Chapter 262

410 37 0
                                    

Chapter 262 : ကိုယ့်ကိုကိုယ် ဒုက္ခပေးခြင်း 

ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား အဖတ်လုပ်ရန်ပင် ပျင်းရိနေ၏။ သို့သော် ချောင်ဟုန်ယဲ့အတွက်မူ ဤကဲ့သို့သော သဘောထားမျိုးအား မြင်ရခြင်းက ကျင်းယွင်ကျောင်းသည် မောက်မာလာသည်ဟု ခံစားရ၍ သူမ၏ ရင်ထဲတွင် အတော်လေး မသက်မသာဖြစ်နေသည်။

မကြာမီမှာပင် ဆေးရုံမှ သတင်းရောက်လာ၏။ အဆိပ်မိသူသုံးဦးလုံးသည် စိတ်ချရပြီဖြစ်၍ စိုးရိမ်ရသော အခြေအနေမဟုတ်တော့ပေ။ သူတို့သည် သူမ၏ အရေးပေါ်ကုသမှုသာ မခံယူရပါက အသက်ရှင်မည် မဟုတ်သည်မှာ အသေအချာပင်။

လက်ဖက်ရည်ဆိုင်အတွင်းတွင် အဆိပ်မိသူများ၏ မိသားစုဝင်များလည်း ရှိနေသေးသည်ဖြစ်ရာ ယခုအခါ အမေကျန်၏ ပတ်ဝန်းကျင်၌ မျက်ရည်ပင်လယ်ဝေနေ၏။

ထို့အပြင် ရဲများသည်လည်း လက်ဖက်ရည်ဆိုင်အတွင်းမှ ရင်ကွဲမြက်လက်ကျန်များကို ရှာတွေ့သွားသောကြောင့် ကျန်မိသားစုသည် ဤကိစ္စ၌ အဓိကတာဝန်ရှိသူများအဖြစ် သူတို့တာဝန်ယူရမည့်အရေးအား မငြင်းဆန်နိုင်တော့။

ယခုအခါ တစ်ချိန်က တိတ်ဆိတ်၍ ချောင်ကျခဲ့သော လက်ဖက်ရည်ဆိုင်သည် ဆပ်ကပ်ပွဲတစ်ခုအလား ဆူညံပွက်လောရိုက်နေ၏။ ဂုဏ်သိက္ခာနှင့် နာမည်ကောင်းကို အလွန်တန်ဖိုးထားသော အမေကျန်သည် ဤအခြေအနေ၌ သူမ၏ ပုံရိပ်ကို အထက်တန်းစားအမျိုးသမီးကဲ့သို့ မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။ ထိုပုံရိပ်သည် သူမ၏ယောက်ယက်ခတ်မှုများကြားတွင် လုံးဝပြိုလဲပျက်စီးသွားသည်။

ထို့အပြင် ကျန်ရှသည် အမြဲတမ်း သူ့ကိုယ်သူ အထင်ကြီး၍ ဂုဏ်မောက်ခဲ့သူဖြစ်၏။ ထို့ကြောင့် ယခု ဤပြဿနာရှာနေသော လူအုပ်နှင့် ရင်ဆိုင်ရသောအခါ သူသည် ဒေါသထွက်လာတော့၏။

"ရှင်တို့လက်ဖက်ရည်ဆိုင်ရဲ့ လက်ဖက်ရည်က ကျွန်မ ယောက်ျားကို သေအောင် သတ်လုနီးပါးပဲ။ ကျွန်မတို့ မိသားစုငါးယောက်လုံး ကျွန်မတို့ကို ရှာကျွေးနေတဲ့ အိမ်ထောင်ဦးစီးကို ဆုံးရှုံးရတော့မလို့။ ရှင်တို့ မသမာတဲ့ စီးပွားရေးသမားတွေက အရှက်ကိုမရှိဘူး။ တကယ်လို့ ရှင်တို့သာ ကျွန်မကို ဖြေရှင်းချက်တစ်ခု မပေးနိုင်ရင် ကျွန်မလည်း ရှင်တို့ကို ဘယ်တော့မှ အေးအေးချမ်းချမ်း ပေးမနေနိုင်ဘူး"

"ခင်ဗျားတို့က ကိုယ့်ဆိုင်ကိုယ် နံပါတ်တစ် လက်ဖက်ရည်ဆိုပြီး ခေါ်နေသေးတာလား။ ခင်ဗျားတို့ရောင်းသမျှက အဆိပ်ရှိတဲ့ လက်ဖက်ရည်တွေပဲလို့ ကျုပ်ထင်တယ်။ ဒီလိုဆိုင်မျိုးကို မလာသင့်ဘူး။ အားလုံးပဲ... ဖျက်ဆီးပစ်ကြကွာ"

"ဟုတ်တယ် ...ဖျက်ဆီးပစ်ကြ"

......

