Chapter 227

464 46 0
                                    

Chapter 227 : မျက်လုံးများကို အန္တရာယ်ပြုခြင်း

ကျန်မိသားစုမှ မိဘများသည် သူတို့၏ သားဖြစ်သူအား သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ ပထမက သူတို့သည် သူ မလုပ်ခဲ့ကြောင်း ပြတ်ပြတ်သားသား ငြင်းဆန်မည်ဟု ထင်ခဲ့သော်လည်း သူ၏ မလုံမလဲဖြစ်နေသော အမူအယာနှင့် တုန်တုန်ယင်ယင် အပြုအမူအား တစ်ချက်ကြည့်ရုံနှင့်ပင် သူလုပ်ခဲ့သမျှကို သူတို့သိရှိနိုင်ရန် လုံလောက်ခဲ့ပေ၏။

ကျင်းယွင်ကျောင်းက ရည်းစားစာများကို လူသိရှင်ကြားဖွင့်ပြောမည့် ကိစ္စအား လက်မခံဘဲ တွင်တွင်ငြင်းနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"မင်း ဘာလိုချင်တာလဲ။ ကျင်းယွင်ကျောင်း၊ ငါ့သားက မင်းဆီကို မသင့်တော်တဲ့စာတွေ ရေးပို့ခဲ့တယ်ဆိုရင်တောင်မှ မင်းက သူ့ကို ဒီအခြေအနေထိတော့ မရိုက်သင့်ဘူး"

အဖေကျန်က ဆင်ခြေပေးရန် စဥ်းစားနိုင်သေး၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ ကျင်းယွင်ကျောင်းက အသာစီးရနေချိန်တွင် သူက ဆက်လက်၍ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူ၍ မရကြောင်း သူသိ၏။

နှစ်ဖက်လုံးအတွက် အကောင်းဆုံးနည်းလမ်းမှာ ဤကိစ္စကို သီးသန့် ဖြေရှင်းရန်သာ ဖြစ်ပြီး အငြင်းပွားရန်များရင်း အပြင်သို့ ပေါက်ကြားသွားလျှင် မည်သူမှ အကျိုးရှိလိမ့်မည် မဟုတ်ပေ။

"မစ္စတာနဲ့ မစ္စကျန်၊ ရှင်တို့နှစ်ယောက်လုံး ခုနက ကျွန်မကို ကျွန်မကိုယ်ကျွန်မ ခုခံကာကွယ်ခွင့်လေးတောင် မပေးဘဲ အော်ဟစ်ကြိမ်းမောင်းခဲ့ကြတယ် မဟုတ်လား။ အဲဒါတွေ အားလုံးကရော ဘာဖြစ်လို့လဲ။ အခုမှ ရှင်တို့က ရုတ်တရက်ကြီး ကျွန်မကို အကြောင်းပြချက် ပေးချင်နေတာလား"

ကျင်းယွင်ကျောင်းက ခပ်ဟဟ လှောင်ရယ်လိုက်သည်။

"ခုနတုန်းက ငါတို့နှစ်ယောက်လုံး ရှောင်ရှက ဒီလောက်ကြီး အရိုက်အနှက်ခံထားရတာကို မြင်တော့ ပျာယာခတ်သွားတာ သဘာဝပဲလေ။ ကျင်းယွင်ကျောင်း၊ ဒီကိစ္စမှာ နှစ်ဘက်လုံးက အပြစ်ရှိတာပဲ"

အဖေကျန်က ခုခံပြောဆိုလိုက်၏။

"ကျန်ရှရဲ့ အဖေတစ်ယောက်အနေနဲ့.ခင်ဗျားက ကျောင်းကို ဒေါသတကြီးလာခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက ခင်ဗျားရဲ့သားကြောင့်ဖြစ်တဲ့ ပြဿနာတွေကို မရှင်းရုံတင်မကဘူး၊ ကျင်းယွင်ကျောင်းကိုပါ ရက်ရက်စက်စက် ရိုက်ချင်နေသေးတယ်။ တကယ်လို့ သူက အဲဒီရိုက်ချက်ကို တားလိုက်နိုင်တာကြောင့်သာ မဟုတ်ရင် ခင်ဗျား သုံးလိုက်တဲ့ အားကို စဥ်းစားကြည့်ရုံနဲ့တင် အခု သူဘယ်လောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်မလဲ။ ပြီးတော့ ခင်ဗျားက ဒီကိုလာပြီး တစ်ချိန်လုံး ခွေးလိုကိုက်ပြီး စောဒကတွေတက်နေခဲ့ပေမယ့် အခုကျတော့ ခင်ဗျားက ကျုပ်တို့ကို ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးစေချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်"

