Part 68

1.2K 180 0
                                    

Unicode

အပိုင်း (၆၈)
“သူ့ရဲ့အခြေအနေက ဆိုးနေပြီးသား၊ ခွဲစိတ်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိတော့ဘူး”
ယွမ့်ထန်းကလည်း ယွမ့်ယွီ၏ နာမည်ကို ထည့်ပြောကြောင်း ခံစားရသည်နှင့် အသံလာရာဘက်သို့ ချက်ချင်း အပြေးသွားသည်။ ထိုအခါ အဖြူရောင်ဝတ်စုံဝတ်ထားသည့် ဆရာဝန်နှင့် အစိမ်းဖျော့ရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသည့် ဆေးပညာဝန်းထမ်းများက အခန်းတံခါးဝတွင် စုစည်းနေကြောင်း မြင်လိုက်ရသည်။ သူတို့က အလွန်ဒေါသထွက်ပြီး စိုးရိမ်နေဟန်ရသည်။
“ငါတို့ ဒီအတိုင်း ဆက်လုပ်လို့ မရဘူး၊ အခု ယွမ့်ယွီအမေနဲ့တောင် ဆက်သွယ်လို့မရသေးဘူး”
အစိမ်းဖျော့ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူများထဲမှ တစ်ယောက်က မနေနိုင်ပဲ ကျိန်ဆဲသည်။
“ဒါက သူ့သားအရင်းဟုတ်ရဲ့လား၊ ဒီလောက်ဆိုးရွားတဲ့အမေမျိုးနဲ့ ငါ တစ်ခါမှ မတွေ့ဖူးဘူး”
ထိုအချိန်တွင် ဆရာဝန်က မနေနိုင်ပဲ သက်ပြင်းချသည်။
“မေ့လိုက်‌တော့ အရင်ဆုံး အရေးပေါ် စမ်းသပ်ကုသမှုတွေပဲ ပြင်ဆင်လိုက်ရအောင်။ ငါကိုယ်စား ပေးထားပေးမယ်။ နောက်ပြီးမှပဲ အဲဒီမိန်းမဆီက ပြန်တောင်းလိုက်တော့မယ်”
သူတို့အားလုံးက လျင်မြန်စွာဖြင့် ဆုံးဖြတ်ချက် ချပြီးနောက်တွင် အခန်းထံသို့ ဦးတည်သွားသည်။ ယွမ့်ထန်းက အလျင်စလို ပြေးသွားပြီးနောက် ဆရာဝန်ကို လှမ်းအော်သည်။
“ဆရာ ကျွန်တော်က ယွမ့်ယွီရဲ့ အစ်ကိုကြီးပါ၊ သူ့ရဲ့အခြေအနေက ဘယ်လိုရှိလဲ”
တံခါးဝက ပွင့်သွားပြီးနောက်တွင် အိပ်ယာပေါ်တွင် လှဲနေသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ဝေ့ကျိုး၏ ပုံများနည်းတူ သူက ယွမ့်ထန်းနှင့် ရုပ်ရည်တူသော်လည်း ပို၍ပင် ဖျော့တော့ကာ ပို၍ ပိန်နေပြီး အရေပြားနှင့် အရိုးများ ပေါ်သည်အထိ ဖြစ်နေသည်။ သူ၏ တစ်ကိုယ်လုံးကို ပတ်တီးများဖြင့် လွှမ်းခြုံထားကာ ပါးကလည်း ယောင်ကိုင်းနေသည်။ သူက ဆယ့်နှစ်နှစ်သားးပင် ရှိလောက်သော်လည်း အလွန်အမင်း သေးကွေးလွန်းသည်။ ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးထက်ပင် ကြီးမားခြင်း မရှိပေ။
သူ၏ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါအခြေအနေကို တိုင်းထွာထားသော အချက်အလက်များက အိပ်ယာဘေးတွင် ရှိနေလေပြီး အားလုံးက အံ့အားသင့်စရာကောင်းလောက်အောင် အလွန်နိမ့်ကာ မတည်ငြိမ်ပြီး သာမန်ထက် အနည်းငယ်ပင် နိမ့်နေသေးပေသည်။
