

Unicode

အပိုင်း (၂၂) သုံးဆင့် ကျော်ခြင်း အပိုင်းခွဲတစ်
ယွမ့်ထန်း၏ စကားကြောင့် ချီကျောက်က မျက်နှာမဲ့သည်။ လက်ရှိအချိန်တွင် သူ ယွမ့်ထန်းကို အရိုးထဲကပင် မုန်းတီးသည်။ ထို့ကြောင့် ချက်ချင်း ပြော၏။
" အိုး ငပြောင်ပဲ။ ကြယ်လေးပွင့်ဆိုတာက မင်း လိုချင်တိုင်း ရ ရလောက်အောင်များ လွယ်တယ်ထင်နေတာလား"
သို့သော် မည်သူမျှ သူ၏စကားကို အလေးမထားပေ။ ကုလဲ့ကျီက မျက်မှောင်ကြုတ်ကာ ယွမ့်ထန်းကို ကြည့်လိုက်သည့်အခါ လေးနက်နေသည့် အမူယာကို မြင်လိုက်ရသဖြင့် ယွမ့်ထန်း နောက်မနေမှန်း သေချာသွားသည်။
သူ ယွမ့်ထန်းကို အလေးအနက်ထားကာ မြင့်မားစွာ မျှော်မှန်းထားသော်လည်း ယွမ့်ထန်းက အတွေ့အကြုံ နည်းပါးနေသေးသည်။ သူသာ ကျရှုံးသွားလျှင် စိတ်ဒဏ်ရာဖြစ်သွားမည်ကိုလည်း စိုးရိမ်သည်။ သည်ကိစ္စကြီးက သူ၏ စိတ်ဒဏ်ရာ ဖြစ်သွားကာ ရှေ့လျှောက် တိုးတက်မှုတို့ တုံ့ဆိုင်းသွားနိုင်ခြင်းအား တွေးမိပြီး အကြံပေးလိုက်သည်။
"ကောင်လေး လေးဆင့် ဆက်တိုက် တက်တာက ထင်သလောက် မလွယ်ဘူး။ ကြယ်လေးပွင့်အဆင့်ဆိုရင် မင်းအနေနဲ့ ပါဝင်ပစ္စည်း အမျိုးနှစ်ဆယ်ကို ဟင်းဆယ်ပွဲရအောင် ချက်ပြရလိမ့်မယ်။ ဒါ့အပြင် ကြယ်နှစ်ပွင့်နဲ့ ကြယ်သုံးပွင့်ကိုလည်း ကျော်ဖြတ်ရဦးမယ်။ ကောင်လေး အနာဂတ်က ရှည်လျားပါတယ်။ တဒင်္ဂဒေါသလေးနဲ့ တက်လမ်းကို မပျက်ပါစေနဲ့"
" ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့"
ယွမ့်ထန်းက ပြုံးသည်။
" ကျွန်တော် ပြောလိုက်ကတည်းက တကယ် လုပ်နိုင်လို့ပါ"
ဖျောင်းဖျ၍ မရနိုင်မှန်း သိသည့်အခါ သူက ပြုံးလိုက်သည်။
" ကောင်းပြီ၊ အခု ၁၂နာရီ မထိုးသေးတော့ နောက် ကြယ်နှစ်ပွင့် စစ်ဆေးပွဲ ဖြေဖို့ မီသေးတယ်"
သူ ထိုကလေးကို ကာကွယ်ပေးရန်သာ ဆုံးဖြတ်ထားလိုက်သည်။ မကောင်းသည့် အခြေအနေများ ဖြစ်လာလျှင်ပင် ဥက္ကဋ္ဌဆိုသည့် သူ၏ အဆင့်အတန်းဖြင့် သူ ကာကွယ်ပေးနိုင်မည်ဟု ယုံသည်။ အမှားအယွင်းကိစ္စများ မရှိစေရန် သူ မှာကြားထားရပေမည်။
အစည်းအရုံးက အလားအလာကောင်းသော အရည်အချင်းရှိသူများ ထွက်ပေါ်လာစေရန် အခွင့်အရေးများစွာ ပေးထားပြီး တတ်နိုင်သမျှ စိတ်တိုင်းကျစေရန် စီစဉ်ပေးသည်။စစ်ဆေးပွဲတိုင်းကို တစ်လလျှင် တစ်ကြိမ်သာ ကျင်းပသော်လည်း အချိန်သာမီလျှင် နောက်အဆင့် စစ်ဆေးပွဲများအား ဆက်လက်ဖြေဆိုခွင့်ရှိသည်။
" ဒါပေမဲ့..."
