Chapter 310

408 34 0
                                    

Chapter 310 : စိတ်ထားယုတ်သော စုန်းမကြီး


"ရှင်က ဗိုက်နာနေတယ်လို့ပြောလို့ ကျွန်မက ရှင့်ကို ကုပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ရှင်က ကြမ်းပြင်ပေါ်ကို အကြိမ်နည်းနည်းလောက် လှိမ့်ချပြီး တကယ်ပဲ ပြန်ပြီးသက်သာလာတယ်။ အန်တီကျန်၊ ပြိုင်ဘက် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ရှင်က ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ကို နာမည်ဖျက်ဖို့ မကြိုးစားနေပါဘူးလို့ပြောရင် ဘယ်သူက ယုံမှာလဲ"

ကျင်းယွင်ကျောင်းက တဲ့တိုးပင် ထုတ်ဖော်ပြောကြားလိုက်ပြီး ဆက်ပြောလိုက်သည်။

"အခု ကျွန်မလည်း လက်ဖက်ရည်သောက်ပြီးပြီ။ အရသာလည်း ဘာမှမပြောင်းလဲတဲ့ တစ်အိုးတည်းက လက်ဖက်ရည်ပဲ။ ပြီးတော့ ကျွန်မက ရှင့်ထက် ပိုသောက်ခဲ့တာတောင် အခုထိ ဘာလို့ ကောင်းနေသေးတာလဲ။ ဒါဆိုရင် လက်ဖက်ရွက်တွေက မျက်စိပေါက်ပြီး လူရွေးပြီးများ အဆိပ်သင့်တာလား။ ရှင်က စိတ်ထားယုတ်တဲ့ စုန်းမကြီးမို့လို့များ ပန်းသီး အဆိပ်သင့်တာလား"

ထိုအခါ ချူးရုန်က ကြိတ်ပြုံးလိုက်၏။

ပန်းသီးအဆိပ်သင့်တာ စနှိုးဝှိုက် မဟုတ်ဘူးလား။ ကျင်းယွင်ကျောင်းရဲ့ဗားရှင်းမှာကျ ဘာလို့ စုန်းမကြီးဖြစ်နေတာလဲ။

အမေကျန်၏ အမူအယာက ဖြူဖျော့သွားလိုက် စိမ်းပုတ်သွားလိုက်နှင့် တစ်လှည့်စီပြောင်းနေသည်။

ထိုအချိန်၌ စောင့်ကြည့်နေကြသူအားလုံးသည် အခြေအနေကို နားလည်သွားတော့၏။

အစောပိုင်းက စိုးရိမ်နေကြသည့် ဧည့်သည်အနည်းစုပင် စိတ်သက်သာရာ ရသွားကြသည်။

အကယ်၍ အခြားတစ်ယောက်သာဖြစ်ပါက သူတို့သည် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်၏ မသန့်ရှင်းမှုဟု တွေးကြမည်ဖြစ်သော်လည်း နစ်နာသူသည် မူလ ပထမလက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ဇနီး ဖြစ်နေ၏။

မူလ ပထမ လက်ဖက်ရည်ဆိုင်သည် အဘယ်ကြောင့် စီးပွားရေး ယိုယွင်းလာသနည်း။ သူတို့၏ ဆိုင်၌ တစ်ခုခုဖြစ်ခဲ့သောကြောင့် မဟုတ်လား။

ယခုအခါ မူလ ပထမ လက်ဖက်ရည်ဆိုင်သည် စီးပွားရေး မကောင်းတော့သောကြောင့် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်ကို မနာလိုမရှုစိမ့် ဖြစ်နေကြသည်။ ထိုကြောင့် ထိုသူတို့သည် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်အား စွပ်စွဲရန်အတွက် အလွန်ယုတ္တိရှိသော အကြောင်းပြချက်ကို သုံးခဲ့ခြင်းဖြစ်၏။ မူလ ပထမ လက်ဖက်ရည်ဆိုင်မှ လူများသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။ သူတို့သည် ထိုဆိုင်သို့ ဘယ်တော့မှထပ်၍ ခြေချတော့မည် မဟုတ်ပေ။

ထို့အပြင် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်သည် မူလ ပထမ လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်နှင့် ယှဥ်ပါက အများကြီး ပိုကောင်းပေသည်။

တစ်ငုံသောက်လိုက်ရုံနှင့် သင်းပျံ့သော ရနံ့သည် အာခံတွင်းထဲမှ သွားများနှင့် ပါးများအထိပါ စွဲထင်သွား၏။ လက်ဖက်ရည်၏ အရောင်အဆင်းသည်လည်း အရည်အသွေးမြင့် ပစ္စည်းများ သုံးထားကြောင်း ပြသနေသည်။ ယခင်ကမူ, မူလပထမလက်ဖက်ရည်ဆိုင်သည် ဤအနားတစ်ဝိုက်တွင် ဖွင့်ထားသည့် အခြားလက်ဖက်ရည်ဆိုင်များထက် ပို၍ နာမည်ကြီးသောကြောင့် သူတို့သည် ထိုဆိုင်သို့သာ သွားဖြစ်ကြ၏။ သို့သော် ယခု ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင် ဖွင့်လိုက်ပြီဖြစ်ရာ သူတို့သည် ထိုဆိုင်သို့ထပ်၍ သွားကြတော့မည် မဟုတ်ပေ။

ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်ရှိ ဝန်ထမ်းများအားလုံးသည် အလုပ်ကို အာရုံတစိုက်ရှိ၍ စဥ်းစားတွေးခေါ်တတ်သည်။ ထို့အပြင် အဆာပြေစားစရာများသည်လည်း သန့်ရှင်း၍ လတ်ဆတ်၏။ အခြာလက်ဖက်ရည်ဆိုင်များသည် ဤဆိုင်နှင့် လုံးဝ မယှဥ်နိုင်ပေ။