သူတို့အား နစ်နာကြေးပေးရခြင်း သို့မဟုတ် ကျောင်းမှ အထုတ်ခံရခြင်း ပတ်သတ်၍ ကျင်းယွင်ကျောင်းက ဘယ်တော့မှ မစိုးရိမ်ခဲ့ပေ။

သူမသည် ကျန်ရှကို ရိုက်နှက်ရာ၌ သင့်လျော်သော အကြောင်းပြချက်ရှိပြီး သူမ၏ဘက်တွင် အကျင့်စာရိတ္တကောင်းမွန်သော အခြေခံရှိကာ ရည်းစာစာများသာ အပြင်သို့ပြန့်သွားပါကလည်း အပြစ်တင်ခံရမည့်သူမှာ သူမ, မဟုတ်ဘဲ ကျန်ရှသာ ဖြစ်သည်။ သူ၏ စက်ဆုပ်ဖွယ် လုပ်ရပ်အား သူမက ဤနည်းလမ်းကိုသုံး၍ ရှောင်ရှားခဲ့သည်ကိုပင် အချို့လူများက ချီးကျူးကြလိမ့်မည်။

ထို့နောက် သူမက လက်ထဲတွင် ရည်းစားများကို ကိုင်ထားပြီး သက်တောင့်သက်သာရှိသော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်မကတော့ ကျွန်မရဲ့အပြစ်လို့ မယူဆပါဘူး။ တကယ်လို့ တစ်ခုခုသာ ထပ်ဖြစ်ခဲ့ရင်လည်း ကျွန်မ ထပ်ပြီးတော့ တိုက်ခိုက်ဦးမှာပဲ။ ပြီးတော့ အဲဒီအချိန်ကျ ပိုပြီးတော့တောင် ကြမ်းတမ်းဦးမယ်။ ကျွန်မက အသက်မပြည့်သေးတဲ့သူတစ်ယောက်ပါ။ ရှင်တို့မိသားစုရဲ့ ကျန်ရှက ကျွန်မကို ဒီလိုရည်းစားစာမျိုးပေးတာက ကျွန်မရဲ့မျက်လုံးကို အက်စစ်နဲ့ပက်လိုက်သလိုပဲ။ ကျွန်မရဲ့ ခံစားချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေကို ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်လို့ ကျွန်မ ခံစားရတယ်။ အခုချိန်ကစ ယောက်ျားတွေကို ရွံရှာသွားပြီး ကျွန်မရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ယောက်ျားတွေနဲ့ မပတ်သတ်ချင်တော့တဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီနေ့ကိစ္စက ကျွန်မရဲ့အနာဂတ်ကို ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်မှုရှိတယ်လို့ ကျွန်မ ခံစားရတယ်။ အနာဂတ်မှာ ကျွန်မက အခြားသူတွေလိုမျိုး လက်ထပ်၊ ကလေးတွေမွေးပြီး သာမာန်ဘဝမျိုးမှာ နေနိုင်လိမ့်မယ်လို့ အာမခံတောင် မခံနိုင်တော့ဘူး"

"အိုး...ဟုတ်သားပဲ၊ သူ ကျွန်မကို ရည်းစားစာပေးတုန်းက ကျွန်မရဲ့ထိုင်ခုံဖော်နဲ့သူငယ်ချင်းတွေလည်း ဒီစာကို ကျွန်မနဲ့အတူ ဖတ်ကြတယ်။ စာထဲမှာ ညစ်ညမ်းစကားလုံးတွေနဲ့ ပြည့်နေမှန်း မသိခဲ့လို့လေ။ သူတို့ ဘယ်လောက်တောင် ထိတ်လန့်သွားမလဲဆိုတာ ကျွန်မ တွေးကြည့်လို့ရတယ်။ ဒါ့အပြင် လူအများကြီးကို ဒီရည်းစားစာတွေ ဖတ်စေတာကလည်း ညစ်ညမ်းစာပေဖြန့်တယ်လို့ ယူဆလို့ရတယ် မဟုတ်လား"

ကျင်းယွင်ကျောင်း ပြောသော စကားလုံးတိုင်း၊ စကားတိုင်းက သိမ်မွေ့ငြင်သာသော်လည်း ကျန်မိသားစုအတွက်မူ သူတို့၏ နှလုံးသားကို တူနှင့်ထုနေသည့်အလားပင်။

အဖေကျန်က ဒေါသထွက်နေသော်လည်း သူ၏ သားဖြစ်သူရေးသော စာများကိုသာ အခြားသူများ သိသွားပါက ဖြစ်လာမည့် အကျိုးဆက်များကို သူ နားလည်သည်။

