Chapter 221

619 52 0
                                    

Chapter 221 : ဒေါသပေါက်ကွဲခြင်း

ကျင်းယွင်ကျောင်း၏ ပိန်ပါးသွယ်လျကာ အေးစက်စက်နှင့် အထက်စီးဆန်သောပုံစံက သူမ ဦးတည်ရာနေရာသို့ လျှောက်သွားချိန်တွင် လူအများ၏ အာရုံစိုက်မှုကို အတော်လေး ဆွဲဆောင်နိုင်၏။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် သူမ၏ နှုတ်ခမ်းများ ခပ်တင်းတင်းစေ့ထားသည်ကို မြင်လိုက်ကြရသည်။ ထုံးစံအတိုင်း အေးတိအေးစက် သဘောထားအပြင် နှုတ်ခမ်းပေါ်တွင် ပြုံးယောင်သန်းနေခြင်းက လူများအား ကြောက်ရွံ့တုန်ယင်စေသည်။ သို့သော် ကျန်ရှ၏ မျက်လုံးထဲတွင်မူ ထိုအပြုံးက ပျော်ရွှင်ခြင်းကို ရည်ညွှန်း၏။

တကယ်တမ်း သူ ပထမဆုံးပို့ခဲ့သောစာသည် ကျင်းယွင်ကျောင်းအား စမ်းသပ်ရန်သာ ဖြစ်သည်။ ထိုစာတွင်ပါသော အကြောင်းအရာများသည် သူ ချောင်ဟုန်ယဲ့ကို ရည်းစားစာ ပေးချင်သည့်အချိန်တုန်းက အင်တာနက်မှ ကူးယူထားခြင်းဖြစ်၏။ ထိုသို့သော စကားလုံးများကသာ ချောင်ဟုန်ယဲ့အပေါ်ထားရှိသည့် သူ၏ ခံစားချက်များကို လုံလုံလောက်လောက် ဖော်ပြနိုင်လိမ့်မည်ဟု သူ ခံစားရသည်။ ထို့အပြင် မည်သူမှ မသိချိန်တွင် သူသည် လက်ခံသူ၏ အမည်ကို ပြောင်းလဲ၍ ထိုစာကို ကျင်းယွင်ကျောင်း၏ အံဆွဲထဲသို့ ခိုးထည့်ထားခဲ့၏။ သူသည် မျှော်လင့်ချက် များများစားစား မရှိပေ၊ သို့သော် ကျင်းယွင်ကျောင်းက ဤမျှလွယ်ကူလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိ။

နောက်ပိုင်းတွင် သူသည် စာမျက်နှာအချို့ပို၍ ကူးယူရန် ကြိုးစားအားထုတ်ခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ထို့ကြောင့် သူ အသုံးပြုသော စကားလုံးများသည် ပို၍ပင် ရဲတင်းလာခဲ့၏။ ထို့အပြင် သူသည် ကျင်းယွင်ကျောင်း၌ ကြားဝင်ဖျန်ဖြေတတ်သူတစ်ယောက်၏ အကျင့်စရိုက်ရှိသည်ဟု ထင်သည်ဖြစ်ရာ သူက စာကို ပို၍ ရှင်းလင်းမြင်သာစွာ ရေးလျှင် သူမက ပို၍နှစ်သက်လာနိုင်မည် မဟုတ်လော။ အသေအချာပင်၊ သူမ၏ တုံ့ပြန်မှုများက သူမျှော်လင့်ထားသလိုသာ ဖြစ်လေသည်။

သို့ဖြစ်ရာ နောက်ဆုံးတွင် ယနေ့ ပေးသောစာ၌ သူ၏ အမည်ကို ထည့်ရေးလိုက်တော့၏။

"ယွင်ကျောင်း"

ကျန်ရှက စခေါ်လိုက်ပြီး သူ၏ လေသံကလည်း နွေးထွေးနေသည်။ သူသည် ကျင်းယွင်ကျောင်းက သူနှင့် နီးကပ်ချင်သောကြောင့် သူ့အား မေးခွန်းများမေးရင်း အကူအညီတောင်းချင်ယောင်ဆောင်ပြီး ဤနေရာသို့လာသည်ဟု ထင်လိုက်၏။

