part 4

1.9K 275 1
                                    

Unicode
အပိုင်း (၄) ကြက်ဥ ကိတ်နှင့် ငါးအသားလွှာ ယာဂု
နောက်တစ်ရက်တွင် သူ အိပ်ရာထ ရေချိုးပြီးနောက် ယွမ့်ထန်းက အလင်းဦးနှောက်ဖြင့် တိုက်ရိုက် ထုတ်လွှင့်ခြင်း ပလက်ဖောင်းထဲ လေ့ာအင် ၀င်လိုက်သည်။ သူက မနေ့ကရခဲ့သမျှကို ကိုယ်ပိုင် အကောင့်ထဲ ပြောင်းထည့်ပြီးနောက် ရှော့ပင်းဆိုက်သို့ သွားကာ ဟင်းအမယ် အသစ်များ ၀ယ်လိုက်သည်။
ယွမ့်ထန်းက အမြဲ ကောင်းကောင်း စားသည့်သူမျိုးဖြစ်သည်။ မနက်စာဆိုလျှင်ပင် သူက ဘယ်တော့မှ ဖြစ်သလို မစားပေ။
ဘယ်လိုပဲဖြစ်ဖြစ် ချက်သမျှကို တိုက်ရိုက် ထုတ်လွှင့်လို့ ရနေတာလေ။ ဘယ်လိုလူက ဗိုက်လည်းပြည့် ပိုက်ဆံလည်းရတဲ့ အလုပ်ကို မလုပ်ဘဲ နေမှာလဲ။
သည်တစ်ကြိမ်တွင် သူက ငါး၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ဂျုံမှုန့်၊ ပဲငံပြာရည်နှင့် သကြားတစ်အိတ် ၀ယ်လိုက်သည်။ သူက တစ်ခါတည်း ၂၀၀သုံးလိုက်သော်လည်း စိတ်ထဲ ဘယ်လိုမှ မနေပေ။ ဘာပဲဖြစ်ဖြစ် သူပြန်ရှာနိုင်နေတာပဲ။
ဒီနေ့ သူက ကြက်ဥကိတ်နဲ့ ငါးအသားလွှာ ယာဂု လုပ်မယ်။ ယာဂုကတော့ သူ့အတွက်ပေါ့၊ ကြက်ဥကိတ်ကိုတော့ ကြည့်ရှုသူတွေကိုတော့ လက်ဆောင်အဖြစ် ပြန်ပေးမယ်။
စကြ၀ဠာလုံးဆိုင်ရာ ချိတ်ဆက် ပို့ဆောင်ပေးသော ပစ္စည်းပို့ စနစ်သည် ယခင်အတိုင်း မြန်ဆဲနေသေး၏။ ယွမ့်ထန်းသည် ပစ္စည်းရောက်လာသည့်အခါ စစ်ကြည့်လိုက်သည့်အခိုက် အားလုံးဟာ ထင်ထားသည့်အတိုင်း လက်ဆတ်နေကြောင်း မြင်လိုက်ရသည်။ သူက သုံးမည့် ဟင်းအမယ် ပစ္စည်းများကို ဟင်းချက် ကောင်တာပေါ် တင်ထားလိုက်သည်။ ထို့နောက် သူ၏ မျက်ကပ်မှန်ကို တပ်ကာ တိုက်ရိုက် ထုတ်လွှင့်တော့သည်။
" အားလုံးပဲ မင်္ဂလာ နံနက်ခင်းပါ။ ကိုယ်ကတော့ မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ် ဒီနေ့ ချက်ပြမှာကတော့ ငါးအသားလွှာ ယာဂုနဲ့ ကြက်သွန်မြိတ် ကြက်ဥကိတ်ပါပဲ "
ပုံမှန်အတိုင်း သူ မိတ်ဆက်ပြီးနောက်စတင် ချက်ပြုတ်ရန်ပြင်လိုက်သည်။ သို့ရာတွင် မှတ်ချက်များ ပေါ်ထွက်လာသည့်အခါ သူ မင်သက်သွားရတော့သည်။
[ ထရန်စပါးရန့်လေး: ၀ိုး သူ တိုက်ရိုက် ထုတ်လွှင့်နေပြီပဲ။ ငါ စောင့်နေတာတောင်ကြာပြီ]
[ရတနာ ခုနှစ်သွယ်: ငါ သူပြောသွားတဲ့ ဟင်းတွေ တစ်ခါမှ မစားဖူးပေမဲ့ နားထောင်ရင်းနဲ့ကို ကောင်းမဲ့ပုံပဲ။ .... သွားရည်ကျ.......]
[ ကိုးသွယ်လမင်း: သူဌေးနဲ့ အစည်းအဝေး တက်ရင်း..... တိုက်ရိုက်ထုတ်လွှင့်တာကို ခိုးကြည့်နေ......]
.................