အခြေအနေက အလွန်အရေးကြီးနေပြီး သူတို့က ငြိမ်ငြိမ်ထိုင်ကာ စကားမပြောနိုင်တော့ချေ။ ထို့ကြောင့် ဆရာဝန်က မီးသတ်သမားတစ်ယောက် တိုက်ခိုက်တော့မလိုမျိုး အရေးပေါ် အခြေအနေအတွက် တိုက်ပွဲဝင် ရန် အသင့်ပြင်ဆင်လိုက်ပြီး အနောက်မှလူကို အချက်ပြကာ ပြင်ဆင်စေသည်။
“မြန်မြန် လူနာကို အရေးပေါ်အခန်းထဲပို့”
ယွမ့်ယွီက အသိစိတ်မဲ့နေလေပြီ။ သူ၏ မျက်မှောင်ကသာ ဆက်တိုက် ကြုတ်နေခဲ့ပြီး လူအများကို ပို၍ပင် စိတ်ဓာတ်ကျစေလေသည်။
သူနာပြုများအားလုံးက လျင်မြန်စွာဖြင့် လှုပ်ရှားကြကာ ယွမ့်ယွီကို တွန်းလှဲကုတင်ပေါ်သို့ တင်ကြပြီးနောက် လျင်မြန်စွာပင် အရေးပေါ်အခန်းထံသို့ ပို့သည်။ ယွမ့်ထန်းကလည်း နောက်မှ လိုက်သွားပြီး စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်နေတော့သည်။ သူက ပိတ်သွားသော အရေးပေါ်အခန်းတံခါးကို ကူကယ်ရာမဲ့စွာ ကြည့်လျက် နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏ မျက်လုံးများကမူ နီရဲနေလေပြီ။
ဟော်ယွန်ချန်းက သူ၏လက်ကို ယူပြီး သူ၏ လက်ဖြင့်ဖမ်းဆုပ်လိုက်ကာ ယွမ့်ထန်းကို ဖက်လျက် ကျောပြင်ကို အသာအယာ ပုတ်ပေးသည်။
“အဆင်ပြေပါတယ်၊ အဆင်ပြေသွားမှာပါ”
သူ၏ နှစ်သိမ့်ပေးမှုကြောင့် ယွမ့်ထန်း၏ ခံစားချက်များက ငြိမ်သက်သွားသည်။ သူက အခန်းအပြင်ဘက်မှ အနီရောင်အလင်းကို ကြည့်ပြီးနောက်တွင် အသက်ပြင်းပြင်းရှူကာ ပြောသည်။
“ယွမ့်ယွီသာ တစ်ခုခု ဖြစ်သွားရင် ခိုင်ရှင်းကို လုံးဝအလွတ်မပေးဘူး”
“ကိုယ်လည်း မင်းနဲ့အတူ ရှိမယ်”
နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ အနည်းငယ် ခပ်တင်းတင်း အကိုင်ခံထားရသည့် ယွမ့်ထန်း၏ လက်မှတဆင့် နှစ်သိမ့်မှုကို ခံစားရသလိုမျိုး သူက အားအင်ရှိလာသည်။
အချိန်များက ကျော်ဖြတ်ကုန်လွန်နေချိန်တွင် ွမ့်ထန်းကလည်း ဆက်၍ မစောင့်နိုင်တော့ပဲ အနီရောင်အလင်းကိုသသာ ကြည့်လိုက်သည်။ ထိုအချိန်တွင် အလင်းက ရုတ်တရက် မှိန်သွားကာ ဆရာဝန်က ထွက်လာသည်။ သူက မက်စ်ကို ချွတ်ပြီးနောက်တွင် ယွမ့်ထန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။
“မင်းက ယွမ့်ယွီရဲ့ အစ်ကိုလို့ ပြောထားတယ်မဟုတ်လား”
