part 13

1.7K 271 3
                                    

Unicode

အပိုင်း (၁၃) ရုပ်ရှင်ဧကရာဇ် ယွမ့်ထန်း
" အာ..."
ဟော်ယွင်ရီ မျက်ခုံးပင့်လိုက်၏။
" ဆိုတော့ မင်းက ဟော်...ဆိုတာလား"
သူ မနေနိုင်ဘဲ ချက်ချင်း ထရပ်ကာ ညီဖြစ်သူ၏ နှဖူးကို သွားစမ်းသည်။
" အခု ငါ့ကို ပြောစမ်းပါဦး မင်း တစ်ခုခုများ ဖြစ်နေလား"
ဟော်ယွင်ချန်း:"....."
သူက သူ့အစ်ကို၏ လက်ကို အေးစက်စွာ ဖယ်ချလိုက်ပြီး ဘူးထဲက ကြက်တောင်ပံကို ပြလိုက်သည်။
" အကြောင်းပြချက်က ဒီမှာ"
သူ၏ ခံတွင်းပျက် ဝေဒနာကို သဘာ၀ အစားအစာများဖြင့် ကုသနိုင်ခြင်းက အံ့သြဖွယ်ကောင်းသည်ဟုပင် ဆိုရမည်။
စံအိမ်အပြင်ဘက်မှ ကားသံ ကြားသည့်အခါ ရန်ကျင်း ပြုံးလိုက်သည်။
" မင်းတို့ အဖေ ပြန်လာပြီ"
သူမက အပြုံးနှင့်အတူ အဆောတလျင် ပြေးသွားသည်။
မိသားစုတွင် အက်စ်အက်စ်အဆင့် နှစ်ယောက်ရှိသည်။ အောင်ပွဲခံနိုင်ခြင်းမှလွဲပြီး သူတို့၏ ထက်ရှသော အာရုံခံ ငါးပါးက သာမန် စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံများကို ခံစားခြင်းမှ ပိတ်ပင်ထားသည်။ ဥပမာအားဖြင့် စားသောက်ရေးတွင် ဖြစ်သည်။ သူတို့ မိသားစု လေးယောက် တစ်ခါမှ အတူမစားဖူးကြပေ။ သူမနှင့် သားကြီးက အောက်ထပ်တွင် သဘာ၀ စားစရာများ စားလေ့ရှိပြီး သားငယ်နှင့် ယောင်္ကျားဖြစ်သူက အပေါ်ထပ်တွင်သာ အားဖြည့် ဆေးရည်ကို သောက်လေ့ရှိသည်။
သားငယ် ယူလာတဲ့ ကြက်ပေါင်က သားငယ်လေးတောင် သဘောကျတာဆိုတော့ သူမ ယောင်္ကျားလည်း ရွံတာမျိုး မဖြစ်လောက်ပါဘူး။
သူမက တံခါးကို ဖွင့်ကာ ယောင်္ကျားဖြစ်သူ၏ ယူနီဖောင်းကို ကူချွတ်ပေးလိုက်သည်။ ထို့နောက် အတူ ထိုင်စားမလားဟု မေးလိုက်၏။
အမြဲတမ်း အပေါ်ထပ်တွင်သာ အားဖြည့်ဆေးရည် သောက်တတ်သည့် သူ၏ သားငယ်လေးတောင် ငြိမ်သက်စွာ ထိုင်နေကြောင်း မြင်ရသည့်အခါ ဟော်ဝေ့ရီ၏ မျက်ခုံးတွေ ပင့်တက်သွားလေသည်။ သူ ငြင်းတောမည့်အချိန်တွင် ကွာခြားနေသော မွှေးပျံ့သည့် စားစရာ အနံ့ကို ရလိုက်လေသည်။
မွှေးလိုက်တာ။
သူ့အကြည့်တွေက စားပွဲပေါ်ရှိ ယာဂုနှင့် မုန့်ဘူးများဆီ ရောက်သွားသည်။
ဟော်ယွင်ရီက စားပွဲ၏ ထိပ်ဆုံး ခုံကို ဆွဲပေးကာ ပြုံးပြီး ပြောသည်။
