Book(70)Ch 1 - 3 (or) Ch 937 - 939

104 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(70)

Chapter-1

(ပိုပြီးအကြောင်းအကျိုးမဲ့တယ်)
ယွဲ့ယွင်ဖုန့်က ဒေါသထွက်နေခဲ့ပြီး သူ၏မျက်နှာက တင်းမာလာခဲ့သည်။ လရောင်မြို့တော်တွင် မောက်မာဝံ့ကြွားရဲသူမျိုး သူက မည်သည့်အချိန်တွင်မှ မမြင်ဖူးခဲ့ပေ။
ဤနေရာက လရောင်မြို့တော်ဖြစ်သော်လည်း ယီယွမ်က အိမ်ရှင်နှင့်ဧည့်သည် အနေအထားကို ပြောင်းပြန်ဖြစ်စေခဲ့ပြီး ယွဲ့ယွင်ဖုန့်က မည်သို့ဆက်လုပ်ရမည်ကို မစဥ်းစားနိုင်ခဲ့တော့ပေ။
လူတိုင်းက ဆွံ့အသွားခဲ့ကြ၏။ ဤယီယွမ်က သူ၏စွမ်းရည်အပေါ်တွင် ဂုဏ်ယူဝံ့ကြွားပြီး မောက်မာလွန်းလှသည့် လူတစ်ယောက်ဖြစ်သည်။ သူက စွမ်းရည်အချို့ ရှိနေခဲ့သည့်အတွက် ယွဲ့မိသားစုကို မျက်စိထဲပင် ထည့်ထားခြင်းမရှိတော့ပေ။
ဤသို့သော ဂျီးနီးယပ်မျိုးက ပြဿနာကြီးများနှင့် ကြုံတွေ့ရတတ်၏။
"ကောင်းတယ်… တော်တော်ကောင်းတယ်… ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်က အခုလိုအခြေအနေမျိုးအထိ မောက်မာနေတာပဲ… ငါတို့ယွဲ့မိသားစုကို အရေးမလုပ်တဲ့အထိ မောက်မာနေတာပဲ….."
ယွဲ့ယွင်ဖုန့်က ဤတစ်ကြိမ်တွင် အလွန်ဒေါသထွက်လာခဲ့သည်။ သူက တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုတံဆိပ်ပြားအတွင်းသို့  သဘာဝစွမ်းအင်များ ထည့်သွင်းလိုက်၏။
ရွှစ်…..
အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုတံဆိပ်ပြားက လေထဲသို့ ထိုးတက်သွားခဲ့ပြီး လောင်ကျွမ်းသွားခဲ့သည်။
ဤလောင်ကျွမ်းမှုက အလွန့်အလွန် တောက်ပနေခဲ့၏။ ထိုအရာက အချက်ပြလိုက်ခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။
ဤမြင်ကွင်းကိုမြင်သော် သင်းရှစ်ယွီ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ ဤတစ်ကြိမ်တွင် အခြေအနေများက အမှန်တကယ်ပင် ဆိုးရွားလာခဲ့ပြီဖြစ်သည်။
သူမက အိမ်သို့ မပြန်ချင်၍ ပြဿနာဖန်တီးခဲ့ခြင်းသာ ဖြစ်ပြီး ထိုကိစ္စကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။
"ယီယွမ်… မြန်မြန်ထွက်သွားတော့… ယွဲ့မိသားစုက အင်အားကြီးပြီး ဩဇာကြီးမားတယ်… သူတို့ကို နင်က ဆန့်ကျင်လို့မရဘူး….." သင်းရှစ်ယွီက ကပျာကယာပင် ပြောဆိုလိုက်၏။
ယွဲ့ယွင်ဖုန့်က ထိုအခြေအနေကိုမြင်သော် အေးစက်စွာပင် ပြောဆိုခဲ့သည်။ "ကောင်လေး… သတ္တိရှိရင် ထွက်မပြေးနဲ့… ယွဲ့မိသားစုရဲ့ ဂုဏ်သိက္ခာက အခြားလူတွေ စော်ကားလို့ရတဲ့ဟာ မဟုတ်ဘူး….."
