Chapter 273

393 44 0
                                    

Chapter 273 : ကမ္ဘာကြီးအပေါ်  ထင်ယောင်ထင်မှားအမြင်

ကြင်နာတတ်ပြီး နားလည်မှုရှိလိုက်တာ။

ထိုအခိုက်အတန့်၌ လူတိုင်းသည် ချောင်ဟုန်ယဲ့အား ဤကဲ့သို့ တညီတညွတ်တည်း သတ်မှတ်လိုက်ကြ၏။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငုံ့ပြီး သူမအား ကြည့်လာသည်။

"ရှင်တို့တွေက ကျွန်မကို မဟုတ်မမှန်စွပ်စွဲဖို့ ဒီလိုကိစ္စမျိုးကို ရှာတွေ့လာကြတာလား။ သူ့လို လူတစ်ယောက်ရဲ့စကားတွေကိုတောင် ရှင်တို့က ယုံတယ်ပေါ့လေ"

ကျင်းယွင်ကျောင်း၏ အသံ၌ အေးစက်စက်အငွေ့အသက်များ ခပ်ပါးပါးစွက်နေ၏။ ထိုစကားကိုကြားသောအခါ ချောင်ဟုန်ယဲ့၏ မျက်နှာက ဖြူဖျော့သွားပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်သွား၏။

ထိုအခါ သတင်းထောက်များသည် ပို၍စိတ်လှုပ်ရှားလာကြသည်။ ယခု သူတို့သည် ကျင်းယွင်ကျောင်း၏ မောက်မာမှုကို သက်သေအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပြီဖြစ်၏။

သူမသည် ဆယ်နှစ်ကျော်ကြာအောင် အတူနေခဲ့သည့် ညီမဖြစ်သူကိုပင် ဤကဲ့သို့သောစကားမျိုး ပြောနိုင်လျှင် သူမ၏ မိဘအရင်းဖြစ်သူများကို အနိုင်ကျင့်သိက္ခာချပြီး ရွာသားများကို ရိုက်နှက်သည်ဆိုသည့်အချက်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ကင်မရာ ခလုတ်နှိပ်သံ တချပ်ချပ်က အဆက်မပြတ် ထွက်ပေါ်လာသည်။

"ကျင်းယွင်ကျောင်း၊ မင်းရဲ့ညီမလေးအပေါ် ဆက်ဆံတဲ့ပုံစံက လွန်လွန်းတယ်။ မင်းက တကယ်ပဲ အဆင့်တွေက အရာအားလုံးလို့ ထင်နေတာလား"

သတင်းထောက်တစ်ဦးက ဆွပေးလာပြန်၏။

"အဆင့်တွေက အရာအာလုံးမဟုတ်ပေမယ့် ကျွန်မရဲ့အကျင့်စရိုက်က ပြဿနာရှိနေတယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး"

ကျင်းယွင်ကျောင်းက ချက်ကျလက်ကျ ပြန်ပြောလိုက်သည်။

"တစ်နည်းပြောရရင် ရှင်တို့ရဲ့မျက်လုံးတွေကပဲ ပြဿနာရှိနေတာထင်တယ်၊ ကမ္ဘာကြီးအပေါ်  ရှင်တ်ို့ရဲ့အမြင်တွေကမှ ထင်ယောင်ထင်မှားဖြစ်နေတာလေ။ ရှင်တို့က ချောင်မိသားစုဆီကို စုံစမ်းဖို့သွားခဲ့ပြီးတော့ သူတို့ဆီကနေ ကျွန်မ ဘယ်လောက်တောင် မုန်းစရာကောင်းတယ်ဆိုတဲ့ သက်သေတွေရလာတယ်။ ရယ်စရာကောင်းလိုက်တာ။ ရှင်တို့ စုံစမ်းမှုတွေမစခင်မှာ ပထမဦးဆုံး ရှင်တို့ရထားတဲ့သတင်းတွေကို နှစ်ခါပြန် မစစ်ဆေးခဲ့ဘူးလား။ ခရိုင်မြို့ထဲမှာ ချောင်ဝေ့မင်ရဲ့နာမည်ဂုဏ်သတင်းက ဘယ်လိုလဲဆိုတာကိုလေ။ အထူးသဖြင့် ချောင်ဟုန်ယဲ့ပေါ့၊ သူက ဘယ်လိုလူမျိုးလဲဆိုတာက ရှင်တို့အတွက် ဘာမှ ပြဿနာမရှိဘူးလား"

