Chapter 229

483 54 0
                                    

Chapter 229 : အပေးအယူလုပ်ခြင်း

နစ်နာသူဖြစ်စေ၊ တရားခံဖြစ်စေ၊ ဤကိစ္စကို သီးသန့်ဖြေရှင်းမှသာ နှစ်ဖက်စလုံး အကျိုးရှိပေလိမ့်မည်။

ထိုအချိန်၌ ကျန်မိသားစုမှ မိဘများသည် မေးကြောများပင် ထောင်နေအောင် အံကြိတ်ထားကြသည်။ သူတို့သည် ကြေးအမြင့်ကြီး တောင်းသည့်အတွက် ကျင်းယွင်ကျောင်းအား ဒေါသထွက်နေကြသော်လည်း သူမ ဤသို့ မတန်တဆ တောင်းနိုင်အောင် လုပ်ခဲ့သည့် မူရင်းလက်သည်တရားခံ ကျန်ရှအား ပို၍ ဒေါသထွက်ကြ၏။

အကယ်၍ ကျန်ရှသာ ရည်းစားစာပေါ်တွင် သူ၏ နာမည်ကို မရေးခဲ့ပါက သူ ဝန်မခံသရွေ့ ဤရည်းစားစာသုံးစောင်သည် သူတို့နှင့် လာဆက်နွယ်မည် မဟုတ်ပေ။ ယခု ကိစ္စများက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ အခြားသူများအား လိုက်လံပိုးပန်းခဲ့သည်ကို မေ့၍ သူကိုယ်တိုင်ပင် နစ်နာကြေးပေးရတော့မည် ဖြစ်သည်။

ကျန်မိသားစုမှ မိဘများသည် မရှုနိုင်မကယ်နိုင်ဖြစ်နေသော်လည်း တိုက်ရိုက် ပါဝင်ပတ်သတ်သူတစ်ယောက်ဖြစ်သည့် ကျန်ရှ၏ စိတ်ခံစားချက်မှာမူ ပို၍ပင် အခြေအနေဆိုးနေသေး၏။

ဤသည်က သူညံ့၍ မဟုတ်လား။ အစပိုင်းတွင် သူသည် သူ့နာမည်ကို ထည့်ရေးရန် လုံးဝစိတ်ကူးမရှိပေ။ အကယ်၍ ဤစာများကိုရပြီး ကျင်းယွင်ကျောင်း ဒေါသထွက်နေသည်ကိုသာ မြင်ပါက သူသည် ဤကဲ့သို့ မိုက်မဲသည့်ကိစ္စကို လုပ်ခဲ့လိမ့်မည်မဟုတ်။ ထို့အပြင် ကျင်းယွင်ကျောင်းက ဤမျှအတင့်ရဲလိမ့်မည်ဟု သူ မည်သို့ သိမည်နည်း။ သူမသည် အမှန်တကယ်ပင် သူ့အား အတန်းသားများအားလုံး၏ အရှေ့၌ ဖွဲအိတ်တစ်လုံးကဲ့သို့ ရိုက်နှက်ကန်ကျောက်ခဲ့သည့်အပြင် ရည်းစားစာများကို ထုတ်၍ပင် သူ့အား ခြိမ်းခြောက်လိုက်သေးသည်။

တကယ်တမ်း ထိုရည်းစားစာများသာ အပြင်သို့ ပေါက်ကြားသွားပါက သူတစ်ယောက်တည်း အဆုံးသတ်သွားမည် မဟုတ်ဘဲ သူမ၏ ဂုဏ်သတင်းကလည်း ပိုကောင်းလာနိုင်စရာ အကြောင်းမရှိပေ။

