Chapter 306

386 38 0
                                    

Chapter 306 : အခွင့်ကောင်းယူခြင်း


အမေကျန်က ဝန်ထမ်းလေး လက်ဖက်ရည်လာချပေးသည်အား စောင့်ကြည့်နေပြီးနောက် ခပ်တိုးတိုးရယ်လိုက်သည်။

ဤ ကျွင်းရှန်ယင်းကျန်း လက်ဖက်ရည်အစစ်အား တော်ဝင်လက်ဖက်ရည်ဟုပင် ယူဆနိုင်၍ စျေးအချိုဆုံး အမျိုးအစားသည်ပင် ယွမ်နှစ်ထောင်ကျော်တန်၏။ ပထမတန်းစား အဆင့်ဆိုပါက သေချာပေါက် ယွမ်သောင်းနှင့်ချီ၍ တန်ပေသည်။ အကယ်၍ စျေးပေါသော လက်ဖက်ရွက်အမျိုးအစားကိုသာ သုံးထားပါက ယွမ်တစ်ရာကျော်ခန့်သာ ကျမည်ဖြစ်၏။

အစောပိုင်းက သူမသည် ပထမတန်းစားအဆင့် လက်ဖက်ရည်ကိုသာ လိုချင်ကြောင်းပြောထားခဲ့သဖြင့် သူတို့ကသာ သူမအား စျေးပေါသောအမျိုးအစားကို ပေးလာပါက ငြိမ်ခံနေမည် မဟုတ်။

လက်ဖက်ရည်အိုးကို ချပြီးသည့်နောက် အမေကျန် ပထမဆုံးလုပ်သည့်အရာမှာ လက်ဖက်ရည်အိုးထဲသို့ ငုံ့ကြည့်ခြင်းဖြစ်သည်။ လက်တွေ့၌ သူမ၏ ခင်ပွန်းဖြစ်သူသည် ဤနယ်ပယ်၌ နှစ်အတော်ကြာအောင် ကျင်လည်ခဲ့ပြီး ဖြစ်၏။ သူ့ဆီမှ ရရှိသော ဗဟုသုတအချို့ကြောင့် သူမသည် သုံးထားသောကုန်ကြမ်းပစ္စည်း ကောင်း၊ မကောင်းကို ခွဲခြား၍ ပြောနိုင်သေးသည်။

ထို့နောက် သူမသည် အိုးအတွင်းထဲ၌ ကျကျနနနေရာယူထားသော လက်ဖက်ရွက်များ၏ အရှည်နှင့် အရွယ်အစားကို မြင်လိုက်ရ၏။ လက်ဖက်အညွှန့်လေးများ၏ အတွင်းဘက် မျက်နှာပြင်သည် ရွှေအိုရောင်သန်းနေပြီး အပြင်ဘက်၌ အဖြူရောင်ပျပျပြေးနေရာ လုံးဝ အကောင်းပကတိဖြစ်ကြောင်း ဖော်ပြနေ၏။ ထို့အပြင် လက်ဖက်ရွက်များကို တင်းတင်းကြပ်ကြပ် စည်းထား၍ အရွယ်အစားမှာလည်း အပ်ကလေးများကဲ့သို့ ချွန်မြနေကာ လက်ဖက်ရွက် အစစ်အမှန်၏ ဝိသေသလက္ခဏာအားလုံးကို ပိုင်ဆိုင်ထားလေသည်။

ထိုအခါ အမေကျန်က နှုတ်ခမ်းကိုမဲ့လိုက်၏။

သူတို့က တကယ် စေတနာပါတာပဲ။

တကယ်တမ်း ဆိုင်ထဲတွင်ရှိသော လက်ဖက်ရွက်များအားလုံးသည် အလွန်စျေးမကြီးပေ။ ယွမ်တစ်ရာ မကျော်သော လက်ဖက်ခြောက်သုံးထားသည့် လက်ဖက်ရည်အိုးများသည် ဆိုင်တိုင်းတွင် ရနိုင်၏။ သို့သော် ကျင်းယွင်ကျောင်းကမူ တစ်ချိန်တည်းမှာပင် လက်ဖက်ခြောက်ကိုလည်း ကုန်ပစ္စည်းတစ်ခုအဖြစ် ဆိုင်တွင် တင်ရောင်းသောကြောင့် သူမသည် သာမန်လက်ဖက်ခြောက်ကို ဝယ်မသုံးနိုင်ခြင်း ဖြစ်သည်။