ကုလဲ့ကျီက ချီကျောက်တို့ကို ကြည့်သည်။
"သူတို့က အကဲဖြတ်သူဖြစ်ဖို့ အဆင့်မမီဘူး၊ ဒီစစ်ဆေးပွဲမှာလည်း နောက်ထပ်ဖြေဆိုမဲ့သူတွေ ရှိနေကြသေးတယ်"
" မာရှယ်ဟော် ယွမ့်ထန်းကို ကြယ်နှစ်ပွင့် စစ်ဆေးပွဲ ကျင်းပတဲ့နေရာကို လိုက်ပို့ပေးလို့ရမလား"
သည်နေရာတွင် ဖြေဆိုမည့်သူတွေ ရှိနေသေးရာ သူ မည်သည့်နည်းနှင့်မျှ သည်အတိုင်း မထားခဲ့နိုင်ချေ။ ထို့ကြောင့် ဟော်ယွင်ချန်းကိုသာ အကူအညီ တောင်းလိုက်ရလေသည်။
ထိုအခါမှသာ ယွမ့်ထန်းသည် စစ်တပ်ဝတ်စုံဖြင့် ခံ့ညားနေသော အင်ပါယာကြီး၏ မာရှယ်တစ်ယောက်ကို သတိထားလိုက်မိသည်။
ယွမ့်ထန်း၏ အကြည့်က သူ့ထံ ရောက်လာကြောင်း ခံစားမိသည့် ဟော်ယွင်ချန်းမှာ တောင့်တင်းသွားတော့သည်။ သူ၏ နှုတ်ခမ်းတို့က ပိုပြီး တင်းကျပ်စွာ စေ့ပိတ်သွားသည်။ သူက ပုံမှန်ထက် ပိုလေးနက်ကာ အေးစက်သည့် သွင်ပြင်မျိုးဖြင့် ပြောသည်။
" ရတာပေါ့"
ယွမ့်ထန်းက ဟော်ယွင်ချန်းနှင့်အတူ ထွက်သွားခြင်းအား မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီးမှ ကုလဲ့ကျီက ချီကျောက်တို့ကို ပြန်ကြည့်သည်။
" မင်းတို့က ဒီမှာ ဘာဆက်လုပ်နေတာလဲ။ သွားတော့လေ"
ချီကျောက်က အသက်ကို ပြင်းပြင်းရှူကာ ဒေါသတကြီးဖြစ်နေသည်။ နှဖူးမှ အပြာရောင် သွေးကြောများပင် ထောင်ထနေ၏။ သူက ဒေါသတကြီး လက်နှစ်ဖက်ကို ရမ်းကာ ထွက်သွားသည်။ သူ၏ နောက်လိုက်နှစ်ယောက်ကမူ ကုလဲ့ကျီကို ဦးညွတ်ပြီးမှ ထွက်သွားသည်။
အပြင်ဘက်သို့ ရောက်သွားသည့်အခါ နောက်လိုက်တစ်ယောက်က မေးသည်။
" အင်း ဥက္ကဋ္ဌ ကျွန်တော်တို့ ဘယ်သွားကြမလဲ"
" ဘယ်သွားရမှာလဲ၊ ဌာနချုပ်ကို ပြန်ရမှာပေါ့"
ချီကျောက်က ပြောသည်။
" ဒါပေမဲ့ ကျွန်တော်တို့ အဲဒီမှာ ဘာလုပ်ကြမှာလဲ"
" ဘာလုပ်ရမှာလဲ၊ အဲဒီကောင်စုတ်လေး ဖြေတာကို ကြည့်ရမှာပေါ့။ သူ ဘယ်လိုများ အဆင့်တွေ တက်မလဲ စိတ်ဝင်စားတယ်"
သူ၏ လက်ရှိဖြစ်ရပ်ကို နက်ဝေ့ါပေါ်သို့ တင်ပို့ခြင်းခံရမည်မှန်း သူ သိသည်။ သို့သော် ယွမ့်ထန်းကသာ စစ်ဆေးမှုမှုများ မအောင်လျှင် သူ၏ ကြယ်လေးပွင့် စားဖိုမှူး အဆင့်အတန်းဖြင့် ထိုကိစ္စကို အင်ပါယာက လျစ်လျူရှုပေးပေလိမ့်မည်။