သူကယွမ့်ထန်းကို အနီးကပ်စစ်ဆေးကြည့်သည်။ မည်သို့ပင်ဆိုစေ ဂြိုလ်နံပါတ်ဆယ့်ကိုးက အလွန်ခေါင်သောကြောင့် စီးပွားရေးနှင့် အခြားသော နယ်ပယ်အဆင့်ဆင့်ကလည်း မတိုးတက်သေးချေ။ လူအများစုက ဈေးကြီးသော အလင်းဦးနှောက်များကို ဝယ်ရန်မတတ်နိုင်ကြသည့်အတွက် ဒီနေရာတွင်ရှိသော အဟောင်းဆုံး ဆက်သွယ်ရေးစက်များကိုသာ မြင်ရလေရာ သတင်းက ဒီနေရာသို့ ရောက်လာရန်ခက်ခဲလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် စတားနက်ဝေါ့ပေါ်မှ အခြေအနေများကို မသိခြင်းလည်း ဖြစ်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်ပါ”
သူက သူ ယခုလေးတင် ရလာသော အသိအမှတ်ပြုလက်မှတ်ပါ စာရွက်ကို ပြလိုက်သည်။
ဒေါက်တာထန်းက မျက်မှောင်ကြုတ်ပြီးနောက်တွင် စာရွက်ပါအချက်အလက်များကို အသေးစိတ်ကြည့်ပြီးမှသာလျှင် အရာအားလုံးက မှန်ကန်ကြောင်း သိရမှသာ နှာခေါင်းရှုံ့တော့သည်။
“ဟန့် ဆိုတော့ မင်းက သူ့ရဲ့အစ်ကိုဖြစ်နေတာပဲ။ ဒီလောက်နှစ်တွေ အကြာကြီး သူ့ဆီကို တစ်ခါမှ လာမလည်ခဲ့ဘူး၊ ဟန့် ဘယ်ကောင်က ဒီလောက်အထိ ဈေးပေါတာလဲ”
သူနာပြုတစ်ယောက်က မနေနိုင်ဘဲ ခပ်တိုးတိုး ပြောသည်။
ထိုသူနာပြုက အသံတိုးထားသည့်တိုင်အောင် သူက ယွမ့်ထန်းနှင့် အလွန်နီးကပ်စွာ ရပ်နေသေးသောကြောင့် သဘာဝတကျပင် သူကလည်း ကြားသည်။ သို့သော် သူက သူ့ကိုယ်သူရှင်းပြရန် အချိန်မရှိချေ။ သူက ယွမ့်ယွီ၏ အခြေအနေကို ပို၍ စိုးရိမ်နေသည်။
“ဆရာဝန် ကျွန်တော့်ညီရဲ့ အခြေအနေက ဘယ်လိုနေလဲ၊ ကျွန်တော်ကြည့်လို့ရလား”
ဆရာဝန်က အေးစက်စွာပြောသည်။
“ငါနဲ့လိုက်ခဲ့ပါ”
ယွမ့်ထန်းကလည်း အလျင်စလို နောက်မှလိုက်သွားပြီး အရေးပေါ်အခန်းထဲသို့ ဝင်သည်။ သူက ပိုးသတ်ပြီးသား ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးမှသာလျှင် ခွဲခန်းကုတင်အနီးသို့ ချဉ်းကပ်သွားနိုင်သည်။ သို့သော် အရေးပေါ်ခန်းကို ဆွေးမျိုးကသာလျှင် ဝင်ရောက်နိုင်သည့်အတွက် ဟော်ယွန်ချန်းနှင့် ဝမ်ခွန်းတို့က အပြင်ကသာ ရပ်နေရသည်။ ယွမ့်ယွီ၏ တစ်ကိုယ်လုံးက ပြာနှမ်းနေသည်အထိ အခြေအနေက ဆိုးရွားနေသည်။ ယွမ့်ထန်း၏ နှာခေါင်းက ယားယံသလို ခံစားရပြီး အသံက ဩရှလာသည်။
“ဆရာ ကျွန်တော့်ညီက အခုအခြေအနေက ဘယ်လိုရှိပါသလဲ”
“ယွမ့်ယွီရဲ့အခြေအနေက တော်တော်လေးဆိုးတယ်၊ သူ့မှာ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှိနေတဲ့အပြင် ကိုယ်ကလည်း အားနည်းလွန်းနေတယ်၊ ဒီဂြိုလ်က မြေဆွဲအားနဲ့ သံလိုက်စက်ကွင်းအားက သူ့အတွက် မတည်မငြိမ် ဖြစ်စေတယ်၊ သူက တစ်နေ့လုံးဆေးရုံ ဖန်ပေါင်းချောင်ထဲမှာ လဲလျောင်းရတာမျိုး ဆိုရင်တောင်မှ မြေဆွဲအားနဲ့ ဖိအားကို ခံစားနေရတုန်းပဲ။ သူ ပုံမှန်ဆေးရုံကုတင်ပေါ်မှာ အကာအကွယ်မရှိပဲ လှဲနေရတာဆိုရင် ပိုဆိုးတာပေါ့”
