Part 81

1.7K 250 3
                                    

Unicode
အပိုင်း ၈၁
အစပိုင်းတွင် ယဲ့ရင်အန်းက အယူခံဝင်ချင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ယဲ့မိသားစုက အလွန်ကြီးပြီး အာဏာလည်းရှိသည်။ လူတစ်ယောက်ကို လွတ်အောင်လုပ်ပေးရန်၊ ကာကွယ်ပေးရန်က ပြဿနာမရှိချေ။ သို့သော် သူက ကံဆိုးလွန်းနေခဲ့သည်။ အင်ပါယာမှ ပုဂ္ဂိုလ်ကြီးများ၏ထိပ်တန်း ၅ ရာခိုင်နှုန်းခန့်က တရားရုံးတွင် ဝင်ထိုင်နေရာယူနေကြ သည်။ ဧကရီကိုယ်တိုင်ပင် ဝင်ထိုင်ကတည်းက ပြောရန်ပင် မလိုတော့ချေ။
သူက ထိုလူများကို မြင်ကတည်းက ကြောင်တောင်တောင်ဖြစ်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ သူ ဆက်ပြီး မရုန်းကန်ရဲတော့ချေ။ သူက သူ၏အပြစ်မကင်းမှုများကို ဝန်ခံလိုက်ပြီး သူ လုပ်ခဲ့သမျှ ကိစ္စအားလုံးက ယဲ့မိသားစုနှင့် မပတ်သက်ကြောင်း သူကိုယ်တိုင်သဘောထားဖြင့် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။
နောက်ဆုံးတစ်ကြိမ် သူ လုပ်ခဲ့သည့်မကောင်းသောအမှုက နာမည်ဆိုးဖြင့် ကျော်ကြားသောကြယ်ဓါးပြအဖွဲ့ကို ခေါ်ဆောင်လာခဲ့ခြင်းဟု ဆိုထားသည်။ သူ၏မိခင်ဘက်မှ ဦးလေးက အင်ပါယာက အလိုရှိသော ထိုအဖွဲ့၏ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည်ဟု ဝန်ခံသည်။ သူက အလွန်အမင်း ထိတ်လန့်လွန်းနေခဲ့သည့် အတွက် ထိုဦးလေးက ရိက္ခာများနှင့်ပစ္စည်းများကို ရရှိရန်အလို့ငှာ အာကာသ သင်္ဘောပေါင်းများစွာကို ဝင်စီးပြီး အပြစ်ကင်းစင်ပြီး လိုက်ပါလာသူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်ဟု ပြောဆိုသည်။ ရာဇဝတ်မှုပြုပြီးနောက်တွင် သူက ပုန်းရန်နေရာတစ်ခုကို ရှာဖွေကာ ထိုအမှုကြောင့် ဖြစ်လာသည့်ဆူပူအုံကြွမှုက ငြိမ်သက်သွားသည်အထိ စောင့်ပြီး ပြန်လည်ထွက်ပေါ်လာရန် စီစဉ်ထားလေသည်။ သို့သော် သူ၏ညီမဖြစ်သူဘက်မှ တော်စပ်သော တူတစ်ယောက်၏ရောက်လာသော ဖုန်းခေါ်ဆိုမှုတစ်ခုက သူ့ကို စစ်တပ်နှင့်အတူ ချည်နှောင်ခံရမည်ဟု မထင်မိချေ။
အဆုံးတွင် ခိုင်ရှင်းက အုပ်ထိန်းသူအဆင့်အတန်းမှ ဖယ်ရှားခံရပြီး ထောင်ခြောက်နှစ်ကျသည်။ ဝေ့ကျိုးက ယွမ့်ထန်းနှင့် သူ၏ယခင်ကုမ္ပဏီထံသို့ နစ်နာကြေးသုံးသိန်း ပေးလျော်ရသည်။ သူကလည်း‌ ထောင်ဒဏ်နှစ်နှစ် ကျသည်။ ယဲ့ရင်အန်းကမူ အဆိုးဆုံးဒဏ်ခံရသူ ဖြစ်သည့်အတွက် ထောင်ဒဏ်ဆယ်နှစ်ကျသွား သည်။
ခိုင်ရှင်းအမေနှင့်သားဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက်တွင် ယွမ့်ယွီက သူ ဆန္ဒရှိသည်အတိုင်း နေနိုင်သွားကာ ယွမ့်ထန်းကိုယ်တိုင်ကလည်း အခြားကိစ္စများကို စိုးရိမ်ရန် မလိုအပ်တော့ချေ။ သူက ဟော်ယွန်ချန်း၊ ကျိုးကျင်းတို့နှင့်အတူ တရားရုံးထဲမှ ထွက်လာလိုက်သည်။  သူက သူ၏ကျေးဇူးတင်မှုကို ဖော်ပြရန်အတွက် တက်ရောက်ပေးသော လူများထံသို့ သွားလိုက်သေးသည်။ ထိုအခါ ထိုသူများအားလုံးက အလွန်အမင်း မာနကြီးကြပြီး ယွမ့်ထန်းကို အထောက်အပံ့ပေးရန် လာရောက်ကြောင်း ဝန်မခံကြချေ။ သူတို့က သည်အတိုင်းအေးစက်စွာသာ ခေါင်းညိတ်လျက် ယွမ့်ထန်းကို ထမင်းစားဖိတ်ခေါ်ရန်ပင် အချိန်မပေးခဲ့ချေ။
“လူကြီးမင်းကျိုး၊ ချန်းကော ကျွန်တော် ဒီအမှုမှာနိုင်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ချင်ပါတယ်၊ ကျွန်တော့်ရဲ့ကျေးဇူးတင်စိတ်ကို ဖော်ပြတဲ့အနေနဲ့ အိမ်မှာ တစ်ဝိုင်းလောက်ပြင်ဆင်ချက်ပြုတ်ပေးချင်ပါတယ်”