ယွမ့်ထန်းလည်း ချက်ချင်းလိုလို ကြည့်ရှုသူ အရေအတွက်ကို လှည့်ကြည့်လိုက်လေသည်။ မမျှော်လင့်ထားစွာပင် အယောက် ၂၀၀ကျော်နေကာ ဆက်လက် မြင့်တက်နေသေး၏။
ဒီတစ်ခေါက်မှာ တစ်ယောက်မှ မရှိမှာကိုတောင်သူ စိုးရိမ်နေတာလေ၊ ဘယ်လိုဖြစ်ပြီး ဒီလောက် များသွားတာလဲ။သူ အိပ်နေတုန်း တစ်ခုခုများ ဖြစ်သွားလို့လား
[တိုက်ရိုက် ထုတ်လွှင့်မှုတွေထဲ အရသာလိုက်မြည်းရင်း ပိတ်မိနေသော ငါ: ငါ ရီကွန်မန့်ပေးထားတာတွေ့လို့ လိုက်လာရင်း ရောက်လာတာ.. တင်ဆက်သူရေ ဒီနေ့ အာလူး မချက်တော့ဘူးလား]
ထောက်ခံတာ ဟုတ်လား။
ကျင်းကျန်း အ၀င်စာမျက်နှာတွင် ရီကွန်မန့် ဗီဒီယို များစွာ ရှိသည်။ အမျိုးမျိုးသော ချန်နယ်များမှ ဖြစ်ကာ ကြည့်ရှုသူ အများဆုံးက ထိပ်ဆုံးရောက်သည်။ ထိုသို့တွေးမိတော့မှ သူ မနေ့က လိုင်းပိတ်လိုက်ချိန်တွင် စာတစ်စောင်ဝင်လာသလိုလို ရှိကြောင်း သတိရသွားသည်။ သို့သော် သူက ထိုအချိန်က ယာဂုစားရန်သာ စိတ်စောနေသဖြင့် ထိုစာက ပုံမှန်လို ကြိုဆိုကြောင်း ပြောစာဟုသာ ထင်ခဲ့မိ၏။
ကြည့်ရတာ သူက အသစ်ထွက်တဲ့ အာလူးကို သုံးပြသွားတော့ ပလက်ဖောင်းက ရီကွန့်မန့်ဒေးရှင်းထဲ ထည့်ပေးလိုက်တာ ဖြစ်မယ်။
ထိုအခါမှ သူလည်း အခြေအနေကို နားလည်သွားပြီး ကြည့်ရှုသူ တိုးလာခြင်းကို နားလည်သွားသည်။ ထို့ကြောင့် သူတို့၏ အမေးကို ဖြေလိုက်၏။
" ကိုယ်တို့ ဒီနေ့ အာလူး မသုံးတော့ဘူး၊ အဲဒီအစား ငါးအသားလွှာ ယာဂုနဲ့ ကြက်ဥကိတ်ကိုပဲ ချက်ကြမယ်"
သူက ကိုယ်ကို လှည့်ကာ ကြည့်ရှုသူတွေအား ကောင်တာပေါ် အပုံလိုက်ရှိနေသည့် ပါဝင်ပစ္စည်းတွေကို ပြလိုက်သည်။
" ကိုယ်တို့ ဒီနေ့ အဓိက သုံးမှာက ငါးနဲ့ ကြက်ဥပဲ"
[ မြောင်မြောင်က ငါးမစားဘူး: ဘုရားရေ ငါး ဟုတ်လား။ အဲ့ဒါကြီးက စားလို့ရလို့လား။ အရသာက တအား ဆိုးတာလေ။ ငါ့နာမည်ပဲ ကြည့်စမ်းပါ။ ငါ ငါးမုန်းတယ်]
[ လေပန်းနှင်းလ: အမှန်ပဲ ငါးက တအား ညှီတယ်။ အထဲမှာလည်း စေးကပ်တဲ့ဟာတွေနဲ့ ပြည့်နေတာ။ ငါ့ကို အန်ချင်စေတယ်။ငါ ကြားတာ ကြယ်အဆင့် စားဖိုမှူးတစ်ယောက်က ငါးဟင်းချက်ပြီး ညစာ စားတာတဲ့။ ငါး အရိုးစူးသွားလို့ ဆေးရုံ အမြန်ပို့ပြီးကယ်ဆယ်လိုက်ရသေးတယ်လေ]
[တိုက်ရိုက် ထုတ်လွှင့်မှုတွေထဲ အရသာလိုက်မြည်းရင်း ပိတ်မိနေသော ငါ: မနေ့က အာလူး၊ ဒီနေ့ ငါးဆိုတော့ နင်က တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ရီကွန်မန့်ဒေးရှင်းထဲ ပါအောင် လုပ်နေတာ မဟုတ်လား ဟမ်]
ကျင်းကျန်း စာမျက်နှာက သည်လိုအရာမျိုးတွေကို ရီကွန်မန့် အလွန်ပေးတတ်ကာ အထူးသဖြင့် စားစရာများဖြစ်သည်။ လက်ရှိကာလတွင် အစိုးရက ပြည်သူများကို အားဖြည့် ဆေးရည်တွေထက် သဘာဝ စားစရာတွေကိုသာ စားရန် ပြင်းပြင်းထန်ထန် လှုံ့ဆော်နေကာ အားပေးနေချိန်ဖြစ်သည်။ ထို့ကြောင့် အရဲစွန့်ကာ ဟင်းပွဲအသစ်တွေ ထွင်သူတွေအတွက်ရီကွန့်မန့် ပေးတတ်ပေသည်။ ထို့ကြောင့်ကျော်ကြားလိုသူတွေက စားဖိုမှူး အစည်းအရုံးက တရားဝင် မထုတ်ပြန်လာရသေးသည့် ဟင်းပွဲများကို အရဲစွန့် စိန်ခေါ်ကာ ချက်ပြလေ့ရှိသည်။ သိသာစွာပင် အားလုံး ကျရှုံးကြ၏။
