Chapter 292

407 44 0
                                    

Chapter 292 : အိပ်မက်ဆိုး


"စကားပြောစရာ လူမရှိ၊ ပေါင်းစရာ လူမရှိတာကလွဲရင် နင့်ရဲ့ကျောင်းစရိတ်နဲ့ နေထိုင်မှုစရိတ်တွေကိုတော့ ကိုယ်တိုင် ရှာနေရဦးမှာပဲ။ ဒါပေမယ့် နင် အလုပ်စလုပ်ပြီး နင်သုံးဖို့အတွက်နဲ့ ကျောင်းစရိတ်အတွက် ငွေရှိလာရင် နင့်ရဲ့မောင်လေး၊ ညီမလေးတွေက နင့်ကို လာရှာပြီးတော့ 'ဟို...ကျွန်တော်တို့ ဆွေမျိုးတွေဆီမှာ နေရတာ အဆင်မပြေဘူး၊ အစ်မရဲ့ငွေကြေးအထောက်အပံ့လိုတယ်' လို့ ပြောလာလိမ့်မယ်"

"ဒါဆိုရင် နင် ဘာလုပ်မလဲ။ နင်က နင့်ရဲ့မောင်လေးညီမလေးတွေက အရမ်းသနားစရာကောင်းတယ်လို့ တွေးမယ်၊ ပြီးတော့ နင်က အစ်မအကြီးဆုံးဖြစ်လို့ မိဘတွေ အနားမှာမရှိတဲ့အချိန်မှာ အရာအားလုံးကို တာဝန်ယူသင့်တယ်လို့ နင်က တွေးမယ်။ ပြီးရင် နင် ကျောင်းကထွက်လိုက်မယ်၊ ဒါပေမယ့် နင်က အသက်မပြည့်သေးတော့ နင်ရှာနိုင်မယ့်ငွေပမာဏကလည်း အတော်လေး နည်းလိမ့်မယ်။ ဒါတောင်မှ နင်က ငွေတွေအကုန်လုံးကို တခြားသူတွေဆီ ပေးချင်နေတုန်းလား။ ဒါပေမယ့် လက်တွေ့မှာတော့ နင်က မိန်းကလေးလည်းဖြစ်၊ အစ်မကြီးလည်းဖြစ်တဲ့အတွက် ဒါက ဖြစ်သင့်ဖြစ်ထိုက်တာပဲဆိုပြီး သူတို့က နင့်ကို ကျေးဇူးတင်မှာမဟုတ်ဘူး"

"နင့်ရဲ့မိဘတွေကလည်း ထောင်ကနေ စောစောလွတ်လာနိုင်တယ်၊ ဒါပေမယ့် ကိစ္စတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ နင့်ရဲ့မောင်လေးက သူ ဒီနှစ်တွေအတွင်းမှာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ပါတယ်ဆိုပြီး နင့်မိဘတွေကိုပြောပြလိမ့်မယ်။ ပြီးရင် အငယ်တွေကို ကောင်းကောင်းမစောင့်ရှောက်လို့ဆိုပြီး သူတို့က နင့်ကိုအပြစ်တင်မယ်။ အဲဒီနှစ်တွေအတွင်းမှာ နင်ရှာပေးခဲ့တဲ့ငွေတွေကိုတော့ လုံးဝထည့်မတွက်ဘဲနဲ့လေ"

"အဲဒီအချိန်မှာ နေထိုင်မှုစရိတ်စကတွေက ပိုပြီးလိုအပ်လာပေမယ့် နင့်ရဲ့မိဘတွေက မိသားစုအတွက် ငွေရှာနိုင်စွမ်းရှိတော့မှာ မဟုတ်ဘူး။ နင်ကပဲ ဆက်ပြီးတော့ မိသားစုကို လုပ်ကိုင်ရှာကျွေးရတဲ့သူဖြစ်နေမယ်။ နင့်ရဲ့မောင်လေး ကိုယ်ပိုင်အလုပ်အကိုင်နဲ့ ကိုယ်ပိုင်မိသားစုနဲ့ အခြေမကျသွားခင်အထိ နင်က နောက်ထပ် ဆယ်နှစ်ကျော်လောက် သူ့အတွက် အလုပ်ကြိုးစားဖို့ လိုသေးတယ်။ ဒါပေမယ့် အဲဒီအချိန်ကျ နင်ကတော့ အသက်ကြီးလွန်းနေပြီ။ နင့်ရဲ့မိဘတွေက အရင်က ထောင်ကျထားတော့ အိမ်နီးချင်းတွေအားလုံးကလည်း နင်တို့မိသားစုကို သဘောကျမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က အတွေးတွေလွန်ပြီး နင်နဲ့လက်ထပ်ဖို့အတွက် အဖိုးကြီးတစ်ယောက်ကိုပဲ သေချာပေါက် ရှာပေးလိမ့်မယ်"