"ပါး ဒီနေ့ ညစာက ကွာခြားတယ်နော်။ လာ ထိုင်ပြီး စားကြည့်လိုက်ပါ"
သူက ကြက်တောင်ပံများကို လက်ညှိုး ထိုးပြကာ ပြောသည်။
" အားချန်းတောင် ကြိုက်တယ်"
" ဒါက ပုစွန် ယာဂုလေ။ ကျွန်မ ဗီဒီယိုထဲက အတိုင်း သေချာ လိုက်ချက်ထားတာဆိုတော့ အဆင်ပြေမှာပါ"
ရန်ကျင်းက ဟော်ဝေ့ရီကို ထိုင်စေရင်း ပြောသည်။
သူမ ဒီနေ့ ချက်ထားသော ပုစွန် ယာဂုဟာ ယွမ့်ထန်း မနက်က ချက်ပြသော ပုစွန် ယာဂုဖြစ်သည်။ ချက်နည်းက ရိုးရှင်းသဖြင့် သူမ တဆင့်ချင်း လိုက်လုပ်နိုင်ခဲ့သည်။ထို့အပြင် သူမက အရွက်ကြော်ထားသေးသည်။ ထို့ကြောင့် ပုစွန် ယာဂု၊ ကြက်တောင်ပံနှင့် အရွက်ကြော်တို့က ရခဲလှသော စားပွဲကြီး ဖြစ်နေတော့သည်။
ရန်ကျင်းက ပူပူနွေးနွေး ယာဂု တစ်ပွဲဆီ ထည့်ပေးပြီး ဟော်ယွင်ချန်းနှင့် ဟော်ယွင်ရီတို့ကို တောင်ပံ တစ်ချောင်းဆီ ထည့်ပေးသည်။
ဟော်ယွင်ချန်းက ယွမ့်ထန်း၏ လက်ရာကို အလွန်ကြိုက်သည်။ တစ်ကိုက်တည်းနှင့် တောင်ပံ တစ်ဝက်လောက်က ကုန်သွား၏။ တောင်ပံသားက နူးညံ့နေသည်အထိ အချက်ခံထားရကာ ပဲငံပြာရည်ကလည်း အထဲသို့ စိမ့်ဝင်နေသေးသဖြင့် မြင်ရတာထက်ပိုပြီး အရသာရှိသည်။ ကြက်အရေခွံပိုင်းက အရသာ အရှိဆုံးဖြစ်ကာ အနည်းငယ် ချောနေပြီး စားကောင်းသည်။ ယင်းက ကိုက်စားချင်စိတ် ပိုဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် ပုစွန် ယာဂုကို တစ်လုတ်အပြည့် သောက်လိုက်သည့်အခါ ချိုမြိန်သော ထမင်း အရသာနှင့် အဆီဓာတ်တို့က ပုစွန်နှင့် လိုက်ဖက်စွာ ထူးကဲသည့် အရသာကို ပေးသည်။ပူနွေးနေသော ယာဂုကို မျိုချလိုက်သည့်အခါ အစာအိမ်ကပါ နွေးထွေးသွားတော့သည်။
သူ့သားငယ်လေးက အားရပါးရ စားနေကြောင်း မြင်ရသည့်အခါ ဟော်ဝေ့ရီလည်း ရှားရှားပါးပါး စားသောက်ချင်စိတ် ဖြစ်လာသည်။ သူ့တွင်လည်း တောင်ပံ တစ်ချောင်းရှိသည်။ အစပိုင်းတွင် တုံ့ဆိုင်းစွာပင် ဘေးသားကို အနည်းငယ် ကိုက်ကြည့်လိုက်ရာ ချောမွေ့စွာ ဝင်သွားလေပြီး မျက်လုံးက အံ့သြသလို ဖြစ်သွားတော့သည်။သူက ဟော်ယွင်ချန်းထက် မြန်သည်။ တစ်ကိုက်တည်းနှင့် တစ်ချောင်းလုံး စားပြီးသားဖြစ်ကာ အရိုးသာ ပြန်ထွက်လာ၏။
" ဘယ်ကြယ်အဆင့် စားဖိုမှူး ချက်တာလဲ။ "