[ နွေဦး ပျားရည်: နှစ်ရက်ဆက်တိုက် မတူတဲ့ ဟင်းပွဲအသစ်တွေကို စိန်ခေါ်ဖို့ ကြံနေတယ်ဆိုတော့ တင်ဆက်သူက ကြည့်ရှုသူတွေကို စိတ်ပျက်အောင် မလုပ်မိဖို့ပဲ မျှော်လင့်ပါတယ်]
သူမ၏ စကားများက ရိုင်းသော်လည်း သူမက ကြယ်ပန်းကို ပို့လာသေးပေသည်။ မနေ့ကလည်း သူမက ၆ပွင့်တောင်ပို့ကာ သူကို ၆၀၀ပေးခဲ့သေးသည်။ ထို့ကြောင့် သူ အလွန် အမြတ်ရခဲ့၏။
ဖန်သားပြင်တွင် ပွင့်လန်းလာသည့် ကြယ်ပန်းကို မြင်ရချိန်တွင် ယွမ့်ထန်း တက်ကြွလာတော့ပေသည်။
" ဒါက လူထုပရိသတ်အတွက်တမူ ထူးခြားတာ ဟုတ်၊ မဟုတ် ကိုယ် ချက်လို့ ပြီးသွားတဲ့အခါ မင်းတို့ သိရမှာပေါ့"
ထို့နောက် သူက ချက်တင်ခန်းကို ဂရုမစိုက်တော့လေဘဲ ဓားကို ကိုင်ကာ ငါးကို ကိုင်တွယ်ရန် ကြံစည်တော့လေသည်။
ယွမ့်ထန်းက အသုံးများသော ငါးကြင်းကိုသာ ၀ယ်ခဲ့သည်။ ငါးကြင်း၏ အသားက ချောမွေ့ကာ နူးညံ့သည်။ကိုယ်လုံးက ကြီးကာ အရိုးနည်းသည်။ ထို့ကြောင့် ထည့်ပြုတ်ခြင်းနှင့် စွပ်ပြုတ်လုပ်ခြင်းတို့အတွက် သင့်လျော်သည်။တစ်ကောင်ကတင် ယာဂုအတွက် လုံလောက်နေလေပြီ။
သူ ၀ယ်ခဲ့သည့် ငါးကြင်းက အကောင်ကြီးကာ ၀တုတ်ပြီး ဖောင်းကားနေသည်။သူ ဆွဲထုတ်လိုက်သည့်အခါ ငါးက တက်ကြွကာ အမြီးက တစ်ဖက်ဖက် တစ်ဖက်ဖက် ဖြစ်နေသေးသဖြင့် ကြည့်နေသူများကို ထိတ်လန့်တကြား ဖြစ်သွားစေတော့သည်။ သူက အားလုံးကို နှစ်သိမ့်လိုက်သည်။ ထို့နောက် ငါးကို သေချာ ကိုင်ကာ ဘုတ်ပြားနား ကပ်ထားပြီး ဓားဖြင့် ခေါင်းကို ထုချလိုက်သည်။ ပြီးသည်နှင့် ကြေးခွံချွတ်တော့သည်။
ကြည့်နေသူတွေမှာ ဒီလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပေ။ သူတို့ခမျာ တင်ဆက်သူ၏ အားနည်းနေပုံရသော လက်သွယ်သွယ်လေးများ၏ အောက်တွင် သေသွားရှာသော ငါးဝတုတ်ကြီးကို ကြောင်အလျက် ကြည့်နေကြပေ၏။ဓားက တရွှက်ရွှက် အသံနှင့်အတူ ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ရှားရာမှ ကြေးခွံများက ဖွာခနဲ ဖွာခနဲ ကျလာသည်။ ကြည့်နေသူတိုင်း ကြက်သီးတဖြန်းဖြန်း ဖြစ်လာလေသည်။
[ ရတနာ ခုနှစ်သွယ်: မား.... မီး .. နာကျင်နေပြီ]
[ ထရန်စားပါးရန့်လေး: ငါလည်း ကြောက်တယ်။ဒါပေမဲ့ ငါးပေါ်က အဲဒီကြေးခွံတွေက စားလို့မရဘူး။ သူတို့က မာပြီး ထူးဆန်းတယ်။ ဒါကြောင့် ကြေးခွံ အရင်ချွတ်သင့်တယ်]
[ လေပန်းနှင်းလ: အမလေး အဲ့ဒါဘာကြီးလဲ]
သူတို့တွေမှာ ယွမ့်ထန်းက ငါးဗိုက်ကို ဖွင့်ကာ အထဲမှ မကောင်းသည့်အရာတွေကို နှိုက်ထုတ်ခြင်းအား ကြည့်နေလေသည်။