ကြယ်နှစ်ပွင့် စစ်ဆေးပွဲတွင် ပါဝင်ပစ္စည်းလိုအပ်မှုက ဆယ်ခုထက် မနည်းပေ။ ထိုကောင်စုတ်လေးကဲ့သို့ အမွေးအတောင် မစုံသေးသည့် ကလေးက လုပ်နိုင်မည်ဟု မယုံပေ။သူ ကျရှုံးသွားသည့်အခါ ဖြစ်နေမည့် မျက်နှာကို သူ မြင်ချင်လာသည်။
------
ကားပျံထဲတွင် အလွန် တည်ငြိမ်နေသည့် ဟော်ယွင်ချန်းဟာ အချိန်တိုင်း ယွမ့်ထန်းကို ခိုးကာ ချောင်းကြည့်နေသည်။
ယွမ့်ထန်းသည် ကားပျံ၏ အခြားတစ်ဖက်ခြမ်းကို မှီပြီး နားနေသည်။ သူ၏ ဘေးတိုက် မျက်နှာက အလွန်အမင်း လှပလွန်းကာ ချစ်မြတ်နိုးဖွယ်ကောင်းလွန်းပါသော မြေခွေးငယ်လေးအလား ထင်ရသည်။ သူ၏ ပါးရိုးလေးက အနည်းငယ်ထင်းကာ ပါးလေးတွေက ချိုင့်နေသည်။သူ၏ အကြည့်က ယွမ့်ထန်း၏ ခေါင်းထက်ရှိ ဆံပင်များထံ ရွေ့သွားသည်။ သူ စိတ်ကူးထဲ မြင်ယောင်ခဲ့ဖူးသည့်အတိုင်း သစ်အယ်သီးလေးကဲ့သို့ ရှုပ်ရှုပ်ပွပွ လုံးလုံးလေးဖြစ်နေသော်လည်း ကြည့်ရုံဖြင့်ပင် အလွန် နူးညံ့မည့်ပုံလည်း ပေါက်နေသေးသည်။ ယင်းက မြင်ရုံဖြင့် လူအများကို ဆွဲပွတ် ဖွ ချင်စိတ် ပေါက်စေ၏။
ရိုးရိုးရှင်းရှင်းလေးနဲ့ မြတ်နိုးချင်စရာလေးပဲ။
ကားရပ်သွားသည့်အခါ ယွမ့်ထန်း နိုးသွားသည်။
" ကျွန်တော်တို့ ရောက်ပြီလား"
သူ ကားထဲမှ ဦးစွာ ဆင်းကာ အခြားတစ်ဖက်သို့ သွားပြီး ယွမ့်ထန်းထံ လက်ကမ်းပေးကာ အောက်သို့ ဆင်းရာတွင် ကူညီပေးသည်။ တစ်ဖက်သူ၏ လက်တစ်စုံက သူ၏ လက်ဖဝါးကြီးထဲ ရောက်လာသည့်အခါ စေးကပ်သော ဆန်ကိတ်ပိုင်းလေး ဆုပ်ကိုင်လိုက်ရသလို ရိုးရှင်းစွာပင် သဘောကျသွားစေသည်။
ယွမ့်ထန်း အောက်သို့ ဆင်းပြီးသည်နှင့် ဟော်ယွင်ချန်းက လက်ကို ချက်ချင်း ပြန်ရုတ်ကာ ခြေတစ်လှမ်း ဆုတ်သည်။ ထိုတစ်ခဏတွင် သူ၏ နှလုံးသားက ပုံမှန်မဟုတ်စွာပင် ဆက်တိုက် ပြင်းထန်စွာ ခုန်နေခဲ့သည်။သူ အသက်ပြင်းပြင်းရှူလိုက်သည်။သူ အင်ပါယာ ဆေးရုံ၏ ဆက်သွယ်ရေး နံပါတ်ကိုပင် ပြေးမြင်သွားသည်။ သူ၏ ပုံမှန်မဟုတ်သည့် လက္ခဏာကို ဆရာဝန်များဖြင့် တိုင်ပင်ပြသရမည်လား မသေချာပေ။
တကယ့်ကို ပြဿနာတက်တာပဲ။