"ကျင်းယွင်ကျောင်း၊ နင်နဲ့ ကျန်ရှက တစ်ချိန်က အတန်းဖော်တွေပါ။ ငါတို့ရဲ့ကျန်ရှက နင့်ကို စိတ်ပျက်ပြီးတော့ လမ်းခွဲလိုက်ရင်တောင်မှ နင်က အခုချိန်ထိ အငြိုးထားပြီးတော့ လက်စားချေနေစရာမလိုဘူး မဟုတ်လား။ ခုနက နင်က ငါ့ကို အပ်အရှည်ကြီးနဲ့စိုက်ချင်နေတယ်။ ငါ ဘယ်လောက်တောင် နာလိုက်မလဲ။ တကယ်လို့ အပ်က ကျိုးပြီး ငါ့ အသားထဲမှာ ကျန်ခဲ့ရင်ရော၊ နောက်ဆက်တွဲဖြစ်ရပ်တွေက ဘယ်လောက်ပြင်းထန်မယ်ဆိုတာ နင် မသိဘူးလား"

သူမ ဟန်ဆောင်နေသည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ၊ ဤလက်ဖက်ရည်ဆိုင်၏ ပိုင်ရှင်သည် ကိုယ်တိုင်လူလုံးထွက်ပြ၍ သူမအား ဆေးရုံသို့ လိုက်ပို့သင့်သည်ဟု အမေကျန် ခံစားနေရ၏။

သို့သော် ယခုမူ ပိုင်ရှင်က ထွက်မလာသည့်အပြင် မန်နေဂျာကလည်း တိတ်ဆိတ်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျင်းယွင်ကျောင်းကသာ အမှန်တကယ် လက်ဦးမှုယူ၍ ပါဝင်စွက်ဖက်နေသည်။

သူမကိုယ်သူမ မည်သူဟု ထင်နေသနည်း။ ထို့အပြင် အဘယ့်ကြောင့် သူမသည် လက်ဖက်ရည်ဆိုင်တိုင်း၌ ရှိနေရသနည်း။

လမ်းခွဲတယ် ဟုတ်လား။

ကျင်းယွင်ကျောင်း၏ မျက်လုံးများက မှိန်ဖျော့သွား၏။

ထိုအခါ ကျန်ရှသည် အံ့သြထိတ်လန့်သွားသော်လည်း မိခင်ဖြစ်သူ၏ ကြံရည်ဖန်ရည်ရှိမှုကို ချက်ချင်း ချီးကျူးမိသည်။

ရည်းစားစာများကို ဖျက်ဆီးပြီးသားဖြစ်သောကြောင့် ထိုကိစ္စသည် ပြီးဆုံးသွားပြီဟု ယူဆနိုင်၏။ အကယ်၍ သူတို့ကသာ ကျင်းယွင်ကျောင်းသည် သူ၏ အစွန့်ပစ်ခံခဲ့ရသူတစ်ယောက်ဟု လုပ်ကြံဇာတ်လမ်းဆင်လိုက်နိုင်ပါက သူသည် သေချာပေါက် ပို၍ ကျေနပ်ပီတိ ဖြစ်ရလိမ့်မည်ပင်။

သို့ရာတွင် ထိုစကားကိုကြားသောအခါ ဤနေရာ၌ ရှိနေသူများသည် မယုံကြည်နိုင်စွာဖြင့် ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။

ကျင်းယွင်ကျောင်းက တကယ်ပဲ သည်လို ရယ်စရာကောင်းပြီး ကြောက်တတ်တဲ့ ကောင်လေးကို ကြိုက်တာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

အချို့လူများ၏ အတွင်းစိတ်သည် အလွန်ဆိုးဝါးလှသည်။ ချစ်သူရည်းစားများဖြစ်မလာကြသောအခါ သူတို့သည် ရန်သူများအဖြစ်သို့ ပြောင်းသွားကြပြီး တစ်ဖက်လူ၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် ကြိုးစားကြသည်။ ဤကောင်လေးသည် ထိုကဲ့သို့လူစားမျိုးပင်။

"အဲ့ စာတွေကို ဖျက်ဆီးလိုက်ပြီလို့ ရှင်က တွေးနေတာလား။ ဒါကြောင့် ကိစ္စတွေကို ဒီလိုမျိူး ရှင့်စိတ်ကြိုက် ပြောချင်သလို ပြောလို့ရပြီလို့များ ထင်နေတာပေါ့"

ကျင်းယွင်ကျောင်းက ရုတ်တရက် ထိုစာများအကြောင်းကို ထုတ်ပြောလာ၏။ ထို့နောက် သူမသည် ပမာမခန့် အမူအယာနှင့် ဖုန်းကိုထုတ်ယူလိုက်ပြီး ဂယ်လာရီကို ဖွင့်လိုက်ရာ ကျန်ရှသည် ကယောင်ခြောက်ခြားဖြစ်သွားသည်။

သူမ၏ ဖုန်းထဲ၌ ထိုရည်းစားစာများ၏ ဓါတ်ပုံများကို အမှန်တကယ်ပင် သိမ်းဆည်းထားသည်အား မြင်လိုက်ရ၏။

စကားလုံးတစ်လုံးချင်းစီတိုင်းသည် ရှင်းလင်းပြတ်သားနေပြီး အထူးသဖြင့် သူ၏ လက်မှတ်ဖြစ်သည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယခင်က သူမသည် ထိုရည်းစားစာများကို သူတို့မိသားစုထံမှ ယွမ်တစ်သိန်းနှင့် လဲလှယ်ရန် အသုံးပြုခဲ့ပြီးသားဖြစ်ချေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now