[ဖြတ်လျှောက်: ဘုရားရေ တိုက်ခိုက်ရတာကိုရူးရူးမူးမူး နှစ်သက်တဲ့ မာရှယ်ဟော်တောင် ဒီလို မလုပ်ဘူး။ ငါးက သေနေပါပြီ၊ ဒီလို နှိပ်စက်ဖို့အထိ လိုလို့လား]
ယွမ့်ထန်းမှာ ကွန်းမန့်များကို သဘောကျလာကာ ရယ်ရင်း ပြောလိုက်သည်။
" ကိုယ်က ရည်ရွယ်ချက်ရှိရှိ နှိပ်စက်နေတာ မဟုတ်ဘူး။ ငါးရဲ့ အတွင်း ကလီစာတွေက မသန့်တာတွေ ပါတယ်။ အထူးသဖြင့် သည်းခြေပဲ။ ဒါကို ထိမိသွားရင် တစ်ကိုယ်လုံး ခါးတူးပြီး နံလာလိမ့်မယ်။ ဒီတော့ ဖယ်ထုတ်လိုက်တာ အကောင်းဆုံးပဲ"
သူ့လက် လှုပ်ရှားမှုတွင် ငါးကိုယ်ထဲမှ စေးကပ်သော အရည်တွေ ထွက်ကျလာလေသည်။ သူက အထဲအပြင် ဗိုက်အောက်မှ အမြှေးပါးများကိုပါ ရေဆေးလိုက်သည်။ အနံ့ကို ဆေးကြောပြီးနောက် ငါးမှာ ဘုတ်ပြားပေါ် ပြန်ရောက်လာလေသည်။
ငါးအသားလွှာ လုပ်မည်ဖြစ်သဖြင့် ယွမ့်ထန်းအနေနှင့် ငါးခေါင်းကို သုံးရန် မလိုပေ။ သူက လက်တစ်ဖက်ဖြင့် ငါးကို ဖိထားရင်း ဓားဖြင့် လှီးထုတ်လိုက်သည်။ ထက်ခြမ်း ခြမ်းလိုက်ကာ အထဲမှ အရိုးကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် အမြီးကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားလိုက်သည်။ ညာလက်ဖြင့် ဓားကို ကိုင်ကာ ဓားထိပ်ဖြင့် ငါးကို ကလော်လိုက်ရာ ငါးအရေခွံက ငေါထွက်လာသည့်တိုင် ပေါက်ထွက်မသွားခဲ့ပေ။ ထို့အစား ဓားက ပြန်လှန်သွားကာ ပါးလျသော အနေအထားဖြင့် ငါး အသားတွေကို လှီးဖြတ်တော့လေသည်။ နှစ်ခြမ်းရှိသဖြင့် ထိုသို့ လှီးလိုက်သည့်အခါ လိပ်ပြာတောင်ပံကဲ့သို့ ဖြစ်နေတော့ပေသည်။ ဒါကို နှစ်သွယ် ပျံသန်း ခုတ်ဖြတ်ခြင်းဟု ခေါ်သည်။
သူက ကျွမ်းကျင်သဖြင့် အနည်းငယ်သော တုံ့ဆိုင်းမှုတောင်မပါဘဲ ငါးအသားလွှာများကို ပန်းကန်ပြားအပြည့် ကျွမ်းကျွမ်းကျင်ကျင် တင်လိုက်နိုင်သည်။
" ဒါဆို ရပြီ။ မင်းတို့သာ ဒီလိုလုပ်မယ်ဆိုရင် အရိုးကို ဖယ်ထားပြီးဖြစ်လို့ စိတ်မပူရတော့ဘူး"
သူက ငါးထဲသို့ ချင်း၊ ဆားနှင့် ဆီကို ထည့်ပြီးနောက် တစ်ဖက်သို့ ထားလိုက်သည်။
ငါးအသားလွှာ ယာဂုက မခက်ပေ။ အစာအိမ်ကို နွေးစေသည့် အစာကောင်းဖြစ်သည်။ သူက ဆန်ထည့်ပြီးသားအိုးယူပြီး ရေဖြင့် ကြိုပြီးနောက်ငါးကိုပါ ထည့်တည်လိုက်သည်။
" ငါးကို ချက်တာက မြန်ပါတယ်။ ဒီတော့ ကိုယ်တို့တွေ ခဏလောက်ဆူအောင် တည်ထားလိုက်ရုံပဲ။ ပြီးရင် ရပြီ"
ယွမ့်ထန်းက ချက်ပြုတ်ရန် အချိန်သတ်မှတ်လိုက်ပြီးနောက် ဒယ်ပြားကို ယူလိုက်သည်။
" အခု ကြက်ဥ ကိတ် နည်းနည်း လုပ်ကြရအောင်"
သူက ကြက်ဥလေးလုံးကို ယူကာ ပန်းကန်လုံးထဲ ခေါက်ထည့်ပြီး ကောင်းကောင်းလေး မွှေလိုက်သည်။ သူက ထိုထဲသို့ ကြက်သွန်မြိတ်များ ထည့်လိုက်သေးသည်။ ဒယ်ပြားထဲ မထည့်ရသေးသည့်တိုင် ရွှေရောင်ကြက်ဥနှင့် ကြက်သွန်မြိတ်တို့ ပေါင်းစပ်ထားပုံက အနုပညာဆန်ကာ လှပလာပေသည်။
