Ch 940 - 943

118 13 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ - ဖြိုးသူဝင်း
Book(70)
Chapter-4
(အကျိုးသင့်အကြောင်းသင့်မရှိ ဒေါသထွက်လာခြင်း)
အစွန်းရှစ်ခု စစ်ရထားပေါ်တွင် လေထုက ထူးဆန်းနေခဲ့သည်။
စစ်ရထားအတွင်းသို့ ဝင်လာပြီးနောက် ယွဲ့ကျင့်ချိုး၏ အပြုအမူက စောစောလေးကနှင့် လုံးဝမတူတော့ဘဲ ဖော်ရွေမှု လုံးဝမရှိတော့သည့်အပြင် အလွန်အေးစက်သွားခဲ့သည်။
ယီယွမ်ကမူ ဝိုင်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့၍ သောက်လိုက်ပြီး အနည်းငယ်မျှပင် စိတ်မသက်မသာ ဖြစ်မနေခဲ့ပေ။
"လရောင်မြို့တော်ရဲ့ အထူးထုတ်ကုန်… လဆုတ်ပွင့်ဖတ်ကြွေဝိုင်… အင်း… မဆိုးဘူး… မဆိုးဘူး… ဒီဝိုင်က အလယ်အလတ်အဆင့်မှာ ရှိနေသေးတာက မကောင်းတာပဲ… ပြီးတော့ ဒီဝိုင်ရဲ့သက်တမ်းက တော်တော်နုသေးတယ်… မိသားစုခေါင်းဆောင်ယွဲ့က တော်တော်ကပ်စေးနဲတာပဲ….." ယီယွမ်က သူ၏ခေါင်းကိုခါယမ်း၍ သက်ပြင်းချပြောဆိုလိုက်၏။
လဆုတ်ပွင့်ဖတ်ကြွေဝိုင်က အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာနှင့် အဆင့်တူ  ထိပ်တန်းအဆင့် ဝိုင်တစ်မျိုး ဖြစ်သည်။ လရောင်မြို့တော်၏ လမင်းပျံဝဲခြင်း အင်မော်တယ်ပန်းပွင့်ကို အသုံးပြုမှသာ ထိုဝိုင်ကို ကျိုချက်၍ ရပေ၏။
သို့ရာတွင် ယွဲ့ကျန့်ချိုးက အထူးဧည့်သည်တော်များကို ဧည့်ခံရာတွင် အသုံးပြုသော အင်မော်တယ်အဆင့် လဆုတ်ပွင့်ဖတ်ကြွေဝိုင်ကို ယီယွမ်အား ဧည့်ခံခြင်းမရှိပေ။
"ယီယွမ်… မင်းက လက်ဆောင်ကြီးကြီးပေးခဲ့တာပဲ… လရောင်မြို့တော်ကို စရောက်လာတာနဲ့ မင်းက ဆူဆူညံညံ ဖြစ်စေခဲ့တယ်… ပြီးတော့ မင်းက ဒီယွဲ့မျိုးရိုး ကိုယ်တိုင်ထွက်လာပြီး မင်းကိုကြိုဆိုစေချင်ခဲ့တယ်….." ယွဲ့ကျန့်ချိုး၏စကားများက တည်ငြိမ်နေခဲ့သော်လည်း လူသတ်လိုသော အငွေ့အသက်များ ဖျော့တော့စွာ ပါဝင်နေခဲ့သည်။
သို့သော် ယီယွမ်က လုံးဝဂရုမစိုက်ပေ။ သူက ယွဲ့ကျန့်ချိုးကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြောဆိုခဲ့၏။ "လရောင်မြို့တော်ရဲ့ ဧည့်ခံကြိုဆိုမှုကို ကျုပ်လည်း ကောင်းကောင်းကြီး ခံစားလိုက်ရပါတယ်… ဒီလိုအသုံးမကျတဲ့ ကိစ္စကို  ဘယ်တုန်းက ဖြေရှင်းပြီးသွားတာလဲ… ခင်ဗျားရောက်လာတာကြောင့် ကျုပ်က ခင်ဗျားရဲ့မျက်နှာကို ထောက်ထားပြီးတော့ ခင်ဗျားသဘောအတိုင်း ဆက်လုပ်ပေးခဲ့တာပဲ… ဒီလိုမှမဟုတ်ရင် အစွန်းရှစ်ခု စစ်ရထားပေါ်ကို ကျုပ်တက်လာဖို့ဆိုတာ ဘယ်လိုလုပ်ပြီး လွယ်ကူမှာလဲ….." 