ထို့နောက် အမေကျန်သည် လက်ဖက်ရည်နှစ်အိုးကိုကြည့်၍ ရင်ထဲ၌ မသက်မသာဖြစ်လာ၏။

သည်လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဘယ်လောက်တောင် ချမ်းသာလို့ သည်လို အဖိုးတန်လက်ဖက်ခြောက်တွေကို အလွယ်တကူ သုံးနိုင်ရတာလဲ။

မည်သို့ပင်ဆိုစေကာမူ ဤအရာသည် လက်ဖက်ခြောက်များများ သုံးမထားသည့် လက်ဖက်ရည်တစ်အိုးသာဖြစ်၏။ သို့ဖြစ်၍ သူတို့သည် ပိုင်ရှင်အား ဆက်လက်၍ သူတို့အပေါ် အခွင့်ကောင်းယူခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူတို့သည် လက်ဖက်ခြောက်နည်းနည်းထပ်ထည့်ပြီးမှသာ သောက်သုံးသင့်သည်။

သို့သော် အမေကျန် မသိလိုက်သည်မှာ လက်ရှိအချိန်၌ ကျင်းယွင်ကျောင်း အနီးနားပတ်ဝန်းကျင်သို့ သတင်းဖြန့်ရန် လွှတ်လိုက်သော ဝန်ထမ်းလေးသည် မူလ ပထမ လက်ဖက်ရည်ဆိုင်၌လည်း အလုပ်လုပ်ခဲ့ဖူး၍ သူသည် ဤပတ်ဝန်းကျင်နှင့် ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေ၏။ ထို့နောက် ဝန်ထမ်းလေးသည် သူနှင့် ရင်းနှီးသော ဆိုင်အချို့သို့သွား၍ နှုတ်ဆက်လိုက်ကာ ရောက်တတ်ရာရာ စကားထိုင်ပြောနေသည်။

ထိုရောက်တတ်ရာရာ စကားဝိုင်းသည် ဆိုင်အသစ်နှင့် ဆိုင်အဟောင်းကို ဟိုဟိုဒီဒီ နှိုင်းယှဥ်၍ ပြောဆိုနေကြရာ အလိုလိုပင် သူတို့နှစ်ဆိုင်ကြားရှိ ကွာခြားချက်သည် ပို၍သိသာလာ၏။

"ကျွန်တော် ဆိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးဘူး။ အခု ကျွန်တော်တို့ဆိုင်မှာ မန်နေဂျာပဲရှိတာ။ ဘော့စ်က တကယ်ကို လူလုံးထွက်မပြဘူးဗျာ"

ဝန်ထမ်းလေးက ပြုံး၍ ပြောလိုက်သည်။

ဆိုင်တစ်ဆိုင်လုံးတွင် ချူးရုန်မှ လွဲ၍ မည်သူမှ ဘော့စ်ဖြစ်သူကို မသိကြချေ။

ထို့အပြင် သူတို့သည် ကျင်းယွင်ကျောင်းအား ချူးရုန်၏ သူငယ်ချင်းခေါ်လာသည့် အလုပ်သင် သမားတော်လေးတစ်ယောက်ဟုသာ ထင်နေကြသည်။ လက်တွေ့တွင်လည်း ဧည့်သည်များက သူမအား သမားတော်ဟုသာ ခေါ်ကြရာ လူတိုင်းသည် ထိုအကြောင်းကို များများစားစား မတွေးကြတော့ပေ။

"ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်က မင်းတို့လို ဝန်ထမ်းတွေကို ဘယ်လိုဆက်ဆံလဲ။ မူလ ပထမ လက်ဖက်ရည်ဆိုင်ထက် ပိုကောင်းလား"