ယွမ့်ထန်းက ပန်းကန်လုံးကြီးထဲသို့ ထည့်ကာ ဂျုံမှုန့် အိတ်သေး တ၀က်ခန့် ထည့်လိုက်သည်။ ထို့နောက် ရေနွေးနည်းနည်းကို မုန့်အနှစ်များထဲ ခပ်စပ်စပ် ထည့်ကာ ရောနယ်သည်။
" မင်းတို့ ရေအများကြီး ထည့်လို့ မရဘူး။ မုန့်နှစ်က ဒီလို အနေအထား အတိုင်းရှိနေရမယ်။ ပြီးတော့ အခုလို ဆက်တိုက် နယ်နေရမယ်။ မဟုတ်ရင် အရသာကို သက်ရောက်မှုရိလိမ့်မယ်"
သူက ကြက်ဥနှင့် ဆားကို ထည့်ကာ မုန့်နှစ်ကို နှံ့သွားသည်အထိ ဆက်နယ်သည်။
သူက ဒယ်ပြားထဲသို့ ဆီကို အနည်းငယ် ထည့်ကာ အိုးပူစေသည်။ ပြီးသည်နှင့် ထမင်းစားဇွန်း နှစ်ဇွန်းစာ ကြက်ဥ အနှစ်များကို ခပ်ထည့်ပြီး ဒယ်အိုး အောက်ခြေကို နှံ့သွားအောင် လက်ကောက်ဝတ်ကို လှုပ်ရှားပြီး ဖြန့်လိုက်သည်။
ကြက်ဥမှ ထွက်လာသည့် အနံ့တစ်ခုတည်းနှင့်တင် ကြည့်ရှုသူတွေ ဂနာမငြိမ်ဖြစ်လာကာ အတင်း တိုးကပ်ကာ ကြည့်မိစေသည်။
[မြောင်မြောင်က ငါးမစားဘူး: အနံ့က မွှေးလိုက်တာ။ သွားရည်တောင် မထိန်းနိုင်တော့ဘူး။ မနေ့ကထက်တောင် ပိုမွှေးနေသလိုပဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဒါက အာလူးကိတ်ထက် ပိုကြီးတယ်]
[ လေပန်းနှင်းလ: ငါ စားလို့ ရပြီလား၊ ငါ စားလို့ရပြီလား]
" နည်းနည်းတော့ စောင့်ရမယ်ကွာ"
ယွမ့်ထန်းက တစ်ဖက်က  ယောက်မကို ကိုင်ကာ အခြားတစ်ဖက်က ဒယ်ပြားကို ကိုင်ထားသည်။ ထို့နောက် ယောက်မကို အစွန်းနေရာအနှံ့ အောက်ဘက်သို့ သွင်းကာ အိုးနှင့် မုန့် မကပ်စေရန် လုပ်လိုက်သည်။ ပြီးသည်နှင့် ကျွမ်းကျင်စွာ တစ်ဖက်သို့ ဖတ်ခနဲ လှန်လိုက်သည်။ ထိုဖြစ်စဉ်က တိုက်ရိုက် ထုတ်လွှင့်မှုခန်းကို ၀ရုန်းသုန်းကာ ဖြစ်ကာ မုန်တိုင်းထန်သွားစေ၏။
[ ထရန်စပါးရန့်လေ:အခု တင်ဆက်သူ လုပ်လိုက်တာ ဘာအကွက်လဲ။ ရှေးခေတ် မြေကမ္ဘာက ဒဏ္ဍာရီတွင်တဲ့ ကွန်ဖူးတိုက်ကွက်များလား]
ယွမ့်ထန်း ရယ်မိတော့သည်။
" ဒါ ကွန်ဖူး မဟုတ်ပါဘူး၊ အခြေခံ ဟင်းချက် စကေးပါပဲ"
[ နွေဦး ပျားရည်: အခြေခံ စကေးဟုတ်လား။ ငါ သွားဖူးတဲ့ အဲဒီ ဆိုင်ကြီးတွေကျ ဘာလို့ ဒီလို လုပ်တာမျိုး မတွေ့ရတာလဲ]
ကြက်ဥက နဂိုကတည်းက အကျက်မြန်၏။ ထို့အပြင် ယွမ့်ထန်း၏ ကြက်ဥ ကိတ်က ပါးသည်။ ထိုအခါ ပိုပြီးပင် မြန်ဆန်နေတော့သည်။ကြက်ဥကိတ်မှ အကောင်းဆုံး အရသာ ရရန်အတွက်ယွမ့်ထန်းက ဒီလို အရေးအကြီးဆုံး အချိန်ကို သေချာ အာရုံစိုက်ထားလေသည်။
သူက အစွန်းနှစ်ဖက်လုံး အညိုရောင် သန်းသွားသည့်အထိ စောင့်ပြီးနောက် ယောက်မဖြင့် အပိုင်းပိုင်းဖြတ်ချကာ ပန်းကန်ပြားထဲ ထည့်သည်။
"ကောင်းပြီအခု အားလုံး မြည်းကြည့်လို့ရပြီ"
တကယ်တော့ နှမ်းဆီစမ်းနိုင်ရင်ပိုကောင်းမှာ။