ယွမ့်ယွီက ဆယ်နှစ်နီးပါး ဒီနေရာတွင် နေခဲ့ရသည်။ သူက နှစ်နှစ်သုံးနှစ်အရွယ်ကတည်းက ဆေးရုံပေါ်တွင် ရောက်နေခဲ့ခြင်း ဖြစ်ပြီး ဆေးရုံမှ ဆရာဝန်များအားလုံးကလည်း သူ ကြီးပြင်းလာခြင်းကို ကြည့်နေရခြင်း ဖြစ်သည်။ ဒေါက်တာထျန်းက သူ့ကို ကြည့်ရှုပေးရသော ဆရာဝန်ဖြစ်သည့်အလျောက် သူ့အတွက် အလွန်ပြင်းထန်သည့် စိုးရိမ်စိတ် ရှိသည်။ ရလဒ်အနေဖြင့် သူက လေသံထဲတွင်ပင် ဒေါသသံက ပါလာသည်။
“ငါ အမျိုးသမီးခိုင်ကို အကြိမ်များစွာ ပြောထားပြီးသား၊ ကျေးဇူးပြုပြီး ယွမ့်ယွီကို သူ နေဖို့ ပိုပြီး သင့်တော်တဲ့နေရာ သူ့ကို အားဖြည့်ပေးဖို့ ပိုပြီး သင့်တော်တဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ ပြောခဲ့တယ်။ ဒါပေမယ့် သူမက တစ်ခါမှ နားမထောင်ဘူး။ သူ့ရဲ့ ဒီလိုအခြေအနေမျိုး စဖြစ်လာတဲ့အချိန်မှာ သူ့အတွက် ဆေးကုသစရိတ်ကို ပေးဖို့ ဆန္ဒရှိသေးပေမယ့် နောက်ဆုံးတော့ သူ့ကို ဆေးရုံကုတင်ပေါ်မှာပဲ ပြန်ထားခဲ့တာပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူမက သူမရဲ့ဒီကလေးကို အာရုံမစိုက်တော့ဘူး၊ ကလေးရဲ့ ကုသစရိတ်တွေအားလုံးက သူ့အသက်ကို ဆွဲဆန့်ထားနိုင်လောက်အောင် အားဖြည့်ဆေးရည်ကို ဝယ်ဖို့ပဲ တတ်နိုင်တော့တယ်။ အခုဆိုရင် ဒီကလေးက အားနည်းသည်ထက် အားနည်းနေတာတော့ မင်း မြင်နိုင်နေတာပဲ။ သူ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကြာကြာခံတော့မှာ မဟုတ်ဘူး”
“အဲဒီမိန်းမက က‌လေးကို တာဝန်မယူနိုင်ရင် ကလေးရအောင် မလုပ်ခဲ့သင့်ဘူး”
ထိုစကားကို ကြားသောအခါ ယွမ့်ထန်းကလည်း ရင်ထဲမှနာကျင်မှုကို ခံစားလိုက်ရသည်။ သူကလည်း ထိုကလေးအတွက် စိတ်မကောင်း ဖြစ်မိလေသည်။ သို့ဆိုလျှင် ဒါက မူလပိုင်ရှင်ထံမှ ကျန်နေရစ်သော အသိစိတ်ဖြစ်နိုင်သည်။
“ဆရာ ကျွန်တော်တို့အခု ဘာလုပ်ရမလဲ၊ ကျွန်တော်ရဲ့ညီကို ကယ်နိုင်သေးတယ်လား”
“အခု ပထမဦးဆုံး လုပ်ရမယ့် အရေးကြီးဆုံးအရာက ဒီကလေးကို မြေစွမ်းအား ကင်းလွတ်တဲ့ ဆေးရုံခန်းထဲကို ပြောင်းရွှေ့ပေးဖို့ပဲ။ သူ့ရဲ့ခန္ဓာကိုယ်က အားနည်းလွန်းတယ်။ ဒီတော့ ခန္ဓာကိုယ် အစိတ်အပိုင်းဒဏ်ကို အပြည့်အဝ ကုသရဦးမှာ။ သူ့ရဲ့ခန္ဓာကိုယ်ကို သက်သာလာပြီးတဲ့နောက်မှာ သူနေထိုင်ဖို့ ပိုပြီး သင့်တော်တဲ့ဂြိုလ်ကို မင်း ခေါ်သွားတာက အကောင်းဆုံးပဲ”
ဒေါက်တာထျန်းက စကားကို ရပ်တန့်ပြီးနောက်ပြောသည်။
“ဒါပေမယ့် မြေဆွဲအား ကင်းလွတ်တဲ့ ဆေးရုံကုန်ကျစရိတ်က အရမ်းမြင့်တော့..”