ယွဲ့ကျန့်ချိုး၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး အေးစက်သော အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏သည်းခံမှုက အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိသာနေခဲ့၏။
ယီယွမ်၏စကားများက အလွန်မောက်မာလှသည်။
အစွန်းရှစ်ခု စစ်ရထားက လူတိုင်း စီးနင်းနိုင်သော အရာတစ်ခု မဟုတ်ပေ။ ယီယွမ်ကဲ့သို့ ဂျူနီယာတစ်ယောက်အတွက်  အစွန်းရှစ်ခု စစ်ရထားကို စီးနင်းခွင့်ရခြင်းမှာ အလွန်ဂုဏ်ယူဖွယ် ကိစ္စတစ်ခုဖြစ်၏။
ဒီငနဲက တကယ်ပဲ ကိစ္စတွေကို ခက်ခဲစေရဲတယ်လား…..
ယွဲ့ကျန့်ချိုးက စောစောလေးတွင် ခမ်းခမ်းနားနား ကြိုဆိုခဲ့ခြင်းမှာ ယီယွမ်၏ အဆင့်အတန်းကို မြှင့်တင်ပေးရန်ဖြစ်ပြီး အများ၏အမြင်တွင် လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်ခဲ့ခြင်းပင်ဖြစ်သည်။
ဤသို့ဆိုလျှင် သူကိုယ်တိုင် လာရောက်ကြိုဆိုခဲ့သည့်အဖြစ်က သူ၏အဆင့်အတန်းကို နှိမ့်ချလိုက်မိခြင်း မဖြစ်နိုင်တော့ပေ။
မထွက်ခွာမီ သူက လူအများ၏ရှေ့မှောက်၌ ယွဲ့ယွင်ဖုန့်၏ အပြစ်ဒဏ်ကို တရားဝင် ထုတ်ပြန်ခဲ့၏။ ယနေ့ကိစ္စက ယွဲ့ယွင်ဖုန့်၏ အမှားသာဖြစ်ပြီး ယွဲ့မိသားစုနှင့် လုံးဝမပတ်သက်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ဤအပြစ်ကို ယွဲ့ယွင်ဖုန့် တစ်ဦးတည်းကသာ တာဝန်ခံရပေမည်။
ယွဲ့ကျန့်ချိုးက ယွဲ့မိသားစု၏ ကိုးရိုးကားရား ဖြစ်နေသည့် အခြေအနေကို စကားတစ်ခွန်းတည်းဖြင့် ချက်ချင်းဖြေရှင်းနိုင်ခဲ့၏။ သူက ဉာဏ်ပညာနှင့် ပြည့်စုံသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။
သို့ရာတွင် ယီယွမ်အပေါ် သူ၏မကျေနပ်မှုကို ပြောနေစရာပင် မလိုအပ်တော့ပေ။
ထို့ကြောင့် အစွန်းရှစ်ခု စစ်ရထားကို စီးနင်းပြီးနောက် သူက ယီယွမ်အပေါ် ကောင်းသောအပြုအမူမျိုး မပြသခဲ့တော့ပေ။
"ဟမ့်… အသက်က မကြီးသေးပေမဲ့ မင်းရဲ့လေသံက မသေးပါလား… ငါ့ရဲ့ အစွန်းရှစ်ခု စစ်ရထားကို စီးနင်းရတာက မင်းရဲ့ဂုဏ်သတ္တိကို ထိခိုက်သွားစေတာလား… မမေ့နဲ့နော်… မင်းက အဆင့်နိမ့်နယ်မြေက တောသားလေးတစ်ယောက်ပဲ….." ယွဲ့ကျန့်ချိုးက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
