part 9

1.7K 278 2
                                    

Unicode

အပိုင်း (၉)
သူ ပုစွန်ကို ထည့်ပြောလိုက်သည်နှင့် ခံစားချက်က ကောင်းလာသည်။ သူက ပုစွန်အရှင်များပါသည့် ဇလုံကို ထုတ်ယူလိုက်သည်။ အထဲတွင် ခွေခေါက်နေသည့် ပုစွန်၏ စိမ်းပြာရောင် ကိုယ်တွေကို မြင်ရသည်။ ထို့အပြင် ခြေတံရှည်တွေက ပျင်းရိစွာ လှုပ်ရမ်းနေ၏။ ယွမ့်ထန်းက ဘေဇင်နားတွင် ထားကာ တစ်ကောင်ချင်းစီ သေချာ ဆေးကြောလေသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော တစ်ကောင်ကို ထုတ်လိုက်ကာ ညပ်လေးကို ယူပြီး မျက်လုံး အပြူးသားဖြစ်နေသေးသည့် ခေါင်းကို ညပ်ဖြတ်လိုက်သည်။
ထိုအပြုအမူက လူတစ်ယောက်၏ ခေါင်းကို ဖြတ်လိုက်သကဲ့သို့ ခံစားရစေကာ ကြည့်ရှုသူများကို မသက်မသာ ဖြစ်စေသည်။ ယခင် ဗီဒီယိုများကို ကြည့်ဖူးသူတို့ဆိုလျှင် တင်ဆက်သူ၌ ကိုယ်ပိုင် စိတ်ကူးရှိမည်ဟု သိကြည်မည်ဖြစ်သော်လည်း မေးမြန်းသူတွေကမူ ရှိသေးပေသည်။
သို့သော် ယွမ်ထန်းက သူတို့ကို အာရုံမစိုက်လေဘဲ ပုစွန်ခေါင်းတွေကိုသာ ဆက်ညှပ်နေလိုက်သည်။ ထို့နောက် ခေါင်းများကို အမှိုက်ပုံးထဲ ထည့်လိုက်သည်။ ထိုအချိန်အတောအတွင်း၌င် တိုက်ရိုက်ထုတ်လွှင့်မှု ချက်ခန်းက မထိန်းချုပ်နိုင်သည့် အဆင့် ရောက်သွားသည်။
[ID3838438: ဒါက ဘယ်လို တိုက်ရိုက် ထုတ်လင့်တာလဲ။ ဘယ်လို ချက်ပြုတ်တာမျိုးက ဒီလောက် သွေးလွှမ်းစေတာလဲ။ ပလက်ဖောင်းက ဒါကို မထိန်းချုပ်တော့ဘူးလား]
[ အားအရမ်း စိုက်ထားတော့ နားနားနေနေ နေနေတယ်: အမှန်ပဲ။ သူ့ အရင် ဗီဒီယို တစ်ခုမှာဆိုရင် ငါးကို လုပ်လိုက်တာများ ငါ့မှာ အန်ထွက်တယ်။ ဒီလို သွေးလွှမ်းတဲ့ ဖြစ်စဉ်တွေပါတဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဗီဒီယိုကို ဘန်းလိုက်သင့်တယ်။ ငါတို့ ကလေးတွေကို ဘယ်လိုများ ကြည့်ခွင့်ပြုရမှာလဲ။ နာကျင်ခံစားရအောင် သတ်တာကို နှစ်သက်တဲ့ မကောင်းတဲ့ကောင်တွေ ဖြစ်သွားမယ်မလား]
[ လူအိုကြီး ဂျက်: ဟီးဟီး ကြည့်လိုက်ဦး။ သူက ခေါင်းကို ဖြတ်၊ အရေခွံကို စုတ်၊ ကျောကို ခွဲပြီး အူတွေကို ထုတ်တော့မယ်။ ဒါက နှိပ်စက် ညင်းပန်းနေတာပဲ မဟုတ်လား။ ငါ မေးပါရစေဦး ဒီပုစွန်တွေက မင်း အဘိုး အုတ်ဂူကို သွားဖော်မိလို့လား။ အဲဒီ ဘိုးဘေးကလည်း ဒီလို ဆူပူ သတ်ဖြတ်တာမျိုးကို အားပေးတဲ့သူပဲ ဖြစ်ရမယ်။ ပလက်ဖောင်းကို တောင်းဆိုပါတယ် ဒီအစားအသောက်ချန်နယ်ကို ဘန်းလိုက်ပါ]
ထိုသို့သော ကွန်းမန့်မျယဒက ခပ်အေးအေး ကြည့်နေသော ကြည့်ရှုသူတွေကို ဝင်ပါလာအောင် ဆွဲဆောင်နေလေသည်။ ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက် ထွက်လာကာ ယွမ့်ထန်းကို သည်လို နှိပ်စက်နေခြင်းကို ရပ်တန့်ပေးရန် ပြောလာပြီး လူသားချင်း စာနာစိတ်ထားရန် လူငယ်တွေကို လမ်းမှားအောင် မလုပ်ရန် ပြောကြလေသည်။ ယွမ့်ထန်းကဲ့သို့ အမြဲ ခပ်အေးအေး နေတတ်သူပင် ဒီလိုအခြေအနေကြောင့် စိတ်ပျက်ရလေသည်။
ဒီလို တညီတညွတ်ထဲ အပြစ်ရှာနေတာက ဟုတ်တော့ မဟုတ်သေးဘူး။ သူ့ အရင်ဘဝကလို ကျွမ်းကျင်တဲ့ ရေတပ်ကို ဝယ်ထားတာပဲ ဖြစ်မယ်။
ယွမ့်ထန်းသည် အမြဲ တည်ငြိမ်ကာ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်လေသည်။ သို့ရာတွင် သူနှင့်အတူ အစကတည်းက အတူရှိကာ ကြည့်လာသူများအတွက်မူ ပေါက်ကွဲစေလေ၏။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: နင်တို့နဲ့ ဘာဆိုင်လဲ။ နင်တို့ ငါ့ကို ရူးအောင် လာလုပ်နေတာပဲ။ နင်တို့ အဲလောက် စာနာတတ်နေရင် အသားစားမနေနဲ့။ အသားတော့ စားချင်တယ် အခုကျ နှိပ်စက်တယ် စွပ်စွဲတယ်၊ နင်တို့က ကြောင်သူတော်တွေပဲ]
[မြောင်မြောင်က ငါးကြိုက်တယ်: ငါးကို ရက်ရက်စက်စက် သတ်ပြီး ချက်ပြတဲ့ တစ်ခုတောင် ရှိသေးတယ်မလား၊ ဒါက အဲ့လောက်တောင် မဆိုးဘူးလေ။ အားလုံးပဲ စိတ်အေးအေး ထားပြီး တင်ဆက်သူကို ယုံကြည်ထားပါ]