အမှန်တကယ်တွင် ယွဲ့ယွင်ဖုန့်က ယီယွမ်ကို အလွန်ထိတ်လန့်နေခဲ့ပြီ ဖြစ်၏။ လရောင်ကောင်းကင်မျက်လုံးက သူ၏အစွမ်းအထက်ဆုံး ပညာရပ်ပင် ဖြစ်သည်။ ယီယွမ်က အနည်းငယ်မျှပင် ခုခံခဲ့ခြင်းမရှိပေ။
သူ၏အရေးနိမ့်မှုက ထင်ရှားနေခဲ့ပြီဖြစ်၍ မိသားစုကို  အချက်ပြမှု ပြုလုပ်ခဲ့ခြင်းဖြစ်၏။ မကြာမီပင် ပိုမိုအစွမ်းထက်သူများ ရောက်ရှိလာကြပေလိမ့််မည်။
ယီယွမ်က ထွက်ပြေးမည့် ရည်ရွယ်ချက်မရှိပေ။ သူက တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။ "ထွက်ပြေးရမှာလား… ကျုပ်က ဘာလို့ထွက်ပြေးရမှာလဲ… အခု အခြေအနေက ဒီလိုဖြစ်လာပြီဆိုမှတော့ တကယ်လို့ ယွဲ့ကျန့်ချိုးက ကျုပ်ကို ကိုယ်တိုင်လာမဖိတ်ဘူးဆိုရင် ကျုပ်က ယွဲ့မိသားစုကို မသွားတော့ဘူး… အင်း… ခင်ဗျားက ယွဲ့မိသားစုရဲ့ အပြစ်ပေးခြင်းကို ခံယူဖို့ ပြင်ဆင်ထားသင့်တယ်….."
လမ်းပေါ်တွင်ရှိနေသူများက မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့၏။ ဤယီယွမ်၏ မောက်မာဝံ့ကြွားမှုက မိုးထိအောင် မြင့်မားနေခဲ့သည်။
ယွဲ့ကျန့်ချိုးက မည်သူဖြစ်သနည်း။ လက်ရှိ ယွဲ့မိသားစုခေါင်းဆောင် ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်ကြီးဖြစ်၏။
ဒီလိုပုဂ္ဂိုလ်ကြီးက ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် ငချွတ်ကလေးကို လာဖိတ်ရမှာလား…..
ယီယွမ်က သင်းကျန်းကော့နှင့် ယွဲ့ကျန့်ချိုးတို့ကို နာမည်တိုက်ရိုက်ခေါ်ဆိုခဲ့ရာ အကြောင်းမသိသူများအဖို့ သူက အဓိကအင်အားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အဖြစ် ထင်သွားကြပေလိမ့်မည်။
အဓိကအင်အားစုကြီးများ၏ ထိပ်ဆုံးအဆင့် ပုဂ္ဂိုလ်များကသာ ဤလူများ၏နာမည်ကို တိုက်ရိုက်ခေါ်ဆိုရဲကြသည်။
အဆင့်(8) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် ပုဂ္ဂိုလ်များပင် သူတို့ကို မောက်မာစွာ ဆက်ဆံရဲခြင်းမရှိပေ။ အနည်းဆုံးအနေဖြင့် သူတို့၏ ဂုဏ်ပုဒ်များကို ထည့်သွင်းခေါ်ဆိုရပေလိမ့်မည်။
ယွဲ့ယွင်ဖုန့်က အေးစက်စွာပြုံး၍ ပြောလိုက်၏။ "ဟာသပဲ… မင်းကိုယ်မင်း ဘာထင်နေတာလဲ… မိသားစုခေါင်းဆောင်က မင်းကို ကိုယ်တိုင်လာဖိတ်ရမှာလား… ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို တကယ်မသိဘူးပဲ….."