တစ်ယောက်က ရှေ့မှ လျှောက်ပြီး အခြားတစ်ယောက်က နောက်မှ လိုက်သည့်အနေအထားမျိုးဖြင့် ဂိတ်ဝသို့ ရောက်သွားသည်။ ဟော်ယွင်ချန်းကမူ သူ၏ အင်မတန်ခုန်လှုပ်နေသည့် နှလုံးသားကို မနည်းထိန်းနေရသည်။ သူ၏ အမြဲတမ်း အေးစက်နေပြီး အမူအရာ တော်တန်ရုံ ပေါ်လွင်လေ့မရှိသည့် မျက်နှာကို ကျေးဇူးတင်ရမည်။အခြားသူများ၏ အမြင်တွင် သူက အမြဲတမ်း မျက်စိကျိန်းမတတ် တောက်ပထင်ရှားသည့် အင်ပါယာကြီး၏ မာရှယ် ဆက်ဖြစ်နေပေလိမ့်မည်။
" ကျေးဇူးတင်ပါတယ်။ အထဲမှာလည်း လူတွေ အများကြီးရှိနေတယ်။ တကယ်လို့ ခင်များ အထဲဝင်လိုက်လို့ အဆင်မပြေရင် ကျွန်တော် ဒီနေရာကနေ ကိုယ့်ဘာသာ ဆက်ဝင်သွားလို့ဖြစ်ပါတယ်"
ယွမ့်ထန်းက နောက်လှည့်ကာ အလွန်အမင်း အရှိန်အဝါပြင်းထန်လွန်းလှသည့် လူကို ပြောလိုက်သည်။ သူတို့ကားပျံပေါ်မှ ဆင်းကတည်းက လူများစွာ၏ အာရုံက သူတို့ထံသာ ရောက်နေ၏။ ထိုကဲ့သို့ အာရုံစိုက်ခံရခြင်းကို သူ သဘောမကျပေ။
" အင်း"
ဟော်ယွင်ချန်းက ပြောဆိုရလွယ်သည်။ သူက ချက်ချင်း သဘောတူကာ ထွက်သွားသည်မှာ သူနှင့် မဆက်ဆိုင်သည့် ကိစ္စကို ဆက်ဝင်မပါလိုသည့် သွင်ပြင်နှင့်ဖြစ်သည်။ ယွမ့်ထန်းလည်း ထိုအခါမှသာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် စစ်ဆေးမှုပြုလုပ်သည့် ဘက်သို့ ဝင်သွားလိုက်သည်။
ယွမ့်ထန်း၏ အရိပ်အယောင်ကို မမြင်ရတော့မှသာ ဟော်ယွင်ချန်းက ထောင့်တစ်နေရာမှ ထွက်လာသည်။ သူက မမြင်ရတော့သည့် အရိပ်ကလေးကို တစ်ချက် ငေးပြီးမှ အလင်းဦးနှောက်ကို ထုတ်ကာ ဥက္ကဋ္ဌကုထံသို့ ယွမ့်ထန်း အထဲသို့ ဝင်သွားကြောင်း စာပို့လိုက်သည်။ ထို့နောက် နောက်ပေါက်မှ အထဲသို့ ဝင်သည်။
ယွမ့်ထန်းက အလင်းဦးနှောက်ဖြင့် စာရင်းသွင်းပြီးနောက် သူ့အလှည့်ကို စောင့်နေလိုက်သည်။
နောက်ကျမှ ရောက်လာသည့် ယွမ့်ထန်းက လူအများ၏ အာရုံကို ဆွဲဆောင်သွားသည်။ ထိုသို့နောက်ကျမှ ရောက်လာခြင်းက ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။ ထိုသူသည် လောလောလတ်လတ် ကြယ်တစ်ပွင့် စစ်ဆေးပွဲကို အောင်မြင်ထားသူ ဖြစ်ပေလိမ့်မည်။
ယွမ့်ထန်းက တိတ်ဆိတ်စွာ စောင့်နေရင်း လူတိုင်းက သူ့ကို ကြည့်နေကြောင်း ခံစားမိနေသည်။
ကြယ်နှစ်ပွင့် စစ်ဆေးမှုတွင် တစ်ပွင့်စစ်ဆေးမှုထက် လူနည်းသဖြင့် တစ်ခဏ စောင့်ဆိုင်းပြီးသည်နှင့် သူ့အလှည့်ရောက်သည်။