“ဘယ်လောက်ဈေးကြီးဈေးကြီး ကိစ္စမရှိပါဘူး၊ ကျွန်တော်ပေးနိုင်တယ်”
ယွမ့်ထန်းက အလျင်စလို ပြောလိုက်သည်။
သူ၏ အရှေ့ရှိလူငယ်က ဒီကလေးအတွက် အလွန်စိုးရိမ်နေကြောင်း မြင်သောအခါ ဒေါက်တာထျန်းကလည်း မနေနိုင်ပဲ ပြောလိုက်သည်။
“မင်းအရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ အခုကစပြီး မင်းညီကို ဂရုစိုက်ပါတော့၊ သူက မင်းကို အများကြီး လွမ်းနေရှာမှာ”
ယွမ့်ယွီ၏ အနည်းငယ်အသိဝင်သော အခြေအနေမျိုးများတွင် သူက မကြာခဏ သူ၏အစ်ကိုဖြစ်သူအကြောင်း ပြောလေ့ရှိကာသူ၏ အစ်ကိုက မည်မျှချောကြောင်း မည်မျှညင်သာကြောင်း သူနှင့် ကစားလေ့ရှိခဲ့ကြောင်း ပြောပြလေ့ရှိသည်။ သူက အစ်ကိုဖြစ်သူအကြောင်း ထည့်ပြောသည့်အချိန်တိုင်း မျက်ဝန်းများက တောက်ပနေလေ့ရှိပေသည်။ ဒီအတိုင်း သူ အလွန်ငယ်ရွယ်ချိန်က ပျော်ရွှင်စရာကောင်းသော ကိစ္စများကို ပြန်ပြောနေသည့်အလား ထင်ရပေသည်။ ထိုအချိန်ကဆိုလျှင် ယွမ့်ထန်းကလည်း ယွမ့်ယွီ၏ အစ်ကိုဖြစ်သူက သူ၏ မိခင်ဖြစ်သူအတိုင်း စွန့်ပစ်ခဲ့သည်ဟု အားလုံးက တွေးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြန်လည်လိမ့်မည်ဟု မထင်ထားမိကြချေ။
ယွမ့်ထန်းက ချက်ချင်းကတိပေးလိုက်သည်။
“ကျွန်တော် ဂရုစိုက်မှာပါ”
“မင်းရဲ့အမေအတွက်ကတော့ ငါ့အနေနဲ့ မပြောသင့်ဘူးဆိုပေမယ့်လည်း ယွမ့်ယွီကို သူမကို မပေးတာက အကောင်းဆုံးလို့ ငါ ထင်တယ်”
ဒေါက်တာထန်းက နှာခေါင်းရှုံ့သည်။
“ဒီကလေးက နှစ်ပေါင်းများစွာတိုင် ငါတို့ရဲ့ ဆေးရုံမှာပဲ ကြီးပြင်းလာခဲ့တာ။ သူမကသာ အမေတစ်ယောက်ရဲ့တာဝန်ကို နားလည်မယ်ဆိုရင် ဒီကလေးကို ခေါ်သွားသင့်တာကြာပြီ၊ အခုလိုမျိုး ဆေးရုံပေါ်မှာ ပစ်ထားခဲ့ပြီး အာရုံမစိုက်ပဲ နေခဲ့မှာမဟုတ်ဘူး။ သူမကသာ ယွမ့်ရီကို အခြားတစ်နေရာကို ခေါ်သွားမယ်ဆိုရင်တောင်မှ လက်ရှိအခြေအနေလောက်အထိ မဆိုးရွားမှာ သေချာတယ်”
“ဘာကိုဆိုလိုတာလဲ။ ကျွန်တော်ရဲ့ညီက ဒီနေရာက ထွက်သွားရင် ပိုကောင်းနိုင်မှာလား”
ယွမ့်ထန်းက မေးသည်။
“ဒါပေါ့ ယွမ့်ယွီကသာ မြို့တော်မှာ မွေးဖွားလာတာမျိုးဆိုရင် ဒီကလေးက အားနည်းတဲ့ခန္ဓာကိုယ် ရှိနေမယ်ဆိုရင်တောင်မှ မိဘတွေကသာ သူ့ကို ချော်လဲတာမျိုး ဝင်တိုက်မိတာမျိုး မဖြစ်အောင် သေချာဂရုစိုက်ပေးမယ်ဆိုရင် ကြီးကြီးမားမား ကိစ္စရှိလာမှာမဟုတ်ဘူး။ သူက အခုလောက်အထိ သေခါနီးအခြေအနေအထိ ဖြစ်သွားမှာလဲ မဟုတ်ဘူး”