ယီယွမ်က ပခုံးတွန့်ပြရုံသာ တွန့်ပြခဲ့ပြီး ထိုကိစ္စကို အငြင်းပွားရန်ပင် ရည်ရွယ်ချက်မရှိခဲ့ပေ။ 
ဤမြင်ကွင်းကိုမြင်သော် ယွဲ့ယွင်ဖုန့်၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်သွားခဲ့သည်။
ဒီငချွတ်က ထူးဆန်းတဲ့အကြံအချို့ ရှိနေခဲ့တာလား… ဒါမှမဟုတ် အင်အားကြီးတဲ့ နောက်ခံအသိုင်းအဝိုင်းမျိုး ရှိနေတာလား…..
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…..
မျက်မှောက်ခေတ် နတ်ဘုရားနယ်မြေ၏ လူငယ်မျိုးဆက် ဂျီးနီးယပ်များကို သူ၏စိတ်ထဲ၌ ကောင်းစွာမှတ်သားထားပေ၏။ ယီယွမ်ဟူသောအမည် လုံးဝမပါဝင်ပေ။
ဤကောင်လေးက တည်ငြိမ်လေးနက်ဟန် ပြုမူနေခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောနေချိန်တွင် လူပေါင်းများစွာက ရုတ်တရက်ပင် ရောက်ရှိလာခဲ့၏။
လက်ရှိအချိန်တွင် ဂျီးနီးယပ်များက လရောင်မြို့တော်၌ စုဝေးနေခဲ့ကြသည်။ ယနေ့ကဲ့သို့ ထိပ်တိုက်တွေ့မှုမျိုးကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။ ထိခိုက်မှု ပြင်းထန်မည့် အခြေအနေများကို ရှောင်လွှဲရန်အတွက် ယွဲ့မိသားစုက  တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် ပုဂ္ဂိုလ်များစွာကို စေလွှတ်၍ ကင်းလှည့်စေ၏။
"ဘာဖြစ်နေတာလဲ ယွင်ဖုန့်….." သက်လတ်ပိုင်းအရွယ်လူက မျက်မှောင်ကုတ်၍ ​ပြောလိုက်သည်။
ယွဲ့ယွင်ဖုန့်က မိသားစုထံ အချက်ပြမှု ပြုလုပ်ခဲ့ခြင်းအား သူက မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားလှ၏။ လက်ရှိအချိန်၌ မြို့ထဲတွင် အင်အားစုပေါင်းများစွာက ခြေချင်းလိမ်နေကြသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ခု ရှိလာခဲ့လျှင်ပင် လူသိနည်းစွာဖြင့် ပြေလည်အောင် ​ထိန်းချုပ်ဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်၏။
မိသားစုထံ အချက်ပြမှု ပို့ဆောင်လိုက်သည်နှင့် လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းခံရမည်မှာ သေချာလှပေသည်။ ထိုအချိန်တွင် မျှမျှတတဖြင့် တစ်ဖက်လူ ကျေနပ်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိလျှင် သူတို့မိသားစုအတွက် အခက်အခဲများ ဖြစ်လာပေလိမ့်မည်။
အဓိကအင်အားစုအချို့ကို ယွဲ့မိသားစုက ဆန့်ကျင်နိုင်စွမ်း မရှိပေ။
ရောက်ရှိလာသူများကိုမြင်သော် ယီယွမ်၏မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာခဲ့ပေ၏။
ယွဲ့ယွင်ဖုန့်က မည်သူဖြစ်ကြောင်းကို ယီယွမ်က မသိပေ။ အတိတ်ဘဝတွင် သူ၏အဆင့်အတန်းက အလွန်မြင့်မားပေသည်။ သူက လရောင်မြို့တော်သို့ လာရောက်ချိန်တွင် ယွဲ့ယွင်ဖုန့်က သူ့အားတွေ့ဆုံခွင့် မရှိခဲ့ပေ။ သူက ယီယွမ်ကို တွေ့ခွင့်ရရန်ပင်  အဆင့်မီခြင်းမရှိပေ။