ယွမ့်ထန်း နောင်တရနေ၏။ သို့သော် လက်ရှိ ကြက်ဥကိတ်ကပင် ကြည့်ရှုသူများအတွက် အလွန်တရာကောင်းမွန်နေလေပြီ။ ကြက်ဥကိတ်သည် အစွန်းဘက်ဟာ ကြွပ်ရွနေပြီး အလယ်က နူးညံ့ကာ ချိုမြိန်မှုကို ပေးသည်။ ကိုက်စားကြည့်လိုက်သည်နှင့် ထိုသူအတွက် ကစီဓာတ်၏ စေးကပ်မှုကိုပင် ခံစားမိသွားမည်ဖြစ်သည်။ ထိုသည်က ကြည့်ရှုသူတိုင်းအား ကြက်ဥနှင့် ကြက်သွန်စိမ်းကို အမြင်သစ်ဖြင့် ကြည့်မြင်လာစေသည်။ မည်သို့ပင်ဆိုစေ သည်နှစ်ခုလုံးဟာ သာမန် ပစ္စည်းများသာ ဖြစ်ပေသည်။
[ ရတနာ ခုနှစ်သွယ်: အရသာ ရှိတယ်၊ အရသာ ရှိတယ်၊ ငါ မရပ်နိုင်တော့ဘူး]
သူတို့၏ ကွန်းမန့်တွေပြုံထွက် မလာခင်မှာပင် နောက်ထပ် မွှေးပျံ့သည့် ရနံ့ ထွက်ပေါ်လာတော့ပေသည်။ ငါးအသားလွှာ ယာဂု ကျက်လေပြီ။ ယွမ့်ထန်းက အဖုံးကို ဖွင့်လိုက်သည့်အခါ သန့်ရှင်းချိုမြိန်သော ထမင်းနှင့် ငါးရနံ့ကိုက ရောနှောလျက် ထွက်လာပေ၏။
မည်သို့ပင်ဆိုစေ ထိုငါးအသားလွှာကို ကြည့်ရှုသူတွေက သိပ်မမျှော်မှန်းထားပေ။ ငါးကိုတောင် မည်သို့ စားရမည်မှန်း မသိသည့် ကြည့်ရှုသူများအတွက် ယွမ့်ထန်း၏ ငါးကိုင်သောပုံစံက အလွန် ကြောက်မက်ဖွယ်ကောင်းခဲ့ပေသည်။ သူတို့က ယခင်က ယာဂုကို လျစ်လျူရှုထားပေသည်။ သို့သော် သည်လို မွှေးရနံ့နှင့် ရင်ဆိုင်ရသည့်အခါ အားလုံးက ကြက်ဥကိတ်ကို ချကာ ယာဂုဘက်သာ အာရုံစိုက်တော့ပြီး သွားရည်များ ကျလာကုန်တော့သည်။
ယွမ့်ထန်းက ပန်းကန်လုံးလေးကို ယူလိုက်ကာ ယာဂု အနည်းငယ် ထည့်လိုက်သည်။ အသားရောင် ငါးအလွှာက အဖြူရောင်သန်းနေ၏။ ထမင်းကလည်း နူးညံ့နေသည်။ အပေါ်ယံတွင် ဆီအနည်းငယ် ဝေ့နေပေသည်။
ကြည့်ရှုနေသူတို့က တံတွေးများ ဆက်တိုက် မျိုချနေရတော့သည်။
[ ရတနာ ခုနှစ်သွယ်: တကယ် အရသာရှိလောက်တယ်]
[ မြောင်မြောင်က ငါး မစားဘူး: ငါ နာမည် ပြောင်းသင့်ပြီလို့ ခံစားမိလာပြီ။ ငါ့ပါးစပ်က တကယ် ပြောစကား နားမထောင်ဘူးပဲ]
ကြက်သွန်မြိတ်အနည်းငယ် ဖြူးပြီးနောက် ယွမ့်ထန်းက ယာဂုကို စားပွဲပေါ် ချကာ ပြုံးလိုက်သည်။
" ကဲ အခု ကိုယ်တို့ အတူ စားရအောင်၊ အရင်ဆုံး ကြက်ဥကိတ်ကို စားမယ်။ပြီးရင် ယာဂုကို သောက်မယ်။ ဒီကြက်ဥကိတ်က ဆီကြောင့် အီတာကို ပြေပျောက်စေပြီး လန်းဆန်းစေတယ်"
[မြောင်မြောင်က ငါးမစားဘူး: ငါ ဆက်မထိန်းနိုင်တော့ဘူး]
သူမ မထိန်းနိုင်တော့ချေ။ သူမက အလောတကြီး အမူအယာဖြင့် ယာဂုကို မျက်နှာချင်း ဆိုင်လိုက်သည်။ ထို့နောက် ဇွန်းဖြင့် တစ်ဇွန်းအပြည့် ခပ်လိုက်ကာ သောက်တော့၏။
[ မြောင်မြောင်က ငါးမစားဘူး: အား....................... အရမ်း ကောင်းတယ်]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အိုးဘုရားရေ ငါ သောက်နေရင်းနဲ့ လျှာက အရည်ပျော်ကျမလို ခံစားနေရပြီ။ စားလေလေ ဗိုက်ဆာလေလေပဲ။ တင်ဆက်သူကို ဆိုင်ဖွင့်ဖို့ တောင်းဆိုပါတယ်။ ဆိုင်ဖွင့်ပါ ဆိုင်ဖွင့်ပါ ဆိုင်ဖွင့်ပါ]