လူအုပ်ကြီးသည် အော်ဟစ်ရှုတ်ချလာကြ၍ သူတို့တစ်ယောက်ချင်းသည် ချက်ချင်းပင် စားပွဲပေါ်ရှိ ရေနွေးအိုးများ၊ ရေနွေးခွက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခွဲပစ်ကြရာ ဖန်ခွက်ကွဲသံများ ဆူညံနေတော့သည်။ ကျင်းယွင်ကျောင်းသည် ဘေးတွင် မတ်တပ်ရပ်နေ၍ သူတို့နှင့် အတော်လေးလှမ်း၏။ယခု ဖြစ်ပျက်နေသည့်ကိစ္စများသည် သူမနှင့် မဆိုင်သောကြောင့် ဤနေရာမှ ထွက်သွားနိုင်သော်လည်း သူမအား ကျေးဇူးတင်စကားပြောရန် ကြိုးစားနေသူအနည်းငယ်က ဘေးတွင်ရှိနေသေး၏။ ထို့အပြင် လက်ဖက်ရည်ဆိုင်ပေါက်ဝကိုလည်း အခြားလူတစ်စုက ပိတ်ဆို့ထားသည်။

"ညီမလေး၊ ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးတွေပါပဲကွယ်။ ဆရာဝန်ကပြောတယ်၊ မင်းရဲ့အချိန်မီကုသပေးမှုကြောင့်သာ မဟုတ်ရင် သူတို့သုံးယောက်လုံး သေသွားလိမ့်မယ်တဲ့"

"ကျောင်းသူလေး၊ မင်းက ငါတို့မိသားစုရဲ့ တကယ့်ကျေးဇူးရှင်ပါပဲ"

"မင်းက ဘယ်ကျောင်းကလဲ။ ငါ နောက်ကျရင် မင်းရဲ့အိမ်နဲ့ကျောင်းကို ကိုယ်တိုင်ကိုယ်ကျ လာလည်ပြီးတော့ မင်းရဲ့ မြင့်မြတ်တဲ့လုပ်ရပ်တွေကို လူတိုင်းသိအောင် ပြောပြမယ်"

ထိုသို့ကျေးဇူးတင်စကားများကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် အေးဆေးတည်ငြိမ်၍ စိတ်လှုပ်ရှားခြင်းမရှိသော်လည်း ချောင်ဟုန်ယဲ့ကမူ မနာလိုမရှုစိမ့်ဖြစ်လာ၍ ဒေါသထွက်နေတော့၏။

ကျင်းယွင်ကျောင်းကို ဒီလောက်ထိ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေရအောင် သူက ဒီအတင်းကျေးဇူးတင်ချင်နေတဲ့သူတွေအတွက် ဘာတွေများ လုပ်ပေးခဲ့လို့လဲ။

ဒီနေရာမှာရှိတဲ့လူတွေနဲ့ ငါတို့က ညှိနှိုင်းဖို့ ကြိုးစားတုန်းမှာ ကျင်းယွင်ကျောင်းကတော့ ဒီမှာရှိတဲ့ တခြားသူတွေဆီကနေ သက်သက်သာသာနဲ့ ကျေးဇူးတင်ခံနေရတယ်။ သူက အရမ်းကြီးကျယ်မြင့်မြတ်နေရင်လည်း ဒီအချိန်မှာ ဒီလူတွေကို နောက်ဆုတ်လိုက်ကြဖို့  သူလာပြောသင့်တယ် မဟုတ်လား။

ယခုအချိန်၌ လူများသည် ချောင်ဟုန်ယဲ့ကိုပါ လက်ညှိုးထိုး၍ အော်ဟစ်ကြိမ်းမောင်းနေကြသည်ဖြစ်ရာ သူမသည် မှားယွင်းစွပ်စွဲခံနေရသလို ခံစားနေရသည်။ သူမသည် ကျန်မိသားစုဝင် မဟုတ်ပေ။

"ကျွန်တော်တို့မိသားစုကလည်း သူတို့ ဒီလိုဖြစ်တာကို အရမ်းအံ့သြနေတာပါ။ ဒါပေမယ့် ခင်ဗျားတို့အားလုံး ဒီမှာ ပြဿနာရှာခွင့် မရှိဘူး။ ဒါ့အပြင် ကျွန်တော်ရဲ့အဖေက ဒီလက်ဖက်ရည်ဆိုင်ကို စီမံခန့်ခွဲလာတာ ဆယ်နှစ်ကျော်လာပြီ၊ အရင်က ဘာပြဿနာမှ မဖြစ်ခဲ့ဖူးဘူး။ ခင်ဗျားတို့က မသိလို့၊ အဲဒီလူသုံးယောက်က အကျိုးအမြတ်လိုချင်လို့ အကွက်ချကြံစည်တာ ဖြစ်နိုင်တယ်"