[ ကိုးသွယ် လမင်း: မစားချင်တဲ့ ဟာတွေရေ ထွက်သွားကြလေ၊ နင်တို့ကို အတင်းဆွဲထားကြလို့လား]
သူတို့၏ ကူပြောပေးခြင်းက အသုံးမဝင်ပါပေ။ ထို့အပြင် တစ်ယောက်ချင်းဆီ ဆွဲထုတ်ခံရကာ ဥပမာ ပေးခံရပြီး ဝိုင်း အပြောခံရတော့၏။
[ ရွက်လွင့်ရင်း ပြုံးနေသူ: ကြည့်ပါဦး ကြည့်ပါဦး ဒီမှာ ဦးနှောက် ဆေးခံထားရသူတွေ ရှိနေပြီ။မင်းတို့က ဒါကို ရက်စက်တယ်လို့ ဘယ်ထင်တော့မှာလဲ မင်းတို့ ကိုယ်တိုင်ကိုက မကောင်းတဲ့လူယုတ်မာတွေ ဖြစ်နေပြီလေ]
[ID3838438: ပြစ်မှုကို ပြောင်းလဲ ထွက်ဆိုဖို့ ကြံမနေနဲ့။ ဘာလို့ မင်းတို့ မာစတာဆီ သွားပြီး ဒူးထောက် မခစားတာလဲ၊ နှိပ်စက်ရတာကို ကြိုက်နေတဲ့ ဟာတွေရဲ့]
ယွမ့်ထန်းဘက်မှ ကိုယ်စား ဝင်ပြောပေးသူတွေမှာ အများက ဝိုင်းပြောခြင်းကိုသာ ခံလိုက်ကြရလေသည်။ သူတို့၏ အရေအတွက်ကလည်း နည်းပါးနေသဖြင့် ဒီလူအုပ်ကို မနိုင်ကြပေ။ ထို့ကြောင့် ဒေါသထွက်လွန်းသဖြင့် မျက်ရည်ကျလုမတတ် ဖြစ်နေလေတော့သည်။
" တော်လောက်ပြီ"
သူနှင့် အမြဲ အတူရှိကာ အားပေးခဲ့သူများကို ယခုကဲ့သို့ အနိုင်ကျင့်ပြောဆိုနေကြခြင်းကို ခံစားနေရခြင်းအား မြင်လိုက်ရသည့်အခါ အမြဲတမ်း ခံစားချက်များကို ထိန်းသိမ်းကာ စိတ်သဘောထား ကောင်းပေးသည့် ယွမ့်ထန်းတောင် ဒေါသထွက်လာရပေသည်။ သူ မတတ်နိုင်ဘဲ လက်ထဲမှ ဓားကို ဘုတ်ပြားအား ထိုးစိုက်လိုက်ရင်း အသံကျယ်ကြီး ထွက်သွားစေပေ၏။
သူ့ဒေါသကို အကောင်းဆုံး ကြိုးစား ထိန်းကာ ရှင်းပြလိုက်သည်။
"ပုစွန်ခေါင်းထဲက အတွင်းကလီစာတွေနဲ့ ကျောဘက်က ဖယ်ထုတ် လိုက်တဲ့ အူတွေက အညစ်အကြေးတွေ အများဆုံးပဲ။ ဒါကြောင့် ချက်ချင်း ဖယ်ထုတ်ဖို့ လိုအပ်တယ်"
"ခင်များတို့ နားမလည်တာရှိရင် လာမေးလို့ရတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ကြည့်ရှုသူတွေကိုတော့ အနိုင်ကျင့်မနေနဲ့"
သို့ရာတွင် ထိုသူတွေက သူ့ဖြေရှင်းချက်ကို လက်မခံကြပေ။ တစ်ယောက်က ဦးဆောင်ကာ ဆဲဆိုမှုများဖြင့် ဒီချက်ခန်းကို လွှမ်းမိုးတော့ပြန်သည်။
[ လူအိုကြီး ဂျက်:မင်းက အဲဒီလိုပြောတိုင်း ငါတို့က လက်ခံရမှာလား။ စားဖိုမှူး အစည်းအရုံးနဲ့ သိပ္ပံ အကယ်ဒမီက သက်သေပြပြီးပြီလား။ မင်းက သောက်ကျိုးနည်းတွေ ပြောနေတာပဲ။ တစ်ယောက်ယောက်က စားမိလို့ ကံခေသွားပြီး တစ်ခုခုဖြစ်ရင် မင်းက တာဝန် ဆက်ယူမှာလား]
[ ရွက်လွင့်ရင်း ပြုံးနေသူ: ဘာကို အညစ်အကြေးတွေလဲ၊ မင်းက သတ်ရတာကို ကြိုက်နေတာနဲ့ပဲ သောက်ကျိုးနည်းတဲ့ ဖြေရှင်းချက်တွေ လိုက်ပေးနေတာပဲ]
[အားအရမ်း စိုက်ထားတော့ နားနားနေနေ နေနေတယ်: တွေးကြည့်လိုက်စမ်းပါ ဒီတင်ဆက်သူက ရက်စက်ရတာကို ကြိုက်တဲ့ အရူးပဲ။ သူက လူသတ်သမား။ သူ တစ်ခုခု ဆက်လုပ်ဖို့ ရှိနေတာဖြစ်ရမယ်။ ဘယ်ကနေ တရားမဝင် တင်ဆက်သူတွေ ရောက်လာတာတာလဲ။ သူ လုပ်သမျှကလည်း ဘာမှ ထူးခြားတာမ ရှိဘူး။ ကြေငြာတာကလည်း စိတ်ဝင်စားစရာ မကောင်းနဲ့ အခု ကြည့်ပါဦး ပုစွန်ကို နှိပ်စက်နေပြန်ပြီ။ နောက်ကျရင် ဦးနှောက်ဆေးခံထားရတဲ့ လူတွေက ကောင်းတယ်လို့ ပြောကြဦးမယ်။ ထွက်သွားစမ်း ထွက်သွား]
[ID741492: အမှိုက်ကောင် တင်ဆက်သူ ထွက်သွား ထွက်သွား ထွက်သွား]
ဘာတွေဖြစ်နေမှန်း ယွမ့်ထန်း မသိပေ။ တိုက်ရိုက် ချက်ခန်း တစ်ခုလုံးက ယခုလို ယွမ့်ထန်းကို ထွက်သွားရန် ပြောသည့် စာတွေနှင့်သာ ပြည့်သွားသည်။ ပြောရလျှင် ဒီချက်ခန်းက အနိုင်ကျင့်ခြင်း နှိပ်စက်ခြင်းများနှင့်သာ ပြည့်သွားတော့သည်။ ငိုသူများတောင် ရှိသေးကာ မခံစားနိုင်ဟုဆိပြီး ယွမ့်ထန်းကို နှစ်ရှစ်ဆယ်လောက် ထွက်သွားဟု ပြောနေသည်။
လူတိုင်းက သူ့ကို လက်ညှိုးထိုးကာ ဆဲဆိုနေကြသည်။ သူ့တွင် မည်မျှထက်ရှသည့် လျှာရှိနေပါပစေ လူတိုင်းကို ပြိုင်ငြင်းရန်ကား မဖြစ်နိုင်ချေ။
" ခင်များတို့...."