သူ မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
" ဘယ်တုန်းက စားဖိုမှူး အစည်းအရုံးမှာ ဒီလောက် အရည်အချင်းရှိတဲ့သူတွေ ရှိလာတာလဲ"
ဟော်ယွင်ရီက ဝင်နောက်သည်။
" ပါး စတားနက်ဝေါ့ထဲ ဝင်မကြည့်တာ ဘယ်လောက်ကြာပြီလဲ။ ဒါကို ချက်ထားတာက မားရဲ့ ကျင်းကျန်းလက်အောက်က တင်ဆက်သူ တစ်ယောက်လေ။ ပါးရဲ့ သားငယ်လေးလို သာမန် သေမျိုးတွေရဲ့ စားစရာကို မစားဘူးဆိုတဲ့ သူတောင် အရမ်း သဘောကျနေတယ်လေ။ တချို့တွေဆိုရင် အခန်းမန်နေဂျာတွေ ဘာတွေတောင် လုပ်နေတာ"
ထို့နောက် သူက ညီငယ်ကို အပြုံးမမည်သည့် အပြုံးဖြင့် ကြည့်လိုက်သည်။
ဟော်ယွင်ချန်းက သူ့ကို အေးစက်စွာ ကြည့်ပြီးနောက် ဟော်ယွင်ရီ၏ နောက်ဆုံး ကြက်တောင်ပံ တစ်တုံးကို လှမ်းယူကာ စားလိုက်သည်။
" ဟော်ယွင်ချန်း..."
ဟော်ယွင်ရီက အသားကုန် အော်သည်။ သူ့ကြက်တောင်ပံတော့ ကုန်သွားလေပြီ။ သူက ခါးသီးစွာပြောလိုက်၏။
" မင်း တော်တော် အစားကြီးနေတာပဲ ဟမ်"
" အာ ဟုတ်သားပဲ"
ရန်ကျင်းက လက်ထဲမှ ယာဂု ပန်းကန်ကို ချကာ ပြောလာသည်။
" အားချန်း သား မနေ့က မားကို စစ်ခိုင်းတဲ့ အကောင့်တွေကိုလေ မားစစ်ပြီးပြီ။ သူတို့က ကျွမ်းကျင် အဆင့် ရေတပ်က လူတွေပဲ။ သူတို့အကောင့်ထဲကိုလည်း ပိုက်ဆံတွေ ဝင်ထားတာ တွေ့တယ်။ လွှဲထားတာက စားဖိုမှူး အစည်းအရုံးနဲ့ ပတ်သက်တဲ့သူပဲ။ ဒါပေမဲ့ တိုက်ရိုက်တော့ မဟုတ်ဘူး သူက စားသောက်ဆိုင်မှာ လုပ်နေတာ။ ပြောရရင် အစည်းအရုံးက လူနဲ့ ဆွေမျိုးတော်စပ်တဲ့ သူပေါ့။ မားအထင် အထက်က ခိုင်းလို့ဖြစ်မယ် "
" စားဖိုမှူး အစည်းအရုံး ဟုတ်လား"
ဟော်ယွင်ချန်း မျက်မှောင် ကြုတ်သည်။
" အင်း ဒါပေမဲ့ ဥက္ကဋ္ဌတော့ မဖြစ်နိုင်ဘူး။ သူက ဒီနေ့ ပလက်ဖောင်းကို ဆက်သွယ်လာတယ်။ သူက ယွမ့်ထန်းကို စားဖိုမှူး အစည်းအရုံးထဲ ဝင်စေချင်နေတာလေ။ သူက တအား မြင့်မြင့်မားမား တွေးထားတဲ့ပုံပဲ"
သူမက ခေါင်းခါကာ ပြောသည်။
"မားအထင်တော့ ဒါက ချီကျောက်ဖြစ်မယ်။ သူက လက်ရှိ ရာထူးကို သဘောမကျဘူးလို့ ကြားတယ်"
ဟော်ယွင်ချန်း ခေါင်းငြိမ့်သည်။
" ကျွန်တော် သိပြီ"
ဘေးတွင်ရှိသည့် ဟော်ဝေ့ရီက မျက်မှောင် ကြုတ်သည်။
" အစည်းအရုံးက ဒီလောက် ပါရမီရှိတဲ့ သူကို အဖွဲ့ထဲ မသွင်းဘဲ ဘာလို့ ဖျက်လိုဖျက်ဆီး လုပ်ချင်ရတာလဲ"