သူတို့က တရားရုံးမှ ထွက်လာပြီးသောအခါ ယွမ့်ထန်းက ကျိုးကျင်းနှင့် ဟော်ယွန်ချန်းတို့ကို ဖိတ်ခေါ်လိုက်သည်။ သူက သည်ကိစ္စတွင် ဘာမှပင်မလုပ်ခဲ့ရချေ။ ထိုနှစ်ယောက်ကသာ သူ့အတွက် အရာအားလုံးကို လုပ်သွားပေးခဲ့ပြီး သူ့ကိုယ်သူပင် အရှက်ရမိစေသည်။
“မင်းရဲ့လက်ရာက ထူးခြားပြောင်မြောက်တယ်လို့ ကြားဖူးတာကြာပြီ၊ ဒီနေ့ နောက်ဆုံးတော့ မြည်းစမ်းဖို့ အခွင့်အရေး ရပြီပဲ၊ ကောင်းပြီ ငါက ဝမ်းသာအားရ လက်ခံတာပေါ့”
ကျိုးကျင်းကလည်း အပြုံးနှင့်ဖြေသည်။
“ကောင်းပြီ”
သဘာဝကျကျပင် ဟော်ယွန်ချန်းက ငြင်းစရာမရှိချေ။
“ဒါဆိုရင် ကျွန်တော် အစ်ကိုကြီးဟော်ကို စာပို့လိုက်ပြီး ကျွန်တော်တို့နဲ့အတူ လာစားမလားလို့မေးလိုက်မယ်”
သုံးယောက်လုံးက‌ ဟော်ယွန်ချန်း၏ကားပျံပေါ်သို့ တက်ပြီးသည်နှင့် ယွမ့်ထန်း၏အိမ်သို့ သွားသည်။
သူ၏ကျေးဇူးတင်စိတ်ကို ဖော်ပြအောင်ပွဲခံသည့် အထိမ်းအမှတ် ဖြစ်ကတည်းက ပြင်ဆင်မည့်ဟင်းပွဲက များပြားသင့်လေသည်။ ယွမ့်ထန်းက ဟင်းလျာလေးပွဲနှင့် စွပ်ပြုတ်တစ်ပွဲ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သူက တုန်းပေါ်ဝက်ပုခုံးသား၊ ပျော်ရွှင်ဖွယ်လေးခုအသားလုံး၊ နှမ်းကြက်ကြော်အစပ်၊ မှိုနှစ်သွယ်ချွိုင်ဆန်းနှင့် ယန်တုရှန်းတို့ကိုပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ အရွက်ဟင်းပွဲမှ လွဲလျှင် ကျန်သောပစ္စည်းများအားလုံးက သေချာပြင်ဆင်ရန် လိုအပ်လေသည်။ ထို့ကြောင့် သူ၏ဧည့်သည်များအားလုံး ကျေနပ်စေရန် မျှော်လင့်ထားသည်။ သူက ပျော်ရွှင်ဖွယ်လေးခု အသားလုံးများကို မဲနှိုက်ပေးရန်လည်း ဆုံးဖြတ်ထားသေးလေသည်။
အိမ်သို့ရောက်သည်နှင့် ယွမ့်ထန်းက ရှော့ပင်းဆိုက်သို့ သွားကာ လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးကို ဝယ်ယူလိုက်သည်။ လူလေးယောက်စာအပြင် မဲနှိုက်ရန်အတွက်လည်း ချက်ပြုတ်ရမည်ဖြစ်သောကြောင့် သူက ပမာဏအများအပြား ဝယ်လိုက်သည်။ ပစ္စည်းများအားလုံးကို ကြီးမားသော ဖာတောင်းကြီးနှစ်ခုဖြင့် လာပို့ပေးသည်။
အစားကောင်းစားရန် အလွဲချော်မခံတတ်သော ဟော်ယွန်ရီကလည်း စာရသည်နှင့် ယွမ့်ထန်း၏အိမ်သို့ တန်းလာသည်။ သူက ခေတ်သစ်နည်းပညာမြင့် ပစ္စည်းပို့ဝန်ဆောင်မှုစနစ်၏ အနောက်မှ ကပ်လာခဲ့ခြင်းဖြစ်ပြီး ဝင်လာသည်နှင့် ချက်ချင်းပြောတော့သည်။
“ဘာလို့ အများကြီး ဝယ်ထားတာလဲ၊ ဒီနေ့ ငါတော့ မဲပေါက်သလိုဖြစ်တော့မယ် ထင်တယ်”
“အစ်ကိုကြီးဟော်၊ အစ်ကိုကြီး ဘယ်တုန်းက ဒီလိုကောင်းကောင်းမစားရလို့လဲ”
ယွမ့်ထန်းက တံခါးကိုဖွင့်ပေးပြီးနောက် ဘူးတွင် လက်မှတ်ရေးထိုးပေးလိုက်ကာ ဟော်ယွန်ရီကိုစသည်။ သူနှင့်အကယ်ဒမီသိပ္ပံက ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရခဲ့ပြီးသည်မှာ ကြာလှချေပြီ။ ဟော်ယွန်ရီကလည်း သူ ဟင်းလျာပြင်ဆင်သည့် အချိန်တိုင်းလိုလို အကယ်ဒမီသိပ္ပံထံသို့ နမူပုံစံအနေဖြင့် တစ်ပွဲစီပို့လျက် လက်ရာဆက်လက်တိုးတက်အောင် မြည်းစမ်းခွင့်ရရန် တောင်းဆိုခဲ့ပြီးသားဖြစ်သည်။ ကြည့်ရသည်မှာ ဒါက ဟော်ယွန်ရီ၏လောဘသာ ဖြစ်လောက်သည်။
သူက ဧည့်သည်များအားလုံးကို ထိုင်ရန်ဖိတ်ခေါ်ပြီးနောက်တွင် သူတို့အတွက် အအေးနှင့်အဆာပြေမုန့်များကို ပြင်ဆင်ပေးသည်။ ထို့နောက် ယွမ့်ထန်းက ပစ္စည်းများအားလုံးကို မီးဖိုခန်းအတွင်းသို့ထည့်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လာသည်။
“ဟယ်လို အားလုံးပဲ ကိုယ်ကတော့ မင်းတို့ရဲ့တင်ဆက်သူယွမ့်ထန်းပါ၊ ဒီနေ့ ကိုယ်က တုန်းပေါ်ဝက်ပုခုံးသား၊ ပျော်ရွှင်မှုလေးခုအသားလုံး၊ နှမ်းကြက်ကြော်အစပ်၊ မှိုနှစ်သွယ်ချုံဆန်းနဲ့ ယန်တုရှန်းတို့ကိုပြင်ဆင်မှာပါ၊ အားလုံးက ဟင်းလျာလေးပွဲနဲ့ ဟင်းချိုတစ်ခွက်ပါပဲ”
[မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ် .. ဝိုး အများကြီးပါလား၊ ထန်းထန်းနောက်ဆုံးတော့ အမှုနိုင်သွားတဲ့အတွက် အောင်ပွဲခံတော့မယ် ထင်တယ်]
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. ငါ ဘာလုပ်ရမလဲ၊ ဟင်းနာမည်တွေကြားတာနဲ့ သွားရည်ကျနေပြီ]
[မွေးရပ်မြေကရှုခင်း .. ဒီနေ့မဲနှိုက်အုံးမှာလား၊ တင်ဆက်သူကို အားနည်းစွာနဲ့ မေးပါရစေ]
ပုံမှန်အတိုင်းဆိုလျှင် ကြည့်ရှုသူများ၏စကားပြောဆိုသည့် အကြိမ်ရေနှုန်းနှင့် ကာကွယ်နိုင်သည့်အဆင့်က အမြင့်ဆုံးအဆင့်အထိ မြှင့်ထားပြီးသားဖြစ်သည်။ ယွမ့်ထန်းက စိတ်ကောင်းဝင်နေသောကြောင့် ရင်းနှီးကျွမ်းဝင်သော ကြည့်ရှုသူများ၏မေးခွန်းကို ပြန်ဖြေသည်။
“ဟုတ်တယ် ကိုယ်ဒီနေ့ စိတ်ကောင်းဝင်နေတော့ မိတ်ဆွေအချို့ကို ညစာစားဖို့ဖိတ်ထားတယ်၊ နောက်ပြီး အားလုံးအတွက်လည်း ကံကောင်းအောင် မဲနှိုက်ပေးဖို့ စီစဉ်ထားပါတယ်”
ထိုစကားကိုကြားသောအခါ ကြည့်ရှုသူများအားလုံးက ပျော်ရွှင်သွားကြသည်။
“တုန်းပေါ်ဝက်ပုခုံးသားက လုပ်ဖို့အချိန်ကြာတော့ အရင်ဆုံးပြင်ဆင်ကြရအောင်”
ဝက်ပုခုံးသားဆိုသည်မှာ ပေါင်မှအသားကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ ထိုနေရာက ခြေထောက်နှင့်တစ်ဆက်တည်းဖြစ်နေလေပြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ပိုင်းကို ခွဲခြားထားရန်လည်း နေရာဖြစ်နေသေးသည်။ ယွမ့်ထန်းက အခေါက်ထူပြီး အသားများပြီး အဆီနည်းသော အပိုင်းကို ရွေးချယ်လိုက်ကာ တုန်းပေါ် ဝက်ပုခုံးအတွက်ပြင်ဆင်လိုက်သည်။
ယွမ့်ထန်းက အသားတုံးငါးတုံးကို ယူပြီးသည်နှင့် ကြည်လင်သောရေဖြင့်ဆေးကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ ထည့်လိုက်သည်။ အပူချိန်မြင့်မြင့်ဖြင့် သူက ဆက်လက်ဆူပွက်ထားလိုက်သည်။ အထဲတွင် အညှီဓာတ်များအားလုံး မရှိတော့ကြောင်း သေချာမှသာလျှင် ရေများကိုသွန်ပြီးနောက်တွင် လေအေးဖြင့် အခြောက်ခံသည်။ ထို့နောက် ပဲငန်ပြာရည်ထည့်ပြီး အညီအမျှအရောင်ပြောင်းသွားစေလိုက်သည်။
ထို့နောက် သူက နောက်ထပ်ဒယ်ပြားကိုထုတ်ပြီး အပူချိန်အလယ်အလတ်အဆင့် လောက်ဖြင့် ဆက်လက်အပူပေးကာ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပူပြင်းလာသည်အထိ ထားသည်။ ထို့နောက် အခြောက်ခံထားလိုက်ပြန်သည်။ ပဲငန်ပြာရည်စမ်းထားသောကြောင့် ဝက်ခြေထောက်က အလွန်လှသလိုဖြစ်ပြီး တောက်ပကာ စိုရွှဲနေသည်။ ဝက်သားက ပြည့်ကြပ်နေကာ များပြားသည့်ဟန်ရပြီး ဆွဲဆောင်မှုပင်ရှိနေတော့သည်။ အပေါ်အခွံကလည်း နီညိုရောင်သန်းနေကာ ယွမ့်ထန်းက ဆီစစ်ရန်ဇကာတစ်ခုထဲ ထည့်ထားပြီးနောက်တွင် နောက်ပိုင်းတွင် အသုံးပြုရန် ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ထားလိုက်သည်။
သူက ဝက်ခြေထောက်များကို ပေါင်းအိုးထဲထည့်ပြီးသည်နှင့် ရေလောင်းထည့်လိုက်ကာ ဂျင်းပါးပါးလှီးထည့်သည်။ ကြက်သွန်မြိတ်များ ခုတ်ထစ်ထည့်ပြီးသည်နှင့် ဆား၊ သကြား၊ ပဲငန်ပြာရည်တို့ဖြင့်ထည့်ကာ တစ်နာရီခန့် ထပ်ချက်ရမည်ဖြစ်သည်။
“တုန်းပေါ်ဝက်ပုခုံးက တစ်နာရီနီးပါးချက်ရလိမ့်မယ်၊ အဲ့ဒါကိုချက်ထားတဲ့ အချိန်မှာ အရင်ဆုံး ဟင်းချိုလုပ်ထားရအောင်”