"နင်က နောက်ဆုံးတော့ သက်သက်သာသာလေး နေနိုင်တော့မယ်။ အိမ်ရှင်မကောင်းတစ်ယောက်ပဲ လုပ်တော့မယ်လို့ တွေးနေပေမယ့် နင့်ရဲ့မိဘတွေကတော့ နင့်ကို သူတို့ဆီ ငွေပို့စေချင်နေဦးမှာပဲ"

ကျင်းယွင်ကျောင်းက ကျင်းရှို့အား တစ်ချက်ခိုးကြည့်လိုက်၏။ သူမသည် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်ကြောင်းပြန်နေသည့်အလား ပြောပြခဲ့ခြင်းပင်။

လူတစ်ယောက်က အားနည်းသွားတာနဲ့ ဒါက အနိုင်ကျင့်လို့ရပြီဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား။

ထိုစကားများကို နားထောင်ပြီးသည့်နောက် ကျင်းရှို့၏ ခန္ဓာကိုယ်က သိသိသာသာပင် တုန်ယင်လာပြီး ခပ်မြန်မြန် ခေါင်းယမ်းပြလိုက်ကာ လုံးဝမယုံကြည်နိုင်ဖြစ်နေသည်။

သို့ရာတွင် လုံးဝ ဝန်မခံချင်သော်လည်း သူမ ရင်ဆိုင်ရမည့်အနာဂတ်ကို ကျင်းရှိူ့ နားလည်ထားပြီးသားဖြစ်၏။ ထိုအနာဂတ်သည် ကျင်းယွင်ကျောင်းပြောသည့်စကားများနှင့် လုံးဝကွာခြားမှုရှိမည် မဟုတ်ဘဲ ကျင်းယွင်ကျောင်းကတောင် လျှော့လျှော့ပေါ့ပေါ့ ပြောနေခြင်း ဖြစ်နိုင်ပေသည်။

ရိုးရိုးသားသား ဝန်ခံရလျှင် သူမသည် မကြာခဏ အိပ်မက်ဆိုးများ မက်တတ်၏။ သူမသည် နောက်မှအလိုက်ခံရပြီး မြေပေါ်သို့ ပုံလျက်သား လဲကျသည်အထိ အရိုက်ခံရသည်ဟု အိပ်မက်မက်တတ်သည်။ သူမ၏ မိဘများက အလုပ်များ အဆက်မပြတ်ခိုင်းနေသည်ဟုလည်း မက်တတ်ပြီး ထိုအိမ်မက်သည် ဘယ်သောအခါမှ အဆုံးမရှိပေ။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား ဖျတ်ခနဲကြည့်လိုက်ပြီး မသိမသာ ပြုံးလိုက်သည်။

လူသားများသည် ကိစ္စတစ်ခုခုကို ပြင်းပြင်းထန်ထန် တွေ့ကြုံခံစားရပြီးနောက်တွင် ပြောင်းလဲသွားတတ်ကြ၏။

သူမသည်လည်း သေဆုံးခြင်းကို တွေ့ကြုံခံစားရပြီးသည့်နောက် ပြန်လည်မွေးဖွားလာခဲ့သည်။

"ကျွန်မ...ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မ, မလုပ်ရဲဘူး"

ကျင်းရှိူသည် ရုတ်တရက် ထငိုတော့၏။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ရင်း ခေါင်းငုံ့ထားကာ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးနေသည်။

သူမ ဘာကို မလုပ်ရဲသနည်း။ သူမ ဘာကို ခံနိုင်ရည် မရှိသနည်း။ လူတိုင်းက မိန်းကလေးများသည် စည်းမျဥ်းများအတိုင်းနေရမည်ဟု ပြောကြသည်။ မိဘကို ကူညီ၍ မောင်ငယ်ညီမငယ်များအတွက် အရာအားလုံးကို ပေးဆပ်ရန် အသင့်ဖြစ်နေရမည်။ သူမသည် ငယ်စဥ်ကတည်းက အိမ်နီးချင်းများထံမှ အမြဲချီးမွမ်းခံခဲ့ရ၏။ သို့သော် သူတို့ထံမှ "နာခံမှုရှိသည်"၊ "သားသမီးဝတ္တရားကျေပွန်သည်" ဟူသော စကားများအား ကြားရခြင်းကို သူမ ဘယ်တော့မှ မနှစ်သက်ခဲ့ပေ။