အခန်းပုံစံကလည်း ပထမတစ်ခန်းနှင့်တူသည်။ အတွေ့အကြုံရှိသည့် ယွမ့်ထန်းက ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။ သူ ရထားသော ပါဝင်ပစ္စည်းများမှာ ပုစွန်၊ ဂျုံမှုန့်၊ ပြောင်းဖူး၊ ပဲ၊ ကြက်သွန်နီ၊ မုန်လာဥ၊ ငါး၊ အာလူး၊ မိုးခိုသားနှင့် ကြက်ဥတို့ဖြစ်သည်.။
ယွမ့်ထန်း သူ၏ ဦးနှောက်တွက်ချက်မှုကို ချက်ချင်း အကောင်အထည် ဖော်လိုက်သည်။
ပုစွန်၊ဂျုံနဲ့ ကြက်ဥကို မုန့်နှစ်ပုစွန်ကြော် လုပ်လို့ရတယ်။ ပြောင်းဖူး၊ ပဲ၊ မုန်လာဥ၊ ကြက်သွန်နီနဲ့ ငါးကို ငါးနှင့် အသီးအရွက်ကြော် လုပ်လို့ရတယ်။ အာလူးနဲ့မိုးခိုသားကိုတော့ အမဲသားအာလူးနှပ် လုပ်လိုက်မယ်။
ဉာဏ်ရည်မြင့် စက်ရုပ်လေးက ပါဝင်ပစ္စည်းများကို သယ်လာပေးသည်။ ဟင်းသုံးခွက်က လွယ်သည်။ ငါးနှင့် ပုစွန်ကိုသာ အညှီဖျောက်ရန် လိုသည်။ အချိန်ကုန ်သက်သာစေရန်အတွက် ယွမ့်ထန်းက ပုစွန်ကို ထုတ်ကာ ခေါင်းကို ဖြုတ်သည်။ အခွံကို ခွာကာ အထဲရှိ အညစ်အကြေးများကို ဖယ်သည်။ ထို့နောက် ဆား၊ ချင်းနှင့် ကြက်သွန်ဖြူရည်တို့ဖြင့် နယ်ကာ ဘေးနားကပ်ထားလိုက်သည်။
သူ ငါးကိုင်ရမည့် အလှည့်ရောက်လာသည်။ ငါး၏ ဗိုက်သားကိုသာ လိုသည့်အတွက် ရက်စက်ကြမ်းတမ်းစွာပင် ခေါင်းနှင့် အမြီးကို ခုတ်ဖြတ်လိုက်သည်။ ထို့နောက် ကျောရိုးကို ဖယ်၊ အညစ်အကြေးများကို ထုတ်လိုက်သည်။ ဗိုက်ထဲကို ဆေးကြောပြီးနောက် ဆား၊ ချင်းနှင့် ကြက်သွန်ဖြူရည်တို့ဖြင့် နယ်လိုက်သည်။
ထို့နောက် ပန်းကန်လုံးတစ်ခု ထုတ်ကာ ဂျုံ၊ ကြက်ဥနှင့် အကြော်ဆီတို့ကို ငရုတ်ကောင်းအနည်းငယ်ဖြူးလျက် ထည့်ကာ ဆက်တိုက်မွှေသည်။ ထို့နောက် ပုစွန်များကို ယူကာ အပြင်ဘက်အနှံ့ မုန့်နှစ်ဖုံးအောင် နှစ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည်။ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် တစ်ဖက်က ရွှေဝါရောင်သန်းသည်နှင့် အခြားတစ်ဘက်သို့ တူဖြင့် လှန်ကာ စောင့်နေသည်။
ပုစွန် ငါးကောင်သာ ရှိရာ နှစ်ပိုင်းဆီ ခြမ်းပြီးနောက် ပန်းကန်ပြား၏ ဘယ်ဘက်ခြားတွင် နှစ်လွှာဖော်ကာ တင်ထားလိုက်သည်။ သူ့တွင် အစိမ်းရောင် အရွက်များ မရှိသဖြင့် မုန်လာဥကိုသာ ထုတ်ပြီး သုံးပိုင်းပိုင်းသည်။ ပါးလျကာ သေးငယ်သော ဓားထက်ထက်ဖြင့် မုန်လာဥကို လှီးသည်။. အနည်းငယ် ဖြတ်ပြီးနောက် ပန်းပွင့်သဏ္ဍာန် မုန်လာဥပုံလေးများ ပေါ်လာသည်။