သူ့တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်လာသည်။ သူက အံကို ကြိတ်ထား၏။
ထိုအခိုက် ရုတ်တရက်ဆိုသလိုပင် ခန်းမ၏ အထက်မှ ကြယ်အလင်းများစွာ ဆင်းသက်လာကာ ဖန်သားပြင်တစ်ခုလုံးကို ကြယ်ကောင်းကင်ကြီးအဖြစ် ပြောင်းသွားစေသည်။ ဒါက အလွန်အမင်း လှပကာ ကြွေကျလာသည့် ကြယ်က မုန်းတီးနေသော ကွန်းမန့်တိုင်းကို ဖုံးလွှမ်းသွားတော့ပေသည်။
ကြယ်တစ်စင်းက ယွမ့်ထန်း၏ လက်ထဲသို့ ကျလာကာ ဖောက်ထွင်းမြင်ရမတတ်ကြည်လင်းသွားသည်။ တိုက်ရိုက် ထုတ်လွှင့်သည့် ခန်းမတွင် ပလက်ဖောင်းမှ ကြေငြာချက် ထွက်လာသည်။
အသုံးပြုသူ 'ဟော်'က တင်ဆက်သူကို ဥက္ကာပျံမိုး ဆုချီးမြင့်လိုက်ပါတယ်။
[ ဟော်: အဓိပ္ပာယ် မရှိတာတွေ ပြောတာ များပြီ]
ဥက္ကာပျံမိုးသည် အဆင့်လွန်အဆင့် လက်ဆောင်ဖြစ်ကာ တစ်ခုဆီကိုပင် တစ်သောင်းတန်ပေသည်။ဒါက သာမန်လူတွေ၏ နှစ်လစာနှင့် ညီမျှ၏။ ယခုလို ဥက္ကာပျံမိုး ရွာချလိုက်သည်က ချက်ခန်းကို ၁၅စက္ကန့်ခန့် ငြိမ်သက်သွားစေပေသည်။ ဒါက တစ်ဖက်သူတွေကို ပါးစပ်ပေါက်ပိတ်အောင် လုပ်လိုက်နိုင်သည့် အာဏာရှင်၏ ထက်ရှသော ဓားတစ်လက်နှင့်တောင် တူပေသည်။
ဥက္ကာပျံနှင့်အတူ ထိုစာသားလေးသာ လွင့်မျောလျက်မြင်နေရပေသည်။ ရွှေရောင်ဖြင့် ပေါ်နေခြင်းဖြစ်ကာ မျက်စိ ဆံပင်မွှေး စူးစရာတောင် ဖြစ်နေသေးပေသည်။
၁၅စက္ကန့် ကုန်သွားပြီးနောက် အတင်း ဖယ်ထုတ်ခံထားရသည့် ကွန်းမန့်များက ဆက်တိုက် ဝင်ရောက်လာသည်။
[ID3838438: အမှိုက်လို တင်ဆက်သူ ထွက်သွား ထွက်သွား]
[လူအိုကြီး ဂျက်: ကြည့်ပါဦး ကြည့်ပါဦး တင်ဆက်သူဘက်က ပြောပေးဖို့ မစောင့်နိုင်တဲ့သူတဲ့။ငါ သံသယဝင်လာပြီ။ တင်ဆက်သူက မင်းကို ဘယ်လို အကျိုးကျေးဇူးများ ပေးထားလို့လဲ။ဒီလို တင်ဆက်သူက ပိတ်ပြီး ထွက်မသွားတဲ့အပြင် အခြားတစ်ယောက်ကတောင် သူ့ကို ကာကွယ်ပေးလိုက်သေးပါလား]
[ID3838438: ရှက်စရာကောင်းလိုက်တာ။ အာဏာရှင်က ထောက်ပံပေးတာတောင် အဆင်မပြေနိုင်ဘူးပဲ။ မင်းမှာ ပိုက်ဆံတွေ ပေါနေလို့ အခြားသူတွေ ပါးစပ်ပေါက် ပိတ်သွားအောင် လုပ်လို့ရမယ် ထင်နေတာလား။ ဒါဆိုလည်း ဆက်လုပ်လိုက်ပါဦး]
အသုံးပြုသူ ဟော်က တင်ဆက်သူကို ဥက္ကာပျံ မိုး ဆုချလိုက်ပါတယ်။
[ ဟော်: မင်းတို့ရဲ့ ဆန္ဒအတိုင်း.....]
