Chapter 318

393 43 0
                                    

Chapter 318 : အားလုံးက ကျွန်မလက်ချက်ပါပဲ



သို့ရာတွင် ဟွားဇယ်သည် လမ်း၌ စိုးရိမ်စပြုနေပြီဖြစ်၏။ အချိန်ကြာလွန်း၍ ပြဿနာပင် ပြီးဆုံးသွားတော့မည်။ သူတို့ရောက်သွားသောအချိန်၌ ထိုသူများက ညီငယ်လေးအား တစ်ခေါက်လောက် ရိုက်နှက်ပြီးသား ဖြစ်ကောင်းဖြစ်နေနိုင်သည် မဟုတ်လား။

ထို့အပြင် ဤကိစ္စအားကိုင်တွယ်သူမှာ မဟူရာသစ်နက်ကိုယ်တိုင်ဖြစ်ရာ သူတို့သည် တစ်ကြိမ်ရိုက်ပြီးရုံနှင့် သေချာပေါက်ရပ်မည်မဟုတ်ပေ။ မဟူရာသစ်နက်ထံမှ အမှတ်တရပစ္စည်းအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား သုံးစားမရဖြစ်သွားအောင် လုပ်ကြလိမ့်မည်။

ဟွားဇယ်က ခပ်ဖွဖွ သက်ပြင်းချလိုက်၏။

မေ့လိုက်တော့။ ငါတို့နောက်ကျသွားရင်လည်း အဲဒီညီငယ်လေးကို ဆေးရုံပဲပို့ပေးလိုက်မယ်။ ဒါဆိုရင်ကို ငါတို့က အတော်လေးတာဝန်ကျေတယ်လို့ ပြောလို့ရနေပြီ။

သူသည် တစ်လမ်းလုံး မှိုင်တွေငေးမောလာသော်လည်း ချိန်းထားသော နေရာသည် ရောက်သည်နှင့် လမ်းကြားလေးထဲသို့ ကပျာကယာ ပြေးဝင်သွား၍ ချက်ချင်း အံ့အားသင့်သွား၏။

ထိုလမ်းထဲ၌ မိန်းကလေးငယ်လေးတစ်ယောက်သည် နံရံကိုကျောမှီ၍ ဆောင့်ကြောင့်ထိုင်နေသည်ကို မြင်လိုက်ရပြီး အမှောင်ထဲ၌ သူမ၏ပြောင်လက်နေသော မျက်ဝန်းတစ်စုံက သူ့အား စိုက်ကြည့်လာသည်။ ထိုအချိန်၌ သူမနှင့်မျက်နှာချင်းဆိုင်တွင်လည်း အမှန်တကယ်ပင် လူငါးဆယ်ကျော်ရှိနေသော်လည်း ထိုလူများသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဒဏ်ရာရထားပုံပေါ်၏။ အချို့က နှာခေါင်းရိုးကျိုး၍ မျက်နှာများ ဖူးရောင်နေကာ ခြေလက်များကျိုးနေကြပြီး အချို့ကမူ ခန္ဓာကိုယ်များပေါ်၌ သွေးချင်းချင်းနီနေ၍ မြင်ကွင်းတစ်ခုလုံးမှာ သွေးပျက်ဖွယ်ရာ ကောင်းလှသည်။

ထိုလူစုထဲတွင် ဟွားဇယ်နှင့် ရင်းနှီးကျွမ်းဝင်နေသောပုံရိပ်တစ်ခုလည်း ပါဝင်နေပြီး ထိုသူမှာ သူက ယဥ်ကျေးမှုအရ 'အစ်ကိုကြီး'ဟု ခေါ်ရသူဖြစ်၍ အတိအကျဆိုရပါက မဟူရာသစ်နက်ပင် ဖြစ်၏။

ညအမှောင်ထဲ၌ပင် ဟွားဇယ်သည် သူ ဒုက္ခရောက်နေသည်ကို မြင်နိုင်၍ သူ၏ခန္ဓာကိုယ်ဘေး၌ သွေးများအိုင်ထွန်းနေသည်။

