Chapter 280

538 62 0
                                    

Chapter 280 : ကျွန်မရဲ့အမှားမဟုတ်ဘူး

ဝမ်ရှင်းဖန်းသည်လည်း စိတ်လွတ်သွားသည်။ ကျင်းယွင်ကျောင်းက သူတို့၏ မျိုးရိုးဗီဇများကို ထပ်မံ၍စစ်ဆေးရန် မည်သည့်အချိန်က မည်သို့အခွင့်အရေးရသွားခဲ့မှန်း သူမ မသိလိုက်ချေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ကျောင်း၌ရှိသည့် စစ်ဆေးချက်များက အစစ်အမှန်ဟု သူမ ဝန်မခံနိုင်သည်မှာ အသေအချာပင်။

"ရှင်က ဒါကို အတုလို့ပြောလိုက်တာလား။ ဒီမှာ ကျွန်မဆီမှာ နောက်ထပ်နှစ်ခုရှိသေးတယ်"

"ဒီ မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်လက်မှတ်သုံးစောင်ကို မြို့တော်မှာ အင်အားအကြီးဆုံးနဲ့ လုပ်ပိုင်ခွင့်အရှိဆုံး အဖွဲ့အစည်းသုံးခုက တရားဝင်တံဆိပ်နှိပ်ပြီး အသိအမှတ်ပြုပေးထားတာ။ ဒါကြောင့် အရမ်းယုံကြည်စိတ်ချရတယ်။ ဒါ့အပြင် အဲဒီအကြောင်းနဲ့ပတ်သတ်ရင် ရှင်တို့က ကျွန်မထက် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိမှာပါ။ ရှင်တို့ကတော့ ရှင်တို့ကိုယ်ရှင်တို့ ကျွန်မရဲ့မိဘတွေပါလို့ ထပ်ခါထပ်ခါပြောနေပေမယ့် ရှင်တို့ ကျွန်မနဲ့စတွေ့ကတည်းက မိဘတွေလုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို တစ်ခုမှ မလုပ်ခဲ့ဘူး"

"ကျွန်မ ရှင်တို့အိမ်ကို ပထမဆုံးလာတဲ့နေ့မှာပဲ ရှင်တို့က ကျွန်မကို ကျောင်းထွက်ဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်။ ကျွန်မငြင်းတော့ ရှင်တို့နှစ်ယောက်က ကျွန်မသွားမယ့်လမ်းကိုပိတ်ပြီး ကျွန်မထွက်သွားလို့မရအောင် တားတယ်။ ဝမ်ရှင်းဖန်း၊ ရှင်တို့စုံတွဲလောက် ယုတ္တိမတန်တဲ့မိဘရှိမှာ မဟုတ်ဘူး။ ရှင်တို့လို လူလိမ်တွေကများ ကျွန်မ ရှေ့မှာ ဒူးထောက်တောင်းပန်ပြပြီး ရှင်တို့နဲ့အတူ အိမ်ပြန်လိုက်လာမှာကို မျှော်လင့်ရဲသေးတယ်လား။ ကျွန်မက ငတုံး မဟုတ်ဘူး"

သူတို့က သတင်းထူးကြားချင်နေတာ မဟုတ်လား။ ဒါဆိုရင် သူမက အကြီးကျယ်ဆုံးသတင်းကို ထုတ်ပြပေးရသေးတာပေါ့။

"ကျွန်မက ရွာသားတွေကိုရိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က လက်နက်တွေကိုင်ပြီး ကျွန်မကို ဝိုင်းထားလို့လေ။ ကျွန််မနဲ့ ကျွန်မရဲ့မိတ်ဆွေသာ မခုခံနိုင်ခဲ့ရင် အဲဒီနေရာမှာတင် ကျွန်မတို့ အသားတစ်စတောင် ကျန်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မ အမှားမလုပ်ခဲ့ဘူး"