[ ဟော်: တင်ဆက်သူ ဆက်လုပ်ပါ]
ထိုသို့ ပိုက်ဆံနှင့် ပစ်ပေါက်ပြီး အားလုံးကို ပိတ်အောင် လုပ်လိုက်ခြင်းက ကြည့်ရှုသူများကို ဆွံ့အသွားစေပေသည်။ ထိုသူတွေက ဆက်လက်ပြီး အသိဝင်ကာ ဆဲဆိုရန် အစပျိုးလိုက်ချိန်တိုင်း ဟော်ဆိုသူက ဥက္ကာပျံမိုးများ ရွာကျစေပြန်ကာ ထိုအနိုင်ကျင့်သည့် ကွန်းမန့်များ အားလုံးကို ဖုံးလွှမ်းပစ်လိုက်သည်။ ထို့ကြောင့် သူတို့မှာ ညစ်ညမ်းသော စကားများဖြင့်တောင် ကျိန်ဆဲလာကြတော့သည်။ ထိုအခါ ညစ်ညမ်းသော အပြုအမူများ လုပ်သည့် အနေဖြင့် ပလက်ဖောင်းကပင် သူတို့ကို ဘန်းလိုက်တော့သည်။
ဒါကို ဘယ်လို နယ်မြေအရှင်လဲ။
ဒီလို ရယ်စရာ ကောင်းသည့် အခြေအနေက ယွမ့်ထန်းကို ရယ်မိစေသည်။ ဒီဟော်ဆိုသူက အသစ်ဖြစ်ရမယ်။ ဒါပေမဲ့ သူ့အပြုအမူက ယွမ့်ထန်း စိတ်ထဲရှိနေတာနဲ့ လုံးဝကို ပြီးပြည့်စုံအောင်ကို ကွက်တိကျနေတယ်။ ဟုတ်တယ် အဲဒီလူတွေ ဒေါသထွက်နေပါပစေ။
အခုလို ဖယ်ထုတ်ခံလိုက်ရလို့ ဒေါသထွက်နေမဲ့ ထိုသူတွေကိုတောင် ယွမ့်ထန်း မြင်ယောင်ကြည့်သည်။
မတိုင်မီက ဒေါသထွက်ကာ စိတ်များ မည်းမှောင်နေသည့် ယွမ့်ထန်းမှာ ချက်ချင်းလိုလို စိတ်အခြေအနေ ကောင်းသွားကာ ပြုးနေတော့သည်။
" ကျေးဇူးတင်ပါတယ်"
သူက ထိုလူသစ်ကို ပြောပြီးသည်နှင့် အာရုံကို ထိုအနှောင့်အယှက်တွေဆီ လွှဲလိုက်သည်။
" ကျွန်တော့်ရဲ့ ပုစွန်ကို ကိုင်တွယ်ပုံကို သဘောမကျတဲ့သူရှိရင် အကယ်ဒမီကို စာပို့ပြီး အတည်ပြုပေးဖို့ ပြောသင့်တယ်။ ဒါမှပဲ အမှန်ကို ခင်များတို့ သိနိုင်မှာပေါ့"
ယွမ့်ထန်း၏ ယုံကြည်မှုရှိသော ကြေညာချက်ကြောင့် ထိုမကောင်းသည့်သူများ၏ ဖယ်ထုတ်ခြင်းကို ခံထားရသည့် ကြည့်ရှုသူတို့၏ စိတ်များလည်း ကြည်သွားကြတော့သည်။ ထိုကျိန်ဆဲနေသည့် သူများကို ဘန်းလိုက်ပြီးကတည်းက ချက်တင်ခန်းက ငြိမ်ကျသွားသည်။ အများစုက ကွန်းမန့် မမန့်ရဲကြတော့ပေ။ အခြားသူများလည်း ဒေါသမထွက်ကြတော့ဘဲ ခေါင်းအေးသွားကြ၏။
တင်ဆက်သူကသာ လုပ်ကြံပြောဆိုတာဆိုရင် သူက အကယ်ဒမီကို ဆွဲထည့်ပြီး ပြောမှာ မဟုတ်ဘူး။
[ နွေဦး ပျားရည်: အကယ်ဒမီကို ဆက်သွယ်ပြီးပြီ။ အခု သူတို့လည်း ပုစွန်ကို လေ့လာဆန်းစစ်နေကြပြီ]
[ အရှင်ရူး: သူများကို နှိပ်စက်ရတာကို ပျော်မွေ့နေတဲ့ကောင် ငါ-ိုးပဲ။ မင်းက အသားတော့ စားတယ်မလား။ အဲဒီစားတဲ့ ဝက်ဆိုရင် သားသတ်သမားက သတ်ပြီး ရှစ်ပိုင်းလောက် ပိုင်းရောင်းတာကွ ဟုတ်ပြီလား။ ဒါကိုကျတော့ စားဖိုမှူး အစည်းအရုံးနဲ့ အကယ်ဒမီကို သွေးလွှမ်းတဲ့ အပြုအမူဆိုပြီး မကျိန်ဆဲကြတာလဲ]
[ သိုင့်မော့: ငါလည်း ထူးဆန်းတယ်လို့ ခံစားရတယ်။ အဲဒီလို မကောင်းပြောတဲ့ ကောင်တွေက အစလာကတည်းက အရှိန်နှုန်းအပြည့်နဲ့နော်။ သူတို့ ပြောသွားတဲ့အထဲ ဘယ်ဟာကမှ အချက်အလက် မကိုက်ညီဘူး။ ဆိုတော့ တင်ဆက်သူကို မနာလိုတဲ့သူ တစ်ယောက်ယောက်ကများ ဒီလို လူတွေ ငှားထားတာများလား]