သို့သော် သူနှင့်မတူသည်မှာ ကျင်းယွင်ကျောင်းသည် အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော်လည်း သူမ အတော်လေး အံ့သြသွားသည်မှာ ကျန်ရှက စာပေးသူမှာ သူဖြစ်ကြောင်း ကိုယ်တိုင်ကိုယ်ကျဝန်ခံလာရန် အမှန်တကယ် သုံးရက်သာ ကြာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျန်ရှသည် သူ့ကိုယ်သူ အလွန်အထင်ကြီးသူဖြစ်သောကြောင့် ဤကိစ္စအား နားလည်ရန် မခက်ခဲဲပေ။ သူသည် အတ္တကြီး၍ တစ်ကိုယ်ကောင်းဆန်သူဖြစ်သည့်အပြင် အခြားသူများ၏ အတွေးများကိုလည်း သူ၏ကိုယ်ပိုင်အတွေးအမြင်များနှင့် နှိုင်းယှဥ်ပြီး လိုရာဆွဲတွေးလေ့ရှိသူလည်း ဖြစ်၏။ ထို့ကြောင့် သူသည် ကျင်းယွင်ကျောင်း၏ အပြုအမူကို မြင်သောအခါ သူ့စာပေအရေးအသား၏ နှစ်လိုဖွယ်ကောင်းမှုသည် အကျိုးသက်ရောက်မှု ပြင်းထန်၍ တုနှိုင်းမဲ့ဟုပင် ထင်မိနေခဲ့သည်။

ကျန်မိသားစုမှ မိဘနှစ်ပါးသည် အလွန်အမင်း တွန့်ဆုတ်နေသော်လည်း အချိန်အတော်ကြာပြီးနောက်တွင် သူတို့သည် ဆုံးဖြတ်ချက် ချလိုက်ကြ၏။

"ကျင်းယွင်ကျောင်း၊ လောဘသိပ်မကြီးနဲ့။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် နစ်နာကြေး ယွမ်ငါးသောင်းက များလွန်းတယ်။ ငါတို့ ဒါကို လုံးဝ သဘောတူမှာ မဟုတ်ဘူး။ ဒါပေမယ့် အပေးအယူ လုပ်မယ်။ ငါတို့က မင်းကို စုစုပေါင်း ယွမ်သုံးသောင်း ပေးမယ်။ မင်းက ငါတို့ကို ရည်းစားစာတွေ ပေးရမယ်"

အဖေကျန်က စောဒကတက်လိုက်သည်။

သူတို့ကျန်မိသားစုသည် ပိုက်ဆံ မရှိသောကြောင့် မဟုတ်သော်လည်း ဤကဲ့သို့ ငွေအမြောက်အမြား မသုံးသင့်ပေ။

ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။

"မဖြစ်နိုင်ဘူး"

"ဒီပမာဏကို ထပ်ပြီးတော့ စောဒက မတက်နဲ့တော့။ မဟုတ်ရင် မင်း တစ်ပြားမှ ရမှာ မဟုတ်ဘူး"

အဖေကျန်က အော်ဟစ်လိုက်သည်။

"တကယ်တော့ ဒီငွေကို ရရ၊ မရရ ကျွန်မအတွက် အရေးမပါပါဘူး။ ဒါပေမယ့် ရှင်တို့သားအတွက်ကတော့ မတူဘူးနော်။ ကျွန်မ အတန်းသွားစရာရှိသေးတယ်။ ဒါကြောင့် ရှင်တို့ ကျွန်မရဲ့ကမ်းလှမ်းချက်ကို စဥ်းစားဖို့ နောက်ထပ်အချိန် ဆယ်မိနစ်ပဲ ပေးမယ်။ တကယ်လို့မှ ရှင်တို့က ဆန္ဒမရှိသေးဘူးဆိုရင်လည်း ကျွန်မတို့ ဒါကို မေ့လိုက်ကြတာပေါ့"

ကျင်းယွင်ကျောင်းက အလျှော့မပေးဘဲ ပြောလာ၏။

အဖေကျန်၏ အမူအယာက ကျင်းယွင်ကျောင်းအား အစိမ်းလိုက် ဝါးစားပစ်ချင်နေသကဲ့သို့ ဖြစ်သွား၍ သူသည် ငွေပမာဏကို တွေးမိလိုက်တိုင်း ဒေါသထွက်ခြင်းနှင့် ရင်နာခြင်း နှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။

သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရာ ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်များကို မမြင်ဘဲ နေမည်လား။ ယွမ်ငါးသောင်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် နစ်နာကြေးသာဖြစ်၍ ရည်းစားစာများအား ပြန်လိုချင်လျှင်ရော။ သူသည် နောက်ထပ် ယွမ်တစ်သောင်း ထပ်ပေးရမည်မှာ အသေအချာပင်။

ထိုယွမ်တစ်သောင်းသည် ကျန်ရှအား နင်းမြို့တော်တွင် ကျောင်းကောင်းကောင်းတစ်ကျောင်းထားရန်အတွက် လုံလောက်သည်။