" သာမန် အရည်အချင်းရှိတဲ့ လူတစ်ယောက်က သူ့ထက်သာတဲ့ လူသစ်ကို မနာလိုဖြစ်တာပေါ့။ စားဖိုမှူး အစည်းအရုံးက အတွင်းပိုင်းမှာ သွေးကွဲနေကြတာ"
သူမက ခေါင်းခါသည်။
"ကျွန်မ သူ့နောက်ကြောင်းကို ကြည့်လိုက်မိတယ်။ သူက သရုပ်ဆောင် ကောင်းခဲ့ပေမဲ့ အခုတော့ သနားစရာ နေနေရပြီ"
ထို့အပြင် သူမ မြင်ခဲ့ရသည့် အချက်အလက်များကြောင့် မသက်မသာ ဖြစ်နေလေသည်။ သူမသည် တစ်ပါးသူ၏ ကိုယ်ရေးအချက်အလက်ကိ ခွင့်ပြုချက်မရှိဘဲ ကြည့်လေ့ မရှိပေ။ သို့သော် ပလက်ဖောင်းနှင့် လက်မှတ်ထိုးသည့်အခါ နောက်ကြောင်း အချက်အလက် အားလုံးက ဒေတာ ဘေစ့်ထဲ ဝင်လာ၏။ ယနေ့ အစည်းအရုံးက ယွမ့်ထန်း၏ ကိုယ်ရေး အချက်အလက်တွေကို မေးလာသည့်အခါ သူမ ကြည့်ဖြစ်သွားခြင်းဖြစ်သည်။
သရုပ်ဆောင်နှင့် သနားစရာဆိုသည့် စကားကို ကြားလိုက်သည့်အခါ ဟော်ယွင်ချန်း မျက်မှောင်ကြုတ်သွားသည်။
" ဘာဖြစ်ခဲ့လို့လဲ"
" မင်း ရုပ်ရှင်ဧကရာဇ် ယွမ့်ထန်းကို သိတယ် မဟုတ်လား။ အသက်အငယ်ဆုံး ရုပ်ရှင်ဧကရာဇ်လေ။ သူက အစားအသောက် တင်ဆက်သူ ယွမ့်ထန်းပဲ"
သူမ ထိုနာမည်ကို မြင်စဉ်က နာမည်တူတာဟုသာ ထင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သည်ခေတ်တွင် လူဦးရေ ဘီလီယမ် ဆယ်ကျော်ရှိနေသဖြင့် နာမည်တူတာက ပုံမှန်သာ ဖြစ်သည်။ သို့သော် သူမ စစ်ကြည့်လိုက်မှသာ တစ်ယောက်ထဲမှန်း သိလိုက်ရသည်။
"သူက လွန်ခဲ့တဲ့ ငါးနှစ်က ရုပ်ရှင်ရိုက်ရင်း မတော်တဆဖြစ်ပြီး ကိုမာ ဝင်သွားတယ်။ သူ ဆေးရုံဆင်းလာတာတောင် သိပ်မကြာသေးဘူး"
တောက်ပသည့် အနာဂတ်ကို ပိုင်ဆိုင်ထားသည့် ဆုရကာစ လူငယ် ရုပ်ရှင်ဧကရာဇ်လေးက ယခုအခါတွင် တိုက်ရိုက် ထုတ်လွှင့်မှုများကိုသာ မှီခိုပြီး ရှင်သန်နေရသည်။ ဒါတောင် မျက်နှာကို မပြနိုင်သေးပေ။ ဒီလို လူငယ်လေးက အမှောင်ထဲက ရုန်းမထွက်နိုင်သေးပုံကို မြင်ရသည်မှာ ရန်ကျင်းကို သနားကြင်နာစိတ် ဝင်လာစေသည်။
ဟော်ဝေ့ရီက မေးသည်။
" ဘယ်လို မတော်တဆမှု ဖြစ်တာလဲ"
" မာရှ့်ချင်း တိုက်ခိုက်တဲ့ အခန်း ရိုက်ကူးရင်း ပေါက်ကွဲသွားတာ။ သူက အရေးပေါ် တံခါးပေါက်တောင် မဖွင့်နိုင်လို့ ကယ်ဆယ်ရေးတွေ ရောက်လာတဲ့အထိ အထဲမှာရှိနေခဲ့တယ်"