"ကိုယ် ဖက်ထုပ် လုပ်လို့ပြီးတာနဲ့ ဒီလို ပြောနေကြတဲ့ သူတွေအားလုံး ပါးစပ် ပိတ်သွားမယ်လို့ ယုံကြည်တယ်။ နောက်ပြီး ဖက်ထုပ်က သူတို့ရဲ့ မုန်းတီးတဲ့ စကားတွေကြောင့်နဲ့ အရသာ မပျက်သွားပါဘူး"
ယွမ့်ထန်းက ဆက်ပြောသည်။
" မင်းတို့ မကျေနပ်သေးရင် ပြီးတဲ့အထိ စောင့်ကြည့်လိုက်ပါ"
[ မြောင်မြောင်က ငါးကြိုက်တယ်: တင်ဆက်သူ ပြောတာ မှန်တယ်။ နောက်ပြီး အာဏာရှင် အစ်ကိုကြီးရေ အင်အားကြီးပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းလိုက်တာနော်]
[ သစ်ပင်ကို မဖက်ဘဲ မနေနိုင်ဘူး: အာဏာရှင် အစ်ကိုကြီး အပေါင်းတစ် အတူတူ စောင့်ကြရအောင်]
[နွေဦး ပျားရည်: အပြောကြီး နေတာထက် လက်တွေ့လုပ်ပြတာက ပိုကောင်းတယ်]
ထိုစကားပြောပြီးနောက် ယွမ့်ထန်းက သူတို့ကို ဂရုမစိုက်တော့ဘဲ နှောင့်ယှက်ခံလိုက်ရသည့် လုပ်ငန်းကိုသာ ဆက်လုပ်တော့လေသည်။
ယွမ့်ထန်းလည်း ပုစွန်ကို ပြင်ဆင်ပြီးသွားသည်နှင့် ပန်းကန်ပြားပေါ် ပုံထားလိုက်သည်။ ထို့နောက် သူက ဝက်ခေါက်သားကို ရေခဲ သေတ္တာထဲမှ ထုတ်လိုက်သည်။ ဝက်ခေါက်ကလည်း အသုံးပြုရန် အဆင်သင့် ဖြစ်နေလေပြီ။
ယွမ့်ထန်းသည် ဖက်ထုပ်ရွက်ကို ယူကာ တူဖြင့် အစာပလာများ ယူကာ ထည့်သည်။ ထို့နောက် ဝက်ခေါက် အတုံးလေး တစ်တုံးနှင့် ပုစွန် အပိုင်းကြီး တစ်ပိုင်းကို ယူကာ ထည့်၏။ ထို့နောက် လက်နှစ်ဖက်လုံးဖြင့် လှုပ်ရှားကာ ဖက်ထုပ်၏ အနားသတ်များကို ဖိပြီး တွန့်ခေါက်သည့် ဖက်ထုပ်ပုံစံလေး ဖြစ်သွားစေလိုက်သည်။
ယွမ့်ထန်းက လက်ထဲရှိ ဖက်ထုပ်ကိုသာ အာရုံစိုက်ထားသည်။ သူက ကြည့်ရှုသူများအတွက် ဖက်ထုပ်ကို ပုံစံနှစ်မျိုးဖြင့် ထုပ်ပြလိုက်ကာ အချင်းချင်း နှိုင်းယှဉ်ပြလိုက်သည်။ သူက ပုစွန်ဖက်ထုပ်အပြင် ဝက်ခေါက် ဖက်ထုပ်လည်း လုပ်လိုက်သည်။ ထိုသို့ဖြင့် သူ့လက်ထဲမှ ချစ်စဖွယ်ကောင်းသော ဖက်ထုပ်လေးများ တစ်ခုပြီး တစ်ခု ထွက်လာသည်။ သည်ဖက်ထုပ်များကို ဘုတ်ပြားတွင် အတန်းလိုက် စီထားလိုက်သည်။ ထိုသို့ လှပပြီး ချစ်စဖွယ်ကောင်သည့် ညီညာနေသော ဖက်ထုပ်များကို ကြည့်ပြီး ကြော့ရှင်းမှုကို ရသည်။
[ မြောင်မြောင်က ငါးကြိုက်တယ်: ဘုရားရေ သူတို့က ချစ်ဖို့ကောင်းလိုက်တာ။ ချစ်ဖို့ကောင်းလွန်းလို့ စားဖို့ မစောင့်နိုင်တော့ဘူး(▽')]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဟုတ်တယ် ဟုတ်တယ်။ နူးညံ့ပြီး အိစက်နေမဲ့ပုံပဲ။ ငါ့နှလုံးသားတော့ အရည်ပျော်နေပါပြီ ~~~(w)]
" ကဲ ကိုယ်အခု ဖက်ထုပ်တွေကို ပြုတ်အိုးထဲ ထည့်တော့မယ်။ ခဏနေရင်တော့ စားလို့ရပြီ"
ယွမ့်ထန်းက ဖက်ထုပ်တွေကို ပြုတ်အိုးထဲသို့ သေချာ ထည်သည်။ တစ်ခုနှင့် တစ်ခုကြား အကွာအ​ဝေး အနည်းငယ်ခြားသည်။ သို့မှသာ အချင်းချင်း ကပ်မနေမည် ဖြစ်သည်။ သည်နည်းဖြင့် ညီမျှစွာ ကျက်သွားပေလိမ့်မည်။
ပြုတ်အိုးထဲ ပြည့်သွားသည့်နောက် သူက သံဟင်းချက် အိုးကြီးထဲ ပြုတ်အိုးကို ထည့်လိုက်သည်။ ထို့နောက် ရေအပြည့်ထည့်၏။ ထိုအခါ ဖက်ထုပ်များက အပေါ်သို့ မြောက်တက်လာတော့သည်။ ယွမ့်ထန်းအနေဖြင့် ယခုအနေအထားအရ ဆယ်မိနစ်လောက်ဆို ကျက်လောက်ပြီဟု ခန့်မှန်းမိလိုက်သည်။