အတင်းအဖျင်း ဝါသနာပါသည့် အိမ်ရှင်မတစ်ယောက်က မေးလိုက်၏။

လက်တွေ့၌ သူတို့သည် တစ်လမ်းတည်းသားချင်းများ ဖြစ်နေကြသောကြောင့် လက်ရှိအခြေအနေအား အချိန်နှင့်တပြေးညီ သိထားရမည် ဖြစ်သည်။ အနာဂတ်၌ ထိုသတင်းများက သူတို့နှင့်ဆက်ဆံရာတွင် အသုံးဝင်လာမည်ဟု မည်သူသိမည်နည်း။

ထိုအခါ ဝန်ထမ်းလေးက ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဒီဆိုင်က ဆက်ဆံတာက သေချာပေါက် ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ဘော့စ်နဲ့ တစ်ခါမှမတွေ့ဖူးပေမယ့် သူက ကျန်ဝမ်ရှန်း ကျွန်တော်တို့ကို ဆက်ဆံတာထက် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ မန်နေဂျာက ပြောတယ်၊ ဆိုင်မှာ ရက်လွန်သွားတဲ့ ပစ္စည်းတွေကို မထားဘူးတဲ့။ အထူးသဖြင့် ဘီစကစ်လို ပစ္စည်းတွေပေါ့။ ဒါတင်မကဘူး၊ ဆိုင်မှာ တစ်ရက်တည်းနဲ့ ရောင်းမကုန်တဲ့ပစ္စည်းတွေကို ညဘက် ကျွန်တော်တို့ အိမ်ပြန်ရင် ယူသွားလို့ရတယ်။ အဲ့အချက်က ဒီနေ့ မကုန်တဲ့ ပစ္စည်းတွေကို နောက်တစ်နေ့မှာ ဆက်ရောင်းတတ်တဲ့ ကျန်ဝမ်ရှန်းနဲ့ လုံးဝတခြားစီပဲ။ ပြီးတော့ သူက ပစ္စည်းတွေ ရောင်းမထွက်ရင်တောင်မှ ပုပ်သိုးသွားတဲ့အထိ သူ့ဟာသူ သိမ်းထားတာရယ်။ အဲဒါထက် အခု ကျန်ဝမ်ရှန်းရဲ့ မိန်းမနဲ့သားက ကျွန်တော်တို့ဆိုင်ကို ရောက်နေတယ်"

သူတို့သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်သော်လည်း အတူပါလာသည့် ဧည်သည့်အချို့က လက်ဖက်ရည် မကြိုက်တတ်သောကြောင့် ဆိုင်တွင် ဘီစကစ်နှင့် အသီးများ တင်ထားရခြင်းဖြစ်၏။

ကျန်မိသားစုမှ ဇနီးနှင့်သား ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သို့ ရောက်နေသည်ဟု ကြားသောအခါ အတင်းပြော ဝါသနာပါသော အိမ်ရှင်မက စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်။

"သူတို့က ဒီကို ဘာလာလုပ်ကြတာတုန်း"

"ကျွန်တော်တို့ ဆိုင်ရဲ့လက်ဖက်ရည်က အကောင်းဆုံးဆိုတော့ သူတို့ အရသာလာမြည်းကြတာများ ဖြစ်နိုင်မလား။ အဲဒါထက် ခင်ဗျားတို့ လျစ်လျူရှုထားလို့မရတာ ရှိသေးတယ်။ ကျန်မိသားစုက တအားကပ်စေးနဲတယ်ဆိုတာ ခင်ဗျားတို့အားလုံးလည်း သိတာပဲ။ အခု ကျွန်တော်တို့ဆိုင်က နေ့လည် နှစ်နာရီမထိုးမချင်း အလကားတိုက်တယ်ဆိုတာ သူတို့ သိသိချင်း စျေးအကြီးဆုံးလက်ဖက်ရည်နှစ်အိုးမှာပြီး အငမ်းမရသောက်တော့တာပဲ"

ထို့နောက် ဝန်ထမ်းလေးက ဒေါသတကြီး ဆက်ပြောပြန်၏။

"သူတို့သောက်နေတဲ့ လက်ဖက်ရည်တစ်အိုးက အပြင်မှာဆို ယွမ်ရာနဲ့ ချီပြီး ပေးရတာဗျ။ အရှက်မရှိချက်ပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now