ဤကိစ္စကိုသာ အပြင်လူများက စေ့စေ့စပ်စပ် စုံစမ်းလာပါက ကျောင်းကလည်း ကျန်ရှကို ထပ်၍ သည်းခံနေတော့မည် မဟုတ်ပေ။

လက်ရှိအချိန်သည် အင်တာနက်ရွှေခေတ်ဖြစ်သည်။ ဤကိစ္စကို အွန်လိုင်းပေါ်သို့ တင်လိုက်သည်နှင့် သူ့သားဖြစ်သူသည် ဖြေရှင်းမရနိုင်လောက်အောင်ပင် နာမည်ပျက်တော့မည်ဖြစ်၏။ အနာဂတ်တွင် သူသည် ဘယ်နေရာသွားသွား ဝေဖန်ကဲ့ရဲ့ခံရလိမ့်မည်ဖြစ်၍ အနာဂတ်၌ သူ၏ နာမည်ဆိုးကြောင့် ကျောင်းကောင်းတစ်ကျောင်း ရှာရန်က ပို၍ပင် ခက်ခဲသွားလိမ့်မည်။

ထို့အပြင် သူသည် ကျန်ရှ၏ ဖခင်တစ်ယောက်အနေနှင့် သားဖြစ်သူက ဤသို့ သည်းမခံနိုင်စရာ ညစ်ညမ်းစာများ ရေးခဲ့သည်ကို သိကုန်ကြသောအခါ အခြားသူများက မည်သို့ တွေးကြမည်နည်း။

အကယ်၍ လူတစ်ယောက်က ဤကဲ့သို့နည်းလမ်းဖြင့် ရည်းစားစာရေးခြင်းသည် ပုံမှန်အတွေးအခေါ်သာဖြစ်သည်ဟု ပြောလာလျှင်တောင်မှ လူအများ၏အမြင်တွင် ကျန်ရှအား စိတ်ကျန်းမာရေး မကောင်းဟုသာ မြင်ကြမည်ဖြစ်ပြီး အချို့က သူ့ကို တဏှာရူးတစ်ယောက်ဟုပင် မြင်နိုင်သည်။

ထို့ကြောင့် ဤကိစ္စ၏ အကျိုးသက်ရောက်မှုသည် မကြီးကျယ်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။

အရာအားလုံးက ကျင်းယွင်ကျောင်း၏ သဘောထားအပေါ်တွင်သာ မူတည်နေ၏။

"ကျင်းယွင်ကျောင်း၊ မင်း ဘာကိုဆိုလိုတာလဲ။ မင်းရဲ့ရည်ရွယ်ချက်တွေအားလုံးကို တစ်ခါတည်းနဲ့ ရှင်းရှင်းလင်းလင်း ချပြလိုက်။ မင်း ငါတို့ဆီကို ဒီရည်းစားစာတွေ ပြန်အပ်ဖို့ မင်းကို ဘာပြန်လုပ်ပေးစေချင်တာလဲ"

အဖေကျန်က အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး ဒေါသကို ထိန်းထားရင်း ကျင်းယွင်ကျောင်းအား ပြောလိုက်၏။

ဤအချိန်တွင် သူသည် အခြားရွေးခြယ်စရာမရှိဘဲ တောင်းပန်ရန်သာ ရှိသည်။

အမေကျန်သည် ကိစ္စများက သူမ ထင်ထားသည်နှင့် တလွဲဖြစ်နေသည်ကို သိလိုက်ရသောအခါ သူမ၏ မျက်လုံးများက နီရဲသွားပြီး ခန္ဓာကိုယ်ကလည်း စတင်တုန်ယင်လာ၏။ ထို့နောက် သူမက ကျင်းယွင်ကျောင်းကို ဒေါသအပြည့်နှင့် စိုက်ကြည့်လိုက်သည်။

ဒီခွေးမက ငါ့သားကို ဒီလိုစာမျိုးရေးအောင် တမင်လုပ်တယ်ဆိုတာ ရှင်းနေတာပဲ။ ဒါတင်မကဘူး၊ သူက ငါ့သားရဲ့မျက်နှာကိုပါ ဒီအခြေအနေထိရောက်အောင် ရိုက်ခဲ့သေးတယ်။ ဒါတောင် သူက ဘာလို့ ဘာအပြစ်မှ အပေးမခံရတာလဲ။ အဲဒီအစား ငါတို့ကတောင် သူ့ကို ဦးညွတ်မှု ခွင့်လွှတ်ပေးဖို့ တောင်းဆိုရဦးမှာလား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Kde žijí příběhy. Začni objevovat