ယခုမှသာ ယွမ့်ထန်းလည်း ကွန်းမန့်တွေကို ကြည့်ရန် အချိန်ရတော့သည်။
ချက်ခန်းထဲမှ လေထု အခြေအနေက စည်းချက်ကျနေသည်။ အဘန်းခံလိုက်ရသူတွေက အကောင့်များ ထပ်ဖွင့်ကာ ရောက်လာကြသည်။ သို့ရာတွင် သူတို့ ဘာမှတောင် မပြောရသေးခင်မှာပင် ထပ်မံပြီး အဘန်းခံရလေသည်။
တင်ဆက်သူမှ လွဲပြီး မြင့်မားသော လက်ဆောင် ပေးနိုင်သည့် ကြည့်ရှုသူကလည်း တိုက်ရိုက် ထုတ်လွှင့်မှု ချက်ခန်းကို ထိန်းချုပ်ပိုင်ခွင့်ရှိသည်။ အများအားဖြင့် တင်ဆက်သူများက ကိုယ့်အလုပ်အပေါ်သာ အာရုံရောက်နေတတ်ကြကာ ဒါကို ထိန်းချုပ်ဖို့ရာ မအားကြပေ။ ထိုအခါ တင်ဆက်သူ အများစုက မိတ်ဆွေတွေကို ပိုက်ဆံအများဆုံး ဆုချခိုင်းပြီး အခန်းကို ထိန်းချုပ်ဖို့ရာ ခိုင်းထားလေ့ရှိသည်။
ယွမ့်ထန်း၏ အကြည့်က ကြည့်ရှုသူတွေ၏ စာရင်း ထိပ်ဆုံးသို့ ရောက်သွားသည်။ သူ ခန့်မှန်းထားသည့်အတိုင်း စီမံ ခန့်ခွဲသူဟူသော အမှတ်အသားဖြင့် ဟော်၏ အကောင့်နာမည်ကို တွေ့လိုက်ရလေသည်။ ထိုအကောင့်ပိုင်ရှင်ဟာ ပလက်ဖောင်းက သတ်မှတ်ပေးထားသည့် ပမာဏကို ကျော်လွန်သည်အထိ ဥက္ကာပျံတွေ ပို့ပေးထားလေသည်။
ယွမ့်ထန်းအတွက် ပထမဆုံးအကြိမ် ပရိသတ်တစ်ယောက်ဆီမှ အကာကွယ်ခံရခြင်းဖြစ်သည်။ အထူးသဖြင့် ပိုက်ဆံအများကြီး ရှိပြီး စကားများများ မပြောဘဲ ဒါရိုက်တာတစ်ယောက်ပမာ လွှမ်းမိုးမှုအပြည့်ဖြင့် လုပ်တတ်သူမျိုးထံမှ ဖြစ်သည်။
တစ်ဖက်သူ ဖက်ထုပ် ကြိုက်ပါ့မလား သူ မသိပေ။ သို့သော် တစ်ဖက်သူက သဘောကျမည် ဆိုလျှင်တော့ဖြင့် အကောင်းစားဘူးဖြင့် အပြည့် ထည့်ပေးလိုက်ချင်သည်။
ဆယ်မိနစ်က ခဏချင်း ကုန်သွားသည်။ ယွမ့်ထန်း ပြုတ်အိုး အဖုံးကို ဖွင့်လိုက်သည့်အခါ သိသာထင်ရှားသော မွှေးရနံ့က မျက်နှာကို ဟပ်လာလေသည်။ ဖက်ထုပ်လေးက အပူငွေ့ဖြင့် ကြည်တောက်လာသဖြင့် အထဲရှိ ပန်းရောင် အစာပလာတွေကို မြင်ရလေသည်။ ထို့အပြင် စဦးပိုင်းကဲ့သို့ ဖောင်းတက်မနေတော့ဘဲ အတန်ငယ် အိကျသွားကာ လုံးလုံးလေး ဖြစ်နေတော့သည်။ အနီးကပ် ကြည့်မည်ဆိုလျှင် ရွှေရောင်တောက်နေသော စွပ်ပြုတ်ကြောင့် ဖက်ထုပ်က ပိုပြီး အိစက် နူးညံ့နေမည့်ပုံ ပေါ်နေတော့သည်။
[ ယွဲ့ယွီရှင်းဟွာ: သတင်းပို့ပါတယ် ငါ့ပါးစပ်က အရည်တွေ ကျနေပြီ]
[ မြောင်မြောင်က ငါးကြိုက်တယ်: ကြည့်ကောင်းလိုက်တာ စားလို့လည်း ကောင်းမဲ့ပုံပဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: စားလို့ရပြီလား စားလို့ရပြီလား ]
" ကိုယ်က ဖက်ထုပ် နှစ်မျိုး လုပ်ထားတယ်။ ကဲ အားလုံးပဲ ဝက်သား သီးသန့်ပါတဲ့ ဖက်ထုပ်ကို လာမြည်းကြည့်ကြပါ"
ယွမ့်ထန်းက ဖက်ထုပ်ကို ပန်းကန်လုံးလေးထဲ ဆယ်ထည့်လိုက်သည်။
" မင်းတို့ ဖက်ထုပ် စားတဲ့အခါ ပူတုန်း စားသင့်တယ်။ အေးသွားရင် မကောင်းတော့ဘူး။ အရသာရဲ့ ပမာဏ အများဆုံး နိမ့်ကျသွားလိမ့်မယ်"
" ဒါပေမဲ့ သတိထားပါ၊ အထဲကို အရည်တွေ စိမ့်ဝင်နေလို့ အပူမလောင်အောင် သတိထားပြီး စား......"
