Chapter 307

385 36 0
                                    

Chapted 307 : အကြီးအကျယ် ရှုံးနိမ့်သူ


ဝန်ထမ်းလေးသည် စကားများများပြောမိလျှင် မကောင်းမှန်းသိသဖြင့် ခဏမျှသာ ဟောင်ဖွာဟောင်ဖွာပြောပြီးနောက် ငြိမ်နေလိုက်သည်။

အစောပိုင်းက ဝန်ထမ်းလေးနှင့် စကားပြောနေသော အိမ်ရှင်မသည် အတင်းအဖျင်းပြော ဝါသနာပါသူဖြစ်ကြောင်း ဆိုင်နီးချင်းအားလုံး သိကြ၏။ သူမက လူတစ်ယောက်ဆီမှ ကြားခဲ့သောသတင်းတစ်ပုဒ်ကို နောက်တစ်နေ့တွင် နေရာအနှံ့ လိုက်ဖြန့်တတ်သည်။

ထို့ကြောင့် မျှော်လင့်ထားသည့် အတိုင်းပင်၊ အိမ်ရှင်မသည် ဝန်ထမ်းလေး ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သို့ ပြန်သွားသည်အား မြင်သည်နှင့် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သူမ၏ မိတ်ဆွေများဆီသို့ အတင်းအဖျင်းပြောရန်အတွက် စိတ်လှုပ်ရှားစွာ ပြေးသွားတော့၏။

ကျန်မိသားစု လက်ဖက်ရည်ဆိုင်သည် စီးပွားရေးကောင်းစဥ်အခါက စိတ်ကြီးဝင်၍ သူတို့အပေါ် မတူသလို မတန်သလို ဆက်ဆံခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်လအတွင်း လက်ဖက်ရည်ဆိုင်သည် သရဲအိမ်ကဲ့သို့ ခြောက်ကပ်သွား၍ လူများစွာက သူတို့အား ဟာသလုပ်၍ လှောင်ပြောင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။ ထို့အပြင် ယခု ကျန်မိသားစုမှ သားအမိနှစ်ယောက်သည် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်ထဲ၌ တစ်ခုခုလုပ်ရန် ရောက်နေကြသည်ဖြစ်ရာ လူအများသည် သူတို့အကြောင်း မည်သို့ အတင်းမပြောဘဲ နေနိုင်ဦးမည်နည်း။

ခဏအတွင်းမှာပင် ထိုပတ်ဝန်းကျင်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

သူတို့က သူတို့ရဲ့ လက်ဖက်ရည်ဆိုင် အရှုံးပေါ်ရုံတင်မကဘူး၊ သူတစ်ပါးရဲ့စီးပွားရေးကိုပါ သွားပြီး ဒုက္ခပေးတဲ့အထိ အတင့်ရဲနေကြသေးတာလား။ သည်လို လူမျိုးတွေက အနိုင်ကိုပဲ လက်ခံနိုင်ပြီး အရှုံးကို လက်ခံနိုင်စွမ်းမရှိတဲ့ လူစားမျိုးတွေပဲ။

ဆိုင်နီးချင်းများ၏ အတင်းအဖျင်းပြောသည့်စွမ်းအားကို အထင်မသေးသင့်ပေ။

ဥပမာအားဖြင့် အခြားဆိုင်မှ စျေးဝယ်သူများသည် လက်ဖက်ရည်သောက်ချင်သော်လည်း မည်သည့်ဆိုင်က ပိုကောင်းသည်ကို မဆုံးဖြတ်နိုင်ပါက ဆိုင်နီးချင်းများက မည်သည့်ဆိုင်က ပိုကောင်းကြောင်း စတင်၍ အတင်းအဖျင်းပြောကြလိမ့်မည်ဖြစ်သည်။

အထူးသဖြင့် ယနေ့သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် စဖွင့်သည့်နေ့ဖြစ်ရာ စျေးဝယ်သူများစွာက အခြေအနေမေးနေကြ၏။