နူးညံ့ကာ ချောမွေ့နေသည့် ငါးအသားလွှာက သူတို့လျှာပေါ်တွင် အရည်ပျော်ကျသည်။ ထိုငါးအရသာက နူးညံ့ကာ မွှေးပျံသည့် ယာဂုနှင့် အလွန် လိုက်ဖက်သည်။ ငါးအလွှာတိုင်းက နူးညံ့အိစက်နေ၏။ ဒါက လျှာပေါ်တင်လိုက်သည့်အခါ တန်းပျော်ကျသွားသည့်ပမာ ခံစားရစေသည်။
တိုက်ရိုက် ချက်တင်ခန်းက ချက်ချင်း ငြိမ်ကျသွားကာ အားလုံးက ယာဂုကိုသာ အသည်းအသန် အရသာ ခံနေကြပေသည်။ တခဏခန့် ကြာပြီးနောက် လူအချို့က အသိဝင်လာတော့ကာ တင်ဆက်သူကို လက်ဆောင်များ ပို့ကြတော့သည်။ ထိုသို့ဖြင့် ဖန်သားပြင်တွင် ကြယ်ပန်းတွေ ဖွေးသွားတော့သည်။ ဖန်သားပြင်က ပန်းများဖြင့် ဖုံးသွားချိန်တွင် ကြည့်ရှုသူတွေက ယာဂုခွက်ထဲ ခေါင်းစိုက်လိုက်ကြပြန်သည်။
[ မြောင်မြောင်က ငါးမစားဘူး: ငါ့နာမည်ကို မြောင်မြောင်က ငါးကြိုက်တယ်လို့ ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘာလို့ ဒီလောက်တောင်ကောင်းရတာလဲ ၀ူးဝူး]
အားလုံးက ယာဂုကို နှစ်ခြိုက်နေချိန်တွင် ယွမ့်ထန်းက ကြက်ဥကိတ်ကို ယူကာ မြည်းလိုက်သည်။ အရသာက ကောင်းနေသော်လည်း တစ်စုံတစ်ရာ လိုနေသည်ဟု သူ ခံစားနေရသည်။ သူ စားနေကျ လမ်းဘေးစာ ကြက်ဥကိတ်က အမြဲတမ်း ခေါက်ဆွဲချဉ် ခပ်ထူထူ စမ်းထားလေ့ရှိသည်။ အနာဂတ်မှာ ထိုအချဉ် မရှိပေ။ သူ စားချင်လျှင် သူ ကိုယ်တိုင် လုပ်ရပေလိမ့်မည်။
ယွမ်ထန်းလည်း ပန်းကန်လုံးလေး တစ်လုံးကို ယူလိုက်ကာ ဂျုံမှုန်ကို ထည့်သည်။ ထို့နောက် ရေကို အချိုးအဆ မှန်မှန်ထည့်ကာ မွှေ၏။ ထို့နောက် ပဲငံပြာရည်နှင့် သကြားကို ထည့်သည်။ပြီးသည်နှင့် ဒယ်ပြားထဲ ထည့်ကာ မီးအေးအေးဖြင့် အပူပေးသည်။
ပွက်ပွက်ဆူလာသည့်အခါ သူ တူဖြင့် တို့ကာ မြည်းကြည့်သည်။ သို့တိုင် တစ်ခုခု လိုနေသေးသည်ဟု ခံစားရသဖြင့် သကြား ဇွန်းအပြည့်နှင့် ပဲငံပြာရည် ဇွန်းတ၀က်ကို ခပ်ထည့်လိုက်သည်။
[ ထရန်စပါးရန့်လေး: တင်ဆက်သူ ဘာတွေ လုပ်နေတာလဲ]
[ မြောင်မြောင်က ငါးမစားဘူး: အရောင်ကြီးက ကြည့်ရဆိုးလိုက်တာ၊ ဒါရော ကိတ်ပဲလား]
[ ရတနာ ခုနှစ်သွယ်: ဒါကြီးက စားလို့ရရော ရရဲ့လား၊ ကြက်ဥပုပ်ကြီးလိုပဲ]
" ကိုယ် အခု လုပ်နေတာလေ အချဉ်အနှစ်လို့ ခေါ်တယ်။ ဒါကို ကြက်ဥကိတ်နဲ့ တို့စားရင်အရသာ ရှိတယ်"
သူက တူဖြင့် ဆက်တိုက် မွှေပေးနေရာမှ အရသာ အဆင်ပြေလာသည့်အခါ ရပ်လိုက်လေသည်။
သူက လက်ဖက်ရည်ဇွန်း ရှာလိုက်ကာ တစ်ဇွန်းအပြည့် ခပ်ပြီး ကြက်ဥကိတ် တစ်ခုပေါ် စမ်းလိုက်သည်။ ထိုနည်းဖြင့် အားလုံး မြည်းနိုင်မည်ဖြစ်သည်။ သည်တစ်ကြိမ်တွင်မူ မတိုင်မီကထက် များစွာ အရသာရှိပေသည်။ ခပ်လေးလေး အရသာနှင့် အချိုဓာတ်တို့ ပေါင်းစပ်လိုက်သည့်အခါ ထိုလူများမှာ သူတို့လျှာ သူတို့ မမျိုချနိုင်သည့်အတွက် အားမလို အားမရ ဖြစ်နေကြတော့သည်။