"အမှိုက်သာသာ စစ်ရထားပေါ်မှာ စီးနင်းရတာက ဘာထူးခြားလို့လဲ… အခြားသူတွေက ဂရုစိုက်ချင်ရင်  ဂရုစိုက်လိမ့်မယ်… ကျုပ်ကတော့ လုံးဝဂရုမစိုက်ဘူး….." ယီယွမ်က အေးအေးဆေးဆေးပင် ပြောဆိုခဲ့သည်။
ပြောရမည်ဆိုလျှင် ယီယွမ်၏ မှော်ဆေးပညာရှင်အင်ပါယာ အထွတ်အထိပ်အဆင့် အဆင့်အတန်းဖြင့်ဆိုပါက အစွန်းရှစ်ခု စစ်ရထားကို စီးနင်းခြင်းက ယွဲ့မိသားစုကို မျက်နှာသာပေးခြင်းဖြစ်၏။
သို့ရာတွင် အချိန်များ ကုန်ဆုံးလာသည်နှင့် အခြေအနေများ ပြောင်းလဲလာခဲ့ပြီဖြစ်ရာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူက သူ၏အတိတ်ဘဝတွင် နတ်ဘုရားနယ်မြေ၌ အရည်အချင်းအရှိဆုံး မှော်ဆေးပညာဂျီးနီးယပ်ဖြစ်ကြောင်း ယွဲ့ကျန့်ချိုးက မသိခဲ့တော့ပေ။
ယီယွမ်၏စကားများကို ကြားသော် ယွဲ့ကျန့်ချိုးက ဆွံ့အသွားခဲ့သည်။ ဤကောင်လေးက အလွန်မောက်မာလှ၏။ သူက အဆင့်တစ် တော်ဝင်မြေ၏ ခေါင်းဆောင်ဖြစ်သော သူ့ကိုပင် မျက်စိထဲ၌ ထည့်မထားခဲ့ပေ။
မသိသူများက ယီယွမ်ကို အစွမ်းထက်သော ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ဟု ထင်သွားကြပေလိမ့်မည်။
"ပေါက်တတ်ကရတွေ တော်လောက်ပြီ… လီအာရဲ့ ဝေဒနာကို မင်းက ကုသပေးနိုင်မယ်လို့ တကယ် ယုံကြည်မှုရှိတာလား… ချွမ်ရှင်းကျိ ရောက်လာပြီးတော့ လီအာကို စမ်းသပ်ကုသပေးဖို့ လုပ်ဆောင်ခဲ့တယ်… သူကိုယ်တိုင်တောင် ဘယ်လိုကုသရမှာလဲဆိုတာ မသိခဲ့ဘူး….." ယွဲ့ကျန့်ချိုးက လေးလေးနက်နက် အမူအရာဖြင့် ပြောဆိုခဲ့သည်။
ယီယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်၏။ "အဖိုးကြီး ချွမ်ရှင်းကျိက သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ပျော်မွေ့နေတဲ့ လူတစ်ယောက်ပဲ… စကားထဲ ထည့်ပြောနေဖို့ မလိုအပ်ဘူး… တကယ်လို့ သူက အဲဒီဝေဒနာကို ကုသပေးနိုင်မယ်ဆိုရင် အဲဒါက ထူးဆန်းသွားလိမ့်မယ်… ဒါပေမဲ့ ပြောချင်တာက… ဒီလရောင်တိုက်ပွဲကြီးက ဘာအဓိပ္ပာယ်လဲ… ခင်ဗျားသမီးရဲ့ ဘဝတစ်သက်တာ ပျော်ရွှင်မှုကို ဒီလိုအရေးမပါတဲ့ နည်းလမ်းမျိုးနဲ့ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်ရတာလဲ….."