"ရှင်တို့အားလုံးက လူအရေအတွက်အရကို လုံခြုံမှုရှိနေတဲ့အချိန်မှာ ကျွန်မက ကျွန်မရဲ့အင်အားလေးနဲ့ တစ်ယောက်တည်းရပ်တည်နေတာပါ၊ ဒါကြောင့် ကျွန်မပြောသမျှက အလိမ်အညာတွေလား။ တကယ်တော့ ကျွန်မ မေးချင်နေတာ၊ ကျွန်မကို မေးခွန်းထုတ်နိုင်ရလောက်အောင် ချောင်ဟုန်ယဲ့မှာ ဘာအရည်အချင်းများ ရှိလို့လဲ"

ထို့နောက် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ဆီသို့ ချဥ်းကပ်သွားပြီး သူမ၏ အသံကလည်း တင်းမာနေသည်။

"နင် ကျောင်းကနေ ထွက်လိုက်ရတယ် မဟုတ်လား။ နင် ဘာလို့ ပထမနေရာကို မရတာလဲဆိုတာ နင်မေ့သွားပြီလား။ ဒါမှမဟုတ် နင် တစ်ခုချင်း အသေးစိတ်မှတ်မိလာအောင် ငါ့ကို ကူညီပေးစေချင်နေတာလား။ ဟုတ်ပြီလေ၊ နင် မပြောဘူးလား။ နင်က ဖုံးကွယ်ထားချင်တာလား။ ဒါဆို ဆက်ပြီးဟန်ဆောင်နေလိုက်၊ ငါပဲ ပြောပြမယ်"

"အလယ်တန်းကျောင်းကတည်းက နင်က ကောင်းရှင်းလို့ခေါ်တဲ့ လမ်းသရဲတစ်ကောင်နဲ့ပေါင်းပြီးတော့ ကျောင်းအပြင်မှာ ငါ့ကို လိုက်နှောက်ယှက်ခိုင်းတယ်။ တစ်ခါတစ်လေ ငါ အရိုက်ခံရတယ်၊ တစ်ခါတစ်လေကျ ပိုက်ဆံအလုခံရတယ်။ အဲဒီအချိန်တုန်းက ငါ သတ္တိမရှိလို့ ထုတ်မပြောရဲတဲ့အပြင် အိမ်မှာလည်း ငါ့ဘက်က ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိလို့ ငါ အံကြိတ်ပြီး သည်းခံနေရုံပဲ လုပ်နိုင်ခဲ့တယ်။ ငါ အထက်တန်းကျောင်းတက်ပြီးတဲ့နောက်မှာ နင်က ပိုဆိုးလာတယ်၊ ရိကျုံးကျောင်းမှာ ငါ့ရဲ့ဂုဏ်သတင်းကို အဖတ်ဆယ်မရအောင် ဖျက်ဆီးခဲ့တယ်။ ကောလဟာလတွေပျောက်သွားအောင် ငါ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ အဲဒီ အခြေအမြစ်မရှိတဲ့ သတင်းတွေကို ခေါင်းမာမာနဲ့ ယုံကြည်နေတဲ့သူတွေ ရှိနေသေးတယ်"

"ချောင်ဟုန်ယဲ့၊ နင့်ကိုယ်နင် ဝတ်ကောင်းစားလှတွေဝတ်ပြီး လှလှပပပြင်ဆင်ထားရုံနဲ့ နင့်ရဲ့အကျင့်စရိုက်အစစ်အမှန်နဲ့ လုပ်ရပ်တွေကို ဖုံးထားနိုင်မယ်လို့ နင်ထင်နေတာလား။ ငါ့ဆီမှာ အမှတ်တရအနေနဲ့ သိမ်းထားတဲ့ နင်နဲ့ ကောင်းရှင်းရဲ့ ဓါတ်ပုံတွေ ရှိသေးတယ်။ နင်က ခိုးပြီးတော့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ရင်တောင်မှ ငြင်းမရတဲ့သက်သေတွေ ရှိနေသေးတယ်။ အို...ငါမေ့တော့မလို့၊ နင်နဲ့ ကောင်းရှင်းနဲ့ ပူးပေါင်းပြီး မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့သေးတယ်နော်။ နင်က နင့်ရဲ့ဖြူစင်မှုကို နင်ကိုယ်တိုင်ဖျက်ဆီးတဲ့အပြင်ကို အခြားလူရဲ့ဖြူစင်မှုကိုပါ ဖျက်ဆီးခဲ့သေးတယ်။ အခု ငါပြောခဲ့သမျှ အကြောင်းအရာအားလုံးကို နင်နဲ့အတူ ထပ်ပြီးအတည်ပြုဖို့ ငါသက်သေတွေထုတ်ပြရဦးမလား"

ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့၏ ယုတ်မာညစ်ညမ်းသော လုပ်ရပ်များအားလုံးကို တစ်ခုမကျန် တစ်ဆက်တည်း ထုတ်ဖော်ပြောကြားလိုက်၏။ သူမသည် စကားဆုံးသည်နှင့် အေးစက်စက်ပြုံးလိုက်ပြီး စူးချူထံမှ သူမ၏ကျောပိုးအိတ်ကို ပြန်ယူလိုက်ကာ အထဲမှ တစ်ခုချင်းဆီထုတ်ယူလိုက်သည်။ ထို့နောက် ဓါတ်ပုံတစ်ပုံချင်းစီကို ကင်မရာများ၏ ရှေ့၌ ထောင်ပြလိုက်သည်။

ထိုအခါ ချောင်ဟုန်ယဲ့သည် မှင်သက်သွားပြီး ကြောင်ကြည့်နေ၏။ ထို့နောက် သူမသည် ဓါတ်ပုံများကိုဆွဲလုရန် ကြိုးစားလိုက်သော်လည်း ရှောင်ဟိုင်ချင်းက သူမအား ဘေးသို့ တွန်းထုတ်လိုက်ရာ သူမ လုံးဝ မတားနိုင်တော့ပေ။

လူအုပ်ကြီးသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် စောင့်ဆိုင်းနေကြပြီး ကင်မရာများကလည်း အားလုံးကို သေသေချာချာ မှတ်တမ်းတင်နေကြသောကြောင့် ကျင်းယွင်ကျောင်းသည် ထိုဓါတ်ပုံများအား သူတို့ဆီသို့ တိုက်ရိုက်ပစ်ပေးလိုက်တော့သည်။

ဓါတ်ပုံတစ်ပုံချင်းစီသည် ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များသဖွယ် ချောင်ဟုန်ယဲ့၏ ဦးခေါင်းအထက်မှ ကျဆင်းလာ၏။ သို့သော် ဓါတ်ပုံများ၏ ထောင့်စွန်းတိုင်းက ဓါးသွားသဖွယ် ထက်ရှလှသည်။ ထိုသို့ ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုအောက်တွင် ချောင်ဟုန်ယဲ့သည် ဓါတ်ပုံများနှင့် ခြစ်မိပြီး သွေးစို့စို့ ခြစ်ရာအနည်းငယ်ပင် ရရှိသွားခဲ့၏။

ထိုမြင်ကွင်းက သူတို့အား ထိတ်လန့်သွားစေပြီး သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ကြီးစိုးသွားကြသည်။

သို့ရာတွင် ချောင်ဟုန်ယဲ့ကမူ ထိုနေရာတွင်သာ တုန်တုန်ယင်ယင်ဖြင့် ရပ်နေ၍ သူမ၏ စိတ်သည် လုံးဝ ဗလာကျင်းသွား၏။

ကျင်းယွင်ကျောင်း တကယ်ပဲ မိတ္တူကူးထားတာလား။ အဲဒီအချိန်တုန်းက ဗီဒီယိုတွေ၊ ဓါတ်ပုံတွေအားလုံးကို ရဲတွေလက်ထဲ မအပ်ခဲ့တာလား။

အဲဒီလိုပဲ ဖြစ်ရမယ်၊ သူ့လိုမျိုး သစ္စာဖောက်တစ်ယောက်က ငါ့ကို ဘာကြောင့် အလွတ်ပေးမှာလဲ။ ဒါပေမယ့်...ဒါက မများလွန်းဘူးလား။ ငါ့ရဲ့ညစ်ညမ်းပုံတွေကို တကယ်ပဲ မီဒီယာတွေက ထုတ်လွှင့်ပစ်လိုက်ရင် ငါ့ရဲ့အနာဂတ်က ဘာဖြစ်သွားမလဲ။ ကိစ္စတွေက ပိုကြီးလာပြီ၊ ဒီနေရာမှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့သူတချို့တောင် ရှိနေသေးတယ်။ အနာဂတ်မှာ ငါ ဘယ်လိုဆက်ပြီး ရှင်သန်ရမှာလဲ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now