" အရေးပေါ် တံခါးပေါက်ကို မဖွင့်နိုင်ဘူး ဟုတ်လား"
ဟော်ဝေ့ရီ မျက်မှောင် ကြုတ်သည်။
" အရေးပေါ် တံခါးပေါက်ပါဆိုမှ အရေးပေါ်ဖြစ်မှ သုံးလို့ရအောင် အထူး ထည့်သွင်းထားတာလေ။ ဒါက ဘာကိစ္စနဲ့ မပွင့်ရတာလဲ"
ရန်ကျင်းလည်း သက်ပြင်းချသည်။
"ကျွန်မလည်း ဒါကိုပဲ သံသယဝင်နေတာ။ ဒါပေမဲ့ ငါးနှစ်တောင် ကြာသွားပြီလေ။ ဘယ်လို စုံစမ်းလို့ရတော့မလဲ"
ဟော်ယွင်ချန်း:" သူ့မိသားစုကရော"
" သူ့ကိုယ်ရေး အချက်အလက်ထဲမှာ ဘာမှဖြည့်ထားတာ မရှိဘူး။ သူ့မှာ မိသားစုဝင် မရှိတော့ဘူးထင်ပါတယ်"
ရန်ကျင်းက သက်ပြင်း ထပ်ချသည်။
" ဒီကလေးက မကောင်းတဲ့ ဂြိုဟ်မှာ မွေးပြီး ခက်ခက်ခဲခဲ တစ်ယောက်ထဲ ရှင်သန်ခဲ့ရတယ်။ သူ အနာဂတ်ကို မျှော်မှန်းနိုင်ပြီး တောက်ပတော့မဲ့အချိန်မှာ မတော်တဆမှုဖြစ်ပြီး အရာအားလုံး အဆုံးသတ်သွားရတယ်"
ငယ်စဉ်ကတည်းက ဒီဟော်ညီအစ်ကိုနှစ်ယောက်က သာမန်လူတွေကြားထဲတွင် လူထွားကြီးများဖြစ်ခဲ့ကြကာ သနားစရာ အဖြစ်မျိုးတွေ တစ်ခါမှ မကြုံဖူးကြချေ။ သားကြီးက စနောက်တတ်ပြီး ရူးကြောင်ကြောင်နှင့် ဝမ်းတွင်းမည်းဖြစ်ကာ သာငယ်ကမူ အလေးအနက်ထားတတ်ပြီး အေးစက်သော စရိုက်ရှိသည်။ တစ်ယောက်ကမှ သူမကို စိုးရိမ်အောင် မလုပ်ဖူးပေ။ သို့သော် ထိုကဲ့သို့ထူးချွန်ပြီး ချစ်ဖို့ကောင်းသော ကလေးက ဤကဲ့သို့အခြေအနေတွေ ကြုံတွေ့ခဲ့ရကြောင်း သိရသည့်အခါ သူမ၏ နှလုံးသားထဲ ကာကွယ်ပေးလိုသည့် ချစ်ခြင်းတရားများ ဝင်ရောက်လာလေသည်။
( A/Nထည့်ရတာကို စိတ်မရှိပါနဲ့... အစားအသောက် မျက်နှာ ဘယ်လောက်ကြီးသလဲဆိုတာကို ပြောပြချင်လို့ပါ ဟဲဟဲ)
" ဒီကလေးက လွတ်လွတ် လပ်လပ် နေချင်တဲ့ပုံပဲ။ မဟုတ်ရင် မား သူ့ကို အိမ်ခေါ်ထားပါတယ်"
သူမ သက်ပြင်း ထပ်ချမိပြန်သည်။
"သားတို့နှစ်ယောက်က တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရတာ သဘောကျတယ်ဆိုမှတော့ ပိုက်ဆံတွေ ပေးတာက ပြဿနာ မရှိပါဘူး။ သူက ဆေးရုံဆင်းထားတာ မကြာသေးဘူး။ ခန္ဓာကိုယ်က အားနည်းနေမှာ။ ဒီအတွက် ပိုက်ဆံ အရေးတကြီး လိုနေလိမ့်မယ်"
" ကောင်းပါပြီ"