ဒီနေရာရှိမြေဆွဲအားက သူ့အတွက် အလွန်မသင့်တော်နေခြင်းဖြစ်သည်။ ထို့အပြင်ခေတ်နောက်ပြန် ဆွဲနေသော ဆေးပညာကုသမှုပုံစံများနှင့် လစ်လပ်နေသော ကုသမှု နည်းပညာများကြောင့် ယွမ့်ယွီ၏ ခန္ဓာကိုယ်အခြေအနေက အချိန်နှင့်အမျှ ဆိုးရွားလာခဲ့ပြီး ယခုကဲ့သို့ အခြေအနေအထိ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ ထိုစကားများကို ကြားသောအခါ သူက ချက်ချင်းပြောလာသည်။
“ဆရာ ဒါဆိုရင် ကျွန်တော်ကို ပြောင်းရွှေ့တဲ့ကိစ္စနဲ့ ကူညီပေးလို့ရမလား၊ ကျွန်တော် ကျွန်တော်ရဲ့ညီကို မြို့တော်က ဆေးရုံကို ပြောင်းလိုက်မယ်”
“အခုတော့မရသေးဘူး၊ သူ့ရဲ့လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အားနည်းလွန်းနေတယ်။ သူ့အနေနဲ့ အချိန်တစ်ခုကြာတဲ့အထိ မြေဆွဲအား ကင်းလွတ်တဲ့အခန်းထဲမှာ ကုသပေးရဦးမယ်”
ဒေါက်တာထန်းက ခေါင်းကိုခါသည်။
“သူ့ရဲ့ဒဏ်ရာတွေအားလုံးက ကုသပြီးသွားရင် သူ ခရီးဝေးကို ရွှေ့ပြောင်းလို့ရပြီ”
သူက ခေါင်းညိတ်သည်။
“ဒါဆိုရင် ဒါဆိုရင် ကျွန်တော်ဘယ်နေရာမှာ ပိုက်ဆံသွားသွင်းရမလဲ။ ကျွန်တော် သူ့ရဲ့ ကုသစရိတ်တွေအားလုံးကို အခုပဲ ပေးလိုက်ပါ့မယ်”
ဒီစကားကို ကြားသောအခါ ဒေါက်တာထန်းက ချက်ချင်းလိုလို အော်သည်။
“ကောင်းပြီ ရှောင်ယန်”
“ဟုတ်ကဲ့”
ချက်ချင်းလိုလို သူနာပြုတစ်ယောက်ကို တံခါးကိုဖွင့်ကာ ဝင်လာသည်။
“ဒေါက်တာထန်း ကျွန်မကိုခေါ်တာလား”
“ဒီလူကြီးမင်းက အောက်ထပ်မှာ ပိုက်ဆံရှင်းဖို့ ခေါ်သွားပေးလိုက်ပါ၊ ရှောင်ဖန် ရှောင်လီ မြန်မြန်လာ ဒီကလေးကို မြေဆွဲအား ကင်းလွတ်တဲ့အခန်းထဲကို ပြောင်းရမယ်”
“ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်မလာပြီဆရာ”
အမျိုးသမီးသူနာပြုက ပြောပြီးသည်နှင့် သူမ၏ မျက်ဝန်းက တောက်ပလာကာ ယွမ့်ထန်းကို အောက်ထပ်သို့ ခေါ်သွားသည်။ အမျိုးသားသူနာပြုနှစ်ယောက်လုံးကလည်း ချက်ချင်းလိုလို ဝင်လာကာ ဒေါက်တာထန်းကို ကူညီပေးလျက် ကလေးကို ပြောင်းရွှေ့ပေးရန် ပြင်ဆင်ကြလေသည်။
ဟော်ယွန်ချန်း သူနဲ့အတူ အောက်သို့ဆင်းသည်။ ဝမ်ခုံးကလည်း ဆေးရုံခန်း၏ အပြင်တွင် ဆက်လက်စောင့်နေပေးလေသည်။
မြေဆွဲအား ကင်းလွတ်သည့် အခန်း၏ ကုန်ကျစရိတ်က အလွန်ဈေးကြီးသည်။ တစ်နေ့လျှင် သုံးထောင်ပင် ကျပြီး အခြားသော အားဖြည့်ဆေးများနှင့် ကုသစရိတ်များဆိုလျှင် အပိုကြေးများက ပို၍ကျသင့်လေသည်။