အသက်အငယ်ဆုံး မှော်ဆေးပညာရှင်အင်ပါယာ ထိပ်ဆုံးအဆင့် ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် ယွဲ့ယွင်ဖုန့်က အဝေးမှရပ်ကြည့်နေရုံမျှသာ  အဆင့်ရှိပေ၏။
သို့သော် သူ၏ရှေ့မှ ဤတစ်ယောက်ကိုမူ ယီယွမ်က မှတ်မိပေသည်။
ဤတစ်ယောက်က ယွဲ့ယွင်ဖုန့်ထက် နှစ်အနည်းငယ်မျှသာ အသက်ကြီးသော်လည်း ယွဲ့ကျန့်ချိုးနှင့် မျိုးဆက်အတူတူဖြစ်သော  ယွဲ့ယွင်ဖုန့်၏ဦးလေး ယွဲ့ကျန့်ဖုန့် ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အတိတ်က လရောင်မြို့တော်ကို ယီယွမ်ရောက်လာချိန်၌ ယွဲ့ကျန့်ဖုန့်က သူ့ကို နေ့စဥ်နေ့တိုင်း လာရောက်တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်က စကားစမြည် ပြောဆိုခဲ့ဖူးပေ၏။
ယွဲ့ယွင်ဖုန့်က ယွဲ့ကျန့်ဖုန့်၏ နားသို့ကပ်၍ တီးတိုးပြောဆိုလိုက်သည်။ ယွဲ့ကျန့်ဖုန့်က အလိုအလျောက်ပင် မျက်မှောင်ကုတ်သွားခဲ့ပြီး သူ၏အကြည့်က အေးစက်စွာဖြင့် ယီယွမ်ထံသို့ ရောက်ရှိလာခဲ့၏။
"လူငယ်လေး… ငါတို့ယွဲ့မိသားစုက နတ်ဘုရားနယ်မြေမှာ ထိပ်တန်းအဆင့် ကလန်တစ်ခု မဟုတ်ပေမဲ့ ငါတို့တွေကို အခြားလူတွေက အလွယ်တကူ အနိုင်ကျင့်လို့မရဘူး… မင်းက ဒီယွဲ့မျိုးရိုးကို ရှင်းပြပေးနိုင်မလား….." ယွဲ့ကျင့်ဖုန့်က တည်ငြိမ်စွာပင်  ပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ ရပ်ကြည့်နေကြသော သူများက ပို၍ပို၍ များပြားလာခဲ့၏။ ဤကိစ္စက ပို၍ပင် ထိလွယ်ရှလွယ် ဖြစ်လာခဲ့သည်။
အကယ်၍ သူတို့ကသာ ယီယွမ်၏ တောင်းပန်မှုကို မရရှိခဲ့လျှင် ယွဲ့မိသားစု၏ ဂုဏ်သတ္တိက အောက်ဆုံးအထိ ကျဆင်းသွားပြီး နတ်ဘုရားနယ်မြေရှိ အဓိကအင်အားစု အများအပြား၏ လှောင်ပြောရယ်မောဖွယ်ရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ယွဲ့ကျန့်ဖုန့် လိုချင်နေသည်မှာ ကိုးရားကားရား အခြေအနေကို ဖြေရှင်းနိူင်မည့် အခွင့်အရေးတစ်ခုပင် ဖြစ်၏။
ယီယွမ်က မာနကြီးစွာဖြင့် မတ်တတ်ရပ်နေခဲ့ပြီး အကြောက်အလန့် ကင်းမဲ့စွာဖြင့်  ယွဲ့ကျန့်ဖုန့်ကို မျက်နှာချင်းဆိုင်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောဆိုခဲ့သည်။ "ရှင်းပြပေးရမှာလား… ဘာကိုရှင်းပြပေးရမှာလဲ… ဒီနေ့ကိစ္စမှာ အစောကြီးကတည်းက ခင်ဗျားတို့ ယွဲ့မိသားစုရဲ့ ကိစ္စမဟုတ်ဘူး… ဒါပေမဲ့ ယွဲ့ယွင်ဖုန့်က ရောက်လာပြီးတဲ့နောက်  အဖြူအမည်းခွဲခြားခြင်း မရှိဘဲနဲ့ သင်းရှို့ကို မျက်နှာသာပေးခဲ့တယ်… ဒါက ကျုပ်မှာ သင်းရှို့လို အစွမ်းထက်ပြီး အင်အားကြီးတဲ့နောက်ခံမျိုး မရှိတဲ့အတွက် သူက ကျုပ်ကို အနိုင်ကျင့်တာ မဟုတ်ဘူးလား… ယွဲ့မိသားစုက ကိစ္စတွေကို ဒီလိုကိုင်တွယ်ဖြေရှင်းတာဆိုရင် အဲဒါက လူတွေအားလုံးရဲ့စိတ်ကို ကြောက်စိတ်တွေ ဝင်သွားစေမှာ မဟုတ်ဘူးလား….."
