Chapter 304

382 39 0
                                    

Chapter 304 : မနာလိုမစ္ဆရိယစိတ်၊ မုန်းတီးစိတ်


ကျန်ရှ၏ စကားဆုံးသည်နှင့် အမေကျန်က မကျေမနပ်ဖြင့် တစ်ဖက်သို့လှည့်သွား၍ ကျန်ဝမ်ရှန်က စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်သည်။

"ရှောင်ရှ၊ မင့် အမေကိုခေါ်ပြီး တစ်ချက်သွားကြည့်လိုက်။ လမ်းထဲက လူတိုင်းက ငါ့ကိုသိနေတော့ ငါ သွားစုံစမ်းရင် အဆင်မပြေဘူး"

ကျန်ဝမ်ရှန်းက အစီအစဥ် ဆွဲလိုက်၏။ ကျန်သားအမိနှစ်ယောက်ကလည်း သူ၏ စကားကို သဘောတူကြသည်။

သူတို့သည် စီးပွားရေးချင်းတူသောကြောင့် ကျန်ဝမ်ရှန်းကဲ့သို့ လူကြီးတစ်ယောက်က အခြေအနေကို သွားရောက် စုံစမ်းထောက်လှမ်းပါက လုံးဝအရှက်ရစရာဖြစ်ကုန်လိမ့်မည်။

ထို့နောက် သားအမိနှစ်ယောက်သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်၍ လက်ဖက်ရည်ဆိုင်ထဲမှ ချက်ချင်း ထွက်သွားကြ၏။ ဤလမ်းသည် အပြင်ဘက်ရှိ မိန်းလမ်းမကြီးနှင့် မတူဘဲ တစ်လမ်းသွားဖြစ်သောကြောင့် ဆိုင်သို့လာသူများအတွက် အဆင်ပြေ၍ အနီးနားပတ်ဝန်းကျင်ရှိ စျေးဆိုင်များသည်လည်း အတော်လေး အလုပ်ဖြစ်ကြသည်။ ယခင်က လူတစ်ယောက်သည် ဤလမ်းအတွင်းပိုင်းသို့ ဝင်လာလေလေ၊ ပို၍ လူသူကင်းမဲ့လာလေလေဖြစ်သော်လည်း ယနေ့တွင်မူ ကွာခြား၏။

ထိုလမ်းထဲရှိ ရှေးဟောင်းပစ္စည်းဆိုင်များနှင့် လက်မှုပစ္စည်းဆိုင်များသို့ လာကြသော စျေးဝယ်များသည်လည်း အနီးနားသို့ လျှောက်ပတ်ကြည့်ကြသည်။ ထို့နောက် ကားများ၊ လူများ တရုံးရုံးဖြစ်နေသည့် မြင်ရခဲ့သောမြင်ကွင်းအား တွေ့သွားကြကာ သွားရောက်စုံစမ်းရင်း သူတို့ပါ ဆိုင်ဖွင့်ပွဲသို့ ဝင်ရောက်ဆင်နွှဲကြသဖြင့် ဤလမ်းလေးပေါ်တွင် ယခင်ကထက်ပို၍ စည်ကားရှုပ်ထွေးနေ၏။

ထို အကျိုးဆက်သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် ပတ်ဝန်းကျင်ရှိ စျေးဆိုင်လေးများအပေါ်၌ပင် သက်ရောက်မှုရှိသည်။

ယခင်က လူတိုင်းသည် သူတို့လိုချင်သမျှ ပစ္စည်းများကို ဤလမ်းလေး၏ အပြင်ဘက်တွင်လည်း ဝယ်နိုင်သည်ဟု တွေး၍ စျေးပတ်ဝယ်ရန် ပျင်းရိနေတတ်ကြ၏။ သို့သော် ယနေ့တွင်မူ အချို့လူများ၏ သဘောထားများက ပြောင်းလဲသွားကြသည်။ များသောအားဖြင့် ထိုဆိုင်သည် စျေးဝယ်သူများများစားစား မရှိသောကြောင့် ဆိုင်ပိုင်ရှင်များသည် လူတစ်ယောက်ကို မြင်သည်နှင့် အလွန်ဖော်ရွေပျူငှာစွာကြိုဆိုလေ့ရှိပြီး သူတို့၏ ကုန်ပစ္စည်းများ ရောင်းရရေးအတွက် စိတ်အားထက်သန်စွာ ကြိုးစားလေ့ရှိသဖြင့် အပြင်ဘက်ရှိ မရောင်းချင် ရောင်းချင်၊ မထုံတတ်တေးအမူအယာများရှိသည့် ဆိုင်ရှင်များနှင့် လုံးဝမတူပေ။