“အရင်ဆုံး တစ်ပတ်အတွက် ကုသစရိတ်ခတွေနဲ့ စရံအပြင် အားလုံးပေါင်း ငါးသောင်းကျသင့်ပါတယ်၊ ပိုတဲ့ပိုက်ဆံတွေအားလံးကို ဆေးရုံကဆင်းတဲ့အခါ ပြန်ပေးမှာပါ”
ယွမ့်ထန်းက မည်သည့်စကားမှမဆိုပဲ အလင်းဦးနှောက်ကိုသာ ဖွင့်လျက် ပိုက်ဆံလွှဲပေးလိုက်သည်။
သူနာပြုက စိတ်အေးသွားလေသည်။ သူက အလွန်အားကိုးရကြောင်း မြင်သောအခါ မနေနိုင်ပဲ ပြောလိုက်မိသည်။
“ရှင်က ယွမ့်ယွီရဲ့အစ်ကိုလား၊ ဘာလို့အရင်က မလာတာလဲ”
“ကျွန်တော်…”
ယွမ့်ထန်းက ခါးသီးစွာပြုံးပြီး မည်သို့ရှင်းပြရမည်မှန်းပင် မသိတော့ပေ။
“သူက အရင်က မတော်တဆ ဖြစ်သွားခဲ့တာ။ ငါးနှစ်တောင် ကိုမာဝင်နေခဲ့ပြီး သိပ်မကြာခင်ကမှ ဆေးရုံက ဆင်းလာခဲ့တာပဲ”
မမျှော်လင့်ထားစွာပင် ဟော်ယွန်ချန်းက ဝင်ရောက်ဖြေပေးလာသည်။
သူနာပြုကလည်း သံသယဝင်သွားသည်။ မည်သို့ပင်ဆိုစေ ညီအစ်ကိုနှစ်ယောက်လုံးက ထိုမျှ ကံဆိုးမည်ဟု မယုံကြည်နိုင်ခဲ့ချေ။ သူက ယွမ့်ထန်း၏ အမူအယာမှတဆင့် သူက ခိုင်ရှင်းနဲ့ ကွဲပြားကြောင်း သိလိုက်ရကာ သူမ၏ လေသံက နူးညံ့သွားသည်။
“ဒါဆိုရင် အခုကစပြီး သူ့ကို သေချာစောင့်ရှောက်ပေးပါ။ သူက လိမ်မာတဲ့ကလေးပါ”
“ကျွန်တော် ဂရုစိုက်မှာပါ”
ယွမ့်ထန်းကလည်း တည်ငြိမ်စွာ ပြန်ဖြေသည်။
သူနာပြုက သူတို့ကို မြေစွမ်းအား ကင်းလွတ်သော အခန်းထံသို့ တိုက်ရိုက်ခေါ်သွားသည်။ ထိုအခန်းက တတိယထပ်တွင် ရှိသည်။ ယွမ့်ယွီက ထိုနေရာသို့ ပြောင်းရွှေ့ပြီးပြီဖြစ်ပြီး ဒေါက်တာထန်းနှင့် ဝမ်ခွန်းတို့ကလည်း အပြင်တွင် စောင့်ကြပ်ကာ သူတို့အား စောင့်နေကြသည်။ အတိတ်တွင် သူမြင်ခဲ့ရသော အိုင်စီယူအခန်းနှင့် အတူတူသာလျှင်ဖြစ်သည်။ အခန်းတစ်ခုလုံးက သီးသန့်ရှိနေလေပြီး အခန်းအတွင်းရှိမြေဆွဲအားက အနိမ့်ဆုံး နှိမ့်ထားသည့်အတွက် ယွမ့်ထန်းထိုနေရာတွင် နေလျှင် သူ့အနေဖြင့် ဆေးဖန်ပေါင်းချောင်တွင် ဝင်နေရန် မလိုအပ်ပဲ နူးညံ့သော ကုတင်တွင် တိုက်ရိုက်လှဲနိုင်သည်။
“ကြည့်ပါဦး သူ့ရဲ့အသက်ရှူသံတောင် ငြိမ်သွားပြီ”
ဒေါက်တာထန်းက ပြောပြီး ယွမ့်ယွီကို အမူအယာပြသည်။
ယွမ့်ထန်းကလည်း ညီဖြစ်သူ၏ သေးငယ်သော ရင်ဘတ်လေးက နိမ့်လိုက်မြင့်လိုက် ဖြစ်နေကြောင်းမြင်သောအခါ သူ၏ နာကျင်မှုက အနည်းငယ်သက်သာသွားသည်။ ယွမ့်ထန်းက စိတ်အေးသွားသလို ခံစားလိုက်ရသည်။
“ဒေါက်တာထန်း ညီလေးရဲ့ ကုသမှုတွေက ဘယ်လိုအခြေအနေရှိလဲ”