ယီယွမ်၏စကားများက ပရိသတ်ထဲတွင် ဆွေးနွေးပြောဆိုမှုများ ဆူညံသွားစေခဲ့၏။
သိုင်းပညာရှင်များကို အဆင့်အမျိုးမျိုး ခွဲခြားထားပေသည်။ ယွဲ့မိသားစုက ဘက်မလိုက်သော အခြေအနေမျိုး ရှိနေရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် ဤသို့သောကိစ္စမျိုးကို လူအများသိရှိစေရန် ပြောပြ၍မရပေ။ ထိုသို့မဟုတ်လျှင် သူတို့က လူပေါင်းများစွာကို ဆန့်ကျင်သွားမိပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ နောက်ခံအသိုင်းအဝိုင်း အင်အားကြီးမားသည့် ဂျီးနီးယပ်သိုင်းပညာရှင်များက အနည်းစုမျှသာ ဖြစ်၏။
ယွဲ့ကျန့်ဖုန့်က ယီယွမ်ကို စိတ်ထဲမှနေ၍ ဆဲရေးလိုက်သည်။ စကားတစ်ခွန်းက လူအများ၏အမြင်ကို သူ့ဘက်ပါအောင် သိမ်းယူသွားခဲ့၏။
သင်းရှို့နှင့် ယှဥ်လိုက်လျှင် ယီယွမ်က နောက်ခံအင်အားနိမ့်ကျသော အနေအထားတွင် ရှိနေပေသည်။ ဤစကားများက လူအားလုံးနီးပါးကို ထိုအတွေးအတိုင်း တွေးမိလာစေရန် အလွယ်တကူ လှုံ့ဆော်ပေးနိုင်ခဲ့၏။
ဤအတိုင်းဆိုလျှင် ယွဲ့မိသားစုက ယီယွမ်အပေါ် တစ်ခုခု ဆန့်ကျင်လုပ်ဆောင်လိုလျှင်ပင် သူတို့က ဂရုစိုက်ရပေလိမ့်မည်။
ခြေလှမ်းတစ်လှမ်း မှားယွင်းလိုက်သည်နှင့် ယွဲ့မိသားစု၏ နာမည်ဂုဏ်သတင်းက မြောင်းထဲရောက်သွားပေလိမ့်မည်။
လူအများ၏ ဆူပူမှုကြောင့် သတ္ထုများကို အရည်ပျော်သွားစေနိုင်ပြီး အသရေဖျက်ခြင်းများ စုပုံလာခြင်းက လူတစ်ယောက်ကို ပျက်စီးသွားစေနိုင်သည်။
ယွဲ့မိသားစုက ဤလူများကို မကြောက်သော်လည်း ဤအရာက ယွဲ့မိသားစု၏ နာမည်ဂုဏ်သတင်းပေါ်၌ ကြီးမားသောလွှမ်းမိုးမှုတစ်ခု ဖြစ်လာစေနိုင်၏။
"ယွင်ဖုန့်က တကယ်ကို စိတ်လောလွန်းသွားခဲ့တယ်… ဒါပေမဲ့ အဲဒါကလည်း မင်းက ဓားထုတ်ပြီး လူသတ်ဖို့ လုပ်ဆောင်နေလို့ သူက အထင်လွဲသွားခဲ့တာပဲ… ဒါပေမဲ့ ယွဲ့မိသားစုအပေါ် မလေးစားတဲ့ မှတ်ချက်မျိုး ပြောဆိုခဲ့တာက မင်းရဲ့အမှားပဲ….."