ယွမ့်ထန်း၏ ယန်တုရှန်းလုပ်သည့်နည်းလမ်းက ရိုးရှင်းသည်။ သို့သော် အချိန်အတော်ကြာ နှပ်ရမည်ဖြစ်သည်။ ထို့အတွက်ကြောင့်ယွမ့်ထန်းက ယခုချက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယန်တုရှန်း၏ပါဝင်ပစ္စည်းများက နွေမျှစ်နှင့်လတ်ဆတ်ပြီး ဆားစိမ်ထားသည့် ဝက်ဗိုက်သားအလွှာများဖြစ်သည်။ ထိုယန်ဆိုသည်မှာ ဝက်ပေါင်ခြောက်သားကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှန်းဆိုသည်မှာမူ ဝက်ဗိုက်သားကိုရည်ညွှန်ပြီး တုကမူ မီးနိမ့်နိမ့်ဖြင့် ချက်ပြုတ်ခြင်းကို ဆိုလိုလေသည်။ ထို့ကြောင့် ထိုဟင်းချိုကို တစ်ချက်ကြည့်ရုံဖြင့်ပင် မည်သည့်နည်းလမ်းဖြင့် လုပ်ရကြောင်းသိနိုင်သည်။
ယွမ့်ထန်းက အသားကိုပါးပါးလှီးပြီးသည်နှင့် ဆားစိမ်ဝက်ဗိုက်သားများကိုလည်း အလွှာလိုက်လှီးသည်။ လတ်ဆတ်ကာ နူးညံ့သောနွေမျှစ်များနှင့် တရုတ်ဆလပ်ရွက်များကို ခုတ်ထစ်လိုက်သည်။ ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းအိုးထဲသို့ ထည့်ပြီးနောက်တွင် လတ်ဆတ်သောရေအနည်းငယ်ထည့်ကာ ကြော်နှပ်သည်။ ထို့နောက် ဂျင်းပါးပါးလှီးထည့်သည်။ ကြက်သွန်မြိတ်များလည်း လှီးထည့်ပြီး ဆားအနည်းငယ်ခပ်သည်။ တစ်နာရီနီးပါး အပူချိန်နိမ့်နိမ့်ဖြင့် နှပ်ထားလိုက်လျှင် အဆင်သင့်ဖြစ်သွားပေလိမ့်မည်။
နောက်ထပ် ယွမ့်ထန်းလုပ်ရမည့်အရာကား ပျော်ရွှင်မှုလေးခု အသားလုံးဖြစ်သည်။ ပဲငန်ပြာရည်ထဲတွင် အတန်အသင့်ကြီးသည့်အသားလုံးများနှင့် နှပ်ရမည်ဖြစ်ပြီး ကံကြမ္မာကောင်း၊ ကြွယ်ဝမှု၊ အသက်ရှည်မှု၊ ပျော်ရွှင်မှုဆိုသည့်ရည်ရွယ်ချက်လေးခုကို ရည်ညွှန်းသောကြောင့် ယန်ကျိုးဟင်းလျာထဲတွင်ပင် ကျော်ကြားသေးသည်။
ယွမ့်ထန်းက ဝက်ဗိုက်သားနှစ်တုံးကို ယူလိုက်သည်။ အခေါက်ကို ဖယ်ပြီးနောက်တွင် နုတ်နုတ်စင်းလိုက်သည်။ ထို့နောက် သူက နုတ်နုတ်စင်းထားသော ထိုအသားများကိုကြီးမားသော ပန်းကန်လုံးကြီးထဲသို့ဆား၊ ပဲငန်ပြာရည်အကြည်တို့ ထည့်ကာ နှံ့အောင်မွှေသည်။ နောက်ဆုံးတွင် ကြက်ဥဖောက်ထည့်လိုက်ပြီး တူဖြင့်ခပ်မြန်မြန်မွှေလိုက်သည်။
တရုတ်ရေအယ်သီးဟု လူသိများသောမြင်းခွာများကို ပျော်ရွှင်မှုလေးခု အသားလုံးထဲသို့ ထည့်လိုက်လျှင် အရောင်အဝါက ပိုလှသွားပေလိမ့်မည်။ သို့ရာတွင် ကံဆိုးစွာပင် ထိုပါဝင်ပစ္စည်းကို အကယ်ဒမီသိပ္ပံက မတင်သွင်းရသေးသည့်အတွက် ယွမ့်ထန်းက လတ်ဆတ်သောမျှစ်များကိုသာ အစားထိုးထည့်လိုက်ရသည်။
ယွမ့်ထန်းက နူးညံ့သော မျှစ်ထိပ်များကို ခုတ်ထစ်လိုက်ပြီးနောက်တွင် အဆာပလာထဲသို့ ပေါင်းထည့်သည်။ သူက ကြက်သွန်မြိတ်နုတ်နုတ်စင်းထားသောဂျင်း၊ အသားမှုန့်၊ ငရုတ်သီး၊ ပဲငန်ပြာရည် စသည်ဖြင့်တို့ကိုလည်း ရောထည့်ကာ နှံ့သွားသည်အထိမွှေသည်။ ထို့နောက် ပို၍ပုံဖော်လွယ်ရန်အလို့ငှာ ကြေညက်သွားသည် အထိ ဆက်တိုက်မွှေနေလိုက်သည်။ နောက်ဆုံးတွင် အသားလုံးပုံသဏ္ဍာန် ပုံဖော်တော့သည်။
သူက အသားလုံးများအားလုံးကို လင်ဗန်းပေါ် တင်ထားပြီးနောက် ဒယ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ဆီကို ၅၀ ရာခိုင်နှုန်းအထိ ပူအောင်တည်ပြီးသည်နှင့် ဗန်းကိုကိုင်ကာ အသားလုံးများကို တစ်လုံးချင်းစီထည့်သည်။ အားလုံးက ရွှေအိုရောင်သန်းလာချိန်တွင် အသားလုံးများကို ဆယ်ထုတ်တော့သည်။ သူက အိုး၏အောက်ခြေတွင် ဆီစစ်ရန်အတွက် အပေါ်မှ ဇကာကိုခံကာ အပေါ်တွင် အသားလုံးကို ထည့်လိုက်သည်။ ထို့နောက်တစ်ဖန် အိုးထဲသို့ရေကိုလောင်းထည့်ကာ ဆား၊ သကြား၊ ပဲငန်ပြာရည်တို့ကိုထည့်ပြီး ထိုအရည်များအားလုံး နီရဲသွားသည့်အချိန်အထိစောင့်သည်။ အားလုံးပြီးသွားသောအခါ သူက ကြော်ထားသော အသားလုံးများအားလုံးကို အထဲသို့ထည့်ပြီး တစ်မိနစ်ခန့်အထိ အလယ်အလတ် အပူချိန်နိမ့်နိမ့်ဖြင့် ကြော်ထားလိုက်ကာ အပြည့်အဝကျက်သွားသည်အထိစောင့်သည်။ ထို့နောက် အသားမှုန့် အနည်းငယ်ကို အချဉ်ထဲသို့ထည့်ပြီး အနှစ်က ပျစ်လာသည်အထိ စောင့်သည်။ ထိုသို့ဆိုလျှင် ဟင်းပွဲက ပြီးဆုံးသွားလေပြီ။