သူတို့ စားသောက်ပြီးနောက် စမတ် အိမ်တော်ထိန်းက သန့်ရှင်းရေး လုပ်သည်။ သူတို့ကမူ အပေါ်ထပ်သို့ တက်ကာ အခန်းအသီးသီးတွင် အနားယူကြသည်။ ဟော်ယွင်ချန်းက ကုတင်ကို မှီကာ ထိုင်နေပြီး လက်က လက်ကောက်ဝတ်ရှိ အလင်းဦးနှောက် (လက်ပတ်)ကို ထိတွေ့ကာ အခုလေးတင် ကြားခဲ့သည်များကို ပြန်စဉ်းစားလိုက်မိသည်။
ရုတ်တရက် အလင်းဖန်သားပြင် တစ်ခုက သူ့ရှေ့တွင် ထွက်ပေါ်လာသည်။ ဟော်ယွင်ချန်း ကြောင်သွားပြီးနောက် သူ သတိလက်လွတ်ဖြင့် တင်ဆက်သူ၏ ချန်နယ်ထဲ ဝင်လိုက်မိကြောင်း သိလိုက်သည်။
" ယွမ့်ထန်း"
သူ့လျှာထိပ်က လှုပ်ရှားသွားကာ ထိုနာမည်က ညင်သာစွာ ထွက်လာသည်။ သူ ဆေးတစ်လုံး သောက်လိုက်ရသည့်ပမာ ခံစားချက်မျိုးရကာ အပြင်ဘက်က ချိုမြိန်နေသော်လည်း ခါးသက်မှုက ပါဝင်နေသလို ခံစားလိုက်ရသည်။
လူတစ်ယောက်က ဘယ်လိုတောင် ဖုံးကွယ်နိုင်ရတာလဲ။
သူ့ကို သိချင်စိတ် ပြင်းပြစေပြီး ဒီဆေးရဲ့ အတွင်းသားကို ကြည့်ချင်လာမိစေတယ်။
ယွမ့်ထန်းက တိုက်ရိုက် ထုတ်လွှင့်သည်မှာ မကြာသေးသည့်အတွက် အားလုံးပေါင်း ဗီဒီယို ငါးခုသာ ရှိသည်။သူ ပထမဆုံး ဗီဒီယိုကို ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်အရ ဧည့်ခန်းထဲတွင် ရှိပုံရသည်။
ယွမ့်ထန်းက အကာအကွယ်လွှာကို ဖွင့်ထားသဖြင့် ချက်ပြုတ်သည့် ပစ္စည်းတွေမှလွဲ၍ ဝေဝါးနေသော နွေးထွေးမည့် ပုံရိပ်ကိုသာ မြင်ရလေသည်။ သို့သော် အခန်းမီးများကြောင့် နူးညံ့ပျော့ပျောင်းလောက်မည့် ဆံပင်အရင်းပိုင်းတွေကို မြင်ရသည်။ သူ့ဆံပင်တွေက ပျော့ပျောင်းလွန်းကာ အုန်းခွံရောင် တောက်နေသည်။
ပထမဆုံး ဗီဒီယိုဖြစ်သဖြင့် လူနည်းနည်းသာ ရှိသည်။ ယခု သူလည်း လူသုံးယောက်ကိုသာ မြင်ရသည်။ ယွမ့်ထန်းက နေမကောင်းသဖြင့် လိုက်ဖက်မည့် ဝတ်စုံမျိုးကို ဝတ်ထားကာ မိတ်ဆက်နေခြင်းကို သူ မြင်ရသည်။ ဟော်ယွင်ချန်းက ထိုလူငယ်လေးက ဒီလောက် ငယ်ရွယ်နေသည့်တိုင် အတွေ့အကြုံရှိဟန် ပြုမူနေကြောင်း မြင်ရကာ သူ့ကို ချစ်မြတ်နိုးစိတ်ဖြစ်လာစေသည်။
သူ ယွမ့်ထန်း၏ မျက်နှာကို မမြင်ရသော်လည်း ထိုလူငယ်လေးက ထိုမျှ ချိုမြိန်သည့် လေသံလေးဖြင့် မိတ်ဆက်နေသည့်အခါ မည်မျှ ကြင်နာတတ်ပြီး ရှက်ရွံ့နေမည်ဖြစ်ကြောင်း မြင်ယောင် ကြည့်နိုင်သည်။