ကံဆိုးသည်မှာ သူ၏သားဖြစ်သူက ထိုစာများပေါ်တွင် နာမည်ရေးခဲ့သည့်အချက်အား ပြုပြင်၍ မရနိုင်ပေ။ နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ ထိုရည်းစားစာများသည် ကျန်ရှအတွက် ဖျောက်ဖျက်မရသော သမိုင်းအမည်းစက်ကြီး ဖြစ်နေလိမ့်မည်။

ထို့နောက် အဖေကျန်သည် သားဖြစ်သူ၏ ကြောက်ရွံ့တုန်လှုပ်၍ တောင်းပန်တိုးလျှိုးနေသော မျက်နှာကို မြင်သောအခါ သူ မည်မျှပင် ဒေါသထွက်နေစေကာမူ ခံစားချက်များကို မြိုသိပ်၍ သူ့ကိုယ်သူ အားတင်းလိုက်သည်။

"ငါ မင်းကို နောက်ထပ်တစ်သောင်း ထပ်ပေးမယ်။ မင်း ဒါကို မကျေနပ်သေးဘူးဆိုရင် အပေးအယူမဖြစ်တော့ဘူးလို့ မှတ်လိုက်။ ပြီးတော့ ငါ့သားကို သူ့ရဲ့ဒဏ်ရာတွေကို စစ်ဆေးဖို့ ဆေးရုံပို့ရမယ်၊ အဲဒီကုန်ကျစရိတ်တွေအားလုံးကို မင်းက ပေးရမယ်"

"ဟုတ်ပြီလေ"

ကျင်းယွင်ကျောင်းက ရွှင်ရွှင်ပျပျ ပြုံးပြလိုက်သည်။

သူမသည် ဘာမှမလုပ်ရဘဲနှင့် အပိုငွေ ယွမ်တစ်သောင်းခန့်ရှာနိုင်ခဲ့ပြီး ကျန်ရှကိုလည်း ရိုက်နိုင်ခဲ့သည်ဖြစ်ရာ သူမက အမြတ်ရပြီးသားပင်။

နှစ်ဦးနှစ်ဖက် သဘောတူပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် စာများကို သူတို့အား ချက်ချင်း မပေးခဲ့။ သူတို့ ငွေလွှဲလာသည်အထိ စောင့်ပြီးနောက်တွင် သူမသည် သူတို့အား ကျန်ရှ၏ ဒဏ်ရာများသည် သူမနှင့် မသက်ဆိုင်ပါကြောင်း ဝန်ခံကတိစာတစ်စောင် ရေးခိုင်းခဲ့ရာ သူမက ကျန်ရှ၏ ဆေးစစ်မှုအား တာဝန်ယူပြီးနောက်တွင် သူတို့က သူမအား ထပ်မံ၍ တာဝန်ယူခိုင်းခွင့် မရှိတော့ပေ။ ထို့နောက် သူမက စာများကို သူတို့အား ပေးလိုက်သည်။

ကျန်ရှ၏ မိဘများသည် စာများကို ရပြီးနောက်တွင် ချက်ချင်းပင် မီးရှိူ့ပစ်ကြ၏။ စာများအားလုံး ပြာကျသွားသည်နှင့် သူတို့သည် ကျန်ရှအား ဆေးကုရန်အတွက် အိမ်သို့ ဒေါသတကြီး ဆွဲခေါ်သွားကြသည်။

ထိုမိသားစုသုံးယောက်သည် ကျင်းယွင်ကျောင်းက သူမ၏ ကိုယ်ပိုင်အကျိုးအမြတ်အား မည်မျှအလေးထားကြောင်းကို မြင်သောအခါ သူတို့သည် အကြီးအကျယ်နောင်တရနေကြ၏။ သူတို့သည် သူတို့၏ ရင်ဘတ်ပေါ်၌ ကျောက်တုံးကြီးတစ်တုံး ဖိထားသည့်အလား မချိမဆန့် ခံစားနေရသည်။

ကျန်မိသားစုသည် ထိုဒေါသများကို သူတို့၏ သားဖြစ်သူအပေါ်တွင် မပေါက်ကွဲနိုင်သောအခါ အလိုအလျောက်ပင် ချောင်ဟုန်ယဲ့အား သွားရှာကြလေတော့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now