အကြောင်းမှာ သူမ၏ သိတတ်လိမ္မာမှုနှင့် သားသမီးဝတ္တရား ကျေပွန်မှုများသည် မြင်သမျှ၊ ကြားသမျှကို နာခံနေရရုံသာဖြစ်ကြောင်း သူမ သေသေချာချာ သိရှိနားလည်သောကြောင့်ပင်။ လုပ်စရာအလုပ်ရှိလျှင် လုပ်ရပြီး လုပ်စရာအလုပ် မရှိပါက လုပ်စရာကို ရှာဖွေ၍ လုပ်ရသည်။ သူမက အိမ်တွင် အလကားမနေရပေ။ သူမ အရွယ်ရောက်သောအခါ အလုပ်လုပ်၍ ပိုက်ဆံရှာပြီး မိဘများနှင့် မောင်ဖြစ်သူအား ကျွေးမွေးပြုစုပါမည်ဟု  မိဘများအား ပြောရသည်။ သူမသည် မိဘများက ကျောင်းထားပါက ကျောင်းသွားရမည်ဖြစ်၍ သူတို့က သူမအား ကျောင်းမသွားစေချင်၍ ခွင့်တိုင်ခိုင်းပါက တွေဝေနေ၍ မရပေ။ သူတို့က သူမအား ကျောင်းထွက်ခိုင်းလျှင်တောင်မှ အံကြိတ်၍ ထိုဆုံးဖြတ်ချက်ကို လိုက်နာရမည်ပင်။

ရိုးသားစွာ ဝန်ခံရလျှင် သူမသည် ထိုသို့ဆက်ဆံခံရခြင်းအား နည်းနည်းလေးမှ မနှစ်သက်ခဲ့။

"မလုပ်ရဲစရာ ဘာရှိလို့လဲ။ နင် ရှေ့ကို တစ်လှမ်းလေးတိုးလိုက်ရုံနဲ့ အဲဒီလူတွေက နင့်ကို မထိနိုင်တော့ဘူး။ ဒါပေမယ့် နင် လက်ရှိနေရာမှာပဲ ရပ်နေမယ်ဆိုရင်တော့ နင့်ပတ်ဝန်းကျင်ကို အဲသည့်သူတွေ ထပ်ရောက်လာအောင် စောင့်နေရုံပဲပေါ့။ ဒါတွေအားလုံးက နင့်ရဲ့ရွေးခြယ်မှုအပေါ်မှာပဲ မူတည်တယ်"

ကျင်းယွင်ကျောင်းက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။

ဘယ်လိုရွေးရမှာလဲ။ ကျွန်မက ရွေးရမှာလား။

ကျင်းရှို့က စိတ်ရှုပ်နေသောအမူအယာဖြစ်သွား၏။

"တကယ်လို့ နင်သဘောတူရင် ငါ နင့်ကို ကျောင်းပြောင်းဖို့ ကူညီပေးမယ်။ နာမည်ပြောင်းဖို့ လူတစ်ယောက်လည်း ရှာပေးမယ်။ အရင် ဗီဒီယိုထဲမှာက နင့်ရဲ့မျက်နှာကို ထင်ထင်ရှားရှား ရိုက်မယူထားဘူး။ အခု နင် ဆံပင်ညှပ်လို့ရတယ်။ နင့်ရဲ့ဆံပင်ပုံစံကို ပြောင်းလိုက်တာနဲ့ ရွှေချန်းရွာက ကျင်းရှို့နဲ့ နင်က တစ်ယောက်တည်းဆိုတာ ဘယ်သူမှ ဆက်စပ်မိမှာ မဟုတ်တော့ဘူး။ ငါ နင့်ကိုမတားပါဘူး၊ ဒါပေမယ့် နင် ကျင်းရှို့အဖြစ်ကိုပြန်သွားချင်ရင် နင် ငါ့ဆီကနေ ချေးထားတဲ့အရာအားလုံးကို ပြန်ပေးရမယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now