ယွမ့်ထန်းက ပျော်ရွှင်မှုလေးခု၊ အမဲသားတုံးလေးတုံးကိုသာ ပန်းကန်ပေါ် ချထားသေးသည်။ သူက ပွဲအလှဆင်ရန်အတွက် အစိမ်းရောင်အရွက်လေးအချို့ကို ထည့်ကာပုံဖော်သည်။ ဖြူဖွေးတောက်ပြောင်နေသော ကြွေပန်းကန်ပြား၏အလယ်တွင် အရွက်များကိုထည့်ပြီး အသားတုံးလေးများကို ထိပ်တွင်အလှဆင်ထားလိုက်သည်။ အသားတုံးလေးတုံးလုံးက နှင်းဆီရောင်သန်းကာ တလက်လက်တောက်ပနေသလို ဖြစ်နေပြီး အသားလည်းများပြီး အလုံးကလည်းကြီးသည်။ ထိုအရွက်များ၏အပေါ်တွင် ထပ်တင်ထားလိုက်သည့်အခါ လူအများ၏စားချင်စိတ်ကို လှုံ့ဆော်တော့သည်။ ထို့အပြင် ထိန်းချုပ်နိုင်စွမ်းမဲ့လောက်အောင် ဆွဲဆောင်မှုပြင်းသည့်အနံ့ကလည်း ပါနေသေးသည်။
[ချင်ချင်က တစ်ကြောင်းတည်းစားချင်တာ .. အို အရသာရှိလိုက်တာ]
[ဧပရယ်လရဲ့သွားမွှေးအနွေးထည်ရဲ့ လည်ပင်းထောင်က အမွှေးစလေးတွေကလည်း လည်ပင်းကို ပွတ်သပ်ကျီစယ်နေပြီ .. ဒီအသားလုံးရဲ့အပြင်ပိုင်းက ကြွပ်ရွနေတယ်၊ ဒါပေမဲ့ အတွင်းကအသားကတော့ နူးညံ့နေတာပဲ၊ မျှစ်တွေကလည်း ကြွပ်ရွပြီး ဝါးလို့ကောင်းတယ်၊ အရသာက တကယ်ကောင်းတာပဲ၊ စားတာကို မရပ်နိုင်တော့ဘူး]
[မင်သက်နေတဲ့ပန်းလေး .. အရသာရှိလွန်းလို့ ပေါက်ကွဲတော့မတတ်ပဲ၊ တင်ဆက်သူ နေ့တိုင်း စိတ်ကောင်းဝင်နေဖို့ မျှော်လင့်တယ်]
အသားလုံး၏အလွန်အရသာရှိပြီး သိပ်သည်းသောအသားဓာတ်များအပြင် အတွင်းတွင်ရှိနေသေးသော အသားအရည်များက ပါးစပ်ထဲတွင် ပေါက်ကွဲသွားသလိုမျိုး အရသာအပြည့်ထိုးထွက်လာသည်။ မြည်းစမ်းသူများအားလုံးက ရူးသွပ်သွားမတတ် ဖြစ်သွားတော့လေသည်။
လေးပွဲမြောက်ဟင်းလျာက နှမ်းကြက်ကြော်အစပ်ဖြစ်ပြီး လတ်ဆတ်သော ကြက်ခြေထောက်သား၏ ဟင်းလျာဟုဆိုနိုင်သည်။ နှမ်းကြက်ကြော်အစပ်ကိုလုပ်ရန် လုပ်နည်းပေါင်းများစွာရှိသော်လည်း ယွမ့်ထန်းက အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး တစ်ခုကိုသာ ရွေးချယ်လိုက်သည်။ သူက ပထမဦးဆုံးစွာ ကြက်ခြေထောက်များကို သန့်ရှင်းသည်။ ထို့နောက် ရေထဲတွင်ထည့်ပြုတ်ထားပြီး ရေပြန်စစ်ထားလိုက်သည်။ ထို့နောက် ကြက်ကိုသေးငယ်သည့်အစိတ်လေးများအဖြစ် ခုတ်စိတ်ကာ ကြွေပန်းကန်ပြားပေါ်တွင် ဖြန့်ထားလိုက်ပြန်သည်။ ထိုဟင်းလျာ၏အဓိကသော့ချက်က ရေနွေးဖျောချိန်၏ကြာချိန်ဖြစ်သည်။ ကြက်သားက ပြုတ်လိုက်သလိုမျိုး နူးညံ့ပျော်ထွက်သွား၍လည်း မရသလို ကြက်သား၏အရသာလည်း အပျောက်ခံ၍ မရပြန်ချေ။
ထို့နောက် သူက ငရုတ်ကောင်းဆေးများကို ဖယ်လိုက်ပြီး လတ်ဆတ်သော ကြက်သွန်မြိတ်အရွက်များ၊ ဆားတို့ကိုထည့်ကာ အလွန်ကောင်းမွန်သော ကြက်သွန်မြိတ် ငရုတ်အနှစ်လုပ်တော့သည်။ ထို့နောက် ပန်းကန်လုံးထဲသို့ထည့်ပြီး ဆီပူကိုအပေါ်မှ လောင်းထည့်သည်။ ပဲငန်ပြာရည်၊ နှမ်းဆီ၊ အမွှေးဆီနှင့် စီချွမ်ငရုတ်သီးအမှုန့်တို့ကို ထည့်လိုက်ပြီးမှသာလျှင် ငရုတ်နှမ်းအချဉ်က အဆင်သင့်ဖြစ်သွားလေပြီ။ ထိုအချဉ်ကို သူ ပါးပါးလှီးထားသော ကြက်သားပိုင်းများအပေါ်မှ လောင်းချလိုက်သည်။
“ကောင်းပြီ၊ ဒါကိုမြည်းကြည့်ကြပါအုံး”
[မော့တန်းချင် .. ဟေး အရသာရှိလိုက်တာ၊ နူးညံ့နေတာပဲ၊ ကြွပ်ရွနေတယ်၊ ပြီးတော့ အရမ်းအရမ်းအရသာရှိတယ်]
[ဆုဆုဆုဆုဆု .. ဒါက တကယ်ပဲကြက်လား၊ ဘာလို့ ဒီလောက်အထိ နူးညံ့နေတာလဲ၊ ကြွပ်ရွပြီးစပ်တယ်ဆိုပေမယ့်လည်း လတ်ဆတ်ပြီး စားလို့ကောင်းနေတုန်းပဲ]
[ငါ ပိုက်ဆံမရှင်းချင်ဘူးဆိုလည်း ကိစ္စမရှိဘူး .. ထမင်းဖြူတစ်ပန်းကန်လုံးသာ ပေးမယ်ဆိုရင် ငါ နောက်ထပ် နှစ်ပန်းကန်လုံးတောင် ထပ်စားနိုင်တယ်]