ကျောက်စိမ်းဝိညာဥ်ဆိုင်မှ လက်ဖက်ရည်အနံ့သည် မိုင်ပေါင်းများစွာအကွာအထိ ပျံ့နှံ့နေသဖြင့် လမ်းကြားလေးထဲ၌ ဝိုင်အနံ့များ စွဲထင်ကျန်နေမည်ကိုလည်း စိတ်ပူစရာမလိုခဲ့။

ထိုအချိန်၌ ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် ဆိုင်ပေါက်ဝသို့ ရောက်လာကြ၍ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြသည်။

အမေကျန်က အထဲသို့ ဝင်သွားသင့်၊ မသွားသင့် တွေဝေနေချိန်တွင် ကျန်ရှသည် ကားပါကင်၌ ရပ်ထားသော ကားများစွာထဲမှ တစ်စီးကိုညွှန်ပြ၍ ပြောလာ၏။

"အမေ၊ ကျွန်တော် အဲ့ကားကို သိတယ်။ အဲဒါက အာမခံပါတဲ့ ထိပ်တန်းအဆင့် ဇိမ်ခံကားအမျိုးအစားပဲ။ ယွမ်သန်းဆယ်ချီပြီး တန်တာလို့ ကျွန်တော် ကြားဖူးတယ်"

"ဒီ တစ်စီးကလည်း စျေးမပေါဘူး။ အနည်းဆုံး ယွမ်သန်းနဲ့ ချီပြီး တန်တယ်"

ကျန်ရှသည် ထိုနေရာ၌ ကျောက်ရုပ်ကြီးကဲ့သို့ မတ်တပ်ရပ်နေရင်း တောင့်ခဲနေသည်။

သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်သောကြောင့် ကားများကို သေချာပေါက် စိတ်ဝင်စားသည်။ များသောအားဖြင့် သူသည် အွန်လိုင်းပေါ်မှ ကားများကို မိတ်ဆက်ပေးသော ဗီဒီယိုများ၊ ကားများနှင့်ပတ်သတ်သော ဗီဒီယိုများကို ရှာကြည့်လေ့ရှိပြီး သူကိုယ်တိုင် လူကြီးလူကောင်းတစ်ယောက်ဖြစ်လာကာ သူ၏ ကားပေါ်တွင် မိန်းမလှလေးများ တင်နိုင်မည့်နေ့ကို စိတ်ကူးယဥ်လေ့ရှိ၏။

သို့သော် ယခုအချိန်တွင် တကယ့် ကားအစစ်က သူ၏ရှေ့တွင်ရောက်နေရာ သူသည် ထိပင် မထိရဲချေ။

အနည်းဆုံးတော့ သူ့တွင် လူတစ်ယောက်၌ ရှိသင့်ရှိထိုက်သည့် ကိုယ်ပိုင်အသိဥာဏ်၊ ဗဟုသုတ အနည်းအကျဥ်းရှိနေသေးသည်။ အကယ်၍ သူသာ ထိုကားပေါ်တွင် ခြစ်ရာသေးသေးလေးဖြစ်အောင် လုပ်မိသွားပါက သူတို့မိသားစု ဒေဝါလီခံသွားရနိုင်၏။

ကျန်ရှ၏ မျက်လုံးများသည် မနာလိုဖြစ်လွန်းသဖြင့် နီရဲနေပြီး သူ၏ နှလုံးသားက ရှာလကာရည်အိုင်ထဲတွင် နစ်မြုပ်နေသည်။ သူတို့အားလုံးသည် လူသားများဖြစ်ကြသော်လည်း အဘယ်ကြောင့် သူတို့အကြားတွင် ကွာဟချက်ကြီးကြီးမားမား ရှိနေရသနည်း။ အချို့လူများသည် မွေးကတည်းက ရွှေလင်ဗန်းနှင့် အချင်းဆေး၍ ဇိမ်ခံပစ္စည်းများကိုသာ သုံးစွဲနေချိန်၌ သူတို့မိသားစုသည် ယွမ်သောင်းဂဏန်းသာတန်သည့် ကားစုတ်လေးတစ်စီးကိုသာ မောင်းနေရဆဲပင်။

(T/N : ရှာလကာရည်က မနာလိုအူတိုတာကို ညွှန်းတာပါနော်။)

ယခင်က သူသည် သူ့ မိသားစုပိုင်သောကားကို သိပ်မဆိုးဟု အမှန်တကယ်ပင် တွေးခဲ့သော်လည်း ယခု သူ့ အရှေ့တွင်ရှိသော ကားနှင့် နှိုင်းယှဥ်လိုက်ပါက ထိုကားသည် လုံးဝ အမှိုက်သာသာပင်။