သူ ဒဏ်ရာရထားတာလား။

ဟွားဇယ်သည် အတွေးများယောက်ယက်ခတ်နေ၏။

တခြားအုပ်စုကများ စစ်ကူလာသွားလား။

ထိုအချိန်၌ ကျင်းယွင်ကျောင်းက မတ်တပ်ထရပ်လိုက်၍ အသစ်ရောက်လာသူများဆီသို့ ဦးတည်၍ လျှောက်သွားလိုက်သည်။

သူမသည် ဟွားဇယ်အား မြင်လိုက်ချိန်၌ အံ့သြသွားခြင်းကို ငြင်းမရပေ။ ဟွားဇယ်သည် အသက်နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးခန့်သာရှိသေး၍ အတော်လေး ငယ်ရွယ်၏။ သူ၏ရုပ်ရည်သွင်ပြင်မှာ မင်းသားလေးတစ်ပါးကဲ့သို့ ချောမောခံ့ညားသည်ဟု မယူဆနိုင်သော်လည်း သူ့ဟာနှင့်သူတော့ မဆိုးလှပေ။ သို့ရာတွင် လမ်းသရဲတို့၏ ဂျစ်ကန်ကန် အကျင့်စရိုက်များနှင့် ပလွှားမောက်မာမှုများက ပေါ်လွင်နေသည်။

"ရှင် ရောက်လာပြီလား။ ဒါဆိုရင် ကျွန်မ ဒီလူတွေကို လက်ဆောင်အနေနဲ့ ရှင့်ကို ပေးလိုက်မယ်။"

ထို့နောက် ကျင်းယွင်ကျောင်းက ဆက်၍ မှတ်ချက်ပေးလိုက်ပြန်၏။

"မဟူရာသစ်နက်ရဲ့လက်အောက်က လူတွေက ဒီလောက်ပမာဏလေးပဲတော့ မဟုတ်ဘူး မဟုတ်လား။"

ထိုအချိန်၌ ဟွားဇယ်သည် ဇဝေဇဝါဖြစ်နေဆဲပင်။

"မင်းက အဲဒီ..."

ညီငယ်လေးလား။

ဖုန်းထဲမှာ အသံသည် မသိမသာ နူးညံ့သော်လည်း အတော်အသင့် သြရှရှဖြစ်ကြောင်း သူ သတိရလိုက်၏။ ထို့ကြောင့် ထိုအသံသည် ယောက်ျားလေးတစ်ယောက်၏အသံသာဖြစ်သင့်သော်လည်း အဘယ်ကြောင့် မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းသွားသနည်း။ ထိုမျှသာမက သူမသည် မိန်းမလှလေးတစ်ယောက်လည်း ဖြစ်နေသေးသည်။

ထို့အပြင် ဤနေရာ၌ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ မဟူရာသစ်နက်၏လူများသည် အဘယ်ကြောင့် ဤကဲ့သို့ အဆုံးသတ်သွားသနည်း။

"ကျွန်မပါပဲ။"

ကျင်းယွင်ကျောင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ဝန်ခံလိုက်၏။

ထို့နောက် ဟွားဇယ်သည် ထပ်မံ၍ စိတ်ရှုပ်သွားပြန်သည်၊ အချိန်အတော်ကြာပြီး နောက်ဆုံး၌ သူသည် အတွေးများကိုရပ်၍ သူ၏ညီအစ်ကိုများအား လမ်းကြား၏ပတ်ဝန်းကျင်ကို ထောက်လှမ်းရန်နှင့် အစောင့်ချထားရန် အမိန့်ပေးလိုက်သည်။ သူသည် ခေါင်းထဲရှိ ကိစ္စတစ်ခုချင်းစီအား စနစ်တကျဖြေရှင်းပြီးသည်နှင့် သူမအား ဂရုတစိုက် မေးလာ၏။

"ခုနတုန်းက ငါ့ကိုခေါ်လိုက်တာ တကယ်ပဲ မင်းလား။"

ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအခါ ဟွားဇယ်က ကြိတ်၍ညည်းတွား၏။

ဟုတ်ပါတယ်။ ငါ နားကြားလွဲတာပဲ ဖြစ်မှာပါ၊ ပြီးတော့ ငါတို့က တစ်ခါမှလည်း မတွေ့ဖူးကြဘူး။ ဒါကြောင့် ဒီအမှားက လုံးဝယုတ္တိရှိတယ်။