ထိုနှမ်းအစပ်ကြော်က အရိုးမဲ့သော ကြက်ခြေထောက်သားကို ယူထားခြင်းဖြစ်ပြီး မည်သည့်အရိုးမျှ မပါသလို အရိုးဖယ်နေရန်လည်း မလိုအပ်ချေ။ ထို့အပြင် နူးညံ့နေပြီး‌ ချောမွေ့နေကာ အရသာကရှိသလို အနံ့ကလည်းမွှေးသည်။ ပုံပန်းသွင်ပြင်ကလည်း ကြည့်၍ကောင်းသည်။ အထူးတလည်ပြင်ဆင်ထားသော ငရုတ်နှမ်းအချဉ်က ကြက်သား၏အရသာကို ပို၍ တောက်ပကာ အရသာ ပြင်းသွားစေသည့်အပြင် အစပ်ဓာတ်ကလည်း ချက်ချင်းဆိုသလို ထပ်ဖြည့်ထားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ကြည်လင်ကာ လန်းဆန်းစေသော ခံစားချက်မျိုး အလွန်ထူးခြားသည့်အရသာဖြစ်သွားသည်။
နောက်ဆုံးဟင်းလျာက မှိုနှစ်သွယ်ချွိုင်ဆန်းဖြစ်သည်။ ထိုဟင်းလျာက ပြင်ဆင်ရန် အလွယ်ဆုံးဖြစ်သည်။ ယွမ့်ထန်းက ချွိုင်ဆန်းအရွက်ဟောင်းများကို ယူပြီးသည်နှင့် ရေကြည်ဖြင့်ဆေးကြောသည်။ ထို့နောက် ဆားရည်ဖြင့် ဖျော်ထားလိုက်ပြီး ပြန်ဆယ်ကာ တစ်ဖန်ဆေးကြောပြန်သည်။ သူက ထို့နောက်ဆီပူထဲတွင် ဆားခပ်ကာ မွှေကြော်လိုက်ပြီးသည်နှင့် ပန်းကန်ပြားပေါ် တင်လိုက်လေသည်။
သူက ဒယ်ပြားကို တစ်ဖန်ပြန်ထုတ်လိုက်သည်။ သူက တရုတ်မှိုများနှင့် လတ်ဆတ်သောမှိုများကို ထုတ်လိုက်ကာ အတူတကွရောကြော်သည်။ ထို့နောက် သင့်လျော်သော ဆားပမာဏ၊ ပဲငန်ပြာရည်နှင့် ငရုတ်ကောင်းမှုန့်တို့ကိုထည့်ကာ အရသာခပ်သည်။ အချဉ်ကိုအနည်းငယ်လျှော့လိုက်သောအခါ အသားမှုန့်က ပို၍ပြစ်ခဲသွားစေပြီး ချွိုင်ဆန်း၏အရသာတစ်ခုလုံးကို အားဖြည့်ပေးနိုင်သွားသည်။ ထိုသို့ဆိုလျှင်ပင် ဟင်းလျာက ပြီးဆုံးလေပြီ။ ထိုအရွက်ဟင်းက လတ်ဆတ်ကာ အရသာရှိသည်။ ယခင်အသားနှစ်ပွဲ၏အရသာပြင်းမှုကို ဖြေရန်အတွက် ထည့်သွင်းထားခြင်းဖြစ်လေရာ ကြည့်ရှုသူများအားလုံး၏ အကြိုက်တွေ့သွားတော့သည်။
ထိုအချိန်တွင် တုန်းပေါ်ဝက်ပုခုံးကလည်း အချိန်အတန်ကြာနှပ်ပြီး ဖြစ်သဖြင့် အဆင်သင့်ဖြစ်လုနီးပါးဖြစ်လေပြီ။
ပေါင်းအိုးကိုဖွင့်လိုက်သည်နှင့် ပြင်းထန်သည့်အသားနံ့က ကြည့်ရှုသူများ၏ နှာခေါင်းအတွင်းသို့ ဝင်ရောက်လာကာ သွားရည်ကျမတတ်ဖြစ်လာခဲ့သည်။ ထို့နောက် ယွမ့်ထန်းက ဝက်ပုခုံးသားကို ကြီးများသော ပန်းကန်ပြားကြီးထဲသို့ထည့်သည်။ အလွန်ကြီးမားကာ တောက်ပနီရဲနေသည့် ထိုဝက်ပုခုံးသားက အရသာအလွန်ရှိမည့်ပုံ ပေါက်နေသည်။
“စားဖို့အချိန်ကျပြီ”
ယွမ့်ထန်းက တူဖြင့်ထိုအသားကို အပိုင်းငယ်လေးတွေစီပိုင်းပေးကာ ကြည့်လိုက်ရုံနှင့်ပင် နူးညံ့လေပြီး ကောင်းမွန်စွာ ချက်ပြုတ်ထားကြောင်း သိသာနေလေသည်။
[အကန့်အသတ်မဲ့တဲ့မြစ် .. ဝိုး ဘယ်လောက်ကြီးလိုက်တဲ့အသားပိုင်းကြီးလဲ၊ ဆီတွေတစက်စက်ကျနေပေမယ့် တော်တော်လေး စားကောင်းမယ့်ပုံပဲ၊ ငါ အလုတ်ကြီးကြီးကိုက်လိုက်ချင်ပြီ]
[အသက်အရွယ်ကြီးရင့်နေပေမယ့် ရူးသွပ်တဲ့အဖိုးကြီး .. တင်ဆက်သူ အချက်ပြမယ့်အချိန်ကို ငါ မစောင့်နိုင်တော့ဘူး၊ ငါ ချက်ချင်းခုန်ဝင်ပြီး ကိုက်စားချင်နေပြီ၊ တကယ်အရသာရှိတာပဲ၊ ငါတော့ကောင်းကင်ဘုံကို ပျံတက်သွားပြီလို့ ခံစားနေရပြီ]
[ဒရိုင်ဘာဟောင်းကလည်း ကားထဲဝင်ချင်တယ် .. တကယ်တော့ ငါ အသားများတာမျိုးကို မကြိုက်ဘူး၊ ဒါကတော့ တကယ်ကိုအရသာရှိမယ့်ပုံပဲ]
[ပျံလွှားငှက်လေးပျံနေပြီ .. အရသာရှိလွန်းလို့ စကားလုံးနဲ့တောင် ဖော်လို့မရတော့ဘူး]
အရေခွံအခေါက်သားက ကြွပ်ရွနေပြီး အနည်းငယ်လည်း မာကြောသလိုဖြစ်နေသည်။ သို့သော် အဆီက အလွန်နည်းပါးလွန်းပြီး အသားနှင့်တစ်ဆက်တည်းဖြစ်နေလေရာ မအီတော့ချေ။ ထို့အပြင် အသားဟာလည်း တင်းရင်းမှုရှိပြီး ကောင်းမွန်စွာနှပ်ထားသောကြောင့် တစ်ဖန်နူးညံ့ပျော့ပျောင်းနေပြန် သည်။ ထိုသို့ဖြင့် ပါးစပ်ထဲသို့ထည့်လိုက်သည်နှင့် လျှာပေါ်တွင် ပျော်ထွက်သွားသည်။ အရသာကဲသောအနှစ်က ဆက်တိုက်တစက်စက်ကျနေသောကြောင့် ထိုအသားနှင့် ရောစားလိုက်ချိန်တွင် ယစ်မူးဖွယ်ကောင်းလောက်သည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်စွမ်းရှိတော့သည်။