"ကျွန်မက ဝမ်ရှင်းဖန်းကို ကျင်းမင်ခိုင်နဲ့ ခြိမ်းခြောက်ခဲ့တာကလည်း သူတို့က ကျွန်မကို ကျောင်းထုတ်ဖို့အတွက် ကျောင်းကိူ အကြံအစည်မျိုးစုံနဲ့ လာနေလို့၊ ဒါကြောင့် ဒီကိစ္စမှာလည်း ကျွန်မ, မမှားသေးဘူး"

"သူတို့က သူတို့ကိုယ်သူတို့ ကျွန်မရဲ့မိဘတွေလို့ လိမ်ညာခဲ့ပြီး လက်မှတ်အတုတစ်စောင်နဲ့ ကျွန်မကို ခြိမ်းခြောက်ဖိအားပေးခဲ့တယ်။ ဒါကြောင့် ကျွန်မက သူ့ကို တစ်နေ့လုံး ဒါမှမဟုတ် တစ်လလုံး ဒူးထောက်ခိုင်းရင်တောင် ကျွန်မ, မမှားသေးဘူး"

ကျင်းယွင်ကျောင်းက ထိုကဲ့သို့ အံ့သြထိတ်လန့်ဖွယ်ကောင်းသည့်စကားများကို အဆက်မပြတ် ထပ်ခါထပ်ခါပြောဆိုရင်း ရှေ့သို့တိုးသွားကာ သူမ၏ လက်ကိုအောက်သို့ချထား၍ ခြေထောက်ဖြင့် ရှေ့သို့ အသာလှမ်းချိတ်လိုက်သည်။ ချက်ချင်းပင် ဒုန်းခနဲ အသံကြီးမြည်သွား၍ ထိုလင်မယားနှစ်ယောက်သည် မြေကြီးပေါ်သို့ ဒူးထောက်ရက်ကျသွား၏။

ကျောင်းပေါက်ဝရှိ တလင်းပြင်သည် ပြန့်ပြူး၍ ရှင်းလင်းနေပြီး လှုပ်လှုပ်ရှားရှားလုပ်လျှင်တောင်မှ ဖုန်တစ်ချက်မထပေ။

အစောပိုင်းက ဝမ်ရှင်းဖန်းသည် သူမ၏ ဆန္ဒအလျောက် ဒူးထောက်ခဲ့ခြင်းဖြစ်၍ သူမ၏ အားကို ထိန်းချုပ်ထားနိုင်ရာ ဒူးနာခြင်းမရှိပေ။ သို့သော် ယခုအခါ ကျင်းယွင်ကျောင်း၏ ခွန်အားက မသေးလှသဖြင့် မာကျောသော တလင်းပြင်နှင့် ဒူးခေါင်းအရိုးတို့ ရိုက်မိသွားချိန်၌ ဝမ်ရှင်းဖန်း၏ ဒူးခေါင်းရိုးသည် နှစ်ခြမ်းကွဲသွားသည့်အလား နာကျင်သွားသည်။

ရုတ်တရက် ပြောင်းလဲမှုတစ်ခုဖြစ်သွားရာ လူတိုင်း ပြင်ဆင်ချိန်ပင် မရှိလိုက်ချေ။

သို့သော် ရှောင်ဟိုင်ချင်းကမူ လက်ခုပ်လက်ဝါးတီး၍ သြဘာပေးချင်နေ၏။

အစောပိုင်းက စကားပြောနေသည့် ပထမဆုံးအမျိုးသမီးသတင်းထောက်သည် ချောင်မိသားစု၏ ကိစ္စကြောင့် အရှက်ရသွား၍ ယခုအခါ မိဘအရင်းဆိုသူများသည်ပင် အတုဖြစ်နေကြောင်း မြင်လိုက်ရရာ သူမသည် ရှက်လွန်း၍ ကျင်းတစ်ကျင်းတူး၍သာ ပုန်းနေလိုက်ချင်တော့သည်။

ထိုအချိန်၌ ဒုတိယသတင်းထောက်သည်လည်း ကိစ္စများ တစ်ပတ်ပြန်လည်လာပြီးသည့်နောက် ငတုံးတစ်ယောက်နှင့်ပင် တူနေ၏။

အစောပိုင်းက မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးချက်က အတုလား။ ဒါ မဖြစ်နိုင်ဘူး မဟုတ်လား။