"ဒီလောက် စျေးကြီးတဲ့ကားကို ငှားဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား"

ထိုကားများကို ကြည့်၍ အမေကျန်သည် ပို၍ပင် စိတ်ဓါတ်ကျလာသည်။

သူတို့ လက်ဖက်ရည်ဆိုင်ဖွင့်သည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း ဤကဲ့သို့ မက်မောဖွယ်ကောင်းသော မြင်ကွင်းမျိုး တစ်ခါမှ မရှိဖူးပေ။ မိမိကိုယ်ကို  အခြားသူများနှင့် နှိုင်းယှဥ်ခြင်းက ကိုယ့်ကိုကိုယ် ပို၍ပင် ဒေါသထွက်လာစေသည်။

"သေချာပေါက် မဖြစ်နိုင်ဘူးပေါ့"

ကျန်ရှက ကိုယ့်ကိုကိုယ် လှောင်ရယ်ရင်း ပြန်ဖြေလိုက်၏။

"မေ့လိုက် သားလေး။ ကားတွေကို ဂရုစိုက်မနေနဲ့။ အထဲကိုဝင်ပြီး တစ်ချက်ကြည့်ရအောင်"

အမေကျန်က သူမ၏ သားကို ဆွဲခေါ်၍ ဆိုင်ထဲသို့ တိုက်ရိုက်ဝင်ချသွားသည်။

သို့သော် တံခါးပေါက်ကို ဖြတ်၍ ခြေချလိုက်သည်နှင့် သားအမိနှစ်ယောက်လုံး ကယောင်ခြောက်ခြားဖြစ်သွား၏။ ဆိုင်ထဲရှိ အရာအားလုံးသည် အသစ်စက်စက်များဖြစ်ကြ၍ မျက်စိအေးဖွယ် အပင်ငယ်လေးများက နေရာအနှံ့ရှိနေသည်။ လက်ဖက်ရည်အနံ့သည်လည်း ဆိုင်တစ်ခုလုံးကို ပျံ့လွင့်နေ၍ ထိုအနံ့ကို ရှုမိသူတိုင်း ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရ၏။ အရေးအကြီးဆုံးအချက်မှာ အတွင်းပိုင်းအပြင်အဆင်ဖြစ်သည်။ ထိုအပြင်အဆင်သည် အမှန်တကယ်ပင် အလွန်အကျွံပြင်ဆင်ထားခြင်း မဟုတ်သော်လည်း လက်ရာမြောက်၍ ကျက်သရေရှိလှ၏။ နှိုင်းယှဥ်ကြည့်ပါက သူတို့မိသားစု၏ လက်ဖက်ရည်ဆိုင်သည် အပြတ်အသတ် နောက်ကောက်ကျကျန်ခဲ့ပြီ ဖြစ်သည်။

"မင်္ဂလာပါ၊ နှစ်ယောက်စာ စားပွဲပြင်ပေးရမလား ခင်ဗျာ"

ဝန်ထမ်းတစ်ယောက်က ချိုသာစွာပြုံး၍ မေးမြန်းလာရာ ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် မျက်စိကန်းလု နီးပါးပင် ဖြစ်သွားကြသည်။

သူတို့မိသားစုဆိုင်၏ ကိုယ်ပိုင်ဝန်ထမ်းများသည် ထိုကဲ့သို့ မဟုတ်၊ မျက်နှာသေများနှင့် ဖြစ်၏။ ဤဆိုင်မှ ဝန်ထမ်းများကဲ့သို့သော အမူအယာမျိုးသည် မြင်ရခဲလှသည်။

ထို့နောက် ထိုသားအမိနှစ်ယောက်သည် ခေါင်းယမ်းလိုက်ကြ၏။ ဝန်ထမ်းအသစ်များသည် အမြဲတမ်း ဤကဲ့သို့ပင်။ နောက်ဆုံး သူတို့သည် အလုပ်၌ အသားကျသွားသည်နှင့် ဘဝသည် မည်မျှ ခက်ခဲကြောင်း သိလာရလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် သူတို့သည် အဘယ် မကြာခဏ ပြုံးနိုင်တော့မည်နည်း။

"ဒါက မင်းတို့ဆိုင်ရဲ့ပထမဦးဆုံး ဖွင့်တဲ့နေ့ဆိုတော့ သေချာပေါက် စျေးလျှော့ပေးတာတွေရှိတယ် မဟုတ်လား"

အမေကျန်က မေးလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now