part 23

1.6K 257 2
                                    

Unicode

အပိုင်း (၂၃) သုံးဆင့် ကျော်ခြင်း အပိုင်းခွဲနှစ်
" ကျေးဇူးတင်ပါတယ်"
ယွမ့်ထန်းက ခပ်ယောင်ယောင် ဦးညွတ်လိုက်သည်။
" ကျွန်တော် ကြယ်သုံးပွင့် စားဖိုမှူး စစ်ဆေးပွဲကိုလည်း ဖြေချင်လို့ပါ။ ကျွန်တော် ဘယ်လိုများ ဆက်လုပ်ရမလဲလို့ မေးလို့ရမလား"
" ဘာ"
ကောလောင် ကြောင်အသွားကာ အခြားစစ်ဆေးသူများနှင့်မျက်လုံးချင်း စကားပြောလိုက်သည်။ ထို့နောက် အလေးအနက် မေး၏။
" မင်း သေချာလား"
ယွမ့်ထန်းက ခေါင်းညိတ်သည်။
" ကျွန်တော်သေချာပါတယ်"
ယခုချက်ချင်း ကြယ်သုံးပွင့်အဆင့် စစ်ဆေးမှုကို အောင်မြင်ရန် ခက်ခဲသော်လည်း လူငယ်လေး၏ ယုံကြည်မှုရှိနေသည့် အမူအရာကို မြင်ရသည့်အခါ ကောလောင် ခေါင်းညိတ်လိုက်သည်.။
" ကောင်းပြီလေ။ အခုက နှစ်နာရီဆိုတော့ ကြယ်သုံးပွင့် စစ်ဆေးမှုပြီးဖို့ တစ်နာရီနဲ့ နာရီဝက်လိုတယ်။ မင်း နာရီဝက်အတွင်း အဲဒီကို ရောက်ရမယ်။ တစ်နာရီအတွင်း စစ်ဆေးမှုကို ပြီးအောင် ဖြေဆိုနိုင်ရင် ရပြီ"
" ကျေးဇူးတင်ပါတယ်"
" အချိန်က အရမ်းကြပ်နေပြီဆိုတော့ ငါ အဲဒီက စစ်ဆေးသူတွေကို ကြိုပြောထားလိုက်မယ်။ ဟုတ်သားပဲ မင်းကို တစ်ယောက်ယောက် လိုက်ပို့တာလား"
" ကျွန်တော်ကားခေါ်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်"
ထိုသို့ဖြင့် ယွမ့်ထန်းက အပြင်သို့ ထွက်နေရင်း အလင်းဦးနှောက်ဖြင့် ကားကို အော်ဒါတင်လိုက်သည်။
သူ အဓိက ၀င်ပေါက်မှ ထွက်ခါစတွင် အရပ်မြင့်မြင့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။ မမျှော်လင့်စွာပင် ထိုသူ ထွက်မသွားသေးပေ။ ထိုသူဟာ တောက်ပြောင်နေသော ငွေရောင် ကားပျံကို ကျောမှီကာ ခပ်အေးအေး ရပ်နေသည်။ နေရောင်အောက်တွင် ကားပျံက တဖျက်ဖျက်ပင် လက်နေလေသည်။
ဟော်ယွင်ချန်းက ခေါင်းဖြင့် အမူအရာ ပြသည်။
" ကားထဲဝင်လေ"
အချိန်ကလည်း ကြပ်နေသဖြင့်ယွမ့်ထန်း မငြင်းနိုင်တော့ပေ။ သူ ကျေးဇူးတင်ပြီးနောက် အင်ပါယာ၏ မာရှယ်ကြီး၏ ကိုယ်ပိုင် ကားပျံထဲ စီးဖြစ်ပြန်သည်။
"ကျေးဇူးတင်ပါတယ်။ ကျွန်တော် တတိယမြောက် စစ်ဆေးပွဲရှိတဲ့နေရာကို နာရီဝက်အတွင်း ရောက်ရမှာဆိုတော့ အဆင်ပြေနိုင်မလား"
" သိပ်ရတာပေါ့"