"ရှင်က အဲ့လက်ဖက်ရည်ဆိုင်အကြောင်း မေးတာလား။ ကျွန်မကြားတာကတော့ ဆိုင်က ဖွင့်တာမကြာသေးပေမယ့် အရသာက အရမ်းကောင်းလွန်းလို့ မူလ ပထမ လက်ဖက်ရည်ဆိုင်က ကပ်စေးအိုးမိသားစုတောင် သွားသောက်ကြတဲ့အထိပဲတဲ့"

ထိုကဲ့သို့ အဓိပ္ပါယ်ရသည့် စကားများအား တစ်နေကုန် ကြားနေရတော့သည်။

ထိုအချိန်၌ ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် ကောလဟာလများပြန့်နေသည်ကို သတိမထားမိသေးဘဲ လက်ဖက်ရည်သောက်နေကြ၏။

ကျန်မိသားစုသည် လက်ဖက်ရည်ရောင်းသော်လည်း အမေကျန်သည် လက်ဖက်ရည် မကြိုက်ပေ။ သူမသည် ခါးသက်သက် လက်ဖက်ရည် အရသာထက် ချိုမြမြ စွပ်ပြုတ်များကိုသာ ပိုသောက်လေ့ရှိသည်။

ယခုအခါ လက်ဖက်ရည်နှစ်အိုးမှ သူမ သောက်လိုက်သော လက်ဖက်ရည် ပမာဏက အတော်များသွားသည်ဖြစ်ရာ ပျို့အန်ချင်လာ၏။

သို့သော် ထိုကိစ္စသည် အရေးမကြီးပေ။ လက်ရှိ ခန်းမထဲရှိ အခြေအနေက ထူးဆန်းနေသည်ဟု သူမ ခံစားနေရသည်။

ယခု ဤနေရာ၌ ရှိနေသော ဧည့်သည်များသည် သူမတို့၏ ဆိုင်သို့ လာနေကျဖောက်သည်များနှင့် မတူပေ။ ဤဧည့်သည်များသည် လေးနက်သောအမူအယာရှိ၍ အားလုံးက အနောက်တိုင်းဝတ်စုံများကို နက်ကတိုင်များနှင့် တွဲဖက် ဝတ်ဆင်ထားကြပြီး ဤနေရာ၌ သက်တောင့်သက်သာနေရန် လာကြခြင်း မဟုတ်ဘဲ အရေးကြီးသည့်ပွဲတစ်ခုကို လာတက်သည်နှင့် တူနေသည်။

"အမေ၊ ဒီလက်ဖက်ရည်က အရသာလည်း မရှိဘဲနဲ့ ဘာလို့ စျေးကြီးနေတာလဲ"

ကျန်ရှက တဲ့တိုးပင် ထုတ်မေးလာ၏။

ဤတစ်ကြိမ်၌ ပိုက်ဆံပေးစရာ မလိုသောကြောင့် ဘုရားသခင်အား ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက သူတို့ အမှန်တကယ် ကံဆိုးခြင်းပင်။

ငါတို့ မိသားစုရဲ့စီးပွားရေးအခြေအနေက ဆိုးသထက်ဆိုးလာတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဒီလိုအရသာကြီးကို ဘယ်သူက သောက်မှာလဲ။ ငါတို့ ခေတ်နဲ့ အညီလိုက်ပြီးတော့ ကော်ဖီဆိုင်လေး ဖွင့်သင့်တာ မဟုတ်လား။

ထိုအခါ အမေကျန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"မင်း နားမလည်ပါဘူး။ လူယဥ်ကျေးတွေက ဒါမျိုးသောက်ရတာကို သဘောကျတာ"