“အခုသူ့ကို မြေဆွဲအား ကင်းလွတ်တဲ့အခန်းမှာ ထည့်ထားလိုက်ပြီ၊ မြေဆွဲအားရဲ့ဖိအားသာမရှိရင် သူက ငါပေးတဲ့ဆေးရည်ကို သောက်နိုင်စွမ်း ရှိလာလိမ့်မယ်။ သူ့ရဲ့ အားနည်းနေတဲ့အရိုးတွေကို သိပ်မကြာခင်မှာ ကုသသွားနိုင်လိမ့်မယ်။ သူ့ရဲ့အရိုးတွေကသာ ကိုယ်တိုင် လှုပ်ရှားလို့ရတဲ့အနေအထားအထိ ပြန်လည်သက်သာလာပြီဆိုရင် သူ့ကို ဆေးရုံကနေ ဆင်းလို့ရပါပြီ၊ အဲဒီအချိန်ကနေ မင်းအနေနဲ့ မြေစွမ်းအားနည်းတဲ့ ဂြိုလ်ရှိတဲ့နေရာကို ချက်ချင်းလိုလို ပို့ပေးတာက အကောင်းဆုံးပဲ။ ဒီလိုဆိုရင် သူ့ရဲ့ကိုယ်က ဒဏ်ရာတွေ မရရှိနိုင်တော့ဘူး။ သူ့ရဲ့ ကိုယ်က အချိန်အတန်ကြာ ပြန်လည်အားဖြည့်ပေးဖို့ လိုသေးတယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ဒေါက်တာထန်း၏ မျက်နှာတွင် ရှားပါးသော အပြုံးက ပေါ်လာသည်။
“သူ သိပ်မကြာခင် နိုးတော့မယ်။ မင်း ဒီနေရာမှာ နေလိုက်ပါ”
“ကောင်းပါပြီ”
ယွမ့်ထန်းက ခေါင်းညိတ်သည်။ သူက တံခါးဝကို ဖြတ်သန်းသွားသည့် ဆရာဝန်ကို ကြည့်နေပြီးနောက်တွင် သူ၏ အကြည့်က ယွမ့်ယွီထံသို့ ရောက်လာသည်။ သူက လက်ကိုဆန့်တန်းလိုက်ကာ ယွမ့်ယွီ၏ခေါင်းကို ညင်သာစွာပွတ်သပ်သည်။ ထိုကလေးက ပိန်ပါးကာ အားနည်းလွန်းသည်။ သို့သော် ချစ်စရာကောင်းနေသေးသည်။ ယွမ့်ထန်းက သက်ပြင်းချလိုက်ကာ ခပ်တိုးတိုးပြောသည်။
“နိုးလာပါတော့”
လှပသော နေရောင်က ပြတင်းပေါက်မှတဆင့် ဖြာကျလာပြီးနောက် အလွန်လှပလွန်းလှသည်။ နေရောင်က အနက်ရောင်တိမ်စိုင်ထဲမှ ခွဲထွက်လာပြီး အလင်းက ထင်ရှားနေသော်လည်း ပူပြင်းခြင်း မရှိချေ။ ထို့ကြောင့် ဆေးရုံခန်းတစ်ခုလုံးက နွေးထွေးကာ တောက်ပနေသည်။ နေရောင်ကြောင့် ယွမ့်ရီ၏ မျက်ခွံများက ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။ သူ၏ မျက်ခွံထဲမှ သွေးကြောများကိုပင် ရှင်းလင်းစွာ မြင်နေရလေသည်။ သူ၏ သဘာဝအလျောက် ရှည်လျားသော ထူထဲသည့် မျက်တောင်များက အနည်းငယ်တုန်ခါသွားပြီး ဖြေးညင်းစွာဖြင့် မျက်လုံးက ပွင့်လာတော့သည်။
သူက နှစ်ပေါင်းများစွာတိုင်အောင် တစ်ဖက်သူကို မမြင်ရသေးသော်လည်း တစ်ချက်ကြည့်ရုံဖြင့်ပင် ယွမ့်ထန်းကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ၏ မျက်နှာတွင်ရှိသည့် သေးငယ်သော ချစ်စဖွယ်ကောင်းသည့် ပါးချိုင့်လေးက ထင်ရှားစွာ ပေါ်လာတော့ကာ မျက်ဝန်းများကပင် မျက်ရည်များဖြင့် တောက်ပလာတော့သည်?
“အစ်ကိုအစ်ကို”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now