ဟော်ယွင်ချန်းက လှစ်ခနဲပြုံးပြီး ကိုယ်ကို ကိုင်းလကာ သူ့ကို ခါးပတ်ပတ်ပေးသည်။ ထို့နောက် သူ့နေရာသူ ၀င်ထိုင်ကာ ခါးပတ်ပတ်ပြီး ပြောသည်။
" သေချာ ထိုင် "
ကားပျံက မြားပစ်သလို ထိုးထွက်သွားသည်မှာ ယွမ့်ထန်းပင် နောက်ခုံကို ခပ်တင်းတင်း ကိုင်ထားလိုက်ရသည်။ သူ မူးဝေသွား၏။
ခေါင်းမူးလိုက်တာ
မာရှယ်အဆင့် ကားမောင်းစွမ်းရည်နှင့်အတူ သူတို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်သည်။ ကံကောင်းသည်မှာ ဟော်ယွင်ချန်းက ယွမ့်ထန်းအတွက် တွေးကာ အရှိန်ကို လျှော့ပေးထားခဲ့ခြင်းဖြစ်သည်။ သို့တိုင် ထိုနေရာသို့ ဆယ်မိနစ်အတွင် ရောက်သွားလေသည်။
ယွမ့်ထန်းမှာ ခြေထောက်တွေပင် ပျော့ခွေနကာ မိနစ်အနည်းငယ်ခန့် ကားထဲ ဆက်ထိုင်နေလိုက်ရသည်။ ထို့နောက် ဟော်ယွင်ချန်းကို ကျေးဇူးတင်ပြီးသည်နှင့် ကားထဲမှ ပြေးထွက်သွားသည်။
ကြယ်သုံးပွင့် စစ်ဆေးပွဲတွင် လူအလွန်နည်းနေသည်။ ထိုသည်ကလည်း ပြီးဆုံးရန် အချိန် သိပ်မကျန်တော့ခြင်းကြောင့်လည်း ဖြစ်နိုင်လေသည်။ ထို့ကြောင့်ယွမ့်ထန်း ၀င်သွားသည့်အခါ အားလုံးက သူ့ကို စိုက်ကြည့်လာကြသည်။
ယွမ့်ထန်း တစ်ခဏခန့် စောင့်ဆိုင်းပြီးနောက် သူ့အလှည့်ရောက်သည်။ ပါဝင်ပစ္စည်း ၁၅မျိုးသုံးကာ တစ်နာရီအတွင်း ပြီးအောင် ချက်ရမည်ဖြစ်သဖြင့် ခက်ခဲသည်ဟု ဆိုရမည်။
ယွမ့်ထန်းက ပါဝင်ပစ္စည်းများကို ရွေးလိုက်သည်။ သူ၏ ပါဝင်ပစ္စည်း ၁၅မျိုးမှာ သခွားသီး၊ ၀က်မိုးခိုသား၊ ဖရုံသီး၊ ကြက်ရင်ဖုံ၊ အာလူး၊ ကြက်ဥ၊ မုန်လာဥ၊ဟင်းနုနွယ်ရွက်၊ဆန်မှုန့်စေး၊ မုန်လာဥဖြူ၊ ကြက်သွန်ဖြူ၊ ငရုတ်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် အမဲသားတို့ဖြစ်သည်။
မိနစ်အနည်းငယ်ခန့် တွေးတောပြီးနောက် သူ ဆုံးဖြတ်လိုက်နိုင်သည်။၀က်ချိုချဉ်၊ဖရုံကိတ်၊ ဟင်းနုနွယ်ရွက်ကြော်၊ ယွီရှန်း ကြက်သားတုံး၊ အမဲနှပ်နှင့် အာလူး ခရမ်းချဉ်သီးနှပ်တို့ဖြစ်သည်။
ဥာဏ်ရည်မြင့် စက်ရုပ်က ပါဝင်ပစ္စည်းများကို လာတင်ပေးသည် ယွမ့်ထန်း စိတ်ငြိမ်အောင် ထိန်းလိုက်ကာ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။မမြန်လွန်း မနှေးလွန်းသည့် အရှိန်ဖြင့် သူ ရေနွေးတည်ထားလိုက်သည်။