ချောင်ဟုန်ယဲ့က ကျောင်းထွက်သွားပြီး ဟယ့်ကျားစစ်က နင်းမြို့တော်သို့ ပြန်သွားရာ ကျန်ရှ၏ လက်ရှိ ထိုင်ခုံဖော်မှာ ထန်ကျစ်ဟွားဖြစ်သည်။

ထန်ကျစ်ဟွားသည် အပြင်ပန်း၌ နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း တကယ်တမ်း သူ၏ အကျင့်စရိုက်မှာ အေးစက်လှ၏။ များသောအားဖြင့် သူသည် ကျန်ရှ၏ တည်ရှိမှုကို စိတ်ထဲပင် မထည့်ပေ။ သို့ရာတွင် လက်ရှိအချိန်၌ သူသည် ကျင်းယွင်ကျောင်းက ကျန်ရှအား စိုက်ကြည့်နေသည်ကို မြင်သောအခါ ထူးဆန်းသည်ဟု မတွေးဘဲ မနေနိုင်တော့။

"ထန်ကျစ်ဟွား၊ ဘေးခဏဖယ်နေပေး"

ကျင်းယွင်ကျောင်းက စပြောလိုက်၏။

ထန်ကျစ်ဟွား၏ ခန္ဓာကိုယ်က ပြန်မကောင်းသေးပေ။ အကယ်၍ သူသာ မတော်တဆ တစ်ခုခုဖြစ်ပါက သူမသည် သူ့ကို ကုသရန်အတွက် အခြားနည်းလမ်းရှာနေရပေဦးမည်။

ထန်ကျစ်ဟွားက သူမ၏အနောက်သို့ ကျော်ကြည့်လိုက်ရာ ရှောင်ဟိုင်ချင်းက ရွှတ်နောက်နောက် အမူအယာဖြင့် သူ့အား လက်ညှိုးလေးကွေး၍ ခေါ်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ထရပ်လိုက်၍ ရှောင်ဟိုင်ချင်း၏ ဘေးသို့ သွားထိုင်လိုက်သော်လည်း လုံးဝ နားမလည်နိုင်သေးပေ။

"ရှောင်ဟိုင်ချင်း၊ နင် သူ့ကို တားရမယ်။ ပြောင်ကျဲက အဲဒီရွံစရာကောင်းတဲ့ကောင်ကို အဖြေပေးစရာ အကြောင်းတော့ မရှိဘူး မဟုတ်လား"

စူးချူ၏ မျက်လုံးများက နီရဲနေပြီး သူမက စိုးရိမ်တကြီးဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

ထန်ကျစ်ဟွားသည် သူမ၏ စကားကို ကြားသောအခါ ပို၍ပင် ထိတ်လန့်သွား၏။

"ဘာတွေဖြစ်နေတာလဲ"

ရွံစရာကောင်းတဲ့ကောင် ... သူက ကျန်ရှကို ဆိုလိုတာလား။ ဒါတော့ မဖြစ်နိုင်ဘူး။ ကျင်းယွင်ကျောင်းလိုမျိုး အကျင့်စရိုက်ရှိတဲ့သူက ဘယ်လိုလုပ်ပြီး ကျန်ရှလို အသုံးမကျပဲ အရေထူတဲ့ကောင်မျိုးကို ကြိုက်နိုင်မှာလဲ။

ထို့နောက် ထိုနှစ်ယောက်ရှိရာကို ပြန်ကြည့်လိုက်သောအခါ လူအတော်များများက သူတို့အား မျက်လုံးပြူး၍ စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။

"ယွင်ကျောင်း၊ အရင်ဆုံး ထိုင်ပါဦး"

ကျန်ရှ၏ သဘောထားမှာ ဖော်ရွေလှ၏။ ကျင်းယွင်ကျောင်းသည် သူ့အား နောက်ဆုံး စကားပြောခဲ့သည့်အချိန်မှာ အတော်လေး ကြာပြီဖြစ်သည်။ သူမ၏ အတိတ်ဘဝ အတွေ့အကြုံက သူမအပေါ်တွင် ထင်မြင်ချက်တစ်ခု နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ခဲ့သောကြောင့်သာ မဟုတ်ပါက သူမသည် သူကဲ့သို့သော လူတစ်ယောက် ရှိသည်ကိုပင် မေ့နေလောက်ပြီ ဖြစ်၏။