ယွဲ့ကျန့်ဖုန်းက အတွေ့အကြုံရင့်နေပြီဖြစ်၍ ယီယွမ်က ယွဲ့မိသားစုအပေါ် အဆိုးမြင် မှတ်ချက်ပေးခဲ့သည့် ကိစ္စကို ဦးတည်ပြောဆိုလိုက်သည်။
ယီယွမ်က အေးစက်စွာပြုံး၍ ပြောခဲ့ပေ၏။ "သင်းရှို့က ကျုပ်ကိုသတ်ချင်တဲ့အတွက် အသင်္ချေပိုက်ကွန် မှော်မီးအိမ်ကို ထုတ်သုံးခဲ့တာလေ… ယွဲ့ယွင်ဖုန့်က အဲဒါကို မမြင်ဘူးလို့တော့ ကျုပ်မယုံဘူး… အဲဒီအချိန်တုန်းက သူကဘာလို့ ထွက်လာပြီး မတားဆီးရတာလဲ… ကျုပ်က ပြန်ခုခံတဲ့အခါ လမ်းပေါ်မှာ လူသတ်ဖို့ကြိုးစားပြီး ယွဲ့မိသားစုကို စော်ကားတယ် ဖြစ်သွားတာလား… တကယ်လို့ အခြားသူတွေက အကြောင်းအကျိုးမဲ့တယ်ဆိုရင် ကျုပ်က အခြားသူတွေထက်  ပိုပြီးအကြောင်းအကျိုးမဲ့တယ်… ခင်ဗျားတို့ယွဲ့မိသားစုကို အပြစ်တင်စကားပြောတော့ ဘာဖြစ်လဲ….." 
ယွဲ့ယွင်ဖုန့်က ဤနေရာတွင်  အစောကြီးကတည်းက ရှိနေခဲ့ကြောင်း ယီယွမ်က သိရှိခဲ့ပြီးဖြစ်သည်။ သို့သော် သူက ထွက်လာခြင်းမရှိခဲ့ပေ။
အကယ်၍ ယွဲ့ယွင်ဖုန့်ကသာ ထိုအချိန်က မျှမျှတတ ဖြေရှင်းပေးခဲ့မည်ဆိုလျှင် ယီယွမ်က ထိုကိစ္စကို မသိချင်ယောင်ဆောင်ပေးရန် ဆုံးဖြတ်ထားခဲ့၏။ သို့သော် သူထွက်လာသည်နှင့် ယီယွမ်ကို  အပြစ်တင်ပြောဆိုခဲ့ခြင်းကြောင့်  ယီယွမ်က အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။
ဘေးတွင်ရှိသော သင်းရှို့က တစ်ချိန်လုံး စကားမပြောခဲ့ပေ။ ယီယွမ်၏ ဤစကားများကိုကြားသော် သူ၏မျက်နှာက နီရဲသွားခဲ့ပေ၏။
သူက အသင်္ချေပိုက်ကွန် မှော်မီးအိမ်ကို အသုံးပြုခဲ့သည့်တိုင် ယီယွမ်၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ ဤအရာက အဆုံးစွန်အထိ အရှက်ကွဲရခြင်းဖြစ်၏။
ယနေ့ပြီးနောက် သူက လူအများအတွက် ရယ်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။ 
ယွဲ့ကျန့်ဖုန့်က မျက်မှောင်ကုတ်နေခဲ့ပြီး ချက်ချင်းပင် ကသိကအောက် ဖြစ်သွားခဲ့သည်။
ယီယွမ်၏ စိတ်က မှန်တစ်ချပ်သဖွယ် ဖြစ်နေခဲ့၏။ ထို့ပြင် သူက အလွန်ခေါင်းမာပေသည်။ ယီယွမ်ကို  အလျှော့ပေးစေရန် ဖိအားပေးခြင်းက လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။
အကယ်၍ သူက အလျှော့မပေးလိုလျှင် သူတို့က ခွန်အားသုံး၍ အတင်းဖိအားပေးရန်သာ တတ်နိုင်ပေတော့မည်။
Chapter 2 is coming…..

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now