အမဲအာလူး ခရမ်းချဉ်သီးနှပ်သည် လုပ်ရ အလွန် ကြာသည်။ ထို့ကြောင့် ပါ၀င်ပစ္စည်းများကို ဦးစွာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အမဲသားတုံးကြီးကို ယူကာ ရေဖြင့် သန့်ရှင်းစွာ ဆေးကြောသည်။ ထို့နောက် ပွက်ပွက်ဆူနေသည့် ရေနွေးအိုးထဲ ထည့်သည်။ တခဏအကြာတွင် ရေကို လှယ်ကာ မီးကို မြင့်လိုက်သည်။
သူ ကြက်သွန်နီကို အတုံးကြီးများ လှီးသည်။ ခရမ်းချဉ်သီး၊ အာလူးနှင့် မုန်လာဥနီတို့ကို ပါးပါးလှီးသည်။   ဆေးကြောထားသော ဒယ်ပြားထဲသို့ ဆီနည်းနည်းနှင့် ကြက်သွန်နီတို့ထည့်ကာ ဆီသတ်သည်။ ကြက်သွန်ကြွပ်သွားမှသာ ခရမ်းချဉ်သီးကို ထည့်သည်။  သူက ခရမ်းချဉ်သီး ပျော်ကျပြီး အနီရောင် အရည်များဖြစ်လာသည်အထိ မွှေပေးနေလိုက်သည်။ ဒယ်ပြား အောက်ခြေတွင် အနီရောင်ရည်များ ကပ်နေသည်က ချော်ရည်အလား ထင်ရသည်။
အချိန်သင့်တော်ပြီဟု ထင်သည့်အခါ အမဲသားတုံးများ ဆယ်ကာ ထည့်ပြီး ပဲငံပြာရည် အနေတော်နှင့် ဆားထည့်ကာ အရသာခတ်သည်။  အမဲသားက အနီရောင်သန်းလာသည့်အခါ ရေအနည်းငယ်၊ အာလူး၊ မုန်လာဥနီများနှင့် ကျန်နေသေးသည့် ခရမ်းချဉ်သီးတို့ကို ထည့်သည်။ ထို့နောက် အဖုံးအုပ်ထားလိုက်သည်။  မွှေးပျံ့သည့်ရနံ့နှင့် ပွက်ပွက်ဆူနေသည့် အသံတို့ကို ကြားရသည်။ အပူချိန်နိမ့်နိမ့်ဖြင့်ဆိုလျှင် နာရီ၀က်ဆိုလျှင် ကျက်ပေလိမ့်မည်။
နောက်ဟင်းပွဲကား ၀က်ချိုချဉ်ဖြစ်သည်။ ထိုဟင်းပွဲသည် မိနစ်အနည်းငယ်ဖြင့်ပင် ပြီးသည်။ သူ၏ အကြိုက်ဆုံးလည်း ဖြစ်၏။ သူသာ ၀က်ချိုချဉ်နှင့် ထမင်းစားလျှင် ပန်းကန် နှစ်လုံးတော့ဖြင့် အနည်းဆုံးကုန်သည်။
သူက ၀က်မိုးခိုသားကို လှီးလိုက်သည်။ မိုးခိုသားအား အလွန်ပါးလျအောင် လှီးရန် မလိုအပ်ပေ။ အပူချိန်မြင့်သွားသည့်အခါ အရသာကို သက်ရောက်မှုရှိနိုင်သည်။
နောက်တစ်ဆင့်ကား ယွမ့်ထန်း ကြိမ်ဖန်များစွာ လုပ်နေကျ အဆင့်ဖြစ်သည်။ မိုးခိုသားကို ချင်းနှင့်ဆား၊ သကြား၊ ရှာလကာရည်စသည်တို့၏ အရည်ဖြင့် နယ်ရခြင်းဖြစ်သည်။ အရသာစိမ့်၀င်စေရန် မိန်စအနည်းငယ် ထားထားလိုက်သည်။ ထိုအဆင့်ကိုဆိုလျှင် ယွမ့်ထန်း မျက်လုံး မှိတ်လျက်ပင် လုပ်နိုင်လေသည်။