ထိုလူများက သူ၏သည်းခံနိုင်စွမ်းကို ထိပါးနေကြသဖြင့် ကျန်ရှသည် အော်ပြောလိုက်တော့သည်။

ထိုစကားကို ကြားသောအခါ ချောင်ဟုန်ယဲ့သည် ဒေါသထွက်လွန်း၍ မျက်ဖြူပင်လန်သွား၏။

ဒီအသုံးမကျတဲ့ ခွေးကောင်ကတော့...

လက်ရှိအချိန်၌ ဘေးလူအနည်းငယ်ကသာ ဤဖြစ်ရပ်ကို စပ်စုရန်ကျန်နေခဲ့ကြ၍ အရေအတွက်မများပေ။ အခြားသူများမှာ အဆိပ်မိသူသုံးယောက်၏ မိသားစုဝင်များနှင့် မိတ်ဆွေများသာဖြစ်၏။ သို့သော် ကျန်ရှက ဤကိစ္စ၌ အဆိပ်မိသူများသည် ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်၍ သူတို့ထံမှ လိမ်ညာ၍ လျော်ကြေးရရန် ကြိုးစားနေကြသည်ဟု ပြောရဲသေးသည်။ ထိုစကားက သူတို့အား ပိုဒေါသထွက်အောင် လှုံ့ဆော်ပေးနေခြင်း မဟုတ်လား။

မျှော်လင့်ထားသည့်အတိုင်းပင် ကျန်ရှ၏ ဦးနှောက်မရှိသော စကားလုံးများသည် ကန်ရေပြင်ကို ဂယက်ဖြစ်အောင်ဖန်တီးနေသည့် ခဲလုံးများနှင့်တူသည်။ တစ်ဖက်ရှိ ယောက်ျားသားများထဲမှ တစ်ယောက်သည် ဒေါသထွက်လွန်း၍ မျက်နှာများနီရဲကာ လည်ပင်းကြောများထောင်လာပြီး ကျန်ရှအား လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ပြောလိုက်၏။

"သူပြောတာ ခင်ဗျားတို့ကြားကြလား။ ဒါက လူပြောတဲ့ စကားလား။ ငါတို့က အကွက်ချကြံစည်ထားပါတယ်လို့ မင်းက ပြောနေတာလား။ ညီလေး၊ ခုနတုန်းက သူတို့အသက် သေလုနီးပါးပဲကွ။ မင်းတို့ကို စွပ်စွဲဖို့ သူတို့အသက်ကိုတောင် သုံးရမှာလား။ မင်းတို့က အဲ့လောက်တောင် တန်ကြေးရှိတယ်လို့ တွေးနေတာလား။ ဒါ့အပြင် ခုနလေးကမှ ရဲတွေလာသွားတာလေ။ မင်းတို့ နောက်ဖေးမီးဖိုထဲကနေ သူတို့ယူသွားတာ အတုတွေလား"

ထိုအခါ ကျန်ရှသည် ဒေါသထွက်၍ မျက်နှာများ နီရဲသွားသည်။ သို့သော် သူတို့မိသားစုပိုင် လက်ဖက်ရည်ဆိုင်ထဲရှိ ပစ္စည်းများအားလုံး အဖျက်ဆီးခံထားရ၍ ပွစာကြဲနေသည်ကိုကြည့်ရင်း သူသည် ဒေါသများ တလိပ်လိပ်တက်လာပြန်၏။

"ဘာပဲဖြစ်ဖြစ်၊ ကျုပ်တို့ရဲ့လက်ဖက်ရွက်တွေက ဘယ်တော့မှ ပြဿနာမရှိခဲ့ဘူး။ ဘာကိုအခြေခံပြီးတော့ ခင်ဗျားတို့က ဒါ ကျုပ်တို့အမှားပါဆိုပြီး ထင်ရာမြင်ရာ ရမ်းသမ်းစွတ်စွဲနေတာလဲ။ ခုနကသယ်သွားတဲ့ ပစ္စည်းတွေက မစစ်ဆေးရသေးဘူး မဟုတ်လား။ တကယ်တမ်း စစ်ဆေးကြည့်လိုက်ရင် သူတို့မှာ မူမမှန်တာ ဘာမှရှိမှာ မဟုတ်ဘူး"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now