ကြည့်ရှုသူများအားလုံးက တုန်းပေါ်ဝက်ပုခုံး၏အရသာမှ ပြန်လည်မသက်သာနိုင် ခင်မှာပင် ယန်တုရှန်းက ပြီးဆုံးသွားလေပြီ။ ယွမ့်ထန်းက ဟင်းချိုအိုးကို ယူလာပြီးသည်နှင့် အိုးထဲမှ စွပ်ပြုတ်အနည်းငယ်ကို ပန်းကန်လုံးကြီးထဲသို့ဖြည့်သည်။ အနှစ်များရှိဟန်ရပြီး သိပ်သည်းသောအဖြူရောင်ဟင်းချိုထဲတွင် အဝါရောင် နွေမျှစ်များနှင့် အစိမ်းရောင်ဆလပ်ရွက်များ၏ အလှအပတစ်ခုကို ဖော်ကြူးနေတော့သည်။ အသားလွှာများအားလုံးက ခပ်ပါးပါးလှီးထားလေပြီး နူးညံ့သည်အထိ နှပ်ထားသောကြောင့် ဖောက်ထွင်းမြင်ရမတတ်ကြည်လင်နေသည်။ အဆီများကိုလည်း မျှစ်များက စုပ်ယူပြီးဖြစ်သည့်အတွက် ဟင်းချိုက အလွန်အရသာရှိပြီး စားချင်စဖွယ်ဖြစ်နေတော့သည်။
ယွမ့်ထန်းက အချက်ပြစရာပင်မလိုဘဲ ကြည့်ရှုသူများအားလုံးက မစောင့်ဆိုင်းနိုင်ကြတော့သည့်အတွက် ထိုဟင်းချိုကို မြည်းစမ်းကြတော့သည်။
[ရှင်းပြလို့မရအောင်ပဲ မင်းရဲ့အနောက်ကို လိုက်ချင်နေတယ် .. ဘုရားရေ ငါ ဒီလောက်အရသာရှိတဲ့ဟင်းချိုမျိုး မသောက်ဖူးဘူး]
[ယွဲ့မင်ယာ .. ဟေး တကယ်အရသာကောင်းတာပဲ၊ လုပ်ရတာလဲ တကယ်လွယ်တယ်နော်၊ ငါ အိမ်ရောက်ရင် စမ်းကြည့်တော့မယ်]
[တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး ချက်နည်းပြုတ်နည်းသင်ယူနေသူ .. ငါ နောက်ထပ် ဟင်းလျာတစ်ခွက်သင်နိုင်သွားပြန်ပြီ၊ ငါ ပိုပြီးအင်အားကြီးလာတော့ မယ်လို့တောင် ခံစားနေရတယ်]
အချိန်အတန်ကြာချက်ပြုတ်ပြီးနောက်တွင် ဟင်းချို၏အရသာက အလွန်အမင်း အရသာရှိသည်အထိ ရောက်ရှိသွားလေပြီ။ မျှစ်များကလည်း အသားအရည်များတွင် အစိမ်ခံထားသလိုဖြစ်နေသည့်အတွက် ကြွပ်ဆတ်ကာ အသားဓာတ်ကို စုပ်ယူထားနိုင်သည်။ လတ်ဆတ်သည့် ဆားစိမ်ထားသော ဝက်ဗိုက်သားများကလည်း အလွန်အရသာရှိလွန်းကာ ဖော်ပြ၍မရနိုင်ချေ။
ဟင်းလျာလေးပွဲနှင့်ဟင်းချိုတစ်ခွက်က လုပ်ရန်မခက်ခဲသော်လည်း အရသာ၏ အဆင့်အတန်းကမူ နှိမ့်ချရန်ပင် ခက်ခဲလွန်းနေတော့သည်။
“အခုက မဲနှိုက်ရမယ့်အချိန်ပဲ၊ ဒီနေ့ကိုယ်က ပျော်ရွှင်မှုလေးခုအသားလုံးတွေကို အများကြီးလုပ်ထားတော့ ဒါတွေကိုမဲနှိုက်ဖို့ အသုံးပြုဖို့စီစဉ်ထားပါတယ်၊ ဒီနေ့ မဲနှိုက်ဖို့ လူဆယ်ယောက်ကို ရွေးချယ်မယ်၊ အားလုံးပဲ ကံကောင်းကြဖို့မျှော်လင့်ပါတယ်”
ယွမ့်ထန်းက ထိုသို့ပြောပြီးသည်နှင့်စတင်ကာ မဲနှိုက်တော့သည်။ သူက ဖန်ရှင်ကို ဖွင့်လိုက်သည့်အခါ ကြည့်ရှုသူများအားလုံးက အသက်ရှူအောင့်ထားကြပြီး အနိုင်ရမည့်သူအား ကြေညာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ သူတို့က နှလုံးသားထဲတွင် ဆက်တိုက်ဆုတောင်းနေခဲ့ကြလေသည်။
“ဂုဏ်ယူပါတယ်၊ ငါ ဒီအတိုင်း နေဝင်ချိန်ကိုပဲ ကြည့်ချင်တာပါ၊ ယွမ်ပေါင်ပေါင်၊ ဧပရယ်လရဲ့သားမွှေး အနွေးထည်က လည်ပင်းထောင်အမွှေးစလေးတွေက လည်ပင်းကို ပွတ်သပ်ကျီစယ်နေပြီ၊ ကလုကလု အချစ်လေးနဲ့ ဝက်ချို … စသည်ဖြင့်တို့က မဲပေါက်သွားပါတယ်၊ သိပ်မကြာခင်မှာ လာပို့မှာအတွက် စာကိုစစ်ဖို့လည်း မမေ့ကြပါနဲ့အုံး၊ မဲမပေါက်တဲ့လူတွေကလည်း အားမလျှော့ကြပါနဲ့၊ ရက်အနည်းငယ်နေရင် ကိုယ်က မင်းတို့အတွက် အံ့အားသင့်စရာတစ်ခု လုပ်ပေးစရာရှိပါတယ်”
ယွမ့်ထန်းက အပြုံးနှင့်ထိုသို့ပြောလိုက်သည်။