သူ၏ စကား မဆုံးသေးခင်မှာပင် လောဘကြီးသော အကောင်ပေါက်လေး နှစ်ကောင်၏ အော်သံက ထွက်လာသည်။
[ မြောင်မြောင်က ငါးကြိုက်တယ်: အား...အား...အား....အား... အပူလောင်သွားပြီ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: တင်ဆက်သူ ပြောတာ တအား နောက်ကျလိုက်တာ 〒▽〒 ။ ငါ အခု ဖက်ထုပ် တစ်ခုလုံးကို ပါးစပ်ထဲ ထည့််လိုက်ပြီ။ ဘယ်လို ကိုက်စားရမလဲ မသိတော့ဘူး ဝူးဝူးဝူး]
[ ထရန်စပါးရမ့်လေး : ထွေးထုတ်လိုက် ထွေးထုတ်လိုက်]
[ မြောင်မြောင်က ငါး မစားဘူး: မထွေးပါဘူး။ ပါးစပ်ထဲ ရောက်ပြီးသား အရသာရှိတဲ့ စားစရာကို ထွေးထုတ်ဖို့ လုံး၀ မဖြစ်နိုင်ဘူး]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဟုတ်တယ် ဟုတ်တယ်။ အရသာရှိတဲ့ စားစရာကို ပါးစပ်ထဲ ဒီအတိုင်း ထည့်ငုံထားရတာနဲ့တင် ကျေနပ်တယ် အဆင်ပြေလား]
[ ဆုမူချီ: ဒါက နင်တို့ အလောကြီးလို့လေ၊ အမှန်ဆို ခပ်ဖြည်းဖြည်းချင်း စားရမှာ..... ရှလွတ်..... စွပ်ပြုတ်ရည် စုပ်သောက်သံ]
[ ခမ်းနားတဲ့ ပိုးစားပင်တွေကို မျက်စိတစ်ဆုံး မြင်နေရတယ် : တအား အရသာရှိတယ်။ ဖက်ထုပ်ရွက်က ပါးတော့ တစ်ချက် ကိုက်လိုက်တာနဲ့ ပေါက်ထွက်သွားရောပဲ။ ပြီးတာနဲ့ အထဲက အသားတွေနဲ့ စွပ်ပြုတ်ရည်တွေ ထွက်လာတယ်။ ရှလွတ်... ငါ ဒီလောက် အရသာရှိတာမျိုး တစ်ခါမှ မစားဖူးဘူး ကောင်းလိုက်တာ။ ငါ့ပါးစပ် ရပ်လို့ မရတော့ဘူး အဟေး (T▽T)]
[ နွေဦး ပျားရည်: အရမ်းကောင်းတယ်]
အားလုံးက ဖက်ထုပ်ကို သဘောကျနေတာ မြင်ရတော့ ယွမ့်ထန်း စိတ်ချမ်းသာသွားသည်။ သူ ပုစွန် ဖက်ထုပ်များကို ထုတ်လိုက်၏။
" ကဲ အခု ပုစွန် ဖက်ထုပ်ကို စားလို့ရပါပြီ"
သို့သော် အစားကြူးသော နှစ်ယောက်ကို သတိရပြီး ချက်ချင်း အမြန် ပြောရသည်။
" စားနေရင်း သတိထားရမှာက မင်းတို့တွေ ပုစွန်နဲ့မတည့်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် တကယ့်ဘဝမှာ စားတဲ့အခါ မတည့်တဲ့ အခြေအနေတွေ မဖြစ်အောင် သတိထားကြပါ"
သို့သော် ယခုက သုံးဖက်မြင် ဖန်သားပြင် ပုံရိပ်ဖြင့် စားရမည်ဖြစ်သဖြင့် ဓာတ်မတည့်တာမျိုးကို ဂရုစိုက်ရန် မလိုအပ်ပေ။ သို့သော် ပုစွန်ကို သတ်စဉ်က ရက်စက် ကြမ်းတမ်းသည့် အပြုအမူကို သံသယဝင်သည့် ကြည့်ရှုသူများ ရှိကြသေးကာ အနည်းငယ် တွန့်နေကြတော့သည်။ ကြည့်ရှုသူဟောင်းများကဲ့သို့ ယွမ့်ထန်း၏ လက်ရာဖြင့် လွှမ်းမိုးခြင်း ခံထားရသူများသာ ဘာကိုမှ မတွေးတောခြင်းဖြစ်သည်။
[မြောင်မြောင်က ငါးကြိုက်တယ်: အာ ဝက်သားဖက်ထုပ်ထက်တောင် ပိုကောင်းသေးတယ်။ ငါ့နာမည် ထပ်ပြောင်းရတော့မယ် ထင်တယ်။ သြော် ငါက စိတ်ပြောင်းမြန်ပြီး သစ္စာမရှိတဲ့ မိန်းမပါလားနော်]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: တကယ်ကို နူးညံ့နေတာပဲ။ အနံ့ကလည်း မွှေးလိုက်တာ။ ဒါက ဝက်သားဖက်ထုပ်နဲ့ တကယ်ကွာတယ်။ အကောင်းဆုံးပဲ]
[ ကိုးသွယ်လမင်း:တကယ်လား နင် ငါတို့ကို လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်။ ငါ နည်းနည်း သံသယဝင်နေလို့]
[ မူးနေတဲ့ ကြောင်အလှလေး: ဝါး...ဝါး...ဝါး ကောင်းလိုက်တာ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ အခု နားလည်သွားပြီ၊ ဒီလို တိုက်ရိုက် ထုတ်ခွှင့်နေကြတဲ့ သူတွေဆီမှာ ဇာတ်ညွှန်းရှိနေတာ ဖြစ်မယ်။ ဒီလို အရာမျိုးကို စားတာက ရက်စက်လွန်းတာပဲ ။ ငါ ငတ်သေသွားရင်တောင် မစားနိုင်ဘူး... ရှလွတ် ကောင်းလိုက်တာ]
[ စစ်အာ့ ရှီအာ့(၄၂၁၂): ဟားဟားဟားဟားဟားဟား တကယ်ကောင်းတာပဲ ငါ မရပ်နိုင်တော့ဘူး ငါ မရပ်နိုင်တော့ဘူး]
ထိုအခိုက် ခမ်းနားလှသော ဥက္ကာပျံမိုးတွေ ရွာချလာကာ ကွန်းမန့်တိုင်းကို ဖုံးသွားသည်။
ဟော်က တင်ဆက်သူက ဥက္ကာပျံမိုး လက်ဆောင် ပေးလိုက်ပါတယ်။
[ဟော်: နှစ်ခုလုံး အရသာ ရှိတယ်]
ယွမ့်ထန်း၏ နှုတ်ခမ်းတွေ ကော့တက်သွားသည်။
" ဒီလက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ခဏနေ ကျွန်တော် ခင်များကို တစ်မျိုး နည်းနည်းစီ ပို့ပေးလိုက်ပါ့မယ်"
[ဟော်: ကျေးဇူးပါပဲ]
[ ထရန်စပါးရန့်လေး: တင်ဆက်သူရေ ငါလည်း လိုချင်တယ်လေ]