သူ ဒယ်အိုးကို အပူပေးပြီးနောက် ချင်းနှင့် ကြက်သွန်ဖြူတို့ကို ဓားပြားရိုက်ကာ ကြော်လိုက်သည်။ မွှေးရနံ့များ ထွက်လာမှသာ ရပ်၏။ထို့နောက် ၀က်သားတွေထည့်သည်။ ၀က်သားများ အဖြူရောင် သန်းလာသည့်အခါ သကြား၊ ရှာလကာရည်နှင့် ပဲငံပြာရည် အနောက်တို့ကို ထည့်သည်။ ထို့နောက် တိကျသေချာသည့် အပူချိန်ကို ထား၏။လိမ္မာရောင်သန်းသည့် အရည်တွေက ၀က်သားပေါ် ဖုံးဖိထားသည့်အခါ တောက်ပနေလေသည်။ ထို့အပြင် ချိုမြိန်မှုနှင့် ပူစပ်ပူလောင်အရသာရှိမည့် အနံ့မျိုးကလည်း ထွက်လာသည်။  ထိုရနံ့မျိုးဟာ လူတွေအား သတိလက်လွတ် သွားရည်ကျစေနိုင်သည်။
စေးကပ်သောဆန်မှုန့်နှင့် ဖရုံသီးတို့က ဖရုံကိတ်အတွက် အဓိက ပါ၀င်ပစ္စည်းဖြစ်သည်။ လုပ်ရလည်း လွယ်သည်။
ယွမ့်ထန်းက အခွံခွာကာ အစေ့ထုတ်ပြီးနောက် သေချာ လှီးကာ ပြုတ်ထားလိုက်သည်။ ဆယ်မိနစ်ခန့် ကြာမည်ဖြစ်သဖြင့် ထိုအချိန်အတွင်း ဟင်းနုနယ်ရွက်ကြော်ရန် ပြင်ဆင်လိုက်သည်။
ထိုဟင်းက ပိုမြန်သည်။  သူ ချင်းကို နှစ်ပိုင်းပိုင်းပြီး ကြေအောင် ဓားပြားရိုက်လိုက်သည်။ ထို့နောက် ပူနေသော ဒယ်ပြားထဲ ထည့်ကာ မွှေးရနံ့များ ထွက်လာသည်အထိ အပူပေးထားသည်။ သူက ဟင်းနုနုယ်ရွက်အား ရေဆေးပြီး လှီးသည်။ထို့နောက် အိုးထဲ ထည့်၏။ ဟင်းနုနယ်ရွက်တို့ နူးသွားသည်အထိ ကြော်နလိုက်သည်။ထို့နောက် အရွက်မှ အရည်များပင် ထက်လာသည့်အခါ ဆားထည့်ကာ အရသာခတ်သည်။
ထို့နောက် ပန်းကန်ထဲသို့ ထည့်လိုက်သည်။ အားလုံး ငါးမိနစ်သာ ကြာ၏။ ချင်းရနံ့သင်းသော အစိမ်းရောင် အရွက်ကြော်က ပန်းကန်ပြားပေါ် ရောက်နေလေပြီ။
ထိုအချိန်တွင် ဖရုံသီးကလည်း နူးနေလေပြီ။  သူက ဖရုံသီးပြုတ်ကို ဆယ်ကာ သကြားဖြူနည်းနည်း ထည့်ပြီး အနှစ်အဖြစ် ပြောင်းသည်။ဆန်မှုန့် နည်းနည်းလည်း ထည့်ကာ လက်တွင် မကပ်တော့သည့်အချိန်အထိ နယ်နေလိုကသည်။
နောက်တစ်ဆင့်ကား လွယ်သည်။ မုန့်နှစ်များကို သေးငယ်သည့် အပိုင်းလေးများ ပိုင်းကား ပြားအောင် လုပ်ပြီး ကြော်ရခြင်း ဖြစ်သည်။ နှစ်ဖက်လုံး ရွှေရောင်သန်းလျှင် အဆာပြေမုန့်က အဆင်သင့်ဖြစ်လေပြီ။
နောက်ဆုံး ယွီရှန်း ကြက်ကြော်သာ ကျန်တော့သည်။ ဒါက ကြက်ကုန်းပေါင်နှင့်ဆင်သည်။ လိုအပ်သော အချဉ်မရှိသဖြင့်သာ ယွီရှန်း အရသာ ပြောင်းလုပ်ရခြင်းဖြစ်သည်။
သခွားသီး၊ မုန်လာဥနီနှင့် ငရုတ်ပွတို့ကို အရိပ်လောက်သာ မြင်ရသည့် အရှိန်နှုန်းဖြင့် အသားကုန် လှီးသည်။