သူမတို့၏ ဆိုင်သို့လာသော ဧည့်သည်များက လက်ဖက်ရည်သောက်ခြင်းသည် ဘဝ၏ အခက်အခဲများနှင့် ပျော်ရွှင်မှုများကို တစ်ပြိုင်နက်တည်း ခံစားရစေသည်ဟု ပြောခဲ့ကြသည်အား သူမ သတိရသွား၏။ ထို့အပြင် လက်ဖက်ရည်ဖျော်နေစဥ် လက်ဖက်ရွက်များ အပေါ်အောက်ရွေ့လျားနေသည်က ဘဝ၏ တက်လိုက်ကျလိုက် လောကဒဏ်နှင့် တူသည်ဟုလည်း သူတို့က ပြောခဲ့ဖူးသည်။

သူမက သူတို့၏ ဆိုလိုရင်းအား အမှန်တကယ်ပင် နားမလည်နိုင်သော်လည်း လက်ဖက်ရည် စသောက်လိုက်သည်နှင့် သူတို့သည် ပို၍ အိန္ဒြေကြီးလာပြီး တိတ်ဆိတ်သွားကာ သူတို့၏ စကားများကလည်း ပို၍ ယုတ္တိရှိလာမှန်း သူမ သိပေ၏။

ထိုအခါ ကျန်ရှက မဲ့လိုက်ပြီး မသိမသာ ခေါင်းယမ်းကာ တုံ့ပြန်လိုက်သည်။

အမေကျန်သည် သူမ၏ အရှေ့ရှိ လက်ဖက်ရည်ခွက်လေးအား မော့သောက်လိုက်ရင်း ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ အခြားဧည့်သည်များက လက်ဖက်ရည်၏ အနံ့အရသာနှင့် ပတ်သတ်၍ မဆုံးနိုင်အောင် ချီးကျူးနေသည်ကို ကြားလိုက်ရသဖြင့် သူမ၏ ရင်ထဲ၌ ပို၍ ခါးသီးသွားတော့၏။

ထို့နောက် ခဏမျှ အခြေအနေအား စဥ်းစားချင့်ချိန်လိုက်ပြီးနောက်တွင် သူမသည် ရုတ်တရက် ဗိုက်ကိုဖိလိုက်ပြီး စတင်အော်ဟစ်တော့သည်။

"အား...နာလိုက်တာ၊ ရှောင်ရှ၊ အမေ့ဗိုက်က နာလိုက်တာ။ အစာ အဆိပ်သင့်တာများလား"

တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ လက်ဖက်ရည်ခွက်ကို အသာတွန်းချလိုက်သည်။ သို့သော် သူမသည် လက်ဖက်ရည်များ မပေချင်သောကြောင့် ကြမ်းပြင်ပေါ်တွင်သာ လူးလိမ့်နေသည်။

သူမ၏ ပြင်းထန်သော တုံ့ပြန်မှုက ခန်းမအတွင်းရှိလူများအား ထိတ်လန့်လွန်း၍ တောင့်ခဲသွားစေ၏။

ဧည့်သည်အများစုသည် ဒုတိယထပ်တွင်ရှိသော်လည်း ခန်းမထဲ၌ အနည်းအကျဥ်းကျန်နေသေးသည်။ အမေကျန်၏ ဖြစ်အင်ကိုမြင်သောအခါ သူတို့၏ မျက်နှာများသည် ချက်ချင်း ဖြူဆုတ်သွားကြ၏။

အခုတလော ဘာတွေဖြစ်နေတာလဲ။ ပထမဆုံး မူလ ပထမ လက်ဖက်ရည်ဆိုင်မှာ လူတွေအဆိပ်သင့်ပြီးတော့ သေလုနီးပါးဖြစ်တယ်။ ဒါပေမယ့် အခု လက်ဖက်ရည်ဆိုင်အသစ်ဖွင့်တဲ့ ပထမဆုံးနေ့မှာပဲ လူတစ်ယောက်ထပ်ဖြစ်ပြန်ပြီ။ အခု လက်ဖက်ရွက်တွေ အကုန်လုံးမှာ ချို့ယွင်းချက်ရှိနေတာများလား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now