ထို့နောက် မုန်လာဥများအား ပုစွန်ဘေးနား ကပ်စီသည်။ ထို့နောက်အပေါ်မှ ပဲငံပြာရည်စမ်းကာ အလှဆင်သည်။ ပုစွန်ကိစ္စပြီးသည့်အခါ အရွက်ဘက် လှည့်သည်။ ပြောင်းဖူးနွှာသည်။ ကြက်သွန်နီနှင့် မုန်လာဥများကို ဆက်လှီးသည်။ ပဲစေ့များကိုလည်း အခွံခွာသည်။
ထိုအချိန်တွင် ငါးက အဆင်သင့်ဖြစ်နေသဖြင့် ငါးကို ထုတ်ကာအ ပိုင်းငယ်လေးများ လှီးသည်။ ထို့နောက် ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး ဆားနှစ်စွန်း၊ ပဲငံပြာရည်အနည်းငယ်၊ ရေနည်းနည်း၊ ကစီနည်းနည်းတို့ ထည့်ကာ အရသာများ ငါးထဲ စိမ့်ဝင်သည်အထိ နယ်သည်။
ငါးကြော်ရသည်က မြန်သည်။ ဆီပူထဲ ခဏခန့် ထည့်လိုက်ပြီး ရွေဝါရောင ်သန်းသည်အထိ စောင့်လိုက်သည်နှင့် ကျက်သည်။
ငါးကြော်ထားသော ဆီဖြင့် ကြက်သွန်နီဖြင့် ဆီသတ်သည်။ထို့နောက် မတိုင်မီက ပြင်ဆင်ထားသည့် ပြောင်းဖူးများကို ထည့်ကာ ရောကြော်သည်။
ထို့နောက် သူက ဆား၊ ပဲငံပြာရည်နှင့် သကြားတစ်စွန်းတို့ ထည့်ကာ အိုးထဲရှိ အသီးအရွက်များကို ဆက်ကြော်သည်။ ထို့နောက် ငါးကို ထပ်ထည့်ကာ အားလုံး ရောကြော်၏။
ထိုသို့ဖြင့် မွှေးပျံ့သည် ရနံ့များ ထွက်လာသည်။ဒါက တိုက်ရိုက်ထုတ်လွှင့်နေခြင်းဆိုလျှင် ကြည့်ရှုသူများ မခံစားနိုင်လောက်တော့ပေ။ တစ်ခဏခန့် ကြာသည့်အခါ အရသာရှိသည့် ဟင်းတစ်ခွက်ကို ရသည်။
ကျန်သမျှက လွယ်ကူလွန်းသော အသားနှင့်အာလူးဖြစ်သည်။ မိနစ်အနည်းငယ်ကပင် အာလူးကို ကိုင်တွယ်နိုင်သည်။ နှပ်၊ကြော်၊ချက်၊ ပေါင်း စသဖြင့်ကို အာလူးဖြင့် ကောင်းမွန်စွာ လုပ်နိုင်လေသည်။
သူက အာလူးကို အခွံခွာထားသည်။ မိုးခိုသားကိုမူ ဆား၊ ကြက်သွန်ဖြူနှင့် ချင်းရည်တို့ဖြင့် နယ်ကာ ဆီပူတွင် ကြော်သည်။ငရုတ်ကောင်းပင် ခတ်ထား၏။ပါးလျစွာ လှီးထားသည့် အာလူးအား အိုးထဲ ထည့်ကြော်ပြီးနောက် ပဲငံပြာရည်ဖြင့် အရောင်ပြောင်းစေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ပြီးဆုံးသွားလေပြီ။