သို့သော် ကံဆိုးသည်မှာ သူသည် ကျင်းယွင်ကျောင်း၏ လက်ထဲတွင်ရှိသော စစ်ဆေးချက် လက်မှတ်သုံးစောင်လုံးကိုလည်း မြင်လိုက်ရ၍ ထိုစာရွက်များ၏ထိပ်၌ မြို့တော်ရှိ သြဇာအကြီးဆုံး ဆေးရုံကြီးသုံးရုံ၏ အမှတ်တံဆိပ်များနှင့် တံဆိပ်တုံးများကို အမှန်တကယ်ပင် ရိုက်နှိပ်ထားသည်။ ၎င်းဆေးရုံကြီးများသည် လာဘ်ထိုး၍ မရသော အဖွဲ့အစည်းများဖြစ်ကြသောကြောင့် တစ်ရာ,ရာခိုင်နှုန်း ယုံကြည်စိတ်ချရ၏။

ဝမ်ရှင်းဖန်းတို့ စစ်ဆေးချက်လုပ်ခဲ့သည့် နင်းမြို့တော်ရှိ ဆေးရုံသည်လည်း ဆေးရုံကြီးတစ်ရုံဖြစ်သည်။ သို့သော် မိဘအရင်းဟုတ််၊ မဟုတ် စစ်ဆေးခြင်းကဲ့သို့သောကိစ္စများ၌  အထက်ပါအဖွဲ့အစည်းသုံးခုကဲ့သို့ ယုံကြည်စိတ်ချရလောက်သည့်အထိ ကျွမ်းကျင်မှုမရှိပေ။

ထို့ကြောင့် ဒုတိယအမျိုးသား သတင်းထောက်သည်လည်း ဘာပြောရမှန်း မသိတော့။

အစောပိုင်းက အမျိုးသမီးသတင်းထောက်သည် ပထမဆုံး မေးခွန်းမေးခွင့်ရသည်မှာ ကံကောင်းသည်ဟု ခံစားနေရသည်။ ချောင်မိသားစု၏ လုပ်ရပ်များကြောင့် မေးခွန်းမေးသည့် သူမပါ သိက္ခာကျခဲ့ရသော်လည်း ထိုကိစ္စသည် ဤမိဘအတုများထက် အများကြီး ပို၍ အခြေအမြစ်ရှိသေး၏။

အရေးအကြီးဆုံးမှာ အမျိုးသားသတင်းထောက်သည် ကျင်းယွင်ကျောင်းအား မေးခွန်းများ မေးခဲ့ရုံသာမကဘဲ ထိုမိသားစုဝင်တစ်ယောက်ချင်းစီအား အမွှမ်းတင်ခဲ့၍ လူသားဆန်မှုကို ချီးကျူးကာ သူတို့၏ မတရားခံရမှုကို ဝမ်းနည်းကြောင်းပြော၍ သူ့ရပ်တည်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။ ယခုအချိန်၌ သူ ခံစားနေရသည်မှာ... ...

သူ မည်သို့ခံစားနေရကြောင်းကို သိရန်မှာ ထိုသို့ကြုံဖူးစရာပင် မလိုချေ။

အခြားသူများသည်လည်း အံသြထိတ်လန့်နေကြ၍ လူအုပ်ကြီးသည် ရုတ်တရက် ငြိမ်ကျသွား၏။

သူတို့သည် သတင်းထောက်များဟုသာ သူတို့ကိုယ်သူတို့ ခေါ်နေကြသော်လည်း တကယ်တမ်း သူတို့သည် ကျင်းယွင်ကျောင်းကို လူသိရှင်ကြား ရှုတ်ချရန်ရည်ရွယ်၍ ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်လိုက်ရပြီးနောက် အစောပိုင်းကတည်းက မေးခွန်းများမေးရန် ကြိုတင်ပြင်ဆင်ထားကြသူများသည် သူတို့ ခဏတဖြုတ် ငြိမ်နေရန်လိုအပ်ကြောင်း ရုတ်တရက် သဘောပေါက်သွားကြလေတော့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now