"မင်း ငါ့ကို ဖုန်းမခေါ်ခင်က တစ်ယောက်ယောက်ကို အကူအညီတောင်းခဲ့သေးလား။"

သူက ထပ်၍မေးလိုက်ပြန်ရာ ကျင်းယွင်ကျောင်းက သူ၏ယူဆချက် မေးခွန်းကို ချက်ချင်း ငြင်းပယ်လိုက်သည်။

"မရှိဘူး၊ ရှင်တစ်ယောက်တည်းကိုပဲ အကူအညီတောင်းခဲ့တာ။"

"ဒါဆိုရင် ဒီလူတွေအားလုံးက..."

ဟွားဇယ်သည် မယုံသင်္ကာဖြစ်နေ၏။

"သူတို့အကုန်လုံးကို ကျွန်မ ရိုက်ထားတာလေ။"

ကျင်းယွင်ကျောင်းသည် ခါးကိုဖြောင့်၍ ခပ်မတ်မတ်ရပ်နေပြီး ကြောက်ရွံ့ခြင်း တစိုးတစိမှမရှိပေ။ ထိုအချိန်၌ ဟွားဇယ်က ရုတ်တရက် သူသည် မိန်းကလေးငယ်တစ်ယောက်နှင့် မဟုတ်ဘဲ အရွယ်ရောက်ပြီးသူတစ်ယောက်နှင့် စကားပြောနေရသလို ခံစားလိုက်ရသည်။

ထို့နောက် သူက ပြောမည့်စကားလုံးများကို စနစ်တကျ ပြင်ဆင်၍ ပြုံးလိုက်၏။

"မင်းက သူတို့ကို ရိုက်ခဲ့တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းရဲ့တုတ်ချောင်းလို ပိန်ပါးပါးခြေလက်တွေကို ကြည့်ပါဦး။ အဲဒီခြေလက်တွေက အရွယ်ရောက်ပြီးသား သန်သန်မာမာ ယောက်ျားကြီးတွေကို လဲကျသွားအောင် ဘယ်လိုလုပ်ပြီး ရိုက်နိုင်မှာလဲ။ ညီမလေး၊ ငါတို့အချင်းချင်း ရင်းနှီးတယ်လို့ ယူဆလို့ရတာပဲ၊ ငါ့ကို အမှန်အတိုင်းပြောပြလိုက် အား..."

ဟွားဇယ်သည် သူမအား ဝေဖန်၍ရှုံ့ချ၍ မပြီးသေးမီမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် လေထဲသို့ ပျံဝဲသွားသည်ဟု ခံစားလိုက်ရ၍ နောက်တစ်စက္ကန့်မှာပင် ကွန်ကရစ်လမ်းနှင့် ရိုက်မိလုနီးပါးဖြစ်သွား၏။ ထို့နောက် သူ၏ခေါင်းသည် ခေတ္တမျှ မူးဝေသွား၍ မျက်လုံးများပင် ဝါးတားတားဖြစ်သွားသည်။

ထိုသူများသည်် သူတို့၏စကားကြောင့် အမှန်တကယ်ပင် အရိုက်ခံရခြင်းဖြစ်သော်လည်း သူကမူ သတိပေးရုံနှင့်ပင် အထိနာသွားသည်လား။

သူသည် သူ့ကိုယ်သူအတွက် ဝမ်းနည်းသွားသည့် အမူအယာကို ချက်ချင်းရုတ်သိမ်းလိုက်၍ မြေကြီးပေါ်မှ ခပ်ဖြည်းဖြည်း ကုန်းထလိုက်၏။ ထို့နောက် ဟွားဇယ်သည် အနည်းငယ် စိတ်ဓါတ်ကျနေစဥ်မှာပင် ကျင်းယွင်ကျောင်းက ပြောသည်အား ကြားလိုက်ရသည်။

"ရှင် အခု ကျွန်မကို ယုံပြီလား။ ရှင့်လိုလူမျိုး တစ်ယောက်မပြောနဲ့၊ အယောက်တစ်ရာရှိရင်တောင် ကျွန်မရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now