အပေါ်ထပ်ရှိ အခန်းမှ စောင့်ကြည့်နေသူတွေမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။ အထူးသဖြင့် ယွမ့်ထန်း၏ အမြန်နှုန်းကြောင့်ဖြစ်သည်။ ယွမ့်ထန်သည် ဥက္ကဋ္ဌကု အလေးထားရန် ထိုက်တန်ပေသည်။
မွှေးပျံ့သည့် ရနံ့နှင့်အတူ ဟင်းလျာများ သယ်ဆောင်ထားသည့် ဉာဏ်ရည်မြင့် စက်ရုပ်က ယွမ့်ထန်းနှင့်အတူ ရောက်လာသည်။ စစ်ဆေးအကဲဖြတ်သူတွေဟာ အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်ကာ မျက်နှာများက တည်တင်းနေကြပြီး ချဉ်းကပ်ရ ခက်ခဲမည့်ပုံရသည်။ သို့သော် ယခုအခါတွင်မူ သူတို့၏ အကြည့်တွေက တောက်ပလျက် ဟင်းပွဲများကိုသာ စိုက်ကြည့်ကာ မျက်တောင်ပင် မခတ်ကြတော့ပေ။
" ကောလောင်"
အတန်ငယ် ငယ်ရွယ်သည့် စစ်ဆေးသူတစ်ယောက်က ခေါ်လိုက်မှသာ အခြားသူများ အသိဝင်ကြသည်။
" အဟမ်း"
အကဲဖြတ် ခေါင်းဆောင် ကောလောင်က ချောင်းဟန့်ကာ ထိန်းချုပ်မှု လွတ်ကင်းသွားခြင်းကို ဖုံးကွယ်လိုက်သည်။ သူက လေးနက်သည့် လေသံဖြင့် ပြောသည်။
" ဟင်းပွဲတွေကို မင်း သေချာ လုပ်ထားတာပဲ၊ ကြည့်ကောင်းသားပဲ၊ ဒါပေမဲ့ အရသာ ကရော"
" ကျေးဇူးပြုပြီး မြည်းကြည့်ပါခင်မျာ။ သိရပါလိမ့်မယ်"
ယွမ့်ထန်းက ပြုံးကာ ပြောသည်။
" ကောင်းပြီလေ"
ထိုသူက ပြုံးကာ ပြောလိုက်သည်.။ သူက တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း တူကို ကောက်ကိုင်ပြီး ဟင်းခွက်ကို နှိုက်သည့် လက်ကမူ စိတ်မရှည်မှုကို ဖော်ပြနေလေသည်။
သူက ပုစွန်အသားဖတ်ကို ဦးစွာစားသည်။ အပြင်သားက ကောင်းမွန်စွာ ချက်ထားခံရကာ အရသာရှိပြီး ကြပ်ရွနေသည်။ အပြင်သားမှ ဖျော့တော့သည့် ချိုမြိန်မှုရနံ့ကို ရပြီးအတွင်းသားကမူ ပုစွန်သားများ ပြည့်နေကာ နူးညံ့လွန်းသည်။ အရသာက အပြစ်ပြောစရာပင် မရှိပေ။ ငယ်ရွယ်သည့် စစ်ဆေးသူလေးကသာ သူ၏ လက်ကို ဆွဲမထားလျှင် သူ နောက်တစ်ကောင် နှိုက်မိလောက်သည်။
သူက ထိုလူကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းတွေကမူ ပြုံးနေ၏။ထို့နောက် ဒုတိယ ဟင်းပွဲကို နှိုက်ရန် ကြံသည်။
" ဒါကို ဇွန်းနဲ့ စားရင် အကောင်းဆုံးပါပဲ"
ယွမ့်ထန်းက ပြောလိုက်သည်။
" ကောင်းပြီလေ"
စစ်ဆေးသူဟာ အလွန် လေးနက်နေသည့် အမူအရာဖြင့် ဇွန်းကိုပြောင်းကိုင်ကာ အားနာမနေဘဲ တစ်ဇွန်းအပြည့် ခပ်လိုက်သည်။
" အိုး..."