ယီယွမ်က မြို့ထဲသို့ ယနေ့မှ  စတင်ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း လရောင်တိုက်ပွဲကြီးအကြောင်း ကြားသိခဲ့ပြီးဖြစ်သည်။
များစွာသော လူငယ်ဂျီးနီးယပ်များက လရောင်မြို့တော်တွင် စုဝေးကြခြင်းမှာ ယွဲ့မုန့်လီကို ပိုင်ဆိုင်ရန်အတွက် ကြိုးစားယှဥ်ပြိုင်လိုခြင်းဖြစ်၏။
လရောင်တိုက်ပွဲကြီး၏ ပထမနေရာက ယွဲ့မုန့်လီနှင့် လက်ထပ်ခွင့်ရမည်ဖြစ်သည်။ ဆုကြေးအနေဖြင့် ကျယ်ပြန့်သောနေမင်း တောက်ပသောလမင်း
နယ်မြေကို ဖွင့်လှစ်ရာတွင် ယွဲ့မိသားစုက အနာဂတ်သမက်လောင်းအတွက် နေရာတစ်နေရာ ချန်ထားပေးမည်ဖြစ်၏။
ယွဲ့မုန့်လီက ပြိုင်ဖက်ကင်း အလှပဂေးတစ်ယောက် ဖြစ်သည်။ သို့ရာတွင် သူမ၏ နောက်ဆုံးနေ့ရက်များကို  ရေတွက်နေရပြီဆိုသော သတင်းက ပျံ့နှံ့နေခဲ့ပြီဖြစ်၏။
ဤနေရာသို့ လာရောက်သော လူငယ်ဂျီးနီးယပ်များတွင် အားလုံးက ယွဲ့မုန့်လီအတွက်သာ ရောက်လာကြခြင်းမဟုတ်ပေ။ ကျယ်ပြန့်သောနေမင်း
တောက်ပသောလမင်း နယ်မြေကို   ဝင်ရောက်ခွင့်ရရန် အတွက်လည်း ပါဝင်ပေသည်။
ဒီလိုတိုက်ပွဲကြီးတစ်ခု ကျင်းပပြီးတော့ ကြင်ယာဖက်ရှာဖွေပေးတာက ဘာအဓိပ္ပာယ်လဲ…..
ယွဲ့ကျန့်ချိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုခဲ့၏။ "ယွဲ့မိသားစုရဲ့ကိစ္စတွေကို မင်းစိတ်ပူဖို့ မလိုအပ်ဘူး… ငါက မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့… တကယ်လို့ မင်းက လီအာအပေါ် သံယောဇဥ်ရှိတယ်ဆိုရင် လရောင်တိုက်ပွဲကြီးမှာ လူငယ်ဂျီးနီးယပ်အားလုံးကို အနိုင်ယူလိုက်တော့လေ….."