ကြက်ရင်ပုံကို အလျားလိုက် လှီးပြီးနောက် ဆားဖြူးလိုက်သည်။ ချိုမြိန်မှုကို ရရန် ယွီရှန်း အချဉ်ကို သုံးသည်။ ယွီရှန်း အချဉ်ကား ပဲငံပြာရည်၊ ရှာလကာရည်၊ သကြားနှင့် ဆားတို့ ရောထားသည့် အရည်ဖြစ်သည်။ ပြင်ဆင်သင့်သမျှက ပြီးသွားလေပြီ။
ယွမ့်ထန်းသည် အချိန်ကို တချက် ကြည့်လိုက်သည်။ မိနစ် နှစ်ဆယ်၀န်းကျင်ခန့် အချိန်ရသေး၏။ သူစိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။
သူက ဆီသတ်ပြီးနောက် ကြက်ရင်ပုံကို ထည့်ကြော်သည်။ အရောင်ပြောင်းလာသည်နှင့် သခွားသီးတို့ကို ထည့်ကြော်သည်။ ထို့နောက် အချဉ်ကို ခပ်ထူထူ စမ်းပြီးနောက် ဒယ်အိုးထဲမှ ခပ်ထည့်တော့သည်။
ခပ်မြန်မြန် အဆုံးသတ်ပြီးနောက် အမဲအာလူးနှပ်ကလည်း အဆင်သင့်ဖြစ်နေလေပြီ။ အားလုံးကို ကြွေပန်းကန်ပြားတွေထဲ ဖြည့်လိုက်သည်။ မွှေးပျံ့ကာ ခမ်းနားပြီး အရသာရှိသည့် ဟင်းလျာများက အသင့်ဖြစ်လေပြီ။
“ ပြီးပြီ”
ယွမ့်ထန်းက တစ်နာရီတွင် မိနစ်ငါးဆယ်ဖြင့် ဟင်းလျာ ငါးမျိုးကို ပြင်ဆင်နိုင်ခဲ့၏။
ဘေးဘက် တံခါးလေးမှ ဥာဏ်ရည်မြင့် စက်ရုပ် ထွက်လာသည်။ထို့နောက် သူတို့အတူ အထူးသီးသန့် လျှောက်လမ်းမှတဆင့် စစ်ဆေးအကဲဖြတ်သူတို့ထံ ထွက်လာကြသည်။
ယခင်တစ်ခေါက်အတိုင်း ထိုနေရာတွင် စစ်ဆေးသူ သုံးယောက်ရှိနေသည်။ သူတို့က အသက်ပိုကြီးပုံ့ရကာ ခေါင်းတွင် ဆံပင်ဖြူများေ ဖွနေသည်။ အားလုံးက တံခါးကိုသာ ကြည့်ကာ ခပ်ဖြည်းဖြည်း ပြုံးနေကြ၏။
ကောလောင်က ကြိုတင် အကြောင်းကြားထားသဖြင့် ယွမ့်ထန်း၏ လုပ်နိုင်စွမ်းကို သူတို့သိထားကြပြီး လက်ခံကာ အသိအမှတ် ပြုနေကြလေပြီ။ ထို့အပြင် ဥက္ကဋ္ဌကုကိုယ်တိုင် အသိအမှတ်ပြုထားသူဖြစ်ကြောင်း သူတို့ သိထားကြ၏။
ဟင်းလျာငါးမျိုးကို စားပွဲပေါ်တွင် အလျားလိုက် ခင်းကျင်းထားသည်။ သူတို့ ဘာစကားမှ မဆိုနိုင်ဘဲ တူများကိုသာ ကောက်ကိုင်ကာ စားလိုက်ကြသည်။
ကောင်းလိုက်တာ။
အရသာ ရှိလိုက်တာ။
တစ်လုတ်မျှဖြင့် ကောလောင် ကြောင်တောင်တောင် နိုင်လောက်အောင် ဆက်တိုက် ချီးကျူးခဲ့ခြင်းကို နားလည်သွားကြသည်။
ဟင်းလျာ တစ်ပွဲချင်းစီတိုင်းတွင် ကိုယ်ပိုင် အရသာရှိသည်။ ပွဲတော်ဟုပင် ထင်ရလောက်အောင် ပြင်ဆင်ထားပုံကလည်း မျက်စိပသာဒဖြစ်စေ၏။