ဇွန်းအပြည့် တစ်ဇွန်း ခပ်စားလိုက်ရုံဖြင့် သူ၏ မျက်လုံးတွေက ဝိုင်းသွားသည်။ အရွက်များက ချိုမြိန်နေသလို လတ်ဆတ်ကာ ကြွပ်ရွနေသေးပြန်သည်။ အရသာက ပြည့်နှက်နေသလို ငါးအသားကလည်း ချောမွေ့နေကာ နူးညံ့နေပြန်၏။ ဆားကို အချိုးအဆ မှန်ကန်စွာ ထည့်ထားသဖြင့် ထူထဲသောပဲငံပြာရည်ဖြင့် ပေါင်းထားသည့်တိုင် လေးမနေပေ။ ဒါက လူတွေ၏ စားချင်စိတ်ကိုပင် လှုံ့ဆော်နေသေးသည်။
သူက အလောတကြီး မျိုချလိုက်ကာ တတိယမြောက် တစ်ခွက်ကို လက်လှမ်းသည်။
အာလူးကို ချက်ထားပုံက အခြားသူတွေနှင့် ကွဲသည်။ ပုံမှန်အတိုင်း အလွန်အကျူး အိနေမည့်ပုံစံအစား သူက အနည်းငယ် ရွအောင် လုပ်ထားသည်။ သို့သော် အငံဓာတ်များထဲ ချိုမြိန်မှု ရောယှက်နေခြင်းကလည်း ချိုမြိန်မှု တစ်မျိုးဖြစ်၏။ ပါးစပ်အပြည့် ဝါးနေရင်း သွားဖြင့် ကိုက်စားသံတွေက ထွက်ပေါ်နေသည်။. အသား၏ အရသာကလည်း သာမန်နှင့်ကွဲထွက်နေသည်။ ခြောက်ကပ် မာကျောမနေဘဲ အရည်ရွှမ်းကာ နူးညံ့ပြီး အရသာရှိသည်။ အာလူးနှင့်တွဲထားသည့်အခါ စုံတွဲတွေထက်ပင် လိုက်ဖက်ညီနေတော့သည်။
" ကောင်းတယ် ကောင်းတယ် ကောင်းတယ်"
ကောလောင်က သုံးကြိမ်ဆက်တိုက် ချီးကျူးပြီး ယွမ့်ထန်းကို တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်သည်။
ကောလောင်၏ အမူအရာကို မြင်ကတည်းက အခြားနှစ်ယောက်က သွားရည်ကျနှင့်နေလေပြီ။ သူတို့က ချက်ချင်းပင် မြည်းကြည့်ကြကာ မျက်ဝန်းတွေ တောက်ပနေတော့သည်။
"အရမ်း အရသာရှိတာပဲ။ ကောင်းလိုက်တာ"
သူတို့၏ တုံ့ပြန်မှုက ကောလောင်ထက်ပင် ပြင်းထန်ကာ တူများကို မရပ်ဘဲ ဆက်တိုက် စားနေပြီး သူတို့က စစ်ဆေးအကဲဖြတ်သူတွေဖြစ်ကြောင်း မေ့သွားသည်။ သူတို့ စားနေသည့်အခါ အခြားကိစ္စတွေက အရေးမပါတော့ပေ။ သူတို့က ပြောလိုက်သေးသည်။
" ဘာလို့ ဒီလောက်အထိ နည်းနေတာလဲ"
" ကိုယ့်အသက်အရွယ် ကိုယ် ထိန်းကြစမ်း"
ကောလောင်က ဆူသည်။ အထူးသဖြင့် စားပွဲပေါ်ရှိ ပန်းကန်အလွတ်များကို မြင်ရချိန်တွင် စားပွဲကိုတောင် ဖြန်းခနဲ ရိုက်ချလိုက်၏။ သူက ယွမ့်ထန်းကို ကြည့်ကာ ပြောသည်။
" တော်လိုက်တဲ့ ကောင်လေး မင်း အဆင့်တက်လို့ရတယ် "
အခြားနှစ်ယောက်ကလည်း အသိဝင်လာကာ ပြောသည်။
" ဟုတ်တယ် မင်း ကြယ်နှစ်ပွင့် စားဖိုမှူးဖြစ်ဖို့ အသတ်အမှတ်ပြုတယ်"
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Donde viven las historias. Descúbrelo ahora