ယီယွမ်က ထိုစကားကိုကြားသော် အလိုအလျောက်ပင် ငြိမ်သက်သွားခဲ့ပြီး သူက အတွေးထဲတွင် နစ်မျောသွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်သော် ယွဲ့ကျန့်ချိုး၏စိတ်ထဲ၌ အေးစက်စွာဖြင့် လှောင်ပြုံးပြုံးမိလိုက်၏။
ဤကောင်လေးက ပြိုင်ပွဲတွင်မပါဝင်ဘဲ သူ၏သမီးကို ပိုင်ဆိုင်ချင်နေခဲ့သည်။ ယခု သူက ကောင်းကင်အောက်ရှိ အစွမ်းထက်သော လူငယ်ဂျီးနီးယပ်များနှင့် ရင်ဆိုင်ရမည်ဟု သိလိုက်ရသည့်အတွက် ချက်ချင်းပင် တုံ့ဆိုင်းသွားခဲ့၏။
လီအာ၏ နှလုံးသားက ယီယွမ်ထံတွင် ရှိနေခဲ့သည်။ အဖေတစ်ယောက်အနေဖြင့် သူက ထိုကိစ္စကို ကောင်းစွာသိရှိပေ၏။ သို့ရာတွင် လီအာက မသင့်တော်သောလူတစ်ယောက်ကို ချစ်မိနေသည်ဟု သူက ခံစားနေခဲ့ရသည်။
သို့ရာတွင် ယီယွမ်၏ လက်ရှိအတွေးများက ယွဲ့ကျန့်ချိုးထင်ထားသည်နှင့် လုံးဝကွာခြားနေခဲ့၏။
သူက ငြိမ်သက်သွားသည့်အချက်မှာ သူနှင့် ယွဲ့မုန့်လီတို့ကြား၌ ပတ်သက်မှုရှိနေသည်ဟု ယွဲ့ကျန့်ချိုးက ထင်နေခဲ့ကြောင်း မျှော်လင့်မထားခဲ့၍ပင် ဖြစ်သည်။
သို့သော် ယွဲ့မုန့်လီနှင့် ပတ်သက်၍မူ ယီယွမ်က ပေါ့ပေါ့တန်တန် သဘောထားနိုင်ခြင်း မရှိခဲ့ပေ။
ဤသို့သော ခံစားချက်မျိုးက အခြားမိန်းကလေးများကို သူတွေ့ချိန်၌ ခံစားရသည်နှင့် လုံးဝမတူပေ။
အတိတ်တွင် ယွဲ့မုန့်လီက သူ့အား နမ်းခဲ့သောအဖြစ်ကို ယီယွမ်က အလိုအလျောက်ပင် သတိရသွားခဲ့၏။ ယခုထိုကိစ္စကို ပြန်သတိရချိန်၌ သူ၏နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားခဲ့ပေသည်။
ငါက ယွဲ့မုန့်လီကို တကယ်ချစ်မိသွားတာလား.….
သူ၏အတိတ်ဘဝတွင် ယီယွမ်က မှော်ဆေးပညာ၌ သူ၏စိတ်နှင့်ကိုယ်ကို မြှုပ်နှံထားခဲ့၏။ ဤဘဝတွင် သူ၏အကြီးမားဆုံး ရည်မှန်းချက်က ကျိစန်းလန်ကို လက်တုံ့ပြန်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် သူက ဤကိစ္စအပေါ် တမင်တကာဖြစ်စေ မတော်တဆဖြစ်စေ လျစ်လျူရှုထားခဲ့၏။
မူလတွင် ယီယွမ်က ယွဲ့မုန့်လီကို ကျေးဇူးတင်သော ခံစားချက်သာ ရှိထားသည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခု ကြည့်လိုက်သောအခါ ထိုသို့ဟုတ်ပုံမရပေ။
သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ယီယွမ်၏စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း သိထားခြင်းမရှိခဲ့ပေ။
"မင်းက ကြောက်ရွံ့ရင် ကောင်းတာပေါ့… တကယ်လို့ မင်းက လီအာကို ကုသပေးနိုင်ရင် ယွဲ့မိသားစုက မင်းကို မမျှမတ မဆက်ဆံပါဘူး… ဒါပေမဲ့ မင်းက ဒီကိစ္စကို လက်ကိုင်ထားပြီး လူအာကို ယူဆောင်သွားမယ်ဆိုရင်တော့ အဲဒါက မဖြစ်နိုင်ဘူး… ဒါပေမဲ့ ငါက မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်… တကယ်လို့ မင်းက လီအာကို ကုသမပေးနိုင်ဘူးဆိုရင် ဒီလောကမှာ မွေးဖွားလာတာကို နောင်တရသွားအောင် လုပ်ပေးလိုက်မယ်….." ယွဲ့ကျန့်ချိုးက အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်၏။
ယီယွမ်က သူ၏အတွေးများကို ပြန်လည်စုစည်းခဲ့သည်။ လဆုတ်ပွင့်ဖတ်ကြွေဝိုင်ကို တစ်လုပ်သောက်သုံးလိုက်ပြီး သူက အေးအေးဆေးဆေးပင် ပြောဆိုခဲ့၏။ "လီအာရဲ့ ဝေဒနာကို ခင်ဗျားက စိုးရိမ်စရာမလိုပါဘူး… ဒါပေမဲ့ လရောင်တိုက်ပွဲကြီးကို ကျင်းပတာကတော့ တော်တော်လေးကို မိုက်မဲတာပဲ… လီအာရဲ့ ဝေဒနာကို ကုသပြီးသွားရင် သူမရဲ့ ကျင့်ကြံခြင်းက အကြီးအကျယ် မြင့်တက်လာလိမ့်မယ်… မကြာခင်မှာပဲ ခင်ဗျားတို့ ယွဲ့မိသားစုမှာ ဘယ်သူကမှ သူမရဲ့ပြိုင်ဖက် မဟုတ်နိုင်တော့ဘူး….."