[ သစ်ပင် ဖက်တာ မရပ်နိုင်ဘူး: အရသာ ရှိတယ်၊ အရသာ ရှိတယ်၊ အရသာ ရှိတယ်]
[မြောင်မြောင်က ငါးမစားဘူး: အရသာ ရှိလိုက်တာ၊ ဒီအချဉ်က ကြည့်ရဆိုးပေမဲ့ အရသာ တော်တော်ကောင်းတာပဲ။ အပြင်မှာ ရောင်းတဲ့ ခရမ်းချဉ်သီးမှို အချဉ်ရည်ထက် အများကြီး သာတယ်]
ယွမ့်ထန်းက ပြောသည်။
" အားလုံးပဲ လက်ဆောင်တွေအတွက်ကျေးဇူးတင်ပါတယ်။ ကိုယ် ဒီနေ့ ကံစမ်းမဲ သုံးယောက် နှိုက်ပေးမယ်။ ပြီးတော့ တစ်ယောက်စီကို အချဉ်အနှစ်နဲ့ ကြက်ဥကိတ် ပမာဏ အနည်းငယ်စီ ရမယ်]
ဒီတစ်ကြိမ်တွင် လူရာကျော်နေသည့်အတွက် မနေ့ကဲ့သို့ လူကုန် ရတော့မည်မဟုတ်ဘဲ ကံကောင်းမှုအပေါ်သာ မူတည်သွားတော့ပေမည်။
ယွမ့်ထန်းက တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ ကံစမ်းမဲ နှိုက်သည့်နေရာကို ဖွင့်လိုက်သည်။ ကြည့်ရှုသူများ၏ နာမည်များက နှင်းမှုန်များအလား ပြည့်နှက်သွား၏။ ထိုနာမည်တွေက သူ့ခန္ဓာကိုယ် ၀န်းကျင်တွင် လှည့်ပတ်လာတော့ကာ သူက ကြုံရာ နာမည် သုံးခုကို နှိပ်လိုက်သည်။ ထိုအခါ ရွေးချယ်ခံရသည့် နာမည်တွေက သူ့မျက်စိရှေ့ ရောက်လာလေတော့ကာ နာမည်တွေက ရွှေရောင်ပြောင်းသွားသည်။ အခြားသော နာမည်များကမူ ပျောက်သွားပေ၏။
"ဂုဏ်ယူပါတယ် ဖြတ်လျှောက်၊ ရတနာ ခုနှစ်သွယ်နဲ့ ID72648 ကိုယ်အခု မင်းတို့အတွက် အသစ်ပြန်လုပ်ပြီး ပို့ပေးလိုက်မှာဖြစ်လို့ ကျေးဇူးပြုပြီး ပစ္စည်းရောက်တဲ့အခါ စစ်ပြီး လက်ခံဖို့ မမေ့နဲ့ဦးနော်"
[ ဖြတ်လျှောက်: ကျေးဇူးတင်ပါတယ် တင်ဆက်သူ၊ ရောင်စုံမီးပန်းတွေနဲ့ တင်ဆက်သူကို ထောက်ပံ့မယ်]
လှပ ခမ်းနားလှသော ရောင်စုံမီးပန်းတွေက ဖန်သားပြင်တွင် ပြည့်သွားတော့ပေကာ အလွန်တရာ လှပပေသည်။ မီးပန်းများကျသွားပြီးနောက် ပုံဆောင်ခဲ ပုတီးစေ့တွေ ဖြစ်သွားကာမြေသို့ ကျလေသည်။
ဖန်သားပြင်တွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသော ပန်းရောင် အကွက်လေး ပေါ်လာလေသည်။
" အသုံးပြုသူ ဖြတ်လျှောက်က တင်ဆက်သူကို ရောင်စုံ မီးပန်း ဆုချလိုက်ပါတယ်။ ဒီနေရာကို နှိပ်ပြီး တိုက်ရိုက် ထုတ်လွှင့်ခန်းကို သွားကာ  သလင်းပြားကို စုဆောင်းပါ"
ရောင်စုံ မီးပန်းသည် ၁၀၀၀တန်သည်။ သူ့ကို ပေးလိုက်သည့်အခါ ၂ဂျီအမ်တန် သလင်းပြားများစွာ ကျကာ ၅၀၀တန် သလင်းနှလုံးသားလည်း ကျသည်။ ထိုအခါ ချန်နယ်တိုင်းတွင် ကြေညာချက် ထွက်လာတတ်သည်။ ထိုလင့်ခ်ကို နှိပ်လိုက်သည့်အခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တိုက်ရိုက် ရောက်သွားပေလိမ့်မည်။ ယင်းက ကျော်ကြားကာ လူသိများစေသည်။
ထိုသို့ဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုခန်းထဲ လူအရေအတွက် တစ်ဟုန်ထိုးတိုးလာတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now