ကျန်ရှက သူမကို ပိုးပန်းနေသည်လား။ ဟ ဟ ... ထိုကိစ္စ၏ နောက်ကွယ်တွင် ရှိသူကို သူမ အဘယ့်ကြောင့် မသိဘဲနေမည်နည်း။

သူမ၏ အတိတ်ဘဝ၌ဖြစ်စေ၊ ယခုဘဝ၌ဖြစ်စေ ကျန်ရှ၏ ချောင်ဟုန်ယဲ့အပေါ် အရူးအမူးချစ်မြတ်နိုးခြင်းက ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။ ယခင်ကလည်း ချောင်ဟုန်ယဲ့ထံမှ စကားလေးတစ်ခွန်းကြောင့် ကျန်ရှသည် လူကောင်း ယောင်ဆောင်၍ ကျင်းယွင်ကျောင်းအား ထပ်ခါတလဲလဲ စိတ်အနှောက်အယှက် ပေးခဲ့သည်။ သူ၏ ဖောက်လွှဲဖောက်ပြန်လုပ်တတ်မှုက အဆင့်ပင်တက်လာခဲ့၏။ ယခု သူသည် ကျောင်း၌ပင် အမှန်တကယ် ထိန်းမနိုင်သိမ်းမရ ဖြစ်နေရဲလေသည်။

"မတ်တပ်ရပ်"

ကျင်းယွင်ကျောင်းက သူ၏ စကားကို နားမထောင်ဘဲ အမိန့်ပေးလိုက်၏။

ကျန်ရှက မျက်မှောင်ကြုံ၍ မကျေမနပ်ဖြစ်သွားသည်။

သို့ရာတွင် မျှော်လင့်ချက်သေးသေးလေးက သူ့ကို ကျင်းယွင်ကျောင်း၏ တောင်းဆိုမှုအား လိုက်နာရန် တိုက်တွန်းနေသည်။

ကျန်ရှ၏ နွေးထွေး၍ တောက်ပသော အပြုံးက အလွန်အမင်း နူးညံ့နေပုံရသော်လည်း သူ၏ တင်ပါး ထိုင်ခုံပေါ်မှ ကြွလိုက်သည်နှင့် ကျင်းယွင်ကျောင်းသည် သူမ၏ လက်ထဲရှိ စာအုပ်ကို မြှောက်လိုက်ကာ သူ၏ မျက်နှာအား ပိတ်ရိုက်လိုက်သည်ကို မြင်လိုက်ရ၏။

'ဖြန်း'

ပုံနှိပ်စာအုပ်က ကျန်ရှ၏ မျက်နှာကို ရိုက်မိသွားပြီး နီရဲတောက်သွားလေသည်။

သူမ၏ လက်ကို သုံးရမည်လား။ ကျင်းယွင်ကျောင်းသည် အထက်စီးဆန်စွာ ပြုံးလိုက်၏။ သူမသည် သူမ၏ လက်များကို မညစ်ပတ်စေချင်ပေ။

ယခင်က သူမသည် ကျန်ရှအား လက်တုံ့မပြန်ခဲ့သည်မှာ အတိတ်ဘဝက သူမအပေါ် သူ၏ လုပ်ရပ်များသည် ချောင်ဟုန်ယဲ့က ကိစ္စများကို နောက်ကွယ်မှ ညွှန်ကြားခိုင်းစေသည့် ရလဒ်ဟုသာ ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။ တကယ်တမ်း သူမသည် သူ့အပေါ်၌ တကယ့်ရန်ငြိုးရန်စ များများစားစား မရှိချေ။ သူမသည် သူ့အား မုန်းတီးသော်လည်း သူက ခွင့်မလွှတ်နိုင်သည့် အရာကို မလုပ်ခဲ့ဖူး ... ထို့ကြောင့် ယခုဘဝ၌ သူက သူမအား ဒုက္ခပေးနေသော်လည်း အနာဂတ်တွင် ပို၍ ဆိုးသော အမှားများ ထပ်မလုပ်ရဲရန်သာ ပညာပေးခဲ့သည်။ သူမ ချောင်ဟုန်ယဲ့အား လုပ်ခဲ့သလိုမျိုး သူ့အား ပြင်းပြင်းထန်ထန် မလုပ်ခဲ့ပေ။ သို့ရာတွင် သည်းခံခြင်းကလည်း သူ့အတိုင်းအတာနှင့်သူ ရှိလေသည် မဟုတ်ပေတကား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now