ယွမ့်ထန်း၏ကြည့်ရှုသူ အရေအတွက်က တစ်နေ့ပြီးတစ်နေ့ ဆက်တိုက်တိုးမြှင့်နေလေရာ သူက ပေးနိုင်သည့်အရေအတွက်က အကန့်အသတ် ရှိနေလေသည်။ ထို့အပြင် ကြည့်ရှုသူပေါင်းများစွာထဲတွင် မဲပေါက်နိုင်ခြေက အလွန်အမင်းနည်းပါးလွန်းသည့် အတွက် လူပေါင်းများစွာက ဝမ်းနည်းကြရသည်။ ယွမ့်ထန်းကလည်း ထိုလူများအတွက် စိတ်မကောင်းဖြစ်မိသည်။ သူက သည်လူတိုင်းကို အရသာရှိသော စားစရာများကို မြည်းစမ်းစေချင်လေသည်။
ထို့ကြောင့် အသင့်စားထမင်းစားဘူးများ၊ အသင့်စားခေါက်ဆွဲများ၊ ရှော့ပင်းဆိုက်တွင် ရောင်းချနိုင်ရန်အတွက် ဟော်ယွန်ရီနှင့်ဆွေးနွေးထားသည်။ သည်နေ့ခေတ်သစ်လောကတွင် နည်းပညာက အလွန်အမင်း အဆင့်မြင့်လာသည့်အတွက် အလွန်အမင်း လတ်ဆတ်သည့် အသင့်စားဘူးများကိုပြင်ဆင်ရန်က မခက်ခဲနိုင်ချေ။ ထို့အပြင် အခြားသောအသင့်စားပစ္စည်းများနှင့် အစားအသောက်၏ လတ်ဆတ်မှု အတွက်မူကား ခေတ်မီသောနည်းပညာများကြောင့် တစ်ပတ်လုံးနီးပါးခံနိုင်သည်အထိ အရည်အသွေးတိုးမြှင့်နိုင်ရန် မျှော်လင့်ထားကြသည်။
ထိုသို့အလိုအလျောက်ပြင်ဆင်ကာ လျင်မြန်စွာဖြင့် ချက်ပြုတ်ပေးနိုင်သည့် စက်ကြီးများက ယခင်ခေတ်တွင် မရှိခဲ့သေးသည့်တိုင်အောင် သည်လောကတွင် ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် လုပ်သားအင်အားလည်း မလိုအပ်ချေ။ ချက်ပြုတ်သည်မှစတင်ပြီး ဟင်းလျာများကို ပြင်ဆင်သည်အထိ ဘူးထဲသို့ ထည့်သွင်းသည့် အခြေအနေအားလုံးကို စက်များက လွယ်ကူလျင်မြန်စွာ လုပ်ဆောင်ပေးနိုင်လေသည်။
အသင့်စားခေါက်ဆွဲများကို ပြင်ဆင်ရန်က ပို၍လွယ်ကူသည်။ လတ်ဆတ်သော သိုလှောင်ဘူးများထဲ နှစ်ထပ်ထပ်ကာ ထည့်ထားရန်လိုအပ်လေသည်။ ထို့အပြင် လတ်ဆတ်သောခေါက်ဆွဲများကို ရေနွေးထည့်ကာဆူပွက်စေလိုက်ရုံမျှဖြင့် လျင်မြန်စွာ စားသောက်နိုင်မည်ဖြစ်သည်။ လတ်ဆတ်သောခေါက်ဆွဲများကို ပြုတ်ပြီးသည်နှင့် လတ်ဆတ်သောသိုလှောင်ဘူးများ၏ အောက်ခြေအကန့်တွင် ထည့်ထားရန်လိုအပ်သည်။ ထို့နောက် အပေါ်ထပ်အလွှာသို့ ဟင်းချိုနှင့်အခြားသော အစာပလာများအားလုံးကို ထည့်ထားနိုင်သည်။ လူအများက ဘူးကိုဖွင့်လိုက်ပြီးသည်နှင့် အပေါ်မှ ဟင်းရည်နှင့်အစာပလာများ အမှုန့်များ၊ ခေါက်ဆွဲများကိုရောနှောကာ မွှေလိုက်ရုံမျှဖြင့် အလွန်အရသာရှိပြီး လတ်ဆတ်သော ကျန်းမာရေးနှင့်ညီညွတ်သည့်ခေါက်ဆွဲက အဆင်သင့်ဖြစ်သွားပေလိမ့်မည်။
ထိုသို့လွယ်ကူလျင်မြန်စွာ ပြင်ဆင်ပေးနိုင်သည့်စက်ကြီးများက အမျိုးမျိုးသော ဂြိုလ်များထံသို့ ပို့ဆောင်နေပြီဖြစ်သည်။ ထို့အပြင် သည်ခေတ်ကာလ၏ လွယ်ကူမြန်ဆန်သော ပစ္စည်းပို့စနစ်ကြောင့် ဝယ်ယူစားသောက်ရန်က ပြဿနာမရှိနိုင်ချေ။
တစ်ခုတည်းသော ပြဿနာက ယွမ့်ထန်းက အကယ်ဒမီသိပ္ပံထံသို့ ဖြစ်စဉ်တစ်ခုလုံးအတွက် လိုအပ်သည့် အသေးစိတ်ဆောင်ရွက်မှုများကို ပို့ပေးရန်သာလျှင် ဖြစ်သည်။ သို့သော် ထိုသို့ပို့ပေးခြင်းကပင် သူတို့အတွက် အကူအညီများစွာဖြစ်လာသည့်အတွက် ဟော်ယွန်ရီကအမြဲတစေ အပြစ်မကင်းသလို ဖြစ်နေလေပြီး ယွမ့်ထန်းကို မူပိုင်ခွင့်ကြေးများနှင့် အကျိုးအမြတ်တစ်ဝက်ခန့်နီးနီး လွှဲပေးမည်ဟု တောင်းပန်ထားသည်။
ထိုသို့ပြောစကားကြားရသည့်အခါ ယွမ့်ထန်းက မျက်နှာကိုလက်ဖြင့် အုပ်လိုက်မိသည်။ နဂိုကသူက သည်အတိုင်း ချမ်းသာချင်ရုံမျှသာ ဖြစ်သည်။ သည်နည်းအားဖြင့် သူ့အတွက် လုံခြုံမှုရှိသည်ဟု ခံစားရမည်ဖြစ်သည်။ မထင်ထားသည်မှာ သည်ခေတ်သစ်လောကသို့ ရောက်ပြီးမှသာလျှင် သူက အလွန့်အလွန် ချမ်းသာသော လူတစ်ယောက်ဖြစ်လာတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်जहाँ कहानियाँ रहती हैं। अभी खोजें