ဟော်ယွင်ချန်းသည် ယွမ့်ထန်းရှုထောင့်မှ မြင်ရသည့် ခလုတ်ကို နှိပ်လိုက်သည်။ ယွမ့်ထန်း ပစ္စည်းများ ကိုင်တွယ်ပုံကို သူ သေချာ မြင်နေရသည်။ သူ အိုးအဖုံးကို မချိန်တွင် လက်ကောက်ဝတ်က တုန်ယင်သွားကာ ငါးအသားလွှာများကို ပစ်ထည့်လိုက်သည်။
ထိုအခါ လက်ကောက်ဝတ်သားများ ပေါ်သွားကာ အရည်အသွေးမြင့် ကျောက်စိမ်းတုံး တစ်တုံးအလား ထင်ရပြီး အလင်းရောင် အောက်တွင် တလက်လက် တောက်ပနေပေသည်။ ဟော်ယွင်ချန်း၏ အကြည့်များက အောက်သို့ ရွေ့သွားကာ သူ အကြည့်မလွှဲနိုင်တော့ပေ။
အခန်းထဲတွင် မွှေးပျံ့သည့် ရနံ့ ပျံ့လွင့်လာကာ ညစာ စားပြီးခါစ သူတောင်မှ ဝမ်းဗိုက်မှ တခူးခူး အသံတွေကို ကြားလိုက်ရလေသည်။ သို့တိုင် သူ့အကြည့်က ထိုသေးသွယ်သော လက်ကောက်ဝတ်မှ မဖယ်ပေ။
လက်ကောက်ဝတ်က အးနည်းနည်း ပိုစိုက်လိုက်သည့်အခါ အရိုးလေး ပေါ်လာသည်။ လက်ကောက်ဝတ်နောက်ဘက်တွင် အပြာရောင်သွေးကြောများကို သူ မြင်ရသည်။
လက်ကောက်ဝတ် ပိုင်ရှင်က ယာဂု ပန်းကန်လုံးကို ကိုင်ထားသဖြင့် ဖြူဖွေးကာ သေးသွယ်သည့် လက်ချောင်းလေးများက ပန်းကန်လုံးဖြူကို ကိုင်ထားသည့်အခါ မီးအလင်းအောက်တွင် တလက်လက် တောက်ပနေလေသည်။ ထိုသို့ တောက်ပနေခြင်းက ပန်းကန်လုံးကလား လက်ကောက်ဝတ်ကလား သူ မခွဲတတ်ပေ။
သူ့လည်စလုတ်က သူ့ထိန်းချုပ်မှုမှ လွတ်ကင်းစွာ လှုပ်ရှားသွားသည်။
ဟော်ယွင်ချန်းက ခေါင်းကို ငုံ့ကိုင်းလိုက်သည်မှာ ယွမ့်ထန်းက သူ့ကို ခွံကျွေးလိုက်သည့်အလား ထင်ရသည်။ သူက လျှာလေးထုတ်ကာ ဇွန်းမှ မြည်းလိုက်သည့်အခိုက် ချိုမြိန်သည့်အရသာက လျှာပေါ်ရောက်လာလေသည်။
သို့သော် သုံးဖက်မြင် ဖန်သားပြင် ပုံရိပ်ဖြစ်နေသဖြင့် မျိုချ မရပေ။ ယခုလိုမျိုး မြင်သာမြင် မကြင်ရသည့်အခြေအနေက ဆာလောင်စိတ်ကို ပိုတိုးစေသည်။
ဒီလက်ကောက်ဝတ်တွေ...
သူ့အကြည့်က ကျောက်စိမ်းလို လက်ကောက်ဝတ်လေးထံ ရောက်သွားပြန်ကာ လက်ကို ဆန့်တန်းလိုက်မိလေသည်။ သူက ပလက်ဖောင်း၏ သတ်မှတ်ချက်များကြောင့် ထိုတင်ဆက်သူနှင့် တိုက်ရိုက် ဆက်သွယ်၍ မရသောကြောင့် ယခုလို ပုံရိပ်ယောင်လောကထဲတွင်သာ စိတ်ကျေနပ်မှုကို ရှာရလေသည်။
သူ လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။
ပိန်လိုက်တာ။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now