[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: T T တင်ဆက်သူရေ့ ငါလည်း လိုချင်တယ်လို့]
[မြောင်မြောင်က ငါးကြိုက်တယ်: =口= တင်ဆက်သူရေ ငါလည်း ယူမယ်နော်]
ယွမ့်ထန်း၏ စကားဆုံးသွားသည်နှင့် ချစ်ဖို့ကောင်းအောင် လုပ်ပြကာ ဖက်ထုပ်စားရရန် ကြိုးစားနေကြသူတွေကို မြင်ရလေသည်။ သူ ရယ်လိုက်သည်။
"ဟုတ်ပြီကိုယ်က ကိုယ့်ကို အရင်ကတည်းက အားပေးလာသူတွေထဲက ငါးယောက်ရွေးပြီး လက်ဆောင်ပို့ပေးသွားမှာပါ။ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ် တကယ် ခံစားသွားရတယ်"
[ ညလယ်ခေါင်ကြီး ရေနွေးထသောက်နေတဲ့ ငါ: ဝါး ဒါဆို ငါရောပါလား ငါရော ပါလား]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ကံကောင်းဖို့ မျှော်လင့်ပါတယ်]
[မြောင်မြောင်က ငါးကြိုက်တယ်: တင်ဆက်သူကို တောင်းဆိုပါတယ်၊ လက်ဆောင်ကို အိမ်တိုင်ရာရောက် ပို့လိုက်ပါတော့]
[နွေဦး ပျားရည်: ငါ့မျိုးဆက်မှာ ဒဏ္ဍာရီက ပေါက်ဖွားလာပြီ။ ဒီသလင်းပန်းနဲ့ ငါ့ရဲ့ တည်မြဲတဲ့ ချစ်ခြင်းနဲ့ သစ္စာတရားကို ဖော်ပြလိုက်ပါတယ်]
[ဗီဗီအန်း ဖုန်း: ( >﹏<)]
ကြည့်ရှုသူ အသစ်များက မကျေနပ်ကြသည့်တိုင် သူတို့ နားလည်နိုင်ကြသည်။ သူတို့ထဲက အချို့က မတိုင်မီကလေးတင် တင်ဆက်သူကို သံသယ ဝင်ခဲ့ကြ၏။ သူတို့ ဝင်ပြီး တင်ဆက်သူထံမှ အရှက်မရှိ မတောင်းခံရဲကြပေ။ သူတို့ကိုယ်သူတို့ တင်ဆက်သူဘက်မှ ဝင်မပြောမိသည့်အတွက် မုန်းတီးနေကြလေသည်။ ထိုသို့သာ ပြောခဲ့ပါလျှင် မဲနှိုက်ပေးမည့်အထဲ သူတို့ပါလောက်ကာ အနိုင်ရရန် အခွင့်အရေး ရှိလောက်သေးသည်။
ယွမ့်ထန်းက ထိုလူများအပေါ် အငြိုးမထားပေ။ ထို့အပြင် သူတို့၏ အထီးကျန်နေပုံကို မြင်ရသည့်အခါ သူက နှစ်သိမ့်လိုက်သ်ည။
" ကိုယ် ညကျရင် ပိုပြီးအရသာရှိတာတွေ ပြင်ဆင်ထားပြီး အားလုံးအတွက် မဲနှိုက်ပေးမှာပါ"
[ ညဦးပိုင်း ကျတဲ့ နှင်း: အား..အား..အား... တင်ဆက်သူက လူကောင်းပါလား....]
[အဖြူရောင် မိုးမခရွက်လေး: ဘုရားရေ ရုတ်တရက်ကြီး ငါနဲ့ မတန်သလို ခံစားလိုက်ရတယ်။ တင်ဆက်သူက ကြင်နာယဉ်ကျေးတဲ့ ကောင်လေးပဲ။ တောင်းပန်ပါတယ် အခုကစပြီး တင်ဆက်သူကိုပဲ အပြည့်အ၀ ယုံကြည်သွားပါတော့မယ်။ မွ... ဘန်း... တင်ဆက်သူကို သလင်းပန်း ဆုချလိုက်ပါပြီ]
[အရသာရှိသောယွီလင်း: ငါ ကြေညာတယ်။ အခုကစပြီး ငါက တင်ဆက်သူရဲ့ ဆင်ခြင်မဲ့ ဖန်ပဲ]
" ဖက်ထုပ်ကို အခြားနည်းနဲ့ စားလို့ရသေးတယ်။ ကိုယ် မင်းတို့ကို ရှာလကာရည်နည်းနည်းနဲ့ တို့စားစေချင်တယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အကြိုက်က မတူနိုင်တော့ ကိုယ့်သဘောနဲ့ ကိုယ်ပါပဲ။ ကဲ စိတ်ဝင်စားတဲ့ သူတွေကတော့ စမ်းကြည့်ကြပါ'
အမှိုက်ကောင်များ မရှိတော့သည့်အခါ ချက်ခန်းက သန့်ကာ ဟန်ချက်ညီနေတော့သည်။ သူတို့က ဖက်ထုပ်ကို သည်အတိုင်း စားသင့်ကြောင်းနှင့် ရှာလကာရည်ဖြင့်သာ စားသင့်ကြောင်းဆိုပြီး ငြင်းခုန်နေကြတော့သည်။ သို့သော် ဒေါသများ မပါပေ။ သည်အတိုင်း အချင်းချင်း စနောက်နေရုံမျှသာ ဖြစ်ပေသည်။
" ကဲ အခု မဲနှိုက်ရမဲ့ အချိန်ပဲ"
အားလုံး အရသာခံပြီးကြောင်း သေချာမှသာ သူက မဲနှိုက်ပေးလိုက်သည်။ သူ အစပိုင်း တိုက်ရိုက် ထုတ်လွှင့်ချိန်တွင် လူသိနည်းနေသောကြောင့် ကြည့်ရှုသူက နည်းခဲ့ပေသည်။ ထို့ကြောင့် အချိန် သိပ်မကြာလိုက်ပါပေ။
"ဂုဏ်ယူပါတယ် မြောင်မြောင်က ငါးကြိုက်တယ်၊ သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး၊ ထရန်စပါးရန့်လေး၊ နွေဦးပျားရည်နဲ့ ဖြတ်လျှောက်တို့ မဲပေါက်ပါတယ်။ လူကြီးမင်းဟော်လည်း ဂုဏ်ယူပါတယ်။ ကျေးဇူးပြုပြီး ပစ္စည်းရောက်လာမှာမို့ စစ်ဆေးပေးကြဖို့ သတိပေးချင်ပါတယ်။ "
ယွမ့်ထန်းက နာမည်တွေကို ရွတ်ရင်း ပြုံးလိုက်သည်။ ဒီလူတွေက သူ့ကို အစပိုင်းကတည်းက အားပေးခဲ့ကြတဲ့ သူတွေပဲ။ ဖက်ထုပ်က သူပြန်တုံ့ပြန်နိုင်တဲ့ ပမာဏ နည်းနည်းပါပဲ။
" ဒါဆိုရင် ဒီနေ့ရဲ့ တင်ဆက်မှုကတော့ ဒီလောက်ပါပဲ။ အားလုံးပဲ ညမှ တွေ့ကြမယ်"

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now