၀က်ချိုချဉ်က ကြွပ်ရွသည့် အရသာနှင့် နူးညံ့မှုတို့ ပေါင်းစပ်နေပြီး ချိုမြိန်သည့်အရသာနှင့် အချဉ်ကဲမှုကိုလည်း တစ်ပြိုင်တည်း ခံစားရသည်။ဖ၇ုံကိတ်ကမူ အ ပြင်ဘက်ကကြွပ်ရွပြီး အတွင်းသားက နူးညံ့နေသည်။ အရသာက ချိုမြိန်နေပြီး လူတိုင်းကို ဆက်တိုက်သာ စားချင်စိတ် ၀င်လာစေ၏။ဟင်းနုနယ်ရွက်ကြော်က အရသာ ကောင်းမွန်သည်။ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ကောင်းမွန်သည်ဆိုသော စကားသာ ထွက်လောက်အောင် အရသာ ကောင်းနေ၏။ ယွီရှန်း ကြက်ကြော်သည်လည်း ချိုချဉ်အရသာ ဖြစ်သည့်တိုင် ပြင်ဆင်ပုံကလည်း ဆွဲဆောင်မှုပြင်းနေသည်။ဒါက ၀က်ချိုချဉ်၏ အရသာနှင့် ကွဲပြားသည့် ခံစားချက်မျိုးဖြစ်သည်။
အမဲအာလူးနှပ်ကို စစ်ဆေးသူတို့ အကြိုက်ဆုံးဖြစ်သည်။ အချဉ်က များပြီး အမဲသားက နူးညံ့သည်။ မိုးခိုသားက နဂိုကတည်းက နူးညံ့သော်လည်း အသားအရသာ မပျောက်သည့်အပြင် ယခုကဲ့သို့ ထူးကဲသည့် အရသာကို အသားကို လျှာပေါ် ပျော်၀င်သွားသလို ခံစားရစေသည်။ အာလူးနှင့် လိုက်ဖက်အောင် ပေါင်းစပ်ထားနိုင်သဖြင့် မည်သည့်နည်းနှင့်မျှ အမှားရှာနိုင်မည် မဟုတ်ပေ။
သူ့အသက်အရွယ်နှင့် လုပ်နိုင်စွမ်းက အင်ပါယာ၏ အချက်အပြုတ်လောကပေါ် ဦးဆောင်နိုင်စွမ်း ပြည့်နေသည်။ သူတို့အချင်းချင်း ကြည့်လိုက်ကြသည်။ တိုင်ပင်ရန်ပင် မလိုပေ။ ရလဒ်က သိသာလွန်းသည်။
ခေါင်းဆောင်က ပြောသည်။
“ မင်းရဲ့ လုပ်နိုင်စွမ်းက ငါတို့ထင်ထားတာထက် သာလွန်ပါတယ်။ ဂုဏ်ယူပါတယ်။ မင်း ကြယ်သုံးပွင့် စားဖိုမှူး ဖြစ်သွားပါပြီ”
  ယွမ့်ထန်း ဆက်ပြောသည့် စကားက သူတို့ကို အံ့သြသွားစေ၏။
“ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြယ်လေးပွင့် စာမေးပွဲ ဆက်ဖြေလို့ရမလား”
သူတို့ကြောင်သွားသည်။ နားကြားမှားသည်ဟု ထင်ကာ ထပ်မေး၏။
“ မင်း ဘာပြောလိုက်တာ”
“ ကျွန်တော် ကြယ်လေးပွင့် စာမေးပွဲ ဖြေချင်လို့ပါ”
“ မင်းက ကြယ်လေးပွင့် စာမေးပွဲ ဖြေချင်လို့လား”
“ ဟုတ်ပါတယ်”
ယွမ့်ထန်းက တောက်ပစွာ ပြုံးသည်။
စစ်ဆေးသူတို့ ကြောင်သွားသည်။
သည်လို ခေတ်သစ်တွင်ပင် တစ်ရက်တည်းဖြင့် ကြယ်တစ်ပွင့်မှ ကြယ်လေးပွင့်သို့ တက်ရောက်နိုင်သူ တစ်ခါမှ ပေါ်မလာခဲ့ဖူပေ။ သို့သော်ယခုအခါတွင် ရှာမှ ရှားသည့် တစ်စုံတစ်ယောက် ပေါ်လာချေပြီ။ ထိုတစ်စုံတစ်ယောက်က သူတို့၏ ရှေ့တွင် ရှိ၏။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now