ယွဲ့ကျန့်ချိုးက လေးနက်နေသောအသံဖြင့် ပြောလိုက်သည်။ "ဟမ့်… ပြောတာတော့ လွယ်တာပေါ့… လီအာရဲ့ နေ့ရက်တွေက အကန့်အသတ်ရှိနေခဲ့ပြီ… မင်းကလည်း ဒီနှစ်နှစ်အတွင်းမှာ ဘယ်ရောက်နေလဲမသိရဘူး… ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်နိမ့်ကျနေတယ်… စိတ်ဝိညာဥ်ခွဲခြားခြင်းဆေးလုံးကို မဖော်စပ်နိုင်သေးဘူးလေ… တကယ်လို့ မင်းရောက်လာခဲ့ရင်တောင် အသုံးမဝင်တော့ဘူး… လီအာက လရောင်ကောင်းကင်မျက်လုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ မွေးဖွားလာတာပဲ… သူမရဲ့ အမြင်အာရုံအစွမ်းက ယွဲ့မိသားစုရဲ့ မိသားစုဝင်တွေနဲ့ အတူတူပဲ… သူမက ဒီအတိုင်း ထွက်ခွာသွားမယ်ဆိုရင် ယွဲ့မိသားစုအတွက် အကြီးအကျယ် ဆုံးရှုံးသွားရလိမ့်မယ်… မင်းကဘာသိလို့လဲ….."
ဤစကားများကိုကြားသော် ယီယွမ်၏ စိတ်ထဲ၌ အမှန်တကယ်ပင် အကျိုးသင့်အကြောင်းသင့်မရှိ ဒေါသထွက်လာခဲ့၏။
ယွဲ့ကျန့်ချိုး၏ စကားအဓိပ္ပာယ်က ယွဲ့မုန့်လီကို ယွဲ့မိသားစု၏ မျိုးဆက်ကို ဆက်လက်ထွန်းကားစေမည့် အရာတစ်ခုအဖြစ် သဘောထားနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွေးရာပါ  လရောင်ကောင်းကင်မျက်လုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ရှင်၏ မျိုးဆက်များက မွေးရာပါ လရောင်ကောင်းကင်မျက်လုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ရန် အခွင့်အရေး ၃၀ရာခိုင်နှုန်းရှိ​နေ၍ပင် ဖြစ်၏။
အကယ်၍ သူတို့က ထိုသို့မပိုင်ဆိုင်ခဲ့လျှင်ပင် မျိုးဆက်များ၏ အမြင်အာရုံအစွမ်းများက သာမန်လူများထက် အများကြီး ပိုမိုအစွမ်းထက်ပေလိမ့်မည်။
ထိုအရာကြောင့်ပင် ယွဲ့ကျန့်ချိုးက ကျယ်ပြန့်သောနေမင်း လရောင်နယ်မြေကို ဝင်ရောက်ခွင့် နေရာတစ်ခု ချန်ထားခြင်းဖြင့် သူ့အတွက် ဂုဏ်ယူရသည့် သမက်တစ်ယောက်ကို ရှာဖွေလိုခြင်းဖြစ်သည်။
Chapter 5 is coming…..

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now