Chapter 256

418 43 0
                                    

Chapter 256 : ခြိမ်းခြောက်မှုများ

လူတစ်ယောက်အား အသုံးချလိမ်ညာခြင်းသည် အကျင့်စာရိတ္တပျက်ပြား၍ မကောင်းမှုကျူးလွန်ခြင်းဖြစ်သော်လည်း မစ္စဟယ့် ပေးသောပိုက်ဆံများမှာ လက်မခံဘဲ မနေနိုင်လောက်အောင် များပြာလွန်းလှသည်။ ထို့အပြင် ထိုစုံတွဲသည် ငွေမက်၍ စိတ်ထားကြမ်းကြုတ်သူများဖြစ်သောကြောင့် မစ္စဟယ့်၏ ညွှန်ကြားချက်များကို လိုက်နာရန် ဆုံးဖြတ်ခဲ့၏။ သို့ရာတွင် တစ်ခုတည်းသောပြဿနာမှာ ကျင်းယွင်ကျောင်းက ကိုယ်ခံပညာတတ်မြောက်ခြင်းဖြစ်သည်။

အကယ်၍ သူတို့သာ ကျင်းယွင်ကျောင်းကို ရန်စချင်ပါက သူမက သူတို့၏အဖိုးတန်သားလေးအား သွားရှာ၍ အနိုင်ကျင့်မည့် အရေးကို မည်သို့ကာကွယ်တားဆီးရမည်နည်း။

ကျင်းလင်မယားသည် ငွေနှင့်ပတ်သတ်လာလျှင် လောဘကြီး၏။ သို့သော် သူတို့၏ သားလေးသာ တစ်ခုခုဖြစ်သွားပါက ထိုငွေများကို မည်သူက သုံးမည်နည်း။

"မစ္စဟယ့်၊ သူက ကျွန်မတို့ရဲ့သားလေးကိုသုံးပြီး ကျွန်မတို့ကို ခြိမ်းခြောက်နေပါတယ်"

ဝမ်ရှင်းဖန်းက သူမ၏ လက်ကျန်သတ္တိများကို စုစည်း၍ အားတင်းပြောလိုက်သည်။

"ရှင့်သား ဟုတ်လား"

မစ္စဟယ့်က အေးစက်စက်ရယ်လိုက်ပြီး ဆက်ပြောလာ၏။

"ရှင်တို့က ပိုက်ဆံတွေကို လက်ခံပြီးသွားတာတောင် အဆုံးထိ တာဝန်ယူဖြေရှင်းပေးချင်စိတ် မရှိဘူးလား။ သူက ရှင်တို့ရဲ့သားကို အန္တရာယ်ပေးမယ်လို့ ဘယ်လောက်ပဲပြောပြော တကယ်တမ်းကျ သူက ဘယ်လောက်များ ဒဏ်ရာရအောင် လုပ်နိုင်မှာမို့လို့လဲ။ အဆုံးသတ်မှာတော့ ကျင်းယွင်ကျောင်းက ဘာအင်အားအစစ်အမှန်မှမရှိတဲ့ ကောင်မလေးတစ်ယောက်သာသာပဲလေ။ အဲဒီအစား ကျွန်မရဲ့စိတ်ရှည်မှုကို လာမစမ်းသပ်ဖို့ ရှင်တို့ကို သတိပေးထားချင်တယ်။ မဟုတ်လို့ကတော့ ရှင်တို့ရဲ့သားကို နောက်တစ်ကြိမ်ထပ်ပြီးတော့ ဘယ်တော့မှ မမြင်ရစေရဘူးလို့ ကျွန်မ အာမခံတယ်"

ငါက ဘာဖြစ်လို့ သူစိမ်းတစ်ယောက်ရဲ့သားကို ဂရုစိုက်နေရမှာလဲ။ ငါသိသမျှက ငါ့သမီးရဲ့ဖြူစင်သန့်ရှင်းမှုက အဖျက်ဆီးခံလိုက်ရပြီးတော့ နိုင်ငံခြားကို အပို့ခံလိုက်ရတယ်။ ဒါတောင် သူက အနာဂတ်မှာ ထန်မိသားစုနဲ့ လက်ထပ်ပြီးတော့ မိသားစုထဲ မဝင်နိုင်တော့ဘူးဆိုတဲ့အချက် မပါသေးဘူး။

ငါ သမီးလေးကို မွေးခဲ့တဲ့အချိန်ကနေစပြီး ဟယ့်မိသားစုက သူ့ကို ထန်မိသားစုရဲ့ချွေးမတစ်ယောက်လိုမျိုး ဆက်ဆံခဲ့တာ။ ဒါပေမယ့်  အခုတော့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီး ပြင်ဆင်ခဲ့ရတာတွေက မြောင်းထဲရောက်ကုန်ပြီ။

ကျင်းယွင်ကျောင်းတင်မကဘူး၊ ချောင်ဟုန်ယဲ့ကိုလည်း သူတို့ ငါ့သမီးကို လုပ်ခဲ့တာထက် အဆတစ်ထောင်ဆိုးတာတွေကို ပြန်ခံစားရစေမယ်။ သူတို့နှစ်ယောက် သေချင်လာတဲ့အထိကို ဆင်းရဲဒုက္ခရောက်စေရမယ်။

မစ္စဟယ့်၏ စကားများက ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့အား ဆောက်တည်ရာမရ ဖြစ်သွားစေသည်။

"ရှင်...ရှင် ဘာကိုဆိုလိုတာလဲ။ ရှင့်ကို ကျွန်မရဲ့သားလေးကို ထိခွင့်မပြုဘူးနော်။ မဟုတ်လို့ကတော့ ကျွန်မ ရှင့်ကို ဘယ်တော့မှ အေးအေးချမ်းချမ်း နေခွင့်မပေးဘူး"

ဝမ်ရှင်းဖန်းက အာခေါင်ခြစ်၍ အော်လိုက်၏။

"ဒါကတော့ ရှင်တို့တွေရဲ့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ ရှင်တို့ရဲ့သားကို လုံခြုံစေချင်ရင် ရှင် ပိုပြီးတော့ နာနာခံခံရှိတာ ပိုကောင်းမယ်။ ကျင်းယွင်ကျောင်း ငြိမ်းငြိမ်းချမ်းချမ်း မနေရသရွေ့ ရှင်တို့အားလုံး သိုက်သိုက်ဝန်းဝန်း နေနိုင်မှာပဲ"

မစ္စဟယ့်က သူမ၏ စကားဆုံးသည်နှင့် ချက်ချင်းပင် ဖုန်းချသွားသည်။

ကျန်ခဲ့သော ဝမ်ရှင်းဖန်းနှင့် ကျင်းထျယ်ကျွင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အသိစိတ်ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေမိကြ၏။ သူတို့နှစ်ယောက်သည် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်၍ ဆောက်တည်ရာမရဖြစ်နေကြသည်ပင်။

သူတို့စုံတွဲသည် မစ္စဟယ့်နှင့် ပထမဆုံးစတွေ့သည့်အချိန်က စိုးရိမ်ပူပန်နေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အလွန်ပျော်ရွှင်နေခဲ့ကြသည်ကို မှတ်မိသေးသည်။ ထိုအမျိုးသမီးက သူတို့အား ရိုးရိုးရှင်းရှင်း တာဝန်အချို့လုပ်ဆောင်ပေးရန် ခေါ်ယူခဲ့၍ သူတို့သည် စရန်ငွေအဖြစ် ယွမ်သုံးသောင်း လက်ခံရရှိခဲ့ကာ တာဝန်ပြီးဆုံးပါက ယွမ်တစ်သိန်းရရှိမည်ဟု ထိုအမျိုးသမီးက ပြောခဲ့၏။ ထို့အပြင် သူတို့၏ လုပ်ဆောင်မှုကို သူမသာ အလွန်စိတ်ကျေနပ်ပါက ယွမ်ငါးသိန်း ထပ်ဆောင်းပေးမည်ဟုလည်း ဆိုသည်။ ထိုငွေပမာဏသည် သူတို့လင်မယားအတွက် ဘာမှထပ်မံ၍ စုဆောင်းနေစရာမလိုပဲ တစ်သက်လုံး ချမ်းချမ်းသာသာ ထိုင်စားနေနိုင်သည့် ပမာဏဖြစ်၏။

ယွမ်ငါးသိန်းသည် သူတို့၏ ဘဝတစ်သက်တာလုံး အလုပ်လုပ်လျှင်တောင်မှ ဘယ်တော့မှ မရှာဖွေနိုင်မည့်ပမာဏပင်။

"ကျွန်မတို့ ဘ...ဘာလုပ်ကြမလဲ။ ဘယ်လိုများ ဒီလိုရက်စက်ပြီး သိက္ခာမဲ့တဲ့လူတွေရှိနေရတာလဲ။ သူက ကျွန်မရဲ့သားလေးကို နှိပ်စက်ညှင်းပန်းချင်နေတယ်ဆိုတာကို တွေးကြည့်လိုက်ရင်လေ...ဒါပေမယ့် ဘာလို့လဲ။ ကျွန်မက သူ့ကို လူကောင်းတစ်ယောက်လို့ပဲ ထင်ထားခဲ့တာပါ"

ဝမ်ရှင်းဖန်းက ငိုရင်းပြောလာ၏။

ထိုအခါ ကျင်းထျယ်ကျွင်းက လက်သီးတင်းတင်းဆုပ်၍ ပြန်ဖြေလိုက်သည်။

"မင်းက ဘာလို့ငိုနေတာလဲ။ နောက်ကျ ရှောင်မင်က ငါတို့ပြောနေတာတွေ ကြားသွားလိမ့်မယ်"

ဝမ်ရှင်းဖန်းက ဒေါသတကြီး ခေါင်းမော့ကြည့်လာ၏။

"အရင်က လင်အာက သူ့ရဲ့အတန်းဖော်တွေနဲ့ အွန်လိုင်းမှာ မတွေ့ခဲ့ဘူးလား။ သူက ပြောတယ်လေ၊ အွန်လိုင်းမှာ ကောလဟာလတွေကို အလွယ်တကူဖြန့်လို့ရတယ်တဲ့။ ပြီးတော့ လူအများကြီးကလည်း အဲဒီကောလဟာတွေကို မြင်နိုင်တယ်တဲ့"

ကျင်းထျယ်ကျွင်းက အသံတိုးတိုးဖြင့်ပြောပြလိုက်ရာ နားထောင်နေသော ဝမ်ရှင်းဖန်းက ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောတူလိုက်သည်။

တစ်ချိန်တည်းမှာပင် ခရိုင်မြို့တွင် ရဲများသည် နောက်ဆုံး၌ ချောင်ဟုန်ယဲ့အား ကျန်ရှ ငှားပေးထားသည့် အိမ်လေးတွင် ပုန်းအောင်းနေသည်ကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့နောက် ချောင်ဟုန်ယဲ့အား ချောင်မိသားစုဆီသို့ ပြန်ပို့လိုက်ကြောင်းကို ကျန်ရှ သိသွားသောအခါ သူသည် သူ၏မိဘများအား ဒူးထောက်၍ သူနှင့်ချောင်ဟုန်ယဲ့အား စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။

မူလက ကျန်ရှသည် ချောင်ဟုန်ယဲ့အပေါ်တွင် အရူးအမူးချစ်မြတ်နိုးခြင်းတစ်ခုသာ ရှိခဲ့သော်လည်း အခန်းတစ်ခန်းထဲ၌ သူတို့နှစ်ယောက်တည်း အတူနေခဲ့သည့်အချိန်မှစ၍ ချောင်ဟုန်ယဲ့သည် ကျန်ရှက သူမအတွက် အရသာရှိသော အစားအစာများနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပစ္စည်းများကို ယူလာပေးသည့်အခါတိုင်း သူမ၏ခန္ဓာကိုယ်ကို ရက်ရက်ရောရော ပေးခဲ့၏။ အစပိုင်းက ကျန်ရှသည် စိတ်ကူးယဥ်ဆန်သော ချစ်ခြင်း၌သာ မွေ့လျော်တတ်သည့် လူငယ်တစ်ယောက်ဖြစ်သော်လည်း တားမြစ်ထားသော သစ်သီးအား မြည်းစမ်းကြည့်ပြီးနောက်တွင် သူသည် ဆန္ဒရမ္မက်များ၏ သားကောင်ဖြစ်လာခဲ့၍ ချောင်ဟုန်ယဲ့ပေးသမျှ အမိန့်တိုင်းကို နာခံကာ အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်သည်ဟူသော အချက်ကိုပင် မေ့လျော့သွားခဲ့သည်။

ကျန်ရှ၏မိဘများလည်း ဆွံအသွားကြ၍ သူတို့သားဖြစ်သူက ချောင်ဟုန်ယဲ့အား ဖွက်ထားသည့်အကြောင်းကို မယုံနိုင်ဘဲ ငြင်းဆန်နေခဲ့၏။

သို့သော် အနာပေါ် ဆားသိပ်လိုက်သည့်အလား သူတို့သားဖြစ်သူက စေ့စပ်ကြောင်းလမ်းမှုပင် လုပ်ချင်သေးနေသည်။

သူက အသက်ဘယ်လောက်မို့လို့လဲ။

အကယ်၍ သူတို့နှစ်ယောက်သာ အမှန်တကယ် စေ့စပ်လိုက်ပါက သူတို့မိသားစုသည် ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများ၏ အလှောင်ခံ အဟားခံဖြစ်လာလိမ့်မည်ပင်။

ထို့ကြောင့် မိဘနှစ်ပါးသည် သားဖြစ်သူ၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သော်လည်း ချောင်ဝေ့မင်က ချောင်ဟုန်ယဲ့အား